ဖူးသစ်မော်
မုန်းနားမှာ နေ၊ မုန်းရေကို သောက်၊ မုန်းပေါက်ကို စား၊
မုန်းနားသားပီပီ ပြည်ကျော်၏ရင်ထဲတွင် မုန်းစိတ်မုန်းမာန်တွေ တရှိန်ရှိန် ကြွတက်နေသည်။
လေ့ကျင့်ချိန်တိုင်း သူထိုးကြိတ် ကန်ကျောက်နေသော အိတ်ရှည်ကြီးပေါ်တွင်
ကျားမောင်မျက်နှာကိုသာ မချိတင်ကဲ မြင်ယောင်နေမိသည်။
'မြေလတ်
လက်ဝှေ့ကြိုးဝိုင်းတွေပေါ်မှာ မိုးနေတဲ့ ခင်ဗျားရဲ့အရိပ်ကို ကျုပ်
ထိုးဖောက်ဖယ်ရှားပစ်မယ်။ လာမယ့် ရှောက်တောရွှေဘိုဘုရားပွဲ
လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ ကျုပ်အရိပ်ပဲ မိုးသွားစေရမယ်'
□
ရှောက်တော ဈေးထဲ ပြည်ကျော်ရောက်တော့
ဆယ့်တစ်နာရီ ထိုးလုပြီ။ ဈေးလည်း ကွဲစပြုနေပြီ။ ကုန်စိမ်းတန်းကလေးတွင် မိမိအလာ
မျှော်နေရှာမည့် မိနှင်းပိုက်မျက်နှာကို မြင်ယောင်မိရင်း ခြေလှမ်းပိုသွက်လာသည်။
ပြည်ကျော်က ရှောက်တောနှင့် ကားလမ်းတစ်ခုသာ ခြားသည့် ဥယျာဉ်ကျစ်အနောက်ပိုင်းသား။
မိနှင်းပိုက်က ရှောက်တောဈေးထဲသို့ နေ့စဉ် ကုန်စိမ်းလာ ရောင်းသော ရွှေဘိုရွာသူ။
သူတို့နှစ်ယောက် လူငယ်ဘာဝ ချစ်ကြိုးသွယ်ခဲ့ကြတာ သုံးနှစ်သုံးမိုးပင်
ပြည့်လုချေပြီ။
'တော့်ကို စောင့်နေတာ။
စောစောလေးများလာပါပေါ့လား။ အမေ သိပ်နေမကောင်းဘူး။ အဖေက ဆူပြန်တော့မယ်၊
တော်လုပ်ပုံနဲ့'
'လေးကျင့်ချိန်ပိုယူနေလို့။
ဘုရားပွဲက ရက်ပိုင်းပဲလိုတော့တာ။ နောက်ဆို လာတွေ့ဖို့တောင် အခက်'
'ဇောတကောနဲ့ ကျင့်နေတာ
ဖျားနေပါဦးမယ်'
'ချွေးထွက်များမှ
သွေးထွက်နည်းမယ်လေ၊ အဟဲ...'
'လူချင်း သတ်ပုတ်မှတော့
သွေးသံရဲရဲ ဖြစ်ကြတာပါပဲ။ ကျုပ်တော့ မကြည့်ရဲပေါင်။ အဖေကတော့လေ လက်ဝှေ့ပွဲများဆို
ထမင်းမေ့ ဟင်းမေ့။ ဒီမယ်တော် လက်ဝှေ့ထိုးရင် ကျားမောင်လိုဖြစ်အောင် ကြိုးစားနော်။
ကျားမောင်များဆို အဖေက လွှတ်ကြိုက်သတော့်'
ပြည်ကျော် မချိတရိ ပြုံးလိုက်ရသည်။
ကျားမောင်အရိပ်က မြေလတ်တစ်ခွင်သာမက သည်ဘက်မုန်းချောင်းတစ်ကြောမှာပါ အရှိန်အဟုန်
ကြီးမားလှသည်။ လက်ဝှေ့အကြောင်း သိပ်နားမလည်ကြသည့် တောနေ သက်ကြီးရွယ်အိုတွေကအစ
ရပ်ထဲရွာထဲရှိ လက်ဝှေ့ထိုးတမ်း ကစားကြသော ကလေးငယ်တွေအဆုံး 'ကျားမောင်မှ
ကျားမောင်' တစ်မောင်တည်းမောင်ကြ သည်ချည်း။
သူ လက်ဝှေ့ကြိုးဝိုင်းပေါ်
တက်ရောက်လာခဲ့တာ လေးနှစ်ကျော်ခဲ့ပြီ။ ကြားဆိုင်းခေါ် လက်သွေးပွဲ ကလေးများမှ
အစပြုကာ စနစ်ဟောင်း စိန်ခေါ်ပွဲများမှတစ်ဆင့် အကြီးတန်းအချီပွဲများအထိ
ရှုံးပွဲမရှိ သရေမကျစတမ်း ဖြတ်သန်းကျော်လွှားနိုင်ခဲ့သည်။ မုန်းကျေးလက်သားပီပီ
ရှောက်တောရွှေဘို ဘုရားပွဲတော်မှအစပြု နာမည်ရလာပြီး ပွင့်ဖြူ သက်တော်ရှည်ပွဲ၊
လက်ခုပ်ပြည်လုံးချမ်းသာပွဲ၊ ဆင်ဖြူကျွန်းချောင်းထဲပွဲ၊ စကုထီးကြီးပွဲများအပါအဝင်
မြစ်အရှေ့ဘက်ကမ်းရှိ မကွေးမြသလွန်ဘုရားပွဲ၊ ရေနံချောင်းသောင်ပြင်ပွဲ၊ တောင်တွင်းနှင့်
မြို့သစ်ပွဲစဉ်များအထိ ပေါက်ရောက်ခဲ့ပြီးပြီ။ မြေလတ် ဒေသ၏
အကြီးတန်းစိန်ခေါ်ပွဲများတွင် အလေးထားစရာ လက်ဝှေ့သမားတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ
ရပ်တည်နိုင်ခဲ့ပြီ။
မြေလတ်ဒေသ၏ မြန်မာ့ရိုးရာ
လက်ဝှေ့အစဉ်အလာအရ အကြီးတန်းအဆင့်ဆိုလျှင် တန်းကုန်နေပြီ ဖြစ်သည်။ ဤအထဲတွင်
ကျားမောင်၏ သြဇာအရိပ်က အများတကာထက် ခေါင်းတစ်လုံးပိုကာ လူတိုင်းနှုတ်ဖျားတွင်
ရေပန်းစားနေခြင်းကြောင့် ပြည်ကျော် အခံရခက်စရာ ဖြစ်နေသည်။ မိမိရပ်ရွာတွင်
မိမိသာလျှင် အကျော်ဇေယျ ဖြစ်ရမည် မဟုတ်လား။ ကျားမောင်၏ အရိပ်သြဇာကို
ရိုက်ချိုးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျားမောင်ကို ရင်ဆိုင်ယှဉ်ပြိုင်
အနိုင်ထိုးသတ်နိုင်ဖို့ပဲ ရှိသည်။
သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်
ပြီးခဲ့သော နှစ်ကတည်းက ပြည်ကျော် ကြိုးစားခဲ့ပါသေးသည်။
□
ရှောက်တော ရွှေဘိုဘုရားပွဲတော်
မစတင်မီ ရက်သတ္တတစ်ပတ်အလိုတွင် ရှောက်တောသို့ ကျားမောင် ရောက်ရှိလာမြဲ ဖြစ်သည်။
ရှောက်တောလမ်းဆုံရှိ အေးချိုကြီးတို့ စားသောက်ဆိုင်တွင် ပုံမှန်ခိုလှုံတတ်သည်။
အေးချိုကြီးတို့ တစ်မိသားစု လုံးမှာ လက်ဝှေ့ထိုးသတ်ခြင်းကို စိတ်မဝင်စားကြသော်လည်း
ကျားမောင်ကိုမူ အိမ်သားတစ်ယောက်လို သဘောထား ချစ်ခင်ကြသည်။
ထိုနှစ်က လက်ဝှေ့ပွဲ စီစဉ်ကြီးကြပ်သူ
ကိုဟန်သိန်းနှင့် ခုံဒိုင်အဖွဲ့ရှိရာသို့ ပြည်ကျော် ရောက်သွားချိန်တွင် ကျားမောင်
ရှိမနေခဲ့ပါ။ တခြားအကြီးတန်း လက်ဝှေ့ကျော်တွေ အကုန်ရှိနေပါ သည်။
'ပြည်ကျော်၊ မင်း ဒုတိယနေ့
ပွဲစဉ်ပါတယ်။ မင်းဘာသာ စိန်ခေါ်ပြီး တွဲမလား၊ တို့ဘာသာ မဲဆွဲပြီး တွဲပေးရမလား။ ကြိုက်ရာရွေး'
'ကျွန်တော် ကျားမောင်နဲ့
ထိုးမယ်'
ခုံဒိုင်အဖွဲ့နှင့် အကြီးတန်း
လက်ဝှေ့သမားတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ တချို့က လှောင်ထေ့ထေ့ ပြုံးကြသည်။
'တခြား တစ်ယောက်ယောက်နဲ့
တွဲကွာ၊ ဒီနှစ် ကျားမောင် မထိုးဘူး။ ကျန်းမာရေးကြောင့်လို့ ပြောတာပဲ။ တို့က ဇွတ်ဖိတ်လို့လာတာ။
သူ့ကျန်းမာရေးကိစ္စတော့ တို့လည်း ရေရေရာရာ မသိဘူးကွ'
ကြားဝင် ဖြေလိုက်သော
မုန်တိုင်းစကားကြောင့် သူ စိတ်ပျက်သွားသည်။ သူ့ရည်မှန်းချက်တွေ
မျှော်ဝေးသွားရလေပြီ။ ထိုအချိန်တွင် ယမကာအရှိန်ကလေး ရီဝေဝေ ဖြစ်နေဟန်တူသော
ဇာနည်ဝင်းက ဝင်နှောက်လာသည်။
'မင်းက ဘာကောင်မို့
ကျားမောင်နဲ့ ထိုးချင်ရတာလဲ။ ဒီမှာထိုင်နေတာ လက်ဝှေ့သမားတွေချည်းပဲ'
ပြည်ကျော်၏ စိတ်တွေ ဟုန်းခနဲ ကြွတက်သွားပြန်သည်။
ကြားဆိုင်းအဆင့် လက်ဝှေ့သမားတုန်းကသာ ဤသို့ဤပုံ ဟိန်းဟောက်လို့ ရကောင်းရမည်။
လက်ရှိအဆင့်တွင် မိမိသည် သူငယ် နှပ်စားလေးမဟုတ်။
'ကျုပ် ဘာကောင်ဆိုတာ
သိချင်ရင် စမ်းကြည့်လိုက်လေ။ ကြာတယ်ဗျာ။ ခင်ဗျားကို စိန်ခေါ်တယ်။
နိုင်ကြေးရှုံးကြေးပါ ထပ်လိုက်'
ဤသို့ဖြင့် ဇာနည်ဝင်းနှင့်
တည်မိသွားသည်။ သူလည်း ကျားမောင်နှင့် တစ်တန်းတည်း အဆင့်ရှိသူပဲ။ ထိုပွဲတွင်
ကျွဲပေါက်တစ်ကောင်လို ကြမ်းရိုင်းနုပျိုသော ပြည်ကျော်က ဇာနည်ဝင်းကို ဒုတိယအချီတွင်
အပြတ်ထိုး အနိုင်ယူခဲ့သည်။ ယခုအခါ ပြည်ကျော်သည် ဝါရင့်သမ္ဘာရင့် အကြီးတန်း
လက်ဝှေ့ကျော် သုံးယောက်ကို အောင်ပန်းဆင် ကျော်လွှားနိုင်ခဲ့လေပြီ။
သို့သော် ကျားမောင်ကတော့ ကျားမောင်ပဲ
ဖြစ်နေသည်။ သူ ဘယ်လောက် စွမ်းစွမ်း ကျားမောင်အရိပ်အောက်မှ
မလွတ်မြောက်နိုင်သေးပါလား။ သူ့အနာဂတ် ခရီးလမ်းတွင် ကျားမောင် သည်
ခလုတ်ကန်သင်းတစ်ခု ဖြစ်နေသည်။
သည်နှစ်တော့ ကျားမောင်ကို မဖြစ်မနေ
တည့်တည့် စိန်ခေါ်ရတော့မည်။ ကိုယ့်အောက် အဆင့်နိမ့်သူမှအပ ကိုယ်နှင့်အဆင့်တူ၊
မြင့်သူကို စိန်ခေါ်နိုင်ခွင့် ရှိသည်။ မိမိသည် ကျားမောင်ကို
စိန်ခေါ်နိုင်သည့်အဆင့် ရှိနေပြီပဲ။ မိမိကို ငြင်းပယ်ရှောင်လွှဲခဲ့လျှင်
ကျားမောင်တင်ထားသမျှ ဂုဏ်သိက္ခာတွေ ရေစုန်မျောမည် မဟုတ်လား။
ပြည်ကျော်သည် ကိုယ့်အတွေးနှင့်ကိုယ်
ချိုသွေးရင်း ကျေနပ်နေသည်။
□
နေ့လယ် နှစ်နာရီတိတိတွင် လက်ဝှေ့ပွဲ
စတင်တော့မည်။ တစ်နာရီထိုးပြီးချိန်တွင် မိတ်ဆက်လေးခင်း စတင်သည်။
ပြည်ကျော်စောင့်စား မျှော်မောနေခဲ့ရသည့် အချိန်ကို ရောက်ရှိလာလေပြီ။
'အကြီးတန်း လက်ဝှေ့ကျော်
ကျားမောင်ပါ... ရွာစား လက်ဝှေ့ကျော် ကျားမောင်ရဲ့ သိဒ္ဓိလေးကြည့်ရအောင်၊
ဟိုင်းယား...'
Announcer ၏ အသံနှင့်အတူ
ပရိသတ်၏ လက်ခေါက်မှုတ်သံ၊ လက်ခုပ်သံတွေ ဝေါခနဲ လျှံထွက်လာသည်။ ကြိုးဝိုင်းပေါ်တွင်
ကျားမောင် လက်ဝှေ့ရေးပြနေသည်။ ပြည်ကျော် တုံ့ဆိုင်းမနေပါ။
ကြိုးဝိုင်းတစ်ဖက်ထောင့်မှ လွှားခနဲခုန်တက်ကာ အားမာန်အပြည့်ဖြင့် လက်ပန်းပေါက်
ခတ်ပြလိုက်ပါသည်။ ကျားမောင်ကလည်း ပြည်ကျော် တက်ရောက်လာမည်ကို ကြိုသိနေသည်။
တမြန်နှစ်ကတည်းက သူ့ကို စိန်ခေါ်ထိုးဖို့ ကြိုးစားခဲ့သူပဲ။ ကျားမောင်က ပြည်ကျော်၏
လက်ကိုဆွဲ၍ အပြုံးအေးအေးလေးဖြင့် နှုတ်ဆက်လိုက်သည်။
နောက်ဆုံးတော့ ပြည်ကျော်၏
စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ် လာခဲ့လေပြီ။
'ကျားမောင်နဲ့ ပြည်ကျော်
စိန်ခေါ်ပွဲ ဒီနေ့တင်မယ်။ သုံးမိနစ်ထိုး သုံးမိနစ်နား၊ ငါးချီ'
ခုံဒိုင်မှ ကိစ္စတွေပြီးတော့
ရုံပြင်ဘက်ကို ပြည်ကျော် ထွက်လာခဲ့သည်။ အရီးလေးမြစိန် အကြော်ဆိုင်တွင်
စောင့်မျှော်နေရှာမည့် မိနှင်းပိုက် မျက်နှာလေးကို မြင်ချင်လှပြီ။ အကြော်ဆိုင်
တန်းဘက် မရောက်မီ ပွဲခင်းတစ်နေရာတွင် အေးချိုကြီး၏ ညီ ဘိုသူနှင့် ဆုံမိသည်။
'အစ်ကို ကျားမောင်ပွဲ
ဒီနေ့ပါတယ်ဆို'
'အေး... ပါတယ် ညီလေး'
'ကိုအေးချိုကြီးသိရင်
ဒေါသကြီးတော့မှာပဲ။ သူ့ကို လက်ဝှေ့မထိုးဘဲ နှစ်နှစ် နားရမယ်လို့ ဆရာဝန်က
ပြောထားတာ။ ဒီလူ ဘာဖြစ်လို့များ ဇွတ်လောတကြီး ထိုးချင်နေရတာလဲ မသိဘူး'
'ဟင်... သူက ဘာဖြစ်လို့လဲ'
'ခင်ဗျားတို့ မသိဘူးလား။
မနှစ်က ရေတာရှည် ဘက်အသွားမှာ ကားအက်ဆီးဒင့် ဖြစ်ထားတာ။ ညာဘက်ပေါင်က အရိုးအက်ပြီး
ဒဏ်ပြင်းလို့ လမ်းတောင် သိပ်လျှောက်ခိုင်းတာ မဟုတ်ဘူး။ ဒီနှစ်နားရဦးမှာ။ အစ်ကို
ကျားမောင်ကတော့ ပြဿနာပဲဗျာ'
ပြည်ကျော် စဉ်းစားရ ကျပ်သွားသည်။
ဒါကြောင့် မနှစ်က လက်ဝှေ့မထိုးဘဲ နားနေခဲ့တာကိုး။ သူ့ဒဏ်ရာအကြောင်းကို မည်သူမျှ
မသိကြပါ။ သူအခင်ဆုံး အေးချိုကြီးတို့ မိသားစုသာ သိကြပါလိမ့်မည်။ အခုရော
လက်ဝှေ့ထိုးရန် သူ အဆင်သင့် ဖြစ်နိုင်ပါ့မလား။ ဒဏ်ရာကြောင့် နားနေခဲ့ရလျှင် လေ့ကျင့်မှုလည်း
ပြတ်နေမှာ သေချာသည်။ သူ့မှာ ဘာအကြောင်းကိစ္စရှိလို့ ဒဏ်ရာကို ဂရုမစိုက်ဘဲ
စောလျင်စွာ လက်ဝှေ့ကြိုးဝိုင်းပေါ် တက်ရလေသနည်း။ ဘာပဲဖြစ်ဖြစ် ပြည်ကျော်အတွက်တော့
ကံကောင်းခြင်း တစ်ခုပေပဲ။ ကျားမောင်တွင် အားနည်းချက်တွေ ရှိနေသည်။ သူသည်
ပြည်ကျော်ထက် ဆယ်နှစ်နီးပါး အသက်ကြီးသည်။ အရပ်အမောင်း၊ အလုံးအထည်ကအစ
ပြည်ကျော်ဘက်မှ အလေးသာနေပါသည်။
'ကြိုးဝိုင်းပေါ်မှာ
ရင်ဆိုင် တွေ့လာရင်တော့ သားအဖချင်းပဲ ဖြစ်နေပါစေ၊ သူ နိုင်ကိုယ်နိုင်
ယှဉ်ပြိုင်ရမှာပဲ။ ခင်ဗျားရဲ့ နေဝင်ချိန်ကို ခင်ဗျားဘာသာ ဖန်တီးလာတာတော့
မတတ်နိုင်ဘူး ကိုကျားမောင်ရေ့'
□
'ကျားမောင် အနီထောင့်၊
စိန်ခေါ်သူပြည်ကျော် အပြာထောင့်၊ အဆင်သင့်ဖြစ်ရင် ဝိုင်းရှင်းမယ်'
'ပထမ အချီ'
'ဒေါင်...'
ကျားမောင်အထာကို ပြည်ကျော်
လေ့လာထားပြီး ဖြစ်သည်။ ကိုယ်က စဝင်လို့ မဖြစ်။ လှည့်ပတ်ချောင်းရင်း အခွင့်အရေးရမှ
ခွန်အားသုံးပြီး ဝင်မည်။ ကျားမောင်က ရှေ့ထုတ်ထားသော ညာခြေဖြင့် ခတ်ယောင်ပြကာ
ဘယ်ခြေခတ်ကို ဝှီးခနဲ လွှတ်သည်။ ပြည်ကျော်ကို မထိဘဲ အရှိန်လွန် ဟန်ချက်ပျက်သွားစဉ်
ပြည်ကျော်က လှစ်ခနဲ ခုန်ဝင်လိုက်သည်။
'ဒုတ်'
တစ်ပတ်လှည့် ထွက်လိုက်သော တံတောင်သည်
ပြည်ကျော်၏ မေးဖျားပေါ်ထိကာ ဝုန်းခနဲ ပစ်ကျသွားသည်။ ကြိုးဝိုင်းဒိုင် အမှတ်စဉ်
မရေတွက်မီ လူးလဲထသည်။ မူးဝေသွားသော ခေါင်းကို ယမ်းခါပြီး ပြန်တည်သည်။
မထင်မှတ်သော ထိချက်ကြောင့် ပြည်ကျော်
မွှန်ထူသွားသည်။ ဒိုင်ပြန်လွှတ်တော့ ခြေခတ်နှင့် လက်သီးစုံတွဲကာ ခွန်အားအပြည့်
ဝင်တိုက်သည်။ အားချင်းမယှဉ်နိုင်သောကြောင့် ကျားမောင် လွင့်ပါသွားသည်။ ပြည်ကျော်က
အလွတ်မပေးဘဲ ဆက်ဖိသည်။ လက်သီးတွေ အဆက်မပြတ် ပစ်သွင်းနေသည့်ကြားမှ ကျားမောင်
လျှိုထွက်သွားသည်။ ပြန်လိုက်ရန် အလှည့်တွင် မေးဖျားဆီမှ ပူခနဲ ခံစားလိုက်ရပြီး
ဖင်ထိုင်ကျသွားပြန်သည်။
'ရင်ဆိုင်တွေ့ရင်
ဖင်ထိုင်မေ့မယ်ဆိုတဲ့ လက်သီးတွေနော်။ တစ်ထွာရှိတဲ့ မျက်နှာ တစ်တောင်မကွဲဘူးဟေ့၊
ယောကျ်ားဘသား ဟိုင်းယား'
ပြည်ကျော် ကုန်းရုန်းထသည်။ အမှတ်စဉ်
ရေတွက်ရန် ပြင်နေသော ကြိုးဝိုင်းဒိုင်ကို အဆင်သင့်ဖြစ်ကြောင်း အမြန်အချက်ပြရသည်။
သူ အတော်ကြီး သတိထားရပြီ။ ဒိုင်လွှတ်တော့ ကျားမောင်က လက်သီးယောင်ပြထိုးရင်း ခြေခတ်ဝင်သည်။
သူ့ခြေပြန်အကျတွင် ပြည်ကျော်က ညာခြေဖြင့် အားအပြည့်ခတ်ဝင်သည်။ ကျားမောင်က
ရှောင်မထွက်ဘဲ ပေါင်ရင်းဆီ တိုးဝင်ပြီး ညာလက်သီးတစ်လုံး ဖြတ်ထိုးလိုက်ရာ
ပြည်ကျော်၏ ဝဲဘက်မျက်လုံးပေါ် ထိမှန်သည်။ တတိယအကြိမ်မြောက် ကြမ်းပြင်ပေါ်မကျ
ရောက်အောင် ကြိုးစားလိုက်နိုင်သော်လည်း မျက်လုံး တစ်ဝိုက် ဖူးယောင်ထလာသည်။ ပထမအချီ
ပြီးဆုံးကြောင်း အချက်ပေးသံကြောင့် သူ နားခွင့်ရသွားလေသည်။
ထောင့်ထိုင်ခုံပေါ် ရောက်တော့
အကူလူလုပ်ပေးနေသော ဝါရင့် လက်ဝှေ့သမား အရိုင်းက သူ့ကို ပြုစုပေးရင်း လိုအပ်ချက်တွေ
အကြံပေးသည်။
'ကျားမောင် ပရိယာယ်တွေက လိုက်မမီဘူး။
မင်း ဝင်လာတဲ့အားကို သူက ဆီးပြီးဆောင့်တာ။ မင်းက သက်လုံနဲ့ခွန်အားသာမှာပ။ အဝင်ရော
အထွက်ပါ လက်သီးစုံ ခြေစုံပစ်ဝင်၊ ပစ်ထွက်လုပ်နိုင်မှ။ သူ့ကို
လှုပ်ရှားခွင့်မပေးနဲ့၊ လူမကျွံနဲ့၊ သူ့ တံတောင်နဲ့ခေါင်းကို သတိထား'
'ဒုတိယအချီ'
အချက်ပေး မောင်းသံနှင့်အတူ ပြည်ကျော်
ပြေးထွက်လာသည်။ အရိုင်း အကြံပေးသလို လက်သီးစုံ ခြေစုံ ပစ်ဝင်သည်။ ကျားမောင်မှာ
လှည့်ပတ်ရှောင် ပြေးရင်း သတ်ပေါက် ပျောက်နေသည်။ ကျားမောင် နဖူးစပ်ပေါ် လက်သီးပြင်း
တစ်ချက်ထိပြီး တစ်ကြိမ် ပြုတ်ကျသည်။ ချက်ချင်း ပြန်ထလာသည်။ ပြည်ကျော်သည်
အနားမပေးတမ်း ဆက်တိုက်ဝင်နေရာ တစ်ကြိမ်တွင် ရုတ်တရက် ကျောပေးပြီး ရပ်ခံလိုက်သော
ကျားမောင်ဆီသို့ ကျွံဝင်သွားသည်။ ကျားမောင်၏
ခေါင်းရိုက်ချက်ကို မရှောင်နိုင်တော့။ မျက်နှာပေါ်တည့်တည့် ရိုက်မိကာ
မှောင်အတိ ကျသွားလေသည်။
'လက်သီးမှာ အထိုး၊
တံတောင်မှ အတွပ်၊ ခေါင်းမှာအတိုက်၊ ဒူးအရှိုက်နဲ့ ခြေဖျားကို စိုက်၊
လက်ဖျံရိုက်ဆိုတာ မြန်မာ့ရိုးရာလက်ဝှေ့ ပညာရပ်တွေပါ။ မြန်မာ့သတ္တိ ကမ္ဘာကသိအောင်
ပြမယ့် မောင်တွေပါ၊ ယောကျ်ားဘသား... ဟိုင်းယား...'
Announcer ၏ စိတ် တက်ကြွဖွယ်ရာ
စကားလုံးတွေက ကြားတစ်ချက်၊ မကြားတစ်ချက်။ ပြည်ကျော်စိတ်ကို အမြန်စုစည်းလိုက်သည်။
ကြိုးဝိုင်းဒိုင်၏ အမှတ်စဉ် ရေတွက်သံက နားထဲဝင်လာသည်။ အမှတ်စဉ် ရှစ်။ သူ ဝုန်းခနဲ
ထရပ်လိုက်သည်။ အမှန်တကယ်လည်း သူ အဆင်သင့် ဖြစ်သွားပါသည်။ သူ့မှာ ကြံ့ခိုင်ရေး
အပြည့်ရှိသည်။ သို့သော် ကျားမောင်၏ ခေါင်းရိုက် ချက်ကြောင့် သူ့မျက်ခုံး
တစ်ဖက်နှင့် ပါးရိုးပေါ်ထိပ်နှစ်နေရာ ကွဲသွားတာ သေချာသည်။ သူ့မျက်နှာနှင့်
ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲ ဖြစ်နေသည်။
ပြည်ကျော်၏ ခေါင်းထဲတွင် အတွေးစဉ်တွေ
တရိပ်ရိပ် ဖြတ်ပြေးနေသည်။ သည်လို တော်ပေလို့လည်း ကျားမောင်၏ သြဇာအရိပ်
ကြီးမားခဲ့တာပါလား။ နှစ်ချီ မပြည့်မီမှာပင် မိမိ အတော် အထိနာနေခဲ့ပြီ။ ကျားမောင်မှာကား
ချွေးသီးလေးများပင် မစို့သေး။ သူ့ပညာကို မိမိ အထင်သေးပြီး ဘဝင်မြင့်ခဲ့မိသည်။
ဒါတောင် ကျားမောင်တွင် အနားယူခိုင်းထားလောက်အောင် ပြင်းထန်သည့် ဒဏ်ရာဟောင်းနှင့်။
လေ့ကျင့်မှုလည်း ပြတ်နေချိန်၊ အရင်ကလို ပုံမှန်အခြေအနေနှင့်သာဆိုလျှင်
မတွေးဝံ့စရာပါလား။ တရိပ်ရိပ် ဖြတ်ပြေးနေသော ပြည်ကျော်၏ အတွေးအာရုံတွင်
အလင်းရောင်တစ်ချက် ပြိုးပြက်ဝင် ရောက်လာသည်။ တရားတာ၊ မတရားတာတွေ စဉ်းစားချင့်ချိန်
မနေနိုင်တော့။ ဘယ်လိုနည်းဖြင့် နိုင်နိုင် မိမိ အနိုင်ရမှ ဖြစ်မည်။ မဟုတ်လျှင်
မိမိ၏ လက်ဝှေ့သမား ဘဝနှင့် ရည်မှန်းကြိုးစားခဲ့သမျှတွေ သဲထဲရေသွန် ဖြစ်ရတော့မည်။
ကျားမောင်၏ ဒဏ်ရာအကြောင်းကို မည်သူမျှ မသိကြ။ အေးချိုကြီး၏ ညီငယ် ဘိုသူနှင့်
ဆုံမိစဉ် အမှတ်မထင် သိခွင့်ရခဲ့ခြင်းသည် မိမိကုသိုလ်ကံပဲ မဟုတ်လား။
'မီးရဲရဲတင်ထားတဲ့
သံမဏိအသည်းပိုင်ရှင် ပြည်ကျော်ပါခင်ဗျ၊ အလံမလှဲ ဇွဲနဘဲနဲ့ ဆက်လက်ယှဉ်ပြိုင်နေဆဲပါ။
ဟိုင်းယား...'
ပြည်ကျော်သည် ကျားမောင်၏
ခြေနှစ်ဖက်အရွှေ့အပြောင်းကို စောင့်ကြည့်သည်။ ညာခြေကို ညှာသော ကျားမောင်သည် အင်အား
အပြည့်ခတ်နိုင်ရန် ဘယ်ဘက်ခြေကို နောက်မှာထားတတ်သည်။ ပြည်ကျော်အတွက် အံဝင်ခွင်ကျ
ဖြစ်နေပါသည်။ သူသည် ရှေ့ထုတ်ခင်းထားသော ကျားမောင်၏ ညာဘက်ခြေ ပေါင်ရင်းပိုင်းကို
အားကုန်လွှဲခတ်ပြီး ရှောင်ထွက်သည့်နည်းကို သုံးသည်။ ပထမခတ်သမျှမှာ ခြေဖျားနှင့်
ပွတ်ကာသီကာ ထိသဖြင့် မထူးခြား။ နောက်ဆုံးတွင် ပြည်ကျော် မျှော်လင့်ထားသလို
ညို့သကျည်းရိုးဖြင့် အားအပြည့် ခတ်မိသည်။
ကျားမောင်မျက်နှာ မချိမဆန့်
ဖြစ်သွားပြီး ပေါင်ရင်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ရင်း ညည်းညူလဲကျသွားသည်။
ဆိုင်းသံနှင့် ဆူညံ ပွက်ရိုက်နေသော ပရိသတ်အသံတွေပါ ရုတ်တရက် ငြိမ်ကျသွားသည်။
'ဘာဖြစ်လို့လဲ၊ ဒဏ်ရာဟောင်း
ရှိသလား'
ကြိုးဝိုင်းဒိုင်က ကျားမောင်ကို
မေးနေသည်။ ကျားမောင်မျက်လုံးတွေက ပြည်ကျော်၏ မျက်နှာကို နားမလည်နိုင်သလို
ငေးကြည့်နေပါသည်။
'ကျွန်တော် အရှုံးပေးတယ်'
ကျားမောင် စကားသံက ပြည်ကျော်၏
နားဝတွင် လှိုင်းခတ်သွားသည်။ သူ့ဆန္ဒ ပြည့်လေပြီ။ သည်လိုဆိုတော့လည်း
လွယ်ကူလှပါလား။ စောစောပိုင်းကတည်းက သူ့ အားနည်းချက်ကို အသုံးချခဲ့ မိလျှင်
ဤမျှဒဏ်ရာအနာတရတွေ ရရှိမည်မဟုတ်။ သူ ကျားမောင်ကို အနိုင်ရခဲ့လေပြီ။ သူ့အပေါ်
မိုးနေသည့် ကျားမောင်၏အရိပ်ကို ဖယ်ရှားထိုးဖောက်နိုင်လေပြီ။
သို့သော် အပြာထောင့်သို့
ပြန်လျှောက်လာသည့် သူ့ ခြေလှမ်းတွေမှာ မလုံသော အတွေးများဖြင့်
နှေးကွေးလေးကန်လျက်...။
□
လက်ဝှေ့ ပွဲစဉ်တွေ ဆက်လက်ထိုးသတ်နေသည်။
ရက်တိုးနှင့်ဆိုလျှင် ပွဲရက် နှစ်ရက် ကျန်သေးသည်။ ပွဲစဉ် တစ်လျှောက်လုံး
ပရိသတ်မျက်လုံးတွေက ကျားမောင်ကို ရှာဖွေနေကြပါသည်။ ကျားမောင်၏ ရှုံးပွဲကို
နားမလည်၊ မကျေနပ်ကြောင်း တီးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပြောဆို ဝေဖန်သံတွေကို
ပြည်ကျော် ကြားနေရသည်။
ကျားမောင်ကို အနိုင်ရခဲ့သည့် နေ့မှစ၍
သူလည်း ညစဉ် အိပ်မပျော်နိုင်ခဲ့ပါ။ ဖူးယောင်ကိုက်ခဲနေသော ဒဏ်ရာဒဏ်ချက်တွေလောက်တော့
သူ မမှုပါ။ စိတ်အာရုံထဲရှိ မလုံစိတ်က နှိပ်စက်နေသောကြောင့် ဖြစ်သည်။ သူ ချစ်ရသည့်
မိနှင်းပိုက်ကပင် ချစ်သူ၏ ကြီးမားသော အောင်ပွဲအတွက် လက်တွဲခံစားနိုင်ခြင်း
မရှိခဲ့တာ သေချာသည်။
'ကျားမောင်လို
လက်ဝှေ့သမားမျိုးက ပေါင်ကို တစ်ချက်အကန်ခံရရုံနဲ့ အရှုံးပေးတယ်ဆိုရင် အစကတည်းက
ကျားမောင်ဆိုတာ ဖြစ်လာစရာအကြောင်း မရှိဘူးလို့ အဖေက ပြောနေတာပဲတော့်။
ကျုပ်စိတ်ထဲမလည်း တစ်မျိုးကြီးပါတော်'
လက်ဝှေ့ပွဲစဉ်အားလုံး ပြီးဆုံးသွားသည့်
ညပိုင်းတွင် ကိုဟန်သိန်းတို့ ခုံဒိုင်အဖွဲ့တွေနှင့် သူ တွေ့ဆုံခဲ့သည်။
'မနက်စောစော မီးရာကားနဲ့
ကျားမောင် ပြန်လိမ့်မယ်။ သူ့ပေါင်က ဒဏ်ရာ မသက်သာဘူး။ မြို့က ဆရာဝန်နဲ့
ပြန်ပြရမတဲ့။ မင်းသွားတွေ့ပြီး နှုတ်ဆက်လိုက်ဦးလေ'
ပွဲခင်းဘက်သို့
လျှောက်လာခဲ့မိသော်လည်း ကျားမောင်နှင့် မျက်နှာချင်းဆိုင်ဖို့ကိုတော့
မလုံစိတ်ဖြင့် ဝန်လေးနေသည်။ ကျားမောင် ရှိနေသော အေးချိုကြီးတို့
စားသောက်ဆိုင်တန်းကို ရှောင်ကာ အကြော်ဆိုင်တန်းတွေဘက် လှည့်ဝင်ခဲ့ရသည်။
ညဦးပိုင်းမို့ ပွဲခင်းတစ်ခုလုံး စည်ကားလျက်ရှိသည်။ မိမိတို့
ဥယျာဉ်ကျစ်အနောက်ပိုင်းမှ လာထွက်သော အရီးလေး မြစိန်၏ အကြော်ဆိုင်ရှေ့ရောက်တော့
သူ့ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားသည်။ အေးချိုကြီးနှင့် ကျားမောင်။ ထော့နင်း
ထော့နင်း လမ်းလျှောက်ရသော ကျားမောင်ကို အေးချိုကြီးက တွဲလျက်။
'အမေ့သမီးလေး
မျက်စိပြန်ပြဖို့ ရက်နီးပြီလား' ဟု အေးချိုကြီးက မေးလိုက်သံ
ကြားရသည်။
'အေးကွယ်၊ ဆရာဝန်ကြီးက
ဒီလထဲမှာ တစ်ခါတည်းခွဲဖို့ ရက်ချိန်းပေးလိုက်တာပဲ။ တစ်ပတ်လောက်ပဲ လိုတော့တယ်။
ဒီရက်မှ လာမခွဲရင် အမေ့သမီးလေး မျက်စိကွယ်ပြီး ဒုက္ခိတဘဝ ရောက်လိမ့်မတဲ့။ အမေ
ဘာတတ်နိုင်မှာလဲ သားရယ်။ မြို့တစ်ခေါက်သွားဖို့ ခရီးစရိတ်တောင်မှ အနိုင်နိုင်ပါကွယ်'
'အမေ့သမီးလေး မျက်စိခွဲဖို့
ဟောဒီကောင် ကျားမောင်က ကူညီချင်လို့တဲ့။ ဒါကြောင့် လိုက်ပို့တာ'
'ဟင်... ကျားမောင်၊
ဟိုလက်ဝှေ့ထိုးတဲ့ ကျားမောင်လား။ ခုမှပဲ မြင်ဖူးပါတယ်ကွယ်။ လက်ဝှေ့ထိုး တာ
ရှုံးဆို'
'ဟုတ်ကဲ့၊ ကျွန်တော့်
ခြေထောက်မှာ ဒဏ်ရာရှိလို့ နားနေတာပါ။ အမေ့သမီးလေး မျက်လုံးထိခိုက်တဲ့ကိစ္စ
အေးချိုကြီးက ပြောပြလို့ ကူညီနိုင်အောင် ရည်ရွယ်ပြီး အဆင်သင့် မဖြစ်သေးဘဲ
လုပ်မိတာပါ။ ကျွန်တော် ရှုံးတော့ ရတဲ့သတ်ကြေး နည်းသွားတယ်။ ကျွန်တော့်မှာ
အပိုပါတဲ့ငွေနဲ့ ပေါင်းပြီး ကူညီပါရစေ။ အမေ့သမီးလေးကို ဆရာဝန်ကြီးချိန်းတဲ့ရက်အမီ
သွားပြပါ အမေ။ အေးချို၊ မင်းကလည်း လိုအပ်တာ ကူညီပေးပါကွာ'
'စိတ်ချပါကွာ၊ ကလေးမျက်စိ
ပြန်ကောင်းလာတဲ့အထိ ငါ ဂရုစိုက်ပေးပါ့မယ်။ မနက်ဖြန် မင်းသွားရမယ့်ဟာ
စိတ်ဖြောင့်ဖြောင့်သွား။ မင်းခြေထောက်က ဒဏ်ဖြစ်ပြီး ပိုဆိုးသွားဦးမယ်'
ကျားမောင်က သူ့အိတ်ထဲမှ
ငွေစက္ကူထပ်ကို ထုတ်၍ အရီးလေးမြစိန်လက်ထဲသို့ ထည့်ပေးလိုက်ပါသည်။
'ဘုရားသိကြားမလို့
သူတော်ကောင်းနဲ့ တွေ့ရတာ။ အမေ့သမီးလေးကံပေါ့။ စိတ်ချပါ သားရယ်၊ အမေ့ သမီးလေး
ဒုက္ခိတဘဝကို မရောက်နိုင်တော့ပါဘူး။ သားခြေထောက်က ဒဏ်ရာကိုသာ ဂရုစိုက်ပါကွယ်'
'ဟုတ်ကဲ့၊ ကျွန်တော့်ကို
ခွင့်ပြုပါဦး'
'အေးကွယ်၊ သူတော်ကောင်း
နတ်ကောင်းမပါစေ။ ကျန်းမာချမ်းသာပါစေ။ လက်ဝှေ့ပွဲတွေ ထိုးတိုင်းနိုင်ပါစေ'
အရီးလေးမြစိန်၏ ဆုတောင်းသံက
တိမ်ဝင်သွားသည်။ မျက်ရည်စတို့ ဝေသီလာသော မျက်လုံးတွေကို ညစ်ထေးထေးအင်္ကျီလက်မောင်းစဖြင့်
ပင့်သုတ်နေသည်။ ပြည်ကျော် သတိဝင်လာချိန်တွင် ကျားမောင်သည် အေးချိုကြီးကို တွဲမှီကာ
ထော့နင်းထော့နင်းဖြင့် ထွက်ခွာသွားလေသည်။ ပြည်ကျော်၏ ရင်ထဲတွင် မီးရှို့ထားသော
သစ်တုံးကြီးတစ်တုံး ရောက်နေသလို တစ်ဆို့ပူလောင်နေပါသည်။
သူ ဘာဆက်လုပ်ရမှန်း မသိ။ ဤမျှ
ပြည့်ဝလှပသည့် နှလုံးသားပိုင်ရှင် တစ်ယောက်အပေါ် အားနည်းချက်ကို နင်း၍
ယောကျ်ားမပီသစွာ အနိုင်ယူခဲ့မိသည်။ မိမိနှင့် တစ်ရွာတည်းနေသော အရီးလေးမြစိန်တို့
မုဆိုးမ သားအမိဒုက္ခကို မြင်တွေ့ ကြားသိနေရပါလျက် အလေးမူရကောင်းမှန်း မသိခဲ့။
လောကမြေပြင်နှင့် နှိုင်းစာလျှင် ယှဉ်ထိုးမရအောင် ကျဉ်းမြောင်းလှသည့်
လက်ဝှေ့ကြိုးဝိုင်းပေါ်မှ အောင်မြင်မှုတစ်ခုကိုသာ ရူးသွပ်မက်မောလှစွာ
ဖက်တွယ်မိခဲ့ပါ ကလား။
'ကိုကျားမောင်၊ ခင်ဗျားဟာ
လက်ဝှေ့ကြိုးဝိုင်းပေါ်မှာတစ်ခါ၊ ဟောဒီမြေပြင်မှာတစ်ခါ ကျွန်တော့်ကို
တန်ဖိုးဖြတ်မရတဲ့ အသိပညာတွေ ပေးခဲ့တယ်။ တကယ်တော့ ကျွန်တော်ကသာ နှစ်ခါလုံး
ရှုံးခဲ့သူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါ... ကျွန်တော့်ကို ခွှင့်လွှတ်ပါ'
ပြည်ကျော်သည် အရူးတစ်ယောက်လို
အော်ဟစ်လျက် ကျားမောင်နောက်သို့ သွေရူးသွေးတန်း ပြေးလိုက်သွားလေသည်။
▀
ဖူးသစ်မော်
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော