ရွှေဝတ္ထု

အပင်အိုတို့ရွက်ကြွေချိန်

မင်းတင်ထွဏ်း

01 July 2026
အပင်အိုတို့ရွက်ကြွေချိန်
Share to

            အငယ်ကောင် ဒေါ်လာ မိန်းမယူတော့မယ်ဆိုတော့ ကျုပ် သိပ်ကို စိတ်ညစ်သွားတာပဲ။ မင်္ဂလာဆောင်ပေးရမှာမို့ မဟုတ်ပါဘူး။ သူများ သားသမီး ကိုယ့်သားက ယူမှတော့ သူ့အိုးနဲ့သူ့ဆန် တန်သလောက်တော့ လုပ်ပေးမှာပါ။

            ကျုပ်မှာ သားသမီး ၅ ယောက် ရှိတယ်။ သား ယောကျ်ား ၄ ယောက်က အကြီး၊ အငယ်ဆုံးက သမီး မိန်းကလေး ဖြစ်တယ်။ သူတို့အဖေ ကိုသာဌေးက သန်းကြွယ် တစ်နှစ်သမီးလောက်က ဆုံးသွားတယ်။ ကလေးတွေကို ပဲပြုတ်ရောင်း ကျွေးခဲ့တာ နှစ်ပေါင်း ၁၅ နှစ် ကြာပြီပေါ့။

            အကြီး ၃ ယောက်စလုံးကိုလည်း မင်္ဂလာဆောင်ပေး ခဲ့တာပါပဲ။ မြို့ထဲက ခန်းမတွေတော့ မဟုတ်ဘူးပေါ့။ အိမ်ရှေ့မှာ မင်္ဂလာမဏ္ဍပ်ထိုးပြီး ဆည်းဆာလုပ်ပေးလိုက်တာပါပဲ။

            အခုလည်း ကောင်မလေးဘက်က ချေးမများရှာပါဘူး။ မင်္ဂလာဆောင်ပေးနိုင်မှ မဟုတ်ပါဘူးတဲ့။ မင်္ဂလာဦးဆွမ်းကပ်ပေးလည်း ရပါတယ်လို့ စေ့စပ်ကြောင်းလမ်းတုန်းက စကားကုန် ပြောကြ ရှာပါတယ်။

            ကျုပ်ကတော့ ဆည်းဆာပဲ လုပ်ပေးမှာပါ။ ကျုပ် စိတ်ညစ်တာက မင်္ဂလာဆောင်ပြီးရင် ကောင်မလေးက ဒေါ်လာနောက် အိမ်ကို လိုက်လာမှာကိုပါ။

            ကောင်မလေး မိဘတွေက အိမ်ငှားနဲ့ နေကြရတာ။ အခန်းကလည်း ကျဉ်းကျဉ်းလေး။ သားသမီးတွေကလည်း များပါဘိသနဲ့။ ဒီတော့ သျှောင်နောက်ဆံထုံးပါ ဆိုသလို ကျုပ်အိမ်ရောက် လာမှာက မြေကြီး လက်ခတ်မလွဲဘဲ။

            ကျုပ်က ဝင်းပိုင်အိမ်ပိုင်ပါ။ ဒါပေမယ့် ဝင်းက မကျယ်ဘူး။ ပေ ၃ဝ၊ ပေ ၄ဝ လောက်ပဲ ရှိတယ်။ အိမ်ကလည်း မူလက ၃ ပင် ၂ ခန်း မြေစိုက်ထရံကာ ကပ်မိုးအိမ်လေး။

            ကျုပ်တို့က တောင်သာ နယ်ကပါ။ အိမ်ထောင်ကျပြီး လင်မယားနှစ်ယောက်မြို့ကို တက်လာကြတာ။ ကျုပ်တို့ ရွာက မြို့ကိုတက်ပြီး အလုပ်လုပ်ကြသူတွေ အများကြီးပဲလေ။ ကျုပ်တို့လည်း မြေတူး၊ ကျောက်ကားလိုက်၊ ပန်းရံထဲ အကြမ်းသမားအဖြစ်နဲ့ လုပ်နဲ့ လုပ်ခဲ့ကြတာ။ အစကတော့ အိမ်လေးငှားပြီး နေခဲ့ကြတာ။ နောက်တော့ စုမိဆောင်းမိတဲ့ ငွေလေးတွေရယ်၊ ရွာက မိဘ တွေရဲ့ အကူအညီနဲ့ရယ် မြေလေးဝယ် အိမ်လေးဆောက်နိုင်ခဲ့တာ။

            ဆင်ခြေဖုံး ကွက်သစ်ဆိုတော့ ဝယ်စက မြေဈေးသိပ် မရှိဘူး။ ကျုပ်မိဘတွေကရော၊ ကိုသာဌေးမိဘတွေကရော...

            'ဟဲ့...မြေကို ဝယ်မယ့်ဝယ် ကျယ်ကျယ်ဝယ်ဟဲ့။ အိမ်ကိုလည်း ကြီးကြီးဆောက်၊ နင်တို့လင်မယား နှစ်ယောက်တည်းနေမှာ မဟုတ်ဘူး။ နောက်ဆို သားတွေ၊ သမီးတွေ တိုးလာဦးမှာ'လို့ အမြော်အမြင်နဲ့ ပြောကြပါတယ်။

            ဒါပေမယ့် ကျုပ်တို့က ဒီမြို့မှာ ခေါင်းချမယ်လို့မှ စိတ်မကူးဘဲကိုး။ နေစရာရှိ တော်ပြီပေါ့။ ငွေစုမိရင် ရွာမှာ လယ်လေး၊ ကုန်းလေးဝယ်ပြီး ရွာပြန်အခြေချကြမယ်လို့ လင်မယားနှစ်ယောက် စိတ်ကူးထားတာကိုး။

            နောက်ပြီး သားသမီးဆိုတာက ဧည့်သည်ပဲလေ။ ကိုယ့်ဆီကို ၁၅ နှစ်၊ အနှစ် ၂ဝ လောက်ပဲ တည်းပြီး အချိန်တန်လို့ အတောင်စုံရင် ပျံကုန်ကြမှာ မဟုတ်လား။

            ဒါကြောင့် အိမ်ငှားခ သက်သာအောင်ဆိုတဲ့ သဘောနဲ့သာ မြေဝယ် အိမ်ဆောက်ခဲ့တာကိုး။

            မြို့မှာက အလုပ်အကိုင် ကောင်းပေမယ့် ငွေက သိပ်စုမိခဲ့တာ မဟုတ်ဘူး။

            ဒီတော့ ရွာကို မပြန်ဖြစ်တော့ဘူး။

            ကိုသာဌေး ဆုံးတော့ ပိုဆိုးသွားတာပေါ့။ ရွာမှာက ကျုပ်မိဘတွေ မရှိတော့ဘူး။ ဆုံးကုန်ကြပြီ။

            မြို့မှာကလည်း ၁၄ နှစ် လောက်နေလာတော့ လုပ် ကိုင်စားတတ်နေပြီ။ မြို့မှာ မွေးတဲ့ ကလေးတွေကလည်း မြို့မှာပဲ နေချင်ကြတယ်။

            ဒါနဲ့ ကျုပ်လည်း ရွာကို မပြန်ဖြစ်တော့ဘူး။ ပဲပြုတ်ရောင်းပြီး ကလေးတွေကို ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။

            အခုလည်း သားသုံးယောက်က အိမ်ထောင် ကျပေမယ့် ကျုပ်အိမ်မှာပဲ နေကြတာ။ တစ်အိမ်တည်းမှာ အတူနေတာတော့ မဟုတ်ဘူးပေါ့။ ကျုပ်မှာလည်း သားပျို၊ သမီးပျိုနဲ့ဆိုတော့ အိမ်ဘေးမှာ အဖီချပြီး နေကြတာ။ အခုတော့ အိမ်ပြည့်ဝင်းပြည့်ပဲ။ မီးဖိုအတွက် လုပ်ထားတဲ့ အနောက်ဘက်က အဖီတောင်မှ သိန်းတန်တို့ လင်မယား ထားနေရတာ။

            ဟင်း... စိတ်ညစ်လိုက်တာနော်။ စိတ်မောပါဘိ။

            အင်းလေ... ဖြစ်လာမှတော့ မတတ်နိုင်ဘူးပေါ့။ ဧည့်ခန်းလုပ်ထားတဲ့ အိမ်ရှေ့က အဖီထဲမှာပဲ ထားရတော့မှာပဲလေ။

□

            မှောင်လိုက်တာ။ မီးတွေလည်း မဖွင့်။ ပြတင်းပေါက်တံခါးတွေလည်း ပိတ်ထားတာကိုး။

            'မြကြူ... မြကြူ'

            ဘယ်သွားနေပါလိမ့်။ ခေါ်မကြား၊ အော်မကြားနဲ့။ အောက်ထပ်မှာ သန့်ရှင်းရေး လုပ်နေတာလား။ ဝင်းထဲ ဆင်းပြီး အပင်တွေ ရေလောင်းနေတာလား။ တစ်ခုမှ မဟုတ်လောက်ဘူး။ ဘယ်ချောင်မှာထိုင်ပြီး သန်းဥစမ်းနေသလဲ မသိဘူး။

            စိတ်ညစ်လိုက်တာ။

            ကျွန်မ စိတ်ညစ်နေရတာ။ အခုမှ မဟုတ်ပါဘူး။ အနှစ် ၂ဝ လောက်တောင် ကြာပြီ ထင်တာပဲ။

            ပစ္စည်းကတော့ ချမ်းသာပါရဲ့။ စိတ်ကတော့ ဆင်းရဲလိုက်တာ။ အဝီစိတောင် ချိုးကပ်နေပြီလား မသိဘူး။

            ကြည့်လေ... ဝင်းက ပေ ၂ဝဝ ပတ်လည်လောက် ရှိမယ်။ သစ်ပင်၊ ပန်းပင်တွေကလည်း အစုံအလင်ပါပဲ။ ဒါပေမယ့် စိုက်ပျိုးမယ့်သူမရှိတော့ ပေါင်းမြက်တွေထ၊ အကိုင်းတွေရှုပ်၊ အပင်တွေ ခြောက်နဲ့ လူသူအပေါက် အရောက်မရှိတဲ့ တောကြီးမျက်မည်းလို ဖြစ်လို့။

            တိုက်ကလည်း နှစ်ထပ်အုတ်တိုက်ကြီး။ ခေတ်မီ ပရိဘောဂ ဇိမ်ခံပစ္စည်းတွေက အပြည့်။ ဒါပေမယ့် ရှင်းလင်းမယ့်သူမရှိတော့ ဖုန်ထဲမှာ တစ်လက်မလောက်ကို နစ်မြုပ်နေလောက်ပြီ။

            ဒီဝင်း၊ ဒီတိုက်ထဲမှာ ကျွန်မနဲ့ မြကြူနှစ်ယောက်တည်းပဲ နေကြတယ်လေ။

            ကျွန်မက သိပ်သွားနိုင်လာနိုင်တာ မဟုတ်ဘူး။ ခန္ဓာကိုယ်က တဖြည်းဖြည်းဝလာတော့ အပေါ်ထပ် အိပ်ခန်းထဲမှာပဲ အနေများတယ်။

            မြကြူက ပျင်းလည်း ပျင်း၊ ဖျင်းလည်းဖျင်း၊ အရေးထဲ စကားက နည်းသေးတယ်။ ကျွန်မက အလုံးတစ်ရာလောက် ပြောမှ 'ဟုတ်'ဆိုတဲ့ စကားတစ်လုံးလောက်သာ ထွက်တာ။

            အိမ်ခေါ်ထားတယ် ဆိုပေမယ့် ထမင်းဟင်းချက်ရတာ မဟုတ်ဘူး။ ချိုင့်ထမင်းပဲ စားနေရတာ ကြာပြီပေါ့။

            ကျွန်မကို ချိုင့်ထမင်းဟင်းကို မနက်တစ်ခါ၊ ညတစ်ခါ လာပြင်ပေးတာပဲ ရှိတယ်။

            အဝတ်အစားတွေ လျှော်ခိုင်းရင်လည်း ဆယ်ခါခိုင်းမှ တစ်ခါသာ လုပ်ပေးတယ်။ လျှော်ရင်လည်း ဘယ်တော့မှ မပြောင်ဘူး။

            ကျွန်မမှာက စကားပြောမယ့်သူက မရှိဘူး။ ပြတင်းပေါက်ကနေ အပြင်လောကကို ငေးကြည့်နေပြီးသာ ငြီးငွေ့နေရတာ။

            မြကြူကို စကားတွေ ပြောချင်လို့ခေါ်လည်း ကျောက်တုံးကို ပြောနေရသလိုပဲ။ ဒီတော့ ကျွန်မ စကားတွေဟာ ဦးတည်ရာမဲ့ပြီး အဆုံးအစမရှိသလို ဖြစ်ကုန်ရော။

            တော်ပြီ၊ တော်ပြီ။ ဒီတစ်ခါ သမီးသီတာလာရင် မြကြူကို ပြန်ပို့ခိုင်းပြီး ကျွန်မနဲ့ စကားပြောဖော်ရ မယ့်သူကိုပဲ ရှာခိုင်းရမယ်။

            သီတာဆိုတာက ကျွန်မ သမီးကြီးလေ။ ဆရာဝန်ပေါ့။ အဲ... ဆရာဝန်ဆိုတာထက် သမီးတော် ပါရဂူလို့ ပြောရမှာ။ အခု သူတို့မိသားစုက မော်လမြိုင်ဆေးရုံကြီးမှာလေ။ သူ့ယောကျ်ားကလည်း တိုင်း အင်ဂျင်နီယာကြီးပေါ့။ သားတွေ၊ သမီးတွေနဲ့ပဲ။

            ကျွန်မကို သူတို့နဲ့ လိုက်နေဖို့ ခေါ်ပါတယ်။

            ဒါပေမယ့် ကျွန်မက ဒီအိမ်ကြီးကိုပစ်ပြီး လိုက်သွားလို့ ဘယ်ဖြစ်မလဲ။

            အိမ်ကြီးထဲမှာက ကျွန်မခင်ပွန်းထားခဲ့တဲ့ ပစ္စည်းတွေရယ်၊ ကျွန်မ သားတွေ နိုင်ငံခြားက ပို့လိုက်တဲ့ ပစ္စည်းတွေရယ်နဲ့ ပြည့်နေတာ။

            ကျွန်မမှာက သားသမီး ၅ ယောက်ရှိတယ်။ သီတာက အကြီးဆုံး၊ အငယ် ၄ ယောက်က ယောကျ်ားလေးတွေ။

            သားကြီးက အင်္ဂလန်၊ သားလတ်က စင်ကာပူ၊ သားငယ်က ဂျပန်၊ အငယ်ဆုံး သားထွေးကတော့ သင်္ဘောလိုက်နေတယ်။

            သားတွေက လိမ္မာကြတယ်။ ကျွန်မဆီကို ပစ္စည်းတွေ ပိုတဲ့အပြင် ငွေလည်း အမြဲပို့တယ်။

            သမီးကလည်း လစဉ်ငွေပို့တဲ့အပြင် လူကြုံရှိရင်လည်း အားဆေးတို့၊ စားစရာတို့ကို အမြဲပို့ပါတယ်။

            ဒါပေမယ့် ကျွန်မ မျှော်နေတာက သူတို့ဆီက ဖုန်းနဲ့စာလေ။

            ကျွန်မဆက်ပေမယ့် သူတို့နဲ့ မတွေ့ဘူး။ စာရေးပေမယ့် တော်တော်နဲ့ မပြန်ကြဘူး။

            သူတို့အလုပ်နဲ့ သူတို့ မအားကြဘူးတဲ့လေ။ အိပ်ချိန်မှ အိမ်ပြန်ရောက်ကြတာတဲ့။ လင်းကတည်းက အလုပ်ကို သွားကြရတာတဲ့။

            ဒါကြောင့် သူတို့လေးတွေကို သတိရရင် သော့ခတ်ထားတဲ့ သူတို့အခန်းတွေကို လိုက်ကြည့်ရတာပါ။ ဒီတော့ မျက်ရည်စို့ရပြီပေါ့။ နောက်ပြီး သွားလေသူ ဦးကျောက်ခဲကိုလည်း သတိရရသွားတယ်လေ။

            ဦးကျောက်ခဲက ကျွန်မ ခင်ပွန်းပါ။ ခရိုင်အရာရှိကြီး တစ်ယောက်ပေါ့။ ကသာမှာ တာဝန်ကျစဉ်က ဒီဝင်းကို ဝယ်ခဲ့တာ။ နောက်ပြီး ဝယ်တုန်းက ပါခဲ့တဲ့ သစ်သား နှစ်ထပ်အိမ်ကို ဖျက်ပြီး နှစ်ထပ်အုတ်တိုက်ကြီးကို သူ့ စိတ်ကြိုက် ဆောက်ခဲ့တာ။

            'ကိုကျောက်ရယ်၊ ဘာလို့ ဒီလောက်ကြီးတဲ့ အိမ်ကြီးကို ဆောက်ရတာလဲ။ ဒီလောက်ကြီးတော့ တစ်ယောက်တည်း နေရမှာတောင် ကြောက်စရာကြီး'လို့ ကျွန်မ ပြောမိသေးတယ်။

            ဒီတော့ ဦးကျောက်ခဲက...

            'မကြီးပါဘူးကွာ။ တို့နှစ်ယောက်တည်း နေမှာမှ မဟုတ်ဘဲ။ ကလေးတွေလည်း ကြီးလာဦးမှာလေ။ ဒီတော့ ကလေးတွေအတွက်လည်း တစ်ယောက်တစ်ခန်း လုပ်ထားပေးရတာပေါ့။ ကိုယ်က ဝန်ထမ်းဆိုတော့ ကျရာနေရာကို ပြောင်းနေရတာ မဟုတ်လား။ ကလေးတွေကိုလည်း ပညာရေးအတွက် ကိုယ့်မိဘနဲ့ မိုးမိဘတွေဆီမှာ ထားနေရတယ်လေ။ ကျောင်းပိတ်ရက်မှ ကိုယ်တို့မိသားစု တွေ့ဆုံရတယ် မဟုတ်လား။ ဒါကြောင့် ကိုယ်ပင်စင်ယူပြီးရင် ဒီဝင်း ဒီအိမ်ကြီးထဲမှာ မိသားစုတွေနဲ့ စုံစုံညီညီ ပျော်ပျော်ပါးပါး နေသွားချင်လို့ပါ'လို့ ပြောရှာတယ်။

            ဒါပေမယ့် သူ့ခမျာ ဒီအိမ်ကြီးမှာ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး မနေသွားရရှာပါဘူး။ အိမ်ကြီးပြီးလို့ လပိုင်းလောက်ပဲ ကြာတယ်။ ငှက်ဖျားရောဂါနဲ့ ဆုံးသွားရှာတယ်လေ။

□

            'ပဲပြုတ်'

            ဈေးသာ ရောင်းနေရတယ်။ စိတ်ထဲက ဒေါသက မပြေသေးဘူး။

            ညက အကြီးကောင် ရွှေအိုးနဲ့ အလတ်ကောင်ငွေမိုးတို့ ရန်ဖြစ်ကြတယ်လေ။ ရန်ဖြစ်တာမှ အကြီးအကျယ် လုံးထွေးသတ်ပုတ်တဲ့ အဆင့်ထိ ဖြစ်ကြတာ။ ကျုပ် ပြောလို့လည်း မရဘူး။ ဒင်းတို့ မယားတွေကလည်း မဆွဲဘူး။ မဆွဲဆို ဒင်းတို့နှစ်ယောက်ကလည်း နေ့လယ်က စကားများ လေသေနတ် ပစ်ထားကြတာလေ။ ကလေးချင်း ရန်ဖြစ်ရာက စတဲ့ ပြဿနာတဲ့။ ကျုပ် ဈေးရောင်းပြီးလို့ ပြန်ရောက်တော့ ဆူလိုက်မှ နှစ်ယောက်စလုံး ငြိမ်သွားတယ်။

            နောက်တော့ ယောကျ်ားတွေ အလုပ်က ပြန်လာတော့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ တိုင်ကြမှာပေါ့။

            စဖြစ်တဲ့ အချိန်ကလည်း ကျုပ်က ရပ်ကွက်ထဲလိုက်ပြီး ပဲပြုတ်ကြွေး လိုက်တောင်းနေတာ။ သမီးငယ်လိုက်ခေါ်မှ အိမ်ပြန်ပြေးလာရတာ။

            အိမ်ရောက်တော့ လုံးသတ်နေကြပြီ။ ဘယ်သူဖျင်လို့မှ မရဘူး။

            'ဟဲ့... ရွှေအိုးတော်၊ ကိုယ့်ညီလေး ဒီလောက်လုပ် ရသလား။ ငွေအိုးကလည်း ကိုယ့်အစ်ကိုကို ဘာလို့ ခံသတ်နေရတာလဲ။ တော်ကြ တော်ကြ' ကျုပ်ကုန်းအော်ပေမယ့် ဒင်းတို့က ဂရုမစိုက်ဘူး။ မြေပေါ်မှာ လုံးထွေးလိုက်ကြတာ ပုဆိုးတွေကို ကျွတ်လို့။ မယားအတွက်နဲ့ အရှက်ကို နည်းလိုက်ကြ တာ။

            ရပ်ကွက်လူကြီး ရောက်လာမှ ရန်ပွဲရပ်သွားကြတယ်။ နှစ်ယောက်စလုံးကို ရပ်ကွက်ရုံး ခေါ်သွားတယ်။ ရပ်ကွက် လူကြီးက ဆုံးမပြီး ပြန်လွှတ်လိုက်တယ်တဲ့။

            ပြန်လာတော့ နှစ်ယောက်စလုံး မျက်နှာမှာ ဖူးယောင်လို့၊ ညိုမည်းလို့။ 'ကျွတ် ကျွတ် ကျွတ်' စုပ် တသပ်သပ်နဲ့လေ။ အဲဒီကျမှ ဒင်းတို့မယားတွေက ကြပ်ပူ ထိုးပေးရတာနဲ့ ဆေးလိမ်းပေးရတာနဲ့ ပျာယာတွေကို ခတ်လို့။

            ကျုပ်မှာတော့...

            'ကြောင်အိုတော့ ကြွက်မလေး၊ လူအိုတော့ ဆန်ကုန်မြေလေးပေါ့။ ကိုသာဌေးရဲ့ သေရာကနေထပြီး တစ်ခေါက်လောက် ကျုပ်ကို ပြန်ကြည့်လှည့်ပါဦးတော့။ တော့်သားတွေက ငယ်ငယ် ကလို ကျုပ်စကားကို နားမထောင်ကြတော့ဘူး။ ကျုပ်ကို သူတို့မယားလောက် မချစ်တော့ဘူးတော့် ဟီး... ဟီး... ဟီး...'လို့ ပြောပြီး ငိုချလိုက်တာပဲ။

            'ကျွီ...'

            'အမလေးတော့...'

            ကျုပ်ရှေ့က ဖြူဖြူကောင်ကြီး ဘွားခနဲ ပေါ်လာတော့ ကျုပ် လန့်ပြီး မြေပေါ်တအိအိနဲ့ လဲကျသွားတယ်။

□

            သားကြီးဆီက စာကိုဖတ်ပြီး ကျွန်မ တစ်ကိုယ်လုံး တုန်တုန်ချိချိ ဖြစ်သွားတယ်။

            သားကြီးက နိုင်ငံခြားသူနဲ့ လက်ထပ်သွားပြီတဲ့။

            သူ အမေ့ဆီကို ပြန်မလာနိုင်တော့ဘူးတဲ့။

            ဘုရား... ဘုရား... ကျွန်မ မျှော်လင့်ချက်တွေ၊ စောင့်စားချက်တွေ ပျက်သွားတော့မှာလား။

            ကျွန်မ ဒီအိမ်ကြီးပေါ်မှာ အသက်ရှင်နေထိုင်နေတာက သားသမီးတွေ ကျွန်မဆီ ပြန်လာမယ့်ရက်ကို စောင့်မျှော်နေတာပါ။ သားတွေ၊ သမီးတွေနဲ့ ပျော်ပျော်ပါးပါး နေရမယ့်ရက်ကို တမ်းတနေတာပါ။

            အခုတော့ သားကြီးက ပြန်မလာတော့ဘူးဆိုတော့ ကျန်တဲ့သားတွေရော။ မဖြစ်ဘူး၊ မဖြစ်ဘူး။ ကျန်တဲ့သားတွေ ပြန်လာခိုင်းဖို့ သီတာ့ ဆီကို ဖုန်းဆက်မှ။

            'မြကြူ... မြကြူ...'

            ဒီကောင်မလေး ဘယ်ရောက်နေပြန်ပြီလဲ။

            ကျွန်မ ကုတင်ပေါ်က ထလိုက်တယ်။ ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားတယ်။

            ဒါပေမယ့် သီတာ့ဆီကို ဖုန်းဆက်ဖို့စိတ်က ရောက်နေတယ်။ ဖုန်းက အောက်ထပ် ဧည့်ခန်းထဲမှာ။

            'မြကြူ... မြကြူ'

            ကျွန်မ လှေကားပေါ်ကနေ အောက်ထပ်ကို ဆင်းခဲ့တယ်။ အလယ်လောက်ရောက်တော့ ဒူးက ညွတ်ကျသွားတယ်။

            'ဒုံး ဒုံး...ဒုံး ဒုံး...'

            လှေကားပေါ်ကနေ အောက်ကို တလိမ့်ခေါက်ကွေး ကျသွားတယ်။

□

            လူနာသစ် ရောက်လာရင် ကျုပ်တို့လူနာဟောင်းတွေက ဧည့်သည်သစ်ရောက်လာသလို ဝိုင်းကြည့်ကြတယ်။ ကူညီပေးကြတယ်လေ။

            ကျုပ်တို့ရုံက အရိုးရုံဆိုတော့ ခြေကျိုး၊ လက်ကျိုး၊ ခါးကျိုးတွေပဲ ရောက်လာတာပေါ့။

            ခြေကျိုး၊ လက်ကျိုးတာ မသေနိုင်ပေမယ့် တော်တော် အခံရခက်တဲ့ ရောဂါ။ ဖြစ်ခါ စကဆိုရင် ကျိုးတဲ့နေရာက ကိုက်လွန်းလို့၊ နာလွန်းလို့ 'အမလေး' ထအော်နေရတာ။

            ကျုပ်ဆို သားသမီးတွေ၊ မြေးတွေက ဝိုင်းပြီး...

            'အမေ ဘယ်နားက နာတာလဲ'

            'ဆေးသောက်ပြီးပြီလား'

            'ဆရာဝန် ပြေးခေါ်လိုက်မယ်'နဲ့ ကျုပ်အတွက် စိုးရိမ်နေကြတာ။

            ချွေးမတွေကလည်း နေ့တစ်ယောက်၊ ညတစ်ယောက်နဲ့ အလုအယက် စောင့်ပေးနေကြတယ်။

            သားတွေကလည်း မနက်အလုပ်သွားဝင်၊ ညနေ အလုပ်ပြန်ဝင်နဲ့ ဝင်ကြတာ။ စားစရာတွေဆိုလည်း တစ်ယောက်တစ်မျိုး ဝယ်လာကြတာ။

            'ဟဲ့... မဝယ်ခဲ့ကြပါနဲ့။ ငါ့ဗီရိုလေးထဲမှာ ပြည့်နေပြီ။ မြေးတွေ စားလို့တောင် မကုန်ဘူး'လို့ ပြောတာကို မရဘူး။ 'အမေ အားရှိအောင် စားပါ။ စားချင်တာလည်း ပြောပါ'လို့ ပြောကြတာ။

            ဒီတော့လည်း ဖြစ်လာတဲ့ ဝေဒနာတွေ မေ့သွားရတာပဲ။

            တကယ်တော့ ကျုပ်က ကားနဲ့တိုက်မိတာ မဟုတ်ပါဘူး။ ကားက ဘရိတ်အုပ်ရင်းနဲ့ ကျုပ်ရှေ့ တစ်တောင်လောက်အကွာ ရပ်သွားတာ။ ကျုပ်ဘာသာကျုပ် လန့်ပြီး လဲကျသွားတာ။ ညာဘက် လက်ဖျံပဲ အက်သွားတာ။

            တချို့ဆို ကျုပ်ထက် ဆိုးတယ်။

            ခုတင်နံပါတ် ၁၃ က ဖြူဖြူဝဝ မိန်းမကြီးဆိုရင် အိမ်ပေါ်က လိမ့်ကျတာတဲ့။ လက်နဲ့ခါးရိုးကျိုးသွားတာတဲ့။

            ဆေးရုံလာပို့တော့ ပိန်ပိန်ပါးပါး ကောင်မလေးနဲ့ ကားသမားတွေက လာပို့ကြတာ။ ကားသမားတွေကတော့ ပို့ပြီး ပြန်သွားတာပေါ့။ ကောင်မလေးက အူတူတူလေးမို့ ကျုပ်က သွားပြီး ကူညီပေးခဲ့ရတာ။

            မိန်းမကြီး ကြည့်ရတာတော့ မင်းကတော်၊ သူဌေးမ ပုံပါပဲ။ ဒါပေမယ့် အိပ်ရာခင်းတွေ၊ ဂွမ်းကပ်တွေကလည်း နံနေလိုက်တာ။ အဖိုးတန် ကတ္တီပါတွေပေမယ့် အကွက်၊ အပွင့်တွေကို မပီ တော့ဘူး။ လုပ်ကိုင်ပေးမယ့် သားသမီးတွေလည်း ရှိပုံမရဘူး။ ကောင်မလေးကလည်း ဘာမှ တော်ပုံမရဘူး။

            မိန်းမကြီး နာလို့အော်နေလည်း ကောင်မလေးကတော့ အိပ်ငိုက်နေတာပဲ။ ကျုပ်က မနေနိုင်လို့ ဆရာဝန်နဲ့ ဆရာမတွေကို ပြေးခေါ်ပေးရတာ။

            နောက်ပြီး သူ့ဆီကို ဘယ်သားသမီးမှ လာတာလည်း မတွေ့ဘူး။ ဧည့်သည်လေး တစ်ယောက်၊ နှစ်ယောက်ပဲ လာမေးတာ တွေ့တယ်။

            ကျုပ်က မနေနိုင်လို့ သွားသွားပြီးတော့ စကားစမြည် ပြောရတယ်။ စားစရာလေးတွေ သွားကျွေးရတယ်။ ကျုပ်နဲ့ စကားပြောတော့ မိန်းမကြီးက ပျော်နေပုံရတယ်။ ကျွေးတော့လည်း ကလေးတစ်ယောက်လို အားရပါးရ စားရှာတယ်။

            ရင်းနှီးလာတော့ မိန်းမကြီးအကြောင်း သိလာရတယ်။

            ကျုပ် ထင်တဲ့အတိုင်း မင်းကတော်၊ သူဌေးမကြီးပဲ။ သားတွေက နိုင်ငံခြားမှာ၊ သမီးက ဆရာဝန်မကြီးတဲ့။

□

            ကျွန်မ အိမ်ပေါ်က လိမ့်ကျပြီး ဆေးရုံတက်နေရတယ်လို့ မြကြူကို သီတာ့ဆီ ဖုန်းဆက်ခိုင်းလိုက်တယ်။ နိုင်ငံခြားက သားတွေကိုလည်း အကြောင်းကြားပေးဖို့ ဆက်မှာခိုင်းတယ်။

            ကျွန်မစိတ်ထဲ ကျွန်မ ဆေးရုံတက်ရတယ်ဆိုရင် သားသမီးတွေ ပြေးလာကြမယ်။ သားတွေက နိုင်ငံခြားက လာရလို့ နောက်ကျတောင် သီတာက ချက်ချင်း ရောက်လာမယ်လို့ ထင်ခဲ့တယ်။

            ဒါပေမယ့် မြကြူဖုန်းဆက်ပြီးတော့ ပြန်ပြောတဲ့ စကားအရ သူ့ကလေးငယ် နေမကောင်းနေလို့ မလာနိုင်သေးကြောင်း၊ ကျွန်မကို စိတ်မပူဖို့ ပြောပေးရန်နဲ့ ဆေးရုံအုပ်ကြီးက သူ့သူငယ်ချင်းမို့ ဖုန်းဆက်ပြီး အမေ့ကို ဂရုစိုက်ဖို့ ပြောလိုက်မယ်ဆိုတဲ့ အကြောင်း၊ ကျွန်မအတွက် သူနာပြုဆရာမတွေ ငှားပေးဖို့နဲ့ ဆေးဝယ်ဖို့အတွက်လည်း သူ စီစဉ်လိုက်မယ်ဆိုတဲ့ အကြောင်း၊ အရေးကြီးရင် လိုက်လာမယ်ဆိုတဲ့အကြောင်းတွေ ကြားရတော့ ကျွန်မ ဝမ်းနည်းသလို ခံစားလိုက်ရတယ်။

            သီတာ ဖုန်းဆက်လိုက်လို့ ထင်တယ်။ ဆေးရုံအုပ်ကြီးနဲ့ ကျွန်မကို ကုနေတဲ့ ဆရာဝန်ကြီးတို့ လာကြပါတယ်။

            'အမေကြီး လိုတာရှိ ပြောနော်။ ကျွန်တော်က မသီတာသူငယ်ချင်းပါ'လို့ ဆေးရုံအုပ်ကြီးက ပြောတယ်။

            ကျွန်မအတွက် အိပ်ရာခင်းကိုလည်း လဲပေးကြပါတယ်။ (ဒီတော့မှ ဗီရိုထဲက အိပ်ရာခင်းသစ်တွေနဲ့ စောင်တွေကို သတိရမိတယ်)

            ဆရာမကိုလည်း နေ့တစ်ယောက်၊ ညတစ်ယောက် ထားပေးကြပါတယ်။

            သားတွေကို မျှော်ပေမယ့် ရောက်မလာကြပါဘူး။ အီးမေးလ်နဲ့ စာတွေသာ ရောက်လာကြပါတယ်။ အမေ ဘာမှအားမငယ်နဲ့၊ ကျန်းမာအောင် ဂရုစိုက်ပါ။ ငွေကုန်ချင်သလောက် ကုန်ပါစေ။ ဆေးကုပါ။ ကျွန်တော်တို့ ငွေလှမ်းပို့ပါ့မယ်နဲ့။ သူတို့စာတွေကြောင့် ကျွန်မ အားမတက်မိတဲ့အပြင် ရင်ထဲမှာ ငိုမိပါတယ်။

            ကျွန်မ မြင်ချင်တာက သူတို့ရဲ့မျက်နှာလေးတွေ။ ကျွန်မ ကြားချင်တာက သူတို့ရဲ့ စကားသံလေးတွေ၊ ကျွန်မ လိုချင်တာက သူတို့ရဲ့မေတ္တာပါ။ ငွေ မဟုတ်ပါဘူး။

            ဟို ပိန်ပိန်ပါးပါး မိန်းမကြီးဆိုရင် လက်ကလေး ကျိုးတာလောက်နဲ့ သားသမီးတွေက ဝိုင်းပြီး ပြုစုနေလိုက်တာ။

            ကျွန်မဆီကိုတော့ ဘယ်သားသမီးမှ မလာနိုင်ကြတော့ဘူးတဲ့။

            ဒီလောက် ဖြစ်နေတာတောင် မလာနိုင်ကြတာ။ သေများသွားရင်...

            ဟူး... ကျွန်မ ဆက်မတွေးရဲတော့ဘူး။ ဆက်တွေးမိရင် ဆေးရုံကြီး မျက်ရည်ထဲ မျောသွားအောင်ထိ ကျွန်မ ငိုမိလိမ့်မယ်။

▀

မေတ္တာရည်၍

မင်းတင်ထွဏ်း

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။