နန္ဒာစိုး ၊ဆင်ဖြူကျွန်း၊
၁။
ကမ္ဘာမှာတော့
ဘယ်လိုရှိမယ် မပြောတတ်ဘူးပေါ့လေ။ မြန်မာမှာကတော့ဖြင့် 'ရွှေ'ဆိုတဲ့ အဝါရောင်သတ္ထု တစ်မျိုးနဲ့ပတ်သက်လာရင် တစ်ခါတစ်ခါ
ဘယ်လိုနားလည်ပေးရမှန်း မသိနိုင်တော့လောက်အောင်ကိုပဲ သည်းသည်းလှုပ်
ရှေ့တန်းတင်တတ်ကြတာ အမှန်ပဲလို့ ကိုကြည် တွေးမိတယ်။ ရွှေကို တော်တော်ကြီးလည်း အမြတ်တနိုး
တန်ဖိုးထားတတ်ကြတာ သိပ်သေချာတယ်။ နေ့စဉ်သုံးနှုန်းနဲ့ ပြောဆိုနေကြတဲ့စကားတွေကိုက
ရွှေနဲ့ သိပ်မလွတ်ချင်လှဘူး။ ဘဝမှာ အလွန်အားကိုး အားထားပြုကြရတဲ့ မိဘ (သို့မဟုတ်)
ဆရာသမား တစ်ဦးဦး ကွယ်လွန် သွားခဲ့ရင် ရွှေတောင်ကြီး ပြိုတာပါပဲတဲ့။
မှတ်ချက်ချကြပုံက။ ဆတ်ကော့လတ်ကော့ မြီးကောင်ပေါက် မိန်းကလေးတွေကို လူကြီးသူမတွေက
ဆိုဆုံးမပုံကိုလည်း ကြည့်ဦး။ 'ဟဲ့ကောင်မလေး... အနေအထိုင်
ပြင်စမ်း၊ မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့မရ ဆိုတာများ မကြားဖူးဘူးလား'တဲ့။ ဣန္ဒြေကို ရွှေကဲ့သို့ တန်ဖိုးထားရမယ် ဆိုတဲ့သဘော။ လတ်တလောမှာ
တစ်ခုခု အဆင်မပြေရင်ပဲ ထင်တိုင်း ပေါက်ခဲ့ဖူးတဲ့ နှောင်းကာလတစ်ခုကို တသသ
ပြန်လွမ်းနေတတ်တဲ့သူမျိုးနဲ့ တွေ့ပြန်တော့ 'ကဲ... ကဲ...
ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာတွေကို မေ့လိုက်ပါတော့ကွာ' တဲ့။
နားချနှစ်သိမ့်ပုံများ ကြားဖူးတာ ပြောပါတယ်။ ဇာတ်ပွဲတွေမှာလည်း နောက်ပိုင်း
ဇာတ်ထုပ်တွေကို ကိုကြည် ကြည့်ဖူးတယ်။ ဝန်ကြီးက ရှင်ဘုရင်ကို လျှောက်တာ။ 'မှန်လှပါ၊ အရှင့်ရွှေဖဝါးတော်အောက် ဒူးထောက်၍ တင်လျှောက်ပါမည်။
ရွှေနားနှစ်ဆူ ပန်ဆင်တော်မူပါ့ ရွှေဘုန်းတော် အရှင်မြတ်ကြီးဘုရား'တဲ့။ လူလူချင်းမှာ 'ပြောမယ်ဗျို့၊ နားထောင်' ဆိုတာနဲ့ ပြီးပေမယ့် ဟိုတစ်ဖက်က ရှင်ဘုရင် ဖြစ်လေတော့ ဘုန်းတော်ကံတော်ကို
အလေးအမြတ်ပြုပြီး ရွှေနဲ့နှိုင်းယှဉ် တင်စားရတာလေ။ ရွှေနား နှစ်ဆူတွေ ဘာတွေ
ဖြစ်ကုန်ရော။ နန်းတော်ကိုတောင်မှ ရွှေနန်းတော်တဲ့။ ရွှေရေးဆောင်တဲ့။
ရွှေတိုက်စိုးတဲ့။ ရွှေပုရပိုဒ်တဲ့။ ဘုရင့်သားတော်ဆို ရွှေလင်ပန်းနဲ့ အချင်းဆေးတယ်တဲ့။
ယောကျ်ား
မိန်းမ လက်ထပ်ကြတာကိုတောင် နှစ်ပြား ရွှေဂဟေဆက်တယ်လို့ပြောသေးတာ
ရှေးအစဉ်အလာပေကိုး။
'ရှေးခေတ်ကို ပြောနေလို့
အခုခေတ်ကျတော့ကော' လို့တောင် လာမမေးနဲ့။ ဘာမှ မထူးဘူး။
ခေတ်တွေ နှစ်ကာလတွေသာ အမျိုးမျိုး ပြောင်းသွားမယ်။ အဲဒီရွှေဆိုတဲ့ မောင်ကတော့
ခပ်တည် တည်ပဲ။ ပြောင်းလဲသွားဖို့ဝေးလို့ ရွှေက နားရွက်တောင် တစ်ချက်မခတ်ဘူး။
အမြီးတောင် တစ်ချက်မနှံ့ဘူးလို့ ပြောရမလိုဘဲ။ ဟုတ်သလေ။ အနုပညာလောကမှာပဲကြည့်။ မြို့တော်မောင်ယဉ်အောင်ရဲ့ နာမည်ကျော်
ပြဇာတ်တစ်ပုဒ်က ရွှေဖိနပ်ကြီး ရှပ်တိုက်စီးမယ်တဲ့။ စာရေးဆရာ ဒါရိုက်တာ
မောင်ဝဏ္ဏရဲ့ ပထမဆုံး အကယ်ဒမီဆုရ ဇာတ်ကားက ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ဆိုပဲ။
မင်းသားကြီး ဦးမြတ်လေးကတောင် ရွှေလက်ဖြင့် ခေါ်လည်းမလာနဲ့ ရွှေပန်းကန် ပေါ်ကျတဲ့မျက်ရည်ဆိုပြီး
အားကျမခံ ရွှေအမည်သုံး ရုပ်ရှင်တွေကို နှစ်ထပ်ကွမ်း ရိုက်သွားသေးတာကို ကိုကြည်
ကြည့်ဖူးပါ့။ ပလေးဘွိုင် ကိုသန်းနိုင်ရဲ့ ရွှေသီချင်းများဆိုတဲ့ အခွေတွေလည်း
ကိုကြည် နားထောင်ဖူးပါ့။
ရပ်သုံးရွာသုံး စကားပုံတွေကလည်း
များမှများပါ့။ ရွှေအကြောင်း သက်သေတဲ့။ ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ တဲ့။ အပေါ်ယံ
ရွှေမှုန်ကြဲ အထဲက နောက်ချေးခံတဲ့။ ဆုံးမစာတောင်မှ သားရွှေဥ ဆုံးမစာ ဆိုမှတော့
ကမ်းကုန်ရော။ ရွှေနဲ့ပတ်သက်လာရင် အကဲပါကြပုံတွေက ပြောမဆုံးပေါင် တောသုံးထောင် ပါ။
ကိုကြည်တို့ အညာလေသံနဲ့ ပြောရရင်တော့ 'ကိုရင်တို့ ရွှေချစ်ပုံကဖြင့်
လွန်ချက်... ရက်စက်သယ်' လို့ပဲ ကုန်းကုန်းအော်ဖို့
ရှိတော့တာကလား။
ကိုကြည်ကလည်း ခေတဲ့သူတော့ မဟုတ်ပါဘူး။
သည်လို အစဉ်အလာနဲ့ ရွှေချစ်တဲ့ အမျိုးအနွယ်ကြီးထဲက ပေါက်ဖွားကြီးပြင်းလာခဲ့တဲ့
သူဆိုတော့ ရွှေနဲ့မကင်းပါဘူး။ ဟော... ငယ်ငယ် တုန်းက ရွှေခဲဆိုတဲ့
ကြက်တူရွေးတစ်ကောင် မွေးဖူးတယ်။ ရွှေရဆိုတဲ့ ယောကျ်ားလေး သူငယ်ချင်းတစ်ယောက်
ရှိခဲ့ဖူးသလို တင်တင်ရွှေဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း ချိတ်တိတ်တိတ်
ဖြစ်ခဲ့ဖူးတယ်။ လူမှန်းသိတတ်စတုန်းက ကြီးဒေါ်စိန်ပြောပြလို့ ပထမဆုံး
နားထောင်ဖူးတဲ့ ပုံပြင်က ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ်သွားကြတဲ့ ပုံပြင်ပါ။
ကြီးလာလို့ အရက်ကလေး ဘာလေး သောက်မိပြန်တော့ ရှမ်းပြည်နယ်ထွက် ရွှေလိမ္မော်အရက်မှ
ရီတီတီရှိ တယ်ထင်တဲ့ကောင်။ ရွှေလိမ္မော်သောက်ပြီး ခပ်ထွေထွေနဲ့
သီချင်းအော်ဆိုတာတောင်မှ 'ကိုယ့်ချစ်သူကို ကတ္တီပါဖိနပ်စီး ရွှေထီးကလေးပဲ ဆောင်းစေချင်သည်' ဆိုတဲ့သီချင်းမှ...။
ဒါပေမယ့် အဲဒီသီချင်း
အော်ဆိုမိလို့ကတော့ ကိုကြည့်မိန်းမ မမဲတူက လှမ်းမျက်စောင်း ထိုးတော့တာပဲ။ ဟုတ်သလေ။
ပါးစပ်ကသာ ဆိုနေတာ။ လက်တွေ့မှာက မူးလို့မှ ရှူစရာ တစ်မှုံမရှိဘဲ ကိုး။
ကိုကြည်နဲ့တကယ် အလှမ်းဝေးခဲ့တာက အဲဒီ အဝါရောင် သတ္ထုခဲကိုခေါ်တဲ့ ရွှေတစ်မျိုးတည်းရယ်
ပါ။ ကိုင်း... သည်လိုလူက ညစဉ် ရွှေအိပ်မက်တွေချည်း လှိမ့်မက်နေလို့ စိတ်ညစ်နေရတယ်
ဆိုတော့ ဘယ့်နှယ်လုပ်ကြမတုံး။
အဲဒီကိစ္စက ကိုကြည်တို့ အိမ်မှာ
ကြီးဒေါ်စိန်ကွယ် လွန်သွားတာက စတာပဲ။
□
ကြီးဒေါ်စိန်ဆိုတာက ကိုကြည်ရဲ့
ဒုတိယအမေလို့ ပြောရမှာပါ။ တစ်ကောင်ကြွက်ဇာတာ ပါလေတော့ မိဘအရင်းတွေက
ကိုကြည်သုံးနှစ်သားမှာပဲ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတယ်။ သည်ကတည်းက တူတော်မောင်
လူမမယ်ကလေး ကိုကြည်ကို ကြီးဒေါ်စိန်က ဆက်ပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့ရတယ်
ပြောပါတော့။
ကြီးဒေါ်စိန် ကိုယ်တိုင်ကတော့ သားသမီး
သုံးယောက်မွေးပါတယ်။ သား တစ်ယောက်၊ သမီး နှစ်ယောက်။ သည်သုံးယောက်လုံးကိုတော့
ကိုကြည်ပဲ ထိန်းခဲ့ရတယ်။ သူက တစ်ဝမ်းကွဲ အစ်ကိုကြီး ဖြစ်နေတာကိုး။
ကလေးသုံးယောက်ရပြီး သိပ်မကြာဘူး။ ကြီးဒေါ်စိန်ရဲ့ယောကျ်ားလည်း သေပြန်ရော။
ကိုကြည်တို့မောင်နှမ လေးယောက်ကို ကြီးဒေါ်စိန်က ဈေးတောင်းခေါင်းရွက် ရုန်းကန်ပြီး
ကျွေးမွေးခဲ့တယ်။ ကြိုးစားပြီး ကျောင်းထားပေးခဲ့ပေမယ့် ကိုကြည်က ပညာပါရမီ
မပါလို့နဲ့ တူပါရဲ့။ ခြောက်တန်းကို တစ်ဝက်တိတိ ခေါက်ချိုးချိုးပြီး
သုံးနှစ်ဆက်တိုက်ကျတယ်။ စာသင်ဖို့ စိတ်မပါတဲ့အတူတူ ကျောင်းသားဘဝက ထွက်ပြီး
အရပ်သားဘဝကို ပျော်ပျော်ကြီး ကူးပြောင်းခဲ့ချိန်မှာ ကိုကြည် လူပျိုဖော်ဝင်စ
ပြုနေပါပြီ။ အဲဒီအချိန်ကစပြီး သူ့အောက်က ဝမ်းကွဲညီ၊ ညီမ သုံးယောက်ကို
စောင့်ရှောက်၊ ကြီးဒေါ်စိန်ရဲ့ အလုပ်ကိစ္စဟူသမျှ ဝိုင်းကူနဲ့ နေလာခဲ့တာ မမဲတူနဲ့
အိမ်ထောင်ကျတဲ့ အချိန်အထိ ဆိုပါတော့။
အိမ်ထောင်ကျပြီဟေ့ ဆိုကတည်းက ကိုကြည်
ဖတ်သီလန်တော့တာပဲ။ 'ဘာအလုပ် လုပ်သလဲ' လို့ မေးရင် 'ဥပဒေနဲ့ လွတ်ကင်းရင်ပြီးရော။ ပိုက်ဆံရသမျှ အလုပ်မျိုးစုံလုပ်တယ်'လို့ပဲ ဖြေရမယ်။ 'ဘယ်လုပ်ငန်းပါ'လို့ တစ်ခုတည်း အမည်တပ်ပြောစရာ အလုပ်မရှိဘူး။ ကြုံရာပဲ။ သစ်ပင်အငှားလိုက်
ခုတ်တာကအစ ကုန်စိမ်းတောင်းထမ်းတာအဆုံး။ ကျသမျှ ဖမ်းပြီး လုပ်တဲ့ 'ကျဖမ်း' အလုပ်သမားစစ် စစ်လေ။ သားသမီးတွေ
တစ်ယောက်ပြီး တစ်ယောက် မွေးရင်း၊ တစ်နေ့ချင်းစာ တစ်နေ့ ရှာစားရင်း ဘဝကို
တစ်ရက်ချင်း ဖြေရှင်းလာခဲ့ကြတဲ့ လင်မယားဆိုလို့ အရပ်ထဲမှာ ကိုကြည်တို့လင်မယားပဲ
ရှိတယ်။ 'မနက်ဖြန်ဆိုတာ မလာသေးဘူး။ သည်ကနေ့ ကိစ္စကို
သည်ကနေ့ရှင်း'ဆိုတာ ကိုကြည့်ဝါဒပဲ။ သည် ဝါဒအတိုင်းပဲ
ချီတက်လာခဲ့တာ သေချာတယ်။
'ဟေ့... လူ့လောကမှာ
တို့ထက်ပိုပြီး အခြေခံကျတဲ့အရာ ရှိသေးရင် ပြစမ်းပါလို့တော့ လာမမေးနဲ့၊
ဖောင်ဒေးရှင်း ချထားတဲ့ အုတ်ခုံတို့၊ သံဖိနပ်တုံးတို့ကို လက်ညှိုး ထိုးပြလိုက်မယ်။
ဘဝမှာ အဲလောက် အခြေခံကျကျနေတဲ့ အကောင်ဟာ မောင်ကြည်ကွ... မှတ်ထား'
အရက်ကလေး ထွေလာရင်
အဲလို ထထအော်လို့ မမဲတူနဲ့ လင်မယား ရန်သတ်ရတာလည်း အကြိမ်ပေါင်း ရာချီနေရော့မယ်။
ကိုကြည်က သည်လိုပျော်ပျော်နေတတ်တဲ့လူပါ။ 'ရွှေဈေးတွေ
ထိုးကျသွားပြီးတဲ့တော့'လို့ မမဲတူက ပြောလာရင် 'အဲဒါ မင်းကိစ္စလား။ ဆီဈေး ဆန်ဈေး ကျမကျဘဲ အရေးကြီး ပါသကွာ'လို့ ကိုကြည် ပြန်ဖြေလေ့ရှိတယ်။ ရွှေဆိုတာ ကိုယ့်ဘဝအနေအထားအရ ကိုယ်နဲ့
လုံးဝပတ်သက်စရာကို မလိုတဲ့ပစ္စည်းလို့ သတ်မှတ်ထားတာကလား။ ရွှေမရှိလို့ ငါ့ဘဝမှာ
မျက်နှာငယ် ရလေခြင်းလို့ ယောင်လို့မှ မတွေးခဲ့ဖူးပေါင်။ နေ့စာ ညစာ ချက်စားစရာ
ဆန်မရှိရင်သာ စိတ်ပူမိတတ်သေး။ သည်လိုနဲ့ပဲ ဘဝကို ဖြတ်သန်းလာခဲ့ကြတာပါပဲ။
ကြီးဒေါ်စိန်ဘက်ကို
ပြန်ပြောရရင် သား တစ်ယောက်၊ သမီးနှစ်ယောက် ရှိတဲ့အနက် အငယ်ဆုံးသားကို
ရှစ်နှစ်သားမှာ ရှင်ဖြစ်အလှူ ကလေးလုပ်ပြီး ကိုရင်ဝတ်ပေးလိုက်မိပါတယ်။ ဘုန်း
ကြီးဇာတာ ပါလာလို့ ထင်ပါရဲ့။ လုံးဝ လူပြန်မထွက်တော့တာ ပဉ္ဇင်းခံတဲ့အထိ။
ငယ်ဖြူကိုယ်တော် စစ်စစ်အဖြစ်နဲ့သာ သာသနာ့ဘောင်မှာပဲ ပျော်မွေ့သွားတယ်။ သမီး
နှစ်ယောက်ကလည်း ရုပ်ကလေးတွေက အချောစားလေးတွေ ဖြစ်လာလေတော့ ဘယ်ကြာကြာ
ခံလိမ့်မတုန်း။ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ အိမ်ထောင်တွေကျကုန်ရော။ သူတို့
ကံကလေးတွေက ကောင်းတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက ကောင်လေးတွေနဲ့ချည်း ရကြတယ်။
ညီအစ်မ နှစ်ယောက်လုံး ရွှေနဲ့ငွေနဲ့ တိုက်နဲ့တာနဲ့။
သည်မှာတင် တစ်ယောက်တည်း
ဖြစ်နေခဲ့တဲ့ ကြီးဒေါ်စိန်က သမီးတွေနဲ့ လိုက်နေကြည့်တယ်။ တစ်နှစ်မခံဘူး။ ဘယ်သမီးဆီမှာမှာ
တစ်နှစ်ကြာအောင် နေလို့မရဘူး။ အဆင်မပြေဘူးတဲ့။ သား ဦးပဉ္ဇင်းရဲ့ ကျောင်းကို
လိုက်နေရအောင်ကလည်း မသင့်တော်လှဘူး။ သည်တော့ နောက်ဆုံးပိုင်ဆိုင် တဲ့ အိမ်ကလေးကို
ချရောင်းပြီး ကိုကြည့်ဘူတာကို ထိုးဆိုက်လာတယ်။ အသက်ကလည်း ကြီးလာပြီဆိုတော့
ပြုစုစောင့်ရှောက်မယ့် ကူဖော်လောင်ဖက်က လိုအပ်လာတာ အမှန်လေ။ အိုကြီးအိုမ နဲ့
တစ်ယောက်တည်းနေလို့ အဆင်မပြေချင်တော့ဘူး မဟုတ်လား။
'ငကြည်ရေ... ငါ
နင်တို့မိသားစုနဲ့ပဲ အတူနေတော့မယ်။ ဘယ်သမက်နဲ့မှ ငါနဲ့ အဆင်မပြေဘူး။ သမက်တွေက
ကုတ်ကပ်စေးနှဲတွေ ချည်းပဲ။ ရော့... ဒါက ငါ့ အိမ်ကလေးရောင်းလို့ ရတဲ့ငွေ'
တစ်သိန်းကျော်ကျော်
ရှိတဲ့ ငွေထုပ်ကလေး ထိုးပေးပြီး ကြီးဒေါ်စိန် ပေါက်ချလာတယ်။
'ရပါ့ဗျား။
တစ်သက်လုံးပဲ ဒီမှာနေစမ်းပါ။ ကျုပ် တာဝန်ယူပါတယ်။ ကျွေးတုံ့ ကျွေးလှည့်
ပြန်ကျေးဇူးဆပ်ခွင့်ရတာပဲ တော်လှပြီ။ ကြီးဒေါ်စိန် ငွေထုပ်လည်း နောင်ရေးအတွက်
တစ်နေရာရာမှာ အပ်ထားလိုက်။ အိုစာ မင်းစာ ဆေးဖိုးဝါးခချန်ထား။ ကျုပ်တစ်ပြားမှ
မကိုင်ချင်ပေါင်။ ကိုယ့်ခြေကိုယ့် လက် ရှိနေသမျှ ငကြည်တို့ ထမင်းမငတ်ဘူး။
မဲတူကလည်း ကျုပ်သဘောတစ်ခုပဲ။ ဘာမှပြဿနာမရှိဘူး'
သည်လိုနဲ့ အတူနေလာ
လိုက်ကြတာ နှစ်ပေါင်းများစွာပါ။ အသက် ၇ဝ နားနီးတော့မှ ကြီးဒေါ်စိန်ရဲ့ ကျန်းမာရေးက
ထဖောက်လာတယ်။ ဆေးဝါးကုသဖို့ ဆရာဝန်တွေနဲ့ ပြသစစ်ဆေး ကြည့်တော့မှ 'တော်တော် လုပ်ရက်တဲ့ ငနဲပဲ'ဆိုပြီး
ဇာတ်ဆရာသကောင့်သားကို ကလော်တုပ်ချင်စိတ် ပေါက်သွားတယ်။ ဘယ့်နှယ်... အရက်မသောက်၊
ဆေးလိပ် မသောက်တဲ့ ကြီးဒေါ်စိန်မှာ ဖြစ်တဲ့ရောဂါက အသည်းကင်ဆာဆိုကိုး။ ဘာကြာ
လိုက်လို့တုန်း။ ကြီးဒေါ်စိန်မှာပါလာတဲ့ အိုစာမင်းစာ ငွေထုပ်ကလေးလည်း
အဲဒီကိုရွှေကင်ဆာရဲ့ ပါးစပ်ထဲ ခွံ့ရတာနဲ့ တက်တက်ပြောင်ပါလေရော။ တစ်နေ့စာ တစ်နေ့
ရှာစားရတဲ့ ကိုကြည့်မှာကလည်း ဆေးဖိုးဝါးခကို လုံးခနဲ ခဲခနဲ မလိုက်နိုင်။
ဘယ့်နှယ်လုပ်ကြတော့မတုန်း။ ကြီးဒေါ်စိန်ရဲ့ နားနှစ်ဖက်မှာ ပန်ထားတဲ့ ရွှေနားကပ်
ကလေးတွေကိုတော့လည်း ချွတ်ဖို့ မပြောရက်ပါဘူး။ ကြီးဒေါ်စိန် စိတ်မကောင်း
ဖြစ်သွားမှာ စိုးလို့။
သားဦးပဉ္ဇင်းကလေးကတော့
အလှူအတန်းတွေက လှူဒါန်းကြတဲ့ ဒါတဗ္ဗ ဝတ္ထုငွေကလေးတွေကို စုစုပြီး မယ်တော်ကြီးအတွက်
ဆေးဖိုးဝါးခအဖြစ် လာလာပေးရှာပါတယ်။ သမီး နှစ်ယောက်ကလည်း မအေဆီ လာကြတိုင်း
ရွှေလက်ကောက်တွေ တစ်တောင်လောက် တချွင်ချွင်ဝတ်လို့၊ ရွှေဆွဲကြိုးကြီးတွေ နှစ်ကုံး သုံးကုံး
လည်ပင်းပြတ်ကျမတတ် ဆွဲလို့ ဆိုပေမယ့် ဆေးဖိုးထောက်ပံ့ငွေကျတော့
ဆင့်ပါးစပ်နှမ်းပက်ပါ။ ကြာလာတော့ ကိုကြည်က ဝမ်းကွဲ ညီမတွေကို မျက်စိစပါးမွှေး စူး၊
အူတွေပွလာပြီး တုတ်ထိုးအိုးပေါက် ပြောချလိုက်တယ်။
'နင်တို့ဟာက
မဟုတ်သေးပါဘူး။ နင်တို့အမေရဲ့ ဆေးဖိုးစရိတ်က လေယာဉ်ပျံ ပျံသလောက် အမြင့်က
သွားနေတာ။ ဒါကို နင်တို့က ကလေးတွေ ငှက်ပစ်သလောက်နှုန်းနဲ့ အောက်ကနေ လောက်လေးခွနဲ့ လှမ်းလှမ်းထုသလို
ဖြစ်နေတယ်။ လောက်စာလုံးပဲ ကုန်တယ်။ လေယာဉ်ပျံကတော့ သူ့ကို လှမ်းထုနေမှန်းတောင်
မသိလိုက်ဘူး ဆိုသလိုကြီး။ ဒီမယ်... ကုမှကုရင် အကုန်အကျခံပြီး ငွေအားနဲ့
ဖိကုမှရမယ်။ နင်တို့ မတတ်နိုင်ကြတာလည်း မဟုတ်ဘူး။ ဒီရွှေ လက်ကောက်တွေ၊ ဆွဲကြိုး
တွေကို ဘာလို့ အလှကြည့် နေကြတာတုန်း။ တစ်ကုံးစီ တစ်ရံစီ ဆိုသလို ထုခွဲပြီး ငွေ
ဖော်ကြပါတော့လား။ နင်တို့မှာ ကင်းခြေများ ခြေတစ်ချောင်း ပြုတ်သလောက် ရှိပေမယ့်
ကြီးဒေါ်စိန်အတွက်ကျတော့ အတော်ထုထုခံခံ ကလေးဖြစ်သွားမှာဟ။ ငါ ငမွဲမှန်းလည်း
နင်တို့သိရက် သားနဲ့။ ငါက စိုက်ထုတ်ကုန်စရာ ငွေကို မတတ်နိုင်လို့ ကြည့်နေရတာ'
သည်တော့ ညီအစ်မ နှစ်ယောက်စလုံး
ဆေးလိပ်မီးနဲ့ အထိုးခံလိုက်ရသလို တွန့်ခနဲ ဖြစ်သွားကြတယ်။ ပြီးတော့ ချက်ချင်း
သံပြိုင် ဖြေကြတယ်။ ညီလိုက်ကြတာ။ ယိမ်းတိုက်ထားသလား ထင်ရတယ်။
'အများကြီး
ဝတ်ထားတယ်ဆိုပေမယ့် ဒါတွေ ချွတ်ပြီး ထုခွဲလို့တော့ မဖြစ်ဘူး အစ်ကိုကြည်ရဲ့။
ကျွန်မတို့ ယောကျ်ားတွေက သတ်လိမ့်မယ်။ သူတို့က မယားထိရင် ဓားမကြည့်ဘဲ နေချင်နေမယ်။
သူတို့ရွှေထိလို့ကတော့ ဓားကြည့်ထားဆိုတဲ့လူတွေ။ မချွတ်ရဲပါဘူး' တဲ့။ ကြီးဒေါ်စိန်ရဲ့ ရွှေသမက်ကလေးတွေနဲ့ ပတ်သက်ပြီး သမီးနှစ်ယောက်စလုံးက
ငြင်းလိုက်ကြတာ ခါးခါးသီး။ ဖြစ်မှ ဖြစ်ရလေ။ 'အမေ သေမှာကိုပဲ
လက်ပိုက်ကြည့် နေလိုက်တော့မယ်။ ကျွန်မတို့ကတော့ ဘယ်ရွှေမှ တစ်မှုန်
အလျော့မခံနိုင်ပေါင်' ဆိုတာမျိုးပဲလို့ ကိုကြည် ရင်နာနာနဲ့
သိလိုက်ရတယ်။ 'သြော်... အမေ့အသက်ထက်တောင် ရွှေကို
ချစ်ကြသပေါ့လေ။ နင်တို့သေတော့ အဲဒီရွှေတွေက နင်တို့နောက် ပါလာမယ် ထင်လို့လား'လို့ ငေါ့လိုက်ချင်သမျှ လျှာတွေ ယားနေတယ်။ မကြာပါဘူး။ ကြီးဒေါ်စိန်
သေတာပဲ။ သေပြီဆိုတော့ သမီးရင်း နှစ်ယောက်နဲ့ သားဦးပဉ္ဇင်းကလေးတို့ကို အကြောင်း
ကြားရတယ်။
'အစ်ကိုကြည်လည်း
ပိုက်ဆံတတ်နိုင်တဲ့သူမှ မဟုတ်တာဘဲ။ အမေ့အသုဘ စရိတ်နဲ့ ရက်လည်ဆွမ်းသွပ်
စရိတ်တွေအတွက်တော့ အမေ့ရွှေနားကပ်ကလေးကိုပဲ ချွတ်ရောင်းလိုက်ပါတော့။ ကျွန်မတို့
သဘောတူပါတယ်။ သေတဲ့သူကလည်း သေပြီးပြီပဲဟာ' တဲ့။
သမီးနှစ်ယောက်က တစ်သံတည်း ထွက်တယ်။
သားဦးပဉ္ဇင်းကတော့ 'အစ်ကိုကြည်တို့ မောင်နှမ တစ်တွေပဲ တိုင်ပင်ပြီး သင့်တော်သလို လုပ်ကြပါ'
ဆိုတဲ့ တစ်ခွန်းပဲ မိန့်တယ်။ ဦးပဉ္ဇင်း ဖြစ်နေပေမယ့်
သည်မောင်နှမတွေထဲမှာ သူက အငယ်ဆုံး မဟုတ်လား။ ပြီးတော့ ရဟန်းသံဃာဆိုတော့
ဝိနည်းတော်အရကိုက ရွှေနဲ့ငွေနဲ့ ဘာမှမပတ်သက်ဘူးလေ။ ရွှေငွေပစ္စည်းဥစ္စာနဲ့
ပတ်သက်ပြီးတော့လည်း ဘာမှပြောချင် မိန့်ချင်ပုံ မရဘူး။ ကိုကြည် သက်ပြင်းချတယ်။
ကြီးဒေါ်စိန်အသုဘအတွက် ငွေလိုတာလည်း အမှန်၊ သူ့မှာ စိုက်ထုတ်ကုန်ကျစရာ မရှိတာကလည်း
အမှန်ဆိုတော့ ညီမတွေ ပြောသလိုပဲ မျက်စိမှိတ်လုပ်ရတော့မလို ဖြစ်နေတာကိုး။
တတ်နိုင်ပါဘူးလို့ပဲ ဆုံးဖြတ်ချက် ချလိုက်ရတယ်။
'အေး... ကောင်းပြီနော်။
ဒီလိုဖြင့် ကြီးဒေါ်စိန်ရဲ့ နားကပ်ကို ငါ ချွတ်ပြီ'
ကိုကြည်ကိုယ်တိုင်ပဲ
အားလုံးရဲ့ရှေ့မှာ ကြီးဒေါ်စိန်ရဲ့ အလောင်းက နားကပ်ကို တုန်တုန်ရီရီနဲ့
ချွတ်လိုက်ရတယ်။ အဲဒီရွှေနားကပ်ကလေးကို သွားရောင်းလို့ ရတဲ့ငွေက နှစ်သောင်းကျော်
ရုံကလေးပါ။ ရတဲ့ငွေနဲ့ ကြီးဒေါ်စိန်ရဲ့ အသုဘကို လှလှပပ ချလိုက်နိုင်တယ်။ ယပ်တောင်
ကမ်းနိုင်တယ်။ ရက်လည်ဆွမ်းသွပ်တော့လည်း ပင့်သံဃာငါးပါးကို ကောင်းကောင်းမွန်မွန်
ဟင်းလျာတွေနဲ့ ချက်ပြုတ်ဆက် ကပ်လှူဒါန်းနိုင်လိုက်တယ်။ ဆွမ်းသွပ်တရားနာပြီးတော့ 'ကြီးဒေါ်စိန်ရေ...
ရောက်ရာဘဝ ကြားရာအရပ်က သာဓုခေါ်ပါ၊ အမျှ... အမျှ.. အမျှ'ဆိုပြီး
ကိုကြည်ကိုယ် တိုင် မျက်ရည်ဝဲဝဲနဲ့ ရေစက်ချ အမျှဝေပေးလိုက်တယ်။ အဲဒီတော့မှပဲ 'ကြီးဒေါ်စိန်နဲ့ ပတ်သက်လို့ ကိစ္စကြီးတစ်ခုတော့ ပြီးသွားပဟ'ဆိုပြီး စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်သလို တော်တော်လေးလည်း
ရင်အေးသွားတယ်။ ဒါပေမယ့် အဲဒါက ဘယ်ဟုတ်လို့တုန်း။
မဟုတ်လိုက်သမှတော့ အဲလို ဆွမ်းသွပ်အမျှဝေပြီးတဲ့
နောက်တစ်နေ့ညကစလို့ ကြီးဒေါ်စိန်က တစ်စခန်း ထလာချတော့တာကလား။ တော်တော်ရင်ပူစရာ
ပြဿနာကို ဗျိုးဟစ်လာတာ တစ်ည ကိစ္စမဟုတ်ဘူး။ ကိုကြည့် အိပ်မက်ထဲမှာ ကြီးဒေါ်စိန်
ပေါ်ပေါ်လာပြီး ငိုကြီးချက်မ နှပ်တရှုံ့ရှုံ့၊ မျက်ရည်တတွေတွေနဲ့ ပြောတော့တာပဲ။
'ငကြည်ရယ်... နင်ဟာ
တစ်သက်လုံးက ကောင်းခဲ့သမျှ အတိုးချပြီး ငါသေတော့မှ ငါ့အပေါ် ရက်စက်လိုက်လေခြင်း၊
ငါ့ရောဂါ ကုဖို့ ငွေလိုနေမှန်း ငါကိုယ်တိုင် သိရက်နဲ့တောင် ငါ့ရွှေ နားကပ်ကလေးကို
ချွတ်မရောင်းဘဲ ဝေဒနာပဲ ကြိတ်မှိတ်ခံစားပြီး အသေခံခဲ့တာ။ ဟင်... ခုတော့ နင်က ငါ့
ရွှေနားကပ်ကို ရက်ရက်စက်စက် ချွတ်ရောင်းပြီး အသုဘစရိတ် လုပ်ပစ်တယ်။ ငါ့မှာ
သေတာတောင် နားပေါက်ဟောင်းလောင်းနဲ့။ ရှက်ဖို့ကောင်းလိုက်တာ။ သုဿန်ရောက်လို့
မြေမြှုပ်ခါနီး နောက်ဆုံးအနေနဲ့ ငါ့အခေါင်းကို ဖွင့်ကြည့်ကြတော့
ဝိုင်းကြည့်နေကြတဲ့ မိန်းမတွေထဲက 'ကြည့်ဦး... အဘွားကြီးမှာ
သေတာတောင် ရွှေမပါတော့ဘူး။ နားပေါက် ဟောင်းလောင်းနဲ့'လို့
ခပ်တိုးတိုး အတင်းပြော အပုပ်ချကြတာ နင်တို့ မကြားပေမယ့် ငါကြားတယ်ဟဲ့။
ငါ့ရွှေနားကပ်တွေ အခုပြန်ပေး' တဲ့။
'ဘယ်လိုဖြစ်ရတာတဲ့တုန်း။
ကယ်ကြပါဦး အရပ်ကတို့ရေ။ ဟောဒီမှာ အခက်ကြီးတော့ ကြုံနေပြီခင်ဗျ'လို့သာ ကိုကြည်တော့ ကုန်းကုန်း အော်ပစ်လိုက်ချင်တော့တာပဲ။ ကြီးဒေါ်စိန်က
သူ့ရွှေ နားကပ်လေးတွေ ပြန်ပေးရမတဲ့။ ပထမ တစ်ညနှစ်ညတော့ 'ငါကိုက
စိတ်စွဲတာ နေမှာပါလေ'လို့ တွေးပြီး ဖြေဖျောက်ပစ်နေမိသေးတယ်။
ဒါပေမယ့် မဟုတ်ပါပဲကလား။ ကြီးဒေါ်စိန်ရဲ့ ရွှေအိပ်မက်က တစ်ပတ်လောက်အထိ ညတိုင်း
ဆက်တိုက် မက်နေတယ်။ သည်တော့ ကိုကြည် ကျောချမ်းလာတယ်။ လန့်လည်း လန့်လာတယ်။
စိတ်တွေလည်း ညစ်လှပြီ။ အိပ်ရေးတွေ ပျက်ရလို့ လူတောင် မျက်ကွင်း တွေ
ချောင်လိုက်လာပြီ။ ကိုကြည့်မှာက ရွှေနားကပ်ကလေး ပြန်လုပ်ပေးဖို့ရာ ပိုက်ဆံမှ
မရှိဘဲ။ ပိုက်ဆံရှိလို့ ပြန်လုပ်ပေးနိုင်တယ်ထား။ သူ့နားကပ်ကို ကိုကြည်က
ဘယ်ဆီလိုက်ပေးရမှာတဲ့တုန်း။ ဘယ်နည်းနဲ့ ပေးရမှာတဲ့တုန်း။
သည်တော့ 'ဒီအတိုင်း
ငြိမ်ခံနေလို့တော့ မဖြစ်ချေဘူး။ ဒီကိစ္စကို တစ်နည်းနည်းနဲ့ ဖြေရှင်းမှ ဖြစ်မယ်'
လို့ အမျိုးမျိုး စဉ်းစားလာရတော့တယ်။ မမဲတူကို အကြောင်းစုံ
ပြောပြပြီး စစ်ကူ တောင်းကြည့်မိပါတယ်။
'အဲဒါ ဖြစ်နိုင်တယ် ကိုကြည်။
ကျုပ်တောင် ဘယ်မင်္ဂလာဆောင်တို့၊ အလှူတို့ကပဲ ဖိတ်ဖိတ်၊ နား မှာ ရွှေနားကပ်ကလေး
မှုန့်မှုန့်သေးသေးမှ မဆင်နိုင်တော့ လူကဲ့ရဲ့ခံရတော့မှာပဲ ဆိုပြီး မသွားရဲလို့
တော့်ကိုချည်း လွှတ်တာကြည့်။ ကြီးဒေါ်စိန်ခမျာလည်း သူ့အရင်က သေနှင့်လို့ သင်္ချိုင်းမှာ
ကြိုရောက်နေနှင့်တဲ့ အသိမိတ်ဆွေမိန်းမတွေက ရွှေမပါလို့
ဝိုင်းအကဲ့ရဲ့ခံနေရလေသလားမှမသိတာ။ ဒါကြောင့် ဒီလောက် နားပူနားဆာတိုက်တဲ့
အိပ်မက်ကို ညစဉ်ပေးနေတာ ဖြစ်နိုင်တယ်။ ကျုပ် ကိုယ်ချင်းစာမိတယ် ကိုကြည်' တဲ့။
သေရော...။ အရေးထဲ သူကပါ
ကြီးဒေါ်စိန်ဘက်က ဝင်ထောက်ခံနေလို့ ကိုကြည် တော်တော်စိတ်ညစ်ပြီး ပက်လက်လန်သွားတယ်။
'တောက်... ငါ ထထောင်းလိုက်ရ မကောင်းဘဲ ရှိရော့ မယ်'ဆိုပြီး
မမဲတူကို မျက်စောင်းကြီး ပစ်ထိုးလိုက်မိသေးရဲ့။ လူတွေက ဘယ်လိုဖြစ်ကြတာတုန်း။ 'တုံးရန်၊ အ,ရန်ကော'လို့ ပြောခါမှ ပြောကြစေတော့။
ကိုကြည်တော့ စဉ်းစားလို့ ဉာဏ်မမီချင်တော့ဘူး။ ဒါပေမယ့် ခက်တော့ခက်တယ်။
ဘယ်မင်္ဂလာဆောင်သွားသွား၊ ဘယ်အလှူပွဲသွားသွား ရွှေတွေ ညွှတ်နေအောင် ဆင်လာတဲ့
မိန်းမကြီးတွေ ဝင်လာတာနဲ့ ဧည့်ကြိုပုဂ္ဂိုလ်များက 'လာပါ၊ ကြွပါ'
ဆိုပြီး ပျာယာခတ်အောင် ကြိုဆိုကြ၊ နေရာပေးကြတာ ကိုကြည်
မြင်ဖူးတွေ့ဖူးနေတာပဲ။ အဲဒီ ရွှေတွေ ညွှတ်နေတဲ့သူဟာ စိတ်ကောင်း နှလုံးကောင်း
ရှိသူလား၊ စိတ်ယုတ် စိတ်ပုပ် ရှိသူလား၊ လူတွေကို မေတ္တာ ရှေ့ထား ကူညီဖေးမတတ်သူလား၊
နိုင်တုန်း ဖိထောင်းတတ်သူလားဆိုတာမျိုး ဘယ်သူကမှ ခွဲခြမ်းစိတ်ဖြာ
ကြည့်ရကောင်းမှန်း မသိတော့ဘူး။ တကတဲ သွားတဖြီးဖြီးနဲ့ တဟီးဟီး
မျက်နှာချိုသွေးကြတော့တာ လူ့သမိုင်း အစဦးကတည်းက စွဲခဲ့တဲ့အကျင့်လေလား
အောက်မေ့ရလောက်အောင် ကိုကြည် ကြုံဖူးတွေ့ဖူးနေတော့လည်း အခက်ကြီးပေကလား။
နောက်ဆုံးတော့ ကြီးဒေါ်စိန်ရဲ့သား၊
သူ့ရဲ့ညီ ဦးပဉ္ဇင်းကလေးဆီ ပြေးပြီး သည်အိပ်မက်ကိစ္စကို လျှောက်ထားလိုက်ရတယ်။
ဦးပဉ္ဇင်းကလေးလည်း တော်တော်ကို အံ့အားသင့်သွားပုံပဲ။ အကြာကြီးစဉ်းစားနေပြီးမှ
တစ်ခွန်းမိန့်တယ်။
'မပူပါနဲ့ အစ်ကိုကြည်ရယ်။
ကျောင်းက သံဃာတွေ ပင့်ခဲ့မယ်။ အစ်ကိုကြည် စိတ်ထဲ ရှင်းသွားအောင်
အစ်ကိုကြည့်အိမ်မှာပဲ အန္တရာယ်ကင်း ပရိတ်တော်တွေ ရွတ်ဖတ်သရဇ္ဈယ်ပေးမယ်။
ဒကာမကြီးလည်း အစွဲရှိနေရင် ကျွတ်လွတ်သွားအောင်လို့ပေါ့ ဟုတ်ပလား'တဲ့။
□
၃။
အိမ်ကို အန္တရာယ်ကင်း ပရိတ်တော်တွေ
လာရွတ်ဖတ် သရဇ္ဈယ်ပေးကြတဲ့ ညီ ဦးပဉ္ဇင်းလေး အပါအဝင် ပင့်သံဃာ ၅ ပါးကို ကျောင်းအထိ
ပြန်လိုက်ပို့ပေးလိုက် ပြီးတော့မှပဲ ကိုကြည် သက်ပြင်းချနိုင်တယ်။ ရင်ထဲမှာလည်း
အတော်ပေါ့ပါးသွားတယ်။ သူ့သားအရင်းဖြစ်တဲ့ ဦးပဉ္ဇင်းလေးကိုယ်တိုင်တောင်
ပရိတ်ရွတ်တဲ့အထဲမှာ ပါတာကိုတော့ ကြီးဒေါ်စိန်လည်း သိလောက်ပါရဲ့။
လက်လျှော့သွားနိုင်ကောင်းပါရဲ့ ဆိုတဲ့အတွေးနဲ့ ကျောင်းက ပြန်လာခဲ့ရင်း လမ်းမှာ
လက်ဖက်ရည်ဆိုင် ခဏထိုင်တယ်။
ကျဆိမ့်တစ်ခွက်မှာ သောက်နေမိတုန်း
ရှိသေး။ ကပ်လျက်စားပွဲဝိုင်းက လူငယ်ကလေးတွေရဲ့ စကားသံတွေက ကိုကြည့်နားထဲ
ဖြတ်ဝင်လာတယ်။ ပြောနေတဲ့ ကောင်လေးက တခြားနိုင်ငံတစ်ခုခုမှာ သွားအလုပ်လုပ်ပြီး
ခဏပြန်လာတဲ့သူနဲ့ တူပါရဲ့။ သူ့ရဲ့နိုင်ငံခြား အတွေ့အကြုံတွေကို ရှင်းပြနေတာပါ။
'ဟိုမှာကျတော့ အတိုကောက် သင်္ကေတစကားလုံးတွေပဲ
သုံးတယ်ကွ။ စင်ကာပူဆိုရင် စလုံး၊ ဖိလစ်ပိုင် ဆိုရင် ဖဦးထုပ်၊ ယိုးဒယား
မလေးတွေအကြောင်း ပြောချင်ရင်တော့ ယပက်လက်ပေါ့။ အဲ... တို့အချင်းချင်း ကျရင်တော့ 'ရွှေ' လို့ သုံးတယ်လေ'
'ဟင်... အဲဒါကျတော့ 'မ'လို့ မသုံးဘူးလား။ ရွှေဆိုတော့ တစ်မျိုးကြီး
ဖြစ်မနေဘူးလား'
ဘေးက တစ်ယောက်က ဝင်မေးတော့
ဟိုကောင်လေးက ဆက်ပြောတယ်။ 'ဟင့်အင်း... တို့ အချင်းချင်းကတော့ ရွှေလို့ပဲ သုံးတယ်။ ရွှေကနေ
တစ်ရွေးသားမှ အလျော့မခံနိုင်ဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ မြန်မာမှန်ရင်
ရွှေပဲ။ မသေမချင်း မှတ်'
ကိုကြည် သက်ပြင်းကြီး ချလိုက်မိတယ်။ 'သြော်...
တယ်လဲ ရွှေချစ်တဲ့ အမျိုးပါကလားနော်'လို့ စဉ်းစားလိုက်မိလို့
ပြုံးပဲ ပြုံးမိရသေး။ ကိုယ့်မှာကလည်း ညစဉ်မက်နေရတဲ့ ရွှေအိပ်မက်ကြောင့်
ဒုက္ခရောက်နေရတာ မဟုတ်လား။ ဒါပေမယ့် အဲဒီညကတော့ ကိုကြည် စိတ်ချလက်ချပဲ အိပ်ရာဝင်
လိုက်ပါတယ်။ မနက်ကမှ ပရိတ်ရွတ်ထားတာဆိုတော့ သည်ညတော့ ဖြောင့်ဖြောင့်
အိပ်ရကောင်းပါရဲ့ပေါ့လေ။ မရပါဘူး။ အချိန်ကျတော့ အိပ်မက်ထဲ ကြီးဒေါ်စိန်
ပေါ်လာပြန်တာပါပဲ။ သည်တစ်ခါ ပေါ်လာပုံက ပိုတောင် ဆိုးနေသေးတယ်။ ကြီးဒေါ်စိန်က
စိတ်တွေဆိုးလို့။ ကိုကြည့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒေါသတကြီးနဲ့ ပြောတယ်။
'ဟဲ့... ငကြည်၊ တို့အမျိုးက
တစ်မအေတည်းက မွေးလာတဲ့ ညီအစ်ကို မောင်နှမအရင်းတွေ ဖြစ်ပစေ။ ရွှေရှိမှ
အမျိုးတော်ချင်ကြတာဟဲ့။ ကုန်ကုန်ပြောလိုက်မယ်။ ဘုရားတောင်မှ ရွှေရှိတဲ့ ဘုရားမှ
ကိုးကွယ်ချင်ကြတဲ့ သဘောထားမျိုးတွေ ရှိကြတယ်ဆိုတာ နင် မသိဘူးလား။ နင်က
ငါ့ရွှေနားကပ်ကို ချွတ်တုန်းက ချွတ်ပြီး အဲဒီအတွက် ငါ မကျေနပ်လို့
အိပ်မက်လာပေးတာကို လက်တုံ့ပြန်တဲ့အနေနဲ့ မနက်တုန်းက ဦးပဉ္ဇင်းလေးတို့ကို ပင့်၊
အန္တရာယ်ကင်းပရိတ် ရွတ်ခိုင်းပြီး ငါ့ကိုနှင်ချတယ်ပေါ့လေ။ မရဘူးဟေ့။ ရွှေအစွဲက
ပရိတ်ရွတ်လို့တောင် မကျွတ်ဘူးမှတ်။ ငါ့ရွှေနားကပ်တွေ အခုပြန်ပေး' တဲ့။
'လာပြန်ပြီ' ဆိုပြီး ကိုကြည် ထောင်းခနဲ ဖြစ်သွားတယ်။ ဘယ့်နှယ်ဗျာ။ လွန်လွန်လွန်း။
ရွှေအစွဲက ပရိတ်ရွတ်လို့တောင် မကျွတ်ဘူး ဆိုပါကလား။ လူကြား မကောင်း၊ နတ်ကြား
မလျော်။ ခါတိုင်းလိုဆိုရင်တော့ ကိုကြည် သွေးလန့်ချင် လန့်နေဦးမှာ။ သည်တစ်ခါတော့
ကိုကြည်လည်း တော်တော် ဒေါပွသွားတာနဲ့ လန့်ဖို့ မေ့သွားပြီး ပြန်အော်ပစ်လိုက်တယ်။
'ခက်ပဲ ခက်နေပါ ပကောလား
ကြီးဒေါ်စိန်ရဲ့။ ခင်ဗျားနဲ့ကျုပ်က တူနဲ့ အဒေါ်ဆိုပေမယ့် သားအမိရင်းချာလို
နေလာခဲ့ကြတဲ့ သွေးသားအရင်းကြီးပါ။ ဘယ့်နှယ်ကြောင့် ဒီလောက်ဖြစ်နေရ တာတုန်း။
မနက်ကမှ လက်ဖက်ရည်ဆိုင်မှာ ကြားခဲ့မိရသေး။ နိုင်ငံခြားမှာဆို မြန်မာအချင်းချင်းကို
ရွှေလို့ ခေါ်ကြတယ်ဆိုပဲ။ အဲလိုဆိုရင် ကြီးဒေါ်စိန်ရော၊ ကျုပ်ရော
ရွှေတွေချည်းပဲပေါ့ဗျ။ အတူ တူချင်းတွေဟာကို'
'အဲဒီတော့ ဘာဖြစ်သတုန်း
ငကြည်ရဲ့။ နင်ပြောသလို ရွှေတွေမို့ ရွှေစကား ဒီလောက်ပြောနေရတာပေါ့ ငတုံးရဲ့။
ရွှေမဟုတ်တဲ့ တခြားသူတွေက ဘာများ ဒီလောက် ရွှေစကားပြောစရာ လိုမလဲ။ တို့ကတော့
ပြောတယ်။ ဘာဖြစ်လဲ'
ကြီးဒေါ်စိန်ကလည်း မခေဘူး။
ခုနစ်သံချီကြီးနဲ့ ပြန်အော်တယ်။ ကိုကြည့်ဒေါသက ငယ်ထိပ်ရောက်သွားတယ်။
'ဘာဖြစ်ရမလဲဗျ။
ပြန်တွေးကြည့်ပေါ့။ ဒီမှာ မှတ်ထား၊ ကျောက်ကို ကျောက်ချင်းခတ်တော့ မီးပွင့်သဗျ။
သံကို သံချင်းနှက်တော့လည်း မီးပွင့်သဗျ။ ဝါးကို ဝါးချင်း ပွတ်တော့လည်း မီးပဲ
ထတောက်သဗျ။ အဲလိုပဲ ရွှေကို ရွှေချင်းပြန်နှက်တော့ ဘာတွေဖြစ်ကုန်မယ် ထင်သတုန်း။
ခုတော့ ကြီးဒေါ်စိန် လုပ်ပုံက သေပြီးလို့ ဟိုဘက်ဘဝ ကူးပြီးတာတောင် ကျုပ်ကို
ရွှေရွှေချင်း ပြန်နှက်ဖို့ လုပ်နေသလို ဖြစ်နေပါပကောလား။ သင့်တော်၏၊ မသင့်တော်၏
ပြန်စဉ်းစားဦးဗျာ။ အဲဒီကိစ္စ အဖြေရရင် မနက်ဖြန်ညကျမှ လာပြော။ အခုညတော့ သွားပါတော့။
အိပ်ရေးတွေလည်း ပျက်လှပါပြီ။ အဲ... တစ်ခါတည်း သတိရတုန်း ဆက်ပြောလိုက်ဦးမယ်။
ရှေ့ဆက်ပြီး နားပူနားဆာ တိုက်နေဦးမယ်ဆိုရင်လည်း နားမှအေးပါစေတော့ ဆိုပြီး ကျုပ်
ပြန်လုပ်ပေးမယ်။ ဒါပေမယ့် ကျုပ်က ငမွဲဆိုတော့ ရွှေနားကပ် အစစ်တော့ မတတ်နိုင်ဘူး။
ပုံစံတူ အရည်စိမ်ပဲရမယ်။ ယူချင်ယူ၊ မယူချင်နေပေတော့။ အဲဒါပဲ'
တော်သေးတယ်။ အနားမှာ အိပ်နေတဲ့ မမဲတူက
'ကိုကြည်၊ ကိုကြည် ဘာတွေ လျှောက်အော်နေတာတုန်း'လို့
လှုပ်နှိုးလိုက်လို့ အိပ်ရာက နိုးသွားလို့။ နို့မို့ရင် ဘယ်လောက်တောင်
ကြီးဒေါ်စိန်နဲ့ ဆက်ဘုကျနေရဦးမယ် မသိဘူး။ အိပ်ရာထဲ ကထပြီး ရေအေးအေးတစ်ခွက်
အပြေးသောက်ချ လိုက်ရတယ်။
□
၄။
အဲဒီညက...
ကိုကြည့်စကား ချေပချက်တွေကပဲ
ကျိုးကြောင်းပြချက် ညီညွတ်သွားလို့လား။ ဒါမှမဟုတ် ကြီးဒေါ်စိန်ကိုယ်တိုင်ကပဲ
သူ့လုပ်ရပ် သူပြန်စဉ်းစားမိပြီး ဆင်ခြင်လက်လျှော့သွားလေသလား။ သည်လိုမှ
မဟုတ်သေးရင်လည်း ရွှေနားကပ်အစစ်အစား ရွှေရည်စိမ်နားကပ်ပဲ ရမယ်ဆိုလို့ အရည်စိမ်
အတွက်တော့ သိက္ခာအကျခံပြီး စိတ်ညစ်ခံမပြောတော့ဘူးလို့ အောက်မေ့လိုက်လေသလား
ဆိုတာတော့ မပြောတတ်ဘူး။
နောက်ညကစပြီး ကြီးဒေါ်စိန် အိပ်မက်ထဲ
ပေါ်မလာတော့ဘူး။ မတတ်နိုင်လို့သာပေါ့။ တတ်များတတ်နိုင်ရင်ဖြင့် အဲဒီအတွက်
ကျေးဇူးတင်လွန်းလို့ ကိုကြည်က သူ့ကြီးဒေါ်စိန်ကို ရည်မှန်း ကုသိုလ်ပြုပြီး
နောက်တစ်ကြိမ် 'ရွှေခွက်'နဲ့ ရေစက်ချ အမျှဝေချင်သေးတာ။
▀
နန္ဒာစိုး ၊ဆင်ဖြူကျွန်း၊
(အမှတ် ၂၀၅၊
ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။