ရွှေအသစ်

နွေတစ်နေ့

နေဒီယံ ၊ကျောက်ပန်းတောင်း၊

01 August 2026
နွေတစ်နေ့
Share to

            ၁။

            တပေါင်းနေသည် ကျောကော့အောင် ပူလျက်ရှိ၏။ အပူရှိန်ကြောင့် မြေပြင်မှ တံလျှပ်ရောင်တန်းများကိုပင် တငွေ့ငွေ့ မြင်နေရသည်။ တစ်ချက်တစ်ချက် ဝေ့ဝိုက်လာသော လေပူသည် အိမ်ရှေ့မှာ မယ်ဇလီရွက်ကြွေများကို တရှဲရှဲမြည်အောင် ပွတ်တိုက်လျက် ရှိသည်။ စက္ကူ စုတ်များနှင့် ကြွပ်ကြပ်အိတ် ရောင်စုံများမှာ လေထဲမှာ တောင်မြောက် လွင့်ပါးလျက်။ ဝက်ကျွေးရန် ဆန်ဆေးရေနှင့် နှမ်းဖတ်ပုပ်ရော ဖျော်နေသော မဆယ်တန်သည် အလိုလိုနေရင်း ဒေါသထွက်လျက် ရှိသည်။ တစ်ချက်တစ်ချက်လည်း ကွပ်ပျစ်ပေါ် ဝမ်းလျားထိုးကာ တခေါခေါ ဟောက်နေသော ကိုတောကျော်ကို ကြည့်ကာ မျက်စောင်းထိုးလျက် ရှိသည်။ ညိုမဲပြောင် တင်းနေသော ကိုတောကျော် နောက်ကျောမှ ချွေးစီးကြောင်းများက ကျောရိုး တစ်လျှောက် စီးဆင်းလျက် ရှိ၏။

            'ကိုတောကျော်... ကိုတောကျော်'

            မဆယ်တန်သည် ပြေကျလာသော ထဘီကို ချိုင်းကြားမှာ ညှပ်ရင်း ကိုတောကျော်ကို ခေါ်သည်။ ကိုတောကျော်မှာ မဆယ်တန် ခေါ်သံကို မကြား။ သစ်တုံးကြီး တင်ထားသလို မလှုပ်မယှက် လဲလျောင်းလျှက်သား။ ကြာတော့ မဆယ်တန် သည်းမခံနိုင်ပြီ။ မွှေလက်စ ဝက်စာအိုးကို ချကာ လက်ကောက်ဝတ်အထိ ပေနေသော နှမ်းဖတ်တွေကို တဖြန်းဖြန်း ခါချသည်။ ပြေကျနေသော ထဘီကို ရင်လျားကာ ကိုတောကျော်အနားသို့ လျှောက်လာသည်။

            'ကိုတောကျော်... အို ကိုတောကျော်... သေများသေပလား'

            မဆယ်တန်၏ ကျယ်လောင်သော အော်သံကြောင့် ကိုတောကျော်၏ ဟောက်သံမှာ တိခနဲ ရပ်သွား၏။ ပါးစောင်သို့ စီးကျနေသော သွားရည်များကို လက်ခုံဖြင့် ပွတ်ကာ ထထိုင်သည်။

            'တကတည်းတော်... အိပ်နေလိုက်တာများ'

            ကိုတောကျော်သည် ဘာမှန်းမသိ အော်ဟစ်နေသော သူ့မိန်းမကို မျက်ထောင့်နီဖြင့် မော့ကြည့်သည်။ သူ့မျက်လုံးများက အိပ်ရေးမဝသေးဘဲ ဝေသီမှုန်မှိုင်းနေ၏။ ဝါးတားတား သူ့ အမြင်တွေကြားမှာ မဆယ်တန်သည် အရုပ်ဆိုးလွန်းလှ၏။

            'ဘာလဲကွာ... အိပ်ကောင်းတုန်းကို...'

            သွားရည်တွေ အကွက်လိုက် စွန်းထင်းနေသော ခေါင်းအုံးညိုညစ်ညစ်ကို ကွပ်ပျစ်အစွန်သို့ တွန်းပို့ရင်း ကိုတောကျော်က မာန်သည်။

            'သြော်... တော်က သေလို့ကောင်းနေ၊ နေကို မော့ကြည့်ဦး'

            'ဟယ်... ဒီမိန်းမ ရိုင်းဆို...'

            ကိုတောကျော်သည် ဒေါသဖြင့် မဆယ်တန်ကို ခြေဖြင့် လှမ်းခတ်သည်။ မဆယ်တန်က ကိုယ်ကို ရို့ကာ ရှောင်၍ မထိပေ။

            'အဲလိုပဲ... အဲလိုပဲ... သူ့များ နှိုးလိုက်ရင် ဒီတိုင်းချည့်။ ညနေ ထမင်းချက်လို့ ရေမရှိရင် တော်ချက်'

            မဆယ်တန်သည် ဗျစ်တောက် ဗျစ်တောက် မြည်ရင်း ဝက်စာအိုးနား ပြန်သွားမှ ကိုတောကျော် နေကို မော့ကြည့်သည်။ နေမြင့်လှပါပကော။ အိပ်ကောင်းကောင်းနှင့် အိပ်လိုက်တာ အချိန် ဘယ်လို ကုန်သွားမှန်းမသိ။ အခုချိန်ဆို စက်ရေတွင်းမှာ လူစည်နေလောက်ပြီ။ ကိုတောကျော်သည် သက်ပြင်းကို ဟူးခနဲ မှုတ်ကာ ခြေရင်းမှ ပုဆိုးတစ်ထည်ကို ပခုံးပေါ် တင်၍ အိမ်ထဲမှ ထွက်သည်။ နေရောင်သည် စူးခနဲ သူ့မျက်နှာပေါ် ရောက်လာ၍ ကိုယ်ခန္ဓာက မိုက်ခနဲ တစ်ချက် ယိုင်သွားသည်။

            'ဆယ်တန်ရေ... ငါ့ ဖိနပ်ကောဟ'

            သဲပြင်သည် ကြွပ်နေအောင် ပူလှ၏။ ထူထဲကြမ်းတမ်းသော သူ့ခြေအစုံသည် သဲအပူဒဏ်ကို မခံနိုင်။ ဆတ်ခနဲ ခြေကြွကာ အိမ်အရိပ်ကို ပြန်ဝင်ရသည်။

            'စောနတော့ တော့်သား ကားလုပ်မောင်းနေတာပဲ။ တော့်ဟာတော် ရှာသွား'

            'ဟာကွာ'

            ကိုတောကျော်သည် ဆဲမလို လုပ်ပြီးမှ ပါးစပ်ပိတ်ကာ အိမ်ခေါင်းရင်း သရက်ပင်ရိပ်ဆီသို့ ပြေးသည်။ နို့ဆီ ပုံးစုတ်၊ တောင်းစုတ်များကြားမှ သူ့ဖိနပ်ကို အတော် ရှာယူရသည်။ နဂိုက အဖြူရောင် သူ့ဖော့ဖိနပ်လေးမှာ အခုတော့ ဘာရောင်မှန်း ခွဲခြားမရတော့ပါ။ ဖိကြိတ်ရ ဖန်များလွန်း၍ ဖနောင့်နေရာမှ ခွက်၍ ပေါက်ပြဲနေပြီ။ သဲကြိုးရင်း နေရာတွေကလည်း ပြတ်ထွက်ကုန်၍ ပြန်ချုပ်ထားရသည်။ ဤဖိနပ်ကို သူပဲ ဝယ်ခဲ့သလား၊ မဆယ်တန်ပဲ ဝယ်ခဲ့သလားဆိုတာ သူ မမှတ်မိတော့။ အတော်တော့ ကြာခဲ့ပါပြီ။ ဖိနပ်က လူမြင်မတော်မှန်း သိပေမယ့် ဝမ်းစာတောင် အနိုင်နိုင် ရှာစားနေရသော ဘဝမှာ ဖိနပ် အသစ်ဝယ်ဖို့ဆိုတာ မစဉ်းစားနိုင်သေး။

            'ကိုတောကျော်ရေ... လာဦးတော့၊ ဝက်မ လည်ပင်းက လောက်ကျနေတယ်'

            မဆယ်တန်သည် ဝက်လည်ပင်း သိုင်းကြိုးအောက်က ဒဏ်ရာကို အတင်းဖြဲကာ ကြည့်သည်။ ဝက်မသည် ဆတ်ခနဲ ဆတ်ခနဲ တွန့်ကာ တဂီးဂီးအော်ရင်း ရုန်းကန်လျက်ရှိသည်။ ကျဲကျဲတောက် ပူနေသော နွေနေအောက်မှာ ဝက်မနှင့် မဆယ်တန်သည် ရုန်းရင်းကန်ရင်း ဆူညံလျက် ရှိတော့သည်။

            'ဆယ်တန်ရယ်... ဖြည်းဖြည်းသက်သာလုပ်ပါ။ ညည်းမလဲ အရာရာ ဒေါသနဲ့'

            'သြော်...'

            ရွှံ့စက်နှင့် ဆေးရည်ပုတ်စက်တွေ ပေနေသော မဆယ်တန် မျက်နှာက တွန့်သွား၏။ အာကို ရွဲ့ကာ တံတွေးကို ထွီခနဲထွေးပြီးမှ ကိုတောကျော်ကို မျက်စောင်းထိုးကြည့်သည်။

            'အခုတော့ ပြောပြီပေါ့လေ။ အနာကို ငါးပိသိပ်ပါ၊ အချိုမှုန့် သိပ်ပါလို့ ပြောနေတာ ဘယ်လောက်ကြာပြီတုံး။ နေ့ရွှေ့ညရွှေ့နဲ့။ အခု လောက်ကျနေပြီ။ အဲဒီ လောက်တွေတော့ ပါးစပ်နဲ့ ကုန်းစုပ်'

            မဆယ်တန်သည် ပြောလည်းပြော တင်းနေသော ကြိုးကိုလည်း ပြေလျော့အောင် ကြိုးထုံးကို အတင်းဆွဲဖြည်ချသည်။ ကြိုးသည် ပုထစ်နေသော လည်ပင်းဂုတ်သားတွေကြားမှာ တဖြည်းဖြည်း နစ်ဝင်လျက် ရှိသည်။ ကြိုးအောက်က အသားမှာ ဟက်တက်ကွဲလျက် နီရဲပြီး လောက်တွေ ပွစိတက်လျက် ရှိသည်။

            'အားပါး... မနည်းပါလားဟ'

            ကိုတောကျော်သည် အနာကို မကြည့်ရက်သလို မျက်နှာလွှဲနေပြီးမှ ဝက်တဲတိုင်ထိပ်မှာ ကပ်ချည်ထားသော နို့ဆီပုံးအဟောင်းထဲမှ အရက်ပျံပုလင်းကို လှမ်းယူ လိုက်သည်။ မဆယ်တန်သည် အနာကို အတင်းဖြဲကာ ပေး၏။ ကိုတောကျော်က အရက်ပျံ ပုလင်းပုံးကို ဖွင့်ကာ အနာပေါ်သို့ လောင်းချ သည်။ ဝက်မသည် ဗြုန်းခနဲ ရုန်းကန်ရင်း မဆယ်တန် ရင်ညွန့်ကို ခေါင်းနှင့်ဆတ်သည်။ မဆယ်တန်သည် ဗိုင်းခနဲ ဝက်လူးအိုင်ထဲသို့ ပက်လက်လန်ကျသည်။ ကိုတောကျော်က လှမ်းဆွဲသော်လည်း မမီလိုက်တော့။ ဝက်မကို ဆဲလိုက်သော မဆယ်တန်၏ ဆဲသံက မိုးမွှန်သွားတော့ သည်။ ကိုတောကျော်သည် သူ့မိန်းမ ဖြစ်ပုံကို ကြည့်ကာ ရယ်ချင်မိသော်လည်း မရယ်ရဲပါ။ ဝက်မပေါ် ပုံကျနေသော ဒေါသက သူ့အပေါ် ပြောင်းကျမှာ ကြောက်ရသည် မဟုတ်လား။

            ဝက်မကတော့ ကိုတောကျော်တို့ ဖြစ်ပုံကို ဘာမှ သိပုံမရ။ လည်ပင်းကို ခါယမ်းရင်း စကျင်းထဲမှ အစာကို တဖျတ်ဖျတ် ငုံ့စားနေသည်။ ကိုတောကျော်က နို့အုံသားတွေကို ပွတ်သပ်ပေးသောအခါ တအင်းအင်းညည်းညူရင်း ပေါင်ကားကာ မှိန်းခံသည်။

            'ဆယ်တန်ရေ... ဝက်မ မွေးမယ့်ရက်က သိပ်မလိုတော့ဘူး ထင်တယ်'

            'အခုမှ တပေါင်းဆိုတော့ လိုပါသေးတယ်တော့။ ကဆုန်လဆန်းမှ မွေးမယ်ထင်တယ်'

            မဆယ်တန်သည် ဝက်မမွေးမည့်ရက်ကို လက်ချိုးကာ ရေတွက်၏။ အိမ်ခေါင်းရင်း မန်ကျည်းပင်ထိပ်မှ ကျီးအာသံများကို ကြားရသည်။ မြောက်လေတစ်ချက် နှော့သွားသောအခါ မန်ကျည်းရွက်များ တဖြောဖြော ကြွေကျကုန်သည်။ တံလှပ်ထနေသော အပူရှိန်အောက်ဝယ် လေအေးအေးကို အရသာခံလိုက်ရ၍ ကိုတောကျော်မှာ အပူသက်သာသလို ရှိသည်။ မဆယ်တန်မှာမူ ဝက်မမွေးမည့်ရက်ကို အစ အဆုံး ပြန်တွက်နေဟန် တူသည်။ ပါးစပ်ကလည်း ပွစိ ပွစိ။ လက်ညှိုးလက်မလည်း ထောင်လျက်သား။

            'ဟ... ဆယ်တန်ရ တွက်လို့ မပြီးသေးဘူးလား'

            'အလိုတော် ကျုပ်က အလှူမှာ ကုန်ကျမယ့်စရိတ်ကို တွက်နေတာပါ။ တော့်ဝက်မ မွေးမယ့်ရက် တွက်နေတာ မဟုတ်ပါဘူး'

            ပြောလည်း ပြော၊ ရယ်လည်း ရယ်သည်။ မဆယ်တန် ရယ်လိုက်သောအခါ မည်းနက်သော နှုတ်ခမ်းထူထူကြားမှာ သွားဝါဝါတို့က အပြူးလိုက် ပေါ်လာသည်။ ရွှံ့စက်တွေ စင်နေသော မျက်နှာမှာ နေဒဏ် လေဒဏ်ကြောင့် အဘွားအိုပုံပေါက်နေတာ ကြာခဲ့ပြီ။ အခါတိုင်း မဆယ်တန် မျက်နှာမှာ အရယ်ဆိုဝေးလို့ အပြုံးပင် တွေ့ရခဲသည်။ နေထွက်က နေဝင် အလုပ်နှင့်လက် မပြတ်သောဘဝမှာ ဘယ်အရာကိုမှ အားရသည်မရှိ။ အရာရာသည် လက်ရှိလုပ်နေသည့် စွမ်းအင်ထက် နှစ်ဆပိုလုပ် သင့်သည်ဟု ထင်သည်။ ကြာတော့ မဆယ်တန်ဘဝမှာ ငြိုငြင်စရာ၊ ဆူဆောင့်စရာ၊ မကျေနပ်စရာတွေ များလာသည်။ ဆန္ဒတွေ များလာသောအခါ သဘာဝအလှတွေ ကွယ်ပျောက်ကုန်တော့သည်။ အခုတော့ မြင်ရခဲသော မဆယ်တန် အပြုံးကို မြင်ရပြီ။ ကိုတောကျော်သည် ဆယ်နှစ်လောက် ပြန်ငယ်သွားသလို ဖြစ်ကာ သူပါ ရောယောင် ပြုံးလိုက်မိသည်။

            'တွက် တွက် အလှူ့ အစ်မ... ဘယ်ဆိုင်းငှားမလဲ ဆိုတာလည်း စဉ်းစားထား'

            မဆယ်တန်မှာ အပြုံးမပျက်။ သူ့မျက်လုံးများမှာ မျှော်လင့်ချက်ဖြင့် တလက်လက် တောက်ပနေသည်။ သူ့လက်ထဲမှာ ငွေသုံးသောင်းကျော် စုထားပြီးပြီ။ ဟော သည်ဝက်မဟာ အနည်းဆုံး လေးငါးခြောက်ကောင်တော့ မွေးမှာပဲ။ ဝက်ကလေးတွေ စားကျင်းတက်ရင် တစ်ကောင် တစ်သောင်းနှုန်းနဲ့ဆို သားလေး ငဖဲကို လှူလောက်ပြီ။

            'သမီးရယ်... ကောင်းကောင်းအိပ်၊ ကောင်းကောင်း စားနော်။ များများလည်း မွေးဦး'

            မဆယ်တန်က ဝက်မခေါင်းကို ပုတ်ကာ တီးတိုး ရေရွတ်သည်။

            'ကဲ... ဆယ်တန်ရေ၊ ငါ ရေတွန်းသွားဦးမယ်ဟ'

            ကိုတောကျော်သည် ပုဆိုးစုတ်ကို ခေါင်းပေါ်တင်ကာ လမ်းမပေါ်သို့ ထွက်ခဲ့သည်။

            ၂။

            သရက်ပင်၊ ကုက္ကိုပင်တို့ဖြင့် ဝေဆာအုံ့ဆိုင်းနေသော လမ်းကလေးသည် တိတ်ဆိတ်အေးမြလျက် ရှိ၏။ ကိုတောကျော်သည် ရေစည်လှည်းကို တွန်းလာခဲ့ရင်း လမ်းကလေး၏ အေးမြမူကို သဘောကျလျက် ရှိသည်။ လမ်းကလေး၏ တစ်ဖက် တစ်ချက်ရှိ ရှည်လျားသော အုတ်တံတိုင်းတို့ကို အုပ်မိုးထားသော သရက်ပင်တို့မှာ မျိုးကောင်း မျိုးသန့်များချည်း ဖြစ်၏။ ဟိုမှာ သည်မှာ အပြွတ်လိုက် သီးနေသော သရက်သီးတွေကို မြင်ရရုံနှင့် ကိုတောကျော်မှာ အမောပြေ လျက်ရှိသည်။

            'ရွာမှာဆို သရက်သီးတွေ မှည့်လုရော့မယ်'

            ရွာအကြောင်း စဉ်းစားမိသောအခါ သူ့ရင်မှာ ဆို့နင့်လာသည်။ သူ့မျက်လုံးတို့ ဝေသီမှုန်မှိုင်းသွားရ၏။ မျက်ရည်ဥတို့က မျက်ဝန်းအိမ်မှာ တွဲလွဲခိုလာရပြီ။ ကိုတောကျော်သည် ရေစည်လှည်းကို ဗြုန်းခနဲ ရပ်ကာ အုတ်တံတိုင်းကို ကျောမှီ၍ ထိုင်ချလိုက်သည်။

            ဟောသည် လမ်းကလေးသည် ကိုတောကျော်တို့ ရပ်ကွက်မှ စက်ရေတွင်းဆီသို့ သွားရာ တစ်ခုတည်းသော လမ်းကလေး ဖြစ်သည်။ အုံ့ဆိုင်းနေသော လမ်းကလေးကို နေ့ရောညပါ အကြိမ်ပေါင်းများစွာ သူ ဖြတ်ခဲ့ရဖူးပြီ။ တိတ်ဆိတ်သန့်ရှင်းသော လမ်းကလေးကို ဖြတ်ရတိုင်း သူ့ရင်မှာ ကြည်နူးမှုဖြင့် လှိုက်ခုန်လျက် ရှိသည်။ လမ်းတစ်ဖက်တစ်ချက်က အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်တန်းကို မြင်ရတိုင်း ကိုတောကျော်မှာ ရွာကို သတိရမိသည်။ လမ်းကလေး၏ မြေသင်းရနံ့ကို ရှူရတိုင်း တစ်ခါတုန်းက ရွာလမ်းမကို အောက်မေ့မိပါသည်။

            ခပ်ဝေးဝေးမှာ ရထား ဥသြသံကို ကြားရသည်။ ရထားသံသည် ငြိမ်သက်နေသော သူ့နှလုံးသားကို ပွတ်တိုက် ဖြတ်ပြေးသွားသလို ရှိသည်။ သူသည် မမြင်နိုင်မှန်း သိလျက်နှင့် ဘူတာရုံရှိရာသို့ ရမ်းရော်ကာ ကြည့်မိသည်။ သူ့စိတ်အလျဉ်ကား ရထားကို အမီလိုက်ကာ ပြေးလွှားလျက် ရှိတော့၏။

            ၃။

            ထိုနှစ်က ကိုတောကျော်တို့ရွာမှာ မိုးအတော် ခေါင်လေသည်။ ရွာနေကျ အချိန် မိုးမရွာသောကြောင့် နှမ်းစိုက်ချိန် မစိုက်ကြရပါ။ ကြိုကျဲထားသူများမှာလည်း မျိုးဆုံးကုန်ပြီ။ မိုးကို အားကိုး၍ လုပ်ကိုင်စားရသော ရွာက တောင်သူများမှာ ဒုက္ခ ပင်လယ် ဝေတော့သည်။ ရွာတောင်ပိုင်း မြောက်ပိုင်းခွဲ၍ လွန်ဆွဲကာ မိုးခေါင်ကျော်စွာ နတ်ကို ပသကြ၊ ငရံ့မင်း ပရိတ်ရွတ်ကြသော်လည်း ထိုနေ့တစ်နေ့သာ မိုးကလေးအုံ့၊ မိုးပြေးကလေး ရွာပြီး မိုးကား ပေါ်မလာတော့ပါ။

            ကိုတောကျော်မှာ မရွာနိုင်သော မိုးကိုသာ အော်ဆဲချင်တော့သည်။ ရှစ်ခွင်တိုင်း မှုန်မှိုင်းရယ်တဲ့ ပတ်လည် ဖြစ်နေသော်လည်း တစ်ပေါက်မှ ကျဖော်မရဘဲ ပြူးခဲနေသော မိုးကို ဒူးနဲ့သာ ပြေးဆောင့်ချင်တော့သည်။

            'ဟောသည် မိုးခိုက်လို့သာ ငါတို့ ကျပ်တည်းနေတာ' ကိုတောကျော်သည် နှုတ်မှလည်း ပွစိပွစိပြောရင်း မြေကြီးကို ဆောင့်ဆောင့် နင်းလျက်ရှိသည်။ လက်ထဲက တုတ်ကလည်း လှည်းလမ်း ခရိုးတစ်လျှောက်မှ သစ်ပင်များကို စိတ်ပေါက်ပေါက်နှင့် တဖုန်းဖုန်း ရိုက်လျက် ရှိသည်။ သူ့နောက်က လိုက်လာသော သားကြီး ငသဲမှာလည်း ဖအေလုပ်ပုံကို ကြည့်၍ နှုတ်ခမ်းစူလျက် ရှိသည်။

            'အဖေရဲ့ သာသာလုပ်ပါ။ အရွက်တွေ ကြွေကုန်ပြီ'

            ကိုတောကျော်မှာ ငသဲ စကားသံကို မကြား။ ဆူမြဲ ဆူ၊ ဆောင့်မြဲ ဆောင့်လျက် ရှိသည်။ အတော်ကြာမှ ငသဲ ဘက်လှည့်ကာ မာန်သည်။

            'နင်တို့ မိုးခေါင်ကျော်စွာနတ်ကလည်း မစွမ်းပါ့လားကွ ဟေ'

            'ဘာပြုတယ်' ငသဲကား ရုတ်တရက် နားမလည်ပါ။

            'နင်တို့ လွန်ဆွဲတာကို ပြောတာဟ။ လွန်ကြိုးလည်း ပြတ်ပြီ။ မိုးဘာလို့ မရွာတုံး'

            'ကျုပ် ဘယ်သိမလဲ အဖေရ။ တောင်ဘက်နယ်က စပါးစိုက်တဲ့ ရွာတွေမှာတော့ ပိုက်ဆံပေးမှ ရေရသတဲ့။ အဖေတို့က နတ်ကို ပိုက်ဆံ မပေးလို့ နေမှာပေါ့'

            'ဟယ်... ဒီကလေးဟာ တောက်တီးတောက်တဲ့'

            ကိုတောကျော်မှာ လက်ထဲက တုတ်ဖြင့် ငသဲကို ရိုက်မည့်ဟန် ပြင်သည်။ ငသဲမှာလည်း လမ်းယာစပ်က သရက်ပင်ဆီသို့ ထွက်ပြေးလေသည်။

            'အဖေရေ လာဗျာ၊ ကျုပ်ပြောတာ မယုံရင် လာကြည့်'

            ကိုတောကျော်သည် ငသဲ လက်ညှိုးထိုးပြရာသို့ မော့ကြည့်သည်။ ထူထဲသော သရက်ရွက်ကြားမှ ပျားတွေ တစ်ကောင်စ နှစ်ကောင်စ ပျံနေတာ မြင်ရသော်လည်း ပျားအုံကို မမြင်ရပါ။

            'မင်းဟာက ဟုတ်မှလည်း လုပ်ပါကွာ'

            'ဟုတ်ပါတယ်ဆို အဖေရာ။ မယုံရင် တက်ကြည့်ပါဗျ'

            ငသဲမှာ ပျားဖွတ်ချင်ဇောဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ ကိုတောကျော်မှာ ငသဲစကားကို ယုံရမလို မယုံရမလို ဖြစ်ကာ တွေဝေလျက်ရှိသည်။ အလုပ်က မရှိ၊ ဝင်ငွေက မရှိ အိမ်ထဲငုတ်တုတ် ထိုင်နေရာမှ သားဖြစ်သူ ငသဲက ပျားအုံတွေ့ထားသည် ပြော၍ ပျားဖွတ်ရအောင် လိုက်လာခဲ့ခြင်းပါ။ ပျားရည် ရောင်းရသော် ဟင်းဖိုးတော့ ရလိမ့်မည်။

            'ကဲ... အဖေတက်မယ်'

            'အာ... ကျုပ်တက်မယ်'

            'မင်း မတက်နိုင်ဘူးကွ။ အဖေပဲ တက်မယ်'

            'ရပါတယ် အဖေရ။ ကျုပ်ကို ဆေးလိပ်နဲ့ မီးခြစ်သာပေး'

            ကိုတောကျော်မှာ ပြောမရသော သားကို ပြောမနေတော့ဘဲ ခါးကြားမှ ဆေးလိပ်နှင့် မီးခြစ်ကို ပေးကာ အနောက်ဘက် ချောင်းစပ်က ဂုံပင်တွေဆီ ဂုံညွန့်ခူးရအောင် ထွက်လာခဲ့သည်။

            သို့သော် ထိုနေ့က ကံကြမ္မာသည် ကိုတောကျော်ကို မျက်နှာသာ မပေးခဲ့ပါ။ တစ်လောကလုံး ကံဆိုးသမျှ သူ့ခေါင်းပေါ် ပုံကျခဲ့လေသလား။ ဗုဒ္ဓဘာသာဝင်မို့ ဝဋ်ကြွေးရှိသမျှ ပေးဆပ်ရသည်ဆိုတာ လက်ခံရပေမယ့် အဖြစ်အပျက်တို့က သွေးပျက်ဖွယ် ကောင်းလှသည်။ အသက်ရှင်သမျှ ကာလပတ်လုံး နောင်တဖြင့် ပူပန်စေရော့ဟု လောကသည် သူ့အပေါ်မှာ အငြှိုး ထားလေသလားလို့ သူ ထင်ခဲ့လေသည်။

            တောကျော်ရေဟု စူးစူးဝါးဝါး အော်လိုက်သော ထန်းသမား ကိုပေသီးအသံကြောင့် ကိုတောကျော်မှာ ခူးလက်စ ဂုံညွန့်တွေကို ပစ်ထားခဲ့ကာ အသံလာရာဆီသို့ ပြေးလာမိသည်။ သရက်ပင် ခြေရင်းမှာ လူလေးငါးယောက် ဝိုင်းအုံနေသည်မို့ တစ်ခုခုတော့ ဖြစ်ပြီဟု သူ သိလိုက်သည်။ ငသဲများ ပျားအုံဖွပ်ရင်း ရန်ဖြစ်လေ ရော့သလား။ အားလုံးက သူ့ကို ကြည့်သော အကြည့်များတွင် အရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ သူ့နှလုံးသည် ဗြုန်းခနဲ အပြင်သို့ ခုန်ထွက်လာသယောင် ထင်သည်။ ဘုရား...ဘုရား... ငသဲရေ...။ သူသည် လူအုပ်ကို တွန်းဖယ်ကာ သရက်ပင် ခြေရင်းသို့ ကြည့်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာလောကသည် မှောင်ကျသွား၏။ 'တောကျော်... သတိထားလေ တောကျော်' ဟူသော အသံများမှာ သူ့နားထဲတွင် ဝီခေါ်၍ လျှံကျသွားသည်။

            'သားရေ... ငသဲ လူလေး'

            ဤအသံသည် သူ့ဘဝမှာ အချိုသာဆုံး အသံဖြစ်၏။ သို့သော် ငသဲမှာ မကြားနိုင်တော့ပါ။

            'သစ်ကိုင်းက ဆတ်လို့ ကျိုးကျတာနေမှာ'

            'ရှားငုပ်ပေါ် တည့်တည့်ကျတော့ ကံဆိုးတာပေါ့ကွာ'

            'ကဲ...ကဲ လုပ်ကြပါဦးဟ။ ရွာကို တစ်ယောက် သွားအကြောင်းကြားကြဟေ့။ လှည်းလည်း စီစဉ်ခဲ့'

            တစ်ယောက် တစ်ပေါက် ဆူညံနေသော်လည်း သူတို့နှင့် ကိုတောကျော်မှာ ကမ္ဘာခြားနေသလို ထင်ရသည်။ သူ့အာရုံမှာ ဘာမျှ မရှိ။ သူသည် ငသဲအနားတွင် ဒူးထောက်ထိုင်ရင်း သူ့ဘက်ကို ပြူးကြည့်နေသော မျက်လုံးအစုံကို လက်ဖြင့် ညင်သာစွာ ပိတ်ပေးလိုက်သည်။

            'သားလေး... သားလေးရယ်'

            ထိုခဏ၌ အရာရာသည် ကြောက်မက်ဖွယ် ကောင်းအောင် တိတ်ဆိတ်သွား၏။ အဝေးဆီမှာ ကျီးအော်သံများကို ကြားရလေသည်။

            ၄။

            အလန့်တကြား ပျံပြေးသွားသော ကျီးတစ်အုပ်ကြောင့် ကိုတောကျော်မှာ အတိတ်မှ လန့်နိုးလာသည်။ ရေစည်လှည်း အစို့မှ စိမ့်အိုင်ကျလာသော ရေတွေက သူ့ခြေရင်းကိုပင် ရောက်လုပြီ။ အဝေးဆီမှာ ဆူညံသော လူသံများကို ကြားနေရ၏။ ရှေ့လမ်းထိပ်ဆိုတော့ ပေတစ်ရာ လမ်းပေါ်မှာပဲနော်။ ဘာများ ဖြစ်ကြပါလိမ့်။ သူသည် သိချင်စိတ်ကို ချိုးနှိမ်မရ၍ ရေစည်လှည်းကို တဂျိုင်းဂျိုင်း မြည်အောင်ပင် အမြန်တွန်းလာခဲ့သည်။

            လမ်းမပေါ်တွင် လူတွေ ရှုပ်ထွေးလှ၏။ သူသည် လူအုပ်၏ ခပ်လှမ်းလှမ်း တမာပင်ရိပ်မှာ ရေစည်လှည်းကို ရပ်ခဲ့ကာ လူအုပ်ကြားသို့ တိုးဝင်ခဲ့သည်။

            'ဘာဖြစ်တာလဲဟင်' အနီးရှိ လူတစ်ယောက်ကို သူ မေးမိသည်။

            'ကားတိုက်တာလေ။ ကလေးက သေမလား၊ ရှင်မလား မသိဘူး'

            ထိုသူက ပေတစ်ရာ လမ်းမပေါ်ရှိ သွေးကွက်တွေကို လက်ညှိုးထိုးကာ ပြောသည်။ မော်တော်ပီကယ်များနှင့် ရဲများ၏အလယ်က သွေးကွက်မှာ အတော်ကြီးမား၏။ ကိုတောကျော်သည် သွေးကွက်ကို မြင်ရုံမျှနှင့် ခေါင်းတရိပ်ရိပ် မူးလာသည်။

            'ဟေ့ကောင် တောကျော်၊ ကားတိုက်ခံရတာ ငဖဲ ဆို'

            'ဘာ...'

            အနောက်ဘက်အိမ်က ကိုမြင့်မောင်။ သူ့တစ်ကိုယ်လုံးမှာ ထုံးမှုန့်တွေ၊ ဘိလပ်မြေမှုန့်တွေဖြင့် ဖွေးဖွေးဖြူနေသည်။

            'ငါ...ငါလည်း ပန်းရံလုပ်ရင်းက ထလာတာ'

            'မဟုတ်ဘူး၊ မဟုတ်ဘူး'

            ကိုတောကျော်သည် ကြောင်တောင်တောင် ဖြစ်နေ၏။ ပြီးမှ ရုတ်တရက် ကိုမြမောင်ကို တွန်းပစ်သည်။ ကိုမြမောင်သည် ပေတစ်ရာလမ်းပေါ်သို့ ဖင်ထိုင်လျက် ကျသွားသည်။ လူအုပ်သည် ဘေးသို့ ရှဲသွား၏။

            'မဟုတ်ဘူး၊ ငါ့သား မဟုတ်ဘူး ငဖဲရေ'

            'ဟာ... နေဦးလေ တောကျော်၊ ဟေ့ကောင် တောကျော်'

            ကိုတောကျော်သည် လေ၏လျင်မြန်ခြင်းမျိုးဖြင့် လမ်းမကို ဖြတ်ကူးသည်။ အရာရာသည် သူ့နောက်မှာ ရိပ်ခနဲ ရိပ်ခနဲ ကျန်နေခဲ့၏။ သူ့ရင်တစ်ခုလုံး ပွင့်ထွက်မတတ် ခံစားနေရသည်။ သောကသည် သူ့ငယ်ထိပ်ကို တဒိတ်ဒိတ် တိုးခွေ့လျက်ရှိသည်။

            'သားရေ ငဖဲ'

            မဆယ်တန်သည် အိမ်ဝိုင်းထဲသို့ ဝုန်ဒိုင်းကျဲဝင်ရောက်လာသော ကိုတောကျော် အော်သံကြောင့် မွှေလက်စ ဟင်းအိုးကို ချထားကာ မီးဖိုဆောင် အပြင်ဘက်သို့ ထွက်ကြည့်သည်။ ကိုတောကျော်သည် ပထမ အိမ်ခေါင်းရင်းကို ပြေးကြည့်သည်။ ထို့နောက် အိမ်ကိုပတ်၍ ကြည့်သည်။ နှုတ်မှလည်း တစ်စုံတစ်ရာကို ပွစိ ပွစိ ရေရွတ်လျက် ရှိသည်။ မဆယ်တန်မှာ ကိုတောကျော်ကို ကြည့်၍ သူပါ ရောယောင် အံ့သြလျက် ရှိ၏။

            'ကိုတောကျော်... တော် ဘာရှာနေတာတုံး'

            'သားငဖဲလေ... ငဖဲ'

            ကိုတော်ကျော်၏ အသံမှာ တုန်ယင်နေ၏။ ခန္ဓာကိုယ်မှာလည်း ဆောက်တည်ရာမဲ့စွာ ယိမ်းယိုင်လျက် ရှိသည်။ သူ့ရင်အုံသည် ဖားဖိုတစ်ခုပမာ မို့လိုက် မောက်လိုက် ရှိနေ၏။

            'ငဖဲ ဘာပြုတုံး၊ ဟော ဟိုနောက်မှာ အီးပါနေတယ်'

            ငဖဲသည် ရင်ဘတ်အထိ ပင့်တင်ထားသော အင်္ကျီစကို ဆွဲချကာ မီးဖိုဆောင် နောက်မှ ထွက်လာသည်။

            'အံမယ်လေး... ငဖဲရဲ့၊ သားလေးရဲ့'

            ကိုတောကျာ်သည် ရုတ်တရက် ငိုချကာ ငဖဲကို ပြေးပွေ့၍ နမ်းသည်။ ကလေး၏ တစ်ကိုယ်လုံးကိုလည်း လေထဲသို့ ဝှေ့ရမ်းသည်။ တင်ပါးကို တဘုန်းဘုန်းပုတ်၍ ကလေး၏ ရွှေပန်းကိုလည်း တရှူးရှူး နမ်းလေသည်။

            'ငါ့သားလေး... ငါ့ သားလေး အံမယ်လေး... ဖေ့ချစ်တုံးကြီးရဲ့'

            ငဖဲကား သဘောကျလွန်း၍ တခွီးခွီး ရယ်မောနေလေသည်။ မဆယ်တန်မှာ ယနေ့မှ ထူးထူးဆန်းဆန်း အူမြူးနေသော ကိုတောကျော်ကို ကြည့်ကာ စုန်းကိုက်ခံရသလား၊ နတ်ပူးခံရ သလားဟု စဉ်းစားနေလေသည်။

▀

နေဒီယံ ၊ကျောက်ပန်းတောင်း၊

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အလွဲများစွာရဲ့ဆုံမှတ်
စွမ်းရယော်ဓာ

ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး

ရွှေအသစ်
...
တတိယလူကိုမှန်သောမြား
ညီငယ်လေး

လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့

ရွှေအသစ်
...
မြစ်တစ်စင်နဲ့ ချစ်ခြင်းမေတ္တာ
ကိုကောင်းသော်၊ကျောက်ဆည်၊

ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော