ဆူးငှက်
တီးဝိုင်းက
တီးမှုတ်သံပြောင်းသွားသည် မြန်မာလေးခင်းပုံစံ တီးလုံးဖြစ်၏ ဗန္ဓုလဝတ်စုံကို အကျအန
ဝတ်ဆင်ပြီး ပြိုင်ပွဲဝင်ခြင်း ဖြစ်သည် မျက်နှာဖြူအရာရှိတွေ ရုတ်ခနဲငြိမ်သက်သွားသည်
မြန်မာအရာရှိများက ဆူညံစွာ လက်ခုတ်သြဘာပေးလိုက်ကြတော့သည်
အခန်း(၁၇)
ကြာမျိုးငါးမည်
ပျားပိတုန်းစုံညီ
'ဟုတ်ပါ့မလား
မောင်ရင်လေးရယ်...'
'သြော်...ကြီးကြီးရယ်
ဟုတ်ပါတယ်ဆိုမှ...'
မောင်မူက သောက်လက်စ
ရေနွေးကြမ်းခွက်ကလေး ချလိုက်သည်။ မေမေကြီးက လက်ဖက်အစ်လေး ရှေ့တိုးပေးရင်း...'လက်ဖက်လေးလည်း စားပါဦးကွယ့်' ဟု ပြောရင်း လက်ထဲက
ပုတီးကို ခွေကာ လက်ဖဝါးနှစ်ဖက်ဖြင့် ပွတ်သည်။ မေမေကြီးရှေ့တူရူမှာ ထိုင်နေသော
မောင်မူ၊ မေမေဦးနှင့် ယဉ်ယဉ်ဦးတို့ကိုကျော်ကာ အဝေးဆီသို့ ခပ်ဆိုင်းဆိုင်း
ကြည့်ရင်း...
'မောင်ရင်ပြောတာဆိုတော့လည်း
ဟုတ်မှာပေါ့လေ...' ဟု အံ့အားသင့်ခြင်းကို
ဖုံးဖိထားသောလေသံဖြင့် ပြောသည်။ မောင်မူက တင်ပျဉ်ခွေထိုင်ရာမှ
ခါးဆန့်ပြင်ထိုင်ပြီး လက်ဖက် တစ်ဇွန်းကို ပိုးကောင်ကြော်နှင့်ရောပြီး စားသည်။
ပြီးမှ...
'ကျွန်တော်တို့ဆရာတွေအားလုံးက
မဟာဂီတ သီချင်းကြီး၊ သီချင်းခံတွေအကုန် လိမ္မာတတ်ကျွမ်းကြပြီးသားဗျ။ ကိုသန့်ဆိုရင်
ဓားတန်းက သူ့တိုက်ကြီးပေါ်မှာ ဆိုင်းဝိုင်းကြီး အမြဲဆင်ထားတာ၊ ဝိုင်းတီးပညာကို
စိန်ဗေဒါကြီးဆီက အကျအနသင်ထားတာဗျ။ ကိုဘညိန်းဆိုရင် စိန်ဗေဒါကြီးနဲ့
အိမ်ချင်းကပ်လျက်ဆိုတော့ ငယ်ငယ်ကတည်းက ဒေဝဣန္ဒြာရဲ့ မဟာဂီတ စောင်းကွက်တွေကို
စိန်ဗေဒါကြီးဆီ လာတီးတုန်း နားကြားနဲ့ကို ချက်ချင်းတတ်နေတာ။ ဒေါင်းရိုးက ကိုရင်လေး
ဆိုရင်လည်း မဟာဂီတ အရိုးအသားတွေ အတော်ကျွမ်းကျင်ကြတာ' ဟု
ရှင်းပြသည်။
မေမေဦးက လက်နှစ်ဖက်ဖြင့်
မေးကလေးထောက်ရင်း ငေးငေးလေး နားထောင်သည်။ ယဉ်ယဉ်ဦးက 'မေမေကြီးကလည်း
အခု သူတို့ တီးကြမှုတ်ကြတဲ့ သီချင်းတွေမှာ သမီးတို့ မဟာဂီတထဲက အသွားတွေ
အများကြီးပါတာပဲ'ဟု အသံထွက်ကာ ခပ်ညင်းညင်း ရယ်ရင်းပြောသည်။
မေမေကြီးက သူ့နားမှ တစ်လုံးတည်းစိန်နားကပ်ကြီး အရောင်ဖျတ်ဖျတ် လက်အောင်
ခေါင်းခါလိုက်သည်။
'သိပါဘူးအေ...သူတို့က
ဂေါ်ဂေါ်ဂီဂီတွေဆိုတော့ ဖေတော့ မောင်တော့ ဘိုသွားတွေပဲ ဆိုကြတီးကြတာ
မှတ်တာကိုအေ့...နားလည်း နားမထောင်ဖူးပါဘူးတော်' ဟု ပြောသည်။
'မေမေကြီးက
မလွန်ဆေးရိုးဝင်းက ပွဲစားကြီး ဘကြီးထင်တို့ အမေစုတို့အလှူတုန်းက မလိုက်ခဲ့လို့ပါ။
အဲဒီအလှူမှာ ကိုမူတူးတို့တီးဝိုင်း ဧည့်ခံပါတယ်လေ။ ဧည့်ခံပွဲမှာ ကိုမူဆိုတဲ့
သီချင်းလေး မေမေကြီးကို ဆိုပြလိုက်စမ်းပါ'ဟု ယဉ်ယဉ်ဦးက
မျက်ခုံးလေးချီကာပြောတော့ လက်ဖက်ခွက်ကို နှိုက်ရန်ပြင်နေသော မောင်မူက လက်ကိုရုပ်ကာ
ကိုယ်ကိုမတ်ပြီး...
'သြော်...အဲဒီသီချင်းလား။
မာစတာ ကိုဘညိန်းစပ်တဲ့ သီချင်းဗျ၊ ပါရမီတော်တဲ့' ဟု
ပြောသည်နှင့် မေမေကြီးက ရုတ်ခြည်း မျက်ခုံးနှစ်ဖက်ပင့်ကာ 'ပါရမီတော်...'
ဟု ချက်ချင်းအသံထွက်သွားသည်။
'မေမေကြီးကလည်း
ဒီသီချင်းက မြတ်စွာဘုရားရဲ့ ပါရမီဆယ်ပါးကို ရေးစပ်ထားတာလေ' ဟု
မောင်မူ့အသံမှာ မေမေကြီးက ဒုတိယမ္ပိ အံ့အားသင့်ကာ 'သြော်...'
ဟု အာမေဋိတ်သံ ထွက်သွား၏။
'မေဦးလည်း
အဲဒီသီချင်းလေးသိပ်ကြိုက်လို့ မမလတ်များ ရမလားမေးတော့ မရဘူးတဲ့၊ အဲဒါကို ကိုမူရရင်
တက်ပေးပါလာ' ဟု မေမေဦးက သွက်သွက်လက်လက် ဝင်ပြောသည်။
မေမေကြီးက ကဲရန်ကောဟု မျက်စောင်းဝင့်လိုက်၏။ ယဉ်ယဉ်ဦးက 'မမက
အသွားလေးတော့ မှတ်မိသလိုလိုပဲ။ ဒါပေမယ့် အကုန်တော့ဖြင့် မရပါဘူး။ မောင်မူကတော့
ရမှာပေါ့' ဟု အပြောမှာ မောင်မူက လက်ဝါးလေး နှစ်ဖက်ကာပြီး...
'ကျွန်တော်က
အဆိုတင်ရတာပါဗျာ။ တီးလုံး တီးကွက်တော့ ဘယ့်နှယ် တက်ပေးနိုင်ပါ့မလဲ။ မမလတ်တို့
မေမေဦးတို့ တက်ချင်သပဆိုရင် ကိုသောင်းဉာဏ်က ဒီသီချင်းကို ကျွမ်းကျင်ပါ့ဗျာ။ သူ့
မာစတာကိုယ်တိုင် လက်ပူးလက်ကျ ပြပေးထားတာ' ဟု ခပ်ဝံ့ဝံ့လေး
ပြောလိုက်သည်။
မေမေကြီးက 'အမေလေး...ဒီည အစ်မနှစ်ယောက်ဟာဖြင့် သီချင်းတွေ၊ ဂီတတွေဆိုရင်ဖြင့်
သွက်လက်လိုက်ကြပါလား။ အခု ဆရာဘကလေး တက်ပေးထားတာတွေကို နိုင်အောင်တီးကြ၊ ဆိုကြပါဦး။
ခေတ်ကာလကလေးတွေများ အပြောင်းအလဲ မြန်ကြပါ့အေ' ဟု ပြောရင်း
အားယူကာ ထသည်။ မေမေဦးကထပြီး မေမေကြီးကို တွဲသည်။ ဘုရားခန်း ဝင်ဦးမယ်အေ...ဟု
ပြောရင်း မောင်မူဘက်လှည့်ကာ 'မောင်ရင်လေး ထိုင်ရစ်ဦးနော်'
ဟု ဆို၏။
အိမ်ဦးခေါင်းရင်းရှိ
ဘုရားခန်းအား စည်းထားသည့် ခန်းဆီးစလေးကို မေမေဦးက လက်ဖြင့်ဖယ်ရင်း မေမေကြီးကို
ဘုရားခန်းထဲ တွဲပို့လိုက်သည်။ မေမေကြီးက အနိစ္စ အနိစ္စဟု ရွတ်ရင်း ဖြည်းညင်းစွာ
ထိုင်သည်။ အပြင်ဘက် ဧည့်ခန်းမှာ ယဉ်ယဉ်ဦးက မောင်မူ့ကို...
'သဒ္ဓါသန်သည်
ဘုံနန်းဗိမာန် အိုးအိမ်စည်းစိမ်များ...
ရင်ဝယ်သားလည်း
မခင်ပြီ၊
မဟာပထဝီ
နှစ်သိန်းလေးသောင်းထုလို အသားတော်စု ဘယ်လိုပြုပြု လှူမည်၊
အသွေးထုတ်ဝေ
သမုဒ်ရေအမျှညီ
ဘိသိက်ကောက်ခံမကိုဋ်ဆောင်းခေါင်းဖြတ်ဒါနအလှူ
ဘယ်မမီ
ထိုထုံးနှလုံးပြုကာ ကျင့်ရှာသည် သီလပါရမီ...' ဟူသော
အပိုဒ်ကို တိုးတိုးလေးရွတ်ပြရင်း
အသွားလေးအား
လိုက်မှတ်နေသည်။ မေမေဦးက သူ့မမလတ်နား ဝင်ထိုင်ရင်း မောင်မူပြန်ဆိုပြသော အသွားကို
သေချာနားထောင်သည်။ 'ဒီအသွားလေးက သိပ်ကောင်းတာပဲ။ စန္ဒရားနဲ့ တီးကြည့် ချင်လိုက်တာ' ဟု ပြောတော့ မောင်မူက 'ကိုသောင်းဉာဏ်ကို
ခေါ်ခဲ့မယ်လေ။ သူ့ကို တက်ခိုင်းရင်ရတာပေါ့' ဟု မောင်မူက
ပြန်ပြောသည်။ ထိုစဉ် အိမ်ရှေ့သို့ အော်စတင် ကားနက်လေး ထိုးဆိုက်လာပြီး
မီးရထားကုန်ရုံအင်စပက်တော် ဦးဘဦးက ဧည့်ခန်းထဲ မျက်စိဝေ့ကြည့်လိုက်ပြီး 'သြော်... ဧည့်သည်ရောက်နေသကိုး' ဟု မောင်မူ့ကို
ကြည့်ပြီးပြောသည်။ ယဉ်ယဉ်ဦးက ဖခင်လက်ထဲ ခေါက်၍တင်လာသော ကုတ်အင်္ကျီကို ယူကာ
ဧည့်ခန်းထောင့် ရေဒီယိုဂရမ်အနီးရှိ ချိတ်၌ ချိတ်လိုက်သည်။
တကယ်တော့
သူငယ်ချင်းမေမေဦးနှင့်ပတ်သက်ပြီး မောင်မူက အိမ်သို့ ဝင်ထွက်နေတာ သုံးလေးခေါက်မက
ရှိပြီ။ တစ်အိမ်လုံးနှင့်လည်း ရင်းနှီးနေ၏။ အထူးသဖြင့် မေမေဦးတို့ဖေဖေ ဦးဘဦးနှင့်က
ပိုရင်းနှီးသလို ဖြစ်နေသည်။ ဦးဘဦးက မြို့မအသင်းအကြောင်း၊ ခေတ်ပေါ်တူရိယာတွေ
အကြောင်း တော်တော်သိချင်၏။ ထို့ကြောင့် မောင်မူနှင့်တွေ့လျှင် ထိုအကြောင်းအရာကိုပဲ
မေးသည်။
'အသင်းအပင်းကိစ္စတွေမှာ
တို့မြန်မာလူမျိုးတွေက အားနည်းချက် ရှိသကွယ့်။ တစ်ယောက်နဲ့တစ်ယောက် ပြောရမယ့်လူတွေ
မဟုတ်ပါဘူးဆိုပြီး ခပ်ပေါ့ပေါ့ အမြဲ တွက်ကြတယ်။ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး
အသင်းအပင်း ရယ်လို့ဖြစ်လာရင် စည်းမျဉ်း၊ စည်းကမ်းတွေ စနစ်တကျ ရှိရမယ်။
ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ရှိရမယ်။ မင်းတို့ အသင်းလို သုခုမပညာနဲ့ ရပ်တည်တဲ့ အသင်းမျိုးဆိုရင်
ပိုပြီး လိုအပ်တယ်ကွယ့်' ဟု အင်စပက်တော်ကြီးက ပြောတတ်သည်။
ထိုအခါ မောင်မူကလည်း အသင်းစတင် သန္ဓေတင်သည့် ၁၉၂၅ ခုနှစ်မှစ၍ နောက်သုံးနှစ်အကြာ
၁၉၂၈ ခုနှစ် တွင် စည်းမျဉ်းဥပဒေများ ရေးဆွဲကာ စနစ်တကျဖွဲ့စည်းခဲ့ကြောင်း
ပြောပြတော့... 'ဟုတ်တယ်ကွယ့်...အုပ်ချုပ်ရေး မဏ္ဍိုင်မှာက
စနစ်ကျဖို့အရေးကြီးတယ်။ ပညာရေးမဏ္ဍိုင်ကလည်း ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ရှိရမယ်'
ဟု လေးလေးနက်နက် ပြောပြသည်။
မောင်မူက အသင်း၏
ပညာရေးဆိုင်ရာရည်ရွယ်ချက်များကို လုံးစေ့ပတ်စေ့ပြောပြသောအခါ အင်စပက်တော်ကြီး
ဦးဘဦးက ကျနစွာနားထောင်ပြီး 'အေး...အနိပ်သားပဲကွ၊ မြန်မာသီချင်းကြီးများ
ဆည်းပူးပြန့်ပွားရေးဆိုတဲ့ အချက်က အခြေခံကျတယ်။ ပြီးတော့ ကမ္ဘာသုံးတူရိယာများ
လေ့လာ သင်ကြားတတ်မြောက်ရေး...တဲ့ ဟုတ်လား၊ ဒါကတော့ မင်းတို့အသင်းအနေနဲ့
ပြောစရာမလိုတဲ့ အချက်ပေါ့ကွာ။ နောက်တစ်ချက်က Music Note အမှတ်အသားပညာနဲ့
ရေးထားတဲ့ တူရိယာပညာကို ဆည်းပူးလေ့လာဖို့...တဲ့။ ကမ္ဘာမှာက ဒီပညာနဲ့ မှတ်သားကြ၊
ဂီတကို ဖွဲ့စည်းကြတာကြာပြီ။ ဟုတ်တယ်၊ တတ်ထားရမယ်။ တို့မြန်မာကတော့ နားနဲ့ပဲ
မှတ်ကြတာကိုကွယ့်။ ရေရှည်အတွက်က Music Note တတ်ရမယ်' ဟု ဆိုတတ်၏။
အင်စပက်တော်ကြီးက 'ရှေးမြန်မာသီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍
ကမ္ဘာသုံးဖြစ်သော Music Note ပညာဖြင့် ကူးပြောင်း
ရေးသားလေ့လာရန်' ဆိုသော အချက်နှင့်ပတ်သက်၍မူ
အတော်စဉ်းစဉ်းစားစား ပြောသည်။
'ဖြစ်အောင်တော့
လုပ်ကြရမှာပဲကွယ့်။ ဒါပေမယ့် သေချာတော့ စဉ်းစားကြ၊ ညှိနှိုင်းကြရလိမ့်မယ် ထင်တယ်။
တကယ့်ဗမာအသံ စစ်စစ်က မင်းတို့ စန္ဒရားက အသံနဲ့ မကိုက်ဘူး မဟုတ်လား။ ပြီးတော့
ဆိုဟန်၊ ဆိုပေါက်မူတွေလည်း ကွဲကြသေးတာ မဟုတ်လား'
တကယ်တော့ ထိုကိစ္စကို
အင်စပက်တော်ကြီးက ခေတ်ပညာတတ်မို့ နှိုင်းနှိုင်းဆဆ ထိန်းထိန်းသိမ်းသိမ်း
ပြောနေခြင်းဖြစ်သည်။ မေမေဦးတို့ ဆရာ ဆရာဘကလေး အပါအဝင် မန္တလေးမဟာဂီတ
ပညာရှင်ကြီးများက မဟာဂီတလာ သီချင်းကြီးများကို Music Note နှင့် မှတ်သားရေး
ကိစ္စအား တယ်သဘော မတွေ့လှ။
ဟော...အခု
အင်စပက်တော်မင်းက အလုပ်က ပြန်လာပြီး အိမ်မှာ မောင်မူကို အခန့်သင့်တွေ့သောအခါ
ယခင်ရက်များက ပြောလက်စ စကားတွေပဲ ပြောမည်ထင်သည်။ သမီးလတ် ယဉ်ယဉ်ဦး ခပ်ပေးသော
သောက်ရေအေးအေး တစ်ခွက်ကို ငွေဖလားနှင့် သောက်ပြီး ဧည့်ခန်းမှာဝင်ထိုင်ကာ...
'မောင်မူ့ကို ဦးလေး
သတင်းတစ်ခု မေးရဦးမယ်ကွယ့်၊ မင်းတို့အသင်းနဲ့လည်း ပတ်သက်နေတော့...' ဟု စကားချီသည်။ မောင်မူက မနေ့က တရုတ်တန်း ဗဟိုရ်လက်ဖက်ရည်ဆိုင်မှာ
ဒေါင်းရိုး ကိုရင်လေးတစ်ယောက် သူ့မောရစ် မိုင်းနားလေးနှင့်
ရေးကြီးသုတ်ပျာရောက်လာကာ ပြောသည့် သတင်းပဲဟု ထင်လိုက်သည်။
သို့သော် မဟုတ်။
ဒီနေ့မနက် ဆိုင်းတန်းက
အသင်းတိုက်မရောက်သေးလို့ ထိုသတင်းကို မောင်မူမသိ။
အခု အင်စပက်တော်ကြီး
ဦးဘဦးပြောပြမှ လုံးစေ့ပတ်စေ့ သိလိုက်ရသည်။ အံ့အားလည်း သင့်၊ ဂုဏ်လည်း ယူသည်။
'ဟန်ကျလိုက်တာ...'
ဟုပင် နှုတ်ကထွက်သွား၏။
ယဉ်ယဉ်ဦးနှင့်
မေမေဦးတို့ ညီအစ်မနှစ်ယောက်စလုံးပင် သူ့ဖခင်ပြောသောသတင်းကို မျက်လုံးလေးအဝိုင်းသား
နားထောင်နေသည်။ မေမေကြီးကတော့ ဘုရားခန်းထဲ ပုတီးစိပ်ရင်း တစ်မှေးနှစ်မှေး
အိပ်ပျော်နေရောပေါ့။
□
အခန်း(၁၈)
ရှေးရှေးတုန်းကအချိန်တွေ...တို့ပြေ
နှင်းကြွင်းဖွဲ့သည့်
မိန်လရာသီ နိဒါန်းဖြစ်သည်။ အအေးရဲခဲ့သည့် မန္တလေးဆောင်းမို့ နေဝင်ပြီး
ညဥ့်ဦးပိုင်းကတည်းက အနွေးထည်လေးကိုယ်စီတော့ ဝတ်ထားကြရသေး၏။
David & Ezra Brothers Co.,
ဘိလပ်ရည်စက်ရုံဝင်းကြီးထဲရှိ သစ်ပင်များမှာ မီးလုံးရောင်စုံ သီးပွင့်နေ၏။
မီးစက်အင်ဂျင်စက်သံက ခပ်လှမ်းလှမ်းမှာပေမင့် ခပ်အုပ်အုပ်အသံတော့ ထွက်နေသည်။
စက်ရုံဝင်းအလယ်ကောင် ပန်းဥယာဉ်တွင် ယနေ့ည၌ စက်ရုံနှစ်ပတ်လည်ပါတီပွဲ ကျင်းပမည်
ဖြစ်သည်။ တစ်လကျော် ကြိုတင်၍ မြက်ခင်းပြင်ကို မွေးမြူပြုပြင်ထားသဖြင့် စိမ်းမြနေ၏။
ဖြူဖွေးသော စားပွဲခင်းများ အလယ်တွင် အနီရောင်ပိတ်စများကို ကန့်လန့်ခင်းထားသော
စားပွဲတွေက အစီအရီရှိသည်။ စားပွဲများထိပ်မှာ အလောတော် တည်ဆောက်ထားသော စင်မြင့်ရှိသည်။
စင်မြင့်တွင် အပြာရောင်ကတ္တီပါစကို နောက်ခံအဖြစ် ချိတ်ဆွဲထားရာ မီးရောင်တွင်
နီလာသွေးလဲ့လဲ့ပြေးနေသည်။ ကတ္တီပါကားတွင် ကုမ္ပဏီတံဆိပ်နှင့် ကုမ္ပဏီနာမည်ကို
အလှဆင်ထားပြီး နှင်းဆီ၊ သစ်ခွစသော ပန်းများကို အကျအနထိုးထားသည့် ကြွေပန်းအိုးကြီးက
ခြင်္သေ့ခြေထောက်များဖြင့် မဟော်ဂနီရောင် စားပွဲပု တစ်လုံးပေါ်တွင် ကြွားရရား
ခေါင်းမော့နေသည်။
ညဦးပိုင်း ၇
နာရီလောက်ကတည်းက ဧည့်သည်တွေ စုံလာသည်။ ကုမ္ပဏီဝန်ထမ်း အရာထမ်းများက သစ်လွင်သော
ဆင်တူဝတ်စုံများဖြင့် ဧည့်သည်များကို နေရာချထား ပေးနေသည်။ ဧည့်သည်အများက
အလားတူစီးပွားဖက် ကုမ္ပဏီများ၊ အရောင်းဆိုင်များမှ မျက်နှာဖြူများ ဖြစ်ကြသလို အစိုးရဌာနများမှ မြန်မာအရာရှိများလည်း
လာရောက်ကြသည်။ ထို့ကြောင့်လည်း စက်ရုံဝင်းပေါက်မှ မော်တော်ကား၊
ဒေါက်ကပ်ရထားစသည်ဖြင့် ဝင်မလာမဆဲရှိနေသည်။ အငှား မြင်းရထားများနှင့် လာသူများကတော့
စက်ရုံပေါက်တွင် မြင်းရထားကို ရပ်စေပြီးမှ ဝင်လာကြ၏။
ဧည့်သည်တွေ
တဖွဲဖွဲရောက်လာကတည်းက စင်မြင့်လေးကွက်လပ်မှ 'ရီဂိုးဗင်'
တီးဝိုင်းအဖွဲ့က ခပ်ငြိမ့်ငြိမ့်လေး စတင်တီးမှုတ်နေသည်။ 'ရီဂိုးဗင်'ကို ဦးဆောင်သူက ရွှေတိုက်ဝင်း၌ နေထိုင်သော
စန္ဒရားဆရာ မစ္စတာရီဂိုး ဖြစ်သည်။ သူက အနောက်တိုင်းတူရိယာ တီးမှုတ်နည်းများကိုလည်း
သင်သည်။ သူ့ဆီမှာ ဂီတသင်္ကေတနည်းပညာတွေလည်း သင်ယူနိုင်သည်။ အနောက်တိုင်း
တေးကြီးဘွဲ့ကြီးများမှအစ ခေတ်ပေါ်သီချင်းများ၏ ဂီတသင်္ကေတစာအုပ်များလည်း
ရောင်းချပေးသေး၏။ 'ရီဂိုးဗင်'မှာ
စန္ဒရားဆရာ မစ္စတာ ရီဂိုးနှင့်အတူ တယောဆရာမာတင်နှင့် မစ္စတာ ဂျီဒေါက်ကလပ်တို့လည်း
ပါသည်။ ရှေ့တော်ပြေးဝဝင်းက ကိုဘသက်တို့၊ ကိုဘညိန်းတို့ ဓားတန်းက ကိုသန့်တို့လည်း
ဝင်တီးကြသည်။
မြက်ခင်းပြင်ပေါ်ရှိ
စားပွဲများတွင် လတ်ဆတ်သော အသီးအနှံစုံများကို လှပစွာပြင်ဆင်ပြီး ပက်လက် ကြွေပန်းကန်များတွင်
ထည့်ထားသည်။ ကြေးကလပ်လေးများနှင့် ဖယောင်းတိုင်လေးများကိုလည်း စားပွဲတစ်လုံးလျှင်
တစ်တိုင်ကျ ထွန်းညှိထားသည်။ လှပ၍ ပွယောင်းရှည်လျားသော ဂါဝန်ကြီးများဝတ်ဆင်ကာ
ဖဲပြားဖဲပွင့်များ ဆင်ယင်ထားသည့် ကလနားကျယ်ကျယ် ဦးထုပ်ကြီးများဆောင်းထားသော
အင်္ဂလိပ်အရာရှိကတော်များက ရင်ချီ ခေါင်းမော့ကာ အလှချင်းပြိုင်နေကြ၏။ ခဏနေတော့ 'ရီဂိုးဗင်'က Ava Maria Blassed Maid Lady of
the Eder's fragrant shade' အစချီသော
ဓမ္မတေးသွားတစ်ပုဒ်ကို ခပ်ညက်ညက်ကလေး တီးမှုတ်လိုက်သည်။ ပရိသတ်အားလုံးက
ငြိမ်သက်စွာဖြင့် ရင်၌ လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်ပြီး ငြိမ်သက်သွားကြ၏။
ခဏမျှနားပြီး ဒီဘက်စင်၏
Jeax ခေါ် ဆင်ဖိုနီမှ
တီးလုံးတစ်ပိုင်းတစ်စကို တီးမှုတ်ကြပြန်၏။ သူ့တီးလုံးထဲတွင် မြန်မာဆန်သော
ဗုံနှင့်လကွင်းသံပါသည်။ ဆရာမာတင်က သူ့ တယောကို ခေါင်းလေးတခါခါနှင့် ထိုးသွားတာ
ကြည့်လို့ ကောင်းသေးတော့။ ပွဲက မြိုင်စပြုလာသည်။ မကြာမီ ဝတ်စုံ
ဆွတ်ဆွတ်ဖြူများနှင့် ဘွိုင်ကုလားများက အစားအသောက်များနှင့်အတူ ယမကာများပါ
ဖွင့်ဖောက်ကြ၏။ ဂုဏ်သရေရှိ လူကြီးမင်းများက ဖန်ကလပ်ကိုယ်စီ ကိုင်လိုက်ကြသည်။
မကြာမီ သန့်ရှင်းပြောင်လက်ကြည်မြသော ဖန်သားများတွင် ပယင်းလဲ့လဲ့အရောင်များ
ပြေးသွားကာ ချက်ချင်းပင် အနေတော် ရေခဲတုံးကလေးတွေ ပယင်းကန်ထဲ ခုန်ဆင်းကြတော့၏။
အချို့သော မြန်မာအရာရှိလူကြီးမင်းများက သူရာ မေရိယကံကို မချိုးဖောက်လို၍
ကုမ္ပဏီထုတ် ဗင်တို ဘိလပ် ရည်ကို ရေခဲနှင့် မြုံ့ကြတော့သည်။
တော်တော်လေးအရှိန်ရလာတော့
တီးဝိုင်းက အရှေ့တိုင်းဟန်နှင့် အနောက်တိုင်းဟန် တွဲဖက်ထားသော တီးလုံး
တီးကွက်တစ်ပုဒ်ကို တီးခတ်လိုက်သည်။ အမေရိကန်ဂီတပညာရှင် မာလာ၏ 'မြေကြီးတေးသံ' ဆိုသော တီးလုံးဖြစ်သည်။ တေးကြီး
ဘွဲ့ကြီးတွေ အတော်အသင့် တီးမှုတ်ပြီးတော့ ကုမ္ပဏီဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှု
ပြိုင်ပွဲအစီအစဉ် ကိုစတင်ရန် အခမ်းအနားမှူးက ကြေညာလိုက်သည်။ အားလုံးမှာ
လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဝေါခနဲ လက်ခုပ်ပွဲကျသွားလိုက်သည်။ 'ရီဂိုးဗင်'က Magic is the Moonlight, Lover
in the June Night ဆိုသော
တေးသွားလေးကို တီးခတ်လိုက်သည်။ ကုမ္ပဏီအရာရှိများ၏ သမီးကညာလေးတွေက ကိုယ်နှစ်သက်ရာ
အဝတ်အစားများဖြင့် စင်မြင့်ပေါ်တက်လာကြသည်။ အော်ဟစ်ကြသံ၊ သြဘာသံများ ပိုမိုဆူညံလာသည်။
ဟော...အန်ဒါးဆင်းပုံပြင်ထဲက
ရေသူမလေး...၊ ဟော...စင်ဒရဲလားမင်းသမီး...၊ ဟော... လူပုလေး ခုနစ်ယောက်ထဲက
မနှင်းဖြူ...၊ ဟော...ကျောက်သံပတ္တမြား ကပ်ဝတ်ရုံရှည် စိန်သရဖူနှင့်
ကယ်လီယိုပတ်ထရာဘုရင်မ။
အားလုံးမှာ
အလှမျက်ရှုတွေချည်း ဖြစ်တော့သည်။ အဖွဲ့လိုက် ကိုယ်ဟန်ပြပြီး
တီးလုံးတစ်မျိုးစီနှင့် တစ်ယောက်ချင်း ကိုယ်ဟန်ပြသည်။ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊
ရာဇဝင်တွေထဲက ဇာတ်ကောင်တွေ ရှင်သန်လာကြသည့်ပုံ။ ခဏနေတော့ စင်မြင့်ပေါ်က
မီးတွေဖြည်းဖြည်းချင်း မှိန်သွားသည်။
နတ်မိမယ်လေးတွေအလှည့်ပြီးတော့
'ရီဂိုးဗင်'က တီးလုံးတစ်ပိုဒ် တီးလိုက်ပြန်သည်။
စိတ်တက်ကြွဖွယ် စစ်ချီတီးလုံးတစ်ပုဒ်ဖြစ်သည်။ ထိုတီးလုံးနှင့်အတူ ကုမ္ပဏီမှ
ဝန်ထမ်း အမျိုးသားများက နပိုလီယန်၊ ရောမရာဇဝင်လာ နတ်သား၊ မာကိုပိုလို၊
ဗာစကိုဒဂါးမား စသည့် ပုံစံအဝတ်အစားများနှင့် တက်လာကြ၏။ သူတို့စင်ပေါ်ရောက်ပြီး
မကြာမီ တီးဝိုင်းက တီးမှုတ်သံပြောင်းသွားသည်။ မြန်မာလေးခင်းပုံစံ တီးလုံးဖြစ်၏။
ဗန္ဓုလဝတ်စုံကို အကျအန ဝတ်ဆင်ပြီး ပြိုင်ပွဲဝင်ခြင်းဖြစ်သည်။ မျက်နှာဖြူအရာရှိတွေ
ရုတ်ခနဲငြိမ်သက်သွားသည်။ မြန်မာအရာရှိများက ဆူညံစွာ လက်ခုတ်သြဘာ
ပေးလိုက်ကြတော့သည်။ ဗန္ဓုလကလည်း စင်ပေါ်ရောက်သည်နှင့် ကြမ်းပြင်ကို ဖနောင့်ဖြင့်
မာန်ပါပါပေါက်လိုက်ပြီး ဓားကို ညာလက်ဖြင့် လက်ရုံးဆန့်တန်းလိုက်ရာ လက်အမြှောက်မှာ
ဓားအရောင်က ဝင်းခနဲလက်သွားလေတော့ ဒုတိယမ္ပိ သြဘာ လက်ခုပ်ကျသွားလေပြန်၏။
'ရီဂိုးဗင်'တီးဝိုင်းထဲမှ ကိုဘသက်က သူ့အိန္ဒိယလုပ် တယောကြီးဖြင့် နန်းတော်ရှေ့
ဆရာတင်၏ 'အမျိုးသားများအတွက် ဝမ်းနည်းပက်လက်နှိပ်စက်သူတွေ
မရှိစေရ၊ အမျိုးသမီးများအတွက် ဝမ်းနည်း ပက်လက်နှိပ်စက်သူတွေ မရှိစေရ၊
နန်းတော်ရှေ့၊ နန်းတော်ရှေ့ ဆရာတင်ဆိုတေး၊ တွေးမိ ကြပါလိမ့်မလေ၊ ရှေးရှေးတုန်းက
အချိန်တွေ တို့ပြေ... တို့မြေ... တို့ပြေ...' ဟူသော
ဗန္ဓုလသီချင်းအသွားလေးကို ချွဲချွဲနွဲ့နွဲ့ ထိုးလိုက်ရာ တီးဝိုင်းအုပ် မစ္စတာ
ရီဂိုးလည်း ထိုစာသားကို မသိလိုက်၊ အခြား မျက်နှာဖြူအရာရှိများလည်း မသိလိုက်၊
ဂီတနှင့် နှံ့စပ်ကျွမ်းဝင်သော မြန်မာအရာရှိကြီး တချို့သာ သိလိုက်ရာ
ကြက်သီးမွေးညင်းထမျှ ကျေနပ်ပီတိ ဖြစ်ပြီး လက်ခုပ်သာ နာနာ တီးကြတော့သည်။
မီးရထားကုန်ရုံ အင်စပက်တော်ကြီး ဦးဘဦးကတော့ ကျေနပ်လို့မဆုံး။ ဖြစ်နိုင်လျှင် 'ဗရာဗို' ဟု ထအော်လိုက်ချင်သည်။
ဝတ်စားဆင်ယင်မှု
ပြိုင်ပွဲပြီးတော့ Waltz တေးသွားကို
တီးခတ်ပြီး ပျော်ပျော်ပါးပါး ကခုန်ကြ၏။ မူးဝေရီသူလည်း ဝေရီကြပြီ။ စကားတွေ
တရစပ်ပြောသူလည်း ပြောလာကြသည်။ အနည်းငယ်ချွေးစို့ရုံမျှ ကခုန်ပြီးကြတော့
ညဥ့်ကအတော်နက်လာ၏။ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲဝင်သူတွေကို ဆုချီးမြှင့်ပြီး
ပွဲသိမ်းကြတော့မည်။ ထို့ကြောင့် ဝတ်ရုံမန်နေဂျာက ဆုတံဆိပ်၊ ဆုဖလား၊ ဆုစလွယ်များကို
စင်မြင့်ထက် ပြင်ဆင်စေပြီး ဆုပေးပွဲအခမ်း အနားစတော့သည်။ ပရိသတ် က
ပြန်လည်ငြိမ်သက်သွား၏ စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်သူများလည်း မီးဖိုဆောင် အသီးသီးက
ထလာကြသည်။ ဘွိုင်များပင်လျှင် ဧည့်သည်များကို ဂရုမစိုက်နိုင်တော့ဘဲ
ပွဲဆုပေးမည့်စင်မြင့်ဆီ အာရုံစိုက်လာကြသည်။
'နှစ်ပတ်လည်မယ်'အဖြစ် မနှင်းဖြူအဝတ်အစားဖြင့် ယှဉ်ပြိုင်သူလေးက ဆုရသွားသည်။ သူက
စက်ရုံဖိုမင်းကြီး သမီးတဲ့။ အင်္ဂလိပ် ကရင်ကပြားမလေး ဖြစ်သည်။ လက်ခုပ်သံများနှင့်
ချီးမွမ်းပြောဆိုသံများ စီစီညံသွားသည်။ မနှင်းဖြူလေးက စင်မြင့်ပေါ်တက်ပြီး
စက်ရုံမန်နေဂျာရှေ့တွင် ဒူးထောက်၍ ဘယ်လက်မြှောက်ကာ ဆုစလွယ်စွပ်၍
ချီးမြှင့်ခြင်းကို လက်ခံသည်။ သတင်းထောက်များ၏ ကာဗွန်မီးက ဖြောင်းခနဲပွင့်ကာ
မီးခိုးတန်းများ အူသွားတော့၏။ 'နှစ်ပတ် လည်မောင်' အဖြစ် ကြေညာရန်ပြင်ဆင်တော့ အားလုံးမှာ ပိုမိုစိတ်ဝင်စားလာကြသည်။
အမျိုးသားများ ဝတ်စားဆင်ယင်ပုံက သူမသာ ကိုယ်မသာ၊ အားလုံး ပြိုင်နေ၏။ အကဲဖြတ်
လူကြီးတွေ ခေါင်းချင်းရိုက်နေကြသည်။ အကဲဖြတ်ထဲမှ မြန်မာအရာရှိတချို့က စိတ်တူ
သဘောတူပေးလိုက်ကြသည့် အမှတ်တွေက ပြိုင်တူဖြစ်သွားပုံရသည်။
'နှစ်ပတ်လည်မောင်'အဖြစ် မဟာဗန္ဓုလအဝတ်အစားဖြင့် ယှဉ်ပြိုင်သူက ဆုရသွားတော့၏။ ကုမ္ပဏီ၏
နယ်လှည့် အရောင်းဝန်ထမ်း မောင်သိန်းဖေတဲ့။ မြန်မာအမျိုးသား ဝန်ထမ်းက
မြန်မာသူရဲကောင်းဝတ်စုံဖြင့် ပြိုင်ပွဲမှာ ဆုရတော့ တက်ရောက်လာသော
မြန်မာအရာရှိကြီးများ အပါအဝင် ကုမ္ပဏီမှ အများစု အောက်ခြေမြန်မာဝန်ထမ်းတွေ
ဝမ်းအသာကြီး သာသွားကြသည်။ အများစု မြန်မာဝန်ထမ်းတွေက ခုန်ပေါက်အော်ဟစ်ကြ၏။
မဟာဗန္ဓုလအဝတ်အစားနှင့်
မောင်သိန်းဖေ ဆုတက်ယူတော့ 'ရီဂိုးဗင်'ဝိုင်းက
ကိုဘသက်တို့အဖွဲ့က လေးခင်းအသွားကို ခပ်မြိုင်မြိုင်လေး ပြန်တီးပေးသည်။
စင်မြင့်ပေါ် ရောက်တော့ ဆုချီးမြှင့်မည့် မျက်နှာဖြူမန်နေဂျာရှေ့မှာ မောင်သိန်းဖေက
ခြေနှစ်ဖက်ကားကာ ရင်အုပ်ဖွင့် ခေါင်းမော့ရပ်ပြီး လွယ်ထားသောဓားအိမ်မှ
မှန်စီရွှေချဓားရိုးပေါ် လက်တင်ပြီး...
'မြန်မာစစ်သူကြီး
မဟာဗန္ဓုလက သူရဲကောင်းပီပီ ဘယ်သူ့ရှေ့မှောက်မှ ဒူးထောက်အညံ့မခံဘဲ ရဲရဲဝံ့ဝံ့ကျဆုံး
သွားတာပါ။ ဒီဖြစ်စဉ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုပုံစံအတိုင်း ဆုကို လက်ခံပါရစေ'
ဟု ခပ်ပြတ်ပြတ် ခပ်တင်းတင်းပြောလိုက်တော့ မြန်မာအရာရှိများပင် ဣန္ဒြေမဆယ်နိုင်ဘဲ
မတ်တတ်ရပ်၍ သြဘာပေးလိုက်ကြ၏။ ပွဲခင်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ယူနီဖောင်းဝတ် ဆားပလင့် (Surveillance)ခေါ်
လူဆိုးကြည့်များနှင့်အတူ အရပ်ဝတ်စုံထောက်များလည်း ပျာပျာသလဲ ဖြစ်သွားကြသည်။
အခမ်းအနားသို့ တက်ရောက်လာသော ဒိစတြိတ် ပုလိပ်မင်းကြီးက ကုမ္ပဏီမန်နေဂျာကို
ခေါင်းညိတ်ပြကာ လိုက်လျောဖို့ ခွင့်ပြုလိုက်သည်။ မန်နေဂျာက ကလပ်ပေါ် တင်ထားသည့်
ဆုစလွယ်အား ကလပ်နှင့်အတူ မောင်သိန်းဖေအား ချီးမြှင့်တော့ ကလပ်ပေါ်မှာ ဆုစလွယ်ကို
ညာလက်ဖြင့် အသာအယာ အခေါက်မပျက်ယူကာ ဓားအရိုးကို အုပ်၍ ဖိကိုင်ရင်း စင်ပေါ် မှ ခပ်ကြွားကြွား
ဆင်းသွားတော့၏။ လက်ခုပ်သြဘာသံများ ညံသွားတော့သည်။
ပွဲသိမ်းကဖြင့်
လှပါပေ၏။
သို့သော်...နောက်ရက်
ရုံးတက်ချိန်တွင် မောင်သိန်းဖေကို ကုမ္ပဏီဥက္ကဋ္ဌ၏ လက်မှတ်ဖြင့် အလုပ်မှ
ထုတ်ပယ်လိုက်ကြောင်း အမိန့်စာကို မောင်သိန်းဖေ ရုံးအတက်မှာ စက်ရုံမန်နေဂျာက
ပေးအပ်လိုက်လေသည်။ ထိုသတင်းကာ ကုမ္ပဏီအဝန်းအဝိုင်းမှတစ်ဆင့်
မြန်မာအရာရှိကြီးများထံ ရုတ်ခြည်း ပျံ့နှံ့သွားတော့သည်။
□
'ဦးလည်း ဒီသတင်းကြားကြားချင်း
အိမ်ပြန်လာတာပဲကွယ့်။ အခု မောင်မူနဲ့တွေ့တော့ အဆင်သင့်ဖြစ်သွားတာ။ မြို့ထဲမှာလည်း
ဒီသတင်းက အတော်ပြန့်နေပြီ။ သတင်းစာတွေထဲတော့ ပါသေးဘူး။ မြန်မာ့အလင်းကို ကိုလတ်က
သတင်းရေးဖို့ ကုမ္ပဏီသို့ တိုက်ရိုက် မေးမြန်းစုံစမ်းဆိုလားပဲ။ ဒါထက် မောင်သိန်းဖေက
မောင်ရင်တို့ မြို့မအသင်းကဆို' ဟု ဦးဘဦးက မောင်မူ့ကို
မေးသည်။ ရေတစ်ခွက် ထပ်ခပ်ပေးရန်လည်း သမီးယဉ်ယဉ်ဦးအား ခိုင်းလိုက်ပြန်၏။
ထိုသတင်းအတွက် ရုံးကတည်းက မောပန်းလာဟန်တူသည်။
'ကိုသိန်းဖေက
ကျွန်တော်တို့အသင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်း စန္ဒရားဆရာ ကိုသောင်းဉာဏ်ရဲ့
အစ်ကိုပါ။ သူတို့ ဘိုးဘွားမိဘများက မန္တလေးနန်းတွင်းထွက်တွေပါ။ ပါတော်မူပြီးနောက်
ရှမ်းပြည်နယ် သီပေါဘက် ရောက်သွားပြီး အခု ကိုသောင်းဉာဏ်တို့ ညီအစ်ကိုကို
မန္တလေးနဲ့ အဆက်ပြတ်သွားမှာစိုးလို့ သူ့မိဘများက ဆိုင်းတန်းပေပင် လက်ကြားထိမှာ
အိမ်ကလေးတစ်လုံး ဝယ်ပေးပြီး ထားတာ ပါ။ ကိုသိန်းဖေက စိန့်ပီတာက ၇ တန်းအောင်ပြီး
ကျောင်းဆက်မတက်ဘဲ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တော့ နယ်လှည့် အရောင်းကိုယ်စားလှယ်မို့
အိမ်ကပ်ရတယ် မရှိဘူး။ သြော်... အခု ဖြစ်ပျက်သွားတာ ကိုသိန်းဖေကိုး' ဟု
မောင်မူကပြောရင်း ညည်းတွားသည်။
ယဉ်ယဉ်ဦးက သူ့ဖခင်ဆီ
ရေခွက်ကို လှမ်းမပေးနိုင်သေးဘဲ ငေး၍ နားထောင်ကာ တအံ့တသြနှင့် 'သတ္တိကောင်းလိုက်တာ' ဟု ပြောသည်။ မေမေဦးက
မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် မောင်မူ့ကို တစ်လှည့် သူ့အစ်မ ယဉ်ယဉ်ဦးကို
တစ်လှည့် ကြည့်နေ၏။
သူ့ဆီကတော့ ဘာသံမျှ
ထွက်မလာ။
ဆက်လက်ဖော်ပြပါမည်။
ဆူးငှက်
(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...
'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...
သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...