ရွှေဝတ္ထု

အာရုံ

အာယု

01 August 2026
အာရုံ
Share to

             အာရုံဟူသော စကားကို ဆင့်ပွားထားသည်များ ရှိပါသည်။ အမြင်အာရုံ၊ အကြားအာရုံ၊ အစားအာရုံ အဲ... ချို၊ ချဉ်၊ ငံ၊ စပ်၊ ခါး အာရုံ၊ အတွေ့အထိအာရုံ စသဖြင့် ခွဲခြားထားသည့်ကြားထဲမှ စိတ်သည်လည်း အာရုံတစ်ခုဟု ကျွန်တော် ထင်မှတ်မိပါသည်။

            ထို့ကြောင့်လည်း အာရုံ နောက်တယ်၊ အာရုံမရဘူး၊ အာရုံပျက်တယ်၊ အာရုံစားတယ်ဟု ယနေ့ခေတ် ပြောနေကြသော စကားများထဲတွင် ကြိုကြား ကြိုကြား နားအာရုံ အကြားအာရုံ၌ ကြားနေရခြင်း ဖြစ်ပါလိမ့်မည်။

            ထားပါတော့။ ထိုအာရုံတွေကိစ္စ။ ကျွန်တော် တင်ပြချင်သည်မှာ သူငယ်ချင်းနှစ်ယောက်၏ စိတ်ခံစားမှု အာရုံများသာ ဖြစ်ပါ၏။

□

            ရာသီဥတု သာယာသလိုလို မသာယာသလိုလို နေ့တစ်နေ့၌ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာ၊ ဒါရိုက်တာဟု သတ်မှတ်ထားသော လူတစ်ယောက်သည် ပန်းဆိုးတန်းလမ်းအတိုင်း တောင်မှမြောက်သို့ လျှောက်လာရာမှ အနော်ရထာလမ်းသို့အရောက်တွင် အရှေ့ဘက်မှ လာသောကားများ ရှင်းမရှင်းကြည့်ပြီး မျဉ်းဝါကြားအတွင်းမှ တစ်ဘက် ပလက်ဖောင်းသို့ ဖြတ်ပြေးလေတော့သည်။ မျဉ်းဝါကြားအတွင်း၌သော်လည်းကောင်း၊ မျဉ်းကြားပေါ်၌သော်လည်းကောင်း၊ မော်တော်ယာဉ်များ ရပ်တန့်ပေးခြင်းသည်သော်လည်းကောင်း၊ အရှိန်လျှော့ပေးခြင်းသည် သော်လည်းကောင်း မသေချာသောကြောင့် ဖြစ်ပါသည်။ ၎င်းနောက် သူသည် အနော်ရထာလမ်းအတိုင်း အနောက်ဘက်သို့ လျှောက်လာပြီး မြန်မာဟောလိဝုဒ်ဟု ကိုယ့်ဘာသာကိုယ် အမည်ပေး ကင်ပွန်းတပ်ထားသော ၃၅ လမ်း အပေါ်ဘလောက်သို့ ချိုးဝင်သွားလေတော့သည်။

□

            လက်ယာဘက်ကို ကြည့်သော် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး၊ လက်ဝဲဘက်သို့ ကြည့်သော် ရုပ်ရှင် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး၊ လက်ယာဘက် အပေါ်ထပ်များသည်လည်းကောင်း၊ လက်ဝဲဘက် အပေါ်ထပ်များသည် သော်လည်းကောင်း၊ ထိုဆိုင်းဘုတ်များ ဗီဒီယို၊ ရုပ်ရှင်ကြော်ငြာ ပိုစတာများကိုသာ တွေ့နေရ၏။ ဤသည်ကို ကြည့်၍ လျှောက်လာသူကား တေးရေးဆရာ၊ ကြိုကြားကြိုကြား ဆောင်းပါးရေးဆရာ၊ တက္ကစီဟုခေါ်သော အငှားကားမောင်း ဆရာတစ်ဦး ဖြစ်လေသည်။ သူသည် ဟိုငေးသည်ငေးနှင့် ၃၅ လမ်း၏ မြောက်မှတောင်သို့ လျှောက်လာရာမှ လူတစ်ယောက်နှင့် ခေါင်းချင်းဆိုင် အဲလေ... မျက်နှာချင်းဆိုင် တိုက်မိလေတော့သည်။ သူ၏ အာရုံထဲ၌ ဟာ... မီးလုံးတွေ ကွဲသွားပြီလား၊ ရှေ့ရှဲလ်တွေ ကျိုးကုန်ပြီလားဟု တွေးမိသေး၏။ နောက်တော့ သူသည် ကားမောင်းလာခြင်း မဟုတ်ဘဲ လမ်းလျှောက်လာခြင်းပါလားဟု သတိရသွားလေသည်။ ထို့ကြောင့် ထိုနေရာမှ ဆက်လျှောက်ရန် ပြင်ဆင်လိုက်၏။ သို့သော် ရှေ့မှ လူက လမ်းလိုက်ပိတ်နေခြင်းကြောင့် ရုတ်တရက် မော့ကြည့်လိုက်သည်။ (အရပ်ပုနေသောကြောင့် မော့ကြည့်ရခြင်း ဖြစ်ပါသည်) နှုတ်ဖျား မှလည်း လွှတ်ခနဲ အသံထွက်သွား၏။

            'ဟာ... ပေါ်တာ' (ဒါရိုက်တာ ဆိုသူ၏ ငယ်နာမည်)

            'ဘယ်ရမလဲ ကိုအောင်ထူးရယ်။ ခုကော ဘယ်က ဘယ်လိုပွေးပြီး ပြန်လာတာလဲ'

            'ဘာရယ် မဟုတ်ပါဘူးကွ။ မင်းတို့မိသားစု ဓာတ်ပုံလေးတွေ၊ ငါတို့ မိသားစုဓာတ်ပုံလေးတွေ၊ သူငယ်ချင်း ပုံရောပေါ့ကွာ အဲဒါလေးတွေ ပလတ်စတစ်လောင်းပြီး ပြန်လာတာ'

            'ဒီနေ့ ကားမဆွဲဘူးလား'

            'အေး... လူနည်းနည်းပါးလို့ကွာ။ စိတ်ထဲရှိတာလေးတွေ လျှောက်လုပ်နေတာ'

            စာရေးဆရာ၊ ဒါရိုက်တာ ဖြစ်သူက တစ်ခုခုကို စဉ်းစားတွေးခေါ်ဟန် ပြုလိုက်၏။ ပြီးမှ...

            'စိတ်ထဲ ရှိတာတွေချည်း လျှောက်လုပ်နေလို့ မဖြစ်ဘူး ကိုယ့်လူ။ တစ်ခါတလေ စိတ်ထဲမရှိတာလေးလည်း လုပ်ဦးမှ အာရုံရှင်းမှာ'

            'မင်းကတော့ တွေ့လိုက်တာနဲ့ အာရုံနောက်အောင် လုပ်လိုက်ပြန်ပြီ'

            'မဟုတ်ပါဘူးဗျာ။ ဖတ်ဖူးမှတ်ဖူးတာလေး တစ်ခုကို သွားသတိရလို့ပါ။ လုပ်ချင်တာ လုပ်ခွင့်မရခင်မှာ လုပ်နေရတဲ့ အလုပ်ကို လုပ်ချင်စိတ် မွေးပါတဲ့'

            'အင်း... အဲဒီစကားလေး မဆိုးဘူးကွ။ ဒါပေမယ့်ကွာ၊ မင်းကတော့ လုပ်ချင်တာ လုပ်ခွင့်ရနေတဲ့သူ ဆိုတော့ ပြောအားရှိမှာပေါ့'

            'လုပ်ချင်တာနဲ့ လုပ်တတ်တာကလည်း ဒါပဲ ရှိတာကိုး။ တခြားလုပ်တတ်တာရှိရင် ကျွန်တော်လည်း ခင်ဗျားလို ဖြစ်ချင်ဖြစ်နေမှာဗျ'

            ဤသို့နှင့် စကား တပြောပြောဖြင့် လျှောက်လာကြရာ ၃၅ လမ်း မြောက်ဘက်စွန်းသို့တိုင် ရောက်လု ရောက်ခင် ဖြစ်လာ၏။ 'ဆိုင် တစ်ဆိုင်ဆိုင် သွားရအောင်ကွာ' သို့မဟုတ်' လက်ဖက်ရည်ဆိုင် ထိုင်ရအောင်ကွာ' ဟု မည်သူမျှ စကားမစမိကြ။ တစ်ယောက်နှင့် တစ်ယောက် အကဲခတ်ရင်း လမ်းလျှောက်ရင်း ဗိုလ်ချုပ်လမ်းထိပ်သို့ ရောက်လာ၏။ ဗိုလ်ချုပ်လမ်းထိပ်သို့ အရောက်တွင် တစ်ယောက်နှင့် တစ်ယောက် တိုင်ပင်စရာမလိုဘဲ ၃၅ လမ်း၏ တောင်ဘက်ဆီသို့ ပြန်လှည့်လိုက် မိသည်။ ပြီးတော့ ဆက်လျှောက်လာပြန်၏။

            ၃၅ လမ်းထဲတွင် အလည်ဆိုင်ဟု ကိုယ့်ဘာသာ ကိုယ်သတ်မှတ်ထားကြသော လမ်းဘေးလက်ဖက်ရည်ဆိုင် အရောက်တွင် ဇာတ်ညွှန်းဆရာတစ်ဦးကို ထပ်တွေ့လိုက်ရ၏။ ဒါရိုက်တာ ဆိုသူက ထိုဝိုင်းတွင် ဝင်ထိုင်၍ တစ်ပွဲလှမ်းမှာသည်။ ဇာတ်ညွှန်းဆရာဝိုင်းကို အကဲခတ်လိုက်တော့ လူသုံးယောက် ထိုင်နေသောဝိုင်းတွင် လက်ဖက်ရည်တစ်ခွက်နှင့် ရေနွေးအိုး၊ အကြမ်းပန်းကန်လုံးအချို့ကို တွေ့ရ၏။ ဇာတ်ညွှန်းဆရာနှင့် စကားအနည်းငယ်မျှ ပြောပြီး ဝိုင်းက တိတ်ဆိတ်သွားပြန်သည်။ ကိုယ့်အာရုံနှင့်ကိုယ် ဖြစ်သွားကြ၏။

ဒါရိုက်တာ။ ။ အင်း... အရင်ကဆို ဆိုင်ရောက်တာနဲ့ လက်ဖက်ရည် ဘာညာမှာနေကျပါ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။

တက္ကစီ။ ။ ပိုက်ဆံကလည်း ဒီနေ့မှ ပြတ်သွားတယ်။ အရင်ကဆို ဒီကောင်ကြီးကို လက်ဖက်ရည်ဆို လက်ဖက်ရည်၊ အရက်ဆို အရက် ပြုစုနေကျပါ။ ဒီကောင့်စိတ်ထဲ ဘယ်လိုများ ထင်မလဲ မသိဘူး။

ဇာတ်ညွှန်း။ ။ ဒီကောင်တွေကွာ လက်ဖက်ရည်လေးတောင် မမှာဘူး။ နှစ်ယောက်ပေါင်းပြီး တစ်ပွဲတဲ့။ လက်ဖက်ရည်မှာရင် ဟိုနား ဒီနားဆိုပြီး ထလစ်၊ သူတို့ ဝိုင်းနဲ့ ရောကြိတ်လိုက်ရရင် ကောင်းသား။

            ဒါရိုက်တာ ဆိုသူက ရောက်လာသော တစ်ပွဲထဲမှ တစ်လိပ်ကို ယူ၍ ဟန်ပါပါ ခဲပြီး မီးညှိလိုက်သည်။

တက္ကစီ။ ။ 'မင်း ဒီကပြီးရင် ဘယ်သွားစရာ ရှိသေးလဲ'

ဒါရိုက်တာ။ ။ 'မရှိတော့ဘူးဗျ။ အိမ်ပြန်ရုံပဲ။ မြို့ထဲ မရောက်တာကြာလို့ ထွက်လာတာ'

တက္ကစီ။ ။ 'ဒါဆို အပြန် ငါလိုက်ပို့မယ်လေ'

ဒါရိုက်တာ။ ။ ' နေပါစေဗျာ။ တကူးတကန့်ကြီး ပို့ရမှာ။ ဓာတ်ဆီက လွယ်တာ မဟုတ်ဘူး'

ဇာတ်ညွှန်း။ ။ 'လွယ်ပါတယ်ကွာ။ ဆိုင်မှာထည့်လိုက်ပေါ့'

            ဒါရိုက်တာနှင့် တက္ကစီက ဇာတ်ညွှန်းကို ပြိုင်တူလှမ်းကြည့်ပြီး စိတ်မပါစွာ ရယ်လိုက်ကြသည်။ ထို့နောက် ဒါရိုက်တာက တစ်ပွဲဖိုး ငွေတစ်ရာရှင်းပြီး တက္ကစီဆရာမောင်းသော တက္ကစီကို စီးပြီး ပြန်ခဲ့ကြသည်။

တက္ကစီ။ ။ 'မင်းအိမ်မှာ ဘာဟင်းချက်လဲ။ ငါ ထမင်းစားမှာနော်'

ဒါရိုက်တာ။ ။ 'ဒါများဗျာ၊ အဆန်းလုပ်ပြီး ပြောနေသေးတယ်။ ဘာဟင်းချက်ချက် စားလို့ဖြစ်တယ် မဟုတ်လား'

တက္ကစီ။ ။ 'ဖြစ်တာပေါ့ကွ။ မင်းနဲ့ ငါနဲ့ ငယ်ပေါင်းတွေပဲ ဥစ္စာ။ နေစမ်းပါဦး၊ မင်းက ဘာလို့ အဲဒီလိုမေးရတာလဲ'

ဒါရိုက်တာ။ ။ 'ဟိုတုန်းက ဘယ်လိုပဲ စားခဲ့စားခဲ့လေ။ ခု ခင်ဗျားက ကားမောင်းနေတာ မဟုတ်လား။ တချို့က အသားရှောင်ကြတယ်မို့လား။ ဥပမာ- စက်ပစ္စည်းကိုင် တွယ်နေတဲ့အတွက် ဝက်သားတို့ ဘာတို့ပေါ့'

တက္ကစီ။ ။ 'မဆိုင်ပါဘူးကွာ'

            မြို့ထဲမှ ထွက်လာခဲ့ကြပြီး ကန်တော်ကြီးပတ်လမ်းသို့ ရောက်လာ၏။ ဤတွင် တက္ကစီက စ၍ တွေးမိသည်။

တက္ကစီ။ ။ အင်း... ဆီက သုံးပုလင်းလောက်ပဲ ရှိတာ။ ဒီကောင့်အိမ်တော့ ရောက်လောက်ပါရဲ့။ ဒါပေမယ့် ငါ ပြန်ရင်ကော လှိုင်သာယာထိဆိုတော့ လမ်းမှာ လူကြုံလေး ဘာလေး ရရင်လည်း အကောင်းသား။

            ဒါရိုက်တာကလည်း သူ့အာရုံနှင့်သူ။ သူ့အတွေးနှင့်သူ ဖြစ်နေ၏။

ဒါရိုက်တာ။ ။ ခပ်တည်တည်နဲ့သာ မေးလိုက်ရတာ။ အိမ်မှာ ဘာချက်လို့ ချက်မှန်းမသိ။ ချက်ထားသည့်တိုင်အောင် လူကများတော့ ကျန်မှ ကျန်ပါ့မလား။

တက္ကစီ။ ။ ဟော... ရှေ့မှာ လူနှစ်ယောက် တက္ကစီငှား မလို့လား မသိဘူး။ အရှိန်လျှော့ပြီး မေးလိုက်ဦးမှ။ ဟင်... ခေါင်းခါတယ်ဟ။ ဘယ်လိုဖြစ်နေကြတယ် မသိပါဘူး။ ခုတလော တက္ကစီတားဖို့ နေနေသာသာ အရှိန်လျှော့မောင်းရင်တောင် ခေါင်းချည်း တွင်တွင်ခါနေတော့တာပဲ။ သက်သောင့် သက်သာလေး မသွားချင်ကြဘူးလား မသိဘူး။

ဒါရိုက်တာ။ ။ ပြဿနာတော့ မရှိပါဘူးလေ။ အိမ်ရှေ့မှာ ဝက်သားနဲ့ ပတ်သက်တာ အမျိုးမျိုး စားလို့ရတဲ့ အခေါက်ကင်ဆိုင် ရှိနေတာပဲ။ အင်း... အဲဒီဆိုင်လေး အငှားချထားတာလည်း မဆိုးပါဘူး။ အရေးဟဲ့ အကြောင်းဟဲ့ ဧည့်သည်လာရင် အသာလေး မှာကျွေးလိုက်ရုံပဲ။

တက္ကစီ။ ။ ငါကလည်း ထမင်းလိုက်စားမယ်သာ ပြောလိုက်ရတာ။ သူ့မိန်းမက စိတ်ထဲ ဘယ်လိုရှိမယ်မှန်း မသိသေးဘူး။ သူငယ်ချင်းနဲ့ ပတ်သက်လို့သာ သိကျွမ်းရတာလေ။ သူက သူငယ်ချင်းမှ မဟုတ်တာ။ ဒါပေမယ့် သဘောတော့ ကောင်းရှာပါတယ်။

            ဤသို့ဖြင့် လေးထောင့်ကန်လမ်းနှင့် ကျိုက္ကစံလမ်းဆုံသို့ ရောက်လာသည်။

တက္ကစီ။ ။ တစ်လမ်းလုံး အော်ဒါလည်း မရခဲ့ဘူး။ အပြန်ကျ ဘယ်လိုလုပ်ရမလဲ။ ဒီကောင်က ထမင်း ကျွေးတာတော့ ဟုတ်ပါရဲ့။ ပြန်ဖို့ဆီကျတော့ ဘယ်လိုလုပ် အကူအညီတောင်းမလဲ။ ကားရှိရက်သားနဲ့ ကပ်စေးနှဲပြီး မစီးတာဆို တစ်မျိုးပေါ့။ စီးစရာ ဘာကားကိုမှ မရှိတာ။

ဒါရိုက်တာ။ ။ အို... ဘာပဲဖြစ်ဖြစ် သူ့ခမျာ ဆီကုန်ခံပြီး တော့တောင် လိုက်ပို့တာ။ နောက်ပြီး အမြဲတမ်း ဆုံဖြစ်ကြတာလည်း မဟုတ်ဘူး။ တစ်ခါတလေမှ တွေ့ကြရတာ။ နောက်ပြီး တက္ကစီဆရာဆိုတာ လမ်းကြုံလို့ဆိုပြီး ခဏခဏ လာနိုင်တာလည်း မဟုတ်ဘူး။ ထမင်းတစ်နပ်တော့ ကောင်းကောင်းကျွေး လိုက်ဦးမှ။

တက္ကစီ။ ။ ကံတရားပဲလေ။ ငါလည်း တစ်လမ်းလုံး ဖရီးရိုက် မောင်းလာတာ ဒီကောင့်အိမ်က အထွက်မှာတော့ အော်ဒါလေး ဘာလေး ရကောင်းပါရဲ့။

□

            ဒါရိုက်တာ၏ အိမ်ရှေ့သို့ တက္ကစီဆရာ၏ တက္ကစီကားလေး ထိုးရပ်လိုက်သည်။ နှစ်ယောက်စလုံး၏ အာရုံဖြန့်ကျက်မှု တစ်ထပ်တည်း ကျသွား၏။

            'ဖြစ်ချင်ရာ ဖြစ်ကွာ။နောက်ကိစ္စနောက်မှပဲ စဉ်းစားတော့မယ်။ သူငယ်ချင်းတွေပဲ ဥစ္စာ'

▀

အာယု

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။