မောင်သန်းဆွေ ၊ထားဝယ်၊
မြန်မာ့ဂီတလောကတွင် ဒေဝဣန္ဒာမောင်မောင်ကြီးဟူသည့် စောင်းပါရဂူကြီး တစ်ယောက် ပေါ်ပေါက်ခဲ့သည်။ သူ၏ဘွဲ့အမှန်မှာ ဒေဝဣန္ဒာ မဟုတ်၊ ဣန္ဒာဒေဝ ဖြစ်သည်ဟု ဆရာကြီးဦးဘတင်က ပြောခဲ့သည်။ ရှင်းအံ့။
မောင်မောင်ကြီး(ငယ်မည်-မောင်လုံး)ကို
၁၂၁၆ ခုနှစ်တွင် အမရပူရမြို့၌ မွေးဖွားခဲ့သည်။ သူ၏ ဖခင်သည် အမရပူရနေပြည်တော်၌
မင်းတုန်းမင်းတရားကြီး စံတော်မူစဉ်က လွှတ်တော် စာရေးကြီးအဖြစ် တာဝန်ထမ်းဆောင်ရသူ
ဖြစ်၏။ သူ၏မူလဆရာမှာ ဦးဖူးခေါင်ဖြစ်သည်။ အစ်မအကြီးဆုံး မှန်နန်း အပျိုတော်
စာတော်ဖတ် ခင်ခင်ကြီး၏ ခင်ပွန်းမှာ စောင်းဆရာရှေ့တော်ပြေး မောင်မောင်သိုက်
ဖြစ်သည်။ ဦးဖူးခေါင်ထံတွင် ဆက်လက်၍ စောင်းပညာ မသင်ကြားနိုင်သောအခါ ယောက်ဖဖြစ်သူ
မောင်မောင်သိုက်ထံတွင် ဆက်လက်သင်ကြားရသည်။
မောင်မောင်ကြီးသည် ဦးစွာပထမ
မင်းတုန်းမင်းတရားထံပါး၌ မိကျောင်းတီးအဖြစ် အမှုထမ်းခဲ့ရာမှ၊ သီပေါမင်းတရား လက်ထက်တော်တွင်
လူပျိုတော် ကွမ်းရည်တော်ကိုင် စောင်းဆရာကြီး ဖြစ်လာရသည်။ မဟာဂီတစာအုပ်များတွင်
မောင်မောင်ကြီးအကြောင်းရေးလျှင် ဒေဝဣန္ဒာ မောင်မောင်ကြီးဟူ၍သာ ရေးကြသည်။ ဆရာကြီး
ရွှေပြည်ဦးဘတင်က မောင်မောင်ကြီး၏ဘွဲ့မှာ ဒေဝဣန္ဒာ မဟုတ်၊ ဣန္ဒာဒေဝသာ ဖြစ်သည်ဟု သူ၏
ဟောပြောချက်တွင် ရှင်းပြခဲ့သည်။ ဆရာကြီးနှင့် ဒေဝဣန္ဒာအကြောင်း စကားစပ်မိစဉ်ကလည်း...
'ကျုပ်ရဲ့ဖခင်နဲ့
မောင်မောင်ကြီးတို့ဟာ ရွယ်တူသူငယ်ချင်းများ ဖြစ်ရုံမက၊ နန်းတော်မှာ
အတူတူအမှုထမ်းခဲ့ကြရတာ။ မြန်မာ့ထီးနန်း ကွယ်ပျောက်ပြီးနောက် မန္တလေးအနောက်ပြင်
မေဃဂီရိအရပ်မှာ တစ်ရပ်ကွက်တည်း နေကြပါတယ်။ ကျုပ်တို့နေတဲ့ဝင်းကို
အစ်မတော်ဘုရားဝင်းလို့ ခေါ်တယ်။ မေဃဂီရိရပ်ဆိုတာက အောင်မြေသာဇံမှာပါ။
သီပေါမင်းတရားရဲ့ အစ်မတော် ပခန်းကြီးစုဘုရားနေခဲ့တဲ့ ဝင်းမို့
အစ်မတော်ဘုရားဝင်းလို့ ခေါ်တာ။
'မောင်မောင်ကြီးရဲ့ အိမ်နဲ့
ကျုပ်တို့ အိမ်ဟာ မလှမ်းမကမ်းမှာပဲ ဖြစ်ကြပါတယ်။ စောင်းဆရာကြီးဟာ ပုဆိုးတောင်ရှည်၊
ရင်ဖုံးအင်္ကျီဝတ်ပြီး ခေါင်းပေါင်းစ သွယ်သွယ်နဲ့ အုပ်ပေါင်းပေါင်းလေ့ရှိတယ်။
ကြံညိုရောင်သက္ကလပ် ပိန်းတန်းဖိနပ် စီးလေ့ရှိတယ်။ ကွမ်းသီးဖတ်
ဆေးလိပ်ကြီးကြီးချောချောကို သောက်တတ်တယ်။ အသားညိုညိုနဲ့ အရပ်နည်းနည်းမြင့်တယ်။
သျှောင်ထုံးနဲ့ပါ။ နှုတ်ခမ်းမွေး မရှိပါဘူး။ နေရေးထိုင်ရေးလည်း မချောင်လည်လှပါဘူး။
သူ့အိမ်က ဝါးကပ်မိုး၊ ဝါးကပ်ကာနဲ့ ဖြစ်ပါတယ်။ သူ့အိမ်ရှေ့မှာ
နှစ်ခန်းပေါက်ခုတင်ကြီး ခင်းထားတာ၊ ကျုပ် မှတ်မိနေသေးတယ်။ ဣန္ဒာဒေဝလို့
ကလေးလူကြီးတိုင်း သိကြပါတယ်။
'ကျုပ်ရဲ့ဘကြီး ညတိုင်း
ဘုရားရှိခိုးရင် သူ့ရဲ့ ဘုရားရှိခိုးစာထဲမှာ 'ဣန္ဒာဒေဝါစဗြဟ္မာဏာ' လို့ပါတာ၊ ညစဉ်ညတိုင်း ကြားနေရတော့ ကျုပ်သူငယ်ချင်းတွေက 'မင်းဘကြီးဘုရား ရှိခိုးထဲမှာ ဟိုနားက စောင်းဆရာကြီး နာမည်ပါတယ်ကွ' လို့ ပြောကြတာ၊ မှတ်မိနေပါသေးတယ်။ ကျုပ် ငါးနှစ် သားအရွယ် ရှင်ပြုတော့
ညဧည့်ခံမှာ ဣန္ဒာဒေဝဆရာကြီးက စောင်းတီးပေးပါတယ်။ အဝေးရောက်မင်းက ဆုတောင်း
စာဖတ်တယ်။ (အဝေးရောက်မင်း ဆိုသည်မှာ လွှတ်တော်သို့ အဝေးရပ်များမှ ရောက်ရှိလာသည့်
စာများကို ဖတ်၍ ဆိုင်ရာသို့ ပို့ပေးရသော အရာရှိဖြစ်သည်။ အမည်ရင်းမှာ ဦးအောင်ကြီး
ဖြစ်၏။ မဟာဂီတကို ကျွမ်းကျင်သည်။ ဗြိတိသျှခေတ်အထိ သက်ရှိထင်ရှားရှိခဲ့ပြီး
ရွှေဘိုမြို့၌ ကွယ်လွန်ခဲ့သည်။) မဓုသဒ္ဒ ရွှေတောင် ကျော်စွာဘွဲ့ရ အဆိုတော်
ဦးလူကြီးဟာ ကျုပ်တို့နဲ့ ဆွေမျိုး မကင်းဘူး။ ကျုပ် ရှင်ပြုမှာ ဦးလူကြီးကလည်း
သီချင်းလာဆိုတယ်။ နေကြတာကလည်း တစ်ရပ်ကွက်တည်းပါပဲ။ ဒီတုန်းက မန္တလေးမြို့ပေါ်မှာ
ဆိုင်းထည့်တဲ့ အလှူပေါင်း ၈ဝ ကျော် ဆုံနေလို့ ဆိုင်းငှားမရတာနဲ့
တောင်ပြုန်းနန်းကြီးက နတ်ဆိုင်းကို ငှားပြီး တီးရတယ်' ဟု
ပြောခဲ့သည်။ ထိုစဉ်က စာရေးသူမှ...
'ဆရာကြီးရယ်၊
တောင်ပြုန်းနန်းကြီးက ဆိုင်းဟာ တောင်ပြုန်းမင်း နှစ်ပါး နန်းပေါ်ကနတ်ပွဲမှာပဲ
တီးရတယ်။ တခြား ဘယ်မှလိုက် မတီးရဘူးလို့ ကြားဖူးတယ်' ဟု
ပြန်ပြောမိသည်။ ရွှေပြည်ဆရာကြီးက...
'အသုဘကိစ္စတွေမှာသာ
လိုက်မတီးရတာပါ။ မင်္ဂလာကိစ္စတွေမှာတော့ တီးနိုင်ပါတယ်။ ပွဲတိုင်းတော့
လိုက်မတီးဘူးပေါ့လေ။ ဒီတုန်းက ကျုပ် ဖခင်နဲ့ တောင်ပြုန်းနန်းထိန်းကြီး
ဦးဖိုးဇုံတို့ကလည်း သိပ်ခင်ကြတော့ ဦးဖိုးဇုံရဲ့ခွင့်ပြုမှုလည်း ပါတာပေါ့။ ဣန္ဒာဒေဝဆိုတဲ့
အမည်ကိုပဲ လူသိများပါတယ်လေ။ တစ်ခါတုန်းက ရန်ကုန်မြို့၊ သူရိယသတင်းစာ၊ ကြွက်စုတ်ကြီး
အခန်းမှာ လက်ပံတန်းက ကျား/မ နှစ်ခန်းတွဲထားတဲ့ အိမ်သာကို အပေါက်ဖောက်
ချောင်းကြလို့ အပြစ်တင်ရေးသားတဲ့ ဆောင်းပါးမှာ၊ ရေးသူအနေနဲ့ 'အိမ်သာဒေဝနတ်'လို့ အမည် ထိုးထားတယ်။ ဣန္ဒာဒေဝအမည်ကို
လှောင်ပြောင်တဲ့အနေနဲ့ ရေးထားတာပါ။ အဲဒီအထိ ဣန္ဒာဒေဝလို့ လူသိများခဲ့ပါတယ်။
ဘယ့်နဲ့လုပ်ပြီး အခုမှ ဒေဝဣန္ဒာလို့ ပြောင်းပြန်ပြောကြ၊ ရေးကြတာဖြစ်နေမှန်း
မသိပါဘူး။
'ကျုပ် အရွယ်ရောက်လာတော့
စာအုပ်တွေမှာ ဒေဝဣန္ဒာလို့ရေးတာ ဖတ်လာရတယ်။ ကျုပ်ဖခင်ကို မေးကြည့်တဲ့အခါ
ဒေဝဣန္ဒာဆိုတာ ပုဂံမင်းလက်ထက်က သူ့စောင်းသမားကို ပေးတဲ့ ဘွဲ့အမည်ဖြစ်သတဲ့။
မင်းတုန်းမင်းကျတော့ ဒီဘွဲ့အမည်ကို ပုဒ်ချင်း ရှေ့နောက်ပြန်ပြီး သူ့ရဲ့စောင်းသမား
မောင်မောင်ကြီးကို ဣန္ဒာဒေဝဆိုတဲ့ဘွဲ့ ပေးခဲ့တာပါလို့ ရှင်းပြခဲ့တယ်' ဟု ပြန်ဖြေ၏။
ပခုက္ကူဦးအုန်းဖေ စာပေဆုရ
စစ်ကိုင်းလှရွှေ၏ မဟာဂီတစာအုပ်မှ ဒေဝဣန္ဒာအကြောင်းတွင်...
'ပုဂံမင်းလက်ထက်
စောင်းဆရာကြီး ဣန္ဒာဒေဝဘွဲ့ကို ပိုင်ပြန်လျက် ဒေဝဣန္ဒာဘွဲ့ကို
အပ်နှင်းခြင်းခံရလေသည်'ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
ဆရာကြီး ရွှေပြည်ဦးဘတင် ပြောပြခဲ့သည်နှင့် ပြောင်းပြန်ဖြစ်နေ၏။ ဘွဲ့အမည်များသည်
နှစ်ကြာလာသောအခါ အများပြော အခေါ်အဝေါ် အသုံးအနှုန်းကြောင့်
အတည်ဖြစ်သွားခဲ့ရတတ်လေသည်။
ဥပမာ- အဝေးရောက်မင်း ဦးအာင်ကြီး၏
ဘွဲ့အမည်ကိုပင်ကြည့်ပါ။ သူ သက်ရှိထင်ရှား ရှိနေစဉ်အခါတွင်ပင် သူ၏
မင်းပေးဘွဲ့အမည်အမျိုးမျိုး ဖြစ်နေသည်ကို တွေ့ရသည်။ အဝေးရောက်မင်းကိုယ်တိုင်က သူ၏
မင်းပေးဘွဲ့ကို နေမျိုးမင်းထင်သင်္ခယာဖြစ်သည်ဟု ပြောခဲ့သည်ဆို၏။ သူ၏ သမီး
ဒေါ်မိန်းကလေး ၁၂၉ဝ ပြည့်နှစ်၊ အနိစ္စရောက်ရာ သမီးအုတ်ဂူမှ ကမ္ပည်းကျောက်စာ၌...
'၁၂၁၈ ခုနှစ်၊ တပို့တွဲလဆန်း
၁၅ ရက်၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီအချိန်တွင် ဖွားမြင်သော၊ နေမျိုးမင်းထင်
ကျော်ခေါင်ဘွဲ့ရ အဝေးရောက်မင်း ဦးအောင်ကြီး၊ အဝေးရောက်ကတော် ခင်မယ်တို့၏သမီး...'
ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
ဦးအောင်ကြီးသည် ၁၃ဝ၄ ခု၊
တော်သလင်းလဆုတ် ၂ ရက် (၂၆-၉-၁၉၄၂)နေ့တွင် အနိစ္စရောက်သွားသောအခါ၊ မန္တလေးမှ
ထုတ်ဝေသော တိုင်းချစ်သတင်းစာတွင်...
'အဝေးရောက်မင်း
ဦးအောင်ကြီးသည် ၁၃ဝ၄ ခု၊ တော်သလင်းလဆုတ် ၂ ရက်နေ့၊ အသက် ၈၉ နှစ်အရွယ်တွင်
ရွှေဘိုမြို့၊ မင်းရပ်၌ ကွယ်လွန်အနိစ္စရောက် ရှာလေပြီ။ ထိုပုဂ္ဂိုလ်ကြီးသည် ၁၂၁၅
ခု၊ နတ်တော်လဆုတ် ၂ ရက်၊ တနင်္ဂနွေ နေ့တွင် မွေးဖွား၍၊ မင်းတုန်းမင်း
တရားကြီးလက်ထက်၌ နေမျိုးဇေယျ ကျော်ခေါင်ဟူသော ဘွဲ့ဂုဏ်ထူးဖြင့် လည်းကောင်း
အမှုတော်ကို ထမ်းရွက်ခဲ့သူ မြန်မာပညာရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေကြောင်း...'ဟူ၍ ရေးသားထုတ်ဝေခဲ့ပါသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး
(ပထမပုံနှိပ်မူ) စာမျက်နှာ ၁၆၄၉ တွင် 'နေမျိုးစည်သူကျော်စွာ
မောင်အောင်ကြီး'ဟူ၍ ဖော်ပြထား၏။
ရာဇဝင်စာအုပ်များ၌ အဝေးရောက် ရာထူး ၆
နေရာမျှ ရှိရာ၊ အဝေးရောက်မင်း ကိုယ်တိုင်ပြောသော ဘွဲ့မျိုးမတွေ့ရပေ။ အဝေးရောက်မင်း
ကိုယ်တိုင်က သူ၏ မင်းပေးဘွဲ့ကို နေမျိုးမင်းထင်သင်္ခယာ ဖြစ်သည်ဟု ပြောသော်လည်း၊
လူသည် အသက်ကြီးလာသောအခါ ချွတ်ယွင်းမှုရှိတတ်သည်။ သို့ဆိုလျှင် အဝေးရောက်မင်း
ဦးအောင်ကြီး၏ ဘွဲ့အမျိုးမျိုး ကွဲလွဲမှုတွင် ကိုယ်တိုင်ပြောသည်က
နေမျိုးမင်းထင်သင်္ခယာဟု လည်းကောင်း၊ သူ၏သမီး အုတ်ဂူကမ္ပည်းကျောက်စာ၌
နေမျိုးမင်းထင် ကျော်ခေါင်ဟုလည်းကောင်း၊ တိုင်းချစ်သတင်းစာတွင်
မင်းတုန်းမင်းတရားကြီးလက်ထက်၌ နေမျိုးဇေယျကျော်ခေါင်၊ သီပေါမင်း တရားကြီးလက်ထက်၌
နေမျိုးမင်းထင် ကျော်ခေါင်ဟုလည်းကောင်း၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင်
နေမျိုးစည်သူကျော်စွာဟု လည်းကောင်း အသီသီး ကွဲပြားနေသည်ကို တွေ့ရသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးကိုပင် အမှန်ယူရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုရာဇဝင်တော်ကြီးကို
ရေးသောမင်းသား ဦးမောင်မောင်တင်သည် လွှတ်တော်မှတ်တမ်းမှတ်ရာများနှင့် တိုက်ဆိုင်၍
ရေးသားခြင်းကြောင့် ဖြစ်ပါသည်။
ပါတော်မူပြီးနောက် သီပေါ
စော်ဘွားကြီး၏ ပင့်ဖိတ်ချက်ဖြင့် သီပေါဟော်တွင်းသို့ ရောက်ရှိပြီး မဟာဂီတပညာများ
ဖြန့်ဝေသင်ကြား ပေးနေရာမှ စစ်ကိုင်းမင်းကျောင်း ဆရာတော်ထံတွင် ရဟန်းပြုသည်။
သင်္ကန်းဝတ်ဖြင့် ဂီတပညာကို ပညာပေးထိုက် မပေးထိုက် လျှောက်ထား တင်ပြရာ၊
မင်းကျောင်းဆရာတော်ကြီးက ပညာပါရမီ အလို့ငှာ သင်ပေးထိုက်ကြောင်း
ဆုံးဖြတ်ပေးတော်မူသဖြင့်၊ စော်ဘွားကတော် စောမြအေးကြည် သခင်မသည် ကံကောင်းလှစွာ မဟာဂီတပညာရပ်များ
ဣန္ဒာဒေဝ ဆရာကြီးထံမှ နည်းနာနိဿယ ခံယူရလေတော့သည်။ ဒေါ်စောမြအေးကြည်သည်
ဣန္ဒာဒေဝထံမှ စောင်းအတီး ပညာရပ်ကိုပါ သင်ကြားခဲ့ရသည်။
ဣန္ဒာဒေဝဆရာကြီး၏ စောင်းလက်သံကို
မကြားရဖူးသော်လည်း ဒေါ်စောမြအေးကြည် အသက် ၇ဝ ခန့်က စောင်းတီးပြီး အသံသွင်းယူထားသော
တိပ်ခွေမှ စောင်းလက်သံကို ကြားရဖူးသည်။ ဣန္ဒာဒေဝဆရာကြီး ကိုယ်တိုင်က တော်ပါပေသည်ဟု
ချီးကျူးခဲ့ရသော ဒေါ်စောမြအေးကြည်၏ စောင်းလက်သံသည် ဆရာရင်း၏
စောင်းလက်သံနှင့်တူလှပေသည်ဟု အများက ပြောကြသည်ကိုလည်း ကြားရဖူးသည်။ သို့ဖြင့်
ဒေါ်စောမြအေးကြည်၏ စောင်းလက်သံကို နားဆင်ကြည့်ပြီး ဆရာကြီး၏ ပြတ်သားလှမည့်
စောင်းလက်သံကို ခန့်မှန်းကြည့်ရသည်။ ဆိုင်းဘုရင်စိန်ဗေဒါကြီးက စောင်းဘုရင်
ဣန္ဒာဒေဝ၏ စောင်းလက်သံကို ကြားလတ်သော် စောင်းပညာကို အထင်မကြီးခဲ့လေသမျှ
တက်တက်စင်လွဲမှားပြီး ဝန်ချကာ စောင်းအတတ်ပညာကို လက်ထပ်သင်ကြားခဲ့ရပါသည် ဟူသော
အကြောင်းသည်လည်း ယုတ္တိရှိလှပေသည်။
၁၉၆၆ ခုနှစ်က ဖြစ်သည်။ ညီမဖြစ်သူ
ကဉ္စနာညွန့်သည် ၃၂ လမ်းအိမ်တွင် နားထွင်း၏ နားထွင်းပေးသူမှာ
မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ချန်တိတ်၏ဇနီး အန်တီ ဒေါ်ခင်ဖွားဖြစ်သည်။
ထိုနားထွင်းမင်္ဂလာတွင် အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည်က ရတုဆို၍ ချီးမြှင့်သည်။
ကြီးကြီး ဒေါ်စောမြ အေးကြည်၊ သီပေါစော်ဘွား၏မြေး စဝ်ဦးကြာနှင့် စာရေးသူတို့သည်
တစ်စာပွဲတည်း ထိုင်ကြ၏။ ကြီးကြီးနှင့် စဝ်ဦးကြာတို့သည် ရှမ်းလို ပြောနေကြသည်။
စာရေးသူ နားမလည်ပါ။ 'ဘာပြောလဲ'ဟု မေးကြည့်ရာ၊ ရှေးတုန်းက ဟော်နန်းထဲတွင်
စောင်းသင်ကြားခဲ့ရသည့် အကြောင်းများကို ပြောနေကြသည်ဟု ဆိုပါသည်။ ထိုစဉ်က
စာရေးသူသည် ဆရာကြီး ရွှေပြည်ဦးဘတင် ဟောပြောဖူးသည့် ဣန္ဒာဒေဝ ဆရာကြီးအကြောင်းကို
သတိရ၍ ကြီးကြီးအား မေးမြန်းကြည့်မိသည်။
'သူ့ကို ကြီးကြီးအဆိုတော်
ဦးလူကြီးဆီမှာ သီချင်းသင်တုန်းက စတွေ့ဖူးတယ်။ ဒီတုန်းက သူ အသက် ၄ဝ လောက်ရှိမယ်လို့
ထင်ပါတယ်။ ကြီးကြီးက ၁၃ နှစ် သမီးလောက်ပေါ့။ ကြီးကြီးခင်ပွန်း ကိုတင် (ရကန်
ဦးတင်ကို ဆိုလိုသည်) လည်း သူ့ဆီမှာ စောင်းသင်ဖူးတယ်။ ရှေ့ကသင် နောက်ကမေ့လို့
ငေါက်ထုတ်သတဲ့'
'ကြီးကြီးရယ်၊ ဆရာရွှေပြည်က
ဒေဝဣန္ဒာဆိုတာ မဟုတ်ဘူး၊ ဣန္ဒာဒေဝ သာဖြစ်တယ်လို့ တိတိကျကျ ပြောတယ်။ အဲဒါ
ဘယ်ဟာမှန်သလဲ'
'ဒေဝဣန္ဒာနဲ့ ဣန္ဒာဒေဝ
ဘယ်ဟာမှန်လဲလို့တော့ ကြီးကြီးမပြောနိုင်ဘူး။ ဟော်ထဲမှာတုန်းကတော့ အများက
ဒေဝဣန္ဒာဆရာကြီးလို့ပဲ ခေါ်နေကြတာပဲ။ ကြီးကြီးလည်း အများခေါ်သလို လိုက်ခေါ်တယ်။
အခုရေးကြတော့လည်း ဒီအတိုင်း ရေးနေကြတာပဲ။ ဒါပေမယ့် တော်ဘုရားကြီး (သီပေါစော်ဘွား
ဆာစောချယ်ကို ဆိုလိုသည်) ဘိလစ်စာရေးကြီး ဦးအောင်လှ၊ အဆိုတော် ဦးလူကြီးတို့ကတော့
သူ့ကို ဣန္ဒာဒေဝလို့ပဲ သုံးနှုန်းကြတယ်။ ကြီးကြီးက မောင်မောင်ခန့်ဆီက
စောင်းတက်လို့ အပြီးမှာ တော်ဘုရားကြီးက ဣန္ဒာဒေဝဆီက ဆက်တက်ယူဖို့ ပြောတယ်။
မကြာပါဘူး။ ဆရာကြီး ဆုံးပြီလို့ ဟော်နန်းကို ကြေးနန်းရောက်လာတယ်။ ဆေးရုံမှာ
ဆုံးပြီတဲ့။ ဒီသတင်းကြားရတော့ တော်ဘုရားကြီးက 'သြော် ...
ဣန္ဒာဒေဝ ... ဣန္ဒာဒေဝ၊ နှမြောစရာကောင်းလိုက်ပါဘိ'လို့
တတွတ်တွတ်ပြောနေတာ ကြီးကြီး မှတ်မိနေသေးတယ်'ဟု ပြောပါသည်။
ကြီးကြီး ဒေါ်စောမြအေးကြည်
ပြောပြချက်များအပေါ်ခြုံ၍ သုံးသပ်ကြည့်လျှင် သီပေါစောဘွားကြီး ဆာစောချယ်၊
ဘိလစ်စာရေးကြီး ဦးအောင်လှ၊ အဆိုတော် ဦးလူကြီးကဲ့သို့သော လူကြီးပိုင်းများက
ဣန္ဒာဒေဝဟု ခေါ်ဝေါ်သုံးနှုန်းကြသည်ကို သိရသည်။ ဆရာကြီး ရွှေပြည်ဦးဘတင်၏
ဖခင်ကဲ့သို့သော လူကြီးပိုင်းကလည်း၊ ဣန္ဒာဒေဝသာ ဖြစ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း
ပြောသွားခဲ့သည်။ သို့ဖြင့်၍ ဒေဝဣန္ဒာဟူသော အခေါ်အဝေါ်မှာ နောက်ပိုင်းလူများက
ခေါ်ဝေါ်ရင်းနှင့် တစ်စ တစ်စ တွင်လာသည့်အသုံးနှုန်း ဖြစ်သည်။ ပုဂံမင်းလက်ထက်က
သူ့စောင်းသမားကို ဒေဝဣန္ဒာဟု ဘွဲ့မည်ပေးခဲ့သည်။ မင်းတုန်းမင်းက သူ့လက်ထက်တွင်
သူ့စောင်း သမားကို ဣန္ဒာဒေဝဟု ဘွဲ့မည်ပေးခဲ့သည်ကို နှောင်းလူများက၊
ပုဂံမင်းစောင်းသမား ဒေဝဣန္ဒာနှင့် အမှတ်မှားပြီး တဖြည်းဖြည်း ခေါ်တွင်လာကြရာမှ
ဣန္ဒာဒေဝမောင်မောင်ကြီးသည် ဒေဝဣန္ဒာမောင်မောင်ကြီးဟု တွင်လာရလေသည်။
▀
မောင်သန်းဆွေ
၊ထားဝယ်၊
(အမှတ် ၂၀၅၊
ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကိုးကားချက်
၁။ ရွှေပြည်ဦးဘတင်၏
ဟောပြောချက်များ အသံသွင်းယူထားသော ကြိုးခွေများ။
၂။ ရွှေပြည်ဦးဘတင်-
'မြဝတီစာပေဂီတ'။
၃။ အလင်္ကာကျော်စွာ
ဒေါ်စောမြအေးကြည်၏ ပြောပြချက်။
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...