ရွှေသုတ‌

ဆရာကြီးရွှေဥဒေါင်းနှင့် မြန်မာမှီးဝတ္ထုများရေးသင့် မရေးသင့် ပြဿနာ

နော်ရထာဝင်း၊အင်္ဂုတ္တရ၊

01 July 2026
ဆရာကြီးရွှေဥဒေါင်းနှင့် မြန်မာမှီးဝတ္ထုများရေးသင့် မရေးသင့် ပြဿနာ
Share to

            ကာလပေါ် မြန်မာဝတ္ထုများသည် ၂ဝ ရာစုနှစ် အစပိုင်းတွင် ပေါ်ထွက်လာခဲ့ရာ တစ်ချိန်တည်းမှာပင် နိုင်ငံခြားဝတ္ထုများကို မှီငြမ်းပြုရေးသားခဲ့သော မြန်မာမှီး ဝတ္ထုများလည်း ပေါ်ထွက်လာခဲ့လေသည်။ မြန်မာမှီးဝတ္ထုများ၏ ခေါင်းဆောင်ဖြစ်သော ဆရာကြီး ရွှေဥဒေါင်းသည် နိုင်ငံခြားဝတ္ထုများမှ ကူးချသည်ဟူသော စွပ်စွဲဝေဖန်ချက်များကို ထိုစဉ်ကရော၊ ထိုနောက်ပိုင်းတွင်ပါ ရင်ဆိုင်ဖြေရှင်းခဲ့ရပေသည်။

            ဆရာကြီး ရွှေဥဒေါင်းဟု ခေါင်းစဉ်တပ်လိုက်ရခြင်းမှာ နိုင်ငံခြားဝတ္ထုများကို မြန်မာဝတ္ထုများအဖြစ် အစအဆုံး လုံးလုံးလျားလျား မှီးငြမ်းပြုခဲ့သူများအနက်တွင် ဆရာကြီးရွှေဥဒေါင်းသည် ပထမဆုံးဖြစ်၍ ဝေဖန်သူများကလည်း ဆရာကြီးကိုပင် အဓိက ဦးတည်ဝေဖန်ခဲ့ကြသောကြောင့် ဖြစ်သည်။

 

မြန်မာမှီးဝတ္ထုများ၏ကဏ္ဍ

            ၁၉ဝ၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုကို ပထမဆုံးကာလပေါ် မြန်မာဝတ္ထုအဖြစ် အများက လက်ခံအသိအမှတ်ပြုထားကြပြီး ဖြစ်သည်။ မောင်ရင်မောင် မမယ်မ ဝတ္ထုမှ အချို့သော ဇာတ်ကွက်များသည် ပြင်သစ်စာရေးဆရာကြီး အလက်ဇင်ဒါးဒူးမား၏ “မွန်တီခရစ်စ်တိုမြို့စားကြီး” ဝတ္ထုမှ ယူထားခြင်း ဖြစ်သည်။ (ယင်း ပြင်သစ်ဝတ္ထုကို ဆရာကြီး ရွှေဥဒေါင်းက “ရတနာသိုက်” အမည်ဖြင့် အစအဆုံး တိုက်ရိုက် ဘာသာပြန်၍၊ ၁၉၄ဝ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။) ဒူးမား၏ ဝတ္ထုတွင် ဇာတ်လိုက် အက်ဒမန်ဒန်တီသည် သင်္ဘောသားဖြစ်ရာ “မောင်ရင်မောင် မမယ်မ” ဝတ္ထုတွင် လှေသမား ကိုရင်မောင်အဖြစ် ပြောင်းယူထား၏။ မောင်ရင်မောင်ကို မနာလိုသူက လုပ်ကြံတိုင်တန်းသဖြင့် မောင်ရင်မောင်သည် သူ့ချစ်သူ မမယ်မနှင့် မင်္ဂလာဆောင်သည့်နေ့မှာပင် အဖမ်းခံရပြီး ထောင်သွင်းအကျဉ်းခံရသော အခန်းနှင့် ထောင်ထဲ၌ သေဆုံးသွားသော ဖခင်ဦးပေါ်လာ၏ အလောင်းနေရာတွင် မောင်ရင်မောင်က အလောင်းယောင်ဆောင်၍ ထောင်မှလွတ်မြောက်ရန် ကြိုးပမ်းသည့်အခန်းတို့မှာ “မွန်တီခရစ်တို မြို့စားကြီး” ဝတ္ထုမှ ယူထားခြင်းဖြစ်၏။ “မောင်ရင်မောင် မမယ်မ”ဝတ္ထု မှ ကျန်အခန်းများမှာမူ ဂျိမ်းစ်လှကျော်က သူ၏ ကိုယ်ပိုင်စိတ်ကူးဉာဏ်ဖြင့် တီထွင်ရေးသားထားခြင်း ဖြစ်ကြောင်း တွေ့ရှိရလေသည်။

            ထို့ကြောင့် “မောင်ရင်မောင် မမယ်မ” ဝတ္ထုသည် နိုင်ငံခြားဝတ္ထုကို တစ်ပိုင်းမှီး ဝတ္ထုဟုသာ ဆိုနိုင်ပါသည်။

            နိုင်ငံခြားဝတ္ထုကို အစအဆုံး မှီငြမ်းပြုခဲ့သည့် ပထမဆုံး မြန်မာမှီး ဝတ္ထုမှာ ၁၉၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဆရာကြီးရွှေဥဒေါင်း၏ “ရတနာပုံ” ဝတ္ထုပင် ဖြစ်၏။ ဆရာမင်းယုဝေကလည်း 'ဆရာကြီး၏ ရတနာပုံဝတ္ထုသာလျှင် မူမပျက် အစအဆုံးမှီး၍ ပြန်ဆိုသော ဝတ္ထုတို့အနက် ပထမဆုံး ဖြစ်သည်ဟု ယူဆမိသည်'ဟု ဖော်ထုတ်တင်ပြခဲ့သည်။ ၁ ရတနာပုံ ဝတ္ထုမှာ အင်္ဂလိပ်စာရေးဆရာမ ဟင်နရီဝုဒ် (Mrs. Henry Wood)၏ အီစလင်း (East Lynne) ဝတ္ထုကို မှီငြမ်း၍ မြန်မာမှုပြု ထားခြင်း ဖြစ်သည်။

            ထို့နောက် ဆရာကြီးသည် မှီးဝတ္ထု အမြောက်အများ ရေးသားခဲ့ရာ ထင်ရှား သော မှီးဝတ္ထုများမှာ ရတနာပုံ၊ ရတနာပူရ၊ စုံထောက်ဦးစံရှား၊ ရူပနန္ဒီ၊ ရူပကလျာဏီ၊ သိန်းထိုက်၊ ပထမံ ဆရာသိန်း၊ ဝသုံးလုံး၊ ဂဠုန်နက်ဂိုဏ်း၊ ဂျမဒါကိုကိုကြီး၊ ဇော်ဟိတ်၊ သူတော် စိန်၊ ဒဂုံတင့်၊ စေတလုံးပိုင်ရှင်၊ ကာလ ယန္တရားစသည့် ဝတ္ထုများ ဖြစ်ကြ သည်။

            ဆရာကြီးသည် စာစတင်ရေးစဉ်က မှီးဝတ္ထုများရေးရန် လုံးဝကြံရွယ်ချက် မရှိခဲ့ချေ။ ဆရာကြီးပထမဆုံး ရေးသားခဲ့သည့် “ရန်ကြီးအောင်” ဝတ္ထုမှာ ပင်ကိုယ်ရေးဝတ္ထု ဖြစ်သည်။ (သူရိယ တိုက်က မှီးဝတ္ထု ရတနာပုံကို အရင်အသုံးပြု၍၊ ၁၉၁၆ ခုနှစ် အောက်တိုဘာလတွင် သူရိယသတင်းစာ၌ ရက်ခြားထည့်သွင်း ဖော်ပြခဲ့ပြီး၊ ၁၉၁၇ ခုနှစ်အစောပိုင်းတွင် စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ပင်ကိုယ်ရေး ရန်ကြီးအောင်ဝတ္ထုကို ၁၉၁၇ ခုနှစ် နောက်ပိုင်းတွင်မှ ပုံနှိပ်ထုတ်ဝေခဲ့ သည်။)

            အမှန်စင်စစ် ဆရာကြီးသည် သူရိယတိုက်၏ တိုက်အုပ် ဦးဘဖေ၏ အကြံပေး တိုက်တွန်းချက်အရ East Lynne ဝတ္ထုကို အခြေခံ၍ “ရတနာပုံ” မှီးဝတ္ထုကို ရေးခဲ့ခြင်း ဖြစ်၏။၂ ထို့ နောက် သူရိယတိုက်အုပ် ဦးလှဖေ၏ အကြံပေး တိုက်တွန်းချက်အရ Sir Arthur Conan Doyle ၏ Sherlock Holmes ဝတ္ထုများကို “စုံထောက် မောင်စံရှား” ဝတ္ထုများ(နောက်ပိုင်းတွင် စုံထောက်ဦးစံရှား ဖြစ်လာခဲ့သည်) ကို မှီးငြမ်းရေးသား၍၊ ၁၉ဝ၇ ခုနှစ်၊ ဧပြီလထုတ် သူရိယမဂ္ဂဇင်းမှစ၍ ထည့် သွင်းဖော်ပြခဲ့ခြင်း ဖြစ်လေသည်။

            ထို့ပြင် သတိပြုရန် အချက်တစ်ချက်မှာ မှီးဝတ္ထုများမှာ ထိုစဉ်က ခေတ်ကာလ အခြေအနေအလျောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၍ ဆရာကြီး ရွှေဥဒေါင်းနှင့် ခေတ်ပြိုင်နာမည်ကြီး စာရေးဆရာများနှင့် ၄င်းတို့နောက်တွင် ပေါ်ပေါက်ခဲ့သော နာမည်ကြီးစာရေး ဆရာအများစုသည် မှီးဝတ္ထုများနှင့် မကင်းခဲ့ကြသည်ကို တွေ့ရခြင်းပင် ဖြစ်၏။ ဆရာကြီး ပီမိုးနင်းသည် “နေရီရီ” (မူရင်းဝတ္ထု Just A Girl by Charles Garvicice)၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် “မောင်သော်က အိပ်မက်ခန်း”  (Pilgrims' Progress by John Bunyam)၊ သခင်ဘသောင်းသည် “ပန်းသာမစာဥ” (Tess of the D Ubervilles by Thomas Hardy))၊ ဆရာကြီးဇေယျသည် “မြတ်လေးရွှေဓားဗိုလ်” (The Sign of Silence by William Lequae)၊ ဆရာကြီး ဇော်ဂျီသည် “မဟာဆန်ချင်သူ” ပြဇာတ်(Le Bourgeois Gentilhomme by Moliere)၊ ဆရာကြီးတင့်တယ်သည် “ထား” (My Cousin Rachel by Daphme du Maurier) စသည့် မှီးဝတ္ထုပြဇာတ်များကို အသီးသီး ရေးသားခဲ့ကြသည်။ အခြားစာရေး ဆရာများလည်း မှီးဝတ္ထုအမြောက်အများ ရေးခဲ့ကြသည်။

            သို့ဖြစ်၍ ထိုခေတ်ကာလ အခြေအနေအရ ပေါ်ပေါက်ခဲ့သော မှီးဝတ္ထုများကို ပြစ်တင်ရှုတ်ချရန် မသင့်ပါ။ မှီးဝတ္ထုများ ပေါ်ပေါက်ခဲ့ခြင်းကို စာနာထောက်ထားစွာ စဉ်းစားသုံးသပ်သင့်သည်ဟု ကျွန်တော် ယူဆပါသည်။

            အမှန်စင်စစ်အားဖြင့် ၂ဝ ရာစု ဆန်းချိန်ကာလ၌ မြန်မာဝတ္ထုစာပေသည် အစဉ်အလာ ဝတ္ထုပုံစံမှ ခွဲထွက်၍ ဇာတ်လမ်း ဇာတ်ကွက် ဆန်းကြယ်အောင် ရေးဖွဲ့ထားသော အနောက်တိုင်းဝတ္ထုပုံစံသို့ ကူးပြောင်းယူရာတွင် မှီးဝတ္ထုများသည် တစ်ခုသော အတိုင်းအတာအထိ အထောက်အကူ ပြုခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့ဖြစ်သောကြောင့် မြန်မာမှီးဝတ္ထုများ ပေါ်ထွက်ခဲ့ခြင်းကို ရှုံ့ချရန် မသင့်ပါ။ မြန်မာကာလပေါ် ဝတ္ထုများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိုခေတ်ကာလ အခြေအနေအရ တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုခဲ့သည့် မှီးဝတ္ထုများ၏ကဏ္ဍကို ဝန်ခံအသိအမှတ် ပြုရမည်သာ ဖြစ်ပါသည်။

            တစ်ခုတော့ ပြောစရာရှိပါသည်။ မှီးဝတ္ထု၊ ပြဇာတ်နှင့် ကျမ်းစာများ ရေးသည့် စာရေးဆရာများသည် အနည်းဆုံးအားဖြင့် မူရင်းစာရေးဆရာနှင့် စာအုပ်အမည် အပြည့်အစုံကို ဖော်ပြရန် သင့်ပေသည်။

 

ဆရာကြီးရွှေဥဒေါင်း၏ အယူအဆ သဘောထား

            မှီးဝတ္ထုများ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ လုံလောက်သော အကြောင်းပြချက်များကို ဆရာကြီး ရွှေဥဒေါင်းက ဖော်ထုတ်တင်ပြခဲ့သည်။ ဆရာကြီး ဖော်ထုတ်ရေးသားခဲ့သော အဓိက အကြောင်းများမှာ...

၁။        ကမ္ဘာ့စာပေမှ ဝတ္ထုကောင်းများကို မြန်မာပြည်သူလူထု ဖတ်ရှုစေလိုသော စေတနာထားရှိခြင်း။

၂။         တိုက်ရိုက်မြန်မာပြန်ခဲ့လျှင် ထိုခေတ်အခါက မြန်မာစာဖတ်ပရိသတ်သည် နိုင်ငံခြားတိုင်းပြည် များမှ နာမည်များနှင့် အခြေအနေ အရပ်ရပ်တို့နှင့် အကျွမ်းမဝင်သေးသည့်အလျောက် အရသာ ပေါ်သင့်သလောက် မပေါ်နိုင်ခြင်း၊ မှီးဝတ္ထုကို ပရိသတ်က ပိုမိုဖတ်လိုကြခြင်း။

၃။        စာရေးဆရာ၏ စားဝတ်နေရေးအတွက် မှီးဝတ္ထုများက ငွေရလွယ်၍ ပိုမို တွက်ချေကိုက်ခြင်းတို့ ဖြစ်ကြသည်။

            မြန်မာစာဖတ်ပရိသတ်သည် အနောက်နိုင်ငံများမှ ဝတ္ထုကောင်းကြီးများကို ဖတ်ရှုအရသာခံနိုင်စေရန်နှင့် အမြင်ကျယ်လာကြစေရန် အလို့ငှာ နိုင်ငံခြားဝတ္ထုများ ဘာသာပြန်ခြင်း လုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်သင့်ကြောင်း ဆရာကြီးက ရေးသားခဲ့၏။ 'ဆိုလိုရင်းမှာ ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသူများကလည်း ရေးကြစေ။ သို့သော် ဘာသာပြန်ဝတ္ထုများကို လုံးဝ လက်လွှတ်လိုက်မည် ဆိုပါမူကား မြန်မာစာ ဖတ်ပရိသတ်များ ရေတွင်းထဲက ဖားသူငယ်ကဲ့သို့ အမြင်မကျယ်ဘဲ ဖြစ်သွားနိုင်ပေသည်'ဟု ဆရာကြီးကဆိုသည်။

            ဆရာကြီးသည် အစက နိုင်ငံခြား ဝတ္ထုများကို တိုက်ရိုက်မြန်မာပြန်ရန် စဉ်းစားခဲ့သေးသည်။ သို့ရာတွင် ၁၉၁ဝ ခုနှစ် ပတ်ဝန်းကျင် အချိန်ကာလက မြန်မာစာဖတ်ပရိသတ်သည် နိုင်ငံခြား ဝတ္ထုကောင်းကြီးများနှင့် ထိတွေ့ရင်းနှီးမှု နည်းပါးသောကြောင့် မြန်မာမှုပြုကာ မှီးခြင်းသည် ပိုမိုသင့်လျော်သည်ဟု ဆုံးဖြတ်ကာ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။ 'အင်္ဂလိပ်စာအုပ်ကောင်းများကို မြန်မာများ ဖတ်ရှုခွင့်ရစေလိုသည် တစ်ကြောင်း၊ တိုက်ရိုက် ဘာသာပြန်ခြင်းများသည် နာမည်များကို မှတ်မိရန် အခက်အခဲရှိသည့်အပြင် သူတစ်ပါး တိုင်းပြည်များ၌ ဖြစ်ပျက်ခြင်းထက် မိမိတိုင်းပြည်အတွင်း၌ ဖြစ်ပျက်ခြင်းကို ပိုမို၍ စိတ်ဝင်စားတတ်ကြသည် တကြောင်းကြောင့် ကိုယ်တိုင်လည်း စိတ်မကူး၊ တိုက်ရိုက်လည်း ဘာသာမပြန်တော့ဘဲ 'မှီး'သောအလုပ်တွင် မြန်မာပြည်၌ ရှေးဦးစွာ လမ်းထွင်ခဲ့ပါသည်' ဟု ရေးသားခဲ့သည်။

            မှီးဝတ္ထုကောင်းများကို ဖတ်ရသည်မှာ မူရင်းနိုင်ငံခြားဝတ္ထုများကို ဖတ်ရသည်ထက်ပင် ပို၍အရသာတွေ့သည်မှာ အမှန်ပင် ဖြစ်၏။ ကျွန်တော်တို့ ကိုယ်တိုင်ပင် ဆရာကြီးရွှေဥဒေါင်း၏ ဂျမဒါ ကိုကိုကြီး စသည့် မှီးဝတ္ထုများကို ဖတ်ရခြင်းသည် မူရင်းဝတ္ထုများကို အင်္ဂလိပ်လို ဖတ်ရခြင်းထက် ပို၍ အရသာရှိသည်ကို တွေ့ခဲ့ရပေသည်။

            မြန်မာနိုင်ငံတွင် စာရေးဆရာများအဖို့ စာရေးခြင်းသက်သက်ဖြင့် အသက်မွေးရန် အခက်အခဲမှာ ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဝမ်းရေးအတွက် မှီးဝတ္ထုများကို ရေးသားကြရသော စာရေးဆရာများ၏ကဏ္ဍကို သုံးသပ်ဆင်ခြင်ရာတွင် စာနာထောက်ထားမှု ရှိသင့်ပါသည်။ ဆရာကြီးက 'အချို့လူများ၏ တိုက်တွန်းမှုကြောင့် လွမ်းအောင်ဖန်ဝတ္ထု၊ မြတ်သက်မော်ဝတ္ထု စသည်တို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံဖန်ရေးသားဖူးပါသော်လည်း အချိန်နှင့် ဦးနှောက်ပန်းသလောက် တွက်ရေး မကိုက်သည်ကို တွေ့ရပါသည်။ မည်သို့ဆိုစေ မြန်မာပြည်၌ (Original) ကိုယ်ပိုင်စိတ်ကူး သက်သက်ဖြင့် ဝမ်းစာရှာ မှီးသူတို့မှာ (ဝတ္ထုရေးဆရာအဖြစ်နှင့်) လူတန်းစေ့ နေနိုင်ရန်ပင် ခဲယဉ်းလှပါသည်။ ဝတ္ထုကောင်းတစ်ပုဒ် ရေးပြီးသည့်နောက် သုံးလေးငါးနှစ်မျှ ထိုင်စားနိုင်သော တိုင်းပြည်သည် မြန်မာပြည် မဟုတ်၊ စာတစ်အုပ်ကို သုံးလေးနှစ် အချိန်ယူရေး၍ စာရေးဆရာ ထမင်းဝနိုင်သော တိုင်းပြည်သည်လည်း ဗမာပြည် မဟုတ်ချေ' ဟု ရေးခဲ့သည်။

            အချို့ဝေဖန်သူများက ဦးစံရှား အစရှိသည့် စုံထောက်ဝတ္ထုများကို 'မှီး' ရာတွင် ဤမျှတော်နေလျှင် ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသားလိုက်ရောပေါ့ဟု ထေ့ခဲ့၊ ငေါ့ခဲ့ကြသေးသည်။ ယင်းအချက်နှင့် ပတ်သက်၍ ဆရာကြီးက အောက်ပါအတိုင်း ချေပရေးသားခဲ့သည်။

            ‘Conan Doyle၏ herlock Holmes စုံထောက်ဝတ္ထုမျိုးကို ကိုယ့်ဟာ ကိုယ်ရေးတတ်လျှင် 'ရာ'လောက်သာ ရသော မြန်မာပြည်အတွက် မြန်မာလို ရေးလိမ့်မည်မဟုတ်။ 'ထောင်'ချီပြီး အလုအယက် ပေးဝယ်ကြသည့် အမေရိကန်၊ အင်္ဂလန်ပြည်များသို့ လက်မလည်အောင် ရေးရောင်းမည်ဖြစ်၏။ မည်သူမဆို စုံထောက်ဝတ္ထုရေးခြင်း၌ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၍ ရှားလော့ဟုမ်းအဆင့်အတန်းကို မီအောင်ရေးနိုင်သည်ဆိုပါလျှင် ကျွန်ုပ်က ပါးစပ်ဖြင့် ဆလံသသည် ပြောရုံမကသေး၊ မြန်မာလိုသာ ရေးတတ်သည်ဆိုက အကြင်စာရေးဆရာ၏ ဝတ္ထုကို အင်္ဂလိပ် လို(အခမဲ့) ဘာသာပြန်ပေးပြီး၊ ဈေးနှုန်း မငြင်းတမ်းပေးမည့် အနောက်တိုင်း မဂ္ဂဇင်းတိုက်များနှင့် ဆက်သွယ်ပေးရန်လည်း တာဝန်ယူပါဦးမည်'

 

ကမ္ဘာ့စာပေမှ အစဉ်အလာ

            'မှီး'ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ စာပေမှ အစဉ်အလာကို ကြည့်လျှင် ရည်ရွယ်ချက် ကောင်းကောင်းနှင့် လက်ရာမြောက်သော 'မှီး'ဝတ္ထု ပြဇာတ်များကို စာဖတ်ပရိသတ်က လိုလိုချင်ချင် လက်ခံအားပေးခဲ့သည်ကို တွေ့ရပေသည်။ 'မှီး'ဝတ္ထု ပြဇာတ်များ အောင်မြင်ခဲ့သည့် သာဓကတွေ များစွာရှိ၏။ အထင်ရှားဆုံး သာဓကများကို တင်ပြရမည် ဆိုပါလျှင် ကမ္ဘာကျော် ပြဇာတ်ရေးဆရာကြီး ရှိတ်စပီးယား၏ ပြဇာတ်ကြီးများသည် များသောအားဖြင့် ဥရောပနှင့် ဂရိဒဏ္ဍာရီပုံပြင်များ၊ ဥရောပသမိုင်း ဖြစ်ရပ်များကို အခြေခံ ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ရှိတ်စပီးယား ကောင်းသည် ဆိုခြင်းမှာ ဇာတ်ကောင်စရိုက်၊ သရုပ်ဖော်မှုနှင့် အင်္ဂလိပ်စာ အရေးအသား ကောင်းခြင်း ဖြစ်သည်။ တဖန် ရှိတ်စပီးယား၏ လင်္ကာဖြင့် ရေးသားထားသော ပြဇာတ်များကို ချားလ်စ်နှင့် မေရီလင့်(ဘ်)( Charles and Mary Lamb) တို့က အင်္ဂလိပ်စကားပြေဖြင့် ဝတ္ထုပုံစံ မှီးငြမ်းရေးသားခဲ့ကြသည်။ ရှိတ်စပီးယား၏ ပြဇာတ်သည် ဂန္တဝင်ဖြစ်သကဲ့သို့ ချားလ်စ်နှင့် မေရီလင့်(ဘ်)တို့၏ ရှိတ်စပီးယား ပုံပြင်ဝတ္ထုများသည်လည်း ဂန္ထဝင် ဖြစ်လာခဲ့သည်။ ထို့ပြင် ပြဇာတ်ရေးဆရာကြီး ဘားနတ်ရှော၏ Pygmalian ပြဇာတ်ကို မှီးငြမ်းပြု၍ My Fair Lady ရုပ်ရှင် ကို ရိုက်ကူးခဲ့ရာ များစွာအောင်မြင်ခဲ့ သည်။ ယင်းရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာ Alan Jay က My Fair Lady နာမည်ဖြင့်ပင် စာအုပ်ထုတ်ဝေခဲ့ရာတွင်လည်း အောင်မြင်ခဲ့ပေသည်။ အထက်ဖော်ပြပါ ကမ္ဘာကျော် မှီးဝတ္ထုပြဇာတ်ကို မည်သူကမျှ ခိုးချသည်ဟု ပုတ်ခတ်ဝေဖန်ခဲ့ခြင်း မရှိသည်ကို သတိမူသင့်ပေသည်။ ထို့ကြောင့် မှီးဝတ္ထုများကို ဝေဖန်သူများ အနက်တွင် အပါအဝင်ဖြစ်သည့် ဆရာ တက်တိုးကိုယ်တိုင် ကပင် 'ရှိတ်စပီးယားသည် ဇာတ်လမ်းကို များသောအားဖြင့် ရှေးဂရိပုံပြင်၊ ရာဇဝင်မှတ်တမ်းများနှင့် အင်္ဂလိပ် သမိုင်းတို့မှ ရရှိသည်။ ထိုသို့ဇာတ်လမ်းယူ၍ ရေးသော်လည်း သူ့ကို ခိုးချသည်ဟု မဆိုနိုင်ပေ။ သူ့ကို ခိုးချသည်ဟု မဆိုပါဘဲလျက် ယခုခေတ် မြန်မာစာရေးဆရာအချို့ကို ခိုးချသည်ဟု စွပ်စွဲခြင်းမှာ ကောင်းလေရော့သလား' ဟု ဝန်ခံရေးသားခဲ့သည်။

            ထိုမျှသာမကသေးပါ။ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးများကို အကျဉ်းချုံး၍သော်လည်းကောင်း၊ လူငယ်များအတွက် မှီးငြမ်းပြုရေးသား၍ သော်လည်းကောင်း ထပ်ဆင့် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းများမှာ ပလူပျံအောင် ပေါ်ထွက်ခဲ့ပေသည်။ ယခုတိုင်လည်း ထွက်ပေါ်နေဆဲ ဖြစ်သည်။ ယင်းကဲ့သို့ မှီးငြမ်း စာအုပ်များကို အောက်စဖို့တက္ကသိုလ် စာပေတိုက် (Oxford University Press) ကဲ့သို့ အစဉ်အလာကြီးမားသော ဌာနကြီးများကပင် ထုတ်ဝေလျက် ရှိကြပါသည်။

            သို့ဖြစ်၍ မှီးဝတ္ထုရေးသားရုံမျှဖြင့် ရှုံ့ချဝေဖန်ရန် မသင့်ပါ။ မှီးရာတွင် ရည်ရွယ်ချက်ကောင်း၍ စာပေအရည်အသွေး မြင့်မားရန်သာ လိုအပ်သည်ဟု ယူဆမိပါသည်။

 

လေးစားလိုက်နာသင့်သော ကျင့်ဝတ်များ

            မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာပြန်စာပေကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ခုပင် ဖြစ်ပါသည်။ ဘာသာပြန် စာပေကောင်းများ ထွက်ပေါ်ရန် လိုပါသည်။ ကောင်းနိုးရာရာ နိုင်ငံခြားစာပေများကို တိုက်ရိုက်ဘာသာပြန်လိုက ပြန်ကြပါ။ မှီးငြမ်းပြုလိုက ပြုကြပါ။ မည်သည့် နည်းကိုပင် သုံးသည်ဖြစ်စေ မူပိုင်ခွင့် ဥပဒေကြောင်းအရလည်းကောင်း၊ ယဉ်ကျေးမှု ကျင့်ဝတ်အရလည်းကောင်း၊ ဘာသာပြန်ဆရာ၊ မှီးငြမ်းဆရာများသည် အောက်ဖော်ပြပါကျင့်ဝတ်များ ကိုတော့ လေးစားလိုက်နာသင့်သည်ဟု ကျွန်တော် ယူဆပါသည်။

၁။        မူပိုင်ခွင့်ပိုင်ရှင် မူလစာရေးဆရာထံမှ ခွင့်ပြုချက်တောင်းခံခြင်း။

၂။         မူပိုင်ခွင့်ပိုင်ရှင် မူလစာရေးဆရာက ရွိုင်ရယ်တီ (Royalties) အခကြေးငွေ တောင်းခံရန် ဆန္ဒရှိလျှင် ၄င်းနှင့် ညှိနှိုင်း၍ ထိုက်သင့်သော အခကြေးငွေပေးခြင်း။

၃။        မိမိဘာသာပြန်သော(သို့) မှီးသော ဝတ္ထု၊ ပြဇာတ်၊ ကျမ်းစာအုပ်တွင် မူလစာရေးဆရာ၏ အမည်နှင့် စာအုပ်အမည် အပြည့်အစုံ ထည့်သွင်းဖော်ပြခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

 

တီထွင်မှုစွမ်းအားမြှင့်တင်ကြပါစို့

            မျက်မှောက်ခေတ်သည် အသိပညာခေတ် (Knowledge age) ဖြစ်သည့်အလျောက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် စီးပွားရေးစီမံကိန်းများ၌ ဉာဏပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ မိမိနိုင်ငံသားများ၏ တီထွင်မှုစွမ်းအားကို မြှင်တင်ပေးခြင်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာလည်း အနှစ် ၆ဝ နီးပါး ရှိလာပါပြီ။ သို့ဖြစ်၍ ယခုအခါတွင် ဘာသာပြန် စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်တစ်ကဏ္ဍအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သော်လည်း မြန်မာ စာရေးဆရာများသည် မိမိတို့ ကိုယ်ပိုင် ဉာဏ်ဖြင့် ဖန်တီးရေးသားသည့်ဝတ္ထု နှင့် အခြားစာပေများကို ဆထက် ထမ်းပိုး ရေးသား ပြုစုထုတ်ဝေသွားကြရန် အထူးလိုအပ်လာပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

▀

နော်ရထာဝင်း၊အင်္ဂုတ္တရ၊

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

ရည်ညွှန်း

၁          မင်းယုဝေ၊ 'ရွှေဥဒေါင်း၊ ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၅၂- ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ၊ စာ ၅ဝ'။

၂          ရွှေဥဒေါင်း၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ နှလုံးလှစာပေ၊ ၁၉၆၈ ခုနှစ်၊ စာမျက်နှာ ၁၈၆။

၃          ရွှေဥဒေါင်း၊ စာပဒေသာ၊ ခြင်္သေ့စာပေ၊ စာ ၁၅၄။

၄          ဦးဖေသိန်း၊ ဦးဖေသိန်း၏ ရွှေဥဒေါင်း၊ ကြီးပွားရေးစာအုပ်တိုက်၊ ၁၉၅၃၊ စာ ၃၇။

၅          ၄င်း၊ စာ ၃၇ နှင့် ၃၈။

၆          ရွှေဥဒေါင်း၊ စာပဒေသာ၊ ခြင်္သေ့စာပေ၊ စာ ၁၄၉။

၇          တက်တိုး၊ 'ဘဝနှင့်စာပေ'၊ နုယဉ်စာပေ၊ ၁၉၆၁၊ စာ ၁၃၁။


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...