ကျော်သန်းမြင့် ၊ဗန်းမော်၊
မြန်မာ့ရုပ်ရှင်ရွှေရတုကာလတွင် ပေါ်ထွန်းခဲ့သော အမျိုးသမီးရုပ်ရှင် သရုပ်ဆောင်တစ်ဦးသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော အလှမယ်ဘွဲ့ဖြစ်သည့် မယ်မြန်မာဘွဲ့ကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သူ ဖြစ်သည်။ သူသည် အမိနိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာ့အလှမယ်ပြိုင်ပွဲသို့လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ မြန်မာ့ရုပ်ရှင်လောကတွင်လည်း ရုပ်ရှင်ကုမ္ပဏီကို ကိုယ်ပိုင်တည်ထောင်ကာ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ခဲ့ဖူးသူလည်း ဖြစ်သည်။ အဆိုပါ မယ်မြန်မာ သုံးထပ်ကွမ်းရ အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင် ရုပ်ရှင်ထုတ်လုပ်သူကား မစိန်အေး ဖြစ်လေသည်။
မယ်မြန်မာမစိန်အေးသည်
၁၉၅၉ ခုနှစ် ဇမ္ဗူအေးရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးသော “ချစ်အမွှာ”
ရုပ်ရှင်ကားတွင် ကောလိပ်ဂျင်နေဝင်း၊ မေနန်းနွယ်တို့နှင့် တွဲဖက်သရုပ်ဆောင်ရာမှ
ရုပ်ရှင်လောကသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် မစိန်အေးသည်
ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ “ချစ်အမွှာ”
ရုပ်ရှင်ဇာတ်လမ်းအရ ကောလိပ်ဂျင်နေဝင်းက ရုပ်ချင်း ချွတ်စွပ်တူသော
အမြွှာညီနောင်အဖြစ်လည်းကောင်း၊ မစိန်အေးက အားကစားကို ဝါသနာထုံကာ ကာယအလှ
လေ့ကျင့်ခန်းများကို ပုံမှန်ယူလေ့ရှိသည့် အမျိုးသမီးလေးအဖြစ် လည်းကောင်း
ပါဝင်ရသည်။ မစိန်အေး၏ တစ်ကိုယ်ရည် အားကစားလေ့ကျင့်ခန်းများကို အားကစားဝတ်စုံ
ဝတ်ဆင်၍ လေ့ကျင့်ပုံများကို လည်းကောင်း၊ မယ်မြန်မာ
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာမှ အလှမယ်ဘွဲ့ ဆွတ်ခူးသွားပုံကိုလည်းကောင်း
ထည့်သွင်းရိုက်ကူးထားသည်။ မယ်မြန်မာဘွဲ့ရသူ အလှမယ်လေးနှင့် ရွှတ်ရွှတ်နောက်နောက် နေတတ်သည့်
အမြွှာညီနောင်ထဲက အကြီးဖြစ်သူနှင့် ဖူးစာဖက်သွားရသည့် ဇာတ်လမ်းဖြစ်သည်။ အဆိုပါ
ရုပ်ရှင်ကားတွင် ဒါရိုက်တာဦးချင်းစိန်ကလည်း သရုပ်ဆောင်သစ် မစိန်အေးကို
အထူးကြိုးစား၍ ညွှန်ကြားပြသပေးသည်။ ကောလိပ်ဂျင်နေဝင်းကလည်း မစိန်အေးကို
တွဲခေါ်သည်။ မစိန်အေးကလည်း အထူးကြိုးစားသည်။ ထို့ကြောင့် ချစ်အမွှာ ရုပ်ရှင်ကားသည်
ထိုခေတ်က လူကြိုက်များသည့် ရုပ်ရှင်ကားတစ်ကား ဖြစ်လာခဲ့ပေသည်။
မစိန်အေး ၁၉၆ဝ
ပြည့်နှစ်တွင် ဆက်လက်ရိုက်ကူးသော ရုပ်ရှင်ကားမှာ ရွှေညာမောင်ရုပ်ရှင်၊
ဒါရိုက်တာဦးချင်းစိန်၏ “အိမ်ထောင်စု” ဇာတ်ကားဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင်
မစိန်အေးသည် ကောလိပ်ဂျင်နေဝင်း၊ မြင့်စိုး၊ ခင်ယုမေ၊ နန်းမြင့်မေ၊ ၁၉၅၇၊ ၁၉၅၉
ထပ်ဆင့်အကယ်ဒမီ မင်းသားကြီးတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ “အိမ်ထောင်စု”
ရုပ်ရှင်ကား၏ ဇာတ်လမ်းအရ မိဘနှစ်ပါး၏ အရိပ်အာဝါသအောက်၌ ချမ်းမြေ့စွာနေထိုင်ကြရသည့်
မိသားစုကြီးတွင် ညီအစ်ကိုနှစ်ယောက်၊ နှမ တစ်ယောက်ရှိသည်။ မစိန်အေးက
အစ်ကိုကြီး(သားကြီး)၏ ဇနီးသည် မအေးလှအဖြစ် အိမ်ထောင်စုကြီးကို ယောက္ခမ
မိဘနှစ်ပါးနှင့် ခင်ပွန်းသည်တို့ကိုယ်စား အုပ်စီးကာ၊ မတ်နှင့် ယောက်မတို့၏
စရိုက်ဆိုးများကို လမ်းမှန်ရောက်အောင် ခေါ်သွားရခြင်း ဖြစ်သည်။ မစိန်အေး၏ သရုပ်တူ
လုပ်ဆောင်ချက်မှာ အေးသည်ဟု ထင်ရသော်လည်း အခြားဇာတ်ဆောင်တို့၏ တက်ညီလက်ညီ
လှုပ်ရှားမှုတို့ကြောင့် “အိမ်ထောင်စု” ရုပ်ရှင်ကားသည် ရုပ်ရှင်ကြည့်ပရိသတ်က
လက်ခံသော ကားတစ်ကား ဖြစ်ခဲ့ပေသည်။
မစိန်အေးသည် ၁၉၆၁
ခုနှစ်တွင် မယ်မြန်မာ ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်သည်။ မိမိပိုင် ရုပ်ရှင်ကုမ္ပဏီမှ
ဒါရိုက်တာဦးချင်းစိန် ရိုက်ကူးတင်ဆက်သော “ဟေဝန်မြိုင်စွန်း လွမ်းအောင်ဖန်”
ရုပ်ရှင်ကားကို ထုတ်လုပ်သည်။ မစိန်အေးသည် မိမိပိုင် မယ်မြန်မာရုပ်ရှင်မှ
ထုတ်လုပ်သည့် အဆိုပါ ရုပ်ရှင်ကားတွင် အဓိကဇာတ်ရုပ်နေရာမှ ပါဝင်၍ ၁၉၅၇၊ ၁၉၅၉
ထပ်ဆင့်အကယ်ဒမီ မင်းသားကြီးနှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဇာတ်လမ်းအရ မစိန်အေးသည်
လူသူမနီး တောကြီးမျက်မည်းတွင် ကြီးပြင်းလာရသည့် လူရိုင်းမလေးအဖြစ် သရုပ်ဆောင်ရသည်။
မြို့ကြီးသား လူငယ်တစ်ဦးသည် တောပစ်ထွက်ရင်း တောနက်ထဲ လမ်းမှားရောက်သွားရာမှ
လူရိုင်းမလေးနှင့် တွေ့ဆုံရသည်။ မြို့ကြီးသားနှင့် လူရိုင်းမလေးတို့သည် တစ်ဦးနှင့်
တစ်ဦး လူငယ်ဘဝ မေတ္တာမျှကာ ဘဝခရီးဖော်အဖြစ် လက်တွဲလိုက်ကြသည်။ ထိုအခါ
မြို့ကြီးသားက တောသူအရိုင်းမလေးအား မိမိတို့ နေထိုင်သည့် မြို့တော်ရန်ကုန်သို့
ခေါ်ဆောင်လာခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ မစိန်အေးထုတ်လုပ်ခဲ့သည့် “ဟေဝန်မြိုင်စွန်း
လွမ်းအောင်ဖန်” ရုပ်ရှင်ကားကို ၁၉၆၂ ခုနှစ်တွင် ရုံတင်ပြသရာ အောင်မြင်မှုရရှိသည့်
ရုပ်ရှင်ကားတစ်ကား ဖြစ်လေသည်။
မြန်မာ့ရုပ်ရှင်ရွှေရတုနှစ်
ကာလများတွင် ရုပ်ရှင်သုံးကား၌ ပါဝင်သရုပ်ဆောင်ခဲ့သည့် မစိန်အေးကို ၁၉၃၅ ခုနှစ်တွင်
အဖရဲမှူး ဦးပုလေး၊ အမိ ဒေါ်နန်းယုန်တို့မှ ကျိုင်းတုံမြို့တွင် ဖွားမြင်ခဲ့သည်။
မွေးချင်းနှစ်ဦးတွင် အငယ် ဖြစ်သည်။ မစိန်အေး၏ တစ်ဦးတည်းသောအစ်ကိုမှာ ကိုစောမင်း
ဖြစ်သည်။ စစ်ပြီးခေတ်တွင် မစိန်အေးတို့မိသားစုသည် ဖခင်၏ အလုပ်တာဝန်အရ
ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရလေသည်။ မစိန်အေးသည် ငယ်စဉ်က ရန်ကုန်မြို့
မြို့မ အမျိုးသမီးအထက်တန်းကျောင်းတွင် စတင်ပညာဆည်းပူးသည်။ ကျောင်းစာအပြင်
ကစားခုန်ကစားတို့တွင် ဝါသနာထုံသည်။ မစိန်အေး အလယ်တန်းအဆင့်သို့ ရောက်သည့်အခါ
အပျိုဖော်ဝင်ပြီဖြစ်၍ ကိုယ်နေဟန်ထား အလုံးအရပ်က လေ့ကျင့်ခန်းယူစရာမလိုဘဲ တင်ကား၊
ခါးသေး၊ ရင်ချီကာ မြင်သူ ငေးလောက်အောင် အလှမယ်တစ်ယောက်ကဲ့သို့ လှပလာသည်။
ကျောင်းနေဖက် သူငယ်ချင်းက မယ်ပြိုင်ပွဲဝင်ရန် မစိန်အေးအား အားပေးတိုက်တွန်းကြသည်။
မစိန်အေး ကိုယ်နှိုက်ကလည်း မိမိ၏ရှေ့က ပေါ်ထွန်းခဲ့သော အလှမယ်များကို အားကျသည်။
ထိုခေတ်က မြန်မာ့အလှမယ်လေးများ၏ ရုပ်ပုံလွှာများကိုလည်း အမျိုးသမီးရေးရာ စာစောင်များက
တခမ်းတနား ဖော်ပြကြသည်။
မစိန်အေးသည်
မိမိထက်ရှေ့က ဦးစွာပေါ်ထွန်းခဲ့သော ပထမဆုံး မြန်မာ့အလှမယ် ၁၉၄၇ ခုနှစ်
မယ်တက္ကသိုလ် မစ္စနစ်နက်ချစ်ထွန်း၊ ၁၉၄၇ ခုနှစ် ပထမဆုံးမယ်မြန်မာ ဒေါ်လီချို၊ ၁၉၄၈
ခုနှစ် ဒုတိယအကြိမ်မြောက် မယ်မြန်မာ ခင်စန်းကြွယ်၊ ၁၉၄၈ ခုနှစ် ပထမဆုံး
ပြည်ထောင်စုမယ် ခင်ချိုမြင့်၊ ၁၉၄၉ ခုနှစ် တတိယအကြိမ်မြောက် မယ်မြန်မာ
ဖြူဖြူရှိန်၊ (ယနေ့ စတီရီယိုတေးသံရှင် မေခလာတို့ မိခင်) စသည့် အလှမယ်များကို
အားကျခဲ့လေသည်။ ထို့ကြောင့် မစိန်အေးသည် ၁၉၄၉ ခုနှစ်တွင် မိမိတို့
မြို့မအမျိုးသမီး အထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် မြို့မမယ်ရွေးပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ရာ မြို့မမယ်ဘွဲ့ကို ဆွတ်ခူးရရှိခဲ့လေသည်။ မစိန်အေးသည်
မြို့မမယ်ဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံ အမျိုးသား
ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီမှ နည်းပြဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုများအတိုင်း
ကိုယ်ကာယ လေကျင့်ခန်းများကို ပုံမှန်လေ့ကျင့်မှုများကြောင့် မစိန်အေး၏
ကိုယ်ကာယအလှမှာ အလုံးအရပ် အချိုးအဆစ် ပိုမိုပြေပြစ်လှပလာလေသည်။ ထို့ကြောင့်
မစိန်အေးသည် ၁၉၅ဝ၊ ၁၉၅၁၊ ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သော မယ်မြန်မာ
(အကြီးတန်း)ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သုံးနှစ်ဆက်တိုက် မယ်မြန်မာဘွဲ့များကို
ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပေသည်။
မယ်မြန်မာဘွဲ့ကို
သုံးနှစ်ဆက်တိုက် ဆွတ်ခူးခဲ့သည့် မစိန်အေးသည် မြန်မာနိုင်ငံ၏
အမြင့်ဆုံးအလှမယ်ဘွဲ့များ ရရှိပြီးဖြစ်သော်လည်း ကိုယ်ကာယလေ့ကျင့်ခန်းကို
ပုံမှန်လုပ်ဆောင်သည်။ ကျောင်းပညာရေးတွင်လည်း တစ်နှစ်တစ်တန်း အောင်မြင်သည်။
မစိန်အေးသည် အခြေခံပညာအလယ်တန်းအောင်ပြီးနောက် St.Mary Dio ကျောင်းသို့
ပြောင်းကာ အခြေခံပညာအထက် တန်းပညာကို ဆက်လက်ဆည်းပူးသည်။ ကိုယ်ကာယ၏အလှကို
ထိန်းနိုင်အောင် လေ့ကျင့်ခန်းကိုလည်း လေ့ကျင့်မြဲဖြစ်သည်။ မစိန်အေးသည်
မယ်မြန်မာသုံးထပ်ကွမ်းရရှိပြီး နှစ်နှစ်အကြာ ၁၉၅၅ ခုနှစ်တွင် ကျင်းပသော
မယ်မြန်မာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာ တတိယရသော်လည်း စိတ်ဓာတ်မကျပေ။
၁၉၅၅ ခုနှစ်က
မယ်မြန်မာဘွဲ့ရသူမှာ နုနုရီ ဖြစ်သည်။ နုနုရီသည် ၁၉၅၂ ခုနှစ် မယ်ဗန်းမော် ဒုတိယ၊
၁၉၅၃ ခုနှစ် မယ်ဗန်းမော်နှင့် မယ်တက္ကသိုလ်၊ ၁၉၅၄ ခုနှစ် မိုးနတ်သူဇာ အလှမယ်၊ ၁၉၅၅
ခုနှစ် ကေတုမတီ ခရိုင်မယ်၊ ပဲခူးတိုင်းမယ်၊ ပြည်ထောင်စုမယ်ဘွဲ့များကို
ဆွတ်ခူးခဲ့သူဖြစ်သည်။ ထိုစဉ်က နုနုရီ၏ ကိုယ်ကာယ အရပ်အမောင်း အတိုင်းအထွာတို့မှာ
အရပ် ၅ ပေ ၅ လက်မ၊ ရင် ၃၅ လက်မ၊ ခါး ၂၃ လက်မ၊ တင် ၃၇ လက်မ၊ ကိုယ်အလေးချိန်ပေါင်
၁၂ဝ ရှိပြီး ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံ အပိုင်း(ခ) (ဒုတိယနှစ်)တွင်
ပညာဆည်းပူးနေသည့် ၁၉ နှစ်အရွယ်ရှိ တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သည်။ ၁၉၅၅ ခုနှစ်
မယ်မြန်မာ ဒုတိယရသူ ခင်သိန်းသိန်းသည် ၁၉၅၄ ခုနှစ် မယ်ဒဂုန်နှင့် အိုလံပစ်မယ်
ဒုတိယ၊ ၁၉၅၆ ခုနှစ်တွင်လည်း မယ်မြန်မာ ဒုတိယရသူ ဖြစ်သည်။ သူ၏ ကိုယ်ကာယ အရပ်အမောင်း
အတိုင်းအထွာတို့မှာ အရပ် ၅ ပေ ၃ လက်မ၊ ရင် ၃၅ လက်မ၊ ခါး ၂၂ လက်မ၊ တင် ၃၅ လက်မ၊
ကိုယ်အလေးချိန် ပေါင် ၁၂ဝ ရှိသည်။ ၁၉၅၅ ခုနှစ် မယ်မြန်မာ တတိယရသူ မစိန်အေး၏
ကိုယ်ကာယ အရပ်အမောင်းအတိုင်းအထွာတို့မှာ အရပ် ၅ ပေ ၆ လက်မ၊ ရင် ၃၅ လက်မ၊ ခါး ၂၂
လက်မ၊ တင် ၃၅ လက်မ ကိုယ်အလေးချိန် ပေါင် ၁၂ဝ ရှိသည်။
ထို့နောက် မစိန်အေးသည်
ကျောင်းစာကိုလည်း ကြိုးစား၍ သင်ယူခဲ့ရာ ၁၉၅၅-၁၉၅၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို
နှစ်ချင်းပေါက် အောင်မြင်ခဲ့လေသည်။ ထို့ကြောင့် ၁၉၅၆ ခုနှစ် ဇွန်လတွင် ရန်ကုန်
တက္ကသိုလ်၊ ထီးတန်းကောလိပ်၌ ဝိဇ္ဇာဘာသာတွဲယူကာ ပညာဆည်းပူးခဲ့လေသည်။ မစိန်အေးသည်
ရန်ကုန်တက္ကသိုလ် အလေးမနှင့်မယ်ပြိုင်ပွဲများတွင် မိမိ၏ ကာယအလှဖြင့်
ကိုယ်ဟန်ပြလေ့ရှိသည်။ ထို့နောက် မစိန်အေးသည် ဥပစာဝိဇ္ဇာအပိုင်း(ခ)(ဒုတိယ နှစ်)တွင်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်လိုက်သည်။ ကျောင်းထွက်ပြီးနောက်
သောကြာဦးမောင် ကလေးဦးစီးသော မေ့တွက်တာ အမျိုးသမီးမဂ္ဂဇင်းတွင် အားကစားအယ်ဒီတာအဖြစ်
ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်း အမျိုးသမီးများအတွက် ကိုယ်ကာယအလှ
လေ့ကျင့်နည်း ဆောင်းပါးများရေးသည်။ ယင်းဆောင်းပါးများကို စုစည်း၍ မယ်မြန်မာ မစိန်အေး၏
ကိုယ်ကာယအလှ လေ့ကျင့်နည်းစာအုပ်ကို ရှုမဝတိုက်မှ ဖြန့်ဖြူးခဲ့လေသည်။ မေ့တွက်တာ
မဂ္ဂဇင်း ရပ်နားသွားသည့်အခါ မစိန်အေးသည် မေမဂ္ဂဇင်းတွင် အားကစား အယ်ဒီတာအဖြစ်
ဆောင်ရွက်သည်။
ထိုစဉ်အတွင်း
စံတော်သစ်ဖလင်၊ ဒါရိုက်တာ သက်လယ်က “ဝဏ္ဏကျော်ထင်ဦးမင်းဒင်” (၁၉၅၈)ရုပ်ရှင်ကားကို
မောင်မြန်မာဘကွန်းနှင့် တွဲဖက်ရိုက်ကူးရန် မယ်မြန်မာမစိန်အေးအား ကမ်းလှမ်းသည်။
မစိန်အေးက ရုပ်ရှင်သရုပ်ဆောင်လုပ်ခဲ့လျှင် အားကစားစိတ်ဓာတ်များ
လျော့ပါးသွားလိမ့်မည်ဟု ယူဆသည်။ ထို့ကြောင့် မစိန်အေးက ရုပ်ရှင်ရိုက်ရန်
ငြင်းလိုက်သည်။ ထို့ကြောင့် ဒါရိုက်တာသက်လယ်က ၁၉၅၆ ခုနှစ် မယ်မြန်မာနှင့် ၁၉၅၈
ခုနှစ် အိုလံပစ်မယ်ဘွဲ့ရ တက္ကသိုလ်ကျောင်းသူ ကရင်အမျိုးသမီးလေး နော်ကရင်နှင့်
ရိုက်ဖြစ်သွားခဲ့သည်။
၁၉၅၉ ခုနှစ်တွင် U.S
နိုင်ငံ Long Beach မြို့၌ ကျင်းပသည်
မယ်စကြဝဠာပြိုင်ပွဲဝင်ရန် မြန်မာ့အလှမယ် (မယ်စကြဝဠာလောင်း Candidate For
Miss Universe) ရွေးချယ်ပွဲကို
၁၉၅၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသည်။ မြန်မာ့အလှမယ် ၁၄ ဦး
ဝင်ရောက်ယှဉ်ပြိုင်ရာ မစိန်အေးလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့လေသည်။ ၁၉၅၉ ခုနှစ်
မယ်စကြဝဠာလောင်းအဖြစ် အရွေးခံရသူမှာ ၁၉၅၄ ခု မြို့မမယ်၊ ၁၉၅၆ ခု မယ်မြန်မာ
အငယ်တန်းဘွဲ့ရ သန်းသန်းအေးဖြစ်ရာ မစိန်အေးက အမှတ် တစ်မှတ်လျော့ကာ ဒုတိယ ရခဲ့လေသည်။
၁၉၅၉ ခုနှစ် မယ်စကြဝဠာလောင်း သန်းသန်းအေး၏ ကိုယ်ကာယ အရပ်အမောင်း
အတိုင်းအထွာတို့မှာ အရပ် ၅ ပေ ၄ လက်မ၊ ရင် ၃၅ လက်မ၊ ခါး ၂၂ လက်မ၊ တင် ၃၅ လက်မ၊
ကိုယ်အလေးချိန် ပေါင် ၁၂ဝ ရှိသည်။ ထိုနှစ်က မယ်စကြဝဠာလောင်း တတိယရရှိသူနှစ်ဦးအနက်
တစ်ဦးက မယ်ကသာ မခင်မှီဖြစ်၍ ကျန်တစ်ဦးက ၁၉၅၆ ခုနှစ် မယ်မြန်မာနှင့် ၁၉၅၈
အိုလံပစ်မယ်ဘွဲ့ရ နော်ကရင်တို့ ဖြစ်လေသည်။ ၁၉၅၉ မယ်စကြဝဠာလောင်း စတုတ္ထရသူမှာ
မယ်ဒဂုန် မေမြင့်ရီတို့ ဖြစ်သည်။
၁၉၅၉ ခုနှစ်ထဲတွင်
မစိန်အေးသည် အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရုပ်ရှင်လောကသို့ ချစ်အမွှာ
ရုပ်ရှင်ဇာတ်ကားဖြင့် ဝင်ရောက်လာပြီး ၁၉၆ဝ ပြည့်နှစ်တွင် အိမ်ထောင်စု
ရုပ်ရှင်ကားကို ဆက်လက်ရိုက်ကူးခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်သည် မစိန်အေးအဖို့
အောင်မြင်မှု သရဖူဆောင်းသောနှစ် ဖြစ်သည်။ မစိန်အေးသည် ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလ ၄
ရက်နေ့ (လွတ်လပ်ရေးနေ့) အထိမ်းအမှတ် ခေတ်မြန်မာအမျိုးသမီးလေးတို့၏
ဝတ်စားဆင်ယင်မှုဖက်ရှင် အလှမယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ခေတ်ပျိုဖြူအလှမယ်ဘွဲ့ကို
သရဖူဆောင်းခဲ့ရလေသည်။
ထို့နောက် ၁၉၆ဝ
ပြည့်နှစ် ဇွန်လ ၁၇ ရက်နေ့တွင် မြို့တော်ခန်းမ၌ ဒုတိယအကြိမ်မြောက် မယ်စကြဝဠာလောင်း
ရွေးချယ်ပွဲ ကျင်းပသည်။ မြန်မာ့အလှမယ်လောင်း ၁၄ ဦးဝင်ရောက် ယှဉ်ပြိုင်ရာ
မစိန်အေးလည်း ပါဝင်ခဲ့သည်။ ထိုနှစ်က မြန်မာ့အလှမယ် နှစ်ဦးရွေးချယ်ရာ ပထမရသူအား
မယ်စကြဝဠာပြိုင်ပွဲသို့လည်းကောင်း၊ ဒုတိယရသူအား နိုင်ငံတကာ
အလှမယ်ပြိုင်ပွဲသို့လည်းကောင်း သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်း ဖြစ်သည်။
၁၉၆ဝ ပြည့်နှစ် မယ်စကြဝဠာလောင်းအဖြစ် မစိန်အေး၊ ဒုတိယ မြင့်မြင့်မေ၊ တတိယ
နေမျိုးမြတ်(ခ) မြတ်မြတ်ထွေး၊ စတုတ္ထ စန်းစန်း၊ ပဉ္စမ နန်ဘောက်တို့ အရွေးခံရသည်။
၁၉၆ဝ ပြည့်နှစ်
မယ်စကြဝဠာလောင်း မစိန်အေး၏ ကိုယ်ကာယအလှ အရပ်အမောင်း အတိုင်းအထွာတို့မှာ အရပ် ၅ ပေ
၆ လက်မ၊ ရင် ၃၆ လက်မ၊ ခါး ၂၂ လက်မ၊ တင် ၃၆ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၂ဝ ရှိသည်။
ထိုစဉ်က မစိန်အေး၏ အသက်မှာ ၂၆ နှစ်အရွယ်ရှိပြီး အလှမယ်သက်တမ်းကို ၁၂ နှစ်ကြာမျှ
ထိန်းနိုင်ခဲ့သူလည်း ဖြစ်သည်။ မစိန်အေးသည် မယ်စကြဝဠာလောင်းဘွဲ့ ရသော်လည်း
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတွင် ကျင်းပသည့် မယ်စကြဝဠာပြိုင်ပွဲသို့
သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။
၁၉၆ဝ ပြည့်နှစ် မယ်စကြဝဠာပြိုင်ပွဲသို့
မယ်စကြဝဠာလောင်း ဒုတိယ ရရှိသူ သို့မဟုတ် နိုင်ငံတကာအလှမယ်လောင်းအဖြစ်
အရွေးခံထားရသူ မြင့်မြင့်မေ(ခ) Miss Peggy Lwin က
သွားရောက်ယှဉ်ပြိုင်ခဲ့ရလေသည်။ ထိုစဉ်က မြင့်မြင့်မေ၏ ကိုယ်ကာယအလှ အရပ်အမောင်း
အတိုင်းအထွာတို့မှာ အရပ် ၅ ပေ ၆ လက်မ၊ ရင် ၃၅ လက်မ၊ ခါး ၂၂ လက်မ၊ တင် ၃၆ လက်မ၊
ကိုယ်အလေးချိန် ပေါင် ၁၂ဝ၊ အသက် ၂၂ နှစ်အရွယ်ရှိသူ ဖြစ်လေသည်။ မြင့်မြင့်မေသည်
မယ်စကြဝဠာ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အလှမယ်တစ်ဦး မူးလဲသွား၍ သွားရောက်ပြုစုရာမှ
နိုင်ငံတကာ သဟာယအလှမယ် Miss International Social Welfare ဘွဲ့ကို
ရရှိခဲ့လေသည်။
၁၉၆ဝ ပြည့်နှစ်
မယ်စကြဝဠာလောင်း မစိန်အေးသည် ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဗြိတိန်နိုင်ငံ
လန်ဒန်မြို့၌ ကျင်းပသော မယ်ကမ္ဘာပြိုင်ပွဲသို့ မိမိစရိတ်ဖြင့်
သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ်ပေါင်း ၅ဝ ကျော်
ယှဉ်ပြိုင်ကြရာ မစိန်အေးသည် ကမ္ဘာ့အလှမယ် စာရင်းဝင် မချိတ်ခဲ့သော်လည်း
နိုင်ငံတကာအလှမယ်ရွေးပွဲ အတွေ့အကြုံများစွာ ရရှိခဲ့လေသည်။ မယ်စကြဝဠာလောင်း
မစိန်အေးသည် မယ်ကမ္ဘာရွေးပွဲအပြီးတွင် ကမ္ဘာတစ်ပတ် ပတ်ကာ လေ့လာပြီးနောက်
အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ယင်းနောက် မယ်မြန်မာ ရုပ်ရှင်ကုမ္ပဏီတည်ထောင်၍
“ဟေဝန်မြိုင်နန်း လွမ်းအောင်ဖန်”
(၁၉၆၂) ရုပ်ရှင်ကားကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင်
မစိန်အေးသည် ဖူးစာဖက်တွေ့ရှိခဲ့လေသည်။ မစိန်အေး၏ ဖူးစာဖက်မှာ အငြိမ်းစားမြို့အုပ်
ဦးသိန်း၊ ဒေါ်သိန်းတင် (ပေါင်းတည်) တို့၏သား ဦးကြိုင် ဖြစ်လေသည်။ ထိုအချိန်က
ဦးကြိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကုန်သည်ကြီးများနှင့် ကုန်ထုတ်လုပ်သူများ
အဖွဲ့ချုပ်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦး ဖြစ်လေသည်။
ဦးကြိုင်နှင့် မစိန်အေးတို့သည် နှစ်ဖက်လူကြီး မိဘတို့၏ သဘောတူညီချက်အရ ဗုဒ္ဓဘာသာ
မြန်မာထုံးတမ်းဓလေ့နှင့်အညီ ထိမ်းမြားလက်ထပ်ခဲ့လေသည်။ မယ်မြန်မာ မစိန်အေးသည်
အိမ်ထောင်ကျပြီးနောက် ရုပ်ရှင်သရုပ် ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူအဖြစ်မှ
အနားယူခဲ့လေသည်။ ယင်းနောက် မစိန်အေးသည် အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ခဲ့လေသည်။
ဦးကြိုင်နှင့်
မစိန်အေးတို့တွင် သားကြီး မောင်အောင်အေးကြိုင် B.A နှင့်
သားငယ် မောင်ကျော်အေးကြိုင် B.Sc ဟူ၍ သားနှစ်ယောက်
ထွန်းကားခဲ့လေသည်။ ယင်းသို့ မစိန်အေးသည် ချစ်သောခင်ပွန်းသည် ဦးကြိုင်၊
သားနှစ်ယောက်နှင့် သာယာချမ်းမြေ့သော ဘဝကို ဖြတ်သန်းလာခဲ့ရာ အသက် ၅၂ နှစ်အရွယ်တွင်
နှလုံးရောဂါဖြင့် ၁၉၈၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ညနေ ၄ နာရီတွင် ကွယ်လွန်
အနိစ္စရောက်ရှိသွားခဲ့လေသည်။ မယ်မြန်မာ မစိန်အေး၏ ခန္ဓာနာမ်ရုပ်တို့
ချုပ်ငြိမ်းသွားပြီ ဖြစ်သော်လည်း မြန်မာကာယအလှမယ်သမိုင်းနှင့် မြန်မာ့
ရုပ်ရှင်ရွှေရတုသမိုင်းတို့တွင် သူ၏ အမည်၊ ကာယအလှနှင့် အနုပညာ လှုပ်ရှားမှု
ဂုဏ်သတင်းတို့သည် မော်ကွန်းတင်လျက် ရှိနေမည် ဖြစ်ပါသတည်း။
▀
ကျော်သန်းမြင့်
၊ဗန်းမော်၊
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ရည်ညွှန်း
(၁) ရုပ်ရှင်ပဒေသာမဂ္ဂဇင်း(၇/၁၉၆ဝ)
(၂) မောင်ဌေးကြွယ်၏ မစိန်အေး ဆောင်းပါး-နဝဒေးမဂ္ဂဇင်း (၄/၁၉၆၂)
(၃) မယ်မြန်မာ မစိန်အေး၏ နာရေးကြော်ငြာ- ၃၁-၁ဝ-၁၉၈၇ နေ့
ထုတ်လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ
(၄) မစိန်အေး၏ ခင်ပွန်း ဦးကြိုင်၏ နာရေးကြော်ငြာ ၁၆-၁၂-၉၇
နေ့ထုတ်ကြေးမုံသတင်းစာ
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...