ပတ္တမြားခင်
စာဖတ်သူသို့ ...
အတိတ်လမ်းကို
ပြန်လျှောက်ခြင်း အခန်းဆက် အတ္ထုပ္ပတ္တိရှည်ကြီး ရေးပြီးတဲ့နောက် ဆရာမကြီး
ဒေါ်ပတ္တမြားခင်ရဲ့ ဆောင်းပါးများကို တမ်းတနေကြ တဲ့ ပရိသတ်များအတွက် အသက် ၈၂
နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာမကြီးရဲ့ ကြိုးစားရေးသားချက်ကို ရွှေအမြုတေအထူးထုတ်မှာ ဖော်ပြပေးလိုက်ပါတယ်။
ဒီခေါင်းစဉ်နဲ့ အခါအားလျော်စွာ ရေးသားသွားမှာ ဖြစ်ကြောင်းလည်း
ကြိုတင်အသိပေးအပ်ပါတယ်။ ဝင်းငြိမ်း ကျွန်မဘဝရဲ့ အပိုင်းအစလေးများဆိုတဲ့
ဒီဆောင်းပါးကို စမရေးခင်မှာ နှုတ်ကြွေးတွေ တင်ရှိခဲ့ရတဲ့ ကျွန်မရဲ့ မိသားစုကဲ့သို့
ချစ်ခင်လေးစားရပါတဲ့ စာဖတ်ပရိသတ်များကို တောင်းပန်စကား ဆိုပါရစေ။
အတိတ်လမ်းကို
ပြန်လျှောက်ခြင်း နိဂုံးချုပ်ပြီးတဲ့နောက် လက်ရှိကျွန်မရဲ့ ဘဝခရီးကို
ဆက်ရေးသားဖို့ တောင်းဆိုခဲ့ကြတဲ့ စာဖတ်ပရိသတ်များရဲ့ ဆန္ဒကို ဖြည့်ပေးချင်တဲ့
စိတ်ဆန္ဒစောမှုနဲ့ ဘဝလမ်းကို ဆက်လျှောက်ခြင်း ရေးခဲ့ပါတယ်။ အပိုင်း (၄) အထိ
ရေးပြီးတဲ့နောက် လျှောက်လိုက်ရတဲ့ ကျွန်မဘဝခရီးတွေက များလွန်းတဲ့အတွက်
ကလောင်ကိုင်ချိန် မရလိုက်ပါဘူး။ အဲဒါကလည်း စာရေးဆရာမ နာမည်သာခံပြီး အရည်အချင်း
ပြည့်မီတဲ့၊ စာရေးဆရာမစစ်စစ် မဟုတ်ခဲ့တာကလည်း အဓိကအကြောင်းအချက် တစ်ခုဖြစ်တယ်လို့
ဝန်ခံရမှာပါပဲ။ ကျွန်မက အများတကာ စာပေပညာရှင် များလို အချိန်အခါမရွေး ချရေးနိုင်သူ
မဟုတ်ပါဘူး။ ကိုယ့်အနားမှာ ဘယ်သူမှ မရှိဘဲ တစ်ကိုယ်ရေ တစ်ဦးတည်းနေရတဲ့
အခိုက်အတန့်ကလေးကျမှ အေးအေးဆေးဆေး စာရေးဖို့ ဈာဝန်ဝင်လို့ ရပါတယ်။
မနှစ်ကတော့ ကျွန်မရဲ့
၈၁ နှစ် ပြည့်တဲ့ မေလကစပြီး ခရီးများလိုက်တာ ပြည်တွင်းမကဘူး။ ပြည်ပဖြစ်တဲ့
ထိုင်းနိုင်ငံနဲ့ အမိမြန်မာပြည်ကိုတောင် မထင်မှတ်ဘဲ နှစ်ခေါက်ရောက်ဖြစ်ပါသေးတယ်။
ဖလော်ရီဒါမှာ ရှိနေခိုက်မှာလည်း သားသမီးနဲ့ မြေးတစ်သိုက်က တစ်လှည့်စီ
ရောက်လာကြမြဲမို့ နွေကျောင်းပိတ် သုံးလဆိုတာ ဘယ်လို ကုန်သွားလိုက်မှန်းတောင်
မသိပါဘူး။
ကိုယ့်မိသားစုတင်
မကဘူး။ မပင့်ဖိတ်ရဘဲ ရောက်လာကြတဲ့ ဧရာမမုန်တိုင်းကြီးတွေက သြဂုတ်လက စတွက်ကြည့်ရင်
ဒင်းနစ္စ၊ ကက်ထရီနာ၊ ရီတာ၊ ဝီလ်မာနဲ့ တန်းကိုစီလို့။
ဝီလ်မာဝင်လာတုန်းက
မုန်တိုင်း အဆင့် (၁)ကနေ အရှိန်မြင့်လာပြီး ကျွန်မတို့မိသားစုများ
အခြေချနေထိုင်ကြတဲ့ ဘရားဝဒ်မြို့နယ်တစ်ခုလုံးကို ဝင်ကျုံး သွားတာ ၅၅ နှစ်အတွင်းမှာ
အဆိုးဆုံး မုန်တိုင်းတစ်ခုအဖြစ် စံတင်ရလောက်အောင် အပျက်အစီးများခဲ့တာ
စာဖတ်သူများလည်း စလောင်းရုပ်မြင်ကနေ သတင်းတွေ ကြည့်လိုက်ကြရမယ် ထင်ပါတယ်နော်။
ကိုယ်က ခရီးသွားလိုက်၊
သား သမီး မြေးမြစ်တွေက ကိုယ့်ဆီ ရောက်လာလိုက်၊ မုန်တိုင်းချိန် ကျပြန်တော့
ကြုံရမြဲ နောက်ဆက်တွဲ ဒုက္ခဖြစ်တဲ့ မီးမရှိ၊ ရေမရှိ၊ တယ်လီဖုန်း မရှိဆိုတဲ့
အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရုန်းကန်လိုက်နဲ့ ၂ဝဝ၅ ခုနှစ်တစ်ခုလုံး အေးအေးဆေးဆေး
နားနေရတယ်ဆိုတာ မရှိသလောက် ဖြစ်ရတာကြောင့် လစဉ် ပင်တိုင်ရေးဖို့ တာဝန်ယူထားခဲ့တဲ့
ကလျာမဂ္ဂဇင်းမှာတောင် မီအောင် မရေးဖြစ်နိုင်တာမို့ ညီမကလျာကို အခါခါ
တောင်းပန်ခဲ့ရပါတယ်။
သားကိုဝင်းငြိမ်း
(ရွှေအမြုတေ) ကိုတော့ မိသားစုကြီးသလောက် မွေးနေ့တွေ၊ မင်္ဂလာဆောင်တွေ၊ ကလေး
ကင်ပွန်းတပ်ကအစ ဘွဲ့နှင်းသဘင်တွေထိ တစ်နှစ်ပတ်လုံး စာရင်းရှုပ်ကြ မြဲဖြစ်တဲ့
ပွဲမျိုးစုံကို တက်ရောက်ဖို့ ဟိုပြည်နယ်ရောက်လိုက် ဒီပြည်နယ် ကူးလိုက် လုပ်နေရတဲ့
ကျွန်မရဲ့ ခရီးစဉ်တွေကို အကြောင်းပြရင်း စကားကြုံတိုင်း အားနာစွာနဲ့
စာမရေးဖြစ်သေးတာကို နားလည်ပေးဖို့ အလီလီ တောင်းပန်ထားရဆဲပါပဲ။
ဒီတစ်ခေါက်
မြန်မာပြည်ကို ပြန်ရောက်ခိုက် တစ်ပိုင်းတစ်စ ရပ်ထားရတဲ့ ဘဝခရီးကို
ဆက်လျှောက်ခြင်းကိစ္စ ကိုဝင်းငြိမ်းနဲ့ ပြောဖြစ်ကြတော့ ကျွန်မရဲ့ အခက်အခဲတွေကို
ရှင်းပြရတယ်ပေါ့။ မိသားစုက ကြီးမားတိုးပွားလာတာကြောင့် သားသမီးများမကတော့ဘဲ
လူလားမြောက်လာကြတဲ့ မြေး မြစ်တွေအထိ ဝတ္တရားတွေက ပိုမိုများပြားလာတဲ့အတွက် အားလုံးကို
ညီညီမျှမျှ မေတ္တာပေးနိုင်ဖို့ ကြိုးစားဖြည့် ဆည်းရတာက တစ်မျိုး။
အခုအချိန်ထိ
ကျန်းမာရေးကောင်း နေသေးတယ်ဆိုတဲ့တိုင် အသက် ၈ဝ ကျော်လာပြီ ဖြစ်တော့
ဇရာပိဒုက္ခောကိုလည်း ရင်ဆိုင်စပြုနေရပါပြီ။ အရာရာ သတိမေ့တတ်လာတဲ့အတွက် တစ်နေ့
တစ်နေ့ တစ်ခုမဟုတ် တစ်ခုရှာနေရတာနဲ့ အချိန်တွေ အကျိုးမဲ့ကုန်ရတာက တစ်ဖုံ။
ကိုယ့်ကျန်းမာရေးအတွက်
အချိန်ပေးရသလို ဘဝကူးကောင်းရေးအတွက် အားထုတ်ချိန်လည်း ယူနိုင်သလောက်
ကြိုးစားယူရတာက တစ်ဖက်နဲ့မို့ ကျွန်မအတွက် လက်ကျန်အချိန်က ရှားသထက်
ရှားလာရတော့တယ်ပေါ့။
ချစ်မြတ်နိုးရတဲ့
စာဖတ်သူများကို ကတိကဝတ်ပြုပြီး ဆက်မရေးဖြစ်နိုင်တာအတွက် ကိုယ့်ကိုယ်ကိုယ်လည်း
ခွင့်မလွှတ်နိုင်သလို ကျွန်မကို အစ်မရင်းတစ်ယောက်လို မိခင်ရင်းတစ်ဦး သဖွယ်
ချစ်ခင်မြတ်နိုးစွာနဲ့ စာပေစင် မြင့်မှာ နေရာပေးခဲ့ကြတဲ့ ညီမကလျာနဲ့
သားကိုဝင်းငြိမ်းတို့ရဲ့ စေတနာ ကျေးဇူးကိုလည်း လေးစားစွာနဲ့ တုံ့ပြန်ရမယ့်
ဝတ္တရားရှိတာကြောင့် ရနိုင်သမျှကို လုပြီး ကျွန်မ စာရေးဖို့ ကြိုးစားရပါဦးမယ်ဆိုတာ
ပြောပြရပါတယ်။
ဘဝခရီးကို
ဆက်လျှောက်ခြင်းအတွက်က အခန်းဆက် လစဉ်မပြတ် ရေးရမှာဆိုတော့ အခက်အခဲ
ရှိမှာသေချာပါတယ်။ ဒါကြောင့် ကျွန်မဘဝရဲ့ အပိုင်းအစလေးများအဖြစ်နဲ့
ကြုံတွေ့ဖြတ်သန်းရတဲ့ အကြောင်းအရာ တိုတိုထွာထွာလေးတွေကို အဆင်သင့်သလို ရေးသွားရင်
ကောင်းမလားလို့ ကိုဝင်းငြိမ်းနဲ့ တိုင်ပင်ကြည့်တော့ လက်ခံသဘောတူတာနဲ့ အတည်ပြု
ဆုံးဖြတ်လိုက်ကြတယ် ဆိုပါတော့။
ကျွန်မရဲ့
ခံယူချက်အနေနဲ့ကလည်း စာရှည်တာ၊ တိုတာထက် လေးစားချစ်ခင်ရတဲ့ စာဖတ်ပရိသတ်များနဲ့
ကြာရှည်မကင်းကွာဘဲ အဆက်မပြတ် တည်ရှိချင်တဲ့ စိတ်ဆန္ဒလည်း ထားရှိမိတာ အမှန်ပါ။
ဒါကြောင့် အချိန်ရခိုက်မှာ ဘယ်လိုအပိုင်းအစလေးမျိုး ရေးရကောင်းပါ့မလဲလို့
တွေးကြည့်နေမိပါတယ်။
စိတ်အာရုံမှာ ဘာတစ်ခုမှ
ပေါ်ထွက်မလာပါဘူး။ စာရေးတယ်ဆိုတာမျိုးကလည်း ကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေကို
သန်မာစေဖို့ အမြဲတမ်း လှုပ်ရှားလေ့ကျင့်ပေးနေရသလို အဆက် မပြတ် ရေးနေနိုင်ပါမှ
မာရသွန်ပြေးနေသူအတွက် တစ်မိုင်ခရီးက ဘာမှ အပန်းမကြီးတဲ့အတိုင်း အလေ့အကျင့်
ရှိနေတဲ့ အခါ စာတစ်ပုဒ် အလွယ်တကူ ရေးချနိုင်ပေမယ့် ပစ်ထားပြန်ရင် ဦးနှောက်က
သံချေးတက် ထုံထိုင်းပြီး ပြန်စဖို့ ခက်ခဲနေပြန်ပါရော။
တွေးမရတိုင်း
ကျွန်မလည်း ကိုယ့်စိတ်နဲ့ကိုယ် ခလုတ်တိုက်ပြီး တစ်ယောက်တည်း မကျေမနပ် ဖြစ်နေရာက
တယ်လီဖုန်း မြည်လာတာနဲ့ ကောက်ကိုင်လိုက်ပါတယ်။
'မာမီ... Snuggle လေး အခြေအနေမကောင်းဘူး။ ထလည်း
မထနိုင်တော့ဘူး။ အစားလည်း မစားနိုင်ဘူး' တဲ့။
အငယ်ဆုံးသား အိန္ဒာက
ငိုရှိုက်ရင်းနဲ့ ပြောပြတော့ ကျွန်မရင်ထဲမှာ နင့်သွားအောင် ခံစားလိုက်ရပါတယ်။
Snuggle ဆိုတာ
သားချစ်မြတ်နိုးစွာနဲ့ မွေးထားတဲ့ သူ့ရဲ့ ခွေးပုလေးပါ။ အသက် ၁၇ နှစ် ရှိပြီဆိုတော့
လူ့သက်နဲ့သာ နှိုင်းတွက်ရရင် ၇ နဲ့ မြှောက်ရတာမို့ အသက် ၁၂ဝ ပြည့်ဖို့ တစ်နှစ်ပဲ
လိုတော့တဲ့ 'ဘွားသက်ရှည်လေး' ဆိုပါတော့။
လွန်ခဲ့တဲ့
သုံးနှစ်လောက်စပြီး အိုခြင်းဆင်းရဲကို ရင်ဆိုင်စပြုလာရတာကြောင့် မျက်လုံးတွေလည်း
တိမ်စွဲကပ်လာလို့ ကောင်းကောင်း မမြင်ရှာတော့ပါဘူး။ သားက ဆေးရုံခေါ်သွားပြပေမယ့်
အသက်အိုမင်းလှပြီမို့ ခွဲစိတ်မပေးပါဘူး။
သူ့ခမျာ ဝိုးတိုးဝါးတား
အမြင်လေးနဲ့ပဲ အိမ်ထဲမှာတော့ သူ့အမှတ်သညာလေးနဲ့သူ ကောင်းကောင်း
သွားလာလှုပ်ရှားနိုင်ပါရဲ့။ မနှစ်ကတော့ အညစ်အကြေးစွန့်ဖို့ ခါတိုင်းလို
ခြံနောက်ဘက် ထုတ်ထားလိုက်တာ ရေကူးကန်ထဲ ပြုတ်ကျတာကြောင့် အပြင်ထုတ်တိုင်း
ကိုယ်တိုင်စောင့်ကြည့်မှ ဖြစ်တဲ့အခြေ ရောက်ပါရော။
သတ္တဝါမှန်သမျှ
အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲများနဲ့ မကင်းနိုင်ကြဘူးလို့
ရှင်တော်ဘုရား ဟောကြားခဲ့တာ တကယ်အမှန်ပါပဲနော်။ ခုလို နာမကျန်းဖြစ်နေရှာတဲ့ Snuggle ကို ကြည့်ရင်း ကျွန်မ တရားရမိပါရဲ့။
Snuggle ရဲ့ ငယ်ဘဝနဲ့
အခု နေဝင်ရောက်ရှိနေတဲ့ အချိန်ကာလ တကယ်ကို တခြားစီပါ။
လွန်ခဲ့တဲ့ ၁၇ နှစ်က
တစ်ညနေမှာ သန္တာစမ်းက ကျွန်မရဲ့အိမ်ကို သားထွေး အိန္ဒာတို့ ဇနီးမောင်နှံ
အလည်ရောက်လာကြပါတယ်။ ချွေးမလေး ဂျီနာရဲ့ ရင်ခွင်ထဲမှာ ဂွမ်းလုံးလေးလို
ဆွတ်ဆွတ်ဖြူနေတဲ့ ခွေးပေါက်စလေးတစ်ကောင် ပါလာပြီး 'ဒီမှာ
မာမီ့အတွက် မြေး Snuggle လေး ချစ်စရာ မကောင်းဘူး လား'လို့ ပြောရင်း ကျွန်မရင်ခွင်ထဲလာ ထည့်လေရဲ့။
အခုပဲ ဝယ်လာခဲ့တာတဲ့။
ငါးလသားပဲ ရှိသေးတာမို့ ကလေးပီပီ တစ်ချက်ကလေးမှ အငြိမ်မနေဘဲ ရင်ခွင်ထဲကနေ သူ့ရဲ့
ရှေ့လက်ကလေးနှစ်ဖက်နဲ့ ကျွန်မပခုံးကို မရအရ ကျားကန်ရင်း မမီမကမ်းနဲ့ ပါးရက် နားရက်
လုပ်တော့တာပဲ။ သူတို့လျှာနဲ့ရက်တာက Act Of Love (မေတ္တာရဲ့သင်္ကေတ)
ဆိုတာနဲ့ ချက်ချင်းလက်ငင်း ခွေးရဲ့ အဘွားဖြစ်သွားရတဲ့ ကျွန်မလည်း မြေး
ရဲ့မေတ္တာကို ရရှိတာနဲ့ ကျေနပ်ကြည်နူးလို့ပေါ့။
ဘယ်လိုရေစက်လဲ မသိ။ Snuggle (စနပ်ဂဲလ်)က ကျွန်မရဲ့သား အိန္ဒာနဲ့ ကျွန်မကို ချစ်လိုက်တာ
သည်းသည်းလှုပ်ပါပဲ။ သားရဲ့ဇနီး ဂျီနာကိုတော့ လုံးဝ ကြည့်မရပါဘူး။ အထူးသဖြင့်
သားအနားမှာ ဂျီနာက မှီတွယ်ပြီး ကယုကယင် ချစ်ချစ်ခင်ခင်နေတဲ့ အခါဆို ရှေ့တည့်တည့်က
သွားပြီး စွာစွာလောင် ဟောင်တော့တာပဲ။ 'ငါ့အဖေ နားမကပ်နဲ့'
ဆိုတဲ့ပုံစံမျိုးနဲ့လေ။ ဂျီနာက သူ့ကို တမင်စချင်လို့ အပိုတွေ
ကဲပြရင်း ချစ်စနိုးလုပ်ပြရင် ဒေါသနဲ့ဟောင်တာ ဝက်ဝက်ကွဲပါလေရော။
တစ်ခါတလေ သူတို့အိမ်
အလည်ရောက်သွားရင် ကျွန်မရဲ့ကားသံကို ဘယ်လိုကျက်မှတ်ထားလဲ မသိပါဘူး။ အိမ်တံခါးဝမှာ
ပျာယာခတ်နေပါပြီ။ ဝင်လိုက်တာနဲ့ ဝမ်းသာအဲလဲ ဟောင်လိုက်တာလည်း ဆူညံလို့။
ကျွန်မကိုယ်ပေါ် ပတတ်ရပ်ပြီး ဖက်တွယ်နှုတ်ဆက်ရုံ မကဘူး။ တစ်ခန်းလုံး ပတ်ချာခုန်
ပေါက်ပြေးရတာလည်း အမော။ မူးတတ်တဲ့ ရောဂါသည်မျိုးဆိုရင် သူ ပျော်တာကြည့်ပြီး
မျက်စိနောက်တာနဲ့ မေ့လဲလောက်အောင်ပါပဲ။ သားက 'စနပ်ဂဲလ်၊ တော်လောက်ပြီ'လို့ ငေါက်လိုက်မှ ကိုယ်ရှိန်သတ်တော့တာပါ။ သူ ပျာယာခတ်လွန်းတာကို
ကြည့်ပြီး ကျွန်မရဲ့သမီး ကေသီက သူ့ကို 'ဆပ်စလူးစိန်'လို့ မြန်မာနာမည်ပေးထားတာနဲ့တော့ တကယ်လိုက်ဖက်ပါရဲ့။
'ခွေးပုရန်လို' ဆိုတဲ့စကားအတိုင်း စွာလိုက်တာလည်း ပြောမနေနဲ့။ တစ်အိမ်လုံး သူ့အသံချည်းပါပဲ။
တစ်ခါက သားရဲ့သူငယ်ချင်း တစ်ယောက်က အိမ်ဝယ်တော့ ပြောင်းရမယ့် အချိန်မှာ
အဆင်သင့်မဖြစ်သေးတာနဲ့ သားအိမ်မှာ ခေတ္တလာနေပါတယ်။ သူနဲ့အတူ ခွေးတစ်ကောင်ပါ
လာလေရဲ့။ ခွေးက ဘောက်စာ အမျိုးအစား၊ အရုပ်ဆိုးသလောက် သဘောအလွန်ကောင်းပါတယ်။
ဗိုလ်ကျချင်တဲ့
ဆပ်စလူးစိန်နဲ့တော့ အံကိုက်ပါပဲ။ သူက ပုပုသေးသေးလေး။ ဟိုက ကြံ့ကြံ့ခိုင်ခိုင်၊
တုတ်တုတ်ခဲခဲ အတူကစားကြပြီဆိုရင် မမီမကမ်းနဲ့ ဧည့်သည်ခွေးရဲ့ နားရွက်တိုတိုလေးကို
ခဲထားပြီး ဆွဲဆွဲခါတာ အကြိမ်များစွာပါပဲ။ ဟိုကောင်ကြီးက ခေါင်းငုံ့ခံရင်း သူဆွဲရာ
တရွတ်တိုက် လိုက်ရတာမျိုးလေ။
တစ်နေ့
သူတို့အိမ်ရောက်သွားတော့ ကျွန်မရဲ့မြေး ဆပ်စလူးစိန်မှာ လည်ပတ်အသစ်နဲ့ ဖြစ်နေပါရော။
ရိုးရိုးသားရေလည်ပတ် မဟုတ်ပါဘူး။ စိန်စီထားတာ တဖျတ်ဖျတ်လက်လို့။ သေသေချာချာ
ကြည့်မိမှ စာလုံးတွေ မြင်ရတာနဲ့ ဖတ်ကြည့်တော့ Bitch တဲ့။ 'မိစွာ'လို့ သူနဲ့လိုက်ဖက်အောင် ဘာသာပြန်ပေးရ ကောင်းမလား မသိ။
'လည်ပတ်က တယ်လှပါလား၊
ဘယ်လောက်ပေးရလဲ' လို့ မေးကြည့်တော့...
'ဒေါ်လာ လေးဆယ်'
ဆိုပါပဲ။
ခွေးသာဖြစ်တယ်၊
ဆပ်စလူးစိန်က စတိုင်လ်နဲ့ ကျကျနန နေရတာပါ။ ဒီမှာ အိမ်မွေးတိရစ္ဆာန်တွေကို မိသားစု
စာရင်းထဲထည့်ပြီး အရေးထား ဂရုစိုက်ကြတာပါ။ နှစ်စဉ် ဆရာဝန်ပြ၊ ဆေးစစ်၊
ကာကွယ်ဆေးထိုးဆိုတာ လုပ်ကြရမြဲ အစဉ်အလာ ဖြစ်နေပါပြီ။ သွားအတွက်လည်း ခြောက်လတစ်ခါ
သန့်ရှင်းရေးလုပ်ဖို့ ဆေးခန်းပို့ရ၊ နေ့စဉ် ခွေးသွားတိုက်ဆေးနဲ့
မှန်မှန်တိုက်ပေးရ၊ ကရိကထက ကလေးတစ်ယောက် မွေးထားရတဲ့ အတိုင်းပါပဲ။
ဒါ့အပြင်
ခြောက်ပတ်တစ်ခါ အမွေးညှပ် ရေချိုးသန့်စင် အမွှေးအကြိုင်တွေနဲ့ ထုံသင်းပေးလိုက်ရုံ
မကဘူး။ ဆယ်ကျော်သက်တွေလို ခေါင်းမှာ ဖဲကြိုးရောင်စုံတွေ တပ်ဆင်ရှိုးထုတ်ပြီး
ပေးလိုက်တာမို့ Groom ဆိုင်တစ်ခါပို့ရင်
ဒေါ်လာခြောက်ဆယ် ကုန်ပါလေရော။
စားတဲ့အစာကျပြန်တော့
ကိုယ်အလေးချိန် မတိုးစေဘဲ ပုံမှန်အနေအထားနဲ့ ကျန်းမာစေဖို့ ဆရာဝန် ညွှန်ကြားတဲ့
စပယ်ရှယ်အစာ ဝယ်ကျွေးရသေးတာမျိုးလေ။ ဆောင်းရာသီကျ အအေးမမိရအောင် ဆွယ်တာရောင်စုံက
ထည်လဲနဲ့ပေါ့။ ခွေးသာ လူလို ဘဝင်မြင့်တတ်မယ်ဆိုရင် အခက်သားနော်။
သားက သူ့သမီး
စနပ်ဂဲလ်ကို အလွန်ချစ်တာနဲ့အမျှ ဂရုလည်း စိုက်ပါတယ်။ ဒါကြောင့်လည်း 'ဘွားသက်ရှည်' ဖြစ်နေသလား မသိ။ ကျွန်မတို့
မိသားစုဆုံပြီး ညစာအတူစားကြတဲ့ နေ့မျိုးဆိုရင် အလုပ်ကနေ တစ်ဆက်တည်း လာရမယ့်အစား
စနပ်ဂဲလ်ကို အပြင်ထုတ်ရမယ့် ကိစ္စအတွက် အိမ်ကို တစ်ခေါက် အရင်ပြန်ရသေးတာပါ။
ဟုတ်လည်း ဟုတ်ပါရဲ့။ သူ့ခမျာ အညစ်အကြေး စွန့်ရဖို့ တစ်နေ့လုံး အောင့်ထားရရှာတာ
မဟုတ်လားနော်။
သားထားတဲ့
စည်းကမ်းအတိုင်းလည်း စနပ်ဂဲလ်က လိုက်နာရှာပါတယ်။ အိမ်ထဲမှာ မသန့်မရှင်း ဘယ်တော့မှ
မလုပ်ပါဘူး။ အိပ်ချိန်တန်လို့ Go To Bed (သွားအိပ်တော့)
တစ်ခွန်းပြောတာနဲ့ သားကို ဘယ်လောက် တွယ်ကပ်နေရာကဖြစ်ဖြစ် သားရဲ့ခုတင်ဘေးမှာရှိတဲ့
ကြိမ်ခြင်းထဲက သူ့မွေ့ရာလေးပေါ် တက်ခွေပြီး အိပ်တော့တာပဲ။
ကျွန်မ
သွားအိပ်တဲ့နေ့ကျရင်တော့ ပျက်စီးပြီ မှတ်ပါလေတော့။ 'ဘွားဘွားနဲ့
သွားအိပ်ချေ'လို့ သူ့အဖေက ပြောလိုက်ရင် သူ့ကြိမ်ခြင်း
မွေ့ရာပေါ်မှာ မနေဘဲ ကုတင်ပေါ် အရောက်ခုန်တက်ပြီး အဘွားရင်ခွင်ထဲဝင်
တိုးခွေ့အိပ်တော့တာလေ။ ကျွန်မအိမ်လာရင်လည်း ခုတင်ပေါ်မှာ တင်ပြီး အိပ်နေကျကိုး။
ဘယ်သူနဲ့ကျရင် ဘယ်လိုအခွင့်အရေး ရတယ်ဆိုတာ လူမပြောနဲ့၊ ခွေးတောင် သိပါတယ်နော်။
စနပ်ဂဲလ်ခမျာ
အသက်ကြီးလာလေ သားကို ပိုပြီး တွယ်တာလေပါပဲ။ သားက သူ့ကို ရင်ခွင်ထဲ
ထွေးပိုက်ထားပြီး တယုတယနဲ့ ပွတ်သပ်ပေးထားရင် ကျေနပ်ကြည်နူးစွာနဲ့ သူကတစ်ပြန်
သားရဲ့ လက်တွေ၊ မျက်နှာတွေ လျှာနဲ့ ရက်ပေးသေးတာပါ။ ဘယ်တော့ကြည့်လိုက် ကြည့်လိုက်
သားရဲ့ ခြေထောက်နားမှာ အမြဲတမ်းထိကပ်ပြီး ခွေအိပ်နေရတာကိုလည်း
ကျေနပ်နေပုံမျိုးနဲ့လေ။
လွန်ခဲ့တဲ့
ဆယ်နှစ်လောက်ကစပြီး သားက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်လိုက်တော့
အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို မကြာခဏ ခရီးထွက်ရပါတယ်။ အဲဒီမှာ
ကျွန်မရဲ့မြေး ဆပ်စလူးစိန်ခမျာ ပြဿနာတက်တော့တာပါပဲ။ အဖေ မရှိတဲ့ ရက်တွေမှာ
မစားနိုင်၊ မအိပ်နိုင် လွမ်းနာကျပါလေရော။ သားလည်း စိတ်မကောင်းဖြစ်ရ၊ ခရီးကလည်း
မသွားလို့ မရ။
တစ်နေ့မှာ အိမ်ကို
လာလည်တဲ့ သူငယ်ချင်း စိတ်အထူးကုဆရာဝန်က ခရီးမထွက်ခင်မှာ မင်း အိပ်ပြီး ဝတ်ထားတဲ့ အင်္ကျီကို
မလျှော်ဘဲ သူ့အိပ်ရာထဲ ထည့်ထားပေးလိုက်။ မင်းကိုယ်နံ့ ရှိနေရင် ဒီကောင်
အလွမ်းပြေလိမ့်မယ်လို့ အကြံပြုတာနဲ့ ပြောတဲ့အတိုင်း ထားပေးခဲ့မှ
အဆင်ပြေသွားလေရဲ့တဲ့။ သမုဒယဆိုတဲ့ သံယောဇဉ်နှောင်ကြိုးက လူသားမပြောနဲ့၊
အဟိတ်တိရစ္ဆာန်တွေအထိ နှိပ်စက်နိုင်စွမ်း ရှိတာပါပဲနော်။
ဒီလိုနဲ့
တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ နှစ်ချီကြာလာတဲ့ အချိန်မှာတော့ ငယ်တုန်းက အလွန်တက်ကြွ
လှုပ်ရှားနိုင်လွန်းတဲ့ ခန္ဓာကိုယ် ဖြူဖွေးဖွေး လှလှလေးကလည်း ပိန်ချုံးပြီး
အရိုးပေါ် အရေတင် ဖြစ်နေရှာပါပြီ။ မျက်လုံးအမြင်ကလည်း မကြည်လင် မှုန်ဝါးဝါး၊
နားကလည်း ချို့ယွင်း အိုခြင်းရဲ့ ဆင်းရဲကို သူ့ခမျာ ခံစားနေရလေပြီပေါ့။ တစ်ခါတလေ
ကျွန်မ ရောက်သွားတဲ့အခါ အရင်ကလို ခုန်ပေါက်ပြီး ဝမ်းသာအားရ မကြိုနိုင်ပေမယ့်
အမြဲတမ်းလို ခွေအိပ်နေတဲ့ သူ့အိပ် ရာလေးပေါ်က ဒယီးဒယိုင်နဲ့ ကြိုးစားထလာပြီး
ကြိုတာတွေ့ရတော့ ရင်ထဲမှာ လှိုက်နေအောင် နာကြင်မှုကို ခံစားရပါတယ်။
စိတ်ပူလို့ သားက
ဆေးခန်းပို့ စစ်ဆေးတော့လည်း ဘာရောဂါမှ မရှိဘဲ သဘာဝအတိုင်း အိုခြင်းဆင်းရဲအရ
သွေးသားတွေ တဖြည်းဖြည်း ဆုတ်ယုတ်လာတာ ဖြစ်တာမို့ နေသာအောင်ပဲ ဂရုစိုက်
ပြုစုပေးရတာကလွဲလို့ ဘာမှ မတတ်နိုင်လေဘူးပေါ့။
ဒီလိုနဲ့ ခွေးသက်က ၁၇
နှစ်၊ လူ သက်နဲ့တွက်တော့ ၁၁၉ နှစ်ရှိပြီဖြစ်လေတော့ မထူနိုင်၊ မထနိုင်ရုံမကဘဲ
သားခွံ့ကျွေးသမျှ အစာကိုတောင် မျိုချနိုင်စွမ်း မရှိတော့တာကြောင့် အာဟာရ ဖြစ်စေမယ့် အရည်လောက်ကိုပဲ ပိုက်နဲ့
အစက်ချပေးရတဲ့ အခြေအနေ ရောက်လာပါတယ်။ လက်ရှိခံစားနေရတဲ့ အနေအထားမျိုးဆိုရင် ဒီက
အစဉ်အလာ အရကတော့ Put Her To Sleep
ဝေဒနာ
ခံစားရခြင်းက လွတ်ကင်းအောင် ဆေးထိုးပြီး အိပ်ခိုင်းလိုက်တာပဲ ဆိုပါတော့။
မထသော
အိပ်ခြင်းဖြစ်တာမို့ ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာများအနေနဲ့က ဘဝင်ကျစွာ
လက်ခံနိုင်ဖို့ ခက်နေပြန်ပါရော။ တရားတော်အရတင်မကဘဲ နှလုံးသားကပါ
ခံနိုင်ရည်စွမ်းမရှိ ကြတာမို့ သားခမျာလည်း ငိုရှိုက်ရင်းနဲ့ အမေကို
ဖုန်းဆက်လာတာပါ။
သူငိုတော့ ကျွန်မလည်း
ငိုပေါ့။
'မာမီ... သူ့ခမျာ
အသက်ရှူရ ခက်နေပြီ။ ဆေးရုံ အခုခေါ်သွားမှ ဖြစ်တော့မယ်' တဲ့။
'သားတစ်ယောက်တည်း
မသွားနဲ့လေ။ မာမီ အခုလာခဲ့မယ်' ပြောပေမယ့်...
'မာမီ
စိတ်ထိခိုက်နေတုန်း ကားမောင်းလာလို့ မဖြစ်ပါဘူး။ မာမီ ရောက်လာအောင် စောင့်ဖို့လည်း
အချိန်ရမယ် မထင်ဘူး။ သား ဆေးရုံကနေ အခြေအနေ ဖုန်းဆက်လိုက်ပါမယ်။ မာမီ့မြေး အတွက်
ဆုတောင်းပေးပြီး စောင့်နေနော်' ဆိုပြီး သားက
ဖုန်းချသွားလေရဲ့။
ဟုတ်တော့ ဟုတ်ပါတယ်။
သား အိမ်ရောက်ဖို့ ကျွန်မ ဟိုင်းဝေး အမြန်ကားလမ်းမကြီးပေါ်က မောင်းရင်တောင်
နာရီဝက်ကြာမှ ရောက်မှာပါ။ ဒါကြောင့် သားပြောတာ လက်ခံပြီး ခုလိုအရေးပေါ် အခြေအနေမှာ
ကျွန်မရဲ့ မြေးလေး ပြင်းပြင်းထန်ထန် ဝေဒနာ မခံစားရဘဲ ကောင်းမြတ်သော ဘုံဘဝကို
ကူးမြောက်နိုင်ပါစေဆိုတာ ရှင်တော်ဘုရားရဲ့ ကိုယ်စားတော် ရှေ့မှောက်မှာ
ဆီမီးအမွှေးတိုင်များ ကပ်လှူပူဇော်ပေးရင်း အခါခါ ဆုတောင်းပေးရပါတယ်။ နှလုံးသားမှာ
နာကျင်ခြင်းများစွာနဲ့ မျက်ရည်မဆည်နိုင်အောင်လည်း တောက်လောင်ခံစားရပါရဲ့။
သား
ဖုန်းဆက်လာချိန်မှာတော့ ကျွန်မတို့သားအမိအပေါ်မှာ ချစ်ခင်မြတ်နိုးလှစွာ
တွယ်တာခဲ့ရှာတဲ့ မြေးလေး စနပ်ဂဲလ် ဇီဝိန်ချုပ်သွားရှာပါပြီတဲ့။
သဂြိုလ်မှုကိစ္စအဝဝ
စီစဉ်ပြီးမှ ရောက်ရှိလာတဲ့ ကျွန်မရဲ့သားလေးကို နှစ်သိမ့်ရင်း
အတူဖက်ငိုဖြစ်ကြပါတယ်။ သတ္တဝါမှန်သမျှ ရင်ဆိုင်ကြရမြဲဆိုတဲ့ သင်္ခါရတရားကို
သိမြင်ပေမယ့် လက်တွေ့မှာတော့ ခံနိုင်ရည်စွမ်း မရှိတာ သေချာပါတယ်။
'မာမီရယ်... ခါတိုင်း
ဆရာဝန်ဆီ သွားရင် လမ်းထဲကွေ့ချိုးလိုက်တာနဲ့ သူသိတယ်။ ဘယ်တော့မှ အေးအေးဆေးဆေး
လိုက်တာမဟုတ်ဘူးနော်။ ခုကျတော့ သားပွေ့ယူလိုက်တာနဲ့ လက်မောင်းပေါ်မှာ
ခေါင်းလေးမှေးတင်ပြီး ငြိမ်ငြိမ်လေး လိုက်လာရှာတာ ကြည့်ပြီး သား သနားလိုက်တာ။
ဆေးခန်းထဲ ရောက်လို့ စားပွဲပေါ်တောင် မချရသေးဘူး။ တစ်ချက် အသက်ပြင်းပြင်း
ရှိုက်လိုက်တာနဲ့ ခေါင်းလေးပျော့ခွေကျသွားတာ။ ဆရာဝန် စမ်းသပ်တော့ အသက်မရှိတော့ဘူး'
'သားရဲ့ လက်ပေါ်မှာတင်
ဆုံးသွားတာ မာမီ။ သားရဲ့လက်ပေါ်မှာတင် ဆုံးရှာတာ' နဲ့ ပြောရင်း
ချုံးပွဲချ ငိုပါလေရော။
'သြော်... လူ့ဘဝဆိုတာ
ဆန်းကြယ်သား'
'ကိုယ့်ဘဝထဲကို
ခေတ္တခဏသာ ရောက်လာသူတွေ ရှိသလို သက်ဆုံးတိုင် မေတ္တာတွေ ပုံပေးသွားသူများလည်း
ရှိပါရဲ့'
'တွေ့ကြုံ ဆုံကွဲ'
ဆိုတဲ့ ဓမ္မတာထဲမှာ နှလုံးသားထဲက တမ်းတခံစားရခြင်း ဆိုတဲ့
မေတ္တာစိတ်နဲ့ ခွဲခွာရခြင်းက မေ့ပျောက်နိုင်စွမ်း မရှိမှာ သေချာ လှပါတယ်နော်။
▀
ပတ္တမြားခင်
၂၅.၈.ဝ၆
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...