ဝင်းငြိမ်း
အခန်း (၆)
အပိုင်း
(၃)
ဟိုက်ဂရုဖ်စံအိမ်မှာ မင်းသမီး
နှစ်သက်တဲ့ နောက်တစ်ဦးကတော့ ကျွန်တော့်ဇနီး မာရီယာပါပဲ။ အောက်တိုဘာလအတွင်း ပထမဆုံး
စနေနေ့မှာ မင်းသမီးက ကျွန်တော်တို့အိမ်ကို အလည်ရောက်လာပြီး အိမ်သစ်တက်
လက်ဆောင်တစ်ခုပေးပါတယ်။ အဲဒီလက်ဆောင်ကတော့ ကုလားထိုင်များပေါ်မှာ ထားရမယ့် ကူရှင်များဖြစ်ပြီး
အိမ်နံရံမှာကပ်ထားတဲ့ ဝေါလ်ပေပါများနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်လာခဲ့ပါတယ်။
မင်းသမီးက ဆိုဖာများပေါ်မှာ ကူရှင်များ တင်ထားတာကို အင်မတန် သဘောကျတတ်သူပါ။ 'မာရီယာတို့က
ကျွန်မအကြိုက်နဲ့ နည်းနည်း အလှမ်းဝေးနေသေးတယ်။ အဲဒီလိုမဖြစ်ရအောင် လေ့ကျင့်ပေးရဦးမယ်'လို့လည်း ဆိုခဲ့ပါတယ်။
အဲဒီအချိန်တုန်းက သူလေ့ကျင့်
ပေးရဦးမယ်ဆိုတာ မာရီယာတစ်ယောက်တည်းကိုသာ ရည်ရွယ်တာ မဟုတ်ဘဲ ကျွန်တော့်ကိုလည်း
ရည်ရွယ်ပြီး ပြောခဲ့တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ မာရီယာရဲ့ခင်ပွန်းဖြစ်သူ
ကျွန်တော်ပေါလ်ဟာ ဘုရင်မကြီးရဲ့ ခြေမြန်တော်တစ်ဦး ဖြစ်ခဲ့ပေမယ့် အခု
ဟိုက်ဂရုဖ်စံအိမ်မှာတော့ ဘဏ္ဍာစိုးတစ်ဦး ဖြစ်နေတဲ့အတွက် ဝေလမင်းသားနဲ့
မင်းသမီးတို့ရဲ့ အကြိုက်ကို သိတတ်ရပါမယ်။ သူတို့အပေါ်မှာ သစ္စာစောင့်သိရပါမယ်။
တစ်ခါတစ်ရံ မင်းသားတစ်ယောက်တည်း ဟိုက်ဂရုဖ်စံအိမ်မှာ ရှိနေတဲ့အခါ ကျွန်တော့်တာဝန်က
မင်းသားကို ခစားရမှာဖြစ်တဲ့အပြင် သူ့ကမ္ဘာကိုလည်း အကာအကွယ်ပေးရပါမယ်။ ဒါပေမယ့်
အဲဒီတာဝန်က ကာလကြာရှည်တော့ ယူစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းသမီးကလည်း
မင်းသားနဲ့ခွဲပြီး ကြာရှည်မနေလို့ပါ။ ကူရှင်များဟာ မင်းသမီးရဲ့
ပင်တိုင်လက်ဆောင်များဖြစ်ပြီး တခြားသူများကိုလည်း အဲဒီလက်ဆောင် ပေးလေ့ရှိပါတယ်။
မင်းသမီးက အိမ်တွင်း အပြင်အဆင်များကို ကျွမ်းကျင်သူဖြစ်တဲ့အတွက် ဘယ်သူ့အိမ်မှာ
ဘာလိုတယ်ဆိုတာကို ချက်ချင်းသိတတ်သူပါ။ သူမရဲ့စံအိမ်နှစ်ခုစလုံးမှာ ပြင်ပက
အိမ်တွင်းပြင်ဆင်ရေး ပညာရှင်များ မလိုအပ်ဘဲ သူမကိုယ်တိုင် စိတ်တိုင်းကျ
ပြင်ဆင်မွမ်းမံထားတာ ဘာကင်ဟမ်နန်းတော်လိုပဲ ခမ်းနားလှပါတယ်။ ဟိုက်ဂရုဖ်စံအိမ်က
ခေတ်သစ်အိမ်တော် မဟုတ်သလို ရှေးကျလှတဲ့ အိမ်တော်လည်း မဟုတ်ပါဘူး။ ဒါကြောင့်
မင်းသမီးက သူ့စံအိမ်ကို ပြင်ဆင်ရာမှာ ရှေးဟောင်းလည်း မဖြစ်စေရ၊ ခေတ်လည်း
မဆန်စေရအောင် ကျွမ်းကျွမ်းကျင်ကျင် ပြင်ဆင်ထားပါတယ်။ အိမ်တွင်းမှာ
အဝါရောင်ဖျော့ဖျော့ ဆေးသုတ်ထားပြီး ပြတင်းပေါက်နဖူးစည်းများကိုတော့
စိမ်းဝါရောင်အနုကလေးများနဲ့ ခြယ်သထားပါတယ်။ စာကြည့်ခန်းအတွင်းမှာ ထားရှိတဲ့
အိမ်ထောင်ပရိဘောဂများက ကြိမ်ထည်များဖြစ်ပြီး သစ်သားကြမ်းခင်းကို အစိမ်းရင့်ရောင်
ကော်ဇောများ ခင်းထားပါတယ်။ စားပွဲများပေါ်မှာနဲ့ နံရံများမှာ
သားတော်နှစ်ပါးဖြစ်တဲ့ ဝီလျံနဲ့ဟယ်ရီတို့ရဲ့ ဓာတ်ပုံများ ချိတ်ဆွဲထားပြီး
တစ်နေရာမှာ အိမ်သုံးဆေးသေတ္တာကိုလည်း ထားရှိပေးပါတယ်။ အိမ်တော်အတွင်းမှာ ချားလ်စ်
မင်းသားရဲ့ ရေဆေးပန်းချီကားများကိုလည်း ဘောင်ခတ်ပြီး ချိတ်ဆွဲထားပါတယ်။
အဲဒါတင်မကသေးပါဘူး။ မြေအိုးနဲ့ ပန်းစိုက်အဖြစ် အလှဆင်ထားတဲ့ အိမ်တွင်းအလှဆင်
အပင်များ၊ ပန်းများကလည်း စံအိမ်ရဲ့အလှကို ဖြည့်ဆည်းပေးနေပါတယ်။
ခန်းမရဲ့အလယ်ခေါင်မှာ ရှိတဲ့ စားပွဲဝိုင်းကြီးပေါ်မှာတော့ ပန်းအခြောက်များနဲ့
အလှဆင်ထားတဲ့ ပန်းအိုးက မြင်သူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။
တံခါးမကြီးရဲ့ တစ်ဖက်တစ်ချပ်မှာတော့ ဧရာမမြေအိုးကြီးနဲ့ စိုက်ပျိုးထားတဲ့
အိမ်တွင်း သစ်ပင်ငယ်ကလေးများ ထားရှိပါတယ်။
အိမ်တွင်းမှာ မင်းသမီးက ကြိုက်သလို
အလှဆင်ပေမယ့် အိမ်ပြင်မှာ အလှဆင်သူက မင်းသားပါ။ ဗိသုကာပညာနဲ့
ဥယျာဉ်ပြုစုပျိုးထောင်ခြင်း အတတ်ပညာကို ကျွမ်းကျင်တဲ့ ချားလ်စ်မင်းသားက
သူ့စိတ်တိုင်းကျ ပြင်ဆင်ပါတယ်။ ၁၉၈ဝ ပြည့်နှစ်တုန်းက ဒီစံအိမ်ကို
သူဝယ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဒီစံအိမ်ရဲ့အပြင်အဆင်ဟာ ခုလောက်
သားနားမှုမရှိပါဘူး။ အိမ်ရဲ့ ပြတင်းပေါက်များကအစ အိမ်အဝင်ဝအဆုံး မင်းသားက
သူ့စိတ်ကြိုက် ပြန်လည် ပြင်ဆင်မွမ်းမံခဲ့တာပါ။
စိတ်တိုင်းကျ စိုက်ပျိုးထားတဲ့
ပန်းဥယျာဉ်ဟာ မင်းသားအတွက် စိတ်ထွက်ပေါက်တစ်ခု ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။
တစ်ခါတစ်ရံမှာ နာရီပေါင်းများစွာ အပင်များကို တူးဆွရွှေ့ပြောင်းနေလေ့ရှိပါတယ်။
စိုက်ပျိုးခြင်းကလွဲရင် နောက်ထပ် ဝါသနာပါတာတစ်ခုကတော့ ရေဆေးပန်းချီ ရေးဆွဲခြင်းပါ။
ကိုယ်တိုင်ပြုစုပျိုးထောင်ထားတဲ့ ပန်းဥယျာဉ်အတွင်းမှာ ရေးဆွဲတဲ့
ရေဆေးပန်းချီကားများဟာ မင်းသားရဲ့ လက်ရာမြောက်ပန်းချီကားများ ဖြစ်ခဲ့ပါတယ်။
အိမ်တော်ရဲ့နံရံကို တွယ်ကပ်တက်လေ့ရှိတဲ့ နှင်းဆီပင်များကို နေ့စဉ်နဲ့အမျှ
ပြုစုပေးပြီး ဒီအပင်များက နှင်းဆီပန်းများ ပွင့်လာတဲ့အခါမှာ အိမ်တော်တစ်ခုလုံး
နှင်းဆီရနံ့နဲ့ သင်းပျံ့နေစေခဲ့ပါတယ်။ နောက်ဖေးဘက်မှာတော့ မီးဖိုဆောင်သုံး
စားသုံးဖွယ်ရာ အသီးအနှံပင်များကို သီးခြား စိုက်ပျိုးထားပါတယ်။ ဥယျာဉ်အလယ်ခေါင်မှာ
ကြေးနဲ့ထုလုပ်ထားတဲ့ အမေဇုံအမျိုးသမီးတစ်ယောက်ရဲ့ ဝတ်လစ်စလစ်ရုပ်တုကြီးတစ်ခု
ရှိပါတယ်။ မင်းသမီးက ကျွန်တော့်ကို ကြေးတိုက်ဆေးပေးထားပြီး တစ်လမှာ နှစ်ကြိမ်
အဲဒီရုပ်တုကြီးကို တိုက်ချွတ်ဆေးကြောစေပါတယ်။ အဲဒီရုပ်တုရဲ့အနီးမှာ ပေ ၂ဝ
လောက်မြင့်တဲ့ အပင်ကြီးတစ်ပင် ရှိပါတယ်။ အဲဒီအပင်ကတော့ သားတော်နှစ်ပါး
ဆော့ကစားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး သစ်ကိုင်းများကြားမှာ အိမ်ငယ်တစ်လုံးကို
ဖန်တီးပေးထားပါသေးတယ်။ အဲဒီအိမ်ငယ်ကို အစိမ်းရောင်၊ အနီရောင်တို့ ခြယ်သထားပြီး
အိမ်ငယ်အတွင်းမှာ မင်းသားရဲ့လက်ဖြစ် ကုလားထိုင်ကလေးများ ထည့်ထားပါသေးတယ်။
ဒီအိမ်ငယ်ကလေးက သားတော်များ ဆော့ကစားဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် နောင်ကာလများမှာ
မင်းသမီးကိုယ်တိုင် နာရီပေါင်းများစွာ ဝင်ရောက်ခိုအောင်းနားနေတဲ့ နေရာတစ်ခုလည်း
ဖြစ်ခဲ့ပါတယ်။ ဒီအိမ်ကလေးဟာ မင်းသားငယ်နှစ်ပါးအတွက်သာမကပါဘူး၊ ကျွန်တော့်သားကြီး
အဲလက်စ်နဲ့ ၁၉၈၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က မွေးဖွားခဲ့တဲ့ သားငယ်အတွက်လည်း
ဆော့ကစားရာနေရာ ဖြစ်ခဲ့ပါတယ်။ သားငယ်မွေးဖွားခြင်း အထိမ်းအမှတ်အဖြစ် ကျွန်တော်က
ကျွန်တော်တို့ နေအိမ်ခြံဝင်းအတွင်းမှာ ချယ်ရီပင်တစ်ပင်ကို စိုက်ဖြစ်ခဲ့ပါသေးတယ်။
မင်းသားက သူ ပြုစုပျိုးထောင်ထားတဲ့
ပန်းဥယျာဉ်ကို အင်မတန် မြတ်နိုးတဲ့အတွက် ကျွန်တော့်ကို မှာထားတာ ရှိပါတယ်။
အဲဒါကတော့ ဟိုက်ဂရုဖ်စံအိမ်မှာ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်များအနေနဲ့ သူ့ဥယျာဉ်ထဲက
ဘယ်အပင်ကိုမှ ချိုးဖဲ့ခြင်း မပြုစေဖို့ပါပဲ။ စဉ်းစားကြည့်ရင် ကျွန်တော့်အနေနဲ့
သူတို့ဧည့်သည်တော်များကို မင်းသားက ဒီလိုအမိန့်ထုတ်ထားပါတယ်လို့ ဘယ်လိုနည်းနဲ့
ပြောလို့ရနိုင်ပါ့မလဲ။
ချားလ်စ်မင်းသားက သူ့ဥယျာဉ်ကို
ဘယ်လောက်မြတ်နိုးတယ်ဆိုတာကို မင်းသမီးက နားလည်ပါတယ်။ ဒါကြောင့် ဥယျာဉ်တစ်ခုလုံးကို
ရာသီအလိုက် ဓာတ်ပုံမှတ်တမ်းတင်ထားလေ့ ရှိပါတယ်။ ရောင်စုံဝေဆာတဲ့
ပန်းများပွင့်နေပုံကို မင်းသမီးက ဓာတ်ပုံရိုက်ပြီးရင်လည်း ပုံများကို သားရေဖုံး
ဓာတ်ပုံအယ်လ်ဘမ်မှာ စနစ်တကျ ထည့်ထားတတ်ပါတယ်။ တချို့သော ပုဂ္ဂိုလ်များက
ဒိုင်ယာနာဟာ သူ့ခင်ပွန်းသည် စိတ်ဝင်စားမှုကို လျစ်လျူရှုတယ်ဆိုရင် မှားပါလိမ့်မယ်။
ခုထက်ထိ တွေ့နိုင်သေးတဲ့ အဲဒီဓာတ်ပုံအယ်လ်ဘမ်တွေက ခင်ပွန်းသည်ရဲ့ စိတ်ဝင်စားမှုကို
ပံ့ပိုးကူညီပေးတယ်ဆိုတာ သက်သေခံနိုင်ပါတယ်။ ဒါကလည်း သူ့ခင်ပွန်းသည် စိတ်ကျေနပ်ဖို့
သူ့ဘက်က စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်ပေးခြင်းပါ။ အဲဒီကာလမှာ နှစ်ဖက်စလုံးအတွက်
တတိယမြောက်ပုဂ္ဂိုလ်တွေ ရှိလာသော်ငြားလည်း ဒိုင်ယာနာဘက်က ဝတ္တရား မပျက်ဘူးဆိုတာကို
ပြသရာ ရောက်ပါတယ်။
အိမ်တော်ထဲမှာ A4 Size မှတ်တမ်း
စာအုပ်တစ်အုပ် ထားရှိပါတယ်။ နေ့စဉ် မှတ်တမ်းဖြစ်ပြီး ဒီစာအုပ်ကို
ကြည့်ခြင်းအားဖြင့် အိမ်တော်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ မင်းမှုထမ်း
များအနေနဲ့ သိနိုင်ပါတယ်။ စာအုပ်ထဲမှာ အနီရောင်မင်နဲ့ တစ်စုံတစ်ခု ရေးထားရင်
ဟိုက်ဂရုဖ်စံအိမ်အတွင်းမှာ မင်းသားရှိနေတယ်ဆိုတာ သိသာသလို အစိမ်းရောင်နဲ့
ရေးထားရင် အိမ်တော်အတွင်းမှာ မင်းသမီးတစ်ပါးတည်း စံနေတယ်ဆိုတာ သိသာပါတယ်။ “N” အက္ခရာအကြီးနဲ့ ရေးထားရင် ကလေးထိန်းအခန်းမှာ သားတော်နှစ်ပါး
ရှိနေတယ်ဆိုတာ သိစေပါတယ်။ အနီ၊ အစိမ်းနဲ့ “N” တို့
တစ်ပေါင်းတစ်စည်းတည်း ရေးထားမယ်ဆိုရင်တော့ ဝေလမိသားစုတစ်ခုလုံး အိမ်တော်ထဲမှာ
ရှိနေတယ်လို့ ဆိုလိုတာပါ။ ဒီစာအုပ်မှာ စနစ်တကျ ရေးသွင်းတာတစ်ခုကတော့ ဘယ်အချိန်မှာ
ဘယ်ဧည့်သည် လာမယ်ဆိုတဲ့ အစီအစဉ်ပါပဲ။ ဒါမှလည်း ကျွန်တော်တို့အနေနဲ့
ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးရေး အစီအစဉ်များ စနစ်တကျ ဆောင်ရွက်နိုင်ကြမှာပါ။
ဒါကြောင့်လည်း ကျွန်တော်တို့ ကမ္ဘာမှာ ရှင်းရှင်းလင်းလင်း ရှိနေခဲ့တယ်လို့
ယုံကြည်ခဲ့မိတာပါ။
ဒီစာအုပ်ကို ဘဏ္ဍာစိုးဖြစ်တဲ့
ကျွန်တော့်ရုံးခန်း စားပွဲပေါ်မှာ ထားရှိပါတယ်။ လျှို့ဝှက်ထားစရာ မလိုပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်ကို ကြည့်ပြီးတော့ လုပ်ဆောင်ဖွယ်ရာရှိတဲ့ တာဝန်တွေကို
ထမ်းဆောင်နိုင်ကြလို့ပါပဲ။ ကျွန်တော့်အနေနဲ့လည်း ဘယ်တုန်းကမှ ဒီစာအုပ်ဟာ
လျှို့ဝှက် ထားရမယ့်စာအုပ်လို့ မယူဆခဲ့ပါဘူး။
၁၉၈၈ ခုနှစ် ဆောင်းဦးပေါက်မှာ
အနီရောင်မင်ကို စာအုပ်ရဲ့စာမျက်နှာထောင့်မှာ တွေ့လိုက်ရပါတယ်။ မင်းသားတစ်ပါးတည်း
စံနေတယ်ပေါ့။ ဒါပေမယ့် သူနဲ့အတူ ဧည့်သည်သုံးဦးတို့ နေ့လယ်စာ စားသုံးမယ်ဆိုတာ
ရေးထားတာလည်း တွေ့ရပါတယ်။ နေ့လယ်စာ စားသုံးမယ့် သူများကတော့ မင်းသား၊
မစ္စပါကာဘိုးလ်စ်၊ မစ္စတာ နီးလ်ဖော်စတာနဲ့ မစ္စတာဗာနွန်ရပ်ဆဲလ် စမစ်တို့
ဖြစ်ပါတယ်။ နောက်ထပ် မှတ်ချက်တစ်ခုကတော့ မင်းသားရဲ့စာကြည့်ခန်းအတွင်းမှာ
မီးပြင်ဖို့ လိုအပ်တာကြောင့် လျှပ်စစ်ပြင်ဆင်ရေး ဝန်ထမ်းတစ်ဦး ရောက်လာဦးမယ်ဆိုတဲ့
မှတ်ချက်လည်း ပါပါတယ်။ ဒါတွေက ဘာမှထူးခြားမှုတော့ မရှိပါဘူး။
၁၉၈၈ ခုနှစ် သြဂုတ်လရဲ့ တစ်ခုသောရက်၊
မင်းသားရဲ့ အသက်လေးဆယ်ပြည့် မွေးနေ့ပါတီမတိုင်မီ သုံးလအလိုမှာ မင်းသားက
ကျွန်တော့်အတွက် စာတစ်စောင် ရေးလိုက်ပါတယ်။ ဘာများအလိုရှိပါလိမ့်လို့ သိနိုင်ဖို့
သူ့စာကို ဖတ်လိုက်တဲ့အခါမှာတော့ 'ပေါလ်... မောင်မင်းအနေနဲ့ စံအိမ်
အတွင်းကို ဒီရက်သတ္တပတ်အတွင်း ဘယ်သူတွေ လာတယ်ဆိုတာ ဝေလမင်းသမီး ဘယ်လိုနည်းနဲ့
သိသွားတယ်ဆိုတာ ပြောပြနိုင်မလား'လို့ ရေးထားပါတယ်။
ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော်
နားမလည်ပါဘူး။ မင်းသမီးကိုလည်း ကျွန်တော်က တစ်ခါမှ သူမရှိတဲ့အချိန်
ဘယ်သူတွေလာတယ်ဆိုတာ မပြောခဲ့ဖူးပါဘူး။ ဒါကြောင့် ခေါင်းတော်တော်နောက်သွားပါတယ်။ 'အရှင်မင်းသား...
ကျွန်တော်မျိုးအနေနဲ့ ဝမ်းနည်းပါတယ်။ ဧည့်သည်စာရင်းကို မင်းသမီး ဘယ်နည်းနဲ့ သိသွားတယ်ဆိုတာကိုလည်း
မလျှောက်တတ်ပါဘူး' လို့ပဲ ပြောခဲ့ရပါတယ်။ တကယ်လည်း ကျွန်တော်
အဲဒီကာလတုန်းက မသိခဲ့ပါဘူး။ မင်းသမီးက စံအိမ်ကို သူရောက်လာတဲ့အခါ တစ်ခါတစ်ရံ
ကျွန်တော့်ရုံးခန်းထဲကိုလာပြီး စကားစမြည်ပြောရင်း ကော်ဖီသောက်ချင် သောက်တတ်ပါတယ်။
တစ်ခါတစ်ရံ ကျွန်တော် မီးဖိုဆောင်ထဲ ရောက်နေရင်လည်း အဲဒီနေရာထိ လိုက်လာပြီး
သူပြောချင်တာကို ပြောတတ်ပါတယ်။ ကျွန်တော်နဲ့ မင်းသမီး ဆက်ဆံရေးက
ရင်းနှီးတယ်ဆိုပေမယ့် ဘာကင်ဟမ်နန်းတော်အတွင်းမှာ ကျွန်တော် ရှိစဉ်တုန်းကထက်
မပိုပါဘူး။ ပြီးတော့ ကျွန်တော့်အနေနဲ့ မင်းသမီးဟာ ဒီလောက်အထိ
စပ်စုတတ်လိမ့်မယ်လို့လည်း မထင်ခဲ့မိပါဘူး။
မင်းသားကတော့ ကျိတ်မနိုင်ခဲမရ
ဖြစ်နေပုံရပါတယ်။ သူမျက်နှာ မသာမယာဖြစ်လေ ကျွန်တော့်အတွက် အနေရခက်လေပါပဲ။ 'အရှင်မင်းသား၊
ကျွန်တော်မျိုးအနေနဲ့ အိမ်တော်မှာ နေ့လယ်စာ၊ ညစာလာရောက်စားသုံးကြတဲ့
ဧည့်သည်တော်များရဲ့ စာရင်းကိုတော့ ပြုစုထားပါတယ်'လို့
လျှောက်တင်လိုက်ရာမှာ မင်းသားက 'မောင်မင်းက ဘာဖြစ်လို့
ဒီမှတ်တမ်းကို ထားရတာလဲ။ လူဦးရေ အရေအတွက်သာ မဟုတ်ဘဲ နာမည်နဲ့တကွ ရေးထားတာကိုး။
ဘာကြောင့် အဲဒီလို ရေးရတာလဲ' လို့ ဆိုပြန်ပါတယ်။
ဒီအခြေအနေမှာတော့ မင်းသမီး ဘာကြောင့် ဧည့်သည်စာရင်းကို သိသွားတယ်ဆိုတာ
ကျွန်တော်တို့နှစ်ဦးစလုံး သဘောပေါက်သွားပါပြီ။
ကျွန်တော်က
အိမ်တော်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဝင်ဒီက အိမ်တော်သို့ ဝင်ထွက်တဲ့ ဧည့်သည်များစာရင်း
လိုရမယ်ရ မှတ်တမ်းတင်ထားပါလို့ ဆိုတဲ့အတွက် နာမည်နဲ့တကွ မှတ်တမ်းတင်
ထားရခြင်းဖြစ်ပါကြောင်း လျှောက်ထားရပါတယ်။
'ကောင်းပြီ ပေါလ်...
နောက်နောင်ကို အဲဒီဒိုင်ယာရီထဲမှာ နာမည်တွေ ဘယ်တော့မှ မရေးနဲ့'လို့ အမိန့်ပေးပါတော့တယ်။ အဲဒီကစပြီး နေ့စဉ်နဲ့အမျှ ဧည့်သည်များအမည်စာရင်း
တင်သွင်းခြင်းကို ပယ်ဖျက်လိုက်ရပြီး လူဦးရေ အရေအတွက်နဲ့သာ မှတ်တမ်းတင်ရပါတော့တယ်။
□
ဘာလ်မိုရယ်လ်ကို မိသားစုလိုက်
အပန်းဖြေခရီး ထွက်ပြီးတဲ့နောက် မင်းသားနဲ့ မင်းသမီးတို့ကြားမှာ တစ်စုံတစ်ခု
ဖြစ်ပွားခဲ့ပုံရပါတယ်။ အရင်တုန်းက စနေ၊ တနင်္ဂနွေရက်တိုင်း မိသားစု စုံစုံညီညီ
ဟိုက်ဂရုဖ်စံအိမ်မှာ ဆုံနေကျဖြစ်ပေမယ့် မင်းသမီးက မလာတော့ပါဘူး။ တစ်ခါတလေ တခြားသူစိမ်းဧည့်သည်တွေကို
ဧည့်ခံရမယ့်အခါမျိုးမှာသာ မင်းသမီးက ရောက်လာတတ်ပါတော့တယ်။ ၁၉၈၈ ခုနှစ်
နွေဦးပေါက်မှ ၁၉၈၉ ခုနှစ် ဆောင်းဦးပေါက်အထိ မင်းသမီးက ကလေးနှစ်ယောက်နဲ့အတူ
သောကြာမှ တနင်္ဂနွေအထိ ဟိုက်ဂရုဖ်မှာ လာနေခဲ့ပါတယ်။ သူတို့မိသားစု
ရှိနေတဲ့အချိန်မှာ မင်းသားက ဟိုက်ဂရုဖ်မှာ မနေပါဘူး။ မင်းသား ရှိနေတယ်ဆိုရင်လည်း
သောကြာမှ တနင်္ဂနွေအထိ လာနေကျဖြစ်တဲ့ မင်းသမီးနဲ့ သားနှစ်ဦးက မလာတော့ပါဘူး။
ဒါကြောင့် ကျွန်တော်တို့
မင်းမှုထမ်းများကြားမှာလည်း စံအိမ်နဲ့ပတ်သက်ပြီး အခေါ်အဝေါ်တစ်ခု တိုးလာခဲ့ပါတယ်။
မင်းသားတစ်ယောက်တည်း စံနေတဲ့ အချိန်မျိုးမှာ 'မင်းသားရဲ့စံအိမ်' လို့ သုံးကြပြီး မင်းသမီးတစ်ယောက်တည်း စံနေတဲ့အခါမျိုးမှာ 'မင်းသမီးရဲ့ စံအိမ်'လို့ ခေါ်ကြပါတယ်။ မင်းသမီးနဲ့
သားတော် နှစ်ပါး ဟိုက်ဂရုဖ်စံအိမ်ကို ရောက်လာတယ်ဆိုရင် လန်ဒန်စံအိမ်မှာ ခစားကြတဲ့
မင်းမှုထမ်းများလည်း လိုက်ပါလာကြတာကြောင့် သူတို့ရှိတဲ့ကာလများမှာ
ဟိုက်ဂရုဖ်စံအိမ်ဟာ ရယ်သံမောသံများနဲ့ သက်ဝင်လှုပ်ရှားနေပါတယ်။ အဲဒီလိုအခါမျိုးမှာ
မင်းသမီးနဲ့ ကလေးများက နေ့လယ်စာပဲဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် ကိုယ်တိုင်ယူစနစ်နဲ့
စားသုံးရတာကို ပိုပြီး ကျေနပ်ကြတာကြောင့် မဟော်ဂနီ စားပွဲရှည်ကြီးမှာ ဟင်းလျာများကို
ချထားပေးရပါတယ်။ မင်းသမီးက စားပွဲခင်းကို ပလတ်စတစ် အုပ်ထားတဲ့ စားပွဲခင်းမှ
ကြိုက်နှစ်သက်တတ်ပြီး မင်းသားကတော့ သူစားသုံးချိန်မှာ အဖြူဆွတ်ဆွတ်
စားပွဲခင်းကိုသာ နှစ်သက်ပါတယ်။
မင်းသမီးက အိမ်တော်မှာ
ရှိတဲ့အခါများမှာ မကြာခဏဆိုသလို ကျွန်တော် ရှိနေတဲ့ မီးဖိုဆောင်ထဲလာပြီး စကားစမြည်
ပြောတတ်ပါတယ်။ ခန်းမထဲကနေ မီးဖိုဆောင်ထဲ ကူးတဲ့တံခါးကို သူကိုယ်တိုင်
ပိတ်ပစ်ခဲ့တာကြောင့် တစ်နည်းအားဖြင့် တခြားဝန်ထမ်းများ ဝင်မလာကြဖို့၊
မနှောင့်ယှက်ကြဖို့ တားမြစ်ထားတာနဲ့ အတူတူပါပဲ။ တခြားတံခါးတစ်ခုကိုတော့ စေ့ရုံသာ
စေ့ထားပါတယ်။ အကယ်၍ မင်းသားရောက်လာဦးတော့ အဲဒီတံခါးကြားကနေ ကြည့်လိုက်မယ်ဆိုရင်
မင်းသမီးနဲ့ ကျွန်တော် စကားစမြည် ပြောဆိုနေတာကို တွေ့နိုင်ပါတယ်။ အဲဒီလို
မြင်တွေ့နိုင်တာ ကြောင့်လည်း မတော်တဆ မင်းသားများ မြင်တွေ့သွားရင်
ကျွန်တော့်အပေါ်မှာ ငြိုငြင်မှာကို စိုးရိမ်ခဲ့မိပါတယ်။ ကျွန်တော် ဘာကင်ဟမ်နန်းတော်မှာ
ရှိစဉ်တုန်းက ဘုရင်မကြီး ကျင်းပတဲ့ ခရစ္စမတ်အကြို ကပွဲမှာ မင်းသမီးက
ကျွန်တော်တို့ဇနီးမောင်နှံနဲ့ ခန်းမတစ်နေရာမှာ နာရီဝက်လောက် ကြာအောင်
စကားလက်ဆုံကျခဲ့ဖူးပါတယ်။ ကျွန်တော်က မသင့်တော်တဲ့အတွက် 'မင်းသမီး...
တခြားဧည့်သည်တွေကို အားနာဖို့ကောင်းပါတယ်' လို့ မဝံ့မရဲ
လျှောက်တင်ခဲ့ပေမယ့် မင်းသမီးကတော့ ကျွန်တော့်ဇနီး မာရီယာနဲ့ အရယ်အမောမပျက်
ပကတိငယ်ပေါင်းများလို စကားလက်ဆုံကျခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူများထက်ထူးပြီး
မင်းသမီးနဲ့ နာရီဝက်လောက် စကားပြောနေရတာကို ဂုဏ်ယူပေမယ့် တစ်ဖက်ကလည်း
မတင့်တယ်တာကို စိုးရိမ်မိခဲ့ပါတယ်။ ကျွန်တော် ဘာပဲပြောပြော မင်းသမီးကတော့
သူလုပ်ချင်တာကိုလုပ်ပြီး တင့်တယ်တာတွေ၊ မတင့်တယ်တာတွေကို စဉ်းစားဟန် မတူပါဘူး။
မီးဖိုဆောင်ထဲမှာ မင်းသမီး
လာစကားပြောရင်လည်း ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်သာ ကြာတာပါ။
ပြောတဲ့အကြောင်းအရာတွေကလည်း သူ့သားတော် နှစ်ပါးအကြောင်း၊ ကလေးတွေရဲ့
တိုးတက်မှုအကြောင်းများသာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မင်းသမီးက
တော်တော်စိတ်လှုပ်ရှားပြီး ပြောကြားလာပါတယ်။ သူ့သားကြီး ဝီလျံမှာ ပထမဆုံးသွား
ကျိုးသွားလို့ပါပဲ။ အဲဒီအကြောင်းကို ပြောရင်းနဲ့ မင်းသမီးက သူ့မှာ တစ်ယောက်တည်း
အထီးကျန်နေကြောင်း၊ နှစ်သိမ့် အားပေးမယ့်သူ မရှိကြောင်း၊ ဆွေတော်မျိုးတော်အားလုံးက
ပစ်ပယ်ထားသလို ခံစားရကြောင်း ညည်းခဲ့ပါတယ်။ တကယ်တော့ မင်းသမီးအနေနဲ့ ကျွန်တော့်ဆီက
တစ်စုံတစ်ရာ တုံ့ပြန်ဝေဖန် အကြံပေးမှုကို တောင့်တဟန် ရှိပါတယ်။ ဒါပေမယ့်
ကျွန်တော်ကတော့ ဘာမှပြန်မပြောဘဲ နားထောင် ရုံသက်သက်သာ ဖြစ်ခဲ့ပါတယ်။ မင်းသမီးအတွက်
စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီအခြေအနေမျိုးမှာ ကျွန်တော်လို
မင်းမှုထမ်းတစ်ယောက်အနေနဲ့ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ဖို့ မသင့်ဘူးလို့
ယူဆပါတယ်။
ကျွန်တော် စီစဉ်ပေးတဲ့ White Chocolte ကို စားသုံးရင်း 'ကျွန်မမှာ ဘယ်သူမှမသိတဲ့ အထူးမိတ်ဆွေတစ်ဦး ရှိတယ်'လို့
ပြောကြားခဲ့ပါတယ်။ အဲဒီအခါမှာလည်း ကျွန်တော်ကတော့ ဘာမှ မဝေဖန်ခဲ့ပါဘူး။
သူပြောသမျှကို နားထောင်နေခဲ့တာပါပဲ။ မီးဖိုဆောင်ထဲမှာ သူနဲ့ကျွန်တော်
စကားပြောနေရင် သူ့ကို ကြည့်ရတာ စိတ်မလုံသလို ရှိပေမယ့် တံခါးပေါက်ကနေ ပြန်ထွက်
သွားရင်တော့ သူဟာ မင်းသမီးတစ်ပါးရဲ့ တင့်တယ်မှု၊ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်စိတ်ချမှုအပြည့်နဲ့ ထွက်သွားမြဲပါ။ ကျွန်တော်တို့နှစ်ယောက်တည်း
စကားပြောဖြစ်တဲ့ အခါတိုင်းမှာ ကျန်မင်းမှုထမ်းများက မင်းသမီး ဘာပြောသွားသလဲဆိုတာ
အင်မတန် သိချင်ကြပါတယ်။ အထူးသဖြင့် ဝင်ဒီက စပ်စုပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်တော်က
မိသားစုကိစ္စ ပြောတာပါလို့ပဲ ဖြေလေ့ရှိပါတယ်။
မင်းသားကတော့ သူ တစ်ယောက်တည်း
အိမ်တော်မှာ ရှိတဲ့အချိန် ဘယ်လိုများ ခံစားရပါလိမ့်။ သူကတော့ မင်းသမီးနဲ့
မတူပါဘူး။ ခိုင်းစရာရှိတာကို စာရေးပြီး ခိုင်းနေမြဲပါ။
▀
ဆက်လက်ဖော်ပြပါမည်။
ဝင်းငြိမ်း
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...
'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...
သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...