ရွှေဝတ္ထု

ဝဋ်အကြောင်း ကံအကြောင်း

ညီဘွား

01 August 2026
ဝဋ်အကြောင်း ကံအကြောင်း
Share to

ဒါန်းပင်ရိုးရွာမှာ မျက်မှန်စတပ်တာကတော့ ကိုဒေါင်းနီပဲ။ ဒါလည်း မှတ်တမ်းမှတ်ရာရှိလို့ သိတာတော့ မဟုတ်ဘူးပေါ့။ မျက်မှန်ဝင်းဝင်းကြီး ကိုဒေါင်းနီ တပ်ချလာပြီဆိုတော့မှ သတိထားမိကြတာကလား။ ပြောရရင် ကိုဒေါင်းနီဆိုတာ ရွာမှာတော့ စုံစေ့နှံ့စပ်တဲ့ လူဟာကိုး။ တစ်ခါတစ်ခါ လူထူထူကျရင် 'ငါ့စကား နွားရ' ပြောတတ်တာက လွဲရင် အပြစ်ပြောစရာ ရှိတဲ့လူ မဟုတ်ပါဘူး။ ခုလည်း ဒါန်းပင်ရိုး သမိုင်းမှာ ဗွေဆော်ဦးအနေနဲ့ မျက်မှန်တပ်တဲ့လူရယ်လို့ ဖြစ်သွားပြီ။ ကိုဒေါင်းနီအလုပ်က တောပွဲစားဆိုလည်း ဟုတ်ရဲ့။ ရွာရပ်အခေါ်လို ပြောရရင် 'သားထိုးသည်' ဆိုလည်း ဟုတ်ရဲ့။ ခြုံမိအောင် ပြောရရင် 'လူစုံ'ပါ။ ခုနက ပြောခဲ့ပြီနော်။ ကိုဒေါင်းနီဟာ လူထူရင် 'ငါ့စကား နွားရ' ပြောတတ်တယ်ဆိုတာ။ ဒါလည်း အပြစ်ရယ်လို့ ပြောလို့ရတာ မဟုတ်ပါဘူး။ သူ့ညာဉ်နဲ့သူကိုး။ ဘာကလေးဖြစ်ဖြစ် သူ သိပြီးသား၊ သူတတ်ပြီးသား လုပ်ချင်တဲ့လူဆိုတော့ အကြောင်းသိများကလည်း ခွင့်လွှတ်ကြပါရဲ့။ ခွင့်လွှတ်လောက်အောင်လည်း ကိုဒေါင်းနီရဲ့ ကောင်းကွက်ကလေးတွေက အများသား။ ဒါန်းပင်ရိုးလိုဂျင်ဂလယ်ရွာကလေးမှာ စက်ဘီးတစ်စီးနဲ့ မုံရွာမြို့ပေါ် နေ့စဉ်သွားပြီး ဈေးနာဝယ်တာတို့၊ ပေါ်ထားတဲ့ အမဲသား သွားရောင်းတာတို့ ကြုံလို့ကတော့ ဘာကလေး မှာလိုက်ပါဦးမလဲ။ ပေးလိုက်တဲ့ငွေနဲ့ မလောက်ရင် စိုက်ကို ဝယ်ခဲ့ပေးတဲ့လူရယ်။ တခြား အလှူဖိတ်စာ၊ မင်္ဂလာဆောင် ဖိတ်စာ ရိုက်တာတို့၊ သာရေး နာရေးဆိုတဲ့ သဗ္ဗရနံပေါင်း ကိစ္စတွေမှာ ဘာပဲလုပ်ချင် လုပ်ချင် သူက ဆရာကြီး လုပ်ရလို့ကတော့ ကူညီရဖို့ ဦးမလေးတဲ့ လူစားမျိုး။

            ဒါကြောင့် ကိုဒေါင်းနီ မျက်မှန်တပ်တယ်ဆိုတော့လည်း တပ်ပစေပေါ့နော။ ကိုယ်နဲ့က အနေသာကြီး မှုတ်လား။ ပိုက်ဆံအကုန် ခံနိုင်လို့ တပ်တာတပ်ပေါ့။ ပြီး ကိုဒေါင်းနီတပ်တဲ့ မျက်မှန်ဆိုတာကလည်း စာကြည့် ပါဝါမျက်မှန်မျိုး မဟုတ်ဘူး။ ကိုဒေါင်းနီ ပြောတဲ့စကားနဲ့ ပြောရရင် ရေသဘင် မျက်မှန်တဲ့။ နေကာမိုးအုံ့ မျက်မှန်ပေါ့လေ။ ကိုဒေါင်းနီက သူ့ မျက်မှန်ဋီကာကို ဒီလိုဖွင့်တယ်။ စောစောက ပြောသလို လူထူထူရှိချိန်ပေါ့နော်။ 'နေကာမျက်မှန်ဆိုတာ လူတိုင်း တပ်သင့်တယ်ဗျ။ နေရောင်ထဲမှာပါတဲ့ ခရမ်း လွန်ရောင်ခြည်ဆိုတာ မျက်လုံးကို အင်နန်ဒုက္ခပေးတာ ကလား။ ဒါကြောင့်...' ဆိုပြီး ဖောခြင်း သောခြင်း အလုံးကြီးတွေ ကိုင်တော့တာပဲ။ လေထဲမှာ ပါလာတတ်တဲ့ မျက်ခမ်းစပ်ပိုးတို့၊ ဖုန်၊ သဲတို့ဒဏ်ကလည်း ကာကွယ်သတဲ့။ သူ့တရား ကြားရတာ ဒါန်းပင်ရိုးတစ်ရွာလုံးဖြင့် ခုပဲ မျက်မှန်ပြေးဝယ် တပ်ရတော့မလိုလိုကိုး။ ဒါတွေကို သူ ဒီလိုပြောနိုင်တာ အကြောင်းရှိတယ်။ သူမျက်မှန်ဝယ်မယ် လုပ်တော့ မျက်မှန်ဆိုင်ကလူက သူ့ကို ဒါတွေ အကုန်ပြောပြလိုက်တာကိုး။ ဒါတော့ဖြင့် ကိုဒေါင်းနီက ရွာထဲက လူတွေကို ပြန်ပြောပြမနေတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုဒေါင်းနီရဲ့ ဝသီက 'ဗဟုသုတတော့ စုံသဟေ့'လို့ အပြောခံရတာကို အရသာ ယူချင်တဲ့လူကိုး။ ရှေ့တင် ပြောပြော၊ ကွယ်ရာ ပြောပြော အဲသလိုမျိုး ချီးကျူးတာကို အလွန်ခံချင်တဲ့ လူရယ်။ တစ်ယောက်ယောက်ကများ ဒီလိုချီးကျူးပြီဆိုရင် လွှတ်သဘောကျတာပေါ့။ ဒါကြောင့်လည်း ဘာမဆို သူက အလျင်ဦးအောင် လေ့လာထားလိုက်တာပဲ။ ဒါက ဒါန်းပင်ရိုးဆိုတဲ့ ရွာနဲ့ ဒီရွာက ကိုဒေါင်းနီရဲ့ စရိုက်သေ။

            ကိုဒေါင်းနီ မိန်းမ မတင်လုံးကလည်း ခပ်အေးအေးရယ်။ ကိုဒေါင်းနီ ဘာလုပ်လုပ် မျက်လုံးပေမှေးနဲ့ မော့ကြည့် အထင်ကြီးနေရတာကို အဟုတ်ကြီးဆိုတော့၊ သားသမီးမရှိတဲ့ ကိုဒေါင်းနီဟာ မနက်ခင်း ဝေလီဝေလင်းမှာ စက်ဘီးတစ်စီးနဲ့ ကြက်သားဖြစ်ဖြစ်၊ အမဲသား ဖြစ်ဖြစ်၊ အခြားတောကောင် သတ္တဝါသားပဲ ဖြစ်ဖြစ် မုံရွာမြို့ပေါ် တက်ရောင်းပြီး နေ့ခင်း ၁၁ နာရီလောက် ပြန်လာ၊ တစ်ရေးတမော အိပ်၊ ပြီးရင် ရွာလယ်က လူစုစု ရှိတဲ့ဆီ သွားပြီး သူ မြို့ပေါ်မှာ ကြုံခဲ့ရတဲ့ အထူးအဆန်းတွေ ပြောပြပြီး ဆရာကြီး လုပ်တော့တာပဲ။ ဒါန်းပင်ရိုး ဆိုတာကလည်း ယာအလုပ်၊ ကိုင်းအလုပ်နဲ့ နေကုန်နေခမ်း လုပ်ရပြီး မြို့ပေါ်ကို တစ်နှစ်နေလို့မှ တစ်ခါမရောက်နိုင်တဲ့ လူတွေချည်းဆိုတော့ ကိုဒေါင်းနီမို့ ပြန်လာပြီဆိုရင် ပြောင်းရိုးစင်းတာတို့၊ ဆီဆုံ ပွတ်တာ စတဲ့ လုပ်လက်စ အလုပ်ကို ခဏချပြီး တစ်မော့တော့ လာနားထောင် ကြတဲ့လူချည်းပဲ။ တစ်နေ့တာရဲ့ ကြုံရသမျှတွေ ကိုဒေါင်းနီ ဖောက်သည်ချပြီးပြီဆိုတော့မှ ကိုယ့်အလုပ်ဆီ ပြန်သွားကြ။ ကိုဒေါင်းနီအဖို့ရာမှာလည်း ဒီလိုပြောလိုက်ရပြီးမှ တစ်နေ့စာ ပြီးတော့တာရယ်။ သူ့ရွာနဲ့သူတော့ ခဲလို့ ဆိုပါတော့။ အဲသလို တင်းတိမ်သွားပြီဆိုမှ အိမ်ဘက်ပြန်ပြီး မတင်လုံး ခူးခပ်ပေးတဲ့ ထမင်းများစားလို့ပြီးတာနဲ့ နေ့ခင်းနေ့လယ် ၂ နာရီ လောက်ကျရင် သူ မွေးမြူထားတဲ့ ကြက်တူရွေး၊ သာလိကာ၊ ငုံး၊ ခါ၊ ခို၊ ကြက်စတဲ့ အကောင်ပလောင်တွေ နှိုက်တော့တာပဲ။ ဒါတွေကျရင် စီးပွားရေးနဲ့ မဆိုင်ဘူး။ ဝါသနာပါလို့သာ မွေးနေတာရယ်။ သူ့ဝါသနာက တစ်မျိုး။

            ကိုဒေါင်းနီဟာ ဒီ အကောင်ပလောင်တွေ အပေါ်ကျရင် သူများတကာ အသားပေါ်ရောင်းရတဲ့ သားထိုးသည် မဟုတ်တဲ့အတိုင်း။ သူမွေးထားတဲ့ အကောင်ပလောင်တွေဟာ တောထဲမှာ သူ့သဘာဝအတိုင်း နေရလို့ကတော့ ဘယ်ဒီလိုစားရ သောက်ရလိမ့်မလဲ။ ငှက်တွေ သဘာဝစားတတ်တဲ့ အစာတွေကို ကောင်းပေ့ဆိုတာ ကျကျနန ရှာဝယ်ပြီး ကိုဒေါင်းနီက ကျွေးတာရယ်။ လူးဆိုလည်း လူးမို့လို့။ ဆပ်ဆိုလည်း ဆပ်မို့လို့ စပါးဖြစ်စေ၊ ပြောင်းဖြစ်စေ သန့်ပေဆိုတဲ့ အစေ့အဆန်ကိုမှ တခုတ်တရ မှာကျွေးတာ။ ကြက်တူရွေးတို့၊ သာလိကာ တို့များဆိုလည်း သူတို့ကြိုက်တတ်တဲ့ သစ်သီးဝလံကို မပြတ်အောင် ဝယ်ထားပြီး သားသမီး ကျွေးသလို တယုတယ ကျွေးတတ်တာပဲ။ ဒါကြောင့် သူ့ဝိုင်းထဲ ဝင်သွားလို့ကတော့ ချိုးကူသံ၊ ခါတွန်သံ၊ ကြက်တူရွေး၊ သာလိကာ အသံတွေနဲ့ မြိုင်နေတာပဲ။ ပြီးတော့ အားလုံးကို လက်လွတ်စပယ် မွေးတာမဟုတ်ဘူး။ လှအောင် လုပ်ထားတဲ့ လှောင်အိမ်တွေနဲ့။ ကုန်ကုန်ပြောရရင် တယ်တညင်လို ကြက်တွေတောင်မှ ခြံနဲ့ဘာနဲ့ရယ်။ ဒါတွေ အတွက်ကျတော့ အကုန်လည်း ခံတယ်။ သားထိုးသည် တောပွဲစားဆိုတာမျိုးက အရပ်မှာ လူရည်တတ်ဆိုတော့ အကုန်လည်း ခံနိုင်တယ်။ ဒါန်းပင်ရိုးမှာ ပြောစမှတ် စကားတစ်ခွန်း ရှိတယ်။ အကောင်းကြိုက်တဲ့ လူမျိုးကို ခိုင်းနှိုင်းတာပေါ့လေ။ 'မင်းရို့ဟာကလည်း အကောင်းအမွန်ကလည်း ကြိုက်ပေ့။ ဒေါင်းနီ မွေးထားတဲ့ တိရစ္ဆာန်လားကျလို့ တကတည်း...' ဆိုပြီး ပြောကြတယ်။ ပြောလောက်အောင်လည်း ကိုဒေါင်းနီက ဖြစ်နေတော့တာကိုး။

            တချို့ကျတော့လည်း ပြောကြရဲ့။ ဒီလိုအကောင်ပလောင်တွေကို ခြံလှောင်ပြီး မွေးတာ မကောင်းဘူးပေါ့လေ။ သူတစ်ပါးကို လှောင်ပိတ်ထားသလို ကိုယ်လည်း အလှောင်ခံရတဲ့ ဝဋ်ဆိုတာ ရှိတယ်။ ဘာညာပေါ့။ ဝဋ်မှာ အမြဲ ငရဲမှာ အပဆိုတဲ့ အရပ်သုံးစကားလား၊ ဒေသနာထွက် စကားလား မသိတဲ့ ဆိုရိုးနဲ့ ညှိပြောကြတာပေါ့။ တချို့လူဆိုရင် ကွယ်ရာ ကွယ်တင်းတင် မဟုတ်ဘဲ ကိုဒေါင်းနီကို တည့်တည့် သွားပြောကြတာပဲ။ 'ဟ... ကိုဒေါင်းနီရ၊ တို့ ဒါန်းပင်ရိုး ဆိုတာ တောအရပ်ပေတယ်လို့ အကောင်ပလောင်တွေကို သတ်စားတာက လွဲရင် လှောင်ပိတ်မထားဘူးကွ။ မင်း ဝဋ်လိုက်လိမ့်မနော' လို့ ဆိုလည်း ကိုဒေါင်းနီကတော့ အေးအေးပဲ။ သူ့ဝါသနာကို မဖျက်ဘူး။ ခုဆိုရင် သူ့အိမ်ဝိုင်းထဲမှာ ငှက်လှောင်အိမ်၊ ကြက်လှောင်အိမ်တွေ ၄ဝ၊ ၅ဝ လောက်များ ရှိမလားပဲ။ တစ်ဖက်ကို သူ့ချေပပုံက တစ်မျိုးရယ်။ ဒေါသမထွက်ဘူး။ လေအေးလေးနဲ့ 'အကောင်ပလောင်တွေကို ခြံနဲ့ထားတာ ဘယ်မှမသွား အောင်ပေါ့ဗျာ။ ပြီးတော့ သူတို့ကို ကာကွယ်ပေးတာ ဥစ္စာ။ ဒေါင်းနီခြံဟာ သူတို့ သဘာဝထက် ကောင်းနေသေးတော့ အိမ်နဲ့ရာနဲ့ အစားကောင်းနဲ့ နေရတာ မှုတ်လား။ ဒီလိုထားတဲ့အတွက် ကုသိုလ်တောင် ရသေးလို့ ကျုပ်က တွက်တာပဲ' ဆိုတော့ ပြောတဲ့လူလည်း ဆက်မပြောသာဘူး။ ဒါန်းပင်ရိုးရွာမယ်တော့ ဘာသာတရားအရရော၊ ဓလေ့မရှိတာရောဆိုတော့ မျက်မှန်တဝင်းဝင်းကို ဒေါင်းနီ၊ ခြံလှောင်ချစ်တဲ့ ကို ဒေါင်းနီ၊ ဆရာကြီး လုပ်ချင်တဲ့ ကိုဒေါင်းနီဟာ တစ်ဘာသာ ထွက်နေတာပေါ့။

            ကိုဒေါင်းနီဟာ ကျေးလက်နေ လူရိုးတွေရဲ့ အထင်ကြီးတဲ့ မျက်လုံးနဲ့ ကြည့်တာကို သာယာနေတာဆိုတော့ မြို့ပေါ်ရောက်တဲ့အခါ ဘာပဲအထူးအဆန်းတွေ့တွေ့ စပ်စပ်စုစု လေ့လာတယ်။ တောသားရဲဆွဲထုတ်ဆိုတာလို အိုးနင်း ခွက်နင်း ဖြစ်ကာမှ ဖြစ်ရော၊ အငေါက်အငန်း ခံပြီးတော့ကို သိရအောင် လုပ်ခဲ့တာပဲ။ သူ့ အနေနဲ့က ဒါန်းပင်ရိုးမှာ ဆရာကြီး လုပ်ရတာကို ကျေနပ်သာယာနေတဲ့ လူလေ။ တီဗီအကြောင်း ပြောမလား၊ ကွန်ပျူတာ၊ ဖောရိမ်းရှပ်၊ ဆေးဝါး စတာတွေနဲ့ နောက်ဆုံးပေါ်ကိစ္စတွေမှာ အထူးပြု လေ့လာထားတယ်။ 'ဘာကလေးပြောပြော ဒါန်းပင်ရိုးမှာ ဒေါင်းနီကလွဲရင် ဘယ်သူမှ အရင်မသိစေရ' လို့လည်း စိတ်ထဲက ကြိတ်ကြုံးဝါးထားပုံ ရပါရဲ့။ ဒါန်းပင်ရိုးကတော့ ဘာပဲ အထူးအဆန်းရှိရှိ မြင်ရ၊ ကြားရပြီ လားဆိုရင် 'ဒေါင်းနီလည်း မေးကြဦး'လို့ကို သတ်မှတ်နေရာပေးကြရတဲ့ လူ။ ကိုဒေါင်းနီက ဒါန်းပင်ရိုးမှာသာ လူလည်ပတ်ကား လုပ်ရဲတာ။ ငါ့စကားနွားရ လုပ်ရဲတာ။ မြို့ပေါ်ကျတော့ရင် မခုတ်တတ်တဲ့ကြောင်လို ခပ်ကုပ်ကုပ် ခပ်ရိုးရိုးနေခဲ့တဲ့ လူကလား။ စပ်စုချင်တဲ့ ကိစ္စကို အတတ်နိုင်ဆုံး မပေါ်လွင်အောင် အသာလျှိုလုပ်ခဲ့ တာ။ အဲ... ဒါန်းပင်ရိုးရွာထဲ ရောက်လို့ကတော့ အမူအရာနဲ့ အချိုးက ခုပဲ သူကိုယ်တိုင် လုပ်လာသလို ပြောတတ်တာရယ်။ ရွာက လူတွေဆိုတာကလည်း လူရိုး လူအတွေ မှုတ်လား။ 'ဒေါင်းနီနဲ့ တွေ့မှပဲ ဒါမျိုးကြားရ၊ သိရသကွာ'လို့ ဖြစ်ကရော။ အံကို ကိုက်လို့။ သူ့ရွာနဲ့သူဆိုတာ။

            တစ်ရက်တော့မယ် မနက်ခင်း ဝေလီဝေလင်းမှာ စက်ဘီးတစ်စီးနဲ့ မုံရွာမြို့ပေါ် တက်သွားတဲ့ ကိုဒေါင်းနီဟာ ယောင်ရောရွာက သူ့လို သားထိုးသည်ဖြစ်တဲ့ ကိုစိန်ညွန့်ကို လှမ်းမှာလိုက်တယ်။ 'ဒီနေ့ ပြန်မလာဘူး။ ဆပ်ကပ်ကြည့်မလို့' တဲ့။ မှာလိုက်တဲ့ ကိုစိန်ညွန့်က ဒါန်းပင်ရိုးနဲ့ လေးမိုင်လောက်ရှိမယ့် ယောင်ရောကို ပြန်ရတာဆိုတော့ မှာလိုက်တဲ့ စကားဝင်ပြောပြီး ရွာဘက် ပြန်သွားတာပဲ။ မတင်လုံးကလည်း အေးအေးပဲ။ ခါတိုင်း ခါလည်း မုံရွာမြို့ပေါ်မှာ ဘိုင်စကုပ်ကားကောင်းလို့၊ ဇာတ်ပွဲ ရှိလို့ဆိုတဲ့အခါမျိုးမှာ ကိုဒေါင်းနီက ဒီလို ညအိပ်လေ့ ရှိတာကိုး။ ဒါနဲ့ ညနေပိုင်းကျတော့ 'ဒေါင်းနီကြီး တစ်ယောက်ကောဟ'၊ 'ကိုကြီးဒေါင်းနီ မမြင်ပါလားဗျ' ဆိုတဲ့မေးခွန်းတွေကို မတင်လုံးတစ်ယောက် ဒိုင်ခံ ဖြေရတော့တာပဲ။ ကိုဒေါင်းနီ တစ်ယောက် ဆပ်ကပ်ကြည့်ဖို့ မုံရွာမှာ ညအိပ်မယ့်အကြောင်းလည်း ရွာထဲက လူတွေ သိသွားကြတာပေါ့လေ။ ခါတိုင်းခါလို ဝါစာကမာကိစ္စတွေတောင် မိုးတစ်လုံး လေတစ်လုံး လုပ်တတ်၊ ပြောတတ်တဲ့ ကိုဒေါင်းနီဟာ ဆပ်ကပ်ဆိုတာကြီးကြည့်ပြီး အံ့သြဘနန်း ဖြစ်ရပ်တွေ၊ ဘာတွေ ဘယ့်နှယ် ပြောဦးမလဲဆိုတာလည်း သိချင်ကြလှပြီ။ ခပ်ရွယ်ရွယ် လူတွေကဆို ဆပ်ကပ်ဆိုတာ ဘာလဲလို့ မေးယူကြရတယ်။ မကြားဖူးကြဘဲကိုး။ မကြားဖူးတဲ့လူငယ်တွေက မေးမှ ကြားဖူးတဲ့ လူကြီးတွေကလည်း ဆပ်ကပ်ဆိုတာ ဘားကျွမ်းတွေ၊ ဓားပေါက်တွေနဲ့ တိရစ္ဆာန်တွေပါတဲ့ ဇာတ်လို့သာ ဝေဝါးပြောရတာ။ တစ်ယောက်မှ မကြည့်ဖူးကြဘူး။

            ဒီလိုဆိုတော့ ကိုဒေါင်းနီက ဒါန်းပင်ရိုးရွာရဲ့ ပထမဦးဆုံး ဆပ်ကပ်ကြည့်ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်သွားရော။ ဒီတော့ ရင်ရွာကလူတွေက ခါတိုင်း ခါလို သာမန်ကာ လျှံကာ မျှော်ရုံတင် မကတော့ဘူး။ ကိုဒေါင်းနီ ပြောပြမယ့် ဆပ်ကပ်ဆိုတဲ့ဟာကြီးကိုပါ မျှော်ကြရတော့တာပဲ။ မျှော်ပေါ့။ သူတို့က မျှော်လို့လား မသိဘူး။ ကိုဒေါင်းနီဟာ နောက်ရက် ပြန်ရောက်ရမယ့်အချိန်ထိ ပေါ်မလာဘူး။ မတင်လုံးလည်း လည်ပင်းရှည်နေရပြီ။ ခါတိုင်းမတော့ ပွဲကြည့်တယ်ဆိုလည်း မနက်ခင်းကျ ပြန်လာတာပဲ။ ဘိုင်စကုပ်ကားကောင်းလို့ ကြည့်နေတယ်ဆိုလည်း နောက်ရက်ဆို ပြန်ရောက်နေကျ။ ခုကျတော့ မနက်ခင်းလည်း မလာ၊ နေ့ခင်းလည်း မရောက်၊ မိုးစုပ် စုပ်ချုပ်တော့လည်း မပေါ်လာဆိုတာလို ဖြစ်နေရော။ တချို့က မတင်လုံးကို လာ ပြု မေးကြတာပေါ့။

            'ဟဲ့...တင်လုံး၊ နင့်ယောကျ်ား ပြန်မရောက်သေးဘူးလား'

            'အဲတော်... ခါတိုင်းဆိုရင် မနက်ကျရင် ပြန်လာနေကျပါ။ ခုထိ ပြန်မလာ သေးဘူး'လို့ မတင်လုံးက ဝေခွဲမရဟန်နဲ့ ဖြေတော့ လာမေးတဲ့သူတွေကပဲ...

            'တင်လုံးရ... နင့် ယောကျ်ားဒေါင်းနီက ဒါန်းပင်ရိုး တစ်ရွာလုံးမှာ လူရည် အလည်ဆုံးပါဟာ။ ကြည့်နေ၊ နင့်ယောကျ်ား တော်တော်နဲ့ ပြန်မလာတာ ဆပ်ကပ်သင်နေလို့ ဖြစ်မှာပဲ' လို့ အားမငယ်အောင် ပြောရင်း အသွမ်းသွေးတော့...

            'ဟုတ်မှာပါပဲတော်' လို့သာ ယောင်ချာချာ ပြန်ပြောလိုက်ရပေမယ့် စိတ်စက်ကတော့ ပူတာပေါ့။

            ဖြစ်ချင်တော့ ကိုဒေါင်းနီ ဆပ်ကပ်ကြည့်မယ်လို့ မှာလိုက်ပြီးတဲ့ နောက်ရက် ဝေလီဝေလင်းက ရွာလိုက်တဲ့မိုးဟာ နှစ်ရက်လောက် ဆက်စွေနေတာဆိုတော့ ယောင်ရောက ကိုစိန်ညွန့်လည်း မုံရွာ မသွားနိုင်ဘူး။ ဒီတော့ သတင်းက ပြတ်နေတာပေါ့။ သူတို့တစ်တွေက ဒါန်းပင်ရိုးမှာ ဒိနှယ်ဖြစ်နေသခိုက် ကိုဒေါင်းနီ ကြုံရတဲ့ဒုက္ခက တစ်မျိုး။ ဆပ်ကပ်ဆိုတာကြီး ကြေညာသံ ကြားလိုက်ကတည်းက ဗဟုသုတအဆန်းဆိုတော့ ကိုဒေါင်းနီဟာ ဝမ်းပါးနေလှပြီ။ ကိုဒေါင်းနီ ဆိုတာ ရွာမှာ ပါလေရာဆရာကြီးဆိုတော့ ပြောစရာမကျန်အောင် ဆပ်ကပ်ကြော်ငြာကို စုံစေ့အောင် ဖတ်တယ်။ ရွှေခါးညိုတူး ဆပ်ကပ်အဖွဲ့ကြီး၊ သမီး အာဇာနည်ဌေးဌေးလွင် တဲ့။ အောက်ကကျတော့ ဂျိုကာလို့ခေါ်တဲ့ ဆပ်ကပ် လူရွှင်တော်တွေပေါ့လေ။ အရိန်တဲ့။ ကြယ်စင်တဲ့။ အီးကြောင်တဲ့။ တကယ် ရယ်စရာကြီးတွေရယ်။ နိပ်ပြီ၊ ကြည့်မဟလို့ ကိုဒေါင်းနီ ဆုံးဖြတ်လိုက်ပြီး ယောင်ရောက သူ့လို ဈေးတက်ရောင်းတဲ့ ကိုစိန်ညွန့်နဲ့ မှာလိုက်တော့တယ်။ ယောင်ရောက ဒါန်းပင်ရိုးကို ကျော်မှရောက်တာကိုး။ ရွှေခါးညိုတူး ဆပ်ကပ်အဖွဲ့ထဲမှာ သူ စိတ်အဝင်စားဆုံးကတော့ မျိုးဝင်းထွန်း၊ မျိုးမင်းဦး အာဇာနည် ညီအစ်ကိုနှစ်ယောက် ကမ္ဘာလုံးအတွင်းမှာ ဆိုင်ကယ် နှစ်စီး အပြိုင်စီးပြမည် ဆိုတာပဲ။ ဆိုင်ကယ်မပြောနဲ့၊ စက်ဘီးတောင် ပေါပေါမရှိတဲ့ ဒါန်းပင်ရိုးသား ကိုဒေါင်းနီဟာ ဒီပွဲကြည့်ပြီးမှသာလျှင် ဒါန်းပင်ရိုးသို့ ပြန်တောမ့ည်' လို့ ဆုံးဖြတ်ချက်ချတော့တာပဲတဲ့။

            ကိုဒေါင်းနီဟာ ဆရာကြီးလုပ်ချင်တဲ့ ဝသီကလည်း ပါလိုက်သေးဆိုတော့ သူများလို ကြည့်လေကာ ကြည့်ရရုံ ကြည့်တာ မဟုတ်ဘူး။ ရွာရောက်ရင် စေ့စေ့စုံစုံ ပြောနိုင်အောင် ပွဲမစခင် ကတည်းက အရပ်ရပ် ဖီးတာ၊ လိမ်းတာတွေရော ပစ္စည်းပစ္စယနဲ့ ထားပုံ၊ သိုပုံ တွေကိုထောင့်စေ့အောင် လေ့လာတယ်။ ရွှေခါးညိုတူး ဆိုတာ၊ လူက တုတ်တုတ်ခိုင်ခိုင်နဲ့ ဒါန်းပင်ရိုးစကားနဲ့ ပြောရရင် ညိုဒုံး(ညိုတုံး) ကြီးပါ။ သမီးဖြစ်တဲ့ အာဇာနည်ဌေးဌေးလွင်ကတော့ ဖြူဖြူပျော့ပျော့ရယ်။ အမေတူ ထင်ပါရဲ့။ ဆပ်ကပ်ဂျိုကာ 'အရိန်'ဆိုတာကတော့ တရုတ်စပ် ထင်ပါရဲ့။ တူတာပါပဲ။ 'ကြယ်စင်'ဆိုတဲ့ ဂျိုကာကတော့ မျက်မှန်ကိုင်းမည်းမည်းကြီးနဲ့ ပြုံး ဖြဲဖြဲကြီး။ 'အီးကြောင်'ဆိုတဲ့ ဂျိုကာကတော့ မကြည့်ရခင်က ရယ်စရာကြီးရယ်။ ကိုဒေါင်းနီ အကုန်မှတ်တော့ တာပဲ။ ဒါန်းပင်ရိုးသားတွေ ပါးစပ်ဟောင်းလောင်း ဖြစ်နေမှာတော့ မြင်ယောင်ပါသေးရဲ့လို့လည်း တွေးမိသေးသတဲ့။ မျိုးဝင်းထွန်း၊ မျိုးမင်းဦး ညီနောင်ဆို ဘာရှိဦးမှာလဲ။ လူငယ်တွေပဲ ရှိကြသေးတာ တော်ချက်။ ဆပ်ကပ်ထဲမှာပါတဲ့ တခြားကလေးတွေဆိုတာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်း ချက်ဆိုတာ။ ကျားကျွမ်း၊ ဘားကျွမ်း၊ ကောင်းကင်ဘား ဆိုတာတွေကလည်း အမျိုးမျိုးနဲ့ရယ်။ ဒီဆပ်ကပ်က တိရစ္ဆာန်လိမ္မာတွေတော့ မပါကြဘူး။ ဆပ်ကပ်နဲ့ တေးသရုပ်ဖော်ရယ်၊ ဒါန်းပင်ရိုးက ရုပ်မြင်သံကြားလို့ ခေါ်ကြတဲ့ ကက်ဆက်ဖွင့် သရုပ်ဆောင်တာတွေရောပေါ့လေ။ ဇာတ်ထုပ်နဲ့ နှစ်ပါးနဲ့ မိုးအလင်းပြတယ်။ ဆိုင်ကယ်နှစ်စီး ကမ္ဘာလုံးထဲမှာ အပြိုင်စီးကြတဲ့ အကွက်၊ လူတွေဆိုတာ အံ့သြဘနန်းနဲ့ ကိုး။ ဒီတစ်ကွက်နဲ့တင် ရုံဝင်ခ တန်တယ် ပြောရမှာပဲ။ ကိုဒေါင်းနီ အားပါးတရ ကြည့်လိုက်ရတယ်။ ကြည့်ရင်းနဲ့လည်း ဒါန်းပင်ရိုးမှာ ပြန်ပြောရမယ့် စကားတွေကို စာစီနေသေးတာတဲ့။

            အဲ... ဖြစ်ချင်တော့လို့ရယ်။ မိုးလင်းကာနီးမှာ မိုးက ဝေါခနဲရွာချလိုက်ပါရော။ ဆပ်ကပ်ရုံကလည်း မိုးလုံ လေလုံ မဟုတ်ဘူး။ လေးဖက်လေးတန် တာလပတ်စတွေနဲ့ ကာထားတာ။ ရုံကထန်းတော ဘောလုံးကွင်းထဲမှာဆိုတော့ လူနဲ့သူနဲ့ အလှမ်းဝေးတယ်။ ရွာနေပြည်ထိုင်တွေကတော့ ပွဲကြည့်တုန်း မိုးရွာတယ်လည်း ဆိုရော ကိုယ့်အိမ်ကို ပြန်တာပေါ့။ ကိုဒေါင်းနီလည်း ပြန်မယ်ဆိုရင် မိုးထဲပြန်ရင် ရတာပါပဲ။ မိုးကလည်း အုံနဲ့ကျင်းနဲ့ လှဲသွန်သလို ရွာချလိုက်တာရယ်။ သူများတွေ ပြန်ပေမယ့် မပြန်သေးဘဲ စပ်စုချင်တဲ့ ကိုဒေါင်းနီဟာ ကမ္ဘာလုံး ကြီးနားသွားကြည့်ရော။ ကမ္ဘာလုံးကြီးကို တာလပတ်စနဲ့ အပေါ်က အုပ်ထားတယ်။ အစကတော့ မိုးခိုရင်း စပ်စုနေတာရယ်။ နောက်တော့ မိုးရေက ခြေကျင်းဝတ်ထိ ရောက်လာတာရော၊ ကမ္ဘာလုံးကြီးထဲမှာဆို မိုးလုံလောက်တယ် ဆိုတာရောကြောင့် ကမ္ဘာလုံးထဲဝင်တဲ့ အပေါက်ကနေ အထဲကို ဝင်လိုက်တယ်။ ရွာမှာတော့ ပြောစရာတစ်မျိုး တိုးပြန်ပြီပေါ့လေ။ ဒေါင်းနီဆိုတဲ့ကောင်က ကမ္ဘာလုံးကြီးထဲ ဝင်ကြည့်လာတာကွပေါ့လေ။ ဒီလိုနဲ့ ဝင်ကြည့်ရော။ မိုးကလည်း တော်တော်နဲ့ တိတ်ဦးမယ့်ပုံ မရှိဘူးဆိုတော့ ကမ္ဘာလုံးအတွင်းကနေ ပွတ်သပ်ကိုင်တွယ်ကြည့်နေတဲ့ ကိုဒေါင်းနီ ဟာ မိုးခိုရင်း စပ်စုဆိုသလို နှစ်လုပ်ပြီးနေတော့တာပေါ့။ ဟိုဟာ ပွတ်ကြည့်၊ ဒီဟာ ကိုင်ကြည့်လုပ်နေတဲ့ ကိုဒေါင်းနီဟာ အရင်ရက် ဒီလိုအချိန်ကတည်းက တစ်ရေးမှ မအိပ်ခဲ့ရသေးတာမို့ ကမ္ဘာလုံး ဆင်ခြေလျှောတစ်ဖက်ကို မှီပြီး အိပ်လိုက်တယ်။ အိပ်တုန်းကတော့ ခဏတဖြုတ်ဆိုတဲ့ အအိပ်ပဲ။ ဒါပေသည့် မိုးကလည်း အေး၊ အိပ်ရေးကလည်း ပျက်ထားဆိုတော့ ခေါင်းချလိုက်တာနဲ့ တုံးပဲ။ ပျော်သွားလိုက် ပုံဖြင့်။

            အဲသလို အိပ်နေတဲ့ အခိုက်မယ် ရွှေခါးညိုတူး ဆပ်ကပ်အဖွဲ့ကြီးကလည်း အစောင့်တစ်ယောက် ချန်ပြီး ထန်းတောရပ်ကနေ တစ်ရပ်ကွက်ကျော်လောက် ပြန်ရမယ့် ရှောက်ခါးရပ်ကွက်ဆီ ပြန်သွားကြရော။ တစ်ဖွဲ့လုံးက ရှောက်ခါးက လူချည်းပဲကိုး။ တစ်ဖွဲ့လုံးမှ ပြန်ပြီ ဆိုတော့ကာ အစောင့်ထားခဲ့တဲ့ အဘိုးကြီးကလည်း ဖုံးသင့်တန်တာဖုံး၊ အုပ်သင့်တာ အုပ်ပြီး ကိုဒေါင်းနီ အိပ်နေတဲ့ ကမ္ဘာလုံးကြီးကိုလည်း အပြင်ကနေ သော့ခတ်လိုက်ပါလေရော။ အထဲမှာ ဘာရှိတယ်၊ ညာရှိတယ် ကြည့်မနေဘူး။ ကြည့်လည်း မိုးမှောင်ကျနေတာ ဒီလောက်အိပ်နေတဲ့လူ ဘယ်မြင်လိမ့်မလဲ။ အဘိုးကြီးက မျက်စိလည်းမှုန်၊ နားလည်း လေးတယ်ဆိုတာ ကိုဒေါင်းနီ နောက်ကျမှ သိရသတဲ့။ အကုန်ပိတ်သိမ်းပြီးတော့ အဘိုးကြီးလည်း မိုးလုံ လေလုံရှိတဲ့ လက်မှတ်ရုံ ထဲ ဝင်ခွေတော့တာပဲ။ မိုးကလည်း ကောင်းလိုက်ပုံဆို ပြောမနေနဲ့တော့။ နားလိုက်၊ ရွာလိုက်နဲ့ဟာကို ထန်းတော ဘောလုံးကွင်းထဲမှာ ဒူးဆစ် ပေါင်လည်လောက်တော့ ရေက ရောက်လာပြီ။ လပြည့်ကျော် ၁၂ ရက်နေ့က ဆပ်ကပ်ကြည့်တဲ့ ကိုဒေါင်းနီဟာ လပြည့်ကျော် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်ကျတော့ နိုးလာရော။ ရုံထဲမှာလည်း လူနဲ့တူတာဆိုလို့ တစ်ယောက်မျှ မရှိကြတော့ဘူး။ ဟိုက်၊ ပြန်မှ။ ကပျာကယာနဲ့ ထပြီး ကမ္ဘာလုံးကြီးထဲက ထွက်မယ်လုပ်ကရော။ အပေါက်က မရှိတော့ဘူး။ မိုးမှောင်ကြီးကျနေပေမယ့် ရုံထောင့်က အလင်း ပျပျလေးနဲ့ ကြည့်လိုက်တော့ တံခါးပေါက်ကို သော့နဲ့ခတ်ထားလိုက်တာ နည်းတာကြီး မှုတ်ဘူး။ လူသံ သူသံလည်း မကြားရ။ အော်ခေါ်မယ် လုပ်ပြန်တော့လည်း ဒီလောက် မိုးရွာနေတာ ဘယ်သူက ကြားမှာလဲ။ ဗိုက်ကလည်း ဆာလှပြီ။

            ကိုဒေါင်းနီ ငိုချင်သွားတယ်။ မိုးကလည်း ရွာကောင်းတုန်း။ ညပိုင်းရောက်လေ လူသံသူသံက တိတ်လေ။ ရေလေးတစ်ခွက် မုန့်လေးတစ်ယှက် တောင့်တနေလည်း အပိုပဲ။ ကမ္ဘာလုံးကြီးဟာ လူလှောင်အိမ်ကြီး ဖြစ်နေတာပေါ့။ ဆီးသွားချင်ရင်တော့ မိုးရေက အောက်ကမို့လား လွယ်သေးရဲ့။ အခင်းကြီးကိစ္စ ဆိုတာကျတော့ ခက်နေရော။ အပေါ်ကနေ ကိစ္စပြီးချလိုက်ပြန်လည်း သုတ်သင်ဖို့ကျတော့ ခက်နေတာမှုတ်လား။ ဖြစ်ချင်တော့ မိုးကလည်း ဒီတစ်သက် တိတ်ပါတော့မလား ထင်ရအောင် ရွာနေတယ်။ နောက်နေ့ မနက်လင်းတော့လည်း ဖွဲ့ဖွဲ့ ဖွဲဖွဲနဲ့ ရွာတုန်းပဲ။ စောင့်တဲ့ အဘိုးကြီးကတော့ ရှင်းသလေ။ အိပ်လိုက်၊ စားလိုက် လက်ဖက်ရည်ကလေး ထွက်သောက်လိုက်နဲ့။ ကိုဒေါင်းနီက လူရိပ်မြင်လို့ အော်ခေါ်ပြန်လည်း အဘိုးကြီး သောတအာရုံက လော်စပီကာသံတောင် တစ်ဖက်အိမ်က လင်မယား တွတ်ထိုးသလောက် ကြားရတာကိုး။ ကိုဒေါင်းနီအတွက် ခက်နေရော။ စိတ်ပျက် လက်ပျက်နဲ့ မိုးမြန်မြန် တိတ်ပါစေဘဲ ဆုတောင်းနေရသတဲ့။ မိုးတိတ်မှ ဆပ်ကပ်ကလူ (ဒါမှမဟုတ်) အရပ်ထဲက လူတွေ လာကြမှာကိုး။ ဒါမှ သူလည်း ထွက်လို့ရမှာကိုး။ မိုးကလည်း မတိတ်။ ကြံရာမရ ခွေအိပ်နေရတာပဲ။ ခွေအိပ်လည်း ပျော်တာတော့ မှုတ်ဘူးပေါ့။ တောင်တွေး၊ မြောက်တွေးနဲ့ လွတ်ရာလွတ်ကြောင်း စိတ်ကူးတွေ ထုတ်နေမိတာပေါ့။ ထွက်ဖို့က မလွယ်။ ခေါ်လို့ကလည်း မကြား၊ မိုးကလည်း မတိတ်၊ ဘာမှလည်း မစားရ မသောက်ရနဲ့ဆိုတော့ ဒုက္ခကြီး ရောက်နေတော့တာတဲ့။ ဒါနဲ့ မတွေးစဖူး ကိုဒေါင်းနီဟာ သူလှောင်ထားတဲ့ ကြက်တွေ၊ ငှက်တွေအကြောင်း တွေးမိရှာတော့သတဲ့။

            ဒီလို တွေးလိုက်မိတော့ ရွာထဲက လူတွေ ပြောကြတဲ့ ဝဋ်ဆိုတာများလားလို့လည်း ဝမ်းပန်းတနည်း တွေးမိသတဲ့။ သူများကို လှောင်ပိတ်ထားတဲ့ အကုသိုလ်ကြောင့် ငါလည်း လှောင်ပိတ်ခံရတာပါလားဆိုတဲ့ အသိတွေ ဝင်လာရော။ သူ ခံစားရတာက ငှက်တွေ၊ ကြက်တွေထက် ဆိုးတာပေါ့။ သူက အစာမှ မစားရတာကိုး။ ဒီလိုနဲ့ နှစ်ရက်နဲ့တစ်ပိုင်း ပိတ်လှောင်နေရပြီး ဆပ်ကပ်ကလူ တစ်ယောက်က ကမ္ဘာလုံးအခြေက တိုင်တွေ မိုးနဲ့ရေနဲ့ဆိုတော့ မြေကျွံပြီး လဲသွားမှာကို အခြေအနေလာကြည့်ရင်း ကိုဒေါင်းနီဒုက္ခကို တွေ့သွားတယ်။ တွေ့တော့ အစောင့်အဘိုးကြီးဆီက သော့တောင်းပြီး ဖွင့်ပေးတယ်။ ကြံကြံဖန်ဖန် အိပ်စရာရှားလို့ ဆိုတဲ့ အကြည့်နဲ့ကလည်း ကြည့်သေးသတဲ့။ ကိုဒေါင်းနီတစ်သက်မှာ ထောင်ကလည်း မကျဖူးတော့၊ ရှင် လိင်ပြန်တဲ့ ရက်ရယ်၊ မတင်လုံးနဲ့ မင်္ဂလာဆောင်တဲ့ ရက်ရယ်၊ ဒီရက်ရယ် ပေါင်းပြီး အပျော်ဆုံး သုံးရက် ပြည့်သွားတော့တာပဲ။ လာဖွင့်ပေးတဲ့လူက ပြောမှ အစောင့်အဘိုးကြီး မျက်စိမှုန်၊ နားထိုင်းတာ သိရတာပဲ။ ထားတော့။ ပြီးခဲ့တာတွေ ပြီးပြီပဲ။ ကိုဒေါင်းနီဟာ ဒါန်းပင်ရိုးကို သုတ်ခြေတင် ပြန်တော့တာပါပဲ။ ဒါန်းပင်ရိုးနဲ့ မုံရွာဆိုတာ ၁၅ မိုင်လောက်တော့ ရှိမယ်။ တစ်နာရီသာသာတော့ နင်းရတာပေါ့။ ရွာကလည်း ပူလှပြီ။ ကိုဒေါင်းနီလို ရှစ်စပ်က လည်တဲ့လူကို ကျတော့ 'ဖိုးသူတော် လဲသောအခါ တောင်ဝှေးမထူနိုင်' ဆိုတာလို ခက်နေကြပါရော။ ဒီကြားထဲမယ် မိုးရွာတယ် ဆိုတာတောင် သူများအဖို့က ငွေရွာနေတာ မှုတ်လား။ အလုပ်များနေတာပေါ့။ မတင်လုံးခမျာ မျက်ရည်နဲ့ မျက်ခွက်။ ရှာလည်း မရှာတတ်ရှာဘူး။

            ကိုဒေါင်းနီ ပြန်လာပြီတဲ့ဆိုတော့ ရွာထဲမယ် စီခနဲကို ဖြစ်သွားတာပေါ့။ မအားတာ၊ အားတာ နောက်ထား။ ရွာထဲကလူတွေ ကိုဒေါင်းနီ စက်ဘီးနောက်က တန်းလိုက်လာကြတာပဲ။ ကိုဒေါင်းနီ ပြောမယ့်ဆပ်ကပ်အကြောင်းနဲ့ ဘာလို့ နှစ်ရက်၊ သုံးရက် ပျောက်သွားသလဲဆိုတာ သိချင်ကြတာကိုး။ လူဆိုတာ စပ်စုချင်တဲ့အမျိုး မှုတ်လား။ ကိုဒေါင်းနီကတော့ မတင်လုံးကို နှုတ်ဆက်ပြီး နောက်က လိုက်လာကြတဲ့ ရွာသားတွေကို ဂရုစိုက်မနေပါဘူး။ သူ့ ငှက်လှောင်အိမ်၊ ကြက်လှောင် အိမ်တွေဆီ တန်းသွားတာပဲ။ ပြီးတော့ ခါးကြီးထောက်ပြီး တွေတွေကြီး ကြည့်နေလေရဲ့။ 'ဟမ်မလေး... ဒေါင်းနီရာ၊ မင့်မလည်း... ဒါပဲကွာ၊ ဝါသနာဘာဂီဆက်တိုင်း မီဟ'လို့ ကိုသန်းမြင့်ဆိုတဲ့ လူကစလိုက်တော့ ရွာထဲက လူတွေ ဝါးခနဲပဲ။ အကြောင်း သိတွေဟာကိုး။ ကိုဒေါင်းနီဟာ သက်ပြင်းကြီးတစ်ချက် ချလိုက်ပြီး ငှက်လှောင်အိမ်တွေ၊ ကြက်လှောင်အိမ်တွေ အားလုံးကို ဖွင့်ပေးလိုက်တယ်။ တစ်အိမ်မှ မချန်ဘူး။ အကုန်လွှတ်တာ။ ရွာထဲက လူတွေနဲ့ မတင်လုံးတို့ဟာ ပါးစပ်ဟောင်းလောင်းနဲ့ အံ့အားကြီး သင့်ကုန်ကြတာပေါ့။ ငှက်တွေ၊ ကြက်တွေက လွှတ်ပေးလိုက်လို့ ထွက်ရပေသည့် ဘယ်မှသွားတတ်တာ မှုတ်ဘူး။ အိမ်ဝိုင်းထဲက တန်းတွေ၊ သစ်ပင်တွေပေါ်မှာ ယောင်ပေပေနဲ့ ဖြစ်နေကြတယ်။ ဝဋ်ပါလာဟန် တူပါရဲ့။ ကိုဒေါင်းနီဟာ ဘာမှလည်း မပြောဘူး။ မျက်နှာအိုကြီးနဲ့ ခါတိုင်းနဲ့မတူတဲ့အတွက် ရွာသားတွေလည်း ဘာမှ စကားစ မမေးရဲကြဘူး။ ခါတိုင်းခါဆိုရင် မမေးဘဲ ပြောနေကျဆိုတဲ့ ငါ့စကား နွားရဆရာကြီး ဒေါင်းနီကို ကြည့်ပြီး ယောင်ပေပေနဲ့ ပြောနိုးနိုး မျှော်နေကြတယ်။ ကိုဒေါင်းနီကလည်း ငြိမ်လို့။ ရွာသားတွေကလည်း မျှော်ကြလို့။ သူတို့ခမျာများလည်း ကြားနေကျမို့ နားရည်ဝနေပေမယ့် ဒီတစ်ခါတော့ ခါတိုင်းထက် ပိုသိချင်နေကြတယ်။ အင်း.. သူတို့မလည်း ဝဋ်ပဲပေါ့လေနော။

▀

ညီဘွား

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။