ရွှေဝတ္ထု

ဒုတိယမ္ပိအိမ်အပြန်

တွာလ်ခဲင်းမာန်

01 August 2026
ဒုတိယမ္ပိအိမ်အပြန်
Share to

           နေမင်းသည် အနောက်ဘက် ဟိုင်ကျင်းတောင်ကြောထဲသို့ ငုပ်လျှိုးသွားပြီဖြစ်၏။ ကောင်းကင်ပြင်သည် လိမ္မော်ရောင်ကဲသော အပြာနောက်ခံနှင့် ညနေခင်းသို့ ချဉ်းနင်းဝင်ရောက်စပြုနေပေပြီ။ ဖြူလွလွမြူနှင်းများက ကျွန်တော်၏ ဝန်းကျင်တွင် ရစ်သိုင်း၍လာနေကြပြီ။

            ညနေခင်း လေသည် နေ့လယ်က တိုက်ခတ်သလိုမျိုး မဟုတ်တော့။ လမ်းကြောင်းပြောင်း၍ တိုက်ခတ်လာသည်။ တိုက်ခတ်လာသောလေတွင် သစ်ပင်သစ်ရွက်တို့၏ရနံ့၊ တောတောင်ရနံ့၊ တောင်ယာသီးနှံ့တို့၏ ရနံ့နှင့်အတူ အမေ့ရနံ့ကိုပါ သယ်ဆောင်လာသည်ဟု ကျွန်တော် ထင်၏။

ကျွန်တော်က ဗိုင်ဘက်တောင်ကြော ကျွန်တော်တို့ ရွာသို့ အဆင်း ရွာကို လှမ်းမြင်ရသော နေရာကွက်ကွက်ကလေးတွင်ရပ်၍ ရွာကို ငေးကြည့်နေခြင်း ဖြစ်သည်။ ထိုနေရာမှလွဲ၍

ကျွန်တော်တို့၏ ရွာကို လှမ်းမြင်ရသည့် နေရာမရှိတော့။ ရွာမှထွက်လျှင် ဤနေရာမှနေ၍ ရွာကို နောက်ဆုံးမြင်ရခြင်းဖြစ်ပြီး ရွာသို့ပြန်လာလျှင် ဤနေရာမှ ရွာကို အရင်ဦးဆုံး မြင်ရသော နေရာဖြစ်သည်။ ထိုနေရာမှလွန်လျှင် လမ်းသည်တစ်ဆစ်ချိုးကွေ့များ ဖြစ်ပြီး သစ်ပင်မြင့်မြင့်ကြီးများက ရွာမြင်ကွင်းကို ဖုံးကွယ်သွားကြပေပြီ။

            ကျွန်တော်က လမ်းနံဘေးမှ ကားထားသော လက်ဖဝါးသာသာရှိ သစ်ရွက် လေးငါးရွက်ကို သစ်ရွက်ဆွေးများကင်းသော မြေနီနီလမ်းကလေးပေါ် ခင်း၍ ထိုင်ချလိုက်သည်။ ကျောမှ လွယ်ထားသော ကျောပိုးအိတ်ကို အောက်သို့ ချထားလိုက်သည်။

            ကျွန်တော် ရွာနှင့် ကင်းကွာခဲ့သည်ကို တွက်ကြည့်လိုက်သည်။ ရှစ်နှစ်နီးပါးပင် ရှိပြီကော။ ရွာနှင့်ကင်းကွာသလို အမေနှင့်ပါ ကင်းကွာခဲ့ရသည်။

            ရေခပ်ဆင်းကြသည့် အပျိုပေါက်မလေးများ၏ ညုတုတု ခရာတာတာ အသံသင်ခါစ အသံစာစာလေးများ၊ ကာလသား လူပျိုပေါက်ကလေးများ၏ ဂစ်တာနှင့် ကျေးလက်သီချင်း၊ ကြက်တွန်သံ၊ ခွေးဟောင်သံ၊ ဘုရားကျောင်းမှ ခေါင်းလောင်းသံ စသည်များတို့နှင့် ကင်းခဲ့၊ ဝေးကွာခဲ့ရ သည်မှာ တော်တော်ကြာခဲ့သည်ကိုးဟု ယခုမှ အောက်မေ့မိ၏။

            'အမှတ် (၁) စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ အစီခံ စီးကရက် (Ciga-rettes) တစ်ဘူးမှ တစ်ရာ တည်းပါ။ ဆေးပေါ့လိပ် တစ်ဆယ်၊ ဆယ့်ငါးကျပ် ပေးသောက်ရတဲ့အချိန်မှာ စီးကရက်တစ်လိပ်မှ ငါးကျပ်ပဲ ကျပါတယ်။ အလိပ်နှစ်ဆယ်ပါ တစ်ဘူးလုံးကိုမှ တစ်ရာနဲ့ ရောင်းပါတယ်။ မှိုတက်တွေ ဒိတ်အောက်တွေ ပါတယ်ဆိုလို့ရှိရင် နီးစပ်ရာ ပြတင်းပေါက်က လွှင့်ပစ်လိုက်ပါ။ ဆယ်ဆ ပြန်လျော်ပါ့မယ်။ ကဲ...ကဲ... တစ်ရာ၊ တစ်ရာ'

            'ညစဉ်ညတိုင်း တီဗီမှာ ခိုင်သင်းကြည်နဲ့ လွင်မိုးတို့ ကြော်ငြာနေတဲ့ ဗွီဖိုက်ခေါင်းလျှော်ရည်ပါ။ ဆိုင်တွေမှာ တစ်ထုပ် သုံးဆယ်၊ သုံးဆယ့် ငါးကျပ် ပေးဝယ်နေရတဲ့ အချိန်မှာ ကျွန်တော်တို့က အဲဒီလို မရောင်းပါဘူး။ သုံးထုပ်ကိုမှ ငါးဆယ်နဲ့ပဲ ရောင်းပါတယ်။ တစ်ရာကို ခြောက်ထုပ်၊ တစ်ဒါဇင်ကိုမှ ငွေနှစ်ရာကျပ်တည်းနဲ့ ရောင်းပါတယ်'

            'ဆရာကတော် မှာလိုက်တဲ့ နဖာကလော်က တစ်ချောင်းမှ နှစ်ဆယ်ပါ' စသည့် မြို့ပတ်ရထားပေါ်မှ ဈေးသည်တို့၏ အသံများ။

            'အပေါက်ဝမှာ ပြုံရပ်မနေကြပါနဲ့ ခင်ဗျာ။ အထဲမှာ အချောင်ကြီးပါ။ အထဲကို ဝင်ပေးကြပါ။ အဝမို့ ကျပ်တာပါ။ အထဲကို ဝင်သွားရင် ချောင်သွားမှာပါ' ဆိုသည့် ဘတ်စ်ကား စပယ်ယာတို့၏ အသံများ။

            ရန်ကုန်မြို့ပြ၏ အသံဗလံများက ကျွန်တော်၏ နားထဲတွင် ကြားယောင်နေဆဲပင် ရှိ၏။

            ကျွန်တော် နားနေရာမှ ဆက်၍ ဆင်းသွားလျှင် ဗိုင်ဘက်ရွာနှင့် ကျွန်တော်တို့ရွာ နယ်စပ်ချောင်းသို့ နှစ်မိုင်၊ ထိုမှ ကျွန်တော်တို့ရွာဆီသို့ အရောက်အတက်ကြီးပဲ နှစ်မိုင်၊ ရွာသို့ရောက်ရန် လေးမိုင်နီးပါး လိုသေးသည်။ ကျွန်တော် ရွာကို ပိတ်ပိတ်ပိန်းအောင် မမှောင်ခင် ရောက်မှဖြစ်မည်။

            ကျွန်တော်က ခရီးဆက်ရန် ထလိုက်သည်။ ရွာမှာ အမေ နေမကောင်းဘူးတဲ့။

□

            ကျွန်တော် ရန်ကုန်ပြန်တော့မည်ဟု လွန်ခဲ့သော သုံးရက်က ပြောခဲ့သည့်နေ့မှစ၍ အမေက ကျွန်တော့်ကို စကားမပြောတော့။ ဆန်ပြုတ်တိုက်လျှင် သောက်သည်။ နွားနို့၊ ဆိတ်နို့ သို့မဟုတ် သစ်သီးဖျော်ရည် တစ်ခုခုတိုက်လျှင် သောက်သည်။ သို့သော် ကျွန်တော် အရင်က ကျွေးသလောက် မစားမသောက်တော့။ စားသောက်ပြန်လျှင်လည်း ဟက်ဟက်ပက်ပက် မရှိ။ 'အမေ ထမင်းစားရအောင် နော်' ဟုဆိုလျှင် စားချင်စိတ် ရှိလျှင် ခေါင်းညိတ်သည်။ စားချင်စိတ်မရှိလျှင် ခေါင်းခါသည်။ 'အမေ စားချင်တာ ရှိရင် ပြောနော်'ဟု ဆိုလျှင် ခေါင်းခါသည်။

            ကျွန်တော် ရွာကို ရောက်ရောက်ချင်း အမေ့ကို တွေ့တွေ့ချင်းတုန်းကလို အမေ့မျက်ဝန်းတို့သည် ပြန်၍ မှိန်လာသည်။ မျက်နှာက မလန်း၊ ညှိုးရော်လာသည်။

            အစ်မက 'နင် သွားစရာရှိတာ သွားပါ။ အေးလေ... အကြာကြီး ခွဲခဲ့ပြီးမှ ခုလို ပြန်တွေ့ကြပြီးမှ အခုတစ်ခါ ပြန်ခွဲရမှာဆိုတော့ အမေ ဘယ်မှာ စိတ်ကောင်းနိုင်ပါ့မလဲ။ ဒါပေမယ့် နင်ပြန်သွားပြီး တစ်လကိုးသီတင်းဆို အမေ အသားပြန်ကျကောင်းပါရဲ့။ နင်နောက်ကြောင်းမအေး မဖြစ်ပါနဲ့။ အမေ့ကို ငါတို့ ဂရုတစိုက် ပြုစုစောင့်ရှောက်ထားမှာပါ'ဟု ပြောရှာသည်။

            'ဒါပေမယ့် ငါ တစ်ခုတော့ မှာချင်တယ်။ နင် အမေ့ဆီကနေ အဝေးကို ထွက်သွားတုန်း အမေများ တိမ်းပါးသွားခဲ့ရင် နင် ပြောပြောနေတဲ့ အောင်မြင်မှုတွေ၊ ဂုဏ်တွေ၊ ငွေကြေးတွေ နင့်ရင်မှာ ပိုက်ရင်း နောင်တတွေတစ်ထွေးကြီး ရနေမှာကိုတော့ ငါ ကြိုပြောထားချင်တယ်'ဟု အစ်မက ဆက်ပြောသည်။

            ကျွန်တော် ရွာသို့ရောက်စ အိမ်သို့ဝင်ဝင်ချင်း 'အမေ... ကျွန်တော် ပြန်လာခဲ့ပြီ အမေ'ဟု ပြောရင်း အမေ့ မှိန်းနေသော ခုတင်နားသို့ သွား၍ ပြောသည်။ အမေက ကျွန်တော့်ကို မျက်လုံးဖွင့် ကြည့်သည်။ အမေ့မျက်လုံးတို့သည် မှိန်၍ ညှိုးရော်နေသည်။ မျက်တွင်းများကျ၍ ပါးများက ချိုင့်နေကြသည်။ အသက် ခြောက်ဆယ်ကျော် အမေသည် တကယ့်အဘွားကြီးပုံ ပေါက်နေသည်။

            အမေသည် ချက်ချင်း ကျွန်တော့်ကို မှတ်မိပုံပေါ်သည်။ မျက်လုံးများက လင်းလက်လာသည်။ တောက်ပလာသည်။ အမေ့ထံမှ အသံက တိုးသဲ့သဲ့လေး ထွက်လာသည်။ 'သား... ပြန်လာခဲ့ပြီလား၊ အမေ့သား တကယ်ပဲ အမေ့ဆီကို အရောက်ပြန်လာခဲ့ပြီကိုး'ဟု ဆိုပြီး အမေ့ကို ငုံ့ကြည့်နေသော ကျွန်တော့်လည်ပင်းကို ဖက်သည်။ ထို့နောက် အမေ ငိုသည်။

            'အမေက အမေ့ဆီကို သားပြန်မလာတော့ဘူးလို့ ထင်နေတာ။ ပြန်လာရင်လည်း အမေသေမှ ပြန်လာလိမ့်မယ်။ ဒီဘဝ အမေတော့ သားကို မတွေ့ရတော့ဘူးလို့ ထင်နေတာ'ဟု အမေက ငိုရင်း ပြောသည်။

            ခုတင်ကျောခင်းကို လက်နှစ်ဖက်ထောက်၍ ထထိုင်ရန် အားထုတ်နေသော အမေ့ကို ကျွန်တော်က ထူပေးလိုက်သည်။

            ကျောပိုးအိတ်ထဲမှ အမေ့အတွက် ဝယ်လာသော လုံချည်နှင့် အနွေးထည်ကို အမေ့ကို ထုတ်ပေးသည်။ ထို့နောက် စားသောက်စရာများ။

            အမေက ကျွန်တော် ပေးသည်များကို ယူရင်း 'ဝမ်းသာလိုက်တာ သားရယ်'ဟု အသံတုန်တုန် လက်တုန်တုန်ဖြင့် လက်ခံရှာသည်။

            'သြော်... သားရယ်၊ သားသူငယ်ချင်း မိတ်ဆွေတွေဆီက ချေးငှားပြီး ဝယ်ခဲ့တာလား။ သား မစားရက် မသောက်ရက်နဲ့ ဝယ်ခဲ့တာတွေ နေမှာပေါ့နော်။ သား ရန်ကုန်မှာ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ အဆင်မပြေဘူးလို့ အမေ သဲ့သဲ့ကြားတယ်။ အမေ့အတွက် ဒါတွေမလိုပါဘူး သားရယ်'

            အမေက ကျွန်တော့် မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြောသည်။

            ကျွန်တော်ရောက်ပြီး မကြာမီ တောင်ယာဟောင်းတွင် ဟင်းသီးဟင်းရွက် သွားရှာသော အစ်မ ပြန်ရောက်လာသည်။ မကြာ အစ်မယောကျ်ား တောင်ယာမှ ရောက်လာပြန်သည်။ ကျွန်တော့်ကို တွေ့တော့ သူတို့နှစ်ယောက်စလုံးက ဝမ်းသာနေကြသည်။

            'လျန်ပီးရယ်... နင်ရောက်လာတာ ငါ တအား ဝမ်းသာလိုက်တာဟယ်။ နင် ပြန်လာမှ ပြန်လာပါ့မလားလို့ စိုးရိမ်နေတာ။ အခု နင်ပြန်လာပြီဆိုတော့ အမေ နေကောင်းတော့မှာဟဲ့ သိလား' ဟု အစ်မက အားတက်သရော ပြော၏။

            ကျွန်တော်က အစ်မကို အမေ့ရောဂါအကြောင်း မေးတော့ အစ်မက 'ဘာရောဂါမှ ထွေထွေထူးထူး ရှိတာမဟုတ်ပါဘူး။ အလွမ်းနာ ပေါ့ဟယ်။ နင့်ကို လွမ်းလို့တဲ့။ အဲဒါ မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် ဖြစ်နေရာကနေ ကြာလာတော့ အိပ်ရာထဲလဲတော့တာပဲ။ နင်သိတဲ့ အတိုင်းပဲ။ အဖေမရှိတော့တဲ့ နောက်ပိုင်း အမေ့ဘဝက အထီးကျန်ဆန်သွားတာ။ ဒီကြားထဲ နင်ကပါ တစ်ခါ ထပ်ပြီး အမေ့ကို ခွဲသွားပြန်တော့ ဒီဒဏ်ကို အမေမခံနိုင်တော့တာပေါ့' ဟု ဆိုသည်။

            ထိုနေ့မှစ၍ ကျွန်တော်က အမေနှင့်အတူအိပ်သည်။ အစ်မတို့က ကျွန်တော့်ကို စိတ်ချ၍ဟု ဆိုကာ တောင်ယာတွင် သွားအိပ်ကြသည်။ အမေနှင့်အတူ အိပ်ရင်း ရန်ကုန်တွင် ကျွန်တော် ရုန်းကန်ရသည့် ဘဝအခြေအနေများကို ဖြည့်စွက်၍ လှပအောင် ပြောပြသည်။ ကျွန်တော်၏ စာရေးခြင်း ဝါသနာ၊ ယုံကြည်မှု၊ အောင်မြင်မှု၊ ငွေကြေး စသည်များ။

            'အမေ... ကျွန်တော် အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာဗျ။ ကျွန်တော် အောင်မြင်တဲ့ စာရေးဆရာကြီးဖြစ်ရင် အမေ့ကို လာခေါ်မယ်။ ရန်ကုန်မှာ အမေနဲ့ အတူနေမယ်'

            ကျွန်တော်က အမေ အားတက်စရာ စကားလုံးများနှင့် စကားကို အဆုံးသတ်မြဲ။ ကျွန်တော်က အောင်မြင်မှုတွေ၊ ငွေကြေးတွေ အားတက်သရော ပြောနေချိန်တွင် အမေကမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတတ်လေ့ ရှိသည်။

            အမှန်တကယ်တွင် စာရေးခြင်းသက်သက်ဖြင့် ဘဝတည်ဆောက်ဖို့ ဆိုသည်မှာ အနာဂတ်သည် မှုန်ဝါးဝါးနိုင်လွန်းမှန်း ကျွန်တော့်ကိုယ် ကျွန်တော်သိသည်။ ဝါသနာ၊ စေတနာနှင့် ယုံကြည်မှု တစ်ခုပေါ်တွင် တည်ဆောက်ထားသော ကျွန်တော့်လျှောက်လမ်းသည် ဘာတစ်ခုမျှ သေချာသည် မဟုတ်ပါ။

            ခါတစ်ရံတွင် အမေက ကျွန်တော့်ကို သူ့ရင်ခွင်ထဲသွင်း၍ ကျွန်တော် ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောပြတတ်သော ပုံပြင်များကို ပြောပြနေတတ်သည်။ အသက်လေးဆယ်ကျော် ကျွန်တော့်ကို ကလေးလေး တစ်ယောက်လို ခေါင်းလေးပွတ်၍ ပွတ်၍ပင် နေလိုက်သေးသည်။

□

            ကျွန်တော် ဒီကနေ့ ရန်ကုန်ပြန်တော့မည်။ ကျွန်တော် ရွာကို ပြန်ရောက်နေသည်မှာ နှစ်လပင် ကျော်နေပြီ။ ထိုနှစ်လကျော်အတွင်း အမေ့ကျန်းမာရေး အခြေအနေသည် တစ်နေ့တခြား ကောင်းမွန်လာပြီး ကျွန်တော့်အတွက် ချည်လွယ်အိတ်လေးတစ်လုံးပင် ရက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

            ယနေ့မနက် ကျွန်တော် ပြန်မည့်အကြောင်းကို လွန်ခဲ့သော သုံးရက်ကတည်းက အမေ့ကို ကြိုပြောထားသည်။ ကျွန်တော်က ထုံးစံအတိုင်း အောင်မြင်မှုတွေ၊ ငွေကြေးတွေဖြင့် အမေ့ကို ချော့သည်။

            ယနေ့တော့ ကျွန်တော် မနက်စောစော ထသည်။ အမေက မထ။ ကျွန်တော် ပစ္စည်းများ ပြင်သည်။ အမေက ထမလာ။ ကျွန်တော် ထမင်းစားပြီး၊ သွားခါနီးအထိ အမေက တုတ်တုတ်မျှမလှုပ်။ ထို့ကြောင့် ကျွန်တော် အမေ့ခုတင်နားသွားပြီး နှိုးသည်။

            အမေ့အနားသို့ ကျွန်တော် ရောက်သွားတော့ အမေက ခေါင်းကို နေရာရွှေ့သည်။

            'အမေ' ကျွန်တော်က အမေ့ကို ခေါ်လိုက်သည်။ အမေက မထူး။

            'အမေ... အမေပဲ ကျွန်တော့်ကို ချစ်တယ်ဆို။ အမေထပြီး ကျွန်တော့်ကို ဆုပေးပါဦး အမေ'

            ကျွန်တော်က ပြောပြောဆိုဆို အမေ့ကို ထူရန် အမေ့လည်ဂုတ်အောက်သို့ လက်ကို လျှိုသွင်းလိုက်သည်။ ကျွန်တော်၏ ရင်သည် လှိုက်ခနဲ ဖြစ်သွားသည်။ အမေ့ ခေါင်းအုံးမှ အေးခနဲ အတွေ့ကို ခံစားလိုက်ရ၍ ဖြစ်သည်။ ကျွန်တော် ထိုနေရာသို့ ကြည့်လိုက်တော့ စိုနေသော အကွက်တစ်ကွက်ကို တွေ့ရ၏။ အမေ တစ်ညလုံး ငိုထားသည် ထင်၏။ အမေ့နားသို့ ကျွန်တော်သွားတော့ အမေ ခေါင်းကို နေရာရွှေ့လိုက်သည်မှာ အမေငိုထား၍ စိုနေသည့်နေရာကို ကျွန်တော် တွေ့သွားမည်စိုး၍ အမေ ခေါင်းကို ရွှေ့လိုက်ခြင်း ဖြစ်မည်။

            အမေက အိပ်ရာမှ ထထိုင်သောအခါ ကျွန်တော်က ခြေရင်းတွင် ဒူးထောက်လိုက်သည်။ အမေ၏ လက်တစ်ဖက်က ကျွန်တော်၏ ခေါင်းပေါ်လာတင်၏။ နွေးထွေးသော အတွေ့ကို ခံစားရသည်။ ကျွန်တော်က မျက်စိမှိတ်လိုက်သည်။

            အမေ့ထံမှ ဆုပေးသံက အားတင်းထားသော်လည်း တုန်ရီစွာ ထွက်လာသည်။

            'အမေ့သားလေး သွားလေရာ၊ လာလေရာ ခလုတ်မထိ ဆူးမငြိပါစေနဲ့။ လုပ်သမျှ ကိုင်သမျှ အောင်မြင်ပြီး...'

            အမေ့ထံမှ အသံက ထွက်မလာတော့။ အသံက ရပ်သွားသည်။ ကျွန်တော်က မျက်စိကို အသာလေးဖွင့် ကြည့်သည်။ အမေက အံကြိတ်ထားသည်။ မျက်ရည်များက ပါးပြင်နှစ်ဖက်ပေါ် စီးကျနေသည်။

            အမေ့အသံက ပြန်ထွက်လာသည်။

            'စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်ပါစေ'

            အမေ့အသံက ထွက်မလာတော့။ အမေ ရှိုက်၍ရှိုက်၍ ငိုနေလေပြီ။

□

            ကျွန်တော် အားတင်းပြီး အိမ်မှ ထွက်ခဲ့သည်။ အစ်မနှင့် ယောက်ဖက အမေ့ကို လက်တစ်ဖက်စီ တွဲထားသည်။ အမေက ကျွန်တော့်ကို သနားစဖွယ် ငေး၍ ကြည့်နေသည်။

            ကျွန်တော် ခြေလှမ်းများကို ခပ်သွက်သွက်လေး လှမ်းနေရာမှ အိမ်နှင့် တဖြည်းဖြည်း ဝေးသွား သောအခါ ကျွန်တော့်ခြေလှမ်းများက လေးလံလာသည်။

            ကျွန်တော် အမေ့ကို ပြောပြောနေသော အောင်မြင်မှုတွေ၊ ငွေကြေးတွေ၊ တိုက်တွေ ကားတွေ ဆိုသည်မှာ အမေ စိတ်ချမ်းသာအောင် ကျွန်တော်က စကားအဖြစ်သာ ပြောခဲ့ခြင်း ဖြစ်သည်။  ထိုအရာများ အမှန်တကယ် ဖြစ်လာပြီ ဆိုဦးတော့ အမေ မရှိတော့ရင်ကော။

            ထိုစကားများကို အမေ့အား ကျွန်တော်က အားတက်သရော ပြောနေစဉ် အမေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မြဲ။ အမေက ထိုအရာများကို လိုအပ်ချက်ဟု ယူဆပုံမရ။ အမေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းမှာ ကျွန်တော် သူ့အနားတွင် ရှိနေခြင်းကြောင့်ပင် ဖြစ်ပေမည်။

            အမေ အမှန်တကယ် လိုအပ်နေသည်က ဘာလဲ၊ ဘယ်အရာတွေလဲ။

            ကျွန်တော်က လမ်းကွေ့လေးတစ်ခုသို့ အရောက်တွင် အိမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒီတစ်ခါပြီးလျှင် ကျွန်တော်တို့အိမ်ကို မြင်ရတော့မည် မဟုတ်။

            အိမ်ရှေ့ကပြင်မှ ကျွန်တော်ရှိရာဘက်သို့ မျှော်ငေးကြည့်နေရှာသော အမေ့ကို လှမ်းမြင်နေရသည်။ အမေသည် ကျွန်တော် ပေးထားသော လုံချည်အနီရောင်လေးနှင့် အဝါရောင် ဆွယ်တာလေးကို ဝတ်ထားသည်။

            ကျွန်တော်က အမေ့အိမ်ဘက်သို့ ခြေဦးကို ပြန်လှည့်လိုက်သည်။ အမေ အမှန်တကယ် လိုအပ်နေသည်မှာ ကျွန်တော့်ကို ဖြစ်သည်။ အမေက သူ၏သားကို လိုအပ်နေပါသည်။

            အမေ့ခေါင်းအုံး နောက်တစ်ခါ အမေ့မျက်ရည်ကြောင့် မစိုစေရတော့ပါ။

▀

တွာလ်ခဲင်းမာန်

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။