မောင်သန်းဆွေ၊ထားဝယ်၊
သူ့ထက်ကြီးသူတွေက သူ့ကို 'ခင်လေး'လို့ခေါ်တယ်။ သူနဲ့ ရွယ်တူတန်းတူတွေက 'ခင်'လို့ ခေါ်တယ်။ သူ့ထက်ငယ်သူတွေက 'မမခင်'လို့ ခေါ်တယ်။ သူ့သမီးတပည့်တွေက ဒေါ်ဒေါ်ခင်'လို့ ခေါ်တယ်။ ကျွန်တော်ကတော့ (မြန်မာ မဆန်ဘူးဘဲ ပြောပြော) 'အန်တီခင်'လို့ ခေါ်တဲ့ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ကွယ်လွန်သွားတာ ၂ဝဝ၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရောက်ရင် ၂၅ နှစ်တောင် ပြည့်ပါပကော။ ရာစုနှစ်ရဲ့ လေးပုံတစ်ပုံတောင် ရှိသွားပြီ။
ကျွန်တော့်မိခင်ရဲ့ညီမရင်း
ဒေါ်ဒေါ်လှိုင်ဆိုသူက အန်တီခင်နဲ့ ညီအစ်မ အရင်းတမျှ ချစ်ခင်ရင်းနှီးခဲ့သူ ဖြစ်တယ်။
ကျွန်တော့်အဒေါ်က စာပေသမား။ ဂီတလည်း ဝါသနာပါတယ်၊ အဆိုလည်းရတယ်။ သူ့ခင်ပွန်း ဒဂုန်ပ
ဦးဘတင်ဆိုသူက စာရေးဆရာလည်း ဖြစ်တယ်။ ရုပ်ရှင်မင်းသားလည်း လုပ်ခဲ့တယ်။
ဂီတသုခုမပညာရှင်လည်း ဖြစ်တယ်။ ဒီတော့ ကျွန်တော့်အဒေါ်တို့ မောင်နှံဟာ အန်တီခင်နဲ့
သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတော့တာပေါ့။
အန်တီခင်နဲ့ကျွန်တော် ရင်းနှီးခဲ့ရတာက
သူ့ဘဝရဲ့ဆည်းဆာချိန်၊ လောကဓံလှိုင်းရဲ့ ပြင်းပြင်းထန်ထန် ပုတ်ခတ်ခံရလို့ ပြင်ပလူတွေနဲ့
မဆက်ဆံဘဲ သိမ်ဖြူလမ်း၊ အမှတ် ၁၉၉ က ကုလားသူဌေးတိုက်ကြီး (ကြယ်ငါးပွင့်ရုံးကြီးနဲ့
မျက်နှာချင်းဆိုင်) ပထမထပ်မှာ တစ်ကိုယ်တည်း နေတုန်းက ဖြစ်ပါတယ်။ ဒါပေမယ့်
အန်တီခင်ကို တွေ့ဖူးမြင်ဖူးနေတာတော့ စစ်ပြီးစ ကျွန်တော် ကလေးဘဝကတည်းက ဖြစ်ပါတယ်။
ဒီတုန်းက ကျွန်တော့်အသက်ရှိလှ ၇ နှစ်ပေါ့။ ကျွန်တော်တို့ မိသားစုဟာ စစ်အတွင်း၊
မင်းကွန်းက ထားဝယ်ချောင်မှာ စစ်ပြေးဘဝနဲ့ ခိုလှုံခဲ့ကြရတယ်။ ဒီတုန်းက
ထားဝယ်ချောင်ဆရာတော်ကြီးက ကျွန်တော့်အဖေဘက်က အဘိုးရဲ့ ညီဝမ်းကွဲပါ။ စစ်ပြီးလို့
အညာက ပြန်ခဲ့ပေမယ့် ထားဝယ်ကို မပြန်နိုင်ကြသေးဘူး။ ရန်ကုန်မှာ သောင်တင်နေကြတယ်။
ရွှေဂုံတိုင်လမ်းက ငါးထပ်ကြီး ဘုရားကုန်တော်ပေါ်မှာ ကျွန်တော့်အဖေရဲ့ ဦးလေးဝမ်းကွဲ
ဘုန်းတော်ကြီးရဲ့ကျောင်း ရှိတယ်။ ဦးပဉ္ဇင်းမဲလို့ ခေါ်ပေမယ့် ဆရာတော်က အသားဖြူဖြူ၊
ဝဝဖိုင့်ဖိုင့်ကြီးပါ။ ဦးပဉ္ဇင်းမဲ ကျောင်းနားက ကျွန်တော့်အဘိုးလှူထားတဲ့ဇရပ်မှာ
ကျွန်တော်တို့မိသားစု နေကြရပါတယ်။ ဇရပ်အောက်လှေကားကြီးက ဆင်းသွားရင် အဆုံးမှာ ခြင်္သေ့နှစ်ကောင်ရှိတယ်။
ခြင်္သေ့နှစ်ကောင်နဲ့ ဒီလှေကားကြီးဟာ ကနေ့အထိ ရှိပါသေးတယ်။ လှေကားကြီးအဆုံးရဲ့
လမ်းတစ်ဖက်၊ အမှတ် ၂၂၁ အိမ်ကြီးမှာတော့ အန်တီခင်တို့ နေကြတယ်။ အိမ်ကြီးက ဝင်းနဲ့ခြံနဲ့
တောင်ပူစာလေးပေါ်မှာ ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီး ဖြစ်ပါတယ်။ ဝင်းပေါက်မှာတော့ 'တိုင်းပြုပုံနှိပ်တိုက်'ဆိုတဲ့ ဆိုင်းဘုတ်ကြီး စိုက်ထူထားပါတယ်။ အိမ်ကြီး အရှေ့မြေကွက်လပ်မှာ
ဓနိမိုးတဲကြီးနဲ့ ပုံနှိပ်စက် ရှိတယ်။ အိမ်အောက်ထပ်မှာတော့ စာစီခုံတွေ ရှိတယ်။ အလုပ်ခန်း၊
ဧည့်ခန်း၊ ထမင်းစားခန်းတွေ ရှိတယ်။ အပေါ်ထပ်မှာတော့ အန်တီခင်တို့ နေကြတာပေါ့။
အန်တီခင်တို့အိမ်ကို ကျွန်တော့်
အဒေါ်မောင်နှံက မကြာမကြာလာ တတ်တယ်။ လာပြီဆိုရင် ကျွန်တော်တို့နေတဲ့ ဇရပ်ကို
အရင်ကူးလာလေ့ရှိတယ်။ ဒီတော့ ကျွန်တော့်အဒေါ်နဲ့ကပ်ပြီး အန်တီခင်တို့အိမ်ဘက်ကို
ပါသွားပါတယ်။ အန်တီခင်တို့အိမ်မှာ အဲဒီအချိန်တုန်းက စာရေးဆရာတွေ၊ ပန်းချီဆရာတွေ၊
နိုင်ငံရေးသမားတွေ၊ အနုပညာသည်တွေ အလွှာအသီးသီးက လူပေါင်းစုံ အဝင်အထွက်
စည်ကားနေချိန်ပါ။ အိမ်အပေါ်ထပ်မှာ စန္ဒရား နှစ်လုံး သုံးလုံးတောင် ရှိတယ်လို့ထင်ပါ
တယ်။ မွေးချင်းမရှိတဲ့ ကျွန်တော့်အဖို့တော့ အန်တီခင်တို့အိမ်ကို လိုက်ရမယ်ဆိုရင်
ဝမ်းသာလို့မဆုံးဘူး။ အိမ်အနောက်ဘက်မှာရှိတဲ့ တန်းလျားရှည်ကြီးမှာ ရွယ်တူကလေးတွေ
ရှိတာကြောင့် ကစားဖော်လိုတဲ့ ကျွန်တော့် အဖို့တော့ 'ရေငတ်တုန်း
ရေတွင်းထဲကျ' ဆိုသလို ဖြစ်ရတာကိုး။
ဦးလေးတင်(ဒဂုန်ပဦးဘတင်)နဲ့ ကျွန်တော့် အဒေါ်တို့ ဂျပန်ခေတ် ဒေါက်တာဗမော်
အစိုးရသတင်းနဲ့ ဝါဒဖြန့်ချိရေးဌာနမှာ အလုပ်လုပ်ပြီး 'မှောင်ချစုံတွဲ'သီချင်းကို အသံလွှင့်ခဲ့သူတွေ ဖြစ်တော့ အိမ်အပေါ်ထပ်မှာ လူကြီးတွေက ဆိုနေ
တီးနေကြတဲ့အချိန်မှာ ကျွန်တော်တို့ ကလေးတွေကတော့ ကစားလို့ ကောင်းတုန်းပေါ့။ ကျွန်တော့်အထိန်း
လိုက်လာခေါ်မှ မပြန်ချင် ပြန်ချင်နဲ့ ပြန်ခဲ့ရတာပါ။ ဦးလေးနဲ့အဒေါ်တောင်
မပြန်သေးဘူးလို့ ဆင်ခြေပေးလိုက်သေးတယ်။
နောက် ၁ဝ နှစ်ကျော်ခြားပြီး ၁၉၆ဝ
ပြည့်နှစ်၊ ကျွန်တော် တက္ကသိုလ်ရောက်မှ အန်တီခင်နဲ့ ပြန်ဆုံခဲ့ရပါတယ်။
ဒီအချိန်မှာတော့ အန်တီခင်တို့က ကုက္ကိုင်းလမ်းနဲ့ ဘောင်ဒရီလမ်း
(ယခု-ဓမ္မစေတီလမ်း)ထောင့် အမှတ် ၂၅၃ ခြံကြီးထဲမှာရှိတဲ့ အိမ်ကြီးကို ရောက်နေပါပြီ။
ဒါပေမယ့် အဲဒီအိမ်ကြီးကိုတော့ သိပ်မရောက်ဖူးဘူး။ ဒီအချိန်မှာတော့ ကျွန်တော်ဟာ
အန်တီခင့်စာတွေကိုသာ ဖတ်ရပြီး လေးစားနေမိရတဲ့အချိန် ဖြစ်ပါတယ်။ ကျွန်တော် တက္ကသိုလ်မှာ
နေရတဲ့တစ်လျှောက်လုံးမှာ ကျွန်တော့် အဒေါ်က ၃၂ ယောက်လမ်း (ယခု-
ယောမင်းကြီးလမ်း)ခြံနဲ့အိမ်မှာ နေတယ်။ ကျွန်တော့် အဒေါ်ကတစ်ဆင့် အန်တီခင်ဘဝရဲ့
ကရုဏာသက်ဖွယ် သတင်းတွေကို ကြားနေရပါတယ်။ ကျွန်တော် ဘွဲ့ရပြီး မဟာဝဇ္ဇာ
အရည်အချင်းစစ်တန်း တက်နေချိန်မှာတော့ အန်တီခင်ဟာ သိမ်ဖြူလမ်းက တိုက်ကြီးရဲ့
ပထမထပ်မှာ တစ်ကိုယ်တည်းနေတဲ့အချိန် ဖြစ်နေပါပြီ။ ဒီတုန်းက ကျွန်တော်ကလည်း
အန်တီခင်နဲ့ တစ်လမ်းတည်း၊ ဓားလွယ်ခုတ်လောက်မှာရှိတဲ့ ဝိုင်၊ အမ်၊ စီ၊ အေ
အသင်းတိုက် အဆောင်မှာ နေပါတယ်။ အန်တီခင်ဟာ ဒတ်ဆန်းဆလွန်း မီးခိုးရောင်ကလေးနဲ့
ကျွန်တော့် အဒေါ်အိမ်ကို လာလေ့ရှိလို့ အဲဒီမှာ ပြန်ပြီးဆုံကြရတာပါ။
ဂရိတ်ဦးဖိုးစိန်ရဲ့သားတွေ မြေးတွေ
တည်ထောင်ထားတဲ့ 'စိန်မဟာသဘင်' ဟာ ဒီတုန်းက ဦးဝိစာရလမ်း၊
အင်ဗွိုင်းခန်းမ (ယခု-တပ်မတော်ခန်းမ)မှာ မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင် ဇာတ်ကို
ညဥ့်ဝက်ကတယ်။ အန်တီခင်ရဲ့ စာဆိုတော် ဝတ္ထုကြီးက အခန်းတွေကို ယူကတာဖြစ်တော့
အန်တီခင်က စေတနာနဲ့ အနီးကပ်ကြီးကြပ် သင်ပြညွှန်ကြားအကြံပေးမှုများ လုပ်ပေးပါတယ်။
ဇာတ်တိုက်ရာကို နေ့လယ်ဘက် သွားတဲ့အခါ ကျွန်တော်တို့ တူဝရီးလည်း လိုက်ပါလေ့ရှိတယ်။
အန်တီခင်ဟာ ကိုယ်တိုင် ဆို၊ တီး၊ ကတာမျိုး မလုပ်ပေမယ့် (တစ်ခါတစ်ရံ-
စန္ဒရားတီးပြီး သီချင်းညည်းလေ့ရှိတာကလွဲလို့) သူ့မှာ သုခုမအနုပညာကို အတော်အတန်
တီးမိခေါက်မိဟန်ရှိတာ အကဲခတ်လို့ ရပါတယ်။
မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်ကြီးတို့
တောင်သမန်အင်းကို ပျော်ပွဲစားထွက်တဲ့ အခန်းအတွက် ဒိုင်းခင်ခင်ကြီး တောင်သမန်အင်းထဲ
ရေးကူးတဲ့အခန်းအတွက် ဇာတ်စင်ပေါ်မှာ မှန်ချပ်ကြီးတွေ ခံပြီး ရေကန်လုပ်ပြခဲ့ပါတယ်။
အဲဒီရေကူးခန်းမှာ မင်းသမီးသီဆိုလို့ တီးရမယ့် သီချင်းကို အန်တီခင်က သဘောမတွေ့ဘူး။
ချက်ချင်းပဲ ပြင်ခိုင်းတယ်။ ကလပ်ကြီးကြိုး၊ ဒါမှမဟုတ်ရင် အဲဒီကြိုးအလိုက်မှာ
စာသားထည့်ပြီး သီဆိုဖို့ ညွှန်ကြားပါတယ်။ ဒါရိုက်တာလုပ်သူကလည်း လိုက်နာရှာတယ်။
ဇာတ်တိုက်ရာက ပြန်လာရင်
ကျွန်တော့်အဒေါ်အိမ်မှာ တစ်ခါ စတည်းချတယ်။ ဦးဝိစာရလမ်းက ခန်းမနဲ့
ကျွန်တော့်အဒေါ်အိမ်က အနီးကလေးကိုး။ အဲဒီအချိန်မှာ ဇာတ်ရှိန်က ပါလာတော့
သီပေါမင်းနဲ့ စုဖုရားလတ်အကြောင်း၊ မောင်ဖေငယ်နဲ့ ရနောင်မောင်တုတ်အကြောင်း၊
ဒိုင်းခင်ခင်ကြီးနဲ့ ဒိုင်းအတွင်းဝန်ဇနီး မောင်နှံအကြောင်း၊
ပင်းခင်ခင်ကြီးအကြောင်း၊ တောင်ခွင်ခင်ခင်ကြီးအကြောင်းတွေကို ကြားရတော့တာပါပဲ။
ဒီတုန်းက ကျွန်တော်ရဲ့ 'ကုန်းဘောင်အလွန်' ဖြစ်လာမယ့် သုတေသနအလုပ်ကို
လုပ်နေပြီဆိုတော့ ကျွန်တော့်အဖို့ 'ကံကောင်းတဲ့ ကျား၊ သွားရင်း
ဆတ်တွေ့' ဆိုသလို ဖြစ်နေတာပေါ့။ အန်တီခင်က ညစာ
မစားဘူးဆိုတော့ ကျွန်တော့်အဒေါ်က ဟင်းရွက်ကြော်လေး၊ မြူစွမ်ပြုတ်လေးမျိုးတွေ
လုပ်ပြီး ကျွေးတယ်။ အန်တီခင်ရဲ့ကားကို ပြန်လွှတ်လိုက်တဲ့အခါမှာ ကျွန်တော့်ကားနဲ့ပဲ
အိမ်ပေါ်အရောက် ပြန်ပို့ပေးခဲ့ရလေ့ရှိပါတယ်။
အန်တီခင်မှာ အဲဒီအချိန်က ငွေရေကြေးရေး
အခက်အခဲရှိရင် သူ့ရဲ့ လက်ကျန် လက်ဝတ်လက်စားများကို ထုခွဲရောင်းချပါတယ်။
ကျွန်တော့်အဒေါ်ကပဲ လုပ်ပေး ရလေ့ရှိတယ်။ လိုငွေဆိုတာကလည်း သူ့ရဲ့ ဆေးဖိုးဝါးခထက်၊
သူဒါနပြုခဲ့တဲ့ အဆောက်အအုံများ ပြုပြင်ဖို့လိုတာပဲ များပါတယ်။ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က
ပျော်ဘွယ်ကြီးတန်းဆောင်း မီးခ ပျက်စီးသွားတဲ့နေရာမှာ အန်တီခင်က
မဟာဗောဓိတန်ဆောင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ပျော်ဘွယ်ကြီးတန်ဆောင်း
ဘဝကတည်းက ဤနေရာမှာ ဂုဏ်တော်ပုတီးပတ် တစ်နေ့ကို တစ်ထောင်ကျော် အဓိဋ္ဌာန်နဲ့
စိပ်လာခဲ့သတဲ့။ အဲဒီတုန်းကတည်းက ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်က
ပျက်စီးယိုယွင်းနေတဲ့ တန်ဆောင်းကြီးများကို ပြင်ဆင်လှူဒါန်းနိုင်ရပါလို၏လို့
ဆုတောင်းဖူးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီဆုတောင်းပြည့်ပြီး ဒီနေရာမှာပဲ
မဟာဗောဓိတန်ဆောင်းကြီးကို ဆောက်လုပ် လှူဒါန်းနိုင်ခဲ့တာကလား။ ဒီတော့ မိုးကုန်လို့
တန်ဆောင်တိုင်ပွဲအမီ ဒီတန်ဆောင်းကြီးကို နှစ်စဉ်ဆေးသုတ်လေ့ရှိတယ်။
အဲဒီလိုအချိန်မှာ ငွေလိုတတ်ပါတယ်။ တစ်ခါတစ်လေတော့လည်း...
'လှိုင်ရေ... ဒီနှစ်တော့
မမခင် စာအုပ်ဟောင်းပြန်ရိုက်ရလို့ မဟာဗောဓိ တန်ဆောင်းကြီး ဆေးသုတ်ဖို့ဟန်ကျ
သွားပြီ' လို့ ပြောတာကို ကြားရပါတယ်။ ဒီတုန်းက အန်တီခင်ရဲ့
လက်မှာ အမြဲဝတ်ထားတဲ့ စိန်လက်စွပ်ကြီး တစ်ကွင်းရှိတယ်။ ပလက်တီနမ် (ရွှေဖြူ
အစစ်)နဲ့ လုပ်ထားတာပါ။ ဖဲပွင့် ပုံဖော်ထားတယ်။ သူနိုင်ငံခြားသွားတုန်းက
ဝယ်ဝတ်တာတဲ့။ ရင်းရင်းနှီးနှီး အချင်းချင်းထဲက အမျိုးသမီး တစ်ယောက်က...
'မမလှိုင်ရေ...
ဒေါ်ခင်ခင်လေး အဲဒီလက်စွပ်ကြီးများရောင်းရင် ကျွန်မကို အသံပြုပါ' လို့ ပြောတာ ကြားရဖူးတယ်။
ဒီတုန်းက ကျွန်တော့်အဒေါ်
စိတ်ဆိုးပြီး...'မျှော်မနေနဲ့၊ ဒါကို မမခင်က သေမှချွတ်မှာ' လို့
ပြန်ပြောလိုက်တာကိုလည်း ကြားရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ...
'သြော်... လူတွေဟာ တယ်
အထင်သေးတတ်ပါလား။ အန်တီခင်ခမျာ လှူဖို့ တန်းဖို့ ပစ္စည်းထုခွဲရတာနဲ့ပဲ
ရှိတာအကုန်ရောင်းရမယ်လို့ ထင်တတ်လိုက်ကြတာ။ ပြီးတော့ အချင်းချင်းတွေပဲ' ဆိုတဲ့ အသိတရား ဖြစ်ခဲ့ရဖူးပါတယ်။
အန်တီခင်လိုတဲ့ငွေတွေကို ကျွန်တော်ကပဲ
သွားပို့ပေးရလေ့ရှိလို့၊ သူ့အခန်းကို ခဏခဏရောက်တယ်။ တံခါးခေါက်လိုက်ရင် အပေါက်ငယ်
ကလေးက ချောင်းကြည့်ပြီး 'ကိုထူးလား'လို့ဆိုပြီ ဖွင့်ပေးတတ်ပါတယ်။
လူစိမ်းမှန်သမျှကိုတော့ ဘယ်သူ့ကိုမှ မဖွင့်ပေးပါဘူး။ ကျွန်တော်ရောက်သွားရင်
စားစရာရှိတာ အကုန်ထုတ်ကျွေးတယ်။ စကားလက်ဆုံကျကြတယ်။ ဧည့်ခန်းက အိမ်ရှေ့ဘက်မှာ၊
အိပ်ခန်းနံရံပေါ်မှာတော့ ဝက်မစွတ်မင်းကြီးရဲ့ ဓာတ်ပုံကို ချိတ်ထားတာ မှတ်မိနေတယ်။
အန်တီခင် နန်းဝတ်နန်းစားနဲ့ ရိုက်ထားတဲ့ ဧရာမပန်းချီကားချပ်ကြီးကိုတော့
ထောင်ထားတယ်။ ကျွန်တော်က...
'အန်တီခင့်ပုံကြီးက တကယ့်
မိဖုရားခေါင်ကြီးကျနေတာပဲ' လို့ ပြောတဲ့အခါမှာ...
'အန်တီခင့် ဇာတာက
အလွန်ထက်မြက်တာ၊ ရာဇအိမ်မှာ ရှိတာကြောင့် ရာဇယုဂ်ရတယ်။ ပဒေသရာဇ် ခေတ်ဆိုရင်
ဘုရင်တောင်ဖြစ်နိုင်သတဲ့'
လို့
ပြန်ပြောပါတယ်။
ဧည့်ခန်းရှေ့က
ပေါ်တီကို(လသာဆောင်)ကလည်း အကျယ်ကြီးပဲ။ လသာဆောင်ပေါ်မှာ ပန်းအိုးတွေနဲ့
ပန်းခြံလုပ်ထားတယ်။ ခြံကြီးဝင်းကြီး ထဲက ရွှေ့လာရတာဆိုတော့ စုထားသမျှ ပန်းပင်အချို့ကို
သယ်လာခဲ့ဟန် တူပါတယ်။ လသာဆောင် အရှေ့တောင်ထောင့်မှာ ပိတောက်ပင်ကို ပန်းအိုးကြီးနဲ့
စိုက်ထားတယ်။ 'ပွင့်ပါ့မလား' လို့ မေးမိလို့ထင်ပါရဲ့။ အဲဒီ
ပိတောက်ပန်း ပွင့်တဲ့အခါ အန်တီခင်က ဖုန်းဆက်ပြီး ခေါ်ပြတဲ့အထိ ရင်းနှီးခဲ့ရတယ်။
အန်တီခင့်တစ်ခန်းလုံးလည်း စာအုပ်ပုံတွေနဲ့ မွမွကြဲနေတာပါပဲ။ ကျွန်တော်က
အန်တီခင့်ရဲ့ စာဆိုတော်ကို ဖတ်သာ ဖတ်ဖူးတာ၊ အပိုင်စာအုပ်မရှိပါဘူး။ အဲဒီမှာ
စာဆိုတော် ၃ အုပ်တွဲတွေ့လို့ အန်တီခင့်ဆီက ဝယ်ခဲ့ရတယ်။ အန်တီခင်ကိုယ်တိုင်
လက်မှတ်ထိုးပေးလို့ ကျွန်တော့်အဖို့တော့ တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။
မှော်ဆရာမှတ်တမ်း ၁ ကနေ ၉ အထိလည်း ရခဲ့တယ်။ သူစုဆောင်းထားသမျှ ဓာတ်ပုံတွေကိုလည်း
ထုတ်ပြပါတယ်။ ကျွန်တော်ရဲ့ ကုန်းဘောင်အလွန်ဖြစ်လာမယ့် သုတေသနအလုပ်ကို သိသွားလို့
အချို့ဓာတ်ပုံတွေကိုလည်း ပေးပါတယ်။ ကျွန်တော် သိချင်သမျှကိုလည်း ပြောပြရှာတယ်။
ဘဝမှာ ခံလာရတဲ့ဒဏ်တွေဟာ ခါးခါးသီးသီး ပြင်းထန်လွန်းလို့ ဘယ်သူ့ကိုမှ
ယုံဟန်မရှိဘူး။ တယ်လီဖုန်းတစ်လုံး အားကိုးပြီးသာ တစ်ကိုယ်တည်း နေရှာတာကလား။
အရေးရှိရင် ဖုန်းနဲ့ဆက် ခေါ်ယူမယ်လို့ ပြောတယ်။ 'ဖုန်းဆက်
မခေါ်နိုင်ရင်၊ ဘယ်လိုလုပ်မလဲ အန်တီခင်' လို့ ကျွန်တော်က
မေးတော့ 'ဒီလိုဆိုရင်လည်း ဖြစ်ချင်ရာဖြစ်စေတော့ ကိုထူးရယ်'
လို့ ဖြေတယ်။ ဘဝကို ဘယ်လိုဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့သဘောပါပဲ။
တစ်ကိုယ်ရေ နေရသူဖြစ်လို့
အထီးကျန်ဟန်ရှိတယ်။ အထီးကျန်ခြင်းဟာ စိတ်ကျရောဂါဖြစ်စေတဲ့ အဓိကအကြောင်းတစ်ရပ်ထဲမှာ
ပါတယ်လို့ ဆေးပညာ ဆောင်းပါးမှာ ဖတ်ရဖူးတယ်။ ဒါပေမယ့် အန်တီခင်ကတော့ စိတ်ကျရောဂါ
မခံစားရပါဘူး။ အားနေရင် ဂုဏ်တော်ပုတီးစေ့အောင် စိပ်နေရှာတာပါပဲ။ နေကောင်းနေရင်လည်း
စာပေသမီးတပည့်တွေနဲ့ ခရီးထွက်တယ်။ တစ်ခါတလေ ရုပ်ရှင်ကို နှစ်ရုံလောက်တောင်
နှစ်ပွဲဆက်ကြည့်သတဲ့။ ရုပ်ရှင်ကြိုက်ပုံရတယ်။ ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးခဲ့၊
ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တာတွေဟာ ဒါကြောင့်ပဲ ဖြစ်ဟန်တူပါတယ်။
ဒီခေတ်မှာ တီဗီတွေ၊ ဗီဒီယိုတွေပေါ်လာလို့
အန်တီခင့်ကို သိပ်သတိရမိပါတယ်။ အန်တီခင်ရှိတုန်းက ဒါတွေက နိုင်ငံခြားမှာပဲ
ရှိသေးတာ ကလား။ မြန်မာပြည်ကို မရောက်သေးဘူးလေ။ ခုနေ အန်တီခင်များရှိရင်
သူ့အခန်းထဲမှာ တစ်ယောက်တည်း တီဗီ၊ ဗီဒီယိုကို အဖော်လုပ်နေရှာမှာပဲလို့
တွေးမိပါတယ်။ ဒီခေတ်မှာ လမ်းပန်းဆက်သွယ်ရေးကလည်း သိပ်ကောင်းတော့ ခရီးထွက်လေ့ရှိတဲ့
အန်တီခင်အတွက် သိပ်ဟန်ကျမှာပါပဲ။
အန်တီခင်ဟာ သူ့အိမ်ထောင်ဟောင်းအပေါ်
သိပ်စိတ်နာကြည်းလို့ ဘယ်တော့မှ စကားအစဖော်မရဘူးလို့ ကြားရဖူးတယ်။ ဒါပေမယ့်
ကျွန်တော့်အပေါ်မှာ ဘယ်လောက်ရင်းရင်းနှီးနှီး ချစ်ခင်တယ်။ တူလို
သားလိုသဘောထားတယ်ဆိုတာဟာ ဒီအိမ်ထောင်ဟောင်းနဲ့ပတ်သက်တဲ့ ကိစ္စတစ်ရပ်
ဖြစ်ပေါ်လာတာကို လက်ခံစကားပြောတဲ့အပြင်၊ အကူအညီပေးတဲ့အထိပါပဲ။ အကြောင်းက ဒီလိုပါ။
ကျွန်တော်နဲ့ သွေးရင်းသားရင်းလို ရင်းနှီးကြတဲ့ နယ်က မိသားစုတစ်စုရဲ့ တစ်ဦးတည်းသော
သမီးလေးဟာ ဆေးတက္ကသိုလ်မှာ ပညာလာသင်ပါတယ်။ ကျွန်တော်က ညီမရင်းလေးလို
စောင့်ရှောက်နေရပါတယ်။ ဒီကြားထဲ ချစ်သူတွေ့ပြီး လိုက်ပြေးသွားလို့ ကျွန်တော်ရော
သူ့မိဘတွေပါ ဦးနှောက်ခြောက်ရတော့တာပေါ့။ လိုက်သိမ်းပြီး မခွဲဘဲ ပေးစားပြန်တော့လည်း
အိမ်ထောင်သက်က လပိုင်းပဲ ကြာတယ်။ ကွဲသွားပါရော။ အပျိုလုပ်ပြီး
ကျောင်းတစ်ခါပြန်တက်လို့ တစ်နှစ်လောက် ကြာတော့ နောက်တစ်ယောက်နဲ့ ကြိုက်ပြီး
လိုက်ပြေးပြန်ရော။ ဘယ်သူဘယ်ဝါသားလဲလို့ စုံစမ်း လိုက်တော့ ကောင်လေးအဖေက အန်တီခင့်
အိမ်ထောင်ဟောင်းဖြစ်နေတယ်။ ဒီတော့ ကျွန်တော်က အဖေရင်းမဖြစ်နိုင်ဘူးလို့ ထင်မိတယ်။
ခက်တာက ကောင်လေးဘက်က မိသားစု ဘယ်မှာနေတယ်ဆိုတာ မသိရလို့ အဆက်အသွယ်မရဘဲ ကိစ္စကို
မဖြေရှင်းနိုင်ဘူး။ မိန်းကလေးရှင် မိဘကလည်း စိတ်ပူလှပြီ။ တစ်ခါက နှစ်ခါ
ရှိပြီကိုး။ ကျွန်တော့်အဒေါ် ဒေါ်ဒေါ်လှိုင်ကို ဒီကိစ္စပြောပြတော့... 'မမခင်တော့ သိချင်သိမယ်၊
ငါတော့ သွားမမေးရဲဘူး'လို့ ပြောလို့ လမ်းစပိတ်သွားတယ်။
အန်တီခင့် အိမ်ထောင်ဟောင်းနဲ့ ပတ်သက်တဲ့သူများကို လိုက်စုံစမ်းတော့လည်း
သိမ်ဖြူလမ်းက ဘီလူးမဈေးရှေ့မှာ အန်တီခင့် အိမ်ထောင်ဟောင်းရဲ့ သတင်းစာတိုက်
တော့ရှိတယ်လို့သာ ပြောနိုင်တယ်။ ကျွန်တော့် ငယ်ဆရာမဒေါ်စောရီ (စောညိုစိမ့်)ကို
မေးကြည့်တော့...
'ဒီလူကြီးရဲ့
အိမ်ထောင်ဟောင်းက သမီးတစ်ယောက်ရှိတယ်လို့တော့ ကြားရဖူးတယ်။ သားရှိတယ်လို့တော့
မကြားဖူးဘူး' လို့ ဖြေပြန်တော့ ကိစ္စကပိုပြီး တွေးရခက်ကြီး
ဖြစ်သွားတယ်။ မလွဲသာတဲ့အဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး ရှေ့မျက်နှာနောက်ထားလို့
အန်တီခင့်ကိုပဲ အကြောင်းစုံ သွားဖွင့်ပြောပြရတော့တာပေါ့။ အန်တီခင်ဟာ
စိတ်မဆိုးရှာဘဲ တစ်ချက်တော့ တွေသွားတယ်။ ပြီးမှ သူ့အိမ်ထောင်ဟောင်းရဲ့သားပါ။
ကျွန်တော်တို့နဲ့ ရွှေဂုံတိုင်မှာ နေတုန်းက ပန်းချီဆရာ တစ်ယောက်ရဲ့ဇနီးနဲ့
ရတဲ့သားဖြစ်တယ်။ နောက်တော့ ဒီပန်းချီဆရာသေသွားလို့ သူတို့ပေါင်းမိကြတယ်လို့
ပြောပြရှာတယ်။ နေတဲ့နေရာကိုလည်း ပြောပြတယ်။ အန်တီခင် သိနေတာကတော့ အံ့သြစရာပဲ။
ဒီတော့မှ ကျွန်တော်တို့လည်း တစ်ဖက်နဲ့ အဆက်အသွယ်ပြုပြီး မိသားဖသားပီပီ
ပြန်အပ်တာကို လက်ခံလို့ လက်ထပ်ပေးလိုက်ရပါတယ်။
ခုနေ အန်တီခင်သာရှိရင် အသက် ၁ဝ၂ နှစ်
ရှိပြီပေါ့။ အန်တီခင်ပြောပြခဲ့သမျှတွေကို ရေးထား မှတ်ထားမိလို့ ကျွန်တော့်မှာတော့
ခုထက်ထိ စာရေးဖို့ ကုန်ကြမ်းမကုန်နိုင်လောက်အောင်ပါပဲ။
▀
မောင်သန်းဆွေ၊ထားဝယ်၊
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
(၂ဝဝ၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင်
ကျရောက်သော ဒဂုန်ခင်ခင်လေး ကွယ်လွန်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...