မောင်လွင်မွန်၊ကသာ၊
ဒါရိုက်တာကြီး
ဦးညို့ မှိုင်းမှောင်ရီဦးလို လူကြိုက်များ နာမည်ကြီး အနုပညာရှင်မျိုးနှင့်
ခင်မင်ရင်းနှီးခွင့်ရခဲ့ခြင်းအတွက် ကျွန်တော် ဝမ်းသာခဲ့ဖူးပါသည်။ ယခု
မမျှော်လင့်ဘဲ တွေ့လိုလှသည်ဆိုတော့ သူချိန်းသည့်နေရာကို အချိန်ပေးပြီး သွားတွေ့လိုက်သည်။
ရှက်ရှက်နှင့် ဝန်ခံရမည်ဆိုလျှင် ဝတ္ထုရှည်ဆို မဂ္ဂဇင်းဝတ္ထုရှည်တောင် မရေးဖူးသော
ကျွန်တော့်အနေဖြင့် ကျွန်တော့်ဝတ္ထုတိုလေး တစ်ပုဒ်တလေကိုများ ရုပ်ရှင်ထဲ
ထည့်ရိုက်ဖို့ ကမ်းလှမ်းချင်လို့လားဟု စိတ်ကူးယဉ်စိတ်ကိုဖိနပ်လုပ်စီးပြီး
သွားခဲ့တာ ဖြစ်ပါသည်။
ဟိုရောက်တော့ အမှုတစ်ခုအတွက်
မိသားစုလို ရင်းရင်းနှီးနှီး တိုင်ပင်ချင်လို့ဟု အစချီကာ သူ ရင်ဆိုင်နေရသော
အမှုတစ်ခုအကြောင်း ပြောပြပါသည်။ ဝါသနာအရ စာရေးပြီး အသက်မွေးဝမ်းကျောင်းအရ
ရှေ့နေဖြစ်သော ကျွန်တော်သည် တကယ်တော့ သူများသောက ကိုယ့်သောကလုပ်ပြီး
စဉ်းစားပေးရသော အကြံဉာဏ်ကို ရောင်းစားသူ
ဖြစ်ပါသည်။ ထိုသို့ ကျွန်တော့် ရောင်းကုန် အကြံဉာဏ်ကို အလကား တောင်းလိုသော
ခင်မင်ရင်းနှီးသူများကို ကြုံတွေ့နေကျ
ကျွန်တော်သည်
သူပြောသည်ကို စိတ်ရှည်ရှည် နားထောင်ရပါသည်။ သူ့ကိုယ်သူ အပြစ်မရှိပါဟု
လျှောက်လဲနေရှာသူ ဒါရိုက်တာကြီး၏ နောက်ကြောင်းပြန် ဇာတ်ကွက်ကိုလည်း
ခံစားနားထောင်ကြည့်ပါဦး။
'ဒီလိုဗျာ... စာရေးဆရာ
ဒီမိုဆေး(ရေးမြို့)ဆိုတာ ခင်ဗျားကြားဖူးချင်မှ ကြားဖူးမယ်။ ဝတ္ထုလည်း
သိပ်ရေးဖူးပုံ မပေါ်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်လောက်က မဂ္ဂဇင်း
ခပ်ညံ့ညံ့တစ်အုပ်မှာဗျာ နာမည်တောင် မမှတ်မိလိုက်ပါဘူး။ သူ့ဝတ္ထုကို ကျွန်တော်
ဖတ်မိရာက ဝတ္ထုလှည့်ကွက်လေးကို ကြိုက်လို့ ကျွန်တော့်ဇာတ်ကားထဲ
ထည့်သုံးလိုက်မိတယ်။ သူ့ကိုပြောပြီးမှ သုံးဖို့ပါပဲ။ ဒါပေမယ့် ဘယ်နေမှန်းလဲ မသိ
ဗျာ။ ပြီးတော့ ကျွန်တော့်ရုပ်ရှင်ထဲမှာ ဗဲရီးစမောလ်ခရမ့်ဘ် ဗျာ။ မပြောပလောက်တဲ့
အစိတ်အပိုင်းလေးအဖြစ် သုံးလိုက်တာပါ။ အဲဒါ တစ်နေ့နေ့ ကြုံရင်တော့ ပြောဖို့ပါပဲ။
အဲဒါ အဲဒီကောင်က သူ့ဘာသာ သိသွားတော့ တကယ်လို့ သူ မကျေနပ်ရင် ကျွန်တော့်ကို
ပြောပေါ့ဗျာ။ ခုတော့ ဘာမှ မပြောဘဲ တရားစွဲတယ်တဲ့။ စွဲတဲ့အခါမှာလည်း ခိုးမှုနဲ့
စွဲမလို့တဲ့ဗျာ။ ခင်ဗျားပဲ စဉ်းစားကြည့်ပါဦး၊ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ'
ဟုတ်ပြီ။ တရှူးရှူး ဒေါသထွက်နေသော
ဒါရိုက်တာကြီးသည် သူ့ဒိုင်ယာလော့ခ်တွေက သူ့ရဲ့ဇာတ်ကောင်စရိုက်ကို အပီအပြင်
ဖော်ပြနေကြောင်း သတိထားမိပုံ မပေါ်ရှာ။ ထို့နောက် သူ ဆက်လက်တင်ပြသော
ဇာတ်ကွက်များအရ သူ ကျွန်တော့်ကို တွေ့လိုသည့် အကြောင်းရင်းက ရုပ်လုံးပေါ်လာသည်။
တကယ်တော့ သူက ကျွန်တော့်ကို ရှေ့နေအဖြစ် ငှားလိုတာမဟုတ်။ ကျွန်တော့်လို အသေးအမွှား
(သူ့အပြောမျိုး အရဆို ဗဲရီးစမောဖရိုင်း) ရှေ့နေကိုလည်း သူ အားကိုးမှာ မဟုတ်ဘဲ
နာမည်ကြီး ရှေ့နေတစ်ဦး ငှားထားပြီး ဖြစ်ပါသည်။ သူလိုချင်တာက သူ အတင်ခံရမည့်
ခုံမှာထိုင်မည့် တရားသူကြီးက ကျွန်တော်နှင့် ရင်းနှီးသည်ဟု သူ ကြားထားသမို့ အလကား
မတ်တင်း အမှုပွဲစားလုပ်ပေး စေချင်တာ ဖြစ်ပါသည်။ သူ သိထားသလို ထိုသူနှင့်
ကျွန်တော်က တရားသူကြီးဖြစ်မှ ခင်ကြတာ မဟုတ်ဘဲ တက္ကသိုလ် တက်ဖက် သူငယ်ချင်းတွေမို့
အတော်ရင်းနှီးခင်မင်ပါသည်။ ဒါပေမယ့် တရားသူကြီးဆိုတာ ပြင်ပစကားတွေထက် တရားခွင်မှာ
စစ်ဆေးပေါ်ပေါက်ချက်ကိုသာ ကောက်ချက်စွဲ စီရင်ရကြောင်း ကျင့်ထုံး၊ ကိုယ့်လက်အောက်
တရားသူကြီး ဖြစ်သည့်တိုင် ထဲထဲဝင်ဝင် ဝင်မစွက်ဖက်အပ်ဆိုသော ကျင့်ဝတ်၊ ကိုယ်တိုင်
ရှေ့နေဖြစ်လာသည့်နောက် တရားသူကြီး သူငယ်ချင်းတွေကို မလိုအပ်ဘဲ ရင်းရင်းနှီးနှီး
မနေတော့သည့် ကျွန်တော့်ဆင်ခြင်မှုတို့ကို ဒေါသဖြင့် လောင်ကျွမ်းနေသော
မျက်နှာတစ်ခုရှေ့မှာ ကျွန်တော် ဘယ်လိုမှ နားလည်အောင် ရှင်းပြနိုင်မှာ မဟုတ်ပါ။
'ပြီးတော့ဗျာ၊
ခင်ဗျားမိတ်ဆွေဆိုတော့ အားတော့ နာပါတယ်။ ဒီလူက နာမည်ကြီးပဲဗျ။ သူ့ခွင်ထဲ
ရောက်လာလို့ကတော့ လုံးဝ အလွတ်မပေးဘူးတဲ့။ ကျွန်တော် ဒီလူ့ကို သွားတွေ့ပြီးပြီ။
ဟာ... တကယ်ဆိုး တဲ့လူပဲဗျာ။ ကျွန်တော် ပြောတာကို ဘာမှသေသေချာချာ နားမထောင်ဘူး။
ကိုယ်ချင်းစာတရား နည်းနည်းမှ မရှိတဲ့ လူဗျာ။ သူ သွားစရာရှိလို့ဆိုပြီး
ကျွန်တော့်ကို မောင်းထုတ်လိုက်တယ်ဗျ။ လောဘကလည်း အတော်ကြီးပုံပါပဲဗျာ။
အရုပ်ကဆိုးဆိုး၊ ထိပ်က ပြောင်ပြောင်နဲ့ သူနဲ့ စကားပြောရင်း ကျွန်တော့်
မျက်လုံးထဲမှာ ဘီလူး တစ်ကောင်နဲ့ ပြောနေရသလိုပဲ'
ဒါရိုက်တာကြီး၏ တင်စားချက်ကတော့
ပြောင်မြောက်လှပါ၏။ တစ်ဖက်သားကို ထိပ်ပြောင်ပြောင်နဲ့ ဘီလူးတစ်ကောင်လိုဟု ဆိုနေသော
ဒါရိုက်တာကြီး၏ နောက်ဘက်ပေါက် ဆံနွယ်ပါးပါးကို ရှေ့ကို ဆွဲချဖုံးအုပ်ထားတာကို
ကြည့်ပြီး ကျွန်တော် ပြုံးချင်စိတ်ကို အောင့်အည်းထားရသည်။ တကယ်တော့ ကျွန်တော့်
သူငယ်ချင်းခမျာ သူပြောသလောက် ရုပ်ရည်ရော စိတ်ရင်းပါ ဆိုးလှသူ မဟုတ်ပါ။ သူ့စကားအရ
ဖြစ်ပုံကို ကျွန်တော် ချက်ချင်းသဘော ပေါက်မိသည်။ နာမည်ကျော် ဒါရိုက်တာကြီးကို
အိမ်က မောင်းထုတ်ရဲသော သတ္တိရော ရိုင်းပျမှုမျိုးပါ ကျွန်တော့်သူငယ်ချင်းတွင်
ရှိမည် မထင်ပါ။ ဒါပေမယ့် ကျွန်တော် တရားသူကြီးဘဝကလည်း အမှုသည်တို့ကို
လက်ခံတွေ့ဆုံဖို့ ဝန်လေးတတ်ခဲ့ဖူးပါသည်။
တရားသူကြီးက အမှုသည်ကို
လက်ခံတွေ့ဆုံပြီး သူတို့ပြောသမျှ နားထောင်ပေးရန်ကို မလိုက်လျောလျှင် မစာနာတတ်သူ၊
လူမဆန်သူဟု ထင်တတ်ကြသလို လိုက်လျောပေးလျှင်လည်း အန္တရာယ်များလှပါသည်။
အမှုသည်များဘက်ကလည်း ကျွန်တော်တို့ထံလာလျှင် လက်ချည်းလာဖို့ မသင့်တော်ဟု ယူဆမည်မှာ
သေချာပါသည်။ တရားခွင်ပြင်ပ တရားမဝင် ကိုယ်တိုင် လျှောက်လဲချက်ကို
နားထောင်ပေးခြင်းအတွက် စေတနာ သဒ္ဓါပေါက်ကြမှာလည်း သေချာပါသည်။ သို့သော် ထိုစေတနာက
ဒုက္ခပေးတတ်ပါသည်။ မျှော်လင့်မထားပါဘဲ နောက်ဖေးပေါက်မှ ဝုန်းခနဲ ပစ်တင်လိုက်သော
အထုပ်တစ်ထုပ်ဖြင့် ခိုက်မိပြီး မီးဖိုပေါ်က ထမင်းအိုး မှောက်သွားတာမျိုး
ဖြစ်တတ်သောကြောင့် ဖြစ်ပါသည်။ ယခုလည်း တကယ် သွားစရာရှိ၍ ဖြစ်စေ၊ မတွေ့လို၍ဖြစ်စေ
မအားလပ်ကြောင်း ပြောဆို သည်ကို ဒါရိုက်တာကြီးက မောင်းထုတ်သည်ဟု ဘာသာပြန်ဟန်
တူပါသည်။
ဒါရိုက်တာကြီးကတော့ တင်ပြလက်စ
ဇာတ်ကွက်အပေါ် မုဒ်ဝင်နေပုံဖြင့် အားရပါးရ တက်တက်ကြွကြွ ရှိနေပါသည်။
သူ့ဒိုင်ယာလော့ခ်တချို့မှာလည်း ပြန်ပြောလို့ မကောင်းလောက်အောင်
ရုန့်ရင်းကြမ်းတမ်းနေပါသည်။ သူ့တံတွေးကွက် ပင်လယ်တွင် ကျွန်တော့်သူငယ်ချင်းခမျာ
ပက်လက် တစ်လှည့် မှောက်ခုံတစ်ခါဖြင့် မျောနေရပါသည်။ ငတ်တာရော၊ ပြတ်တာရော၊
ပေးစာကမ်းစာ စားတာရော၊ ဘီလူးစီးသလို ဖြစ်နေတာရော၊ အေးဓားပြတိုက်တာရော စုံနေပါသည်။
ကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ လုပ်ရင်း အရိုင်းဆုံး အကြမ်းတမ်းဆုံး
ဒိုင်ယာလော့ခ်တွေကို ရွေးပြောနေခိုက်မှာ သူ၏ တစ်ဦးတည်းသောပရိသတ်
ကျွန်တော်ကိုယ်တိုင်က တရားသူကြီး လူထွက်ဆိုတာ မေ့နေပုံ ရပါသည်။
တကယ်တော့ သူပြောသည့် ခိုးမှုဖြင့်
တရားစွဲသည် ဆိုသည်ကလည်း လုံးဝမဖြစ်နိုင်။ ရာဇဝတ်မှုလည်း မဟုတ်သော တရားမမှုဖြစ်သည့်
နစ်နာကြေးရလိုမှုလိုမျိုးသာ ဖြစ်မည်။ ဒါပေမယ့် ဒါကို နားမလည်လို့ဖြစ်စေ၊
တမင်သက်သက်ဖြစ်စေ တစ်ဖက်သတ် ဒေါသကြီးစွာ ပြောနေသော ဒါရိုက်တာကြီး ကို
ပြန်ရှင်းပြချင်စိတ် လုံးဝမရှိဘဲ ဖြစ်နေသည်။ ဒါပေမယ့် ဒါရိုက်တာကြီးကတော့
ခံစားတင်ပြစရာတွေ ကုန်သေးပုံ မပေါ်။
'ပြီးတော့ ကျွန်တော့် အမှုကို
တရားရုံးမှာ လက်ခံသင့် မသင့် ဆိုတာ ပထမ ကြားနာသေးတယ်။ အဲဒီမှာခင်ဗျားလူက
အလွယ်တကူပဲ လက်ခံလိုက်တယ်ဗျ။ ဒီကတည်းက ကျွန်တော် သဘောပေါက်သွားပြီလေ။ ခင်ဗျားလူက
ငွေတွင်းတွေ့ပြီလို့ ထင်လား မသိဘူး၊ ဟား...ဟား...ဟား...'
ဒါရိုက်တာကြီးဆီမှာ သူ ပီပီပြင်ပြင်
သင်ပေးခဲ့သော ဗီလိန်ဇာတ်ရုပ်ဝိညာဉ်များက ပူးကပ်နေပုံ ပေါ်နေသည်။ ကျွန်တော့်မျက်နှာ
တင်းခနဲ ဖြစ်သွားသည်ကို သတိထားမိပုံ မပေါ်ဘဲ သူက ဇာတ်ရှိန်တက်နေသည်။
'ဒီတော့ ကျွန်တော်
ခင်ဗျားဆီလာတာက ကျွန်တော့်အမှုအတွက် ဘယ်လိုလျှော့ပေါ့စဉ်းစားဖို့၊ သက်ညှာဖို့
ခင်ဗျားလူကို တောင်းပန်ပေးဖို့ မဟုတ်ဘူးဗျ။ တကယ်တော့ သူ့အတွက်ပဲ။ ခင်ဗျားလူကို
ရေရှည်မှာ သိပ်သည်းခံနိုင်မှာ မဟုတ်တော့ဘူး။ သူ ဘာလုပ်မယ် ဆိုတာကလည်း
မြင်သာနေပြီလေ။ ဒီတော့ ကျွန်တော့်ကို ထိပါးရင် သူ နာလိမ့်မယ်ဆိုတာ ခင်ဗျားက
တစ်ဆင့် သတိပေးချင်တာ။ ကျွန်တော် ဘယ်ကလာတယ်၊ ဘယ်လိုကားတွေ ရိုက်ခဲ့တယ်၊
ဘယ်သူတွေနဲ့ ပတ်သက်ခဲ့တယ်ဆိုတာ ခင်ဗျားသိပါတယ်။ ကျွန်တော်ပြောလိုက်ရင် တစ်ခွန်းပဲ။
ခင်ဗျားလူကို ထမင်းအိုးတင်မကဘူး။ ဆီအိုးဆန်အိုးပါ ရိုက်ခွဲပစ်လိုက်လို့ ရတယ်။
ကျွန်တော် မရက်စက်တတ်ပါဘူး။ ဒါပေမယ့် မြွေပွေးလိုပဲ လာထိရင်တော့ မညှာဘူး။
တစ်ဖက်မှာလည်း ကျွန်တော့်ရှေ့နေနဲ့ တိုင်ပင်ပြီး ကျွန်တော် လုပ်သင့်တာတွေ
လုပ်ထားပြီးသား။ ဒီစာရေးဆရာကို ဆက်သွယ်ပြီး ခွင့်တောင်းဖို့ ကျွန်တော်
ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာ ထွက်မယ့် သက်သေတွေ အဆင်သင့် စီစဉ်ထားပြီးသား။ ကဲလေ..
အဲဒါ အခြေအနေကို သူ နားလည်အောင်သာ ပြောပြလိုက်ပါ။ ကျွန်တော်လည်း သိပ်အချိန်မရလို့။
ခင်ဗျားလည်း အချိန်အတော်ကုန် သွားပြီ။ သွားကြရအောင်'
ထိုနေ့က တစ်ဖက်သတ် အပြောခံခဲ့ရပြီး
ဘာမှ မယ်မယ်ရရ ပြန်မပြောခဲ့ဖြစ်သော ကျွန်တော့်အနေနဲ့ တစိမ့်စိမ့်တွေးရင်း ကိုယ့်ကိုယ်ကိုယ်ပဲ
ဒေါသထွက်နေမိသည်။ တကယ်တော့ ဒီလူက ကျွန်တော် ဖြတ်သန်းခဲ့သော လောကတစ်ခုကို
အပုပ်ချပြီး ကျွန်တော့်ကို စော်ကားသွားခဲ့တာပဲ ဖြစ်သည်။ တကယ်တော့ တရားသူကြီးထဲမှာ
သူပြောသလို ဆိုးဝါးသည့်သူများ ရှိနိုင်ပါသည်။ မကောင်းတဲ့ပုဂ္ဂိုလ် ဆိုတာ သံဃာလို
ဘုရားသားထဲမှာပင် ရှိနိုင်သေးရာ ရုံးသူရုံသား ကျောင်းသားကအစ ဘာသားပဲဖြစ်ဖြစ်
လူသားဆိုရင် အဆိုးအကောင်း ရှိမှာ ဓမ္မတာ ဖြစ်ပါသည်။
ကောသလ အိပ်မက်ထဲက တရားသူကြီးမျိုး၊
စီးပွားတက်မလား၊ ရာထူးတိုးမလား တရားစီရင်ရေးမူ နှစ်ရပ်ပဲ ကျင့်သုံးသည် ဆိုသူမျိုး
ရှိနိုင်ပါ၏။ ဒါပေမယ့် ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဟု အဆိုရှိရာ
တစ်ကောင်မဟုတ် တစ်ခြမ်းကြောင့်ပင် တစ်လှေလုံး ပုပ်နိုင်သည်ဟု ငြင်းချက်ထုတ်လျှင်
လှေတစ်ခြမ်းလားဟု ရယ်သွမ်းသွေးသူများ ရှိပါဦးမည်။ ဘာပဲဖြစ်ဖြစ် သူပြောသလို
ငွေတွင်းရှာသည့် အလုပ်မျိုးသာ ဖြစ်လျှင် ကျွန်တော် ခပ်ငယ်ငယ်မှာ အဲဒီရာထူးကထွက်၊
ရှေ့နေ လုပ်ပါ့မလား။
'ဘီလူးဂဒုံးနှစ်ကောင်
ဒူးနှစ်လုံးထောင် ဘီလူးဒဂုံး ဒူးနှစ်လုံး ခစ်...ခစ်...ခစ်'
အကြီးကောင် အရွတ်ခိုင်းသော စကားကို
မှန်အောင် မဆိုနိုင်၍ သူ့ဘာသာ သဘောကျနေသော သမီးငယ်၏ အသံကြောင့် ကျွန်တော့်အတွေးစ
ပြတ်သွားသည်။ ဒူးနှစ်လုံးထောင်သည့် ဘီလူးခေါင်းတုံး နှစ်ကောင်။ ဒါရိုက်တာကြီးက
ဟိုမိတ်ဆွေကို တွေ့ရတာ ဘီလူးနဲ့ တွေ့ရသလိုပဲဟု ဆိုနေသည်။ သူကိုယ်တိုင်က
အတ္တအစွယ်ပြူးပြူး ထွက်နေတာ သူ့ဘာသာ သိပုံမပေါ်။ ဝန်ထမ်းလောက တစ်ခုကို ပတ်ရမ်းဖို့
ဝါးလုံးမှာ အားပါးတရ သုတ်ရင်း သူ့လက်တွေ အညစ်အကြေး ပေကုန်တာ ဒီဘီလူးကြီး
မြင်ပုံမရ။ အင်း... ဘာပဲဖြစ်ဖြစ် ဒီဘီလူးကိုတော့ အစွယ်ကျိုးအောင် ချွတ်ရမည်။
ဒီထိပ်ပြောင်ပြောင် ဘီလူး တော့ ဒီပွဲမှာ သင်ခန်းစာကောင်း ရစေရမည်။ သူ ပြောသလို
မိတ်ဆွေတရား သူကြီးကရော ဘီလူးစိတ် ဝင်နေနိုင်သလား။ မတွေ့တာ ကြာပြီဖြစ်သော
သူငယ်ချင်း သိပ်မပြောင်းလဲသေးရင်တော့ သူ ပြောသလိုမဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ်လေ။
ကျွန်တော် ရုတ်တရက် ဆုံးဖြတ်ချက်ဖြင့်
ဖုန်းကို ကောက်လှည့်လိုက်သည်။ တစ်ဖက်က မိတ်ဆွေအသံ ကြားရတော့ ဘီလူးသံတော့ မပေါက်ပါ။
ကျွန်တော်က အမှုအကြောင်း စုံစမ်းသလိုဖြင့် စပြောလိုက်သည်။ သူငယ်ချင်းက ယင်းအမှုကို
လက်ခံဖို့ သူဆုံးဖြတ်ခဲ့သော်လည်း တရားခံက သူ့ကို ယုံပုံမရသဖြင့် အကျိုးအကြောင်း
ပြောပြပြီး ရုံးပြောင်းစစ်ပေးဖို့ တင်ပြရန် စိတ်ကူးကြောင်း ဆိုပါသည်။
'ဟာ... ဒီလိုလည်း
မဟုတ်သေးဘူးလေ သူငယ်ချင်း။ ဒါဆို မင်းတရားသူကြီး မပီသရာ ရောက်မှာ ပေါ့။
ဘယ်သူဘာပြောပြော မင်းမှန်တယ်ထင်တာ လုပ်ရဲရမှာပေါ့။ ပြီးတော့ ဒီလူက ဟိုလူ့ဝတ္ထုကို
တကယ်ခိုးတာကွ။ ဟိုလူက တကယ်နစ်နာတာ။ အဲဒါကို ဥပဒေအရ အမှန်အတိုင်းဖြစ်အောင် မင်း
စီရင်ရမှာပေါ့'
'ဒါကတော့ ကိုယ်မှ မဟုတ်ပါဘူး။
ဘယ်တရားသူကြီးဖြစ်ဖြစ် ဒီလိုလုပ်မှာပါပဲ'
'အေး... ဟုတ်ပြီလေ။ အဲဒါကို
မင်းကရော ဘာလို့ မလုပ်ရဲရမှာလဲ။ ဒီလူက သိပ်လူပါးဝတာ။ မင်းကိုရော တို့လောက
တစ်ခုလုံးကိုပါ စော်ကားသွားလိုက်တာ ရစရာ မရှိဘူးကွာ။ ပြီးတော့ အဆိုးဆုံးက သူ့ကို
မထိဖို့ မင်းကို ခြိမ်းခြောက်စကား ပြောသွားသေးတယ်။ အဲဒီတော့ မင်းနောက်ဆုတ်လိုက်ရင်
မင်းကြောက်သွားတာလို့ သူက ထင်မယ်။ ဒီတော့ သူစွပ်စွဲတာတွေလည်း ဟုတ်လို့လို့ သူ
တစ်သက်လုံး စွဲသွားမှာ။ မင်း ဘာကြောက်စရာလိုလို့လဲကွာ။ တကယ်က ကိုယ်က တစ်ဆင့်
မင်းကို သူလာ ခြိမ်းခြောက်တာပဲ။ ဒါတွေ အသေးစိတ်တော့ မင်းကို မပြောတော့ပါဘူးကွာ။
ဂရုလည်း စိုက်စရာ မလိုပါဘူး။ သူ ဘာကောင်ကြီးပဲဖြစ်ဖြစ် မိုးပေါ်ကပဲ ကျလာလာ အင်္ဂါဂြိုလ်ကပဲ
လာလာ ဒါ ကိုယ်တို့အလုပ် မဟုတ်ဘူး။ တကယ်က သူက သူခိုးပဲကွ။ သူခိုးခြောက်တာကို
လူကောင်းက ကြောက်နေရရင် လောကကြီး ဘယ်လို ကောင်းနိုင်တော့မလဲ'
ပြောရင်း ဒေါသဖြစ်လာတာမို့ ရုတ်တရက်
စကားမဆက်နိုင်ဘဲ ကျွန်တော် အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ...
'ဒီမှာကွာ။ လိုရင်းပဲ
ပြောမယ်။ မင်း နောက်မဆုတ်နဲ့။ မင်းရုံးမှာပဲ အဲဒီ အမှုကို စစ်ပါ။ ထောင်ချနိုင်တာ
မဟုတ်ပေမယ့် နစ်နာသူက ရသင့်ရထိုက်တာရအောင် မင်း လုပ်ပေးလိုက်ပါ။ အရေးကြီးတာက
သူခိုးဟာ သူခိုးဖြစ်ကြောင်း သမိုင်းမှာ ကျန်ခဲ့ဖို့ပဲ။ ဒီလူကြီး လာစော်ကားသွား
ပြီးကတည်းက ငါ အတော် ဒေါသဖြစ်ပြီး ဘာလုပ်ရမလဲ တစ်ချိန်လုံး စဉ်းစားနေတာ။
သိပ်လျှော့ ပေးလို့တော့ မဖြစ်ဘူး ကိုယ့်လူ။ ဒါဟာ ကိုယ်တို့အတွက် သိက္ခာတိုက်ပွဲ။
ပြီးတော့ နစ်နာသူက အဝေးနယ်က သာမန်စာရေးဆရာပေါက်စ။ ဘာ ကျောထောက်နောက်ခံမှ
ရှိတာမဟုတ်ဘူး။ မင်း အမှန်တရားကို မြတ်နိုးတယ်ဆိုတာပြဖို့ အကောင်းဆုံး
ပြယုဂ်ဖြစ်မှာနော့။ ဒါပေမယ့် မင်းချည်းလုပ်ရမှာ မဟုတ်ပါဘူး။ ကိုယ်လည်း
တတ်နိုင်သလောက် ဝိုင်းရံဖို့ ပြင်ဆင်ထားပါတယ်။ ကိုယ် အဲဒီနယ်က စာရေးဆရာ လိပ်စာကို
ရအောင်ယူပြီး အင်တာဗျူး လုပ်နိုင်အောင် ကြိုးစားမယ်။ ပြီးတော့ သူ့ ခံစားချက်ကို
ဓာတ်ပုံနဲ့ ဘာနဲ့ ကြီးကြီးကျယ်ကျယ် ဦးသစ်မောင်တို့ မဂ္ဂဇင်းမှာ ဖော်ပြမယ်။
ပြီးတော့ ဒီသတင်းအစကို ကိုခိုင်မြကို ပေးပြီး အကျယ်အပြန့်ရေးပေးဖို့
ကိုယ်ပြောပေးမယ်။ ဒီဒါရိုက်တာ ဒါမျိုးလုပ်တာတွေ များနေပြီဆိုတော့
အကြောင်းကြောင်းကြောင့် မပြောရဲခဲ့တဲ့ အဟောင်းတွေကလည်း ပြန်ပေါ်ဦးမှာ။ အရေးကြီးတာက
ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းဆိုသလို လူတိုင်းကို သူလို သူခိုးကြီးဘက်မှာ ဘယ်သူမှ
မရပ်ချင်ဘူးဆိုတဲ့ သင်ခန်းစာ သူ ရသွားဖို့ပဲကွ'
'အေးလေ... မင်း
စိတ်ကူးထားတာတွေတော့ လုပ်ပေါ့။ ကိုယ်ကတော့ သူ့ အမှုကို မစစ်တော့ဘူး။
ခေါင်းရှုပ်လည်း မခံတော့ဘူး'
'ဟာ... မင်း ဒီလို
မလုပ်နဲ့လေ။ မင်းကို ဒီကောင်ကြီး စော်ကားသွားတာ ရစရာမရှိဘူး။ မင်းတင် မကဘူး။
ငါတို့အားလုံးကို စော်ကားတာ။ ဒါကို မင်းက ဘောင်ထဲက လုပ်သင့်တာ လုပ်ပြီး
တုံ့ပြန်ရမှာ။ ဒီမှာ ဒီအတ္တဘီလူးကြီးကို တခြား တရားသူကြီး စီရင်သလိုပဲ မင်းကို
စီရင်ခိုင်းနေတာကွ။ မင်း နောက်ဆုတ်လို့ မဖြစ်ဘူးနော်။ တို့က သူ့လို မတရားလုပ်ဖို့
စိတ်မကူးဘူး။ ဒါပေမယ့် ဘီလူးစွယ်ကိုတော့ ရိုက်ချိုးရမယ်ကွ။ မင်းဆီ ငါ
စာတစ်စောင်ရေး လိုက်ဦးမယ်။ စာတစ်တန် ပေတစ်တန်နဲ့ ကြီးကျယ်တယ်တော့ မထင်နဲ့။ အဲဒီ
လူကြီးမင်းကို ဘယ်လောက်စော်ကားတယ်ဆိုတာ မင်း သိအောင်ရေးပြမလို့။ အဲဒီတော့ အမှုကို
မင်းပဲ ဆက်စစ်ပါကွာ။ ဒီမှာ သူငယ်ချင်း၊ စိတ်ညစ်ပြီး ဘီလူးခေါင်း အမွှေးကျွတ်ပြီး
ပြောင်သွားအောင် ချပစ်ရမှာကွ။ သိလား၊ အေး... ဟုတ်ပြီ၊ ဒါပဲ... ဒါပဲ'
သူငယ်ချင်းကို ပြောရင်း သူ့ဒေါသအရှိန်
ပိုတက်လာသည်။ အနုပညာသစ္စာ မရှိတဲ့ အနုပညာသည်ချင်း မစာနာ တန်ဖိုးမထားတဲ့ဟာကြီး။
ပြီးတော့ ဝန်ထမ်းဆိုရင် လုပ်ပိုင်ခွင့်ကို လက်နက်လုပ်ပြီး
အေးဓားပြတိုက်သူချည်းလို့ တန်ဖိုးဖြတ်တတ်သူကြီး၊ စိန်နားကပ်နဲ့ နီးခဲ့ဖူးတဲ့
ပါးဘဝက ပြောင်ခဲ့ဖူးသည့် အရှိန်အဝါကိုသုံးပြီး မတရား ခြိမ်းခြောက်ချင်သူကြီး၊
သိမယ်လေ... သိမယ်။ ဓား သွားလှံသွားထက် ကလောင်သွားထက်တယ်ဆိုတာ နီးရက်နဲ့
မမြင်တတ်တဲ့ဟာကြီး လက်တွေ့သင်ခန်းစာ ပေးရမယ်။ ဒီတစ်ခါမှ ဒီဘီလူး အစွယ်မကျိုးရင်
ဟင်း...။
တယ်လီဖုန်း ချလိုက်ပြီးနောက်
ပိုအရှိန်တက်လာတဲ့ ဒေါသကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၊ ဧည့်ခန်းထဲ
ခေါက်တုံ့ခေါက် ပြန်လျှောက်ရင်း အမှတ်မထင် နံရံပေါ်က ကြည့်မှန်ပေါ်
မျက်လုံးရောက်သွားတဲ့အခါမှာ ဒေါသနဲ့ တောက်ပြောင် စူးရှခက်ထန်နေပြီး
မျက်တောင်ခတ်ပုံ မရသော မျက်လုံးတစ်စုံ၊ ဒေါသမာန်စွယ်ဖြင့် ပုံပျက်နေတဲ့
နှုတ်ခမ်းများ၊ မီးချောင်းနှစ်ချောင်းရဲ့ အလင်းတန်းတွေ ကြား အရိပ်ထွက်ခွင့်မရသော
ပုံရိပ်တစ်ခု။ ပြီးတော့ သူ့ကိုယ်သူ သတိမထားမိဘဲ အမွှေးအမျှင်တွေ ကြွေလွင့်ကျဲပါးနေသော
ငယ်ထိပ်တစ်ခု။ ဒါဆိုရင် ငါဟာလည်း...။ သူ့အတွေး မဆုံးခင် မလှမ်းမကမ်းမှာ
အစ်ကိုနှင့် ဆော့နေသည့် သမီးငယ်အသံက နားထဲ ရောက်လာပြန်သည်။
'ဘီလူး ဂဒုံးနှစ်ကောင်၊
ဒူးနှစ်လုံးထောင်၊ ဘီလူးဂဒုံး၊ နှစ်လုံး၊ ခစ်...ခစ်...ခစ်'
▀
မောင်လွင်မွန်၊ကသာ၊
(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။