ဝင်းငြိမ်း
အခန်း (၆)
အပိုင်း (၄)
အိမ်တွင်းရေး အရှုပ်အထွေးတွေကို
ကျွန်တော်မသိမီ အချိန်တော်တော် စောစောကတည်းက ဝင်ဒီက သိခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့
ပြဿနာများကို နားလည်နိုင်ဖို့ ကိုယ်တိုင်ပဲ ကြိုးစားခဲ့ရတာပါ။ ဘာနဲ့တူသလဲဆိုတော့ Jigzaw အရုပ်များ
ဆက်စပ်ကြည့်ရသလိုပါပဲ။ Jigzaw ဆက်တာက ရှေ့မှာ
ဆက်ပြီးသား ပုံစံတစ်ခု အဆင်သင့်ရှိတဲ့အတွက် အပိုင်းအစလေးတွေကို သူ့နေရာနဲ့သူ
ဆက်လိုက်ရင် ပုံပေါ်လာနိုင်ပေမယ့် ကျွန်တော်ကြုံတွေ့နေရတဲ့ အခြေအနေကတော့ Jigzaw လို ပုံဖော်ပြီးသား မရှိတာကြောင့် အဆက်အစပ်များကို တော်တော်ကြိုးစားပြီး
ဆက်စပ်ယူရပါတယ်။ ကျွန်တော့်တာဝန်အရ နေ့စဉ် ဧည့်စာရင်း ရေးမှတ်ရတဲ့ ဒိုင်ယာရီမှာ
ဧည့်သည်များရဲ့အမည်များကို မင်းသားရဲ့ အမိန့်အရ မရေးရတော့ပေမယ့်
အရောင်အမှတ်အသားနဲ့ ခွဲခြားပြီး 'သီးသန့်' လို့တော့ ကျွန်တော်က ရေးမှတ်ထားလေ့ ရှိပါတယ်။ ၁၉၈၉ ခုနှစ် နွေရာသီမှာ အဲဒီ
'သီးသန့်' ဧည့်သည်ရဲ့ အကြိမ်အရေအတွက်က
များသည်ထက် များလာပါတော့တယ်။ ချားလ်စ်မင်းသားကလည်း အိမ်တော်ဝန်ထမ်းများ
ဝင်ထွက်ခွင့်မရှိတဲ့ သီးသန့်အခန်းမှာ အနေများလာပါတယ်။ ဒီအခန်းကို
ဝင်ထွက်ခွင့်ရှိတာကတော့ မင်းသားရဲ့ ပုဂ္ဂိုလ်ရေး အတွင်းရေးမှူးဖြစ်တဲ့
ရစ်ချတ်အိုင်းလက်၊ သူ့ကိုယ်ရံတော် ကိုလင်းထရင်းမင်းတို့သာ ဖြစ်ပါတယ်။ သူတို့
နှစ်ယောက်အပြင် မိုက်ကယ်လ်ဖော့ ဆက် (သို့မဟုတ်) ကဲန်စတော့ချ်တို့ကလည်း မင်းသား
ဘယ်အခန်းမှာ ရှိတယ်ဆိုတာကို သိကြပါတယ်။
၁၉၈၉ ခုနှစ် ကုန်ခါနီးနဲ့ ၁၉၉ဝ
ပြည့်နှစ် အဦးပိုင်းမှာ ချားလ်စ်မင်းသားရဲ့ အိမ်ထောင်ရေး အရှုပ်အထွေးက
ရုပ်လုံးပေါ်လာပါတော့တယ်။ ကျွန်တော်တို့ အိမ်တော်ဝန်ထမ်းများအနေနဲ့ အကန်းများလို
မမြင်မတွေ့ရပေမယ့် အသံတွေကိုတော့ ကြားနေရပါတယ်။ ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာ
မင်းသမီးတို့ နှစ်ယောက်အတူတူ အိမ်တော်မှာ နေတဲ့ကာလကလည်း နည်းပါးသည်ထက်
နည်းပါးလာပါတယ်။ အတူဆုံဖြစ်တဲ့ ကာလများမှာလည်း သားတော်နှစ်ပါး
အိပ်မောကျနေပြီဆိုရင် သူတို့နှစ်ယောက်ရဲ့ အော်ဟစ်ငြင်းခုံသံတွေကို
အောက်ထပ်အခန်းများမှာ ကြားရတဲ့အပြင် တံခါးကို စောင့်ပိတ်သံတွေ၊
လှေကားထစ်များပေါ်ကို ခြေသံပြင်းပြင်းနဲ့ တက်သွားတဲ့အသံတွေ ကြားရစမြဲပါ။
အဲဒီအသံတွေ ပြီးဆုံးသွားရင်တော့ စံအိမ်တော်ဟာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်
တိတ်ဆိတ် နေပါတော့တယ်။
ကျွန်တော်တို့က အကန်းတွေ
မဟုတ်တဲ့အတွက် မြင်သင့်မြင်ထိုက်တာတွေကိုတော့ မြင်ပါတယ်။ စနေနေ့ တစ်ရက်မှာ
ကျွန်တော် အခန်းထဲဝင်သွားတော့ မင်းသားနဲ့မင်းသမီးတို့ ညနေစာ စားသုံးဖို့
ပြင်ဆင်ပေးထားတဲ့ စားပွဲမှာ ဖရိုဖရဲ ဖြစ်နေတာကို တွေ့ရပါတယ်။ လဲတဲ့ဖန်ခွက်ကလဲ၊
ကွဲတဲ့ ဖန်ခွက်ကကွဲ ဖြစ်နေသလို ဆားပုလင်းကလည်း မှောက်နေပါတယ်။ စွပ်စွပ်ဖြူ
ခင်းထားတဲ့ စားပွဲခင်းကလည်း ရေတွေ စိုနေပါတယ်။ မင်းသားက ပိုးသားဝတ်စုံကို
ဝတ်ဆင်ထားပြီး ကြမ်းပေါ်က အကွဲအရှများကို ကောက်ပြီး သိမ်းနေတာတွေ့ရပါတယ်။
ကျွန်တော့်ကို မြင်လိုက်တော့ 'ကိုယ်တော့် လက်နဲ့ တိုက်မိတာကြောင့်
ခုလို ဖြစ်ကုန်တာ ပေါလ်ရေ'လို့ ဆိုရှာပါတယ်။
ရက်သတ္တပတ်အတွင်း နေ့ရက်များမှာ
မင်းသားက တစ်ပါးတည်း စံနေတတ်ပြီး တနင်္ဂနွေနေ့ည ဆိုရင်တော့ ပုံမှန်ညစာ စားနေကျ ည ၈
နာရီခွဲထက် စောပြီး ညစာကို စားသုံးတတ်ပါတယ်။ 'ဒီညတော့ ညစာ စောစောစားမယ်
ပေါလ်။ ပြီးရင် နားတော့မယ်'လို့ အကြောင်းပြတတ်ပါတယ်။
အဲဒီညမျိုးမှာ မင်းသားတစ်ပါးတည်းအတွက် ညစာစားပွဲကို ပြင်ဆင်ပေးရပါတယ်။
သူ့ညွှန်ကြားချက်အတိုင်း The Times သတင်းစာရဲ့
ရုပ်မြင်သံကြား အစီအစဉ် ကဏ္ဍကို အဆင်သင့် လှန်ထားပေးရပါတယ်။ အနားမှာလည်း
ရုပ်မြင်သံကြားဖွင့်နိုင်မယ့် Remote Control များကို အဆင်သင့်
ချပေးထားရပါတယ်။ အဲဒါအပြင် မီးလင်းဖိုမှာ ထင်းထပ်ပြီး ထည့်ချင်ရင်
ထည့်နိုင်အောင်လို့ ထင်းတုံးများလည်း တောင်းထဲမှာ အဆင်သင့် ထားပေးရပါတယ်။ ဒီလို
ညမျိုးမှာ မင်းသားက တိတ်ဆိတ်စွာ ညစာစားသုံးလေ့ ရှိပါတယ်။ တစ်ညမှာတော့ ဝင်ဒီက 'မီးလင်းဖိုထဲကို ထင်းတုံးတွေ ထည့်ပြီး အခန်းထဲမှာ နှစ်မိနစ်လောက်ပဲ နေတာ။
ထင်းတွေ အလဟဿ ဖြစ်ကုန်တာပေါ့'လို့ ဝေဖန်ပါတယ်။
ချားလ်စ်မင်းသားက ညစာ စားသုံးတဲ့အခါမှာ ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်ရင်း
အေးအေးဆေးဆေး စားသုံးလေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို တနင်္ဂနွေညများမှာတော့ ညစာကို
ခါတိုင်းလို အေးအေးဆေးဆေး မစားဘဲ ခပ်သုတ်သုတ်စားကာ ထမင်းပွဲကို ပြန်သိမ်းစေပါတယ်။
ထမင်းပွဲ သိမ်းနေစဉ်မှာပဲ ကားတစ်စီး ထွက်သွားသံကိုလည်း အမြဲကြားရပါတယ်။ ဒီအခါမှာ
ဝင်ဒီက 'ဟင်း... သွားပြန်ပြီ။ မနက်မိုးလင်းခါနီးမှ
ပြန်လာလိမ့်မယ်'လို့ ဆိုတတ်ပါတယ်။
ချားလ်စ်မင်းသားက သူ့ကိုယ်ရေးကိုယ်တာ
ကိစ္စများအတွက် သုံးမယ်ဆိုရင် အစိမ်းရောင် Aston Martin ကားကို
အသုံးပြုလေ့ ရှိပါတယ်။ ဒီကားက ကားသုံးစီးဆံ့ ဂိုဒေါင်ထဲမှာ ထားလေ့ရှိပါတယ်။
သူ့မယ်တော် ဘုရင်မကြီးက ၂၁ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာဖြစ်ပြီး
ကားခေါင်းမှာ ငွေသားနဲ့ ပြုလုပ်ထားတဲ့ နဂါးရုပ်တစ်ခု တပ်ဆင်ထားပါတယ်။ အဲဒီလို ညအခါ
ထွက်သွားတဲ့ အခါမျိုးမှာ ကားကို သူကိုယ်တိုင် မောင်းနှင်ပြီး ကိုယ်ရံတော် ကိုလင်းက
ဘေးမှာ ထိုင်ရပါတယ်။ ကျွန်တော်တို့ ကြားရတဲ့ကားသံက မင်းသား ညအချိန်မတော်
အပြင်ထွက်တဲ့ အသံပါပဲ။
မင်းသား ညအချိန်မတော် အပြင်ထွက်တာကို
ပထမတော့ ကျွန်တော် နားမလည်ခဲ့ပါဘူး။ တစ်နေ့မှာတော့ ခြံဝမှာ တာဝန်ကျတဲ့ ရဲများဆီကို
အလည်သွားရင်းက သဘောပေါက်လာခဲ့ရပါတယ်။ ဒီရဲတွေက မင်းသားရဲ့ အဝင်အထွက်ကို
မှတ်တမ်းတင်ထားရတာကြောင့် ကျွန်တော် သိခွင့်ရလိုက်ခြင်းပါ။ သူတို့ကတော့ ကျွန်တော်
အစကတည်းက သိပြီးသားလို့ ထင်မှတ်ထားကြပုံ ရပါတယ်။ သူတို့မှတ်တမ်းများအရ
ချားလ်စ်မင်းသား ထွက်သွားတဲ့ခရီးဟာ အသွားအပြန် ၂၂ မိုင် ရှိပါသတဲ့။ အသွား ၁၁
မိုင်၊ အပြန် ၁၁ မိုင်ပေါ့။ ချားလ်စ်မင်းသားရဲ့ စံအိမ်နဲ့ ၁၁ မိုင်အကွာအဝေးမှာ
တည်ရှိတဲ့ အိမ်ကတော့ တခြားသူရဲ့အိမ် ဟုတ်ပါရိုးလား။ မစ္စစ္စကယ်မီလာပါကာဘိုးစ်ရဲ့
အိမ်ပါပဲ။
'ပေါလ်က တော်တော်အတာပဲ။ နင်
သိသင့်တာပေါ့' လို့ ဝင်ဒီက အပြစ်တင်ပါတယ်။ ကျွန်တော်ကတော့
ရဲတွေဆီက ရလာတဲ့ သဲလွန်စအကြောင်း အကြီးအကျယ် ထင်မှတ်ပြီး ဝင်ဒီကို ပြောပြမိတာကိုး။
ချားလ်စ်မင်းသားအကြောင်းကို ကျွန်တော် သိလာချိန်မှာ ကလေးနှစ်ယောက်နဲ့
အထီးကျန်ဖြစ်နေရှာတဲ့ ဒိုင်ယာနာ မင်းသမီးကို သနားမိတာ အမှန်ပါပဲ။ လေဒီစူဆန်ဟတ်ဆေးတို့ကတော့
မင်းသားကို ဖျောင်းဖျပါရဲ့။ ဒါပေမယ့် အခြေအနေက ထူးမလာပါဘူး။ ညည ထွက်သွားတာ အရင်က
တစ်ပတ်တစ်ခါလောက်သာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ရက်ခြားလောက် ဖြစ်လာပါတယ်။
အိမ်တော်ရဲ့ ညစာစားပွဲမှာ တက်ရောက်တဲ့ ဧည့်သည်များ စာရင်းကိုလည်း အမည်နဲ့
မဟုတ်သည့်တိုင်အောင် အရောင်နဲ့ ပြသထားတာ ဖြစ်လို့ ဒိုင်ယာနာမင်းသမီးအနေနဲ့
ညစဉ်ညတိုင်းလိုလို ဘယ်သူလာစားတယ်ဆိုတာကို သိနေပါပြီ။ ၁၉၈၉ ခုနှစ်ရဲ့
နွေရာသီတစ်ရက်မှာ ဒိုင်ယာနာမင်းသမီးက သူ့ လျှို့ဝှက်ချက်တစ်ခုကို ကျွန်တော့်အား
ဖွင့်ပြောပြီး ကြီးလေးတဲ့တာဝန်တစ်ရပ်ကို ထမ်းဆောင်ခိုင်းပါတယ်။ ဒီတာဝန်ကို
ကျွန်တော့်အနေနဲ့ ဦးလည်မသုံ ထမ်းဆောင် ပေးခဲ့ပါတယ်။
အဲဒီနေ့က ရာသီဥတုပူပြင်းတဲ့ သောကြာနေ့
တစ်ညနေဖြစ်ပါတယ်။ နေ့လယ်စာ စားပြီးတော့ ဝီလျံနဲ့ ဟယ်ရီတို့က အပေါ်ထပ်မှာရှိတဲ့
သူတို့အခန်းထဲမှာ ကလေးထိန်း အိုလ်ဂါပါဝဲလ်နဲ့အတူ ရှိနေကြပါတယ်။ မင်းသမီးက ကျွန်တော်ရှိနေတဲ့
မီးဖိုဆောင်ထဲထိ ရောက်လာပြီး 'ပေါလ်ကို ပြောစရာတစ်ခု ရှိတယ်။
တစ်နေရာကို ခိုင်းချင်တာပါ။ အဲဒီတာဝန်ကို ဘယ်သူ့ကိုမှ လွှဲပြောင်းပေးလို့ မရဘူး။
ပေါလ်ကိုယ်တိုင်ပဲ လုပ်ပေးရလိမ့်မယ်'လို့ အစချီပါတယ်။
ပြီးတော့ လုပ်ရမယ့်အစီအစဉ်ကို ပြောပြတော့တာပါပဲ။ 'ကင်ဘဲလ်
ဘူတာရုံကို နက်ဖြန် မွန်းလွဲပိုင်း သွားလိုက်ပါ။ အဲဒီမှာ လူတစ်ယောက် စောင့်နေတာ
တွေ့ရလိမ့်မယ်။ အဲဒီလူကို အိမ်တော် ခေါ်လာပြီး ကျွန်မဆီရောက်အောင် ပို့ပေးပါ'လို့ ဆိုပါတယ်။
'အမိန့်အတိုင်းပါ သခင်မ'လို့ပဲ ကျွန်တော်ကလည်း ပြန်ကြားလိုက်ရပါတယ်။
'ပေါလ်ခေါ်လာရမယ့် လူက
ကျွန်မရဲ့အထူးမိတ်ဆွေ ဗိုလ်မှူး ဂျိမ်းစ်ဟေးဝစ်ပါ'လို့လည်း
ဆိုပါတယ်။
ကျွန်တော့်အနေနဲ့ မင်းသားက
ခိုင်းသည်ဖြစ်စေ၊ မင်းသမီးက ခိုင်းသည်ဖြစ်စေ ကျွန်တော့် ကိုယ်စွမ်းဉာဏ်စွမ်း
ရှိသလောက် တာဝန်ထမ်းဆောင်ပေးရမှာပါပဲ။ သူတို့ခိုင်းသမျှကို ပြန်လှန်မေးခွန်းထုတ်ခွင့်
မရှိပါဘူး။ တကယ်တော့ မင်းသမီးက သူ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ကျွန်တော့်အား
ယုံယုံကြည်ကြည် ပြောလိုက်ခြင်းနဲ့ အတူတူပါပဲ။ ကျွန်တော့်ဘက်ကလည်း အများကြီး
စွန့်စားရပါလိမ့်မယ်။ တကယ်ဆိုရင် ကျွန်တော်ဟာ ဘုရင်မကြီးရဲ့ သစ္စာတော်ခံ
မင်းမှုထမ်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ခုတော့ မင်းသားရဲ့ အိမ်တော်မှာ ဘဏ္ဍာစိုးပေါ့။
မင်းသမီးအနေနဲ့ ဘုရင်မကြီး (သို့မဟုတ်) မင်းသားထံကို
ဒီသတင်းပေါက်ကြားသွားနိုင်တယ်ဆိုတာ သိပါလျက်နဲ့ ကျွန်တော့်ကို ယုံကြည်ကိုးစားစွာ
တာဝန်ပေးလိုက်ခြင်းက ကျွန်တော့်ဇနီး မာရီယာနဲ့ သူ ရင်းနှီးတာကို အကြောင်းပြုပြီး
ကျွန်တော်က သူ့အပေါ်မှာ သစ္စာစောင့် သိလိမ့်မယ်လို့ အရဲကိုးလိုက်ခြင်း
ဖြစ်ပါလိမ့်မယ်။ ချားလ်စ်မင်းသား ဖောက်ပြန်နေမှုကို သိကတည်းက မင်းသမီးကို
သနားနေမိတဲ့ ကျွန်တော့်အနေနဲ့ သူခိုင်းသမျှကို လုပ်ရတော့မှာပါပဲ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော် သွားကြိုရမယ့် ပုဂ္ဂိုလ်ဟာ မင်းသမီးရဲ့
စိတ်နှလုံးကို ရွှင်ပြုံးစေအောင် ဖန်တီးပေးနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်နေခြင်းကြောင့်
ကျွန်တော့်အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ပေးဖို့ တာဝန်ရှိနေတယ်လို့ ခံယူမိပါတယ်။
နောက်တစ်နေ့ နေ့လယ်စာ စားပြီးချိန်မှာ
ကျွန်တော့်ရဲ့ ငွေရောင် Vauxhall
Astra
ကားကလေးကို မောင်းပြီး စံအိမ်နဲ့ ၇ မိုင်ဝေးတဲ့ ကင်ဘဲလ် ဘူတာရုံကို သွားခဲ့ပါတယ်။
ဘူတာရုံရဲ့ ကားရပ်စခန်း တစ်နေရာမှာတော့ လူတစ်ယောက် အမိုးဖွင့်ပြိုင်ကားတစ်စီးကို
မှီပြီး ရပ်နေတာ တွေ့ရပါတယ်။ နေကာမျက်မှန် တပ်ထားတဲ့သူက 'ဟယ်လို
ပေါလ်.. နေကောင်းရဲ့လား'လို့ စတင်နှုတ်ဆက်ပါတယ်။ ကမ်းပေးတဲ့
သူ့လက်ကို ဆွဲနှုတ်ဆက်လိုက်ပြီး ကျွန်တော်တို့နှစ်ယောက် အိမ်တော်ဆီကို
ထွက်ခွာခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ ဂဏာမငြိမ် ဖြစ်နေပါတယ်။
'ကျွန်တော် ခင်ဗျားကို
ယုံရပါတယ်နော် ပေါလ်'လို့ မေးလာတဲ့အတွက် ကျွန်တော်က ခေါင်းညိတ်ပြလိုက်ပါတယ်။
ကျွန်တော်နဲ့ ပတ်သက်ပြီး မင်းသမီးက တော်တော်များများ ပြောထားပုံလည်း ရပါတယ်။
တကယ်တမ်း ပြောရမယ်ဆိုရင် သူ့ကို
သွားကြိုပြီး မင်းသမီးရှိနေမယ့်နေရာကို ပို့ဆောင်ရမယ့် တာဝန်ထမ်းဆောင်နေတဲ့
ကျွန်တော်လည်း ရင်ခုန်စိတ်လှုပ်ရှား နေမိပါတယ်။ ဒါပေမယ့် နောက်နှစ်များမှာတော့
ဒီလို ဧည့်စိမ်းတွေ အိမ်တော်ထဲ ခေါ်ဆောင်လာရတဲ့ တာဝန်ဟာ ကျွန်တော့်အတွက်
သာမန်တာဝန်တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော် ဒီလို လုပ်ဆောင်ပေးနေတယ်ဆိုတာကို
တခြားသူ မပြောနဲ့ ဝင်ဒီတောင် မသိပါဘူး။
ကျွန်တော် မောင်းလာတဲ့ကားကို
အိမ်တော်ရဲ့နောက်ဘက် ပတ်မောင်းသွားပြီး ဗိုလ်မှူးဟေးဝစ်ကို ရေကူးကန်နံဘေးမှာရှိတဲ့
အိမ်တော်ရဲ့ အပေါက်ကနေ သွင်းပေးလိုက်ပါတယ်။ အဲဒီမှာ မင်းသမီးက ကျွန်တော်တို့ကို
စောင့်နေတာပါ။ မင်းသမီးက သူမရဲ့ အထူးဧည့်သည်ကို ဖက်လှဲတကင်း နှုတ်ဆက်လိုက်ပါတယ်။
နောင်မှာ ကျွန်တော် သိရတာကတော့ ဒီဗိုလ်မှူးက မကြာမီမှာ ဂျာမဏီနိုင်ငံမှာ သွားရောက်
တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကို ကြည့်ရတာ ဝမ်း သာကြည်နူးမှုနဲ့
ရွှင်လန်းတက်ကြွနေပါတယ်။ 'ကျေးဇူးတင်ပါတယ် ပေါလ်ရယ်'လို့ ဆိုလိုက်ပါသေးတယ်။
'သခင်မ အလိုရှိတဲ့အခါမှာ
ခေါ်လိုက်ပါ။ ကျွန်တော် မီးဖိုခန်းမှာ အဆင်သင့် စောင့်နေပါမယ်'လို့ ပြောပြီး နေ့လယ်စာ စားသုံးထားတဲ့ စားပွဲကို
သွားရှင်းနေလိုက်ပါတော့တယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့
ကြားဖြတ်ပြောလိုက်တာကတော့ ဗိုလ်မှူး ဂျိမ်းစ်ဟေးဝစ်ဟာ ဟိုင်းဂရုဖ်စံအိမ်ကို
မင်းသမီးရဲ့ အထူးဧည့်သည်အဖြစ် တိတ်တခိုး ရောက်ခဲ့တာ မှန်ပေမယ့် မင်းသားရဲ့
ဧည့်သည်ဖြစ်တဲ့ ကယ်မီလာပါကာဘိုးလ်စ်ထက် အများကြီး နောက်ကျပြီးမှ လာခဲ့တာပါ။ သူတို့
နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ စတင်စည်းဖောက်သူက ချားလ်စ်သာ ဖြစ်ပါတယ်။
ဗိုလ်မှူးဟေးဝစ် ဟိုင်းဂရုဖ် စံအိမ်တော်ကို ဝင်ထွက်သွားလာနေတယ် ဆိုတာကိုလည်း
ချားလ်စ်မင်းသား သိခွင့်မရခဲ့ပါဘူး။ ကျွန်တော့် အနေနဲ့လည်း ဘယ်တော့မှ ပြောမှာ
မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်ဟာ ဟိုင်းဂရုဖ်စံအိမ်ရဲ့ ဘဏ္ဍာစိုး
ဖြစ်တယ်ဆိုပေမယ့် စနေ၊ တနင်္ဂနွေ ရက်တိုင်းမှာ တစ်ပါးတည်း စံနေရတဲ့ မင်းသမီးရဲ့
လူယုံတော်တစ်ပိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ မင်းသမီးပျော်အောင် တစ်ဖက်တစ်လမ်းက
ကူညီနိုင်ခြင်းကိုပဲ ကျွန်တော် ပျော်ရွှင်နေမိပါတယ်။ ကိုလင်းထရင်းမင်း၊
ရစ်ချတ်အိုင်းလက်၊ မိုက်ကယ်လ်ဖော့ဆက်တို့က မင်းသားရဲ့ ပုဂ္ဂလိကဘဝကို
ဝိုင်းဝန်းဖန်တီးပေးနေ ကြချိန်မှာ ကျွန်တော်က မင်းသမီးရဲ့ ပျော်ရွှင်မှုကို
တည်ဆောက်ပေးနိုင်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်ပါတယ်။
□
၁၉၉ဝ ပြည့်နှစ် ဇွန်လ ၂၈ ရက်
ကြာသပတေးနေ့ ဒီနေ့က ဝီလျံမင်းသားရဲ့ ၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီးနောက် ၇
ရက်မြောက်တဲ့နေ့ပေါ့။ အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က ဒိုင်ယာနာမင်းသမီးကို
အကြီးအကျယ် စိတ်ထိခိုက်စေခဲ့တာပါပဲ။ အဲဒီနေ့က မင်းသမီးက ကင်စတန်နန်းတော်မှာ
ရှိနေပြီး သူမသားရဲ့ ကျောင်းမှာ ကျင်းပတဲ့ ကျောင်းကပွဲကို သွားဖို့
ပြင်ဆင်နေပါတယ်။ အဲဒီ ရက်သတ္တပတ်က တစ်ပတ်လုံးလုံး ချားလ်စ်မင်းသား အိမ်တော်မှာ
မရှိဘဲ မင်းသမီး တစ်ပါးတည်းသာ စံနေခဲ့တာပါ။ ကျောင်းကပွဲသွားကြမှာ ဖြစ်တဲ့အတွက်
ဧည့်သည် ၁ဝ ဦးအပါအဝင်ကို နေ့လယ်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ
မင်းသားက အထူးဧည့်သည်များကို ဖိတ်ကြားပြီး ညစာ တည်ခင်းဧည့်ခံကျွေးမွေးဖို့ အစီအစဉ်
ရှိပါတယ်။ ဧည့်သည်များထဲမှာ ရုပ်ရှင်မင်းသား မိုက်ကယ်လ်ကိန်းလည်း ပါပါတယ်။
နေ့လယ်ပိုင်းမှာ ချားလ်စ်မင်းသား ရောက်လာပြီး ပိုလိုကစားဖို့
ပြန်ထွက်သွားခဲ့ပါတယ်။
ကျောင်းကပွဲကို မင်းသမီး သွားခါနီး
အချိန်မှာပဲ တယ်လီဖုန်း မြည်လာလို့ ကောက်ကိုင်လိုက်တော့ ချားလ်စ်မင်းသား
ပိုလိုကစားရင်း မြင်းပေါ်က လိမ့်ကျပြီး ညာဘက်လက် ကျိုးသွားတယ်လို့
သတင်းကြားရပါတယ်။ မင်းသားကို ဆေးရုံတင်လိုက်ကြရပါတယ်။ ညနေပိုင်းမှာ ညစာစားဖို့
ဖိတ်ကြားထားတဲ့ ဧည့်သည် ၅ဝ ကလည်း တဖွဲဖွဲ ရောက်ရှိလာကြပါပြီ။ မင်းသား
ဆေးရုံတက်နေရပေမယ့် ဒီညစာစားပွဲက ဖျက်လို့ မဖြစ်ပါဘူး။ ရုပ်ရှင်မင်းသားကြီး
မိုက်ကယ်လ်ကိန်း ရောက်လာချိန်မှာတော့ ကျွန်တော်က မင်းသားရဲ့ သတင်းကို
ပြောပြလိုက်ပြီး မင်းသားအစား ရုပ်ရှင်မင်းသားကြီးကပဲ ဧည့်သည်များကို ဧည့်ခံပေးဖို့
မေတ္တာရပ်ခံရပါတယ်။ သူ့အနေနဲ့ကတော့ လူအများနဲ့ ဆက်ဆံနေဖူးတဲ့သူဆိုတော့ အခက်အခဲ
မရှိဘဲ အိမ်ရှင်မရှိတဲ့ ညစာစားပွဲကို လှလှပပ ထိန်းသွားနိုင်ခဲ့ပါတယ်။
ကျွန်တော့်တာဝန်တစ်ခု ပိုလာပြန်ပါတယ်။
အဲဒါကတော့ အိမ်တော်နဲ့ ၁၁ မိုင်ဝေးတဲ့ ဆေးရုံမှာ တက်ရောက်နေရတဲ့
မင်းသားရဲ့အခန်းကို အတတ်နိုင်ဆုံး အိမ်တော်နဲ့ တူအောင် ပြင်ဆင်ရခြင်းပါပဲ။
ဆေးရုံသုံး စတီးပစ္စည်းများအစား အိမ်တော်သုံး ငွေထည်ပစ္စည်းများနဲ့
လဲလှယ်သုံးစွဲရုံသာမက မင်းသား စိတ်ကြိုက် ပန်းချီကားကြီး နှစ်ကားကိုလည်း
သူ့အခန်းထဲမှာ ချိတ်ဆွဲပေးရပါသေးတယ်။
အဲဒီရက်သတ္တပတ် ကုန်ဆုံးတဲ့နေ့ကတော့
ဒိုင်ယာနာမင်းသမီးရဲ့ ၂၉ နှစ် မြောက်မွေးနေ့ပါ။ မင်းသမီးက သူ့မွေးနေ့ကို
အသာထားပြီး သူ့မာစီဒီးကားနဲ့ ခင်ပွန်းသည်ကို ဆေးရုံမှာ သွားကြိုခဲ့ပါတယ်။ ညာဘက်လက်
စလွယ်သိုင်းထား ရဆဲဖြစ်တဲ့ ချားလ်စ်မင်းသားကို ဟိုင်းဂရုဖ်စံအိမ်သို့
ခေါ်ဆောင်လာရာမှာ မင်းသမီးက သူနာပြုဆရာမ တစ်ယောက်လို ပြုစုရုံသာမက မိခင်တစ်ယောက်က
သားငယ်ကို ပြုစုသလိုလည်း ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ လာသမျှ ဧည့်သည်တွေကို
ဧည့်ခံရင်း ချားလ်စ်မင်းသား ကျေနပ်အောင် ပြုစုရပါသေးတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ
ပြုစုပြုစု ဒိုင်ယာနာ သူ့အနားမှာ နေတာကိုက ချားလ်စ်အတွက် စိတ်အနှောင့်အယှက်
ဖြစ်နေပုံရပါတယ်။ အနာက နာတာက တစ်ဖက်၊ ဒိုင်ယာနာ ရှိနေတဲ့အတွက် စိတ်အနှောင့်အယှက်
ဖြစ်တာက တစ်ဖက်ကြောင့် သူ တစ်ယောက်တည်း နေချင်တယ်လို့ နောက်ဆုံးမှာ ချားလ်စ်က
ပြောလိုက်ပါတယ်။ ဒိုင်ယာနာ အနေနဲ့ ဇနီးသည်တစ်ယောက်က ခင်ပွန်းသည်အပါးမှာ
နေခွင့်မရှိခြင်းဟာ သူမအတွက် ကြီးစွာသော ရှုတ်ချမှုခံလိုက်ရခြင်း ဖြစ်တယ်လို့
ခံစားလိုက်ရပါတယ်။ ချားလ်စ်ရဲ့ အခန်းထဲကထွက်ပြီး နာရီဝက်လောက်အကြာမှာတော့
မျက်ရည်လည်ရွဲနဲ့ လန်ဒန်ကို ပြန်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြဿာဒ်ကို မီးလောင်စေတဲ့
အမှိုက်တစ်စပဲ ဖြစ်ပါတယ်။ ဒိုင်ယာနာ ထွက်သွားပြီး မကြာခင်မှာပဲ
ကယ်မီလာပါကာဘိုးလ်စ် ရောက်လာတော့တာပါပဲ။ ကယ်မီလာကို မြင်လိုက်တဲ့ အချိန်မှာတော့
ချားလ်စ်ရဲ့မျက်နှာဟာ ဝင်းပသွားပါတယ်။ ဒါပေမယ့် ကယ်မီလာက ညအိပ်ညနေတော့ မနေပါဘူး။
အရင်ရက်တွေက နေ့လယ်စာ စားရုံ၊
ညစာစားရုံသာ နေခဲ့တဲ့ ကယ်မီလာဟာ ဟိုင်းဂရုဖ်စံအိမ်မှာ တစ်နေ့လုံး ရှိလာပါတော့တယ်။
ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ပြုပြီး ညစာတည်ခင်းဧည့်ခံခြင်း
စတာတွေကိုတော့ မပြုလုပ်သေးပါဘူး။
ကယ်မီလာဟာ ညအိပ်ညနေနေတဲ့
ဧည့်သည်မဟုတ်သေးပေမယ့် သာမန် ဧည့်သည်များထက်တော့ ထူးခြားတယ်လို့ ဆိုရပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သူတစ်ယောက်တည်း လာတာမဟုတ်ဘဲ အပေါင်းအသင်းတွေ အမြဲတစေ
ပါလာတတ်ပြီး ချားလ်စ်အနားမှာ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ ချားလ်စ်က
ညာလက်ကျိုးသွားတာ ဖြစ်တဲ့အတွက် သူ အင်မတန် ဝါသနာပါတဲ့ ပိုလို မကစားနိုင်တော့တဲ့အပြင်
မင်းမှုထမ်းများကို စာရေးညွှန်ကြားလေ့ရှိတဲ့ သူ့အကျင့်ကိုလည်း ကျင့်သုံးလို့
မရတော့ပါဘူး။ ဘယ်လက်နဲ့ ကြိုးစားပြီး စာရေးဖို့ ကျင့်ကြည့်တဲ့အခါမှာ
လေးနှစ်သားအရွယ်ရဲ့ လက်ရေးလို ဖြစ်နေတာကြောင့် သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေပါတယ်။
အဲဒါအပြင် အားလပ်ချိန်တိုင်း သူ့ဥယျာဉ်ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်လေ့
ရှိတဲ့အပြင် ရေဆေးပန်းချီကားများ ရေးဆွဲခြင်းကို ဝါသနာ ထုံတာလည်း စွန့်လွှတ်ရမလို
ဖြစ်နေပါပြီ။ ဒါတွေ မလုပ်ရတဲ့အတွက် စိတ်တိုနေတဲ့ မင်းသားကို ကယ်မီလာနဲ့
အပေါင်းအသင်းများက ရယ်စရာမောစရာတွေ ပြောပြီး စိတ်အပန်းဖြေစေပါတယ်။
တချို့ဧည့်သည်တွေက ညအိပ်ညနေ နေပြီး မင်းသားကို ပျော်တော်ဆက်ကြပါတယ်။ ဘယ်သူတွေက
ဘယ်လောက်ပဲ ပျော်အောင် ဖန်တီးပေးသည်ဖြစ်စေ သူ့ညာဘက်လက်သုံးလို့
မရနိုင်ခြင်းကိုတော့ မင်းသားက ဘယ်လိုမှ စိတ်ထဲကနေ ဖျောက်ဖျက်လို့ မရပါဘူး။ သူ
စိတ်မကျေနပ်လေ ကျွန်တော် ပင်ပန်းလေပေါ့။
ကျွန်တော့်ဘဝမှာ ဒီလောက် တစ်ခါမှ
မပင်ပန်းဖူးပါဘူး။ မနိုင်မနင်းတာဝန်တွေကို ထမ်းဆောင်ရသလိုပါပဲ။ ဆေးရုံမှာဆိုလည်း
ဆေးရုံမှာမို့၊ အိမ်မှာဆိုလည်း အိမ်မှာမို့ မပြတ်တာဝန်ထမ်းဆောင်နေရတာပါ။
ကျွန်တော့်မှာ တာဝန်ချိန်ရယ်လို့ သီးခြားသတ်မှတ်ထားတာ မရှိတော့ဘဲ မင်းသားလိုရင်
လိုအပ်သလို တာဝန် ထမ်းဆောင်ပေးရတာ ဖြစ်နေပါတယ်။ အရင်တုန်းကတော့ သူ
အိမ်မှာရှိနေရင်သာ အလုပ်များပြီး အိမ်မှာမရှိတဲ့အခါမှာ ကျွန်တော့်အတွက်
အနေချောင်ပါတယ်။ လက်ကျိုးတဲ့အချိန်ကစပြီး ကျွန်တော် တာဝန်ထမ်းဆောင်ရတာက မနက် ၇
နာရီကနေ ည ၁၁ နာရီအထိ ဖြစ်လာပါတယ်။ အဲဒီလို တာဝန်ထမ်းဆောင်ရတာဟာ နှစ်လ တိတိ
ကြာမြင့်လာပါတယ်။
ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်ရပြီး
အိမ်ပြန်ရောက်ရင် တုံးခနဲ အိပ်ပျော်သွားနေကျ ကျွန်တော် တစ်နေ့မှာတော့
ခုတင်အောက်မှာ သတိလစ်ပြီး လဲကျနေတာကို ကျွန်တော့်ဇနီးက တွေ့ရှိသွားတဲ့အတွက်
ဆေးရုံပို့လိုက်ကြပါတယ်။ တာဝန်ရှိသူများက ကျွန်တော်ဟာ ပင်ပန်းလွန်းအားကြီးတဲ့အတွက်
အားပြတ်သွားတာ ဖြစ်တယ်။ ဆေးရုံမှာ အနားယူဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
ကျွန်တော့် သခင်ဖြစ်တဲ့ ချားလ်စ်မင်းသား မကျန်းမာနေသေးတဲ့အချိန်မှာပဲ
ကျွန်တော်ကလည်း ဆေးရုံပေါ်ကို ရောက်နေရတာဖြစ်လို့ နောက်ကြောင်း မအေးလှပါဘူး။
မင်းသား အတွက် လိုအပ်တာတွေကို စိတ်တိုင်းကျအောင် ဖန်တီးပေးနိုင်တာဟာ ကျွန်တော်
တစ်ယောက်ပဲ ရှိတယ်လို့ ထင်ပါတယ်။
ဆေးရုံခုတင်ပေါ်မှာ လှဲနေရပေမယ့်
ဟိုင်းဂရုဖ်စံအိမ်ကိုသာ ပြန်ချင်စိတ်က များနေပါတယ်။ ကျွန်တော် ဆေးရုံရောက်ပြီး
ဒုတိယမြောက်နေ့မှာ မင်းသမီးနဲ့ သားတော်နှစ်ပါးတို့ ကျွန်တော့်အခန်းအပေါက်ဝကို
ရောက်လာကြပါတယ်။ သားတော်နှစ်ပါးက နေကောင်းပါစေလို့ ဆုတောင်းစာတမ်း ရေးထိုးထားတဲ့
ဘောလုံးကလေးများ ကိုင်ဆောင်ထားကြပါတယ်။ ဒိုင်ယာနာ ကတော့ ကျွန်တော့်ခုတင်အစွန်းမှာ
ဝင်ထိုင်လိုက်ပြီး ခါတိုင်းလို ယူနီဖောင်းနဲ့ မဟုတ် တီရှပ်အဖြူဝတ်ထားတဲ့
ကျွန်တော့်ကို ကြည့်ပြီး တခစ်ခစ် ရယ်ပါတော့တယ်။ 'သနားစရာကောင်း
လိုက်တဲ့ ပေါလ်ရယ်'လို့ ပြောပြီးတော့လည်း ရယ်နေသေးတာပါ။
ကျွန်တော်နဲ့ စကားစမြည် ပြောကြပြီးတဲ့နောက် သူ့ထုံးစံအတိုင်း ဆေးရုံတွေကို
ရောက်ရင် လူနာတွေကို လျှောက်မကြည့်ဘဲ မနေနိုင်ပါဘူး။ အမျိုးသမီးတစ်ယောက် ဆိုရင်
သူမရဲ့မွေးနေ့မှာ ခွဲစိတ်ကုသမှု ခံရတာပါ။ သတိပြန်ရလာလို့ မျက်စိနှစ်လုံးကို
ဖွင့်လိုက်ချိန်မှာ သူ့အပါးမှာ ဒိုင်ယာနာ ရောက်နေတာ တွေ့လိုက်ရ တဲ့အတွက် အရမ်းကို
အံ့သြသွားခဲ့ပါသတဲ့။ ဝီလျံကလည်း အဲဒီအမျိုးသမီးကို ပန်းစည်းပေးခဲ့သေးတာပါ။ ကျွန်တော့်နားကို
ပြန်ရောက်လာတဲ့အခါမှာတော့ ဒိုင်ယာနာက ကျွန်တော့်တို့ မိသားစုအတွက်
အသစ်ဆောက်ပြီးသွားတဲ့ အိမ်အကြောင်းကို တဖွဲ့တနွဲ့ ပြောပြခဲ့ပါတယ်။ ဒီမင်းသမီးဟာ
ကျွန်တော်တို့ မိသားစုဘဝကို လုံခြုံမှုအပြည့်ပေးခဲ့သူပါ။ ကျွန်တော်
ဆေးရုံကဆင်းပြီးတဲ့နောက် ၁၉၉ဝ ပြည့်နှစ် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျွန်တော်တို့ရဲ့
နေအိမ်အသစ်ကလေးကို သူကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်ပေးခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဝင်းငြိမ်း
(အမှတ် ၂၀၅၊
ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...
'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...
သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...