ရွှေဝတ္ထု

ရိုးမြေကျအမွေ

လင်းသော်ဝေ

01 July 2026
ရိုးမြေကျအမွေ
Share to

             ကိုဆမား ဆုံးပြီဆိုတဲ့ သတင်းစကား ကြားရတာနဲ့ ရပ်ကွက်ထဲက လူတွေရဲ့စိတ်ထဲမှာ ဖျတ်ခနဲ ပြေးမြင်မိကြတာ သူ့ရဲ့မပြည့်မစုံနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ မျက်နှာမဟုတ်ဘူး။ လင်သားတစ်ယောက်လုံး ပစ်လိုက်ရလို့ မျက်ရည်စက်လက်နဲ့ အပူကြီးနေတဲ့ သူ့မိန်းမရဲ့ မျက်နှာလည်း မဟုတ်ဘူး။

            လူတိုင်းလိုလိုက ကိုယဉ်နိုင်ရဲ့ မျက်နှာကို ပြေးမြင်မိကြတယ်။ ကိုယဉ်နိုင်ကို သတိရမိကြတယ်။ ကိုဆမား သေပြီဆိုတဲ့အကြောင်းကို ကိုယဉ်နိုင် သိရင် ဘယ်လိုဖြစ်မလဲ သိချင်ကြတယ်။ ကိုယဉ်နိုင်သာ သက်ရှိထင်ရှားရှိနေသေးရင် ဘယ်လိုပြောမလဲ။ ဘယ်လိုခံစားမလဲ သိချင်ကြတယ်။ အနည်းဆုံးအနေနဲ့ ကိုဆမားအပေါ် ကလဲ့စားချေတဲ့ အနေမျိုးပဲ ဖြစ်ဖြစ်ပေါ့ဆိုပြီး အားလုံးက စိတ်ဝင်စားကြတယ်။

            ဒါပေမယ့် ကိုယဉ်နိုင်က ကိုဆမားထက်အရင် ဆုံးပါးခဲ့တာဆိုတော့ သူ့ရဲ့ စိတ်ခံစားမှုကို သိလို့ မရနိုင်တော့ဘူး။ ဒါကြောင့်မို့ လူတိုင်းက ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ့်ဘာသာပုံဖော် ဇာတ်ညွှန်းခွဲ ပြောကြဆိုကြတာတော့ အမျိုးမျိုးပေါ့။ ဒါပေသိ တကယ့်ဇာတ်ကောင်တွေရဲ့ ခံစားမှုကိုတော့ ပုံပေါ်အောင် ဘယ်ဖော်နိုင်ပါ့မလဲ။ လူတစ်ယောက်ရဲ့စိတ်ကို အနည်းအပါး အကဲခတ် မှန်းဆလို့ ရကောင်းရနိုင်ပေမယ့် အတွင်းထဲထိ ဝင်ကြည့်လို့တော့ မရနိုင်ဘူး မဟုတ်လား။

            ပြီးတော့ လူတွေမှာ ရှိကြ၊ ဖြစ်တတ်တဲ့ ဒေါသ၊ မောဟ၊ အာဃာတ အမျက် ရန်ငြှိုး ဆိုတာတွေက နှိုင်းဆ ခန့်မှန်းလို့ မဖြစ်နိုင်အောင်ကို သိမ်မွေ့နက်ရှိုင်း ကျယ်ပြန့်လွန်းတယ် မဟုတ်လား။

□

            ကိုယဉ်နိုင်သာ သက်ရှိထင်ရှား ရှိနေသေးရင် ကိုဆမားသေတာကို တစ်မျိုးမျိုးတော့ လုပ်မယ်ဆိုပြီး ထင်ကြတာ တခြားအကြောင်းတွေကြောင့် မဟုတ်ပါဘူး။

            ဘာလို့လဲဆိုရင် ကိုယဉ်နိုင် ကွယ်လွန်တဲ့နေ့က ကိုဆမားရဲ့ လုပ်ရပ်တွေကြောင့်ပါ။ လူသားတစ်ယောက်အနေနဲ့ ထားရှိသင့်တဲ့ လူမှုကျင့်ဝတ်ကိုမှ မထောက်ဘူး။ ဘေးအိမ်မှာ ဖြစ်နေတဲ့ အသုဘကိုမှ အားမနာဘူး။ ပတ်ဝန်းကျင်ရဲ့ မျက်နှာကိုမှ မကြည့်ဘူး။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်လက်နဲ့ကိုယ် ဖဲ့သလိုမျိုး လုပ်ခဲ့တယ်။

            ကိုယဉ်နိုင် တစ်ယောက် ငှက်ဖျားရောဂါနဲ့ အိပ်ရာထဲ သေကောင်ပေါင်းလဲ လဲနေပြီ ဆိုကတည်းက အောင်ပွဲခံဖို့ ကြိုတင်ပြင်ဆင်ထားတယ်။ သေပြီဆိုတဲ့စကား ကြားရတာနဲ့ ရောင်းနေတဲ့ ကွမ်းယာဆိုင်ကို ပိတ်ပြီး အိမ်ပြန် အရက်သောက်တယ်။ သောက်တာမှ ရိုးရိုးသောက်တာမျိုး မဟုတ်ဘူး။ ကက်ဆက်တွေဖွင့်၊ သီချင်းတွေ ဆိုပြီး ပျော်ပျော်ကြီး အရက်သောက်တယ်။

            ကိုဆမားရဲ့ လုပ်ရပ်တွေက လူမှုရေးအရ မသင့်တော်လို့ အရပ်ထဲက လူကြီးတွေ ပြောဆို ဆုံးမတာလည်း နားမထောင်ဘူး။ လူကြီးတွေကို ဘာမှပြန်မပြောပေမယ့် သူနဲ့ရွယ်တူတွေကိုတော့ စိတ်ထဲကအတိုင်း ပါးစပ်ကနေ ဖွင့်ပြောတယ်။

            'ဒီကောင် သေတာမှ မပျော်ရင် ကျုပ်ဘဝမှာ ဘယ်ကိစ္စ သွားပျော်ရမှာလဲ'

            ဒီလိုမျိုး ပြောရလောက်အောင် ကိုဆမားတစ်ယောက် ကိုယဉ်နိုင်အပေါ် အာဃာတ ကြီးတယ်။ လူသားတစ်ယောက် ကွယ်လွန်၊ လူ့အဖြစ်က လျော့ဆင်းသွားတာကို ဘောလုံးပွဲတစ်ပွဲရဲ့ အနိုင် အရှုံး သိရသလိုမျိုး သဘောထားပြီး သိန်းဆု ပေါက်တာထက် ဝမ်းသာရတာလည်း တစ်ယောက်နဲ့ တစ်ယောက် ကြီးကြီးကျယ်ကျယ် ပြဿနာရှိခဲ့တာလည်း မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အမျက်မပြေလောက်စရာ ကိစ္စတွေလည်း ကြုံခဲ့ကြတာ မဟုတ်ဘူး။

            ဒါပေမယ့် ကြီးကျယ်တဲ့ အရာတွေဟာ သေးသေးလေးတွေ စုပေါင်းထားတယ် ဆိုတဲ့စကားမျိုးပေါ့။ ဘာရယ် မဟုတ်တဲ့ အသေးအဖွဲ ဖြစ်ရပ်လေးတွေကအစ အပြိုင်အဆိုင် အနိုင်ရလိုစိတ်တွေ ကြီးမားခဲ့ကြတယ်။

            ကိုဆမားနဲ့ ကိုယဉ်နိုင်တို့ရဲ့ နောက်ခံဖြစ်ရပ်တွေက ကမ္ဘာစစ်ကြီး မဖြစ်ခဲ့ပေမယ့် ပါလက်စတိုင်းနဲ့ အစ္စရေးတွေလို သခွတ်ပင်က မီးတကျည်ကျည်ပါပဲ။

□

            တကယ့် တကယ်ဆို ကိုဆမားနဲ့ ကိုယဉ်နိုင်က တစ်ခြံတည်း အတူနေ၊ တစ်ရေတွင်းတည်းက ရေကို အတူသောက်ပြီး ကြီးလာကြတဲ့ လူနှစ်ယောက်ပေမယ့် သံလိုက်တုံး တစ်တုံးလိုပါပဲ။ တောင်စွန်းနဲ့ မြောက်စွန်းမှာ တစ်ယောက်စီ ရပ်ကြတယ်။

            ကြောင်နဲ့ကြွက်လို မတည့်အတူနေခဲ့ကြတဲ့ သူတွေပေါ့။ ငယ်ကတည်းက ရန်မဖြစ်တဲ့အချိန်ဆိုလို့ အိပ်တဲ့အချိန်ရယ်၊ စားတဲ့အချိန်ရယ်နဲ့ ဘိုးကင်း သူတို့နားမှာ ရှိချိန်ပဲ ရှိတယ်။

            နှစ်ယောက်စလုံးက အသားအရေ၊ အရပ်အမောင်းက မည်းတူးတူး ပိန်ရှည်ရှည်တွေရယ်။ အသွေးတူ၊ အမွေးတူသလို ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးနဲ့ ရန်ဖြစ်ဖို့ ဝန်မလေးတတ်တာလည်း တူတယ်။ ကိုယ့်အကျိုး ရှုံးချင် ရှုံးပါစေ၊ ပျက်ချင် ပျက်ပါစေ၊ သူ မနိုင်ရင် ပြီးရောဆိုတဲ့ စိတ်ထားရှိကြတာလည်း တူတယ်။

            ငယ်ကတည်းက ရန်ဖြစ်စရာ အကြောင်းမရှိရင်တောင် တစ်ယောက်နာမည် တစ်ယောက်ခေါ်ပြီး ရန်ဖြစ်ကြတယ်။

            'ဆလပ်ရွက်'

            'ယဉ်ကောင်'

            'မင်းကမှ ဝက်စားတဲ့ ဆလပ်ရွက်'

            'အေး မင်းမှ ချေး(ချီး) တုံးမှာနေတဲ့ ယင်ကောင်'

            ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် စကားအပြန် အလှန် ပြောပြီးပြီဆိုရင် နပန်းလုံးဖို့ အကြောင်းပြစရာ လုံလောက်ပြီ။ ရွယ်တူကလေးတွေကလည်း နှစ်ဖွဲ့ခွဲ လက်ခုပ်တီး အားပေးကြတယ်။

            'ဆလပ်ရွက် ရွှေဘ ချကွ'

            'ယင်ကောင် ချီးဘူးတဲ့ဟေ့'

            သူတို့နှစ်ယောက် ရန်ဖြစ်ပြီဆိုရင် သူတို့နေကြတဲ့ ဘိုးကင်းတန်းလျားကြီး အသက်ဝင်လာတယ်။ အသံတွေ စိုပြည်လာတယ်။ ကလေးတွေရဲ့ ရန်ပွဲပြီးသွားရင် အမေတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်မေတ္တာ ဖရုဿဝါစာ စကားသံတွေ ထွက်လာပြီ။ အခန်းချင်းက ကပ်လျက်ဆိုတော့ တော်တော်နဲ့ကို မပြီးနိုင်တော့ဘူး။

            ဘိုးကင်းကသာ ဝင်မတားဘူးဆိုရင် ထမင်းချက်ရင်း အားနေတဲ့ ပါးစပ်ပေါက်တွေ မပျင်းရအောင် အပြန်အလှန် ဆဲကြဆိုကြ။ အဝတ်လျှော်ရတာ ပင်ပန်းလို့ မေ့လို့ မေ့ငြား စောင်းပြီး မြောင်းပြီး ပြောကြ။ အဆင်ကို ပြေလို့ပေါ့။

            ဒါပေသိ ဘိုးကင်းက တော်တော့လို့ ပြောရင်တော့ ကြောက်လို့ ရပ်ကြတယ်။ နှစ်ဖက်စလုံးက ကြောက်လို့ မဟုတ်ပါဘူး။ ချစ်လို့ဆိုပြီးတော့ ပြောကြတယ်။ တကယ်လည်း မချစ်ဘဲ နေလို့မရဘူး။ ဘိုးကင်း စိတ်မထင်လို့ အိမ်က မောင်းချရင် ဘုံပျောက်မှာ ကြောက်ကြတယ်။

            ဆွေမရှိ မျိုးမရှိ လူပျို အဘိုးကြီး ဘိုးကင်းက ကိုဆမားနဲ့ ကိုယဉ်နိုင်ကို အတော်လေး ချစ်ရှာတယ်။ သူ့ရဲ့မျက်စိအောက်မှာ မွေးလာ ကြီးလာတာမို့ သူ့တူ၊ သူ့မြေးတွေလို သဘောထားပြီးကို ချစ်တယ်။ လူပျိုပေါက်အရွယ်တွေ ရလာတော့ ကိုယဉ်နိုင်ကို ဘိုးကင်းက သူတတ်ထားတဲ့ လက်သမားပညာ လက်ထပ်သင် ပေးရှာတယ်။ ကိုဆမားကိုကျတော့ ကွမ်းယာဆိုင်ဖွင့်ဖို့ ငွေကြေး မ တည်ပေးတယ်။

            အရွယ်တွေ ရလာကြပေမယ့် ကိုဆမားနဲ့ ကိုယဉ်နိုင်က ငယ်တုန်းကလို တစ်ယောက်ကို တစ်ယောက် မတွေ့မမြင်ရရင် မနေနိုင်ဘူး။ တွေ့တာနဲ့ လှမ်းပြီး ဆဲလိုက်ရမှ၊ စောင်းပြီး ပြောလိုက်ရမှ နေသာထိုင်သာ ရှိကြတယ်။ လက်တွေ၊ ခဲတွေ၊ တုတ်တွေ မပါတာ တစ်ယောက်နဲ့ တစ်ယောက် အချစ်ပေါ့သွားလို့ မဟုတ်ဘူး။

            ကျွန်တော်တို့ ရန်မဖြစ်တော့ပါဘူးဆိုပြီး ဘိုးကင်းကို ကတိပေးထားရလို့။ ထားပါတော့။ ဘိုးကင်းကို ချစ်လို့။ ရန်ပွဲအကြာကြီး မဖြစ်အောင် ရှောင်ကြပေမယ့် ခဏခဏတော့ အမြဲဖြစ်ကြတယ်။ ပြဿနာကတော့ ခဏခဏ တက်ကြတယ်။

□

            'ငါက ဘယ်တော့မှ လေဘေးအင်္ကျီမဝတ်ဘူး။ သူများဝတ်ပြီးသားတွေ ဝတ်ရတာ မသတီပေါင်။ ဘေထုတ်ထည်ဆိုတာ လူသေ ဝတ်ထားတဲ့ အထည်လည်း ပါမှာပေါ့။ ဒါတောင် အဟုတ်ကြီးလုပ် ဝတ်တဲ့ ကောင်က ရှိသေးတယ်'

            လေဘေးထည် ဝတ်တတ်တဲ့ ကိုယဉ်နိုင် လူထူထူကြားမှာ ရှိနေပြီဆိုရင် ကိုဆမား ယောကျ်ားမှန်ပေမယ့် ခနိုးခနဲ့ ပြောတတ်တယ်။ ကိုယဉ်နိုင် မျက်နှာ မည်းမည်းကြီး မီးကျွမ်းအမဲ ခြောက်လို မည်းကြုတ်ကြုတ် ဖြစ်သွားရင် ကိုဆမား မျက်နှာမှာ ပီတိတွေ ပွင့်လို့။ လေဘေးထည်ကိစ္စ ပြန်မချေ နိုင်ပေမယ့် ကိုယဉ်နိုင်ကလည်း တခြားဘက်ကနေ ပြန်တိုက်တတ်တယ်။ ဘာရမလဲ ယင်ကောင်ပေါ့။

            'လူမစစ်တဲ့ သူတွေများကွာ၊ ကိုယ့်ဗိုက်တောင် ကိုယ်သဒ္ဓါတာမဟုတ်ဘူး။ အဝတ် အစားသစ်တော့ ဝတ်ပါရဲ့။ စားတာကျတော့ သူများအိမ်က ဟင်းနံ့ကို ခိုးရှူပြီး အကြော်ဆီးစေ့လောက်နဲ့ စားတာရယ်'

            တစ်ခွန်းစီလောက် ပြောပြီးတာနဲ့ တံတွေး အပြိုင်ထွေး ပြပြီးပြီ။ မျက်စောင်းထိုး၊ လက်သီးပြင်ပြီးပြီ။ အဲ... ရန်ဖြစ်ဖို့ကျတော့ မရဲကြတော့ဘူး။ တုတ်တွေ၊ ခဲတွေ ကောက်ကိုင်ပြီးသားပေမယ့် လွှတ်ချကြတယ်။ ရုံးတွေ၊ စခန်းတွေ၊  ဆေးရုံတွေ ကြောက်လို့တော့ မဟုတ်ဘူး။

            ဒါကလည်း ဘိုးကင်းရဲ့ စကားကြောင့်မို့ပါ။

            'မင်းတို့နှစ်ယောက် ရန်ဖြစ်တယ် သတင်းကြားရလို့ကတော့ မင်းတို့မိသားစုတွေ ခေါ်ပြီး အားလုံးဆင်းသွား။ ဘယ်တော့မှ ပြန်မလာနဲ့'

            နေစရာ ဘုံပျောက်မှာ စိုးရိမ်စိတ်နဲ့ ဘိုးကင်းစကားကို ချစ်ပြီး နားထောင်ကြတယ်။ အနိုင်ရလိုစိတ်တော့ မလျော့သွားဘူး။ အတိုးနဲ့ ပိုပြီးတော့တောင် များလာတယ် ပြောရမယ်။

            တစ်နေ့ကျတော့ ကိုဆမားက သူ့အမေနဲ့ ဘိုးကင်းကို မိန်းမတောင်းပေးဖို့ ပူဆာလာတယ်။ အရွယ်ရောက် အိမ်ထောင်ပြုသင့်တဲ့ အသက်ပိုင်းဆိုတော့ တောင်းရမ်းပေးရတာပေါ့။ တိုတိုပြောရင် ကိုဆမား မိန်းမရလို့ မင်္ဂလာဆောင်တယ်။

            ပြဿနာက ဒီမှာ ပိုစကြီးလာတယ်။

            ကိုဆမား မိန်းမရပြီဆိုတော့ မစွံသေးတဲ့ ကိုယဉ်နိုင်ကို ဘေးက တိုက်ကြတယ်။ ဝိုင်းကျပ်ကြတယ်။

            'ဒီတစ်ချီတော့ ယင်ကောင် မင်း နောက်ကောက်ကျပြီဟေ့'

            'ဆမား လောက်တောင် အဖြစ်မရှိပါလား ယဉ်နိုင်ရာ'

            အပေါင်းအသင်းတွေ အပြောင်အပြက် စကြပြောကြပေမယ့် ကိုယဉ်နိုင်အတွက်က တိုက်ရိုက် ဟတ်ထိတယ်။ ရွှေမှော်သွားတုန်းက ပါလာတဲ့ ငှက်ဖျားတောင် တရှူးရှူး တရှဲရှဲ ခံပြင်းစိတ်နဲ့ ပျောက်မလို ဖြစ်သွားသေးတယ်။

            ဒီအခြေအနေမှာ ကိုဆမားက မဏ္ဍပ်တိုင် ထထူတယ်။

            'မိန်းမတစ်ယောက် ရဖို့ဆိုတာ လွယ်တာမှတ်လို့ဗျာ။ ငွေကြေးလေးကလည်း ရှိဦးမှ။ ယူမယ့်မိန်းမကလည်း ရှိဦးမှ။ မိန်းမဆိုတာမျိုးကလည်း ကိုယ့်ယူမယ့် ယောကျ်ားရဲ့ ရုပ်ရည်လေးတော့ ခေါက်ကြည့်မှာပဲလေ။ မည်းမည်းပိန်ပိန် ငှက်ဖျား သူဌေးကို ဘယ်သူ ယူချင်မလဲ။ အကျင့်စာရိတ္တက လည်း လိုသေးတယ်။ ဖဲသမားဆို ဘယ်မိန်းမမှ မကြိုက်ပါဘူးဗျာ'

            ကိုယဉ်နိုင်က လက်သမား အလုပ်လုပ်တဲ့သူ ဆိုတော့ နေလောင်မိုးထိ အသားရေ၊ ရုပ်ရည်ရူပကာကလည်း ငှက်ဖျားသမားဆိုတော့ ကိုဆမားပြောသလို မဟုတ်တောင် မလျော့သူ ဆိုတော့ ပြောလည်း ပြောစရာ ဖြစ်နေတယ်။

            ဒါပေမယ့် ကိုဆမား မင်္ဂလာဆောင်ပြီးတာနဲ့ ကိုယဉ်နိုင် မှော်ထဲတက်သွားတာ နောက်တစ်လလောက်ကြာတော့ အိမ်အပြန်မှာ မိန်းမတစ်ယောက် လက်ဆွဲခေါ်ချ လာခဲ့တယ်။ ဘယ်ပုံ ဘယ်လိုတွေ့ပြီး ရခဲ့တယ်တော့ မသိရဘူး။ ခပ်ချောချော၊ ခပ်တောင့်တောင့် မိန်းမဆိုတော့ ကိုဆမားရဲ့ မိန်းမထက်တော့ အပုံကြီးသာတယ်။

            'ကျုပ် မှော်ထဲ လက်သမား သွားလုပ်ကတည်းက နှစ်ယောက်သား မေတ္တာမျှနေကြတာ ကြာပြီဗျ။ သူများ မိန်းမလို စာမတတ် ပေမတတ် ပုံဆိုးကြီး မဟုတ်ဘူးရယ်။ ကျုပ်မိန်းမက ဆယ်တန်းအထိ ကျောင်းလိုက်ဖူးတယ်။ လင်မယား နှစ်ယောက်ပေါင်းလို့ တချို့များဆို ခြောက်တန်းရှိတာ မဟုတ်ဘူး'

            ကိုယဉ်နိုင်က ဒီလိုကြွားတော့ လေးတန်းလောက် ကျောင်းနေခဲ့ဖူးတဲ့ ကိုဆမားရဲ့မိန်းမ ဆွေ့ဆွေ့ခုန်တယ်။ အရင်က ယောကျ်ား နှစ်ယောက် ပြိုင်ကြတဲ့ကွင်းထဲ မိန်းမပါ ပါလာတယ်။ ကိုဆမား မိန်းမကလည်း ကျောင်းပညာ မတတ်ပေမယ့် လက်ဖက်ထုပ်တတ် သလိုမျိုးပေါ့။ ပြန်ချေတတ်တယ်။

            'ဘယ်တန်းက ဘာမှန်း မသိပါဘူးတော်။ ပုံစံကို ကြည့်ရုံနဲ့ သိသာပါတယ်။ ကလက်တတ်တတ်နဲ့။ ဆယ်တန်းလောက် စာသင်ဖူးတာများ တော်မဝင်ပါဘူးရှင်။ တန်းထဲကလာရင် တန်းထဲက မိန်းမပေါ့'

            ကိုယဉ်နိုင်ရဲ့ မိန်းမနားထဲ ဒီစကားတွေ ရောက်သွားတော့ နှစ်ဖက် ဘက်ညီသွားတယ်။

            နှစ်ဖက်စလုံး အိမ်ထောင်ကျပြီးတာနဲ့ အပြိုင်အဆိုင် ပိုများလာတယ်။ အဝတ်အစားလား ပြိုင်တယ်။ အစားအသောက်လား ပြိုင်တယ်။ နေရာတကာ ပြိုင်ကြတယ်။ ဒီလို ဖြစ်နေတဲ့အထဲ ဘယ်သူ မြှောက်ပေးလိုက်မှန်း မသိဘူး။ အဓိက ပြိုင်ဆိုင်မှုက ကလေးမွေးပြိုင်တာ ဖြစ်လာကြတယ်။

            ယောကျ်ားကောင်းမှန်ရင် သားသမီး အများကြီး ပွားစီးနိုင်ရမယ် ဆိုတဲ့စကားကို ကိုင်စွဲပြိုင်ကြတယ်။ ကိုဆမားမိန်းမမှာ ကိုယ်ဝန်ရှိတယ် လေသံကြားတာနဲ့ ကိုယဉ်နိုင်မိန်းမလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးအင်္ကျီဝတ်ပြီးသား။ အရပ်ထဲက လူကြီးသူမတွေက သူတို့ နှစ်ယောက်ကို ဆုံးမဖျောင်းဖျ ကြပေမယ့် နားမထောင်ဘူး။

            'ကလေးများ အပြိုင်မွေးရတယ်လို့ဟယ်။ ကြုံကြုံ ဖူးပေါင်။ နင်တို့မိန်းမတွေကို အားနာကြပါဦး။ သူတို့ခမျာ ဗိုက်ဖောင်းအင်္ကျီ ချွတ်ရတယ်ကို မရှိဘူး'

            ပြောမယ်ဆိုရင်လည်း ပြောစရာပဲ။ မိန်းမနှစ်ယောက်ကကို ကလေးမွေးတာတောင် ယောကျ်ားလေးမွေးတဲ့ မိန်းမကမှ ပိုမြတ်တယ်ဆိုပြီး သူတို့ မိန်းမမြတ်အောင် ယောကျ်ားကို ပူဆာ ကြသေးတယ်။

            တစ်ဖက် ယောကျ်ားလေး သုံးယောက်၊ မိန်းကလေး နှစ်ယောက်စီ အညီအမျှဆိုတော့ သူတို့မိန်းမတွေရဲ့ ပြိုင်ပွဲက ဇွဲရှိတဲ့လူ အနိုင်ရမယ့် ကိန်းဖြစ်နေတယ်။ နှစ်ယောက်စလုံးကလည်း အရိုးကြေကြေ အရေခန်းခန်း မိန်းမမြတ် ဖြစ်ရမယ်ဆို ဇွဲအပြည့်ရှိကြတယ်။

            ကိုဆမားနဲ့ ကိုယဉ်နိုင်တို့ ကြောက်ရတဲ့ ဘိုးကင်း ဝင်တားတာတောင် မရဘူး။ သူတို့ယောကျ်ား နှစ်ယောက်ကလည်း ဘိုးကင်းကို ပြန်ပြောကြသေးတယ်။

            'ဘိုးဘိုးကင်း ပြောခဲ့တာ ယောကျ်ားတို့ဇွဲ ဆိုတာက သေခါမှ လျော့ရမယ်ဆို'

            'အေဘေးတွေ၊ ထန်းလျက်ကို ရေလောင်းစိုက်တာမျိုးကျတော့ ဖြစ်တယ် ဟင်း'

□

            ဘိုးကင်း နေမကောင်း ဖြစ်ပြီး အိပ်ရာပေါ်လဲတော့ ကိုဆမားနဲ့ ကိုယဉ်နိုင် နှစ်ယောက်စလုံးကို ရပ်ကွက်လူကြီးတွေရဲ့ ရှေ့မှာ သူ့အိပ်ရာဘေးခေါ်ပြီး စကားမှာတယ်။

            'မင်းတို့နှစ်ယောက် မိုက်ကြတယ်ကွာ။ မင်းတို့ ခုလိုဖြစ်နေတာတွေကို ငါ မကြည့်ချင်ဘူး။ ကလေးမွေးတာကအစ ပြိုင်ရတယ်လို့ကွာ။ မာန်တွေ လျှော့ကြစမ်း။ မင်းတို့လေးတွေ သင့်မြတ် တာကိုပဲ ငါ မြင်ချင်တယ်။ ငါ မရှိတော့ရင် ငါ စီမံတာကို သေချာလိုက်နာကြ။ မလိုက်နာရင်တော့ မင်းတို့ ထိုက်နဲ့ မင်းတို့ကံပဲ'

            ဘိုးကင်းရဲ့ စကားကို ကြားရတော့ နှစ်ယောက်စလုံးက ဘာစီမံထားတယ် ဆိုတာကို သိကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။ မြွေမြွေချင်း ခြေမြင်ကြတာမို့ ဘိုးကင်း အလိုကျဖြစ်အောင် မျက်နှာသေလေးတွေနဲ့ နေပြကြတယ်။

            'အဘကင်း စီမံတာကို နားထောင်မှာပါဗျာ'

            'ဘိုးဘိုးကင်း စိတ်ကျေနပ်အောင် နေပါမယ်'

            နှစ်ယောက်စလုံး စကားကတိတွေ အပြိုင်ပေးကြတယ်။ ဘိုးကင်းကတော့ ဝမ်းသာပီတိ ဖြစ်လို့ပေါ့။

            'အေးကွယ်၊ ဒီလိုမျိုးပဲ ကြားချင်ပါတယ်။ မင်းတို့ အချင်းချင်း မတည့်ကြဘူးဆိုရင် ခြံနဲ့အိမ်ကို ရပ်ကွက်ကို လှူလိုက်ရုံပဲ။ လူကြီးတွေကို ငါမှာထားတယ်။ သူတို့ နှစ်ယောက် အချိုးမပြောင်း လို့ကတော့ ရပ်ကွက်က သိမ်းလိုက်လို့ ပြောထားတယ်'

            ရပ်ကွက် လူကြီးတွေကတော့ ကိုဆမားနဲ့ ကိုယဉ်နိုင်တို့အကြောင်းကို သိပြီးသားမို့ ဘိုးကင်းရှေ့မှာ ကတိတွေ ဘယ်လိုပေးပေး မယုံကြဘူး။ ဒါပေမယ့် ဘိုးကင်းရဲ့ ဆန္ဒကိုတော့ ဖြည့်ပေးချင်ကြတယ်။ ဘိုးကင်းက သူ့ ရင်ဝယ်သားလို ချစ်တဲ့သူတွေကို ပေးခဲ့တာဆိုတော့ ဘယ်လိုမှ ဝင်မပြောသာဘူး။ ဘိုးကင်းမျက်နှာကွယ်တာနဲ့ ဆူကြပူကြမှာကို တွေးမြင်မိကြတယ်။

            တကယ်တမ်းကျတော့ လူကြီးတွေ ထင်တာတွေက မှားသွားတယ်။ ဘိုးကင်း အသုဘမြေကျလို့ ရက်လည် ဆွမ်းသွပ်ပြီးတဲ့အချိန်ထိ ဘာမှ ကြီးကြီးကျယ်ကျယ် ပြဿနာ မဖြစ်ကြဘူး။ နောက်တစ်နှစ်လောက်အထိလည်း မဖြစ်ဘူး။ သေးသေးဖွဲဖွဲတွေက ဖြစ်နေကျဆိုတော့ ထုံးစံလို ဖြစ်နေတာမို့ စာရင်းထဲ ထည့်ပြောလို့ မရဘူး။

            တစ်ယောက် ခြေလှမ်းကို တစ်ယောက် အကဲခတ် နေကြတာကတော့ အချိန်တိုင်းပဲ။ ကြီးကြီးမားမား ဓားဆွဲ၊ တုတ်ဆွဲ မဖြစ်ကြတာက ဘိုးကင်းရဲ့ဆန္ဒကို လိုက်နာလို့ မဟုတ်ဘူး။ ရန်ဖြစ်ရင် လူကြီးတွေက မြေကွက်သိမ်းပြီး ဘိုးကင်းမှာခဲ့တဲ့အတိုင်း ဓမ္မာရုံဆောက်ကြမယ်ဆိုပြီး လေသံပစ်ထားတာ ကြားရလို့ ငြိမ်ကြတယ်။

            ပြီးတော့ သူတို့မြို့လေးက မှော်တွေကို သွားတဲ့လမ်းမပေါ်မှာ လမ်းဆုံမြို့ကြီး။ အချက်အချာကျတဲ့ မြို့ဖြစ်လေတော့ မှော်တွေ စည်ကားလာတာနဲ့အမျှ စီးပွား ရေးလုပ်ငန်းတွေများလာ တယ်။ အခြေချပြောင်းရွှေ့ နေထိုင်လာတဲ့ လူများလာတယ်။ ဒီတော့ မြေကွက်ဈေးတွေ ကောင်းလာတယ်။ ဒါကြောင့်မို့ မြေကွက်ကိုမက်လို့ အချက်ကိုကြည့် ငြိမ်ကြတယ်။

            မိန်းမ နှစ်ယောက်ကလည်း ဗိုက်ကြီးပြိုင်တာက လွဲလို့ အရင်ကလို ကလေးချင်း ရန်ဖြစ်တာနဲ့ နပန်း ထမလုံးကြတော့ဘူး။ သွားလေသူ ယောက္ခမတွေလို ပါးစပ်ချင်းပဲ စစ်ထိုးကြတယ်။ ယောက္ခမတွေထက် သူတို့ ပိုအခွင့်အရေးသာတာက ဘိုးကင်းမရှိတော့လို့ ကြိုက်တဲ့အချိန်ထပြီး ရန်ဖြစ်လို့ ရသလို အားရင်အားသလောက် အချိန်ယူနိုင်တယ်။

            ဘိုးကင်း သေပြီး သုံးလလောက်မှာ ကိုဆမားနဲ့ ကိုယဉ်နိုင်တစ်ယောက်နဲ့ တစ်ယောက် သဘောတူညီမှု မယူဘဲ ခြံကို သူ့ဘက်ကိုယ့်ဘက် နှစ်ခြမ်းခွဲပြီး အလယ်မှာ စည်းရိုးခတ်ကြတယ်။ ရပ်ကွက်လူကြီးတွေကလည်း ဘာမှဝင်ပြောလို့ မရဘူး။

            'ဘာလဲ၊ ခင်ဗျားတို့က ကျုပ်တို့ကို ပေးခဲ့တာ ကြားကနေ လိုချင်လို့လား'

            ဒီလို ဘုပြော မပြောဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ တစ်ယောက်တစ်ခြမ်းစီ ခွဲပြီးနေရင်လည်း နေပါစေတော့ပေါ့ဆိုပြီး စကားများ ရန်မဖြစ်ရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့ လွှတ်ထားလိုက်ရတယ်။ ကိုယဉ်နိုင်တို့ ခြံခတ်ပြီးနေကြပေမယ့် လူကြီးတွေ ထင်သလို မအေးသွားတဲ့အပြင် ပိုဆိုးလာကြတယ်။ ကိုယ့်မြေ၊ သူ့မြေဆိုပြီး ပိုဆိုးလာကြတယ်။

            ရေသွန်တာကအစ ခြံနားကပ်ပြီး သစ်ပင်စိုက်တာ၊ အဝတ်လှန်းတာက အဆုံး စကားများလာကြတယ်။ ခြံစည်းရိုး အသစ်လဲပြီဆိုရင် ဓားကိုင်၊ တုတ်ကိုင် ဖြစ်ကြပြီ။ သူ့ဘက်က မြေပါတယ်။ ကိုယ့်မြေ ခိုးခံရတယ်နဲ့ တကြိမ်းကြိမ်း ရန်ဖြစ်ကြတယ်။

            'ဟေ့ကောင် ဟေ့ကောင် မြေသူခိုး၊ ငါ့ဘက်က မြေတစ်လက်မ ခိုးရဲရင် ခိုးကြည့်။ ဟောဒီ ဓားစာမိသွားမယ်။ ကြည့်ထား'

            'ငါ့မြေ ငါ ဝင်းခတ်တာ ငါ့သဘောပဲ။ မင်း ဘာမှ လာပြောစရာ မလိုဘူး။ မင်းလက်ထဲမှ ဓားရှိတာ မဟုတ်ဘူး။ ငါ့မှာလည်း ရှိတယ်ကွ။ ဓားဆိုတာ ခုတ်ရဲမှ ကိုင်ရတယ် သိလား။ သတ္တိရှိရင် ငါ့မြေပေါ် တစ်လှမ်း နင်းကြည့်စမ်း'

            ထစ်ခနဲဆို ဓားကိုင်ပြီး တဝင့်ဝင့်လုပ်ကြတော့ ရပ်ကွက်က စိုးရိမ်ကြတယ်။ စိတ်လိုက်မာန်ပါ ဖြစ်ပြီး ဘယ်နေ့များ တစ်ယောက်နဲ့ တစ်ယောက် စကားများရင်း ဓားနဲ့ခုတ်လို့ ဘယ်သူများ သေမလဲပေါ့။

            တချို့ကလည်း ဒီလောက်ဖြစ်လှတာ ခုတ်ကြပလေ့စေ။ တစ်ယောက်ယောက် သေသွားမှ ဒီကိစ္စ ရပ်တန့်မယ်ဆိုပြီး သဘောထားကြတယ်။ ထင်ကြတယ်။ ထင်တဲ့အတိုင်းတော့ ဖြစ်လာပါရဲ့။ ဒါပေမယ့် ကိုယဉ်နိုင်သေသွားတာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လို့၊ ဓားခုတ်လို့ သေတာတော့ မဟုတ်ဘူး။

            မိုးတွင်းကြီး မှော်ထဲကို အလုပ်သွားလုပ်ရာက ငှက်ဖျားမိပြီး အိမ်ပြန်လာတာ ရောက်တာနဲ့ ဆုံးတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်တာလို့ ပြောကြတယ်။ ဘာမှ မကြာဘူး။ ခေါက်ခနဲ သေ သွားတယ်။

            တစ်ယောက် သေသွားပြီဆိုတော့ အေးသွားပြီပေါ့ ထင်ကြတယ်။ ကိုယဉ်နိုင်ရဲ့ မိန်းမကလည်း လင်သားမရှိတော့ သိပ်မထောင်ဝံ့တော့ဘူး။ ဘက်မပြိုင်ရဲတော့ဘူး။ အလျှော့ပေးတာတော့ မဟုတ် ဘူး။ အားပျော့သွားတယ်လို့ ပြောလို့ရမယ် ထင်တယ်။

            ကိုယဉ်နိုင် ဆုံးသွားတော့ ကိုဆမားထင်တိုင်း ကြဲတော့တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ကိုယဉ်နိုင်သေလို့ လေးနှစ်လောက် ကြာတော့ ကိုယဉ်နိုင်ရဲ့နောက်ကို ကိုဆမားလည်း လိုက်ရတယ်။

□

            'လူတွေက သေရင် အနိစ္စလို့ ထင်ကြတယ်။ တကယ်တော့ သေတာ မသာပဲ။ အသုဘပဲ။ အနိစ္စ ဆိုတာ ဥပါဒ်၊ ဌီ၊ ဘင်က ဘင်သဘောဖြစ်တယ်။ သတ္တဝါရယ်လို့၊ လူရယ်လို့ ရုပ်နဲ့နာမ် ရပြီဆိုကတည်းက ပဋိသန္ဓေစိတ်နဲ့ စုတေစိတ် ကြားထဲမှာ အကြားအလပ် မရှိ၊ လက်တစ်ဖျစ်တစ်တွတ် အတွင်းမှာ စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်ပျက် ချုပ်ငြိမ်းတယ်။ ရုပ်လည်း စိတ် ၁၇ သက်ကို ရုပ် တစ်သက်အနေနဲ့ ဖြစ်ပျက် ချုပ်ငြိမ်းနေတယ်။ နိဗ္ဗာန် မရောက်မချင်း သံသရာ တစ်လျှောက်လုံးမှာ ဒီရုပ်နာမ် တွေရလို့ အခါခါ အိုကြရ၊ နာကြရ၊ သေကြရဦးမယ်။ တကယ်တော့ သေတယ်ဆိုတာ ဒီဘဝမှာ နောက်တစ်စိတ် ထပ်မဖြစ်တာဘဲ။ ရခဲ့တဲ့ လူ့ဝကို ရတဲ့အချိန်မှာ အကျိုးရှိအောင် နေထိုင်ကြ။ ဒီဘဝမှာ အနည်းဆုံး သက္ကာ ယဒိဋ္ဌိဆိုတဲ့ ငါစွဲစိတ်တွေ ဖြုတ်ကြ။ တကယ်တမ်းတော့ ငါလုပ်မှ၊ ငါ့ဥစ္စာ၊ ငါပိုင်တယ် ဆိုတာတွေက အစိုးမရတဲ့သဘောကို မမြင်နိုင်လို့ ဖြစ်တာတွေပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အခွင့်အရေးရှိတဲ့ လူ့ဘဝမှာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတတွေ ဖယ်ခွာပြီး နေတတ်မှ၊ နေနိုင်မှ အဖိုးတန်တဲ့ဘဝကို ရမယ်'

            သရဏဂုံ တင်အပြီး ဆရာတော် မိန့်တဲ့စကားကို ဘာကြောင့် ပြောတယ်ဆိုတာ အသုဘလိုက်ပို့တဲ့ လူတော်တော်များများ သဘောပေါက် ကြတယ်။ ဆရာတော်ကလည်း ကိုဆမားနဲ့ ကိုယဉ်နိုင်တို့ရဲ့အကြောင်းကို သိထားတော့ အခြားလူတွေပါ သင်ခန်းစာရပါစေ၊ သံဝေဂ ရပါစေဆိုပြီး အရိပ်အမြွက် ထည့်ပြောတယ်။

            ခေါင်းကို နောက်ဆုံးပိတ်တော့ ကိုဆမားရဲ့မိန်းမနဲ့ ကလေးတွေ မျက်ရည် မဆည်နိုင်တော့ဘူး။ ကိုဆမား မိန်းမဆိုရင် တက်မတတ် ချက်မတတ် ဖြစ်လို့။ ကြေးစည်သံလည်း ကြားရတာနဲ့ မနည်းဖျောင်းဖျယူရတယ်။

            လင်းထိန်စူးရှတဲ့ နေရောင်အောက်မှာ ကိုဆမားကို မြေမြှုပ်သင်္ဂြိုဟ်မယ့် ကျင်းဆီ လိုက်ပို့ကြတဲ့သူတွေ စိတ်ထဲမှာ စိတ်မကောင်းဖြစ်မိ ကြတယ်။ ပြည့်ညပ်နေတဲ့ သုသာန်ဝင်းအတွင်းက မြေပုံ မို့မို့တွေ ကျော်လွှားပြီး မြက်သီးမြက်ပင်တွေ ရှောင်ပြီး သွားရတယ်။

            ကိုဆမားကို မြှုပ်မယ့် ကျင်းနားအရောက် ခက်လက်ဝေဆာ အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်နေတဲ့ မယ်ဇလီပင်ကို မြင်ရတော့ အားလုံး အံ့သြစိတ် လှိုက်ခနဲ တက်လာကြတယ်။

            အို... လောကီထုပ္ပတ် လူတို့ဇာတ်ဆိုတာ ဆန်းကြယ်လှချည်ပါလား။ တွေးမိကြတယ်။

            လိုက်ပို့တဲ့လူ တော်တော်များများ မယ်ဇလီပင်လေးကို ကောင်းကောင်း မှတ်မိကြတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က သစ်ပျိုပင်ပေါက် အရွယ်လေးသာရှိတဲ့ ဒီမယ်ဇလီပင်လေး အောက်ခြေနားမှာ ကိုယဉ်နိုင်ကို မြှုပ်ခဲ့တာလည်း ကောင်းကောင်း မှတ်မိကြတယ်။ ကိုဆမားရဲ့ ရုပ်အလောင်းကြီးကို မြေမြှုပ်တဲ့ အချိန်မှာ တစ်ယောက်ဆီက စကားသံ ထွက်လာတယ်။

            'ဖြစ်ခဲ့သမျှ ဒီဘဝ ဒီမျှလောက်နဲ့ သင်ပုန်းချေပြတ်ကြတော့ ဆမားနဲ့ယဉ်ကောင်ရေ'

            ဒီစကားကို ကြားရတော့ အားလုံး စိတ်မကောင်း ဖြစ်ကြရတယ်။

            တရားဆိုတာမျိုးက ကိုယ်တိုင်တွေ့ကြုံလိုက်ရမှ သံဝေဂရကြ၊ ပိုပြီးစိတ်ထဲမှာ စွဲသိကြတာ မဟုတ်လား။ ကိုဆမားရဲ့ မိန်းမနဲ့ကလေးတွေရဲ့ မျက်နှာတွေမှာ နောင်တရိပ်တွေ၊ ရှက်ရွံ့စိတ်တွေ ဖျတ်ခနဲ ပေါ်လာတာ တွေ့လိုက်ကြတယ်။

□

            သုသာန်ကအပြန် ကိုဆမားနဲ့ကိုယဉ်နိုင်တို့ အိမ်ရှေ့ရောက်တော့ အားလုံးတောင့်တခဲ့တဲ့ မြင်ကွင်းကို တွေ့လိုက်ကြရတယ်။

            တစ်ဖက်နဲ့ တစ်ဖက် ပိုင်းခြားထားတဲ့ ခြံစည်းရိုးတွေ မရှိတော့ဘူး။ ကာရံထားတဲ့ ဝါးခြမ်းကပ်တွေ မတွေ့ရတော့သလို ခြံတိုင်တွေကိုပါ နုတ်ထားတာ တွေ့ကြရတယ်။ ဒီလိုတွေ့ရတော့ မိသားစုနှစ်စုရဲ့ ရှေ့ရေးကို ကြည့်ပြီး သာဓုခေါ်တဲ့လူက ခေါ်တယ်။ ချီးကျူးမိတဲ့လူလည်း ရှိတယ်။

            သြော်... ကိုဆမားနဲ့ ကိုယဉ်နိုင်တို့ နှစ်ယောက် ဘဝနဲ့ချီပြီး အသက်လောက် တန်ဖိုးမရှိတဲ့ အရာတွေ တပ်မက်လိုချင်နေတာ သေတော့ ဘာမှမပါဘူးဆိုတဲ့ သင်ခန်းစာကို ပြသွားခဲ့ပြီ မဟုတ်လား ဆိုပြီး စဉ်းစားမိတဲ့လူလည်းပါတယ်။

            ဒီလိုအနေအထားမှာ အားလုံး သူတို့အထင်တွေ မှားကြောင်း သိလိုက်ကြရတယ်။

            ကိုယဉ်နိုင်ရဲ့ သားနှစ်ယောက် ထွက်လာတယ်။ တစ်ယောက်က ပေကြိုးကြီး ကိုင်လို့။ တစ်ယောက်က သံတူးရွင်းကြီးဆွဲလို့။ သူတို့ နှစ်ယောက်ရဲ့ပုံစံတွေကို တွေ့ရတော့ ကိုဆမားရဲ့ သားနှစ်ယောက် နိဗ္ဗာန်ကားပေါ်ကနေ အပြေးဆင်းချသွားတယ်။ ရှေ့မှာတွေ့တဲ့ ခဲတွေ၊ အုတ်ခဲတွေ ကောက်ကိုင်ရင်း ပြေးတယ်။

            ကလေးတွေ ဒီလိုဖြစ်ပျက်တာမြင်တော့ အမေတွေ မနေနိုင်တော့ဘူး။ ကိုယဉ်နိုင် မိန်းမက ထဘီတင်းတင်း ပြင်ဝတ်တယ်။ ကိုဆမား မိန်းမက ကားပေါ်ကနေ မိန်းမတန်မဲ့ လွှားခနဲ ပြေးဆင်းပြီး ကျားတစ်ကောင်လို ခုန်အုပ်မယ့် ပုံစံမျိုး။

            တစ်ဖက်နဲ့တစ်ဖက် ဆဲဆိုလိုက်ကြတဲ့ စကားတွေဟာ ကြားရတဲ့လူတွေရဲ့ နားနဲ့ကို မဆံ့တော့ဘူး။ နီးရာလူတွေ အပြေးအလွှား ဝင်ဆွဲကြ၊ တားကြရတယ်။ သွေးထွက်သံယို မဖြစ်အောင်တော့ တားနိုင်ပါရဲ့။

            ဒါပေမယ့်...

            သူတို့တွေရဲ့ ပါးစပ်တွေကိုတော့ ဝင်ပိတ်လို့ မရနိုင်ဘူး။

            သူတို့တွေရဲ့ စိတ်တွေကိုတော့ ဝင်တားလို့ မရနိုင်ဘူး။

            နှစ်ဦးနှစ်ဖက် ပြေလည်တာကို မြင်တွေ့ချင်တဲ့သူတွေ အဖို့တော့ ဘယ်အချိန် ဘယ်ကာလမှ ပြီးမယ်၊ ပြေမယ် မပြောနိုင်တဲ့ ရန်ပွဲဟာ သံဝေဂတွေ၊ သင်ခန်းစာတွေကို ကျောခိုင်းပြီး မျိုးဆက် တစ်ဆက်ဆီ ပြောင်းလာခဲ့ပြီဆိုတာ အသိအမှတ်မပြုချင်ဘဲ အသိမှတ်ပြုလိုက်ကြရတယ်။ ဒီထက်လည်း ဘာမှ မတတ်နိုင်ဘူးလေ။

▀

လင်းသော်ဝေ

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 'လူတွေက သေရင် အနိစ္စလို့ ထင်ကြတယ်။ တကယ်တော့ သေတာ မသာပဲ။ အသုဘပဲ။ အနိစ္စ ဆိုတာ ဥပါဒ်၊ ဌီ၊ ဘင်က ဘင်သဘောဖြစ်တယ်။ သတ္တဝါရယ်လို့၊ လူရယ်လို့ ရုပ်နဲ့နာမ် ရပြီဆိုကတည်းက ပဋိသန္ဓေစိတ်နဲ့ စုတေစိတ် ကြားထဲမှာ အကြားအလပ် မရှိ၊ လက်တစ်ဖျစ်တစ်တွတ် အတွင်းမှာ စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်ပျက် ချုပ်ငြိမ်းတယ်။

Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။