ညီမင်းညို
၁။
ကျွန်တော့်ကိုယ်
ကျွန်တော် သိနေပါတယ်။ ကျွန်တော့်အတွက် အချိန် သိပ်မကျန်တော့ဘူး ဆိုတာ။ ဒီ့အတွက်
ကျွန်တော် ဝမ်းမနည်းပါဘူး။ လူတစ်ယောက် မွေးဖွားလာခြင်းရဲ့ အဆုံးသတ်ပန်းတိုင်ဟာ
သေဆုံးခြင်းပဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့် တစ်ဘဝလုံးနဲ့
ရင်းပြီး မက်ခဲ့ရတဲ့ အိပ်မက်တွေအတွက် ဖြစ်နိုင်မယ်ဆိုရင် လုံလောက်တဲ့အချိန်
အတိုင်းအတာ တစ်စုံတစ်ရာကိုတော့ ကျွန်တော် ရယူပိုင်ဆိုင်ချင်ပါသေးတယ်။
ကျွန်တော်ဟာ
ငယ်ငယ်ကတည်းက လှုပ်လှုပ်ရှားရှား သိပ်လုပ်လို့မရတဲ့ ကျွန်တော့် ခန္ဓာကိုယ်ထဲကို
သွေးတွေ မကြာခဏသွင်းသွင်းနေရတဲ့ (Leukaemia) သွေးကင်ဆာရောဂါသည်
တစ်ယောက်ဆိုတော့ အားကစားဆိုတာတွေ ဘာတွေနဲ့ ကိုယ်တိုင်ကိုယ်ကျတော့ ရင်းရင်းနှီးနှီး
မရှိခဲ့ပါ ဘူး။ ဒါပေမယ့် ကျွန်တော် အားကစားကို စိတ်ဝင်စားတယ်။ အထူးသဖြင့်
ဘောလုံးပွဲပေါ့။ ကျွန်တော် မလိုချင်ပဲနဲ့ ရယူပိုင်ဆိုင်ခဲ့ရတဲ့ ကျွန်တော့်ရောဂါနဲ့
မလိုက်ဖက်စွာလေ။ ကျွန်တော်ကိုယ်တိုင် တကယ့်ဘောလုံးသမားတွေလို ကွင်းထဲဆင်းပြီး
ပြေးပြေးလွှားလွှား လှုပ်ရှားမကစားနိုင်ပေမယ့် ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့
ကစားတတ်တဲ့ ပုံစံနဲ့ ဟန်အသီးသီးကိုတော့ ဂြိုဟ်တု စလောင်းကတစ်ဆင့် ကျွန်တော်
အလွတ်ရနေခဲ့ပါတယ်။ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး ကမ္ဘာအနှံ့
နိုင်ငံအသီးသီးမှာ ကျင်းပနေတဲ့ ဘောလုံးပွဲတွေကို ထိုင်ကြည့်ရင်း ကျွန်တော့်ဘဝရဲ့
နောက်ဆုံး အချိန်ဆိုတာကြီးကို စောင့်မျှော်နေရင်းနဲ့ အချိန်တွေကို
ဖြုန်းနေရတာပါပဲ။
ကျွန်တော့်ရဲ့
အားနည်းချက်လို့ပဲ ပြောရမလား။ ကျွန်တော်ဟာ ဘောလုံးပွဲတွေကြည့်ပြီး အရသာခံတတ်ပေမယ့်
တစ်ဘက်အသင်းက တစ်ဘက်အသင်းကို ဂိုးသွင်းပြီး သွင်းလိုက်နိုင်တဲ့ဘက်က ဘောလုံးသမားတွေ
ဝမ်းသာအားရနဲ့ အောင်ပွဲခံကြတဲ့ အခိုက်အတန့်မှာတော့ ကျွန်တော့်မျက်လုံးတွေကို
အမြဲပဲ မှိတ်ထားရလေ့ရှိပါတယ်။ ဘယ်လိုခံစားမှုမျိုးကြောင့်ဆိုတာတော့
ကျွန်တော့်ကိုယ် ကျွန်တော် လည်း သေသေချာချာ မသိပါဘူး။ ကျွန်တော် သိနေတာက
ဂိုးသွင်းလိုက်တဲ့ဘက်က ရယူပိုင်ဆိုင်သွားနိုင်တဲ့ အောင်မြင်မှုထက်
ရှုံးနိမ့်ခံစားသွားရတဲ့ အသင်းဘက်ကို ပိုပြီး စာနာ နားလည်နေတဲ့ ကျွန်တော့်နှလုံးသားကို
ကျွန်တော်ကိုယ်တိုင်က ပြန်ပြီး နားမလည်နိုင်တာကိုပါပဲ။
တစ်နေ့ တစ်နေ့
ကျွန်တော် ဘောလုံးပွဲတွေ ကြည့်လိုက်၊ အားကစားဂျာနယ်တွေဖတ်လိုက်နဲ့ အချိန်က
ကုန်မှန်းမသိ ကုန်နေတော့တာပါပဲ။ ကျွန်တော့်ရဲ့ မိဘနှစ်ပါးကတော့ ကျွန်တော့်ရဲ့
ကျန်းမာရေး အခြေအနေကို အစအဆုံး သိရှိထားကြပြီးသားမို့ ကျွန်တော့်ရဲ့ ဆန္ဒတွေကို
ဘယ်လို ဖြည့်စွက်ပေးရမလဲ ဆိုတာကိုသာ အချိန်ပြည့် စဉ်းစားနေကြတာပါ။ မိဘနှစ်ပါးက
ကျွန်တော့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေကြပေမယ့် ကျွန်တော်ကတော့
ကျွန်တော့် အဖေနဲ့အမေရဲ့ မျက်နှာကို ဘယ်တော့မှ တည့်တည့်ရင်
ဆိုင်ကြည့်လေ့မရှိပါဘူး။ မသိမသာနဲ့ပဲ အဖေနဲ့အမေရဲ့ ကြေကွဲမျက်နှာတွေကို
တိတ်တိတ်ကလေး ခိုးခိုးပြီးသာ ကြည့်လေ့ရှိပါတယ်။ အဲဒီလို ကြည့်မိတိုင်းလည်း
ကြည့်မိတာလေးနဲ့ မကာနိုင်လောက်အောင် ကျွန်တော် ခံစားရပါတယ်။ ဘာလို့လဲဆိုတော့
အဖေနဲ့အမေ နှစ်ယောက်စလုံးရဲ့ မျက်နှာတွေက ကျွန်တော် စလောင်းက အမြဲကြည့်နေကျဖြစ်တဲ့
ဂိုးအသွင်းခံလိုက်ရတဲ့၊ ဒါမှမဟုတ် ရှုံးနိမ့်သွားတဲ့ ဘောလုံးအသင်းတစ်သင်းဘက်က
ကစားသမားတွေရဲ့ မျက်နှာနဲ့ တစ်ထပ်တည်း တူနေလို့ပါပဲ။
□
၂။
အခုဆိုရင် ကျွန်တော့်
ခန္ဓာကိုယ်ထဲကို တစ်ကြိမ် တစ်ကြိမ် သွေးသွင်းနေရတဲ့ အချိန်ကာလက တဖြည်းဖြည်းနဲ့
ပိုပိုပြီး နီးလာပြီ။ ဒါဟာ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဗေဒက သိပ်ပြီး
အလုပ်မလုပ်နိုင်တော့တဲ့ သဘော။ အချိန်နဲ့အမျှ ပိုပိုပြီး ပျက်စီးယိုယွင်းလာတဲ့
သဘောဆိုတာကို ကျွန်တော် ရိပ်မိနေပါတယ်။
ဘောလုံးပွဲစကားနဲ့
ပြောရရင် ကျွန်တော့်ဘဝအတွက် ကစားချိန် မိနစ်ကိုးဆယ် ပြည့်လုနီးနေပြီလား။
ကျွန်တော်ကတော့ အချိန်မပြည့်စေချင်သေးဘူး။ ကျွန်တော် ဆက်ပြီး ကစား နေချင်သေးတယ်။
တကယ်တော့ ကျွန်တော်ဟာ ဆက်ပြီး ကစားခွင့်ရနေသေးတယ်ဆိုရင်တောင် ကောင်းကောင်း
မကစားနိုင်တော့တဲ့ ကစားသမားတစ်ဦးရယ်ပါ။
ဘောလုံးပွဲတစ်ပွဲစာ ကစားချိန်ဟာ
ပုံမှန်အားဖြင့် မိနစ်ကိုးဆယ်ဆိုတာ လူ အတော်များများ သိရှိထားပြီး
သားကိစ္စတစ်ခုပါ။ ဘောလုံး ကစားနည်းဟာ တခြား အားကစားနည်းတွေနဲ့ မတူပါဘူး။
ခန္ဓာကိုယ်တစ်ခုလုံး ခေါင်း၊ ခါး၊ ခြေ၊ လက် မကျန် အသုံးပြုရပြီး နောက်ဆုံး
ထိုးထွင်းသိမြင်တတ်တဲ့ ဦးနှောက်ရဲ့ ဆင်ခြင်နိုင်စွမ်းကိုပါ အချိုးညီညီ
ပေါင်းစပ်ပြီးမှ အပင်ပန်းဆုံး ကစားပြရတဲ့ အားကစားနည်း တစ်ခုပါ။ အဲဒီလို
ပင်ပင်ပန်းပန်း ကစားရလို့လည်း ကစားချိန် မိနစ်ကိုးဆယ်ကို တဆက်တည်း မကစားစေဘဲ
တစ်ပိုင်းကို လေးဆယ့်ငါးမိနစ်နှုန်းနဲ့ နှစ်ပိုင်းခွဲထားရုံမက၊ ကြားထဲမှာ
ကစားသမားတွေ ပြန်ပြီးအနားယူနိုင်ဖို့ ပြန်ပြီး အားဖြည့်နိုင်ဖို့
ကစားသမားတစ်ဦးချင်းစီရဲ့ အားနည်းချက်တွေကို ပြန်လည် ပြင်ဆင်နိုင်ဖို့
ကစားသမားတစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နား လည်မှု ပိုရှိလာဖို့ နောက်ဆုံး
နည်းပြလုပ်သူ ဆရာသမားရဲ့ မှန်ကန်တဲ့ နည်းစနစ်နဲ့ လမ်းညွှန်မှုကို စနစ်တကျ
ခံယူရရှိနိုင်ဖို့ ခေတ္တအားလပ်ချိန်ဆိုပြီး ဆယ့်ငါးမိနစ် နားခွင့်ပြုပေးထားတာ
မဟုတ်လား။
ကျွန်တော့်ဘဝကရော
ဘောလုံးပွဲတစ်ပွဲလို ခံစားရယူပိုင်ခွင့်တွေ မရှိတော့ဘူးလား။ ကျွန်တော့်အသက် ခုမှ
နှစ်ဆယ့်ငါးနှစ်။ လူ့ဘဝရဲ့ ပထမပိုင်းပဲ ဖြစ်သင့်ပါသေးတယ်။ တကယ်လို့ ဘောလုံးပွဲတစ်ပွဲလို
ကျွန်တော့်ကို ခေတ္တအနားယူအားဖြည့်ချိန်ကလေး မပေးနိုင်ရင်တောင် ကျွန်တော့်ဘဝရဲ့
ဒုတိယပိုင်းကိုတော့ ကျွန်တော့်ကို ဆက်ပြီး ကစားခွင့်ပြုသင့်ပါတယ်။ ကျွန်တော်
ဘယ်သူ့ဆီမှာ အသနားခံစာ တင်သွင်းရမှာလဲ။ ပွဲချိန်ပြည့် ကစားခွင့်မရဘဲ
ကျွန်တော့်ဘဝကို ဒီလိုပဲ လမ်းတစ်ဝက်ကနေ အရှုံးပေးလိုက်ရတော့မှာလား။ ကျွန်တော်
မရှုံးချင်သေးဘူးဗျာ။ မရှုံးချင်သေးဘူး။ ဒီအချိန်မှာ ကျွန်တော်
အရှုံးမပေးချင်သေးဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ဆက်ပြီး ကစားချင်ပါသေးတယ်။
ကျွန်တော်ဟာ ရှုံးနိမ့်မှုကို အလကားသက်သက် ကြောက်ရွံ့နေတတ်တဲ့ လူတစ်ယောက်တော့
မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ကျွန်တော့်ဘဝရဲ့ ဒုတိယပိုင်း
ကစားခွင့်လေးကိုပဲ မက်မက်စက်စက် ကျွန်တော် လိုချင်နေခဲ့တာပါ။ သတ်မှတ်ထားတဲ့
ခွင့်ပြုချိန်ကလေးအတွင်းမှာ ကျွန်တော့်ရဲ့ အစွမ်းကုန် ကြိုးစားမှုနဲ့
ကျွန်တော့်ရဲ့ ကစားသမား ပီသမှုကိုတော့ ကျွန်တော် ပြခဲ့ချင်ပါသေးတယ်။ အထူးသဖြင့်
ကစားချိန် တစ်လျှောက်လုံး တစ်ဖက်သား အပေါ် ဖြူဖြူစင်စင်နဲ့ ကစားပြတတ်တဲ့
ကျွန်တော့်ရဲ့ သန့်ရှင်းတဲ့ စိတ်ဓာတ်ကိုပေါ့။
□
၃။
ကျွန်တော့်ဘဝမှာ
အရာရာကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ခွဲခြားဆုံးဖြတ်ပေးနိုင်တဲ့ မျှမျှတတ
ဒိုင်လူကြီး တစ်ဦးလောက်တော့ အမှန်တကယ် လိုအပ်ခဲ့တာပေါ့။ အဲဒီလို တရားမျှတမှုရှိတဲ့
တန်ခိုးရှင်ဒိုင်လူကြီးတစ်ဦးသာ ကျွန်တော့်ဘဝရဲ့ ကွင်းလယ်မှာ ရှိခဲ့မယ်ဆိုရင် ခု
ကျွန်တော့်ခန္ဓာကိုယ်ကို အတင်းအဓမ္မ ဝါးမြိုစုပ်ယူဖို့ ကြိုးစားနေတဲ့
ဒီသွေးကင်ဆာဆိုတဲ့ ရောဂါကြီးဟာ တစ်ခါတည်း အနီကတ်ပြခံရပြီး ကျွန်တော့်ဘဝထဲကနေ
အလျင်အမြန် ထွက်ခွာသွားရမှာပဲ။ ခုတော့ ကျွန်တော်ဟာ တစ်ယောက်တည်းနဲ့ တစ်သင်းလုံးကို
ခံကစားနေရသလို အလဲလဲအပြိုပြိုနဲ့။ တဖြည်းဖြည်း နောက်ကို ဆုတ်ဆုတ်လာလိုက်တာ။
နောက်ဆုံးတော့ ကျွန်တော်ဟာ တစ်ဘက်အသင်းနဲ့ ဘယ်လိုမှ ခြေရည်တူ ကစားနိုင်တော့မှာ
မဟုတ်သလို၊ တစ်ဘက်အသင်းကို ကျွန်တော်က ပြန်ပြီး တိုက်စစ်ဆင် ဒုက္ခပေးနိုင်ဖို့ထက်
ကျွန်တော့်ဘဝရဲ့ ဂိုးဝင်ပေါက်တွေကိုသာ ဂိုးသမားတစ်ယောက်လို အသည်းအသန် ပိတ်ဆို့
ကာကွယ်ရတော့မှာပါပဲ။ အဲဒီလို ကျွန်တော် သက်စွန့်ဆံဖျား
ကြိုးစားကာကွယ်နေတဲ့ကြားထဲကပဲ ကျွန်တော်ကိုယ်တိုင် မျှော်လင့်ထားပြီးသားဖြစ်တဲ့
သေချာပေါက် ဂိုးတွေဟာ တစ်လုံးပြီးတစ်လုံး ကျွန်တော့်ဘဝတစ်ခုလုံး ဆုံးတဲ့အထိ
အဆက်မပြတ် အသွင်း ခံရဦးတော့မှာပါပဲ။
ဘယ်လိုမှ
မဖြစ်နိုင်တော့တဲ့ ကံကြမ္မာကိုပဲ ကျွန်တော်က ဇွတ်တောင်းဆိုနေသလိုများ ဖြစ်နေခဲ့ပြီ
လား။ ဒုတိယပိုင်းဆက်ပြီး ကစားခွင့်ဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလား။ ကျွန်တော်မရခဲ့တဲ့
ပြစ်ဒဏ်ဘောတွေကို တောင်းဆိုနေရင်းနဲ့ပဲ ကျွန်တော်ကိုယ်တိုင်က ပြစ်ဒဏ်တွေ
ကျူးလွန်ခဲ့မိပြီလား။ တကယ်တော့ ကျွန်တော်ဟာ ကျွန်တော်ရသမျှ အချိန်လေးအတွင်းမှာ
အသန့်စင်ဆုံး ကစားချင်ခဲ့သူပါ။
□
၄။
ကျွန်တော့်ခန္ဓာကိုယ်
တစ်ခုလုံးရဲ့ သွေးလည်ပတ် စီးဆင်းမှုဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး အင်အားနည်းသထက်
နည်းလာနေပြီဆိုတာကို ဘယ်လိုမှ ကျွန်တော် ငြင်းဆန်လို့ မရနိုင်တော့ပါဘူး။
ညညတွေမှာဆိုရင်လည်း ကျွန်တော် တော်တော်နဲ့ အိပ်မပျော်တော့ဘူး။ ကျွန်တော့်မျက်စိထဲမှာ
ဝိုးတဝါး မြင်နေရတဲ့ ပုံရိပ်တွေထဲမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေတဲ့
ကျွန်တော့်ခန္ဓာကိုယ်ကြီးက သပ်သပ်။ အင်မတန်ကို နှေးကွေးလေးလံစွာ ပင်ပန်းတကြီး
လှည့်ပတ်စီးဆင်းနေရတဲ့ ကျွန်တော့်ရဲ့ သွေးလည်ပတ်စီးဆင်းနေမှုက သပ်သပ်ဖြစ်နေတဲ့အထိကို
ကျွန်တော့်အိပ်မက်တွေက ချောက်ချား နေခဲ့ရပါပြီ။ တကယ်တမ်း ရင်ဆိုင်ရတော့မယ့် အချိန်ကျတော့
ကျွန်တော် ကြောက်တတ်နေခဲ့ပြီလား။ ဟင့်အင်း၊ မကြောက်ဘူး။ ကျွန်တော် မကြောက်ပါဘူး။
သေခြင်းတရားကို ကျွန်တော် ကြောက်နေတာမဟုတ်ဘူး ဆိုတာကိုတော့ အသေအချာ ကျွန်တော်
ပြောရဲပါတယ်။ တကယ်တော့ ကျွန်တော် ဝမ်းနည်းနေတာပါ။ ကျွန်တော် ခွဲခွာပြီး
ချန်ထားရစ်ခဲ့ရမယ့် ကျွန်တော့်ဘဝ ကစားကွင်းကြီးထဲမှာ ကျွန်တော်နဲ့ အရင်းနှီးဆုံး
မျက်နှာတွေ။ ပြီးတော့ အဲဒီမျက်နှာတွေပေါ်မှာပဲ ကျွန်တော့်အတွက် ကြေကွဲနေတဲ့
သောကတွေကိုယ်စီနဲ့။ အဲဒီလို ကျွန်တော့်အတွက် ကြေကွဲဝမ်းနည်းပေးနေကြတာကိုပဲ
ကျွန်တော်က ပြန်ပြီး ဝမ်းနည်းကြေကွဲနေရတာပါ။ အဆုံးစွန် ကြေကွဲဝမ်းနည်းမှုရဲ့
ချောက်ကမ်းပါးထိပ်မှာ ကျွန်တော် ရပ်မိနေပြီ။ ကျွန်တော် ဆက်ပြီး သည်းမခံနိုင်
တော့ဘူး။ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ပြတ်ပြတ်သားသား ကျွန်တော် ချလိုက်မိပြီ။
ဆုံးဖြတ်ချက်ရဲ့အဆုံးမှာ ခန္ဓာကိုယ်တစ်ခုလုံးဟာ လေဟာနယ်ထဲ လွင့်စင်သွားသလို
ကျွန်တော် ခံစားလိုက်ရတယ်။
□
၅။
သတိရလို့
ပြန်ကြည့်မိတော့ ကျွန်တော့်ရဲ့ ခုတင်နံဘေးမှာ ကျွန်တော့်မိဘ နှစ်ပါးနဲ့အတူ
ကျွန်တော်နဲ့ တစ်သင်းတည်း ကစားဖော်တွေကိုပါ တစ်စုတစ်ဝေးတည်း အားလုံးငြိမ်သက်နေကြတာကို
ကျွန်တော် တွေ့နေရတယ်။ ကျွန်တော် သူတို့အားလုံးကို ပြောလိုက်တယ်။
ဒုတိယပိုင်းဆက်ပြီး ကစားခွင့်ကို ကျွန်တော်ရခဲ့ပြီဆိုတဲ့ အကြောင်း။ ပြီးတော့
ကျွန်တော့်ခန္ဓာကိုယ်ကလည်း အရင်ကလို ထိုင်းမှိုင်းလေးလံနေတာမျိုး မဟုတ်ဘဲ
အရင်ထက်ပိုပြီး လွတ်လပ်ပေါ့ပါးနေတဲ့အကြောင်း။ ကျွန်တော် ပြောတယ်။ သူတို့ကို
ကျွန်တော် ပြောနေတယ်။ ကျွန်တော် အဲဒီလို ရှင်းပြနေရက်နဲ့ သူတို့က ဘာလို့ ဆက်ပြီး
ငြိမ်သက်နေကြတာလဲ။ ကျွန်တော်ပြောနေတာကို သူတို့မကြားကြဘူးလား။
မိဘနှစ်ပါးရဲ့မျက်နှာမှာလည်း မျက်ရည်တွေ ကိုယ်စီနဲ့။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့
မျက်နှာမှာလည်း ဝမ်းနည်း ပူဆွေးမှုတွေနဲ့။ ဘာတွေဖြစ်ကုန်တာလဲ။ ကျွန်တော်
နားမလည်နိုင်တော့ဘူး။ ကျွန်တော် တစ်သက်လုံး တောင့်တခဲ့ရတဲ့ ဒုတိယပိုင်း
ကစားခွင့်ကို ခု ကျွန်တော် ရနေပြီပဲ။ သူတို့ ဘာလို့ ဝမ်းနည်းနေကြတာလဲ။
ကျွန်တော့်ကိုရော ဘာကြောင့် စကားတစ်ခွန်းမှ ပြန်မပြောကြတာလဲ။
အဲဒီမြင်ကွင်းကို
ကျွန်တော် ဆက်ပြီး ခံစားလို့မရတော့လို့ ကျွန်တော် ကစားရမယ့် ကွင်းဘက်ကိုပဲ
ကျွန်တော်သွားဖို့ စိတ်ကူးလိုက်တယ်။ အံ့သြစရာ ကောင်းလိုက်တာ။ သိပ်မြန်တာပဲ။
နှစ်ဘက်ပရိသတ် အပြည့်နဲ့ ဘောလုံးကွင်းကြီး တစ်ကွင်းထဲကို ကျွန်တော် ရောက်နေခဲ့ပြီ။
ကျွန်တော် ပါဝင်ကစားရမယ့်နေရာနဲ့ ကျောနံပါတ်က နောက်တန်း ခံစစ်မှူးတစ်ယောက်ရဲ့ သင်္ကေတနဲ့၊
ကျွန်တော် ဝတ်ဆင်ထားတာကလည်း သန့်ရှင်းသပ်ရပ်တဲ့ အပေါ်အောက် အဖြူဝမ်းဆက်
အားကစားဝတ်စုံနဲ့။ ဘောလုံးကွင်းကြီးထဲမှာ လေတွေကလည်း တဟူးဟူးတိုက်လို့။ ကျွန်တော့်အင်္ကျီလက်အနားစနဲ့
ဘောင်းဘီအနားစတို့ကလည်း တဖျပ်ဖျပ်လူးလွန့် လှုပ်ရှားလို့။ ဘောလုံးကွင်း
ထဲရောက်နေတာနဲ့ မတူဘဲ တိမ်တိုက်တွေထဲကို ရောက်နေသလိုပဲ။ ကျွန်တော် ပျော်နေတယ်။
ဟုတ်တယ်။ ကျွန်တော် ပျော်နေတယ်။ ဒီခံစားမှုကလေးကို ကျွန်တော် သဘောကျနေတယ်။ ခု
ကျွန်တော် ရနေတဲ့ လွတ်လပ်ပေါ့ပါးမှုလေးက ဘဝတစ်လျှောက်လုံး ကျွန်တော့်ကို
ဖိစီးနှိပ်စက်ခဲ့တဲ့သောကတွေနဲ့ တခြားစီပဲ မဟုတ်လား။
ဒိုင်လူကြီးရဲ့
ခရာမှုတ်သံအဆုံးမှာ ကျွန်တော်တို့ နှစ်သင်းစလုံးက ကစားသမားတွေဟာ
လှုပ်လှုပ်ရှားရှားနဲ့ စတင်ကစားနေကြပြီ။ ကျွန်တော့်ဘဝတစ်လျှောက် ဒီကစားပွဲမှာ
ကျွန်တော်ဟာ အကောင်းဆုံး ကစားနိုင်ခဲ့တယ် ထင်တာပဲ။ တစ်ဘက်အသင်းရဲ့
ရှေ့တန်းတိုက်စစ်မှူးတွေဟာ ကျွန်တော့်ကို ဘယ်လိုမှ ကျော်ဖြတ်နိုင်စွမ်း မရှိကြဘူး။
ပြီးတော့ ကျွန်တော်ဟာ ကျွန်တော့်အသင်း အတွက် အကောင်းဆုံး ခံစစ်မှူးတစ်ယောက်အနေနဲ့
ကစားပေးနေသလို ကျွန်တော့်အသင်းရဲ့ တိုက်စစ် အတွက်လည်း အကောင်းဆုံး
ပံ့ပိုးပေးနိုင်လို့ ပရိသတ်က ကျွန်တော့်ကို သြဘာပေးနေကြပြီ။
ကျွန်တော့်ဘဝတစ်ခုလုံးနဲ့ရင်းပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ခုခံတတ်တဲ့ အလေ့အကျင့်တွေနဲ့
စိတ်အားထက် သန်တဲ့ဆန္ဒတွေပေါင်းပြီး အကောင်းဆုံး ကစားသမားတစ်ယောက်ရဲ့အသွင်ကို
ကျွန်တော် ရယူနိုင်ခဲ့ပြီထင်တယ်။
ဒီပွဲမှာ ကစားနေရတာ
ကျွန်တော် လုံးဝမမောပန်းဘူး။ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ အရာတွေအားလုံးဟာ ဒီပွဲထဲမှာ
အားလုံးစုပြီး ဖန်တီးပေးထားသလိုပဲ။ နောက်တန်းမှာလည်း ကျွန်တော်ရှိနေတယ်။
အလယ်မှာလည်း ကျွန်တော် ကစားနေတယ်။ ရှေ့တန်း တိုက်စစ်မှူးတွေနဲ့အပြိုင်
တစ်ဘက်အသင်းကို ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ကျွန်တော့် ကိုယ်ကျွန်တော်
ပြန်မြင်နေရတာကတော့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်လောက်အောင်ပါပဲ။ အဲဒီလို
စိတ်ပါလက်ပါ ကစားနေရင်းနဲ့ ရုတ်တရက် ကျွန်တော်လဲကျ သွားခဲ့တယ်။ ဒိုင်လူကြီးရဲ့
ခရာမှုတ်သံနဲ့အတူ ကျွန်တော် တို့အသင်းဘက်ကို ဖရီးကစ်ကန်ခွင့်ပေးလိုက်တယ်။
ကျွန်တော်ဟာ ဖရီးကစ်ကို ကန်လေ့ကန်ထရှိခဲ့တဲ့ ကစားသမားတစ်ယောက် မဟုတ်ခဲ့ဘူး။
ဒါပေမယ့် ဒီပွဲမှာ ဒိုင်လူကြီးက ကျွန်တော့်ကိုပဲ ကန်ဖို့ အမိန့်ပေးနေသလို
ကျွန်တော်ခံစားနေရတယ်။ ကန်ရမယ့်နေရာနဲ့ တစ်ဘက်အသင်းရဲ့ဂိုးစည်းက အတော့်ကို
ဝေးနေပါသေးတယ်။ ကျွန်တော်လည်း ဘာမှ ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ အဲဒီ့ဘောလုံးကို
ကန်ပစ်လိုက်တယ်။ အဲဒီလို ကျွန်တော်ကန်လိုက်တဲ့ ဘောလုံးကိုလည်း ကျွန်တော်
ပြန်ပြီးမြင်နေရပါတယ်။ တီဗီအနှေးပြကွက်လိုပဲ၊ ဘောလုံးဟာ တစ်ဘက်ဂိုး စည်းထဲကို
ခပ်စောင်းစောင်း သွားနေရာကနေ ဂိုးသမားရဲ့ ခေါင်းပေါ်ကျော်ပြီး ဂိုးပေါက်ထဲကို
တန်းတန်းမတ်မတ် ဝင်သွားပါတော့တယ်။ 'ဂိုး'ဆိုတဲ့အသံနဲ့အတူ တစ်ကွင်းလုံးမှာရှိနေတဲ့ နှစ်ဘက်အသင်းက ပရိသတ်အားလုံး မတ်တတ်ရပ်လိုက်ကြတာကို
ကျွန်တော်မြင်နေရတယ်။ ပရိသတ်အားလုံးက ဘာလို့ ကျွန်တော့်ကို အားပေးနေတာလဲ။ တကယ်ဆို
ကျွန်တော်တို့အသင်းဘက်က ပရိသတ်တစ်ဝက်ကပဲ ကျွန်တော့်ကို ဂုဏ်ပြုရမှာ မဟုတ်လား။
ကျွန်တော့်ရဲ့
ဂိုးသွင်းမှုကို ခံလိုက်ရတဲ့ တစ်ဘက်အသင်းက အသင်းသားတွေဟာလည်း ကျွန်တော့်ဆီကို
တစ်ယောက်ချင်း တန်းစီပြီး လာနေကြတယ်။ ပြီးတော့ ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ
ပွေ့ဖက်နှုတ်ဆက်နေကြတယ်။ အံ့သြစရာအကောင်းဆုံးက တစ်ဘက်အသင်းရဲ့ ဂိုးသမားပဲ။
ကျွန်တော့်ကို မလွတ်တမ်း ပွေ့ဖက်ထားရင်းနဲ့ ကျွန်တော့်ကို တိုးတိုးလေးကပ်ပြီး
ပြောသွားတယ်။ ဘဝတစ်ခုလုံးနဲ့ ရင်းပြီးသွင်းလိုက်တဲ့ ဒီဂိုးကို သူဘယ်တော့မှ
မမေ့ပါဘူးတဲ့။ ဒိုင်လူကြီးကလည်း ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်။ ကျွန်တော်
ဂိုးသွင်းလိုက်နိုင်တာကို သူလည်း ကျေနပ်နှစ်သိမ့်နေပုံပဲ။
□
၆။
ကျွန်တော် ကျေနပ်ပါတယ်။
ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ကစားခွင့်ရခဲ့တဲ့ ဒုတိယပိုင်း ပွဲစဉ်အနေနဲ့ရော၊
အကောင်းဆုံးနဲ့ အသန့်စင်ဆုံး ယှဉ်ပြိုင်ကစားပြီး ကျွန်တော် ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့တာရော၊
ကျွန်တော့်အပေါ် စာနာနားလည်ပေးကြတဲ့ နှစ်ဘက်အသင်းက ကစားသမားတွေ ကိုရော၊ နောက်ဆုံး
ကျွန်တော့် ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော့်ကို သနားညှာတာပြီး
ကြင်ကြင်နာနာနဲ့ ပါဝင်ကစားခွင့်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကိုရော
ကျွန်တော့်ဘဝရဲ့ ဒုတိယပိုင်း မှတ်တမ်းမှာ ဘယ်တော့မှ မေ့ဖျောက်ပစ်လို့
ရမှာမဟုတ်တော့ပါဘူး။
ညီမင်းညို
(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော