ရွှေအသစ်

သည်မိုး သည်လေ သည်ရေမှာ

သားချော၊မြန်မာ၊

01 July 2026
သည်မိုး သည်လေ သည်ရေမှာ
Share to

            ဘဝကို ဖိုးချို စိတ်နာသည်။ တစ်လောကလုံးကိုလည်း မုန်းသည်။ ဖိုးချိုဝန်းကျင်က လူတွေကိုလည်း မုန်းသည်။ ဒါကြောင့် လူတွေနှင့်ဝေးရာ ဖိုးချို ရှောင်ခွာလေ့ရှိသည်။ ဖိုးချိုမှာ အပေါင်းအသင်း မရှိသလောက် ရှားသည်။ ဖိုးချိုဒဏ်ကို ဘယ်သူမှ မခံနိုင်။ တစ်ရွာလုံး၏ အော့ကြောလန် လူပေလေး ဖြစ်နေသည်ကို ဖိုးချို ကျေနပ်နေသည်။

            'ချိုသဲ၊ ဖိုးချိုကို ဆုံးမပါဦးဟဲ့။ မနေ့က ငါ့သား ဖိုးလုံးကို ချောင်းရေထဲ ကန်ချသတဲ့။ ငါးမျှားတံ မငှားလို့တဲ့လေ'

            'ဟင်... ကျွန်မ အားနာလိုက်တာ မဘုတ်ဆုံရယ်။ ကျွန်မ ဆုံးမပါဦးမယ်'

            ဖိုးချို၏ ပြဿနာ သောင်းခြောက်ထောင်ကို အမေသိ၍ စိတ်ညစ်လျှင် ဖိုးချိုကျေနပ်နေသည်။ ဒါကြောင့် ပြဿနာပေါင်းစုံကို ဖိုးချိုလုပ်သည်။ စာသင်ကျောင်းကိုလည်း ဖိုးချို မသွား။ အတန်းသားများ၏ အကြည့်ကို ဖိုးချိုမကြိုက်။ အတန်းဆရာမကိုလည်း ဖိုးချို သဘောမကျပေ။

            'ဖိုးချို၊ နင် မနေ့က ငါ့ကို ဖျားတယ်လို့ လိမ်ပြီး မိုးရွာထဲမှာ လယ်ကွက်ထဲ ငါးဖမ်းနေတယ်ဆို။ ကျောင်းတော့ မလာဘူး၊ ဟုတ်သလား'

            'ဘယ်သူပြောလဲ ဆရာမကို'

            'အောင်မာ... ဘယ်သူ ပြောပြော နင်က ဘာလုပ်ချင်လို့လဲ'

            'လေးခွနဲ့ ဆော်ထည့်ပလိုက်ဦးမယ် အဲဒီကောင်ကို'

            ဆရာမသည် ဆတ်ဆတ်တုန် ဒေါသထွက်၍ ဖိုးချိုတင်ပါးကို ကြိမ်လုံးနှင့် သုံးချက် ဆော်ထည့်သည်။ ဒီလောက်ကတော့ ဖိုးချိုတို့ ပျင်းတောင် ပျင်းသေး။ ပြုံးပြုံးကြီး ရင်ကော့ခံနေလိုက် သည်။ တင်ပါးမှာ ကြိမ်လုံးရာသည် အသားမာတင်၍ နေပြီ။ ကျောင်းပျက်၍ ဆရာမရိုက်လိုက်၊ ကျောင်းမှာရိုက်၍ဟု ကျောင်းပြေးလိုက်ဖြင့် လုံးချာလည်နေတော့သည်။ အမေကသာ ဝမ်းပန်းတနည်း ငိုကြွေးတတ်သည်။

            'ဖိုးချို၊ နင် ငါ့ကို ဒုက္ခပေးပေါင်းများလှပြီ ဖိုးချိုရယ်။ ငါကတော့ နင့်ကို စာတတ်စေချင်၊ လိမ္မာစေချင်တာ။ နင့်အဖေ မသေဘဲ ငါ သေသွားခဲ့ရင်ကောင်းမှာ'

            အမေငိုရင် ဖိုးချိုရင်ထဲ မပျော်ပေမယ့် ကျေနပ်သည်။ အဖေ့အတွက် ဖိုးချိုငိုရသလို ဖိုးချိုကြောင့် အမေငိုရမှ တရားသည် ထင်၏။ အမေသည် အဖေ့ကို မချစ်၍ ဖိုးချိုလည်း အမေ့ကို မချစ်နိုင်။

            ဖိုးချို ခုနစ်နှစ်သား အရွယ်မှာ အဖေသည် အောက်ပြည်သို့ ဝါးဖောင်စုန် ထွက်ခဲ့သည်။ မိုးဖွဲကြားမှာ အဖေတို့ ဝါးဖောင်တွဲအရှည်ကြီးဆီ ဖိုးချိုတို့ သားအမိ စားနပ်ရိက္ခာနှင့် လိုအပ်သော အိုးခွက်ပစ္စည်းတွေကို လိုက်ပို့ခဲ့သည်။ ပါးစပ်က ဆေးပြင်းလိပ်ကိုချပြီး ဖိုးချိုကို သိုင်းဖက်၍ မွှေးကြူခဲ့သော အဖေ့ကို သတိရသည်။

            'ဖေ့သားကြီး တုတ်တုတ်ခဲခဲနဲ့ ဖေ့သားချောကြီး။ ဖေကြီးပြန်လာရင် ဝတ်ဝံရုပ် လှလှတွေ ဝယ်လာမယ်။ သားကြီးကို ရှင်ပြုနိုင်ဖို့ ပိုက်ဆံတွေ အများကြီး ယူလာမယ်။ ကဲ... ဖေကြီးကို မွှေးမွှေးပေးဦး'

            'ရွှတ်... ပိုက်ဆံအများကြီး ယူခဲ့နော် ဖေကြီး။ အရုပ်ကော ဝယ်ခဲ့နော်'

            သည်တုန်းက ဖိုးချိုသည် မိုးဖွဲကြား ရွေ့လျား ထွက်ခွာသွားသော ဝါးဖောင်တွဲကြီးကို ပျော်ရွှင်စွာ ခုန်ပေါက်၍ လက်ပြကျန်ရစ်ခဲ့သည်။ အိပ်မက်ထဲမှာ အဖေ ဝယ်ပေးသော အရုပ်လှလှလေးတွေနဲ့ ကစားမြူးထူးခဲ့ရသည်။ ပြီးတော့ အိပ်မက်ထဲမှာ ဖေကြီးကိုလည်း တွေ့ရသည်။ ပြန်ခဲ့ပါတော့ ဖေကြီး ရယ်။

            ဖေကြီးကား ဖိုးချိုတို့သားအမိကို အပြီးတိုင် ထားရစ်ခဲ့ပြီ။ ဖိုးချို မယုံနိုင်ပေ။ အိပ်မက်ဟု ထင်သည်။ ဖေကြီးနှင့်အတူ သွားခဲ့သော ဘကြီးအောင်ပုတို့ကို ဖေကြီး ဘယ်မှာလဲဟု မေးချင်သည်။ သို့သော် ဖိုးချိုရင်ဝမှာ မီးပုံကြီးတစ်ပုံက ဆီးဆို့တားထားသည်။ အမေကား မြေပြင်ပေါ် လူးလှိမ့်လျက် ရင်ကွဲပက်လက် ငိုသည်။ ဖိုးချိုကို ကိုင်လှုပ်၍ ငိုသည်။

            'သားရေ ဖိုးချိုရဲ့၊ သားအဖေ ကိုစိမ်းကားကြီး အမေတို့ကို ပစ်ထားခဲ့ပြီ သားရဲ့။ ကိုချစ်ဦးရေ... ကျွန်မတို့ သားအမိ ဘယ်သူ့ကို အားကိုးရမတုံး... ကိုချစ်ဦးရဲ့။ ကျွန်မကို ပြောပါဦး။ ရှင့်သားက ပြောရခက်သားနဲ့ ဟီး...ဟီး...ဟီး...'

            အမေသည် မြေပြင်ကို တဖုန်းဖုန်းထု၍ နာကြည်းစွာ ငိုကြွေးခဲ့ပေမယ့် ဖိုးချို မငိုခဲ့ပါ။ ဝိုင်းအုံနေသော လူအုပ်ကြားထဲမှာ အဖေ့ကို ရှာသည်။ ဖိုးချိုတို့သားအမိကို ဝိုင်းပြီး နှစ်သိမ့်နေကြသော လူအုပ်ကြီးသည် မိုးမှုန်တွေ ခြားသလို မှုန်ဝါးလာသည်။ အို... ဖိုးချိုမျက်ဝန်းမှာလည်း မျက်ရည်တွေ။

            ကွဲထိုးရာမှ ကွဲတိုင်ရိုက်မိ၍ မြစ်ရေပြင်မှာ အဖေ နေရစ်ခဲ့ပါပြီ။ ဖိုးချိုမျှော်ခဲ့သည့် အရုပ်လှလှတွေ ရောက်မလာခဲ့ပါ။ တော်ပါပြီ အဖေရယ်။ သားဆီကို အဖေပြန်ရောက်ခဲ့ရင် တော်ပါပြီ။

            အဖေတို့ ထွက်ခွာသွားရာ ဆီးပင်အောက် ချောင်းစပ်မှာ ထိုင်ငေးရင်း အဖေ့ကို မျှော်နေမိသည်။ အဖေမရှိသော လောကကြီးကို ဖိုးချို ပျင်းလှသည်။ ညအချိန် တိတ်တိတ်ငိုနေတတ်သော အမေ့ကို ခိုးကြည့်ပြီး ဖိုးချိုလည်း စောင်ခေါင်းမြီးတုတ်၍ ငိုရသည်။ အရင်က ပုံပြင်လေးပြောပြီး ချော့သိပ်တတ် သော အဖေ့ကို လွမ်းလိုက်တာ။ တုတ်ကလေးနဲ့မှ မရိုက်ဖူးသော အဖေ့ကို လွမ်းလိုက်တာ။ တုတ်ကလေးနဲ့မှ မရိုက်ဖူးသော အဖေ့ကို တွေ့ချင်လိုက်တာ။ အဖေ မရှိသည့်နောက်တွင် ဖိုးချိုတို့သားအမိ ဘဝခြောက်သွေ့ အက်ကွဲ၍ ဖိုးချို ဘာကိုမှ စိတ်မဝင်စားတော့ပေ။

□

            ရာသီတွေ ဘယ်လောက် ကျော်ဖြတ်ခဲ့ပြီလဲ။ ဖိုးချို ပြန်ရေမတွက်နိုင်ပါ။ ဖိုးချို မှတ်မိသည်က ကိုးနှစ်အရွယ် စတုတ္ထတန်းကျောင်းသားဘဝမှာ အမေ နောက်အိမ်ထောင်ပြုခဲ့သည်။ အမေ့ကို မုန်းလိုက်တာ။ ကျေးရွာထဲက လူကြီးအချို့နဲ့ မင်္ဂလာ ဆွမ်းကျွေးပြီး အမေတို့ လက်ထပ်ကြစဉ်မှာ ဖိုးချိုသည် ရွာနောက်ဖေး ချောင်းစပ်ဆီးပင်ကြီးအောက် ရောက်နေ ငိုနေခဲ့သည်။

            သူရိန်နေမင်းသည် အနောက်မိုးကုပ်စက်ဝိုင်းဆီ တရွေ့ရွေ့ သက်ဆင်းနေသည်။ ရှင်ပြုရန် ပိုက်ဆံရှာသော အဖေ့ကို လွမ်းသည်။ အဖေ့ကို မချစ်သော အမေ့ကို စိတ်နာသည်။ အိမ်မပြန်ချင် တော့ပေ။

            ချောင်းရေပြင်ပေါ်မှ ရေဘဲလေးတွေ အိပ်တန်းပြန်ချိန် ညနေရီမှာ အမေသည် မျက်နှာမသာမယာနဲ့ ဖိုးချိုဆီ ရောက်လာသည်။ သည်တော့မှ ဖိုးချိုသည် အမေနှင့် ဝေးရာဆီသို့ ထွက်ပြေးသည်။

            'သားလေး မပြေးပါနဲ့ သားရယ်။ အခင်းပြင်မှာ ဆူးတွေနဲ့။ အမေ အိမ်ထောင်ပြုတာ သားလေးရှေ့ရေးကြောင့်ပါကွယ်။ အမေ့ကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့ ဖိုးချိုရယ်'

            အမေသည် ငိုသံကြီးနှင့် ဖိုးချိုကို အော်ပြောနေသည်။ ဖိုးချို စိတ်ဆင်းရဲအောင်တော့ အမေတို့တစ်တွေ လုပ်ခဲ့ကြသည်။ တော်ပြီ၊ အမေတို့နဲ့ဝေးရာကို ပြေးတော့မည်။ ဆောင်းဝင်စ ရေကျချိန်မို့ တစ်ဖက်ကမ်းသို့ ဖြတ်ပြေးခဲ့တော့သည်။ အမေ့အော်ခေါ်သံကိုလည်း မကြားချင်။ တစ်ဖက်ကမ်းပါးပေါ် ငိုကြွေးကျန်ခဲ့သည့် အမေ့ကိုလည်း မမြင်ချင်။ ဖိုးချို ပါးပြင်ပေါ်က မျက်ရည်စတွေ ကိုလည်း အမေ မမြင်စေချင်။

            အမေ့ကို အိမ်ထောင်ပြုရန် နားချခဲ့သော အဘွားတို့ကိုလည်း မကျေနပ်ပေ။ ဖိုးချိုကို ဘယ်သူမှ ထည့်မတွက်ကြ။ ဖိုးချိုရင်ထဲက အဖေ့ကို သူတို့ဆွဲထုတ်နေကြသည်။ အဘွားတို့အိမ်ကိုလည်း မသွား၊ ပထွေးနှင့် အမေ့အိမ်ကိုလည်း မပြန်ချင်။ ဝါဝင်းစပြုသော စပါးခင်းတွေအကြား အဖေ၏ လယ်စောင့်တဲလေးပေါ်မှာ တစ်ညလုံး မျက်ရည်များနှင့် ခိုက်ခိုက်တုန် ရှိနေခဲ့သည်။ အဖေ့ စောင်ခြုံထဲ ကွေးဝင် နွေးထွေးခဲ့တဲ့ ကာလကို ကျွန်တော် နှမြောလိုက်တာ အဖေရယ်။

            ဖိုးချိုရင်ထဲမှ ခံစားချက်ကို တွေးမကြည့်သည့် ပတ်ဝန်းကျင်ကို ဖိုးချို အရွဲ့တိုက်တော့သည်။ သည်အတွက် ပထွေးနှင့်အမေ စိတ်ညစ်ရသည်။ နေပစေပေါ့။ ဖိုးချိုသည် ဘာကိုမှ ဂရုမစိုက်သော လူပေလေး ဖြစ်နေပြီ။

            အိမ်ရိပ်၊ မိသားစုအရိပ်ကို ဖိုးချို ရှောင်နေသည်။ တစ်ခါတစ်ရံ မုန့်တွေ ချကျွေးတတ်သော ဘဘုန်းကျောင်းမှာ တက်နေသည်။ အမေ့အိမ်ကို ဖိုးချို ပြန်ခဲပါသည်။ နောက်တော့ ဘဘုန်းမှ ကျောင်းအိပ် ကျောင်းနေ ခေါ်ထားလိုက်သည်။

            ဆွမ်းပို့၊ ကျောင်းဝေယျာဝိစ္စများအတွက် မကြာမကြာ လာတတ်သော အမေနှင့်တွေ့လျှင် ငေးငိုင် ရီဝေသော အကြည့်ညိုညိုတွေကို ဖိုးချို သတိထားမိတတ်သည်။ အမေ ဖိုးချိုကို လွမ်းနေသလား။ အမေ့ကို သနားသလို ဖြစ်လာသည်။ သို့သော် ပထွေးမျက်နှာမြင်လျှင် စိတ်တိုနေပြန်သည်။ ဘာကြောင့် ပထွေးကို အစားထိုးရသလဲ။ ဖိုးချိုတို့အတွက် လယ်မြေသစ်တွေအများကြီး အဖေ ထူပေးခဲ့တာပဲ။ သည်ပထွေးရှိမှ ဖိုးချိုတို့သားအမိ ထမင်းစားရတော့မှာလား။

            တွေးတွေးပြီး ဒေါသထွက်သည်။ အမေ့ကိုလည်း အနီးသို့ အကပ်မခံ။ ဝေးဝေးက ရှောင်သည်။ ဘဘုန်းက ရွာလုံးကျွတ် အုန်းသီး၊ ငှက်ပျောသီးဝေလျှင် အမေ့အိမ်သို့ ဖိုးချိုကို ပို့ခိုင်းတတ်သည်။ ထိုအခါ ဖိုးချိုက ဘဘုန်းကွယ်ရာ ရွာထဲရောက်လျှင် ကလေးတစ်ဦးဦးကို ပို့ခိုင်းတတ်သည်။ ပထွေးကြောင့် အမေနှင့်ဖိုးချိုကြား မေတ္တာနှောင်ကြိုးများ ပြတ်တောက်ခဲ့ရသည်။ အမေ့မေတ္တာကို မေ့နိုင်အောင် ဖိုးချိုကြိုးစားခဲ့သည်။

□

            မိုးသည်းအောက်တွင် ရွာနောက်ဖေး ချောင်းကြီး ဒေါသမာန်ထလာချိန်၌ ဖိုးချိုကို ဆရာတော်မှ တာဝန်တစ်ရပ်ပေးလာသည်။

            ဖိုးချိုတို့ရွာနှင့် ရေဖွေးသော လယ်မြေကို ချောင်းခြားထားသည်။ တံတားမရှိသည့်အတွက် မိုးအခါမှာ ဘဘုန်းကျောင်းအောက်မှ လှေကြီးနှစ်စီးကို အသုံးပြုရသည်။ ဘဘုန်းအမိန့်နှင့် လှေလှော်သည့်အလုပ်ကို ဖိုးချို လုပ်ရသည်။ ဖိုးချိုတို့ ရွာသားများသည် လည်ပင်းထိနက်သော ရေကိုပင် ဖြတ်ကူးရဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် တော်ရုံရေကြီးလျှင် အထုပ်ခေါင်းရွက်၍ ကူးလာကြသည်။

            မိုးဦးခေါင်၍ မိုးနှောင်းကောင်းလွန်းနေသော မိုးကို ဖိုးချို စိတ်ပျက်မိသည်။ ရွာလယ်တောခွင်မှာ မိုးရေတို့ ပင်လယ်ပမာ လွှမ်းနေသည်။ ကောက်ပင်ပျိုတို့ ဦးမျှမဖော်နိုင်။ လယ်ရိုးတစ်ခွင် လှေနှင့် လှော်ခတ်ရမလို ဖြစ်နေသည်။ တာတမံတွေဖြို၍ ရေချပါသော်လည်း မိုးကားသည်းပဲ သည်းနိုင်လွန်း သည်။

            ချောင်းရေသည် ကျသည်ဟူ၍ မရှိ။ အကျ နည်းနည်း အတက်များများ ဖြစ်နေသည်။ တက်လျှင် ချက်ချင်းဖြစ်နေတတ်သည်။ ထိုအခါ ရွာမှ လူကြီးအချို့ ထိတ်လန့်လာကြသည်။ ချောင်းက လူတောင်းပြီဟူ သတည်း။ ကလေးငယ်များကို ချောင်းကမ်းပါးထိပ် မရပ်ကြရန် ဂရုစိုက်ကြတော့သည်။

            တရိပ်ရိပ် တက်လာသော ရေကို ဖိုးချို လန့်လာသည်။ သုံးရက်တိုင် မိုးသည်းခဲ့သည်။ ခုလည်း မိုးရွာနေဆဲ။ ချောင်းရေသည် အင်အားကောင်းစွာ မြည်ဟည်းနေသည်။ တစ်ကြိမ်နှင့်တစ်ကြိမ် ဖြတ်သန်းလှော်ခတ်ရာတွင် လှေသည် သိသိသာသာ အောက်သို့ မျောနေမှန်း သိသည်။ လက်မောင်း ကြွက်သားများ ညောင်းညာကိုက်ခဲနေကြသည်။ သို့သော် မနားအား။ မိုးသည်းသည်းမှာ မချမ်းအား။ ရေတက်နေ၍ အမြန်ပြန်လာကြသော အိမ်ရှင်မများ ဟိုဘက်ကမ်း ပါးထိပ်တွင် အထုပ်ကိုယ်စီ ရွက်လျက် တကြော်ကြော် အော်နေကြသည်။ သူတို့မှ အိမ်မရောက်လျှင် အိမ်မှ ကလေးများ ညစာ ထမင်းငတ်ကြတော့မည်။

            အလုအယက် တက်နေကြသော သူများထဲတွင် အမေ မပါ။ ကမ်းပေါ်မှ ရီဝေကြင်နာသည့် မျက်ဝန်းအိုများဖြင့် ဖိုးချိုကို ငေးကြည့်နေသည်။ 'သားလေး ပင်ပန်းနေပြီ'ဟု ဆိုချင်ပုံရသည်။ အမေ့ကို တစ်ချက် မော့အကြည့် အမေ့မျက်ဝန်းမှ ကြင်နာငွေ့တို့သည် ဖိုးချိုရင်ထဲ နွေးခနဲ ခံစားရသည်။

            အမှောင်ရိပ် အနည်းငယ် ပျိုးလာပြီ။ သည့်တိုင်အောင် မိုးစက်ကြမ်းတွေက လေအဝှေ့မှာ မြားတံတွေလို စူးရှနာကျင်စေဆဲ။ မိုးစက်ပွင့်နှင့် ရေပြင်တို့ အဆက်မပြတ် ရိုက်ခတ်နေရာ လူးလှိမ့်နေသော ရေပြင်ထက်မှာ မိုးမှုန်တို့ လေနှင့်အတူ လျှပ်တိုက်ပြေးလွှားနေသည်။

            တစ်ဖက်ကမ်းမှာ အမေ တစ်ဦးတည်းကို မိုးစက်ကြမ်းများအောက်တွင် မှုန်တုံတုံလေး တွေ့ရသည်။ မိုးစက်တွေကြောင့် အမေ့အသားတွေ နာကျင်စပ်ဖျဉ်းနေတော့မှာပဲ။ အရင်ကြိုစဉ် အခေါက်များမှာ အမေ မစီးခဲ့။ ဖိုးချိုလည်း မခေါ်ခဲ့။ အမေနှင့် ဖိုးချို စကားမပြောဖြစ်ကြတာ ကြာပြီပဲ။ သည်တစ်ခါ အမေတစ်ဦးတည်းကို ကြိုရတော့မည်။

            'ဟေ့... ဖိုးချို အမြန်လုပ်ဟ။ ရေပိုကြွလာတယ်။ ဟိုမှာ နည်းတဲ့ ဒိုက်ပုံတွေ မဟုတ်ဘူး။ မျောလာပြီ'

            အပြေးလာရင်း လှမ်းအော်ပြောလိုက်သော ဘဘုန်းအား မဖြေအား။ လှေထဲမှ ရေများကို ပလတ်စတစ်ခွက်နှင့် ကော်ပက်ပြီး အမေရှိရာဆီ အားကုန်လှော်ခဲ့သည်။ လှေသည် ရေလုံးနှင့်အတူ မြောက်ကြွနေ၍ မြန်စွာ မရောက်နိုင်။ အို... ဟိုဘက်ဆီမှ အမေသည် ဖိုးချိုနှင့် ဝေးလွန်းလှပါကလား။ ဒေါမာန်ကြီးနေသော ရေသည် ဒိုက်တို့ကို တရိပ်ရိပ် သယ်ဆောင်လာပြန်သည်။ ဖိုးချို စိုးရိမ်လာသည်။

            'အမေ... တက်တက်၊ ရေသိပ်ကြွနေတယ်။ နည်းတဲ့ ရေလုံးကြီးတွေ မဟုတ်ဘူး'

            'ဖြစ်မလား သားရယ်။ သားလေး သိပ်ပင်ပန်းနေပြီ။ ပေး... အမေလှော်မယ်။ အမေ လှော်တတ်တယ်'

            'ဟာ... အမေကလည်း... တက်သာတက်ပါ'

            လှေကို အားကုန် ပြန်လှော်ခဲ့သည်။ ဘယ်လို ဝင်ရောက်လာမှန်း မသိသော အပူလုံးကြီးက ဖိုးချိုရင်ထဲ ဝင်ဝင်ဆောင့်နေပြန်သည်။ ချောင်းလယ်ရောက်လေ ပိုမောလာလေ ဖြစ်နေသည်။ ဝါကျင်မည်းနောက်သော ရေပြင်သည် သဲပွက်ပွက်ထ၍ ရေဘီလူးတစ်ကောင်နှယ် တဝေါဝေါ အော်နေပြန်သည်။ အထက်ဆီမှ ဝါးရုံဒိုက်ကို လွတ်အောင် အားကိုပို၍ စိုက်ထုတ်လှော်သည်။ လှေကား လူးလှိမ့်နေသည်။

            'သားသား လွတ်ပါ့မလား။ လှေက အောက်ကိုမျောနေတယ်'

            အဟုန်ပြင်းသော မိုးတက်ရေတွင် ဒိုက်ပုံသည် ဖိုးချိုတို့ဆီသို့ နတ်ဆိုးတစ်ကောင်လို မြန်စွာ ရောက်လာတော့သည်။ ဖိုးချိုရင်ထဲ ဘုရားတမိသည်။

            'ဝုန်း'

            လှေနောက်မြီးကို သစ်တုံးတစ်တုံး ဝင်အဆောင့်မှာ ဖိုးချိုလှေပေါ်မှ လွင့်စဉ်ခဲ့ရပြီ။

            'သား...'

            အမေ့အော်ဟစ်သံကား မိုးလေကို ဖုံးလွှမ်း၍ ဘဝဂ်တိုင်သို့။ အမေသည် ခေါင်းမှ ခမောက်ကို ဖြုတ်၍ လှေကို ဖိုးချိုဆီသို့ အားစိုက်လှော်လာသည်။ ဖိုးချို ရေပြင်ပေါ် ကြိုးစားကူးခတ်နေချိန်တွင် အမေ့လှေ အနီးသို့ ရောက်လာသည်။ အမေ့ရှေ့လက်တစ်ကမ်းမှာ လှေပေါ်တက်နိုင်အောင် ကြိုးစားသည်။ ခွန်အားတွေ မရှိတော့ပြီလား။ မြောက်ခနဲ ရေလှိုင်းအကြွမှာ အမေ့လှေသည် ဖိုးချိုဆွဲကိုင် ထားသော အရှိန်နှင့် မှောက်ပြီး...

            'သား... သား... လှေပေါ်တက်တက်'

            ဗလုံးဗထွေး အမေ့အသံကို ကြားရသည်။ မှောက်ခုံ ဖြစ်နေသော လှေဝမ်းဗိုက်အပေါ် လျှောတိုက်တက်ပြီး အမေ့ကို ရှာသည်။

            'သားရေ...'

            'အမေ... အမေ'

            ရင်မှာ စိုးရိမ်သောကနှင့် ထိတ်လန့်မှုတို့ ပွက်ပွက်ဆူချေပြီ။ အမေသည် ဖိုးချိုနှင့် ဝေး၍ ဝေး၍ သွားပြီ။

            'အမေရေ... အမေ ကျွန်တော့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။ အမေ ဟီး...ဟီး၊ အမေရေ'

            ရေပြင်ပေါ်မှာ အမေ့ ခမောက်နှင့် ဟင်းရွက်ထုပ်ကလေးသာ ရေးရေးမြင်သည်။ အမေကား ရေပြင်အောက်သို့ ထွက်ခွာသွားပြန်ပြီ။ ဖိုးချိုသည် အမေ့မျက်ဝန်းကို မြင်ယောင်မိပြီး သည်းအူပြတ်မတတ် ငိုကြွေးမိချေပြီ။ မိုးလေကြားက ဖိုးချိုတို့သားအမိကို ဘယ်သူများ မြင်နိုင်ကြမလဲ။ ဘယ်သူ လာကယ်နိုင်ကြပါ့မလဲ အမေရယ်။

            ကမ်းပေါ်တစ်လျှောက် ပြေးလိုက်လာသော ဘဘုန်းကို အမှောင်စွန်းထဲ မိုးစက်ကြမ်းတွေအကြား မှုန်ဝါးဝါး တွေ့ရလေသလား။

▀

သားချော၊မြန်မာ၊

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေအသစ်
...
အလွဲများစွာရဲ့ဆုံမှတ်
စွမ်းရယော်ဓာ

ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး

ရွှေအသစ်
...
တတိယလူကိုမှန်သောမြား
ညီငယ်လေး

လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့

ရွှေအသစ်
...
မြစ်တစ်စင်နဲ့ ချစ်ခြင်းမေတ္တာ
ကိုကောင်းသော်၊ကျောက်ဆည်၊

ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော