ဆူးငှက်
မှတ်မိကြသေးရဲ့လား မေးစမ်းချင်သည်
တပို့တွဲလ၏ အအေးဓာတ်က
မန္တလေးဆောင်းကို အစွမ်းကုန်ခြယ်မှုန်းနေတော့သည်။ နှင်းမှုန်များက ရှေ့တူရူ
မြင်ကွင်းကိုပင် ပိတ်လုမတတ် ကာဆီးထား၏။ အရင်နေ့တွေက ဓာတ်ရထားတစ်စင်းစိုက်သည်နှင့်
စျေးသည်၊ စျေးဝယ်များ စုပြုံတိုးဝှေ့ဆင်းကြရသည့် စျေးချိုတော်ကြီးမှာ
ဆောင်းတွင်းနံနက်ခင်းတွင် အပျင်းထူနေသယောင်တော့ ထင်ယောင်မှားစေသည်။ သို့သော် နှင်းမှုန်တွေကွဲပြီး
နေရောင်အပွင့်မှာလည်း စျေးချိုကြီးက တုတ်တုတ်မျှမလှုပ်။
“စျေးချိုတော်ကြီး ကျီးနှင့်ဖုတ်ဖုတ်”
ဟူသောအသံက ပကတိအခြေအနေနှင့် ဟပ်နေသည်။ စျေးချိုတော်ကြီးသာ
နေထန်းတစ်ဖျားရောက်သည်အထိ ဆိုင်းတိုင်းစေ့ သော့ခလောက်ကြီးတွေ ခတ်ကာ
အပျင်းထူနေကြသော်လည်း စျေးချိုအနောက်ဘက် ရွှေတချောင်းကျော်သည်နှင့်
ဆင်ကြီးနှစ်ကောင်ရှေ့မှာ လူတွေအုပ်လိုက်အုပ်လိုက် ဆင်းတံတားအတိုင်း
အနောက်သို့ဆင်းသည်။ လာကြပုံက ပွဲသွားပွဲလာတွေလို အဝတ်အစားသစ်တွေနှင့်
ကြော့ကြော့မော့မော့။ အလားတူ ဘီလမ်းပေါ်မှာလည်း ရွှေတချောင်းကျော်ပြီး
ဆိုင်တန်းဘက်ဆီသို့ ရထားလုံးတွေ အဝင်အထွက် စိပ်နေ၏။ အိမ်တော်ရာဘုရားအရှေ့မုခ်မှာ
စပ်ပန်းချီမုခ်ဦးမဏ္ဍပ်ကြီး ဆောက်ထားသည်။ မဏ္ဍပ်ကြီးအပေါ်မှာ စက္ကူများနှင့်
ချိုးထားသည့် အနက်ရောင်သပိတ်လုံးကြီးမှာ လက်ရာမြောက်လှသည်။ ဆွမ်းစားပြီးမှောက်ထားသည့်ပုံ။
အိမ်တော်ရာစေတီ၏ မုခ်လေးမုခ်၌ အရှေ့ဘက်မုခ်က
အစည်ကားဆုံး ဖြစ်နေ၏။ ဒုတိယစည်ကားတာက မြောက်ဘက်မုခ်ဖြစ်သည်။ အနောက်မုခ်မှာက
ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊ ထီးလင်းတိုက်၊ ခင်မကန်တိုက်၊ စကုတိုက်၊
တောင်သမန်တိုက်၊ ပုဂံတိုက်၊ ငါးဆူတိုက်တို့မှ သံဃာတော်များ အဝင်အထွက် ပိုများသည်။
တောင်ဘက်မုခ်မှာတော့ လူပရိသတ်၊ ရဟန်းပရိသတ် အဝင်အထွက်မစဲ။ အိမ်တော်ရာ အရှေ့စောင်းတန်း
အရုဏ်ခံဇရပ်မှာ မစိမ်းရင်က အထည်ဆိုင်ဖွင့်၏။ မသန်းတင်ကလည်း မစိမ်းရင်နှင့်
လိုက်ပါသည်။ ဟံဇားဦးအေး၊ ဒေါ်သန်းနှင့် ရွှေဇီးကွက် ဦးရွှေ၊ ဒေါ်အမာတို့ကလည်း
အိမ်တော်ရာမှာ ဆိုင်ဖွင့်သည်။ စျေးချိုတော် အီးရုံထဲက လှထိပ်တင်စတိုးကလည်း အိမ်တော်ရာမှာ
ဈေးဖွင့်တော့ လှထိပ်တင်စတိုးက မအေးတင်က မေမေဦးနှင့် နေရှင်နယ်မှာ တစ်တန်းတည်းမို့
မေမေဦးကို ဘုရားဈေးလာခဲ့ဖို့ ဖိတ်သည်။ မေမေဦးတို့ နေရှင်နယ် တစ်ကျောင်းလုံးကလည်း
ဒီ့အရင် ရပ်ကွက်တွေကတည်းက ကျောင်းမှာ စာသင်ရသည်က သိပ်မရှိလှ၊ သို့သော် နေ့မအား၊
ညမအား အလုပ်တွေ ရှုပ်နေသည်။ မေမေဦးတို့ ကျောင်းသူ ကျောင်းသားတွေလည်း ပင်ပန်းနေကြ၏။
ဆရာကြီးဦးရာ ဇတ်ကိုယ်တိုင်က လတ်တလော ဖြစ်ပေါ်နေသော အမျိုးသားနိုင်ငံရေးတွင်
အားတက်သရော ရှိလှသည်။ သူကိုယ်နှိုက်ကလည်း သူ့ကျောင်းသားတွေကို တိုင်းပြည်နှင့်
လူမျိုးအပေါ် ချစ်ဖို့၊ တိုင်းကြီး ပြည်ကြီး အရှင်သခင်အဖြစ် လွတ်လပ်ရေးကို
ရယူနိုင်ဖို့ အားပေးသည်။
မေမေဦးတို့ ညီအစ်မက မအေးတင်ခေါ်သည်ကို အကြောင်းပြပြီး
အိမ်တော်ရာဈေးသို့ သွားချင်ကြ၏။ မြန်မာဖြစ် ဟံဇားထည်လေးတွေဝယ်ရန်ဟု အကြောင်းပြသည်။
မေမေကြီးကတော့ လူကြီးပီပီ 'အံ့ပါ့တော်... မိန်းကလေးပဲ မိန်းကလေးနေရာနေမှပေါ့၊ ကျားကျားလျားလျားကိစ္စတွေထဲ
လည်း ပါချင်နေကြတာ' ဟု မြည်တွန်တောက်တီးသည်။ ဖေဖေက
လခစားဆိုတော့ ခပ်မဆိတ်နေသည်။ သို့သော် ဥပါယ်တံမျဉ်ဖြင့် 'ကလေးတွေ
ဘုရားသွားချင်ရင် မင်းကိုယ်တိုင် စောင့်ရှောက်ပြီး သေချာခေါ်သွား' ဟု သူ့တပည့် မောင်သိန်းကို မှာထားတာ မေမေဦးတို့ ညီအစ်မနှစ်ယောက်လုံး
သိသည်။ ထို့ကြောင့် ထို့နေ့ နံနက်စောစောကတည်းက ကျောင်းချိန်ရောက်သည်နှင့်
မောင်သိန်းကို မျက်ရိပ်မျက်ကဲပြပြီး လစ်ထွက်ခဲ့ကြသည်။ အိမ်က ကားမယူတော့ဘဲ
ဘူတာကြီးရှေ့က ရထားလုံးပဲ စီးသွားကြ၏။ မျက်ပါးရပ်မှာလည်း 'ဘုရားဈေးကို၊
ဘုရားဈေးကို...' ဟု ခရီးသည်ခေါ်သည့် မြင်းရထားများကို
တွေ့နေရသည်။
ရထားလုံးက အေလမ်းအတိုင်း အနောက်ဆင်းပြီး
ရွှေတချောင်းဘောင်အတိုင်း အိမ်တော်ရာသို့ သွားရန်ဖြစ်သော်လည်း ဈေးချိုတော်ကြီး
အခြေအနေသိချင်သဖြင့် ကျောက်သွေးတန်းဘက်က လှည့်ပြီး နာရီစင်ရောက်မှ အနောက်ဘက်
ဆင်းပါဟု တောင်းဆိုရသည်။ ဟုတ်သည်။ ဈေးချိုတော် ကြီး...ကျီးဖုတ်ဖုတ်... ။
အိမ်တော်ရာဆင်တံတားခါးပြတ်ရောက်တာနှင့်ပင်
ရထားလုံးပေါ်က ဆင်းကြသည်။ ကံကောင်းချင်တော့ သည်မှာတင် မအေးတင်ကို တွေ့လိုက်၏။
သူ့ဆိုင်အတွက် အောင်ကြီးဆိုင်မှာ လက်ဖက်ရည်လာဝယ်တာတဲ့။ သူငယ်ချင်းတစ်တွေ
နှစ်ရှည်လများ ကွဲကွာပြီး ပြန်တွေ့သူတွေလို ပျော်မြူးလို့။ မအေးတင်က 'ဝက်စလီကျောင်းသူ
သန်းသန်းက သူ့အိမ်က အခန်းတံခါးပိတ်ထားတာ မိဘတွေအလစ်မှာ အိမ်ပေါ်က ခုန်ချပြီး
ထွက်လာသတဲ့' ဟု ဆီးပြောသည်။ ဆင်တံတားတလျှောက် လူတွေ
ကြိတ်ကြိတ်တိုးလှ၏။ ပြီးခဲ့သည့် သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့ ဘုရားပွဲထက်ပင်
စည်သေးတော့၊ တပို့တွဲ အအေးဓာတ်ကြောင့် ဝတ်လာသော ဆွယ်တာလေးတွေမှာ လူတွေကြား
ချွေးစို့လာလို့ ချွတ်ရမလို ဖြစ်နေသည်။
ဘုရားပရိဝုဏ်ထဲရောက်တော့ ဇရပ်တွေ ဇရပ်တွေထဲ
ဆိုင်ခန်းတွေ ဖွင့်လှစ်ထား၏။ သင်းပိုင်ကို တိုတိုဝတ်၊ ဧကသီကို
ချပ်ချပ်ရပ်ရပ်စည်းထားသည့် ရဟန်းပျိုများက ပွဲတော်ကို စောင့်ရှောက်နေသည်။
ရင်ပြင်တော် အင်္ဂါထောင့်မှာ မြို့မတီးဝိုင်းနှင့် လေဘာတီမမြရင်အငြိမ့် ကနေသည်။
စောစောကတည်းက တီးဝိုင်းနှင့် အငြိမ့်က ထွက်နေပုံရသည်။ မေမေဦးတို့ရောက်တော့
မမြရင်ပင် သီချင်းတစ်ပုဒ်သီဆိုပြီး လောက်နေ၏။
မအေးတင်က 'သူငယ်ချင်းတို့
တီးဝိုင်းဘေးမှာပဲ ရှိနေမှာ မဟုတ်လား၊ ကိုယ် ဆိုင်ဘက် သွားဦးမယ်' ဟုဆိုပြီး လူအုပ်ကြား တိုးသွားသည်။ မေမေဦးတို့ ညီအစ်မနှစ်ယောက်က
မောင်သိန်းနောက် ထက်ကြပ်မကွာလိုက်ရင်း တီးဝိုင်းစင်နှင့် အနီးဆုံးခေါင်းလောင်းစင်
အုတ်တိုင်နားကပ်ပြီး ရပ်လိုက်သည်။ သည်နေရာကဆိုလျှင် အငြိမ့်မင်းသမီးကို ဘေးတိုက်
အနေအထားနှင့်လည်းမြင်ရ။ တီးဝိုင်းလည်းမြင်ရ။
မေမေဦးတို့ရောက်တာနှင့် လေဘာတီမမြရင်နှင့်
သီချင်းတစ်ပုဒ်ဆိုရန် လူပြက်များနှင့် ပဋိသန္ဓာရစကား ဆိုနေ၏။ လေဘာတီမမြရင်
ဝတ်ထားသည့် အဝတ်အစားတွေက အမျိုးအစားကောင်း၊ အရောင်နု၊ အဆင်စိပ်လေးတွေမို့
မေမေဦးတို့ ညီအစ်မနှစ်ယောက်မှာ အချင်းချင်း လက်တို့ကာ ငန်းနေကြ၏။ ဝတ်ထားသည့်
လက်ဝတ်ရတနာတွေကလည်း စိန်အစစ်တွေမို့ နေ့ခင်းမှာပင် တဖျပ်ဖျပ်။
မေမေဦးက မမြရင်နောက်ထပ် သီချင်းတစ်ပုဒ်ဆိုမှာမို့
ခေါင်းလေး ပိုမော့သွား၏။ နောက်က လူအုပ်တစ်အုပ်က ကျိတ်၍ တိုးဝှေ့သွားတော့ ယဉ်ယဉ်ဦးက
ရှေ့သို့ ကပ်လာသည်။ မောင်သိန်းက ညီအစ်မနှစ်ယောက်ဘေးက ခပ်တင်းတင်း ရပ်နေ၏။
တဝေါဝေါလူအုပ်အသံမှာ သီချင်း၏ အတော တီးလုံးသံက လွှမ်းသွားသည်။ လေဘာတီမြရင်က
မင်းသမီး ဟန်ပါပါရပ်ရင်း ယပ်တောင်လေးနှင့် ပါးစပ်ကို ကွယ်ကာ သီချင်းကို
အသံမြှင့်ဆိုလိုက်၏။ အသံက မမြှင့်လို့မဖြစ်။ ပရိသတ်က များလွန်းလှသည်။
□
ပရိသတ်က များလွန်းလှသည်။ မေမေဦးမှာ ချွေးစေးတွေ
ပြန်လာ၏။ မြို့မတီးဝိုင်းကိုလည်း အခုလို အပြင်မှာ နားမထောင်ဖူး။ သီချင်းတွေကိုလည်း
အခုလို များများစားစား မကြားဖူး။ မေမေဦးက သူ အမြဲဆိုနေကျ သီချင်းကြီးအသွားတွေမှာ
အသစ်အဆန်းအသံတွေ ထည့်ထားသဖြင့် ကြားရသည် ကပင် စိတ်လှုပ်ရှားဖွယ် ဖြစ်နေသည်။
တစ်ခါတစ်ခါ လိုက်ဆိုဖြစ်သည်။ တချို့စာသားလေးတွေက စွဲမက်ဖွယ် ဖြစ်၏။ သီချင်းရော၊
ဂီတရော။ မိန်းမူးဖွယ်ကောင်းလှချည့်။ ဟုတ်တယ်၊ အားလုံးမှာ မူးယစ်စရာ၊
မေမေဦးခေါင်းထဲ ရိပ်ရိပ်ပြေးနေသည်။ ဂီတတွေ၊ သီချင်းတွေက ဝေးသွားလိုက်၊
နီးသွားလိုက်။ ရှေ့တူရူက အိမ်တော်ရာစေတီတော်ကြီးကို မော့ဖူးလိုက်မိသည်။ နည်းနည်း
အမူးပြေသလိုလို။ မမလတ်ကို လောလောဆယ် သူခံစားနေရတဲ့ ဝေဒနာ မပြောပြရဲ၊ သက်သာ
သွားမယ်ထင်ပါ့။
လေဘာတီမမြရင်က ညက်ညက်ကလေး ကနေ၏။ သူကနေတာ တစ်ခါတစ်ခါ
အရိပ်တစ်ခုလို ပါးလျားပျောက်ကွယ်သွားသလား၊ မြို့မတီးဝိုင်းကရော အားစိုက်ပြီး
တစ်ယောက်ချင်း လှမ်းကြည့်မိ။ မမလတ်က သူ့အနားကပ်လာပြီး သူ့ညာလက်ကို ဆုပ်ကိုင်ရင်း
တီးဝိုင်းထဲက တစ်ယောက်ဆီ မေးငေါ့ပြသည်။ ဆုပ်ထားသောလက်ကို မဖြည်ဘဲ ရုတ်ခြည်း
သူ့ဘက်လှည့်ကာ 'မေဦး လက်တွေ အေးစက်နေတာပဲ၊ ချွေးတွေလည်း စေးကပ်လို့' ဟု ပြောလိုက်သံကြားရသည်။ မေမေဦးက မော့ကြည့်လိုက်၏။ လူအုပ်ကြီးက ညာသံပေး
တိုးဝှေ့သည်။ လေဘာတီမမြရင်က ထဘီနားခတ်ပြီး ဝေ့ကာ ကသည်။ မြို့မတီးဝိုင်းက ထရန်ဘုန်း
ကော်လံကြီးမော့သွား၏။ စည်တိုကို နာနာနှက်သည်။ အိမ်တော်ရာဘုရားထီးတော်ကြီးက
အနားကပ်လာသလို။
မေမေဦးကိုယ်လုံးလေးကို မမလတ်က ရုတ်ခြည်း ပွေ့ထိန်းလိုက်တာပဲ
သတိရမိ။ ပြီးတော့ လူတွေကြား တိုးဝှေ့။
□
လေအေးလေးတစ်ချက်နှစ်ချက် ငယ်ထိပ်ဆံစဆီ တိုးဝှေ့။ ပြီးတော့
ပျောက်သွား။ လေအေးလေးက အဆက်မပြတ်။ နှာဝမှာ ပရုတ်နံ့သင်းသင်း ရလာသည်။ ပြီးတော့
မာလကာအနံ့၊ သံပုရာရနံ့၊ သြဇာရနံ့။ ဖြည်းဖြည်းချင်းနှင့် မခံစားဖူးသော အိပ်ရာခင်းရနံ့သစ်တစ်ခုကို
ရလိုက်သည်။ စံပယ်... စံပယ်ပွင့်တော့ မတွေ့။ မျက်လုံးကို အားယူဖွင့်ကြည့်မိသည်။
ခေါင်းရင်းက အလင်းရောင်တစ်ခု ဝင်လာသည်။ အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။ ခေါင်းကို
ယမ်းမိသည်။
'မေဦး... မေဦး... သတိရပြီလား၊ မမလတ်လေ... ယဉ်ယဉ်ဦးလေ...' ဟူသော အသံကို ပီပီပြင်ပြင် ကြားလိုက်ရသည်။
မျက်လုံးကို ပြန်လည်အားယူမိတော့ မမလတ်ရုပ်ပုံ
ပီပြင်လာသည်။ အခု ဘယ်မှာလဲ၊ ဘယ်ရောက်နေတာလဲ။
မမကြီးဘေးမှာ မောင်သိန်းက မျက်နှာငယ်လေးနှင့် ရပ်နေ၏။
ပြီးတော့... ပြီးတော့... အို... ရင်ထဲမှာ လှုပ်ခတ်သွားသည်။ သူ့မျက်လုံးတွေကို
ရုတ်ခြည်းသတိရသွားသည်။ အာဠဝီစီလမ်းက မစ္စစ်ကွစ်တိုက်မှာ 'စိန်ခြယ်ဖြာရောင်လင်း'
သီချင်းဓာတ်ပြားကို စက္ကူအိတ်နှင့်
သူတို့ညီအစ်မနှစ်ယောက်ဆီ ထိုးပေးပြီး 'ကဲ...ကဲ...
ဆရာရေ၊ ဒီတစ်ချပ်ကို အခုအစ်မနဲ့ နှမကိုသာ ရောင်းလိုက်ပါဗျာ၊
ကျွန်တော်နောက်တစ်ပတ်မှ လာပါ့မယ်' ဟူသော အသံနှင့် သူ့အမူအရာ။
အို... မမှတ်မိစရာမရှိ။
အခု ဘယ်လိုနဲ့ ဘယ်လို၊ သူတို့ဆီ။
မမလတ်က ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း...
'နေရှင်နယ်က မေဦးသူငယ်ချင်းက တီးဝိုင်းပေါ်ကနေ မေဦးကို မြင်လို့ ဆင်းပြီး
နှုတ်ဆက်ဖို့အလာ တိုက်တိုက်ဆိုင်ဆိုင် မေဦးကမူးပြီး လဲကျသွားတာ၊ ဒါကြောင့်
ဝိုင်းကလူတွေ ဆင်းလာကြပြီး အခု အနီးဆုံး၊ ဟို... ဟို... မောင်သောင်းဉာဏ်နော်၊
မောင်သောင်းဉာဏ်အိမ်ဆီ မေဦးကို သူတို့ ခေါ်ခဲ့ကြတာကွယ့်။ မေဦးက အိပ်ရေးတွေပျက်ပြီး
သွေးအားနည်းနေချိန်၊ လူအုပ်ကြား မသွားစဖူး သွားတာကိုးကွယ့်။ မေမေကြီးနဲ့
ဖေဖေကိုတော့ ဘာမှမပြောနဲ့တော့ နေကောင်းနေပြီပဲ။ သူတို့ စိတ်ပူနေမယ်။ ခဏနားပြီး
ရထားလုံးနဲ့ ပြန်ကြတာပေါ့'
'ရထားလုံးနဲ့မပြန်ချင်လည်း ကျွန်တော် မော်တော်ကား ငှားပေးလိုက်ပါမယ်ဗျာ'
ဟု မောင်သောင်းဉာဏ်က ဝင်ပြောတော့ ယဉ်ယဉ်ဦးက ပျာပျာသလဲတားသည်။
'မဟုတ်ပါဘူးကွယ်၊ ရပါတယ်... ကိစ္စမရှိပါဘူး။ တော်ကြာ အိမ်က သိသွားမှာလည်းစိုးရတယ်'
ဟု ဆိုသည်။
ဘုရား... ဘုရား... အိမ်တော်ရာဘုရားဝင်း လူအုပ်ကြားမှာ
မူးလဲသွားတော့ ဒီနေရာကို ရောက်အောင် ဘယ်လိုခေါ်ခဲ့ကြတာလဲ။ မမလတ်ကတော့
ဘယ်လိုနည်းနှင့်မှ သူ့ကို ပွေ့ပြီး မခေါ်နိုင်။ မောင်သိန်းကရော၊ မောင်သိန်းကရော
ပွေ့ချီဝံ့မှာမဟုတ်။ ဒါဖြင့်...
'မေဦး သူငယ်ချင်း မောင်မူတူးကလည်း အတော်ကို စိတ်ပူသွားတာကွယ့်၊ မမလတ်က
လူတွေကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာစိုးလို့ မေးဦးကို ပခုံးနဲ့ အသာမှီထားရင်း
မောင်မူတူးကတစ်ဆင့် မောင်သောင်းဉာဏ်ကို ခေါ်လိုက်ရတာ။ မောင်သောင်းဉာဏ်က မေဦးကို
တစ်ဖက်ကတွဲပြီး ဒီနားမှာ သူ့အိမ်ရှိတယ်ဆိုပြီး ခေါ်ခဲ့ကြတာ၊ တော်သေးတယ် မေဦးကလည်း
ပုံလဲကျမသွားဘူး' ဟု မမလတ်က ပြောသည်။
မမလတ်နဲ့သူ တွဲခေါ်လာတာတဲ့။
အိပ်ရာခင်း၊ ခေါင်းအုံးအနံ့လေး သင်းသင်းလေးတစ်ခုကို
သူ့အင်္ကျီများဆီကလည်း ရနေသည်။ ရိုးလ်တိုက်ထုတ် ဂျက်စမင်းတံဆိပ် ပေါင်ဒါရနံ့။
ခဏနေတော့ မြင်းရထားရောက်လာပြီဆို၍ လူးလဲထလိုက်သည်။
အခုတော့လည်း လူကောင်း။ မမလတ်က ဖန်ခွက်ထဲက ကယ်ရီကလူးကို့စ်ဖျော်ရည်တစ်ခွက်
ထပ်တိုက်တော့ ပိုလန်းသွား၏။
ကျောင်းကသူငယ်ချင်း မူတူးကိုတော့
ပိုပြီးရင်းနှီးသွားသလို ခံစားရသည်။ မောင်သောင်းဉာဏ်ကိုတော့
မျက်နှာမကြည့်ဝံ့ဘဲ 'ကျေးဇူးတင်ပါတယ်ရှင်' ဟုသာ နှုတ်ဆက် လိုက်ရ၏။ မမလတ်က
အိမ်ဘက်ရောက်ရင် ဝင်ဖို့ကို တွင်တွင် ပြောနေတော့သည်။
မမလတ်ဟာလေ...။
□
အခန်း(၁၅)
အိပ်မက်ထဲမို့ တော်တော့သည်
သည်ကနေ့ မန္တလေးဆောင်းက အအေးရဲနေသည်။
မနက်လင်းဆွမ်းခံချိန်ရောက်သည်အထိ နှင်းက မကွဲသေး။ စောစောစီးစီးချမ်းကြလို့ထင့်၊ ၇၈
လမ်းပေါ်မှာ မြင်းရထားသံပင် ခပ်စိပ်စိပ်မကြားရ။ လော်ကယ်ရထားတွေ မဆိုက်သေးလို့လည်း
ဖြစ်သည်။ ရှန်တိန်လုပ်သော ကုန်ရထားတွဲတချို့၏ တဂျိမ်းဂျိမ်းအသံကိုတော့ စောစောက
ကြားရသည်။
မနေ့ကအရှိန်ကြောင့် မေမေဦးမှာ အိပ်ရာထဲလှဲရင်း
ဘပြူတန်ကြက်တိုက်က ဝယ်လာသည့် ဦးစံရသွေးဆေးကို ပွတ်ကာ ရှူနေ၏။ သွေးဆေးရနံ့မွှေးလေးထဲမှာ
မနေ့ကတည်းက မှတ်ထင်ထင်စွဲခဲ့ရသော စံပယ်ရနံ့လေးကိုတော့ မှတ်မှတ်ထင်ထင် သတိရနေမိသည်။
တစ်ခါတစ်ခါ သင်းခနဲကြိုင် လာသလိုပင် ခံစားမိသေးတော့။ မမလတ်ကတော့
မနက်မလင်းခင်ကတည်းက ဆွမ်းထချက်သည်။ အခါတိုင်းနေ့တွေဆို မေမေဦးလည်း မမလတ်နှင့်အတူ
ထနေကျ။ သည်နေ့ မမလတ်က မေမေဦး နားချင်နေမှန်းသိ၍ မနှိုး။ စောစောကပဲ မမလတ်ကို
မေမေကြီးက 'မေဦး...မထသေးဘူးလား' မေးနေသံကြားသည်။
မေမေကြီးကျလောက်အောင် မမလတ် ဘယ်လိုပြောလိုက်သည်မသိ။ ဘာမှဆက်မေးသံမကြားတော့။
အိပ်ရာထဲတော့ လှဲချင်နေသေးသည်။ ရင်ထဲမှာတော့
နည်းနည်းဟာသလိုလိုရှိသည်။ တစ်ခါတစ်ခါ ရင်ခုန်သံတွေ မြန်နေပုံက ကိုယ့်ရင်ခုန်သံပင်
ကိုယ်ပြန်ကြားရသလို၊ ထိုအခါ ရင်ခုန်သံကိုပင် ဝါးလတ်စည်းချက်လို
ခြေဖျားလေးတွေယောင်ပြီး လှုပ်နေမိသည်။ မနေ့က အိမ်တော်ရာက ပြန်လာပြီးကတည်းက မေမေဦး
ရင်ခုန်သံတွေ မမှန်ချင်တော့။ မြန်ချင်သည့်အခါ မြန်လာတတ်သည်။ ဘယ်တတ်နိုင်ပါ့မလဲလေ။
အစစအရာရာ ကြံကောင်းကြံရာ ညီအစ်မနှစ်ဦး ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဆိုငြား သည်ခံစားမှုတွေအပေါ်မှာရော
မမလတ်ကို အလုံးစုံပြောပြဖို့ သင့်မှာလေလား။ အိပ်ရာပေါ် ဟိုဘက်သည်ဘက်
ပြောင်းလှည့်ရလွန်းလို့ အိပ်ရာခင်းက ကြေမွတွန့်လိမ်နေ၏။
ခြံဝင်းထောင့်ညောင်ပင်ကြီးက ဆောင်းလေအေး တစ်ချက်အဝှေ့မှာ ကိုင်းချင်းပွတ်တိုက်သံ
ကျိကျိမြည်သွားသည်။ ၇၈ လမ်းပေါ်မှာ ဓာတ်ရထားတစ်စီး ဖြတ်သွားသံကြားရသည်။
နှင်းအပါးဆောင်းနေကတောင် ဘက်ပြတင်းပေါက်က ဖြာဆင်းလာ၏။ ဒါပေမယ့်
ညောင်ရွက်ကိုင်းကြားက စိမ့်ထွက်လာသော လေအေးကြောင့် ခြေရင်းပုံကျနေသော ဘာဘူစောင်ကို
လှမ်းဆွဲလိုက်မိသည်။
□
စန္ဒရားပေါ်တင်ထားသော တယောကို လှမ်းယူလိုက်သည်။
မောင်သောင်းဉာဏ်က စန္ဒရားခုံမှာထိုင်ကာ ခလုတ်များကို တို့ထိစမ်းရင်း 'ကိုကြီးသန်း
ဒီနေ့ ဈေးမသွားဘူးလား' ဟု တယောလှမ်းယူသူကို
မျက်နှာမော့မကြည့်ဘဲ မေးလိုက်သည်။ 'ကောင်လေးက လုပ်ပြီ။ မန္တလေးမှာနေပြီး
ဥပုသ်နေ့မှန်း မသိဘူးလား။ မင့်မိဘတွေက ငွေအကုန်အကျခံပြီး မန္တလေးထားရကျိုး
မနပ်လိုက်တာကွာ' ဟု တယောကို မေးဖျားညှပ်ရင်း ပြောသည်။
'ကိုကြီးသန်းရေ... ကိုသောင်းဉာဏ်က ဥပုသ်မှ မဟုတ်ဘူးဗျ။ မနေ့ နေ့လယ်ကတည်းက
တော်တော်များများ မေ့သွားပြီဗျ' ဟူသော ရုတ်ခြည်းပေါ်လာသည့်
အသံကြောင့် အသင်းတိုက် တံခါးဝဆီ လှမ်းကြည့်လိုက်ကြသည်။ မူတူး။ အခုတော့
အသင်းတိုက်မှာ အမြဲလိုလိုရောက်လာသည့် မောင်မူတူးကို မောင်မူ၊ မောင်မူ၊ ကိုမူ
ဟုပဲခေါ်ကြတော့သည်။ မောင်မူက မောင်သောင်းဉာဏ်ကို
ပြုံးစေ့စေ့ကြည့်၏။ ထို့နောက် စန္ဒရားဘေး ခုံလွတ်တစ်ခုံမှာ ဝင်ထိုင်သည်။
မောင်သောင်းဉာဏ်က မောင်မူ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ တယောကို
မေးဖျားညှပ်ရင်း ဘိုးတံကို မ,လျက်နှင့် သူတို့နှစ်ရောက်အမူအရာကို
နားမလည်နိုင်သည့် ကိုသန်းထွေးက နှာယောင်ရိုးပေါ်လျောကျနေသည့်
မျက်မှန်ပေါ်မှကျော်ကာ ခပ်ပြူးပြူးလှမ်းကြည့်နေသည်။
မောင်မူ့စကားကြောင့် စန္ဒရားခလုတ်ပေါ်ပြေးနေသော
မောင်သောင်းဉာဏ်လက်တွေ
ရပ်သွားသည်။ အမြင်အားလုံး တွေခနဲရပ်သွား၏။ ခေါင်းအုံးဖုံးဖြူဖြူပေါ်မှ
ဆံချည်မျှင်လေးတွေကို မြင်ယောင်လာသည်။ ခေါင်းအုံးဖုံးပေါ်စွဲကျန်ရစ်သည့်
ကိုယ်သင်းရနံ့လေးကို သတိရလိုက်သည်။ အို...ဘာမှမဆိုင်တာ။ မောင်သောင်းဉာဏ်က
ရပ်တန့်သွားသော လက်ချောင်းတွေကို လှုပ်ရှားလိုက်၏။ ခပ်ကြမ်းကြမ်း စန္ဒရားသံ
ထွက်သွားသည်။ မောင်မူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး တယောဆရာဘက် လှည့်ကာ 'ကဲ...ကိုကြီးသန်း၊
စကြရအောင်။ ကိုကြီးသန်းက ဈေးနားချိန်မှသာ အသင်းတိုက်လာနိုင်တော့ အရင်ရက်က
တိုက်လက်စ မာစတာ့သီချင်းလေး ပြန်ဆက်ရအောင်၊ ကဲ...မောင်မူ၊ စည်းနဲ့ဝါးကိုင်ကွာ...'
ဟု လှမ်းပြောသည်။
'ဒီရက်ပိုင်း အိမ်တော်ရာဈေးမှာ အလုပ်ရှုပ်နေလို့ပါဗျာ။ အခါတိုင်း
ဈေးချိုအီးရုံထဲမှာဆိုရင် မိန်းမကို ရွှေဆိုင်ဖွင့်ပေးပြီး ငါက အသင်းတိုက်ကို
ရောက်နေကျပါ။ ဈေးချိုမှာ မငြိမ်မသက် ဖြစ်တာရော၊ အိမ်တော်ရာမှာ
ဈေးပြောင်းဖွင့်တာရောနဲ့ ငါလည်း အသင်းတိုက်မရောက်ဖြစ်တာ ကြာသွားတယ်' ဟု ကိုသန်းထွေးက ပြောသည်။
မောင်မူက တိုင်မှာချိတ်ထားသည့် စည်းနှင့်ဗြောက်ကို
ယူသည်။ သံလွင်စည်းကလေးကို ဘယ်ဘက်လက်မှာ ရစ်လိုက်ပြီး ဗြောက်၏လက်ကိုင်သားရေပြားထဲ
ညာလက် လက်မနှင့် လက်ညှိုးကို လျှိုလိုက်သည်။
'မာစတာ့သီချင်းက ဘယ်သီချင်းလဲ ကိုသောင်းဉာဏ်ရ' တစ်ဆက်တည်း
လှမ်းမေးသည်။ မောင်သောင်းဉာဏ်က ဘာမှမပြောဘဲ စန္ဒရားဖြင့် သီချင်းသွားလေးကို
ခပ်သွက်သွက် တီးပြလိုက်၏။ မောင်မူက ခေါင်းညိတ်ကာ နှုတ်ခမ်း နှစ်ဖက်ကွေးသွားအောင် ပြုံးလိုက်သည်။
'ကောင်းပါ့ဗျာ၊ ကိုသောင်းဉာဏ်တို့က သီချင်းရွေးတတ်ပါ့။
ဘာတဲ့...ဘာတဲ့...အိမ့်တောင်ပညောင်ကိုင်းကမြည် သူတို့ချင်း ကျိတ်ကြသံတကျီကျီ...၊
စိတ်က အိပ်မရ မောင့်ဆီ... မြင်ယောင်မိပါတော့သည်...တဲ့လား...' ဟု ပြောရင်း ခပ်ပွင့်ပွင့်ရယ်လိုက်၏။ မောင်သောင်းဉာဏ် ဘာမှမပြော၊
မောင်မူကိုလည်း မကြည့်၊ စန္ဒရားခလုတ်နားကပ်လု ခေါင်းကို ငိုက်ကာ အသံစမ်းရင်း
ကိုသန်းထွေးကို စလိုက်ရအောင်ဟူသော အချက်ပေးသည့် အမူအရာအဖြစ် ခေါင်းဆတ်ပြလိုက်၏။
မောင်မူက ဣန္ဒြေပြန်ဆယ်ကာ သီချင်းသွားလေးကို
စည်းဝါးလိုက်ရင်း ခပ်တိုးတိုးညည်းလိုက်သည်။
□
'တိမ်ပြာမိလ္လာ၊ ရှိန်ကာသန်းတယ်...
ချမ်းမပြေ့တပြေငုံ
ငွေနှင်းယုန်မှာ ရောင်ဝါဖျော့ဖျော့
အလင်းရောင်မှုန်ပြာရီ...
အိပ်ဆောင်လေသာ၊ စက်ရာခန်းဝယ်
ငြီးငွေ့လှပေါ့၊ ကိုယ်တည်းမယ့်မှာ
မျှော်ကာ တမ်းတ ယောင်မိသည်...'
မေမေဦးမှာ အိပ်ရာထ မျက်နှာသစ်ပြီးသော်လည်း
လန်းလန်းဆန်းဆန်းတော့ မရှိလှသေး။ မမလတ်ဖျော်ထားသော ကာဖီရည်တစ်ခွက်ကို
ယူနီဗာဆယ်ဘေကာရီတိုက်မှ ပလိန်းကိတ်နှင့် သောက်လိုက်သည်။ ရင်ထဲတော့
နွေးနွေးထွေးထွေးရှိအသွားသား။ ဒါပေမယ့် ရင်ထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာသော
ဝေဒနာတစ်ရပ်နှင့်အတူ ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာသော ရုပ်လွှာလေးကလည်း တလှပ်လှပ်
ပန်းလျစေ၏။
'ဟင်း...'
မေမေဦး သက်ပြင်းလေးချမိသည်။ တကယ်တော့ ဆိုင်းတန်းရပ်
မြို့မအသင်းတိုက်မှာ မောင်သောင်းဉာဏ် တီးခတ်လိုက်သော စန္ဒရားလက်သံသည် ကိုသန်းထွေး၏
တယော၊ ကိုမူ၏ တိုးလျလျသီချင်းသံနှင့်အတူ ကောင်းကင်ယံမှာ လွင့်ပျံလာပြီး
ဘီလမ်းအတိုင်း အပြေးကလေး ရောက်လာမှာ သေချာသည်။ ၇၈ လမ်း ဓာတ်စက်ရုံရောက်တော့
တောင်ဘက်ချိုးလာမှာပေါ့။ မီးရထားအရာရှိရိပ်သာ မရောက်ခင်
မန်ကျည်းပင်ကြီးတွေနှင့်အတူ ခြံဝင်းထောင့်က ညောင်ပင်ကြီးတစ်ပင် အုံ့ဆိုင်းနေသော
မေမေဦးတို့ ခြံဝင်းကြီးပေါ်ရောက်တော့ ရှေ့ဆက်မသွားဘဲ ခိုနားနေရာလေး တစ်နေရာလည်း
ရှာမှာပေါ့။ မန်ကျည်းပင်ကြီး ထိပ်ဖျားလား၊ ညောင်ပင်ကြီးထိပ်ဖျားလား၊ ဒါမှမဟုတ်
ဥရောပပုံ အိမ်ကြီးရဲ့ ခိုနန်းချိုမှာလား။ သုံးပင်ယှက်လိမ် တေးသံလေးက ဝေ့ကာ
ဝဲကာနှင့် မေမေဦးတို့အိမ်ကြီးပတ်လည် ဝေ့ဝဲနေသည်။ ပါးလျားစ နှင်းမှုန်တွေ
ဖြည်းဖြည်းချင်း တပ်အဆုတ်မှာ ပဝါဖြူလေးတစ်စလို လွင့်ပျံပြီး ခန်းဆီးဖြူစနှင့်
ပြတင်း ပေါက်လေးတစ်ပေါက်က လှစ်ခနဲဝင်သွားတော့၏။
မေမေဦးက တောင်ဘက်ပြတင်းပေါက် ခန်းဆီးစဖြူလေးကို
လှပ်လိုက်ပြီး အနားက စန္ဒရားခုံမှာ ဝင်ထိုင်လိုက်သည်။ ပြတင်းပေါက်က
ဆောင်းလေညင်းကလည်း လှစ်ခနဲဝင်လာသည်။ မေမေဦး ရင်ထဲ ကြက်သီးမွေးညင်းထသွား၏။
စန္ဒရားခလုတ်လေးတွေပေါ် လက်ချောင်းလေးတွေ အလိုလို
ရောက်သွားသည်။
□
မောင်သောင်းဉာဏ်၏ အလောတော် လက်ချောင်းများက
စန္ဒရားခလုတ်များအပေါ် ပြေးလွှားနေသည်။ သီချင်းသံ ပြိုင်ပိုဒ်မို့ တယောကလည်း
ခပ်ဖြူးဖြူးလေး ကပ်ငြိလိုက်ပါလာ၏။ မောင်မူက သီချင်းသွားကို ခပ်နွဲ့နွဲ့လေး ရစ်ဆိုလိုက်
သည်။ သူ့အသံက မိန်းကလေးတစ်ယောက် အသံကို တုပသီဆိုနေ၏။ သီချင်းဆိုရင်း
စန္ဒရားတီးနေသော မောင်သောင်းဉာဏ်ကို လှမ်းကာ၊ လှမ်းကာ နောက်ပြောင်သည်။
အထွေအထူးနောက်ပြောင်စရာမလို၊ သီချင်းစာသားများကပင် ကလိချက်၊ ရိချက်ပိုင်လှချေ၏။
'အိမ်တောင်ပညောင်ကိုင်းကမြည်
သူတို့ချင်း ကျိတ်ကြသံတဂျီဂျီ
စိတ်က အိပ်မရမောင့်ဆီ
မြင်ယောင်မိလှပါသည်...
သွားလေး မပေါ့်တပေါ် ပြုံးလို့ပလီ
မျက်နှာမထားတတ်ပေါင်ရှင်
ကျွန်မကို စေ့စေ့ကြည့်နေ...
ခွင့်လွှတ်သနားဖို့ တောင်းပန်ပါရစေ...'
မောင်မူက စည်းဝါးလိုက်ရင်း အငြိမ့်မင်းသမီးတစ်ယောက်လို
မျက်နှာပေးဟန်အမူအရာနှင့် 'မိန်းမသားပါ... ရမ်းကားလျှင် အလျင်းပင် မတော်သည်' ဟူသော
စကားလုံးကို ဟန်အပြည့်ထည့်ပြီး မောင်သောင်းဉာဏ်ဘက် ဟန်အပြည့်ချီကာ သီဆိုလိုက်တော့
တယောထိုးနေသော ကိုသန်းထွေးပင် အသံမထွက်အောင် ရယ်လိုက်လို့ ကွမ်းတွေ
တဖွီးဖွီးသီးသွားသည်။ မောင်သောင်းဉာဏ်က စန္ဒရားခလုတ်အပေါ် လက်အရှိန်မပျက်စေအောင်
ထိန်းတီးကာ မောင်မူကို အံကြိတ်ပြလိုက်သည်။
မောင်မူဆက်ဆိုလိုက်သော သီချင်းစာသားမှာ မောင်သောင်းဉာဏ်တစ်ယောက်
မျက်နှာပေါ် နွေးခနဲဖြစ်သွားအောင်အထိ အပူတစ်ခု ဟပ်သွားသေး၏။
'လေပြည်လေညင်း ဆော်သွင်းရိုက်ချီ
တရွေ့ရွေ့မို့ ဝေ့ဆောင်ခဲ့သည်
သော်တာယုန်ပေါ် ကျော်ကာပြေးလို့
ရေးရေးလဲ့လဲ့မှုန်လို့ရီ
မှေးတမှိတ်မှိတ် အိပ်စက်မပျော့်တပျော်ဆီ
မောင်...
မိန်းမသားပါ၊ ရမ်းကားလျှင် အလျင်းပင်မတော်သည်...
သို့ပေမယ့်လည်း...
သူ့လက်ချောင်းက ဆင်နှာမောင်းထက်မကသာပြီ
ကမြင်းကြောပွေလီ...
အိပ်မက်ထဲမို့ တော်တော့သည်...'
အိပ်မက်ထဲမဟုတ်ပါလား ကလေးရေ။ ဒါပေမယ့် အိပ်မက်ပဲ
ဖြစ်ပါစေတော့။ အဲဒီနေ့က အိမ်တော်ရာဘုရားဝင်းထဲ တီးဝိုင်းမှာ လူတွေကြိတ်ကြိတ်တိုး
စည်ကားလှသည်။ ဘုရားပရိဝုဏ်အတွင်း ရပ်နေသော လူအုပ်ကြီးအလယ်က ကြိတ်တိုးနေသော
လူစီးကြောင်းကြီးတစ်ခုက ရှိနေသေးသည်။ ဇရပ်တွေထဲက ဈေးဆိုင်တွေမှာလည်း တစ်ညပ်။
တီးဝိုင်းက လေဘာတီမမြရင်နှင့် အငြိမ့်ခန်းကရ၏။ လေဘာတီက
ထုံးစံအတိုင်း သူ့နာမည်ကျော် အလှူ့ရှင်သီချင်း ဆိုသည်။ စန္ဒရား ကိုကြီးဘဒင်က
နေ့ပွဲမှာ လူစည်သည့် အသံ မခံနိုင်လို့ မောင်သောင်းဉာဏ်ကို စန္ဒရားခုံမှာပဲ
ထိုင်စေ၏။ မောင်သောင်းဉာဏ်က မြို့မစန္ဒရားခုံမှာ နေရာ ရလာမှုအပေါ် အတော်ကျေနပ်ပီတိ
ဖြစ်နေသည်။ လူငယ်ပီပီ ခေါင်းလေးတမော့မော့၊ ရင်လေးတကော့ကော့ ဖြစ်လာ၏။ စန္ဒရားခုံမှ
ပရိသတ်ဘက် မျက်လုံးဝေ့ကြည့်မိလိုက်တော့ အငြိမ့်ခုံနှင့် မလှမ်းမကမ်း ညာဘက်ဘေးက
ခေါင်းလောင်းစင်နားမှာ အသင်းက မောင်မူက အငြိမ့်ပွဲလာ မိန်းမပျိုလေး ၂ ယောက်နှင့်
စကားပြောနေတာတွေ့ရသည်။ အသိတွေ နေမှာပေါ့။ စန္ဒရားခလုတ်တွေဆီ အာရုံစိုက်လိုက်သည်။
ခဏနေတော့ အကြည့်က ထိုနေရာသို့ တစ်ဖန်ဆွဲခေါ်ပြန်၏။ မိန်းမပျိုလေးတွေကို
မြင်ဖူးသလိုလို။ ခပ်ကြာကြာလေး စိုက်ကြည့်မိသည်။ ဘယ်မှာမြင်ဖူးတာလဲ။ မမှတ်မိ။
ထားပါတော့လေ။ စန္ဒရားခလုတ်တွေဆီ အာရုံပြန်စိုက်၊ ခဏနေတော့ ပြန်ကြည့်မိ။ တစ်ယောက်က
မိမိကို မေးဆတ်ပြတာ မြင်လိုက်ပြန်သည်။ မောင်မူက ဘာတွေပြောနေသည်မသိ။ ထားပါတော့လေ။
သီချင်း၏နောက်ဆုံးအပိုဒ်ကိုပဲ စန္ဒရားခလုတ်ဆီ မျက်နှာမူကာ
တီးနေမိသည်။
မေမေဦးက လွင့်ရုံကလေးလွင့်နေသော ခန်းစီးစလေးရှိရာ
ပြတင်းပေါက်မှတစ်ဆင့် ပြင်ပဆီ ငေးရီနေမိသည်။ စန္ဒရားခလုတ်ပေါ် လက်တင်ရင်း
ဘယ်သီချင်းစတီးရမလဲ ဆိုတာ ဝေခွဲလို့ မရသေး။ လက်နှင့်ဖိမိရာ အလုံးလေးတွေကိုပဲ
ဖိမိနေသည်။ ခြံဝင်းထောင့် ညောင်ပင်ကြီးပေါ်က အမျိုးအမည်မသိ ငှက်ကလေးတွေ
တစ်ကိုင်းမှ တစ်ကိုင်းတိုင် ဦးတမ်းကစားနေကြ၏။ သည်တွင်ပဲ ရင်ထဲမှာ တေးသွား တစ်စက
ရုတ်ခြည်းပေါ်လာသည်။ ခါးကလေးကို ဆန့်လိုက်ရင်း အသက်ကို
ပြင်းပြင်းရှူသွင်းလိုက်တော့ ခပ်ချောင်ချောင် ဝတ်ထားသည့် ဘရိုကိတ်ထည် ညဝတ်အင်္ကျီပွပွအောက်မှ
ရင်ကလေးက ချီသွား၏။ အလိုလေး...ရင်ထဲပေါ်လာသည့် တေးသွားတစ်စက လမင်းသော်တာပတ်ပျိုးမှ
နောက်ဆုံး ကြားဖြတ်လေးပါလား မတတ်နိုင်။ သက်ပြင်းလေးလေး ချလိုက်သည်။
ရင်ထဲမှပေါ်လာသည့် တေးသွားအတိုင်းပဲ လက်လေးတွေ လှုပ်ရှားသွားတော့သည်။
'...လွမ်းရန်ဆင့် သန်းခေါင်ဗွေ
လွမ်း...ရန်ဆင့် သန်းခေါင်ဗွေ
ပြန်ဆော်လေက သုတ်ကာသွင်း...
ငွေနှင်းသုန်သုန်ဖြာ...
ရွှေရင်မှာ တုန်လို့သာအေး...'တဲ့လေ။
□
အခန်း(၁၆)
ဇာတိမာန်စွမ်းတဲ့ မန်းမြို့ရတနာပုံပြည်
ဖေဖော်ဝါရီလကုန်ပိုင်း၏ အားလျော့စ ဆောင်းနေက
တရုတ်တန်းလမ်းမကြီးပေါ် ခပ်စောင်းစောင်းကျလာသည်။ သည်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းက
မန္တလေးတွင် မကြုံစဖူး ထူးထူးကဲကဲ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးစိတ်ဓာတ်
ပြင်းထန်ပေါက်ကွဲခဲ့သည်။ ဝမ်းနည်းဖွယ် သွေးထွက်သံယိုမှုကြီး ဖြစ်ခဲ့၏။ ထိုကတည်းက
နေ့ခင်းများ၌ပင် မန္တလေးလမ်းမကြီးများပေါ်၌ အသွားအလာ နည်းပါးသွားသည်။
မြို့သူမြို့သားများကလည်း နာကြည်းစိတ်ဖြင့် Dick Kerr & Co., မှ
ပြေးဆွဲသော ဓာတ်ရထားများကိုပင် မစီးကြတော့။
ယခင်က ဘူတာဆင်းခရီးသည်များ၊ ဈေးသွား ဈေးလာများဖြင့်
မနက်လင်းသည်နှင့် စည်ကားနေသော တရုတ်တန်း လမ်းမကြီးသည် သည်ရက်ပိုင်းမှာတော့
တစ်ခါတစ်ရံ ဖြတ်သွားသော မြင်းရထားသံလောက်သာ ရှိသည်။ ဘူတာကြီးကုန်ရုံဆီက
ရှန်တိန်လုပ်နေသော မီးရထားဥသြသံနှင့် တွဲဆက် တွဲဖြုတ် တဂျိန်းဂျိန်းအသံက အဆူညံဆုံး
ဖြစ်နေ၏။ တရုတ်တန်းလမ်းမကြီးပေါ် လူသူရှင်းနေသော်လည်း ရေစက်ရုံကြီးအရှေ့ဘက် ၂၉
လမ်းထိပ်က 'ဗဟိုရ်'လက်ဖက်ရည်ဆိုင်မှာတော့ အနီးအနားရပ်ကွက်က
လူငယ်များဖြင့် စည်ကားနေသည်။ ဗဟိုရ်လက်ဖက်ရည်မှာ မန္တလေးထုတ် သတင်းစာတွေ
အစုံအလင်ရှိနေသဖြင့် သတင်းနှင့် မျက်ခြည်မပြတ်ရန် အားထုတ်နေသော လူငယ်များ
အမြဲမပြတ်လာရောက်နေကြသည်။ တရုတ်တန်းက၊ ရှေ့တော်ပြေးဝင်းက၊ အထက်ဆင့်ဝင်းက၊
ပဒေသာတန်းက စသည်ဖြင့် လူငယ်များကလည်း မန္တလေးမွေး မန္တလေးကြီးသူများပီပီ
သုခုမနှင့်လည်း မကင်းကွာကြ၊ ဘင်ဂျိုလေး၊ တယောလေး၊ ဂစ်တာလေးကအစ ထဲထဲဝင်ဝင်ရှိကြသည်။
ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်ပျက်သွားသော အဖြစ်အပျက်များကိုပင် ဂီတဖြင့်
ရုတ်ခြည်းခံစားမှတ်တမ်းတင်ဖို့လည်း မမေ့လျော့ကြ။
ကြည့်လေ။ တစ်လောဆီက အဖြစ်အပျက်ကိုပင်
ရှေ့တော်ပြေးဝင်းသားတွေက တယော၊ မြန်မာဂစ်တာများဖြင့် သိင်္ဂါသံအလိုက်နှင့်
ခေတ်စားနေသော ရွှေတိုင်ညွန့်၏ ဗိမ္မိသာရ သီချင်းအလိုက်တို့ရောစပ်ကာ သီကုံးထားသော
သီချင်းက ဗဟိုရ်လက်ဖက်ရည်ဆိုင်မှ အစပြုပြီး တစ်မြို့လုံး ပျံ့နှံ့သွားခဲ့သေး၏။
ချောက်ချားဖွယ် တိတ်ဆိတ်ငြိမ်သက်နေသော
မန္တလေးညချမ်းတွင် ယခုထက်တိုင်ပင်
ဟိုနား သည်နားမှ ထိုသီချင်းသံကို ကြားနေရဆဲဖြစ်၏။
'...သနားစရာ အများတကာ...ပြည်ကောင်းဖို့ရည်
ဇာတိမာန်စွမ်းတဲ့ မန်းမြို့ရတနာပုံပြည်
လွတ်လပ်စေကြောင်းကိုရည်
အသက်ကို စွန့်ကြလေသည်၊
မြန်မာပြည်တွင် သတင်းနှံ့လေပြီ၊
အာဇာနည်ဗိမာန်ထားကာ ပွား၍လာသည်
များ၍လာသည်၊
တရားမသွေရစေ အမျှဝေပါတော့သည်...'တဲ့။
ရှေ့တော်ပြေးဝင်းသား ကိုဘသက်နှင့်အတူ ကိုဘညိန်း၊
ကိုလှကျော်၊ ကိုမြဗော၊ ကိုတော်တို့သည် မနက်လင်းတာနှင့် ဗဟိုရ်လက်ဖက်ရည်ဆိုင်သို့
ရောက်ကြသည်။ ကိုယ့်ဆရာတွေ အမြဲရှိသည်ဆို၍ မောင်သောင်းဉာဏ်၊ မောင်မူ၊
မောင်ဌေးမောင်တို့လည်း နေ့စဉ်လိုလို ရောက်လာတတ်၏။
လက်ဖက်ရည်ဝိုင်းမှာ သည်ရက်ပိုင်း ဂီတကိစ္စထက်
သတင်းကိစ္စတွေ ပြောဖြစ်ကြသည်။ မန္တလေး၊ ချောက်၊ ရေနံချောင်း၊ ရန်ကုန်သတင်းများသာမက
ဥရောပ၌ စတင်ဖြစ်ပွားနေသော စစ်ကြီးအကြောင်းပင်ပါသည်။ တစ်ခါတစ်ရံ စကားကောင်းနေဆဲ
မောင်မူက အရွှန်းဖောက်ပြီး မောင်သောင်းဉာဏ်ကို ပြောင်တတ် စတတ်သဖြင့် မောင်သောင်းဉာဏ်ကလည်း
မောင်မူ့ကို မျက်စောင်းတခဲခဲ။
သည်ရက်ပိုင်း ကိုဘညိန်းက သတင်းတွေဖတ်ပြီး သီချင်းတစ်ပုဒ်ရေးစပ်ဖြစ်သည်။
ထိုသီချင်းကို အသင်းတိုက်မှာ တီးလုံးတိုက်ဖြစ်နေ၏။ မောင်မူက အကွက်ရကာ
ထိုသီချင်းစာသားဖြင့် မောင်သောင်းဉာဏ်ကို စပြောင်ဖြစ်နေခြင်း ဖြစ်သည်။
'ဂျာမနီတွင် အာဏာရှင် ဟစ်တလာက၊
ပျိုရွယ်သူတွေစုံကာဖက်လို့ လက်ဆက်နေသတဲ့
အလိုပြည့်ဖို့ ဟိုရွှေ့စို့၊ မောင်မယ်နှစ်ဖြာပင်...'
ဟူသော သီချင်းစာသားလေးဖြစ်သည်။
တကယ်တော့ ဆရာသမားတွေ၊ လူကြီးတွေရှေ့မှာ မောင်မူက
စပြောင်သဖြင့်သာ ဟန့်ရခြင်းဖြစ်သည်။ မောင်သောင်းဉာဏ်ရင်ထဲ
ထိုကိစ္စနှင့်ပတ်သက်လျှင် ဘာလိုလို ဖြစ်နေတာကြာပြီ။ ရင်ထဲမှာ ထိုကဲ့သို့
ဘာလိုလိုဖြစ်လာတိုင်း စာကလေးတံဆိပ် မဲနယ်လေးအုပ်ကာ ဖွပ်လျှော်ထားသည့်
သူ့ခေါင်းအုံးစွပ်ဖြူဖြူလေးပေါ် ကျန်ရစ်ခဲ့သည့် ဆံပင်စလေးရယ်၊ 'ရိုတွန်း'တံဆိပ် ပေါင်ဒါရနံ့လေးရယ်ကို ချက်ချင်း သတိရခံစားလိုက်မိ၏။
ဆံပင်ကလေးကိုတော့ သူ့ ဒိုင်ယာရီ စာအုပ်လေးက ထိုနေ့စွဲနှင့် စာမျက်နှာမှာ
ညှပ်ထားလိုက်သည်။ 'ရိုတွန်း'ပေါင်ဒါရနံ့လေး
မပျောက်အောင် ခေါင်းအုံးလေးပေါ် မျက်နှာသုတ်ပဝါသန့်သန့်လေး အမြဲအုပ်ထားမိ၏။
အိပ်ချိန်ရောက်မှ မျက်နှာသုတ်ပဝါလေးကို ဖယ်ကာ ရွရွလေး အိပ်ရသည်။ အိပ်ရာဝင်တိုင်း
ရင်ထဲမှာ မောလှချည့်။
သို့သော် ဟိုအဝေးကြီးမှာရှိနေသော မိဘများ၏ဆန္ဒဖြင့်
မန္တလေးမှာ မိဝေးဖဝေးဖြင့် နေရသောကြောင့် မိမိရည်မှန်းချက်တွေအပေါ်
နှောင့်နှေးစေမည့် မည်သည့်ကိစ္စမဆို စိတ်မကူးရဲ။
ဒါပေမယ့်လေ။
သည်ရက်ပိုင်းအတွင်း မောင်သောင်းဉာဏ်စိတ်ထဲ
ဒွိဟလွန်ဆွဲနေတာ ထိုကိစ္စပဲဖြစ်နေသည်။ အရေးထဲ မောင်မူကလည်း အကျီစားသန်လှ၏။
သို့သော် အခုလို ဂီတအသိုင်းအဝိုင်းကြားမှာတော့ ထိုပဋိပက္ခဒွိဟစိတ်က
သက်သာသလိုတော့ရှိသည်။ လက်ဖက်ရည်ဝိုင်းမှ တစ်ယောက်တစ်ပေါက် ပြောနေကြသည့်
စကားသံတွေကြား မောင်သောင်းဉာဏ်က သူ့အတွေးနှင့်သူ လှိုင်းစီးနေသည်။
သို့သော် ထိုရေအလျဉ်ကို ဖြတ်တန့်လိုက်တာက
လက်ဖက်ရည်ဆိုင်ရှေ့ သူ့မောရစ်မိုင်းနား ကားကလေးရပ်ပြီး ခပ်ပျာပျာဝင်လာသော
ကိုရင်လေး၏ ခပ်အက်အက်အသံဖြင့် ပြောလိုက်သော သတင်းကြောင့်ဖြစ်သည်။
အားလုံးက သူ့သတင်းကြောင့် ခေါင်းမော့သွားကြ၏။
မျက်မှောင်ကြုတ်သွားကြ၏။ အံ့အားသင့်သွားကြ၏။ ကိုဘသက်က စုပ်တစ်ချက်သပ်လိုက်သည်။
▀
ဆက်လက်ဖော်ပြပါမည်။
ဆူးငှက်
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...
'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...
သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...