ရွှေဝတ္ထု

ဆေးခါးပင်ပျို

ဝင်းဝင်းမြင့်၊နန်းတော်ရှေ့၊

01 July 2026
ဆေးခါးပင်ပျို
Share to

            နာရီနှိုးစက်မြည်သံနှင့် တူသောသတင်းသည် အိမ်ထောင်စုလေးစုထံသို့ တစ်ချိန်တည်းအတွင်းမှာပင် ပျံ့နှံ့သွားခဲ့သည်။ ပန်းသတင်းကို လေညင်းဆောင် ယူသည်ထက်ပင် မြန်ချင်မြန်နေဦးမည်။ ထိုအခါ ဘဝရေစီးတွင် ကိုယ်ပိုင်မူဟန်များနှင့် အသီးသီး စီးမျောနေခဲ့ကြရာမှ ဦးလည်ဆန့်ကြရလေပြီ။

            ဘိုးဘိုးကြီး၏ မိသားစု သစ်ပင်အောက်မှာ ရှင်သန်ခဲ့ကြရခြင်းကို မောင်နှမများက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ တစ်မြို့တစ်ရွာတည်းပေမယ့် အိုးသစ်အိမ်သစ်တွေ ထူထောင်ကြလျက် ဘဝကိုယ်စီနှင့် တစ်ပွင့်စီ ပြန့်ကျဲခဲ့ကြဆဲမှာပင် 'ဘိုးဘိုးကြီး

အလည်လာတော့မယ်' ဟု ကြားရသည်နှင့် ကိုယ့်အရောင် ကိုယ့်အသွေးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ပြန်လည် အရောင်တင်ကြရပေဦးတော့မည်။

            ဘိုးဘိုးကြီးသည် သစ်ပင်လေးပင်ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ ဘဘဦးကိုကိုက အကြီးဆုံးသစ်ပင်။ ဘဘ ဦးညီညီက ဒုတိယအပင်။ မေမေ ခင်ခင်လေးက တတိယအပင်ဖြစ်ပြီး အန်တီထွေးလေးက အငယ်ဆုံး အပင်လေးဖြစ်သည်။ မေမေ ခင်ခင်လေး၏ တစ်ဦးတည်းသော သားဖြစ်သည့် ကိုထက်သည် တစ်ဝမ်းကွဲဟု ဆိုသော်လည်း သွေးသားတော်စပ်ခဲ့ရသည့် ဘိုးဘိုး၏ သစ်တောကြီးထဲမှ အပင်ပျို၊ အပင်ရိုင်း အားလုံးအပေါ်တွင် အမျိုးကို ချစ်သောစိတ်နှင့် တွယ်တာခဲ့လေသည်။

            ကိုထက်၏ ရင်ထဲတွင် တစ်ဝမ်းကွဲ မောင်နှမများနှင့် ပတ်သက်ပြီး အမျိုးမျိုး အဖုံဖုံ ခံစားခဲ့ရဖူးသည်၊ ဝမ်းနည်းခဲ့ရဖူးသည်၊ ကြေကွဲခဲ့ရဖူးသည်၊ အားမလို အားမရလည်း ဖြစ်ခဲ့ရဖူးသည်။ နောက်ဆုံးမှာတော့ မမျှော်လင့်စွာပင် စိတ်တွေလည်း ကမ္ဘာခြားသလို ခံစားခဲ့ရသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အကြောင်းတစ်ခုခုကြောင့် မောင်နှမတွေအားလုံး သံသယကင်းစွာ ပြန်လည် ချစ်မြတ်နိုးပြီး ပျော်စရာ ကောင်းလာလေမလားဟု မျှော်လင့်မိလေသည်။

            အဓိက ဘိုးဘိုးကြီးလို မျိုးဆက်သစ်ပင် အားလုံး၏ ခိုမှီးရာ၊ သြဇာညောင်းရာ ပုဂ္ဂိုလ်ကြီးမျိုး ရောက်လာသော အချိန်အခါမျိုးသည် ကိုထက်မျှော်လင့်သောအချိန် ဖြစ်ကောင်း ဖြစ်နိုင်ပါပေရဲ့။

            မေမေက ဘဘဦးညီညီ၏ အိမ်သို့သွားရန် ကိုထက်ကို စေခိုင်းခဲ့လေသည်။ ကိုထက်တို့အိမ်နှင့် အလှမ်းဝေးပြီး ကိုထက် သိပ်မသွားလိုခဲ့ပေမယ့် သွားတော့ သွားရမည်ပင်။ ကိုထက်က ဘဘ ဦးကိုကိုကိုတော့ ချစ်သည်။ ကိုထက်ချစ်သော ဘွားဘွားကြီးနှင့် ချွတ်စွပ်။ စိတ်ရော လူပုံပါ ဘွားဘွားကြီး။ စိတ်အေးချမ်းတာအစ အလွန်တူလှသည်။

            ထို့ကြောင့် ဘိုးဘိုးကြီးက ဘဘဦးကိုကိုကို 'ငတုံး၊ အလကားကောင်၊ လူမဖြစ်ဘူး'ဟု ဘယ်သောအခါမှ အထင်မကြီးလေသူပင်။ ထို 'ငတုံး' ဆိုသူကိုမှ ကိုထက်က 'ရှယ်ပဲ'ဟု ဂုဏ်ယူမိ သောကြောင့် ဘိုးဘိုးကို အားနာရမလို ဖြစ်ခဲ့ရသေးသည်။ တကယ်တော့ ဘဘဦးကိုကိုကိုသည် 'လူမှန်'ဟု ဖေဖေပြောသလိုပင် ကိုထက်ကလည်း သံတူထပ်၍ ချီးကျူးချင်ခဲ့သည်။ ဒါပေမယ့် ဘဘဦးကိုကိုမှာ အမြင်ဖြင့် အထင်ကြီးစရာ ဘာမှရှိမနေရှာပေ။ သူက ကျောင်းဆရာဖြစ်သည်။ သူ့မိန်းမကလည်း ဆရာမဖြစ်သည်။ သူတို့အိမ်မှာဖြင့် စာအုပ်တွေ၊ စာအုပ်တွေ တပ်တပ်ကြမ်း။ ဒါပေမယ့် ကိုထက်၏ဝမ်းကွဲ ညီ၊ ညီမလေးများမှာတော့ သူ့အဖေ၊ သူ့အမေနှင့် ဘယ်လိုမှ ဆက်စပ်၍မရအောင် အူအူအအလေးတွေပင်။

            'ဟဲ့... ကိုထက်၊ ဘာတွေထိုင်ငေးနေတာလဲ။ တီတီတို့က ပွဲတစ်ခုသွားရမှာမို့။ အလည်သက်သက် လာတာလား'

            ဘဘဦးညီညီ၏ မိန်းမသည် မင်းသမီးရှုံးအောင် ပြင်ဆင်၍ ဧည့်ခန်းသို့ ဝင်လာရင်း အပြင်ထွက်မည့်အကြောင်း တစ်ခါတည်း အသိပေးလေသည်။ တီတီ့အကြောင်းကို သိပြီးသားမို့ ကိုထက်မှာ အိပ်ရေးပျက်ခံပြီး အစောကြီး ထလာခဲ့ရသည်။

            'မေမေ ပြောခိုင်းလို့ တီတီရ။ ဘိုးဘိုးကြီးလာရင် မေမေ့ဆီမှာ ထားရမှာလား၊ တီတီတို့ ခေါ်မှာလားတဲ့'

            'အင်း... ဘယ်လိုပြောရမလဲ။ ဖေဖေ စိတ်တိုင်းကျတဲ့နေရာမှာ နေလို့ဖြစ်ပါတယ် သားရဲ့။ လာတော့မှ နေချင်တဲ့နေရာ ထားရုံပဲဆိုပြီး တီတီတို့တော့ အေးအေးဆေးဆေး နေနေကြတာ။ မလေး က ဘာတွေပြင်ဆင်ဦးမလို့တဲ့လဲ'

            'သိပါဘူး တီတီရယ်။ မေမေလွှတ်လို့ သားလာရတာ။ နိုးနိုးတို့ကိစ္စ ပြီးသွားပြီလား'

            'အေး... အဲဒါလေး ကြိုပြောထားမလို့။ သား ရောက်လာတာနဲ့ အတော်ပဲ။ နိုးနိုးကောင်လေးဘက်ကို ပြောတော့ ပြောထားတယ်။ ဖေဖေလာရင် နိုးနိုးကို ဟန်မပျက် အိမ်မှာ ပြန်ခေါ်ထားဦးမယ်လို့လေ။ သား ဘဘကို တို့အိမ်ရောက်ရင်လည်း ပြောပေးဦး။ နောက်ပြီး အန်တီသွေးကိုရော...ကြားလား။ လူကြီးကို ခဏလာတုန်း စိတ်ဆင်းရဲမစိုးလို့လို့နော်။ သားပြောပေးဦး'

            စောစောစီးစီး တီတီက အတတ်ကောင်းကို သင်ပေးသည်။ သူ့ကိုပြောလျှင် ရယ်ကျဲကျဲနှင့် 'ဟဲ့... ဒါဥပါယ် တံမျဉ်ခေါ်တယ်။ ဘာနားလည်လို့လဲ။ အစစအရာရာ အဆင်ပြေအောင် ဖန်တီးမှု စွမ်းရည်ဆိုတာ လိုတယ်နော်... တက်လူ'

            တီတီက ကိုထက်ကို တက်လူဟု ခေါ်လေသည်။ ကိုထက်ကို တီတီက အလွန်ချစ်သည်။ သားတွေထက်ကို ချစ်သည်ဟု ခဏခဏပြောသည်။ နာမည်နှင့်လိုက်အောင် ထက်ထက်မြက်မြက် ရှိလွန်းလို့တဲ့။ ကိုယ့်ကို ချီးကျူးပြီး ချစ်သည်ဆိုသော ချိုမြိန်မှုကြီးကို ကိုထက် သဘောကျလေ၏။ ဒါပေမယ့် တီတီ့ကို တစ်ခါတလေမှာ သဘောမကျပေ။

            တီတီနှင့် ဘဘဦးညီညီတို့ကတော့ မြားနတ်မောင် မြားစွမ်းထက်လှသော ဇနီးမောင်နှံပင်။ ရှေ့သွားနောက်လိုက် ညီလွန်းလှသည်။ ဘဘဦးညီညီ၏ ပညာရေးက ဘာရှိမှာလဲ။ တက္ကသိုလ် ဝင်တန်းတောင်မှ (ခ)အဆင့်နှင့် အောင်ခဲ့သူမဟုတ်။ ဒါပေမယ့် လုပ်တတ်ကိုင်တတ်၊ လှည့်တတ်ပတ်တတ် လိုက်သည်မှာကတော့ တကယ့်ကို ဘိုးဘိုးကြီး လက်ကျ။ တီတီမှာဖြင့် ရှစ်တန်းတောင် အောင်ခဲ့ပါရဲ့လားမသိ။ သူတို့နှစ်ယောက် ပေါင်းစပ်ခဲ့ပုံမှာတော့ အို... ဘိုးဘိုးကြီး၏ သစ်ပင်လေးပင်မှာ ထိုအပင် အမြင့်ဆုံးပင်။ ကိုထက်တို့ မေမေရော၊ ဘဘဦးကိုကိုရော၊ အန်တီထွေးလေးကိုပါ ကျော်လွှားပြီး မိုးထိမြင့်မားနေသည့် အပင်ကြီးလည်း ဖြစ်လေသည်။

            'ကိုထက်... သား အားတဲ့နေ့မှာ ဆိုးဆိုးကို သွားကြည့်ပေးဦး။ မင်း ဘဘညီ မသိစေနဲ့။ သွားခါနီးရင် တီတီ့ဆီက ပိုက်ဆံလာယူပြီး ဘာလေးညာလေး ဝယ်သွားပေးဦးနော်'

            'သား ဟိုတစ်နေ့က ရောက်သေးတယ် တီတီ။ ဒီကောင် ခုတော့ဟုတ်နေသလိုပဲ။ သူကြိုက်တဲ့ ကြက်ကင်လည်း ဝယ်သွားတယ်။ မေမေက သူ့ဖို့အကြော်အလှော်တွေလည်း အများကြီး လုပ်ပေးလိုက်တယ်။ ပြန်လည် ထူထောင်ရေးမှာ စိတ်ချရရင် အိမ်ပြန်လို့ရပြီလို့တောင် ဆရာဝန်က ပြောလိုက်သေးတယ်။ ဘိုးဘိုးကြီး အလာနဲ့ သူ အိမ်ပြန်အရောက်နဲ့ အကိုက်ပဲ'

            'အာ... မဖြစ်ဘူး။ ဟဲ့... ကိုထက်ရဲ့၊ မဖြစ်ဘူး။ သူ့အကြောင်း ဖေဖေ ဘာမှမသိဘူး။ သူ့ကို စင်ကာပူ ပို့ထားတယ်လို့ပဲ ပြောထားတာ။ အဲ... ဒုက္ခပဲ။ သူ့ကို ဟိုမှာ ဆက်ထားလို့မရဘူးလား'

            တီတီက ပြူးတူးပြဲတဲ၊ အလန့်တကြားနှင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ကိုထက် မကြိုက်တဲ့ထဲမှာ ထိုကိစ္စသည် အဓိက။ လွှတ်ခနဲ တစ်ခုခုပြောမည်ဟု စဉ်းစားပြီးမှ တီတီ့ကို မပြောဘဲ မေမေ့ကိုသာ ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

            'တီတီ... ဒီကြားထဲ အိမ်လာဦးမှာ မဟုတ်လား'

            'လာမှာပေါ့ သားရယ်။ ကိုကိုလေး ခရီးသွားဖို့ရှိလား'

            တီတီက ဖေဖေ့ကို ဘယ်တော့မှ မျက်နှာချင်းဆိုင်လေ့မရှိပေ။ ကိုထက်၏ ဖေဖေ့ကို တစ်မျိုးလုံးက လေးစားကြသည်။ အထူးခွဲ စိတ်ကုသမားတော်ကြီးလည်း ဖြစ်ပြီး ပါမောက္ခလည်း ဖြစ်သောကြောင့် လေးစားခြင်းထက် နှုတ်နည်းပြီး အနေအေးကာ အပိုအဆာ မကြိုက်တတ်သော စိတ်သဘာဝကို ရှိန်ကြဟန်တူပါရဲ့။ ဘာပဲဖြစ်ဖြစ် မေမေ့ကိုသာ တီးတိုးတီးတိုး စကားဆိုကြလေသည်။

            'မေမေနဲ့ တွေ့တော့မှပဲ ဆိုးဆိုးအကြောင်းပြောတော့မယ် သားရယ်။ တီတီ သွားလိုက်ဦးမယ်။ မင်း ဘဘညီက ဟိုကစောင့်မှာလေ။ သားလေး တစ်ခုခု စားပြီးမှပြန်နော်။ တီတီ့ကိုတော့ Excuse me '

            ဟား... 'တီတီတို့ မိုက်တယ်' ဆိုတာဒါပဲ။ ဆရာဝန်ကြီးကတော် မေမေ့ထက်တောင် အိုတွေကေနေသေးဟု တွေးပြီး ကိုထက်မှာ ပြုံးရသေးသည်။ တီတီ့အိမ်သို့ ရောက်လျှင် ဘာစားမယ်၊ ညာစားမယ် ပြောစရာမလို။ ကိုထက်အကြိုက်ကို အားလုံးက သိပြီးသား။ အပူလား၊ အအေးလား၊ အရည် ချည်းပဲလား၊ အဖတ်ရောလား ဘယ်အချိန်မှာ ဘာစားတတ်ပြီး ဘာကြိုက်သလဲ အားလုံးသိပြီးသား။ တီတီ့ အိမ်ရိပ်ထဲမှာ သက်မဲ့မှန်သမျှ လိုတရ။ သက်ရှိ သားနှင့်သမီးကိုသာ လိုလည်းမရ၊ တလည်း မရ။

            တစ်ယောက်က ဘိန်းဖြူစွဲနေ၍ တရားဝင်ဆေး ဖြတ်နေရသည်။ တစ်ယောက်ကတော့ ကောင်လေးတစ်ယောက်နှင့် ခိုးရာလိုက်ပြေးသည့်ကိစ္စကြီးက မပြီးပြတ်သေး။ ဘာပဲဖြစ်ဖြစ် တီတီက အရာအားလုံးကို အဆင်ပြေအောင် ဖန်တီးတတ်သူ ဖြစ်သည်။ ဟုတ်တာ မဟုတ်တာ၊ မှန်တာ မမှန်တာ ကတော့ တီတီ့အာရုံထဲမှာ ဘာမှမရှိ။ ငွေရှိပြီး ဖန်တီးတတ်တာကတော့ သူမတူအောင်ပင် ကျွမ်းကျင်လှသူ ဖြစ်သည်။

            'ဟင်...ကိုထက် ပြန်တော့မှာလား။ ဒီမှာ မင်းကြိုက်တဲ့ သီးစုံထမင်းကြော် ကြော်မလို့။ ပြီးမှပဲ တစ်ခါတည်းကျွေးဖို့ ခေါ်တော့မယ်ဆိုပြီး ဒေါ်ကြီးက အမြန်လုပ်နေတာ သားရဲ့'

            ကိုထက် ပြန်တော့မည်ဆိုမှ ထမင်းချက် ဒေါ်ကြီးက ဧည့်ဝတ်ကျေနေပြန်သည်။ နိုးနိုးတို့၊ ဆိုးဆိုးတို့လို ဒေါ်ကြီးပေါ်မှာ ဂျီမကျသောကြောင့် ဒေါ်ကြီးကလည်း ကိုထက်ကို ချစ်သည်။

            'ဒီနေ့တော့ စားလို့မဖြစ်တော့ဘူး ဒေါ်ကြီးရေ။ တီတီခိုင်းတာတွေ ဆက်လုပ်ရဦးမယ်၊ လစ်ပြီနော်'

            ဒေါ်ကြီးအတွက် ဆိုင်ကယ်စက်သံကိုသာ ချန်ရစ်ခဲ့ပြီး ဘဘကိုတို့အိမ်သို့ အသော့နှင်ရသည်။ ရှစ်နာရီကျော်လျှင် သော့တစ်လုံးကိုသာ တွေ့ရမည်ဖြစ်သော ဘဘကိုတို့အိမ်သည် တီတီတို့နှင့် အတော်လှမ်းပြန်သည်။

            ဘဘကို၏ အိမ်ကို သွားမည်ကြံတိုင်း ဖေဖေမှာထားသော စကားကို ကြားနေမိရင်း အိတ်ကို စမ်းရ၏။ တစ်ခါတလေမှာတော့ ကိုထက်ပိုက်ဆံအိတ်ထဲတွင် တစ်ထောင်ထက် ပိုမရှိတတ်။ ဖေဖေက...

            'သားရယ်၊ ဘဘကိုတို့ အိမ်ကိုသွားရင် လက်ချည်း ဘယ်တော့မှ မသွားပါနဲ့။ ဘဘတို့အတွက်ဖြစ်ဖြစ်၊ ညီလေးတွေ၊ ညီမလေးတွေအတွက်ဖြစ်ဖြစ် တစ်ခုခုလေးတော့ ပါအောင်ဝယ် သွား' ဟု ကိုထက်ကို ငယ်ငယ်ကတည်းက အကျင့်လုပ်ပေးထားသည်။ တစ်ဦးတည်းသော သားဖြစ်သည့် ကိုထက်သည် မောင်နှမတွေ အားလုံးကို ချစ်သည်။ ဒါပေမယ့် နောက်ပိုင်းမှာ ချစ်ရသည့်အချစ်က မတူတော့ပေ။ ဆိုးဆိုးနှင့်နိုးနိုးကို စိတ်မောစွာ ချစ်ရသည်။ ဘဘကို၏ သမီးအကြီးဆုံး ဝတုတ်ကလေး ဆုံဆုံက လိမ္မာပြီး စာတော်သည်။ အလတ်ကောင် ယုန်ကလေးကတော့ အခြောက်ကလေးလိုပင်။ အငယ်ဆုံး ပုံပုံက ချစ်စရာ အကောင်းဆုံး၊ အသွက်ဆုံး၊ တီတီတာတာ အရှိဆုံး။ ဘဘကို၏ အသက်နှင့်စာလျှင် ကလေးတွေက အလွန်ငယ်သည်။ ဘဘကိုနှင့် ကြီးကြီးငြိမ်းက အပျိုကြီး၊ လူပျိုကြီးတွေ ဟိုင်းမှ ယူဖြစ်ကြတာဆိုတော့ သူတို့အိမ်ကိုရောက်လျှင် ကိုထက်မှာ 'လူကြီးမော မောမိပါရဲ့'ဟုပင် ညည်းခဲ့ရဖူးလေသည်။

            'ဟေး... ကိုကိုထက်ကြီးလာတယ်။ ကိုကိုထက်လာတယ်'

            ကလေးတွေက ကိုထက်လက်ထဲမှ မုန့်များကို အပြေးအလွှား ကြိုကြသည်။

            'ဘဘကိုရယ် ကျောင်းများ သွားကြပြီလားလို့ တီတီတို့အိမ်ကနေပြီး အပြေးလာရတာ'

            'ဒီနေ့ ဥပုသ်နေ့ဆိုတော့ ကျောင်းပိတ်တယ်ကွ။ အတော်ပဲ မင်းကြီးကြီးငြိမ်း မုန့်ဟင်းခါး ချက်နေတယ်။ အရေးတကြီး ပြန်မှာလား'

            'သား အေးအေးဆေးဆေး နေမှာပါ။ ပြီးမှ မေမေ့ဆီ ဖုန်းဆက်လိုက်မယ်။ ဘဘကို့ဆီကို တီတီ လွှတ်လိုက်လို့'

            'အင်း... ဘာတဲ့လဲ၊ ဆယ့်နှစ်ကြိုးမင်းသမီးက'

            ဘဘကိုက တီတီ့ကို ကွယ်ရာမှာ ဆယ့်နှစ်ကြိုး မင်းသမီးဟု ခေါ်သည်။ သိပ်လည်း ခေါ်ခေါ်ပြော ပြော မလုပ်လှပေ။ ကိုထက်ကတော့ ဆွေမျိုးမိသားစုထဲမှာ အလိုလိုနေရင်း ဆက်သား ဖြစ်ခဲ့ရသည်။

            'ဘိုးဘိုးကြီး လာရင်တဲ့ အဆင်ပြေအောင်တဲ့ ဘဘတို့အိမ်အတွက် လိုအပ်မယ်ထင် တာလေးတွေကို လာပို့ပြီး ခင်းကျင်းပေးထားပါမယ်တဲ့။ နောက်ပြီး နိုးနိုးနဲ့ဆိုးဆိုး အကြောင်းကိုတော့ ဖုံးကွယ်ထားပေးပါတဲ့။ ဘိုးဘိုးကြီးက ခဏလာတာဆိုတော့ စိတ်မကောင်းဖြစ်မှာ စိုးလို့ပါတဲ့'

            'ငါ စိတ်ကုန်တယ် ကိုထက်ရာ။ အဖေက သားသမီးတွေဆီ အလည်လာတာပဲ။ ဒါတွေ လိုသလား။ ဟိုကိစ္စတွေ သူ့ဟာသူ ဖုံးဖုံးဖော်ဖော် သူ့ကိစ္စ။ ထားပါတော့ဆိုတာတောင် မကောင်း ဘူးနော်။ သူ ဒီလိုလုပ်လို့ ကလေးတွေ ဒုက္ခရောက်တာ။ ငါ့မှာ အစ်ကိုကြီးပေမယ့်လည်း ညီညီ့ကို ဘာမှ မပြောနိုင်ဘူး ဖြစ်နေတယ်'

            ကိုထက်၏ ဘကြီးများ၊ အဒေါ်များသည် တစ်ယောက်တစ်နေရာစီ နေကြလျှင် အလွန်အဆင်ပြေ လေ့ရှိပြီး အကြောင်းကိစ္စ တစ်ခုခုကြောင့် ပေါင်းစည်း ကြရတော့မည်ဆိုလျှင် စိတ်မောစရာ အသီးသီး ပေါ်လာလေ့ရှိကြသည်။ ဘဘကို ပြောသလိုပင် အဖေက သားသမီးတွေဆီ အလည်လာတာဟု ရိုးရှင်းစွာ တွေးလျှင် ဖြစ်သော်လည်း ဒီထက်တော့ အသွင်ဆန်းနေသေးတာ ကိုထက်သိလေသည်။ ဘဘကိုက မသိခြင်းလား၊ သို့တည်းမဟုတ် သိလျက် အသိအမှတ်မပြုခြင်းလား။ အဲဒါကိုပင် ကိုထက် မသိနိုင်ခဲ့ပေ။

            ဘိုးဘိုးကြီးသည် ဘွားဘွားကြီး ကွယ်လွန်ခဲ့ပြီး နောက်အိုးသစ်အိမ်သစ် ထူထောင်ကာ တစ်မြို့တစ်ရွာမှာ နေသည်။ ပင်စင်စား အရာရှိကြီးအဖြစ်ရော၊ ကုမ္ပဏီပိုင်ရှင်ကြီးအဖြစ်ပါ လျှမ်းလျှမ်းတောက်သော စီးပွားရှင်ကြီးအဖြစ် ရပ်တည်ဆဲ။ ဘိုးဘိုးကြီးတစ်ယောက်တည်းမဟုတ်၊ ဘွားဘွားလေးပါ ပါလာမည့် ခရီးစဉ်အတွက် အရေးတကြီး စိတ်လှုပ်ရှားသော မိသားစုက ဘဘညီနှင့်တီတီ။ ပြီးတော့ မေမေ။ ဘဘကိုလို တွေးလျှင်လည်း ရတာပဲဟု ကိုထက်မှာ အမြင်သစ်တစ်ခုတော့ ရသွားခဲ့သည်။

            ထိုနေ့က ဘဘကိုတို့ အိမ်မှာ အတော်ကြာကြာနေပြီး ကြီးကြီးငြိမ်း၏ မုန့်ဟင်းခါးကို နှစ်ခါပြန်လောက် စားလိုက်၊ ဘဘကိုနှင့် အရာရာကို ဆွေးနွေးလိုက် တော်တော်လေး အကျိုးရှိခဲ့သည်။ ဘဘကိုသည် ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်ရသော်လည်း နည်းစနစ်များ ကိစ္စတွေကိုတော့ ကိုထက်လို ကွန်ပျူတာတက္ကသိုလ်ကျောင်းသား အဆင့်ထက် မနိမ့်အောင် သိနေသူဖြစ်သည်။ အိုင်တီအကြောင်းတွေကို အပြန်ပြန် အလှန်လှန် ပြောဖြစ်ကြသောအခါလာရင်း ကိစ္စပင် ပျောက်သွားလေသည်။

            'သားရာ၊ ဘာပဲဖြစ်ဖြစ် မှိန်သင့်တာတွေ မှိန်ပြီး စဉ်းစားကွ။ လောကမှာ အရာတိုင်း အရေးမကြီးဘူး။ ကိုယ်တကယ် ဘာလုပ်ရမှာလဲ ဆိုတာသာ မပျောက်စေနဲ့'

            ဘဘကိုကတော့ အိမ်အထွက်အထိ လိုက်လာပြီး ပြုံးပြုံးပြုံးပြုံးနှင့် မှာတမ်းတွေ ခြွေလိုက်သေး။

            ကိုထက်က 'မထူးပါဘူးလေ'ဆိုပြီး အဒေါ်အငယ်ဆုံး အန်တီထွေးလေးဆီသို့လည်း လှည့်ဝင်ရန် စိတ်ကူးရ၍ အန်တီထွေးလေးရှိရာ တိုက်ခန်းဆီသို့ ဦးတည်ခဲ့သည်။ အန်တီထွေးလေး၏ မူဟန်က ဘယ်သူနှင့်မှ မတူညီသော အသွင်ဆန်းတစ်မျိုး ဖြစ်လေသည်။ မေမေတို့၊ တီတီတို့ အမြင်မျိုးနှင့် မကြည့်ဘဲ ပေါ့ပေါ့ပါးပါး အမြင်မျိုးနှင့်ကြည့်လျှင် အန်တီထွေးလေးထံမှ ရယ်စရာတစ်ခုခုကတော့ ရစမြဲ ပင်။ မေမေတို့ကတော့ အန်တီထွေးလေးကို အငယ်ဆုံးဖြစ်ပြီး ရင့်လွန်းလို့တဲ့။ ဘာပဲပြောပြော အန်တီထွေးလေး၏ ထူးခြားချက်က အလွန်လှပခြင်းနှင့် သူများ ခေါင်းညိတ်အောင် ပြောတတ်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ပွဲစားလောကမှာ ထွေးမှထွေး ဖြစ်နေသလား မသိ။

            သူများပွဲစားတွေက စိန်ဆို စိန်၊ ကားဆို ကား၊ အိမ်ခြံမြေဆို သီးသန့် သူ့လိုင်းနှင့် သူ ဖြစ်လေ့ရှိသော်လည်း အန်တီထွေးလေးက လိုင်းပေါင်းစုံ ဖြစ်လေသည်။ ထို့ကြောင့်လည်း ပွဲစားလူ လည်တစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။ ကလေးကတော့ မရှိပေ။ အန်တီထွေးလေးနှင့် သူ့ပွဲစားကို မေမေတို့က အရေးအရာ မထားခဲ့ကြပေ။ 'သိပ်ရိုင်းတဲ့ ကောင်လေး'ဟု မေမေက ခဏခဏ မေတ္တာပို့ခဲ့သူပင်။

            ကိုထက်ကတော့ ဘာရယ်မဟုတ်။ အားလုံးနှင့် ပြောပြောဆိုဆို ရယ်ရယ်မောမောနေရတာ သဘောကျလေသည်။ ထို့ကြောင့်လည်း ကိုထက်ကို အားလုံးက ချစ်ခင်တွယ်တာကြ၊ ရင်ဖွင့်ကြသည်။ ထိုအခါ အားလုံးကို နားလည်ခွင့်ရလေသည်။

            'အမယ်လေး... ကိုထက်ရယ်၊ နေနိုင်လိုက်တာ။ မင်းနော်... အန်တီထွေးလေး ရှိသေးတယ်လို့များ ထင်သေးရဲ့လား...ဟင်' အဲဒီလို ကြိုဆိုတတ်သူ ဖြစ်လေသည်။

            'လက်ကိုင်ဖုန်းကြီး ကိုင်ထားပြီး အန်တီထွေးလေးကရော သားကိုတောင် သတိတရ ဖုန်းဆက်လို့လား'

            'ဆက်ပေါင်၊ နင့်အမေ ငါ့အစ်မနဲ့ ပြောမိမှာ ကြောက်လွန်လွန်းလို့။ နေပါဦး၊ နင် လာတာ ဖေဖေလာမယ့် ကိစ္စလား'

            'ဘာရယ် မဟုတ်ပါဘူး အန်တီထွေးလေးရာ။ သား ဒီနားရောက်လို့ သတိရလို့ ဝင်လာတာပါ။ ဘိုးဘိုးကြီးလည်း လာတော့မယ် ထင်တယ်နော်'

            'အေးလေ... ငါ ဓာတ်ကျနေပါတယ်ဆို'

            'ဟောဗျာ... ဘာဖြစ်လို့လဲ'

            'ငါ ခုတလော အရမ်းထိနေတယ်။ ရှုံးလိုက်တာ ရှုံးလိုက်တာမှ ခွက်ခွက်ကိုလန်လို့။ အရေးထဲ စိန်တွေက အလိမ်ခံလိုက်ရသေးတယ်'

            ကိုထက်သည် စိတ်ထဲက 'ဖြစ်ရမှာပေါ့'ဟု ပြောမိသော်လည်း တကယ်တော့ ငြိမ်နေရသည်။

            'ဖေဖေလာရင် ငါ့အိမ်တောင် ဘယ်အိမ်ပါလို့ ပြောဖို့ ခက်နေပြီ'

            'ဗျာ' ကိုထက်က အံ့သြကြီးစွာဖြင့် အန်တီထွေးလေးကို ငေးကြည့်ရသည်။ 'မင်း ဒီနေ့ရောက်လို့။ နောက်နှစ်ရက်လောက်ဆိုရင် အန်တီထွေးလေးကို ဘယ်ရှာရမှန်းတောင် သိမှာမဟုတ်တော့ဘူး။ ငါ ဒီအိမ်ရောင်းရမယ်'

            'ဘာတွေ ဖြစ်ကုန်တာလဲ။ ဦးဦးလေးကရော'

            'နင့်ဦးဦးလေး ငါ့ကို သစ္စာဖောက်သွားတာ အတိအကျ ငါးလကျော်ခဲ့ပြီ ကိုထက်။ သူ ဟိုမိန်းမနဲ့ ယူလိုက်ပြီတောင် ထင်တာပဲ'

            'အန်တီထွေးလေးရယ်၊ ဒါလောက် ဖြစ်နေတာတောင် ပြောပါတော့'

            'ဘယ်သူ့ကို ပြောရမှာလဲ။ ဘာပဲပြောပြော ငါ့ကိုပဲ အပြစ်တင်ခံရမှာ။ ငါ ဘယ်သူ့ကိုမှ မပြောချင်ဘူး။ ခုလည်း မင်းရောက်လာလို့။ ငါ အားလုံးကို စိတ်ကုန်နေပြီ'

            အန်တီထွေးလေး၏ ဝေဒနာ အတိမ်အနက်ကို တွေးဆမိသောကြောင့် တစ်ခုခုလုပ်ပေးရန် လိုအပ်နေပြီ။ စိတ်ပူစရာ အကောင်းဆုံး အခြေအနေ ရောက်ပြီဟု သတိရလိုက်သည်။ တကယ်တော့ အန်တီထွေးလေးသည် ဘိုးဘိုးကြီး၏ သားသမီးတွေထဲမှာ ဘိုးဘိုးကြီးထံမှ အမွေအများဆုံး ရထားသောသူ။ စည်းလွတ်ဝါးလွတ် အလိုလိုက်ခံခဲ့ရသောသူလည်း ဖြစ်သည်။ အန်တီထွေးလေး၏ အမျိုးသားသည် ဂစ်တာသမားလိုလို၊ အဆိုတော်လိုလို၊ ပွဲစားလိုလို 'လိုလို'ထဲ က ဖြစ်သည်။

            ထို့ကြောင့်ပင် မေမေတို့၊ တီတီတို့က အန်တီထွေးလေးကို ထိုသူနှင့် မယူဖြစ်ရန် အမျိုးမျိုး ကြိုးစားခဲ့ကြဖူးသည်။ နောက်တော့ ခိုးပြေး သွားကြသည်။ မေမေတို့၊ တီတီတို့က အသိအမှတ်မပြု ခဲ့ကြပေ။ ထိုအချိန်မှာ ဘိုးဘိုးကြီးက သူ့သမီးထွေးလေးကို သံယောဇဉ်ကြီးစွာဖြင့် ပြန်လည်ထူထောင်ပေးသည်။ အခါခါပင်။ ခြံတွေ၊ အိမ်တွေ ဝယ်ပေးလိုက်၊ ရောင်းပစ်လိုက်၊ ထပ်ဝယ် ပေးလိုက်မှတစ်ဆင့် တိုက်ခန်းဝယ်ပေးထားသော အခြေအနေမှာပင် ထိုတိုက်ခန်းကိုလည်း ရောင်းလိုက်ပြန် သတဲ့။ ယောကျ်ားနှင့်လည်း ကွဲပြန်သတဲ့။

            'အန်တီထွေးလေး ဘာဆက်လုပ်မလဲ'

            'ဟဲ...ဟဲ... မပူနဲ့၊ ဖေဖေမလာခင် ဖေဖေ့ဆီ သွားမယ်။ မိထွေးနဲ့ တည့်အောင်ပေါင်းပြီး အပျိုပြန်လုပ်မယ်။ အမွေသိမ်းမယ် သိလား၊ အဲဒီလို ငါ့အစ်မတွေ၊ အစ်ကိုတွေကို ပြန်ပြောလိုက်'

            ကိုထက်စိတ်ထဲမှ အန်တီထွေးလေးကို သနားခြင်း၊ စိတ်မကောင်းခြင်းများသည် ဘယ်ကဘယ်လို အငွေ့ပျံ ပျောက်ကွယ်သွား မှန်းမသိ။ ချက်ချင်း ထိုင်ရာမှ ထမိရက် ဖြစ်သွားသည်။

            'သားသွားမယ် အန်တီထွေးလေး'ဟု မကောင်းပြောပြော နှုတ်ဆက်ပြီး နောက်ပြန်လှည့်မကြည့် ဖြစ်တော့ဘဲ အိမ်သို့ ဦးတည်ပြန်လာခဲ့သည်။

            ကိုထက် အိမ်ပြန်ရောက်သောအခါ နားညည်းရသူမှာ မေမေပင် ဖြစ်သည်။ တစ်မနက် တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှထဲမှာ စိတ်အလိုမကျခဲ့သော အရာများကို ပွက်ပွက်ထအောင် ရင်ဖွင့် သည်။

            'ဒီလိုပဲ အဆင်ပြေသွားမှာပါ သားရယ်'ဟု မေမေက ပြောသောအခါ ကိုထက်မှာ ပို၍ စိတ်ညစ်ရလေသည်။ ကိုထက်က အကြောင်းအရာများစွာအတွက် ဘိုးဘိုးကြီး ရောက်လာသောအခါ အဆင်မပြေမှာကို စိုးရိမ်၍ သောက ရောက်နေခြင်း မဟုတ်။ တစ်မှပြန်စရန် ခက်ခဲလှစွာသော အဖြစ်အပျက်များအတွက် အလိုမကျနေခြင်းသာ ဖြစ်ကြောင်း မေမေ နားလည်အောင် ရှင်းပြရန်လည်း အခက်ပင်။ ညမှ ဖေဖေနှင့် ဆက်၍ ဖြစ်ကြောင်းကုန်စင်ကို စိတ်ထဲမှာ ရှိသည့်အတိုင်း ထပ်၍ ပြောပြန်သေးသည်။ ဖေဖေက...

            'ဒါတွေ အားလုံးဟာ သူတို့တွေရဲ့ စိတ်ကြိုက်ရွေး ချယ်ခဲ့မှုပဲ သားရဲ့။ ဖေဖေတို့ ဘာမှလုပ်လို့မရတော့ဘူး'ဟု ဆိုပါသည်။

            ကိုထက်က ငြိမ်ငြိမ်လေး ဆက်တွေးနေသည်။ ဘိုးဘိုးကြီးကရော။ သူ၏ သစ်ပင်များကို ဘယ်လို ကောက်ချက်ချလေမလဲ။ ထိုကောက်ချက်ကို လွန်စွာပင် သိချင်နေခဲ့သည်။ ဘိုးဘိုးကြီး ရောက်လာလျှင် သိရပေလိမ့်မည်။

□

            ဘိုးဘိုးကြီး ရောက်လာသောအချိန်မှာတော့ ကိုထက်က အိုင်တီပြပွဲများကိစ္စနှင့် ပတ်သက်ပြီး ကျောင်းမှာ နေ့ရော ညပါ အလုပ်ရှုပ်နေခဲ့သည်။ ဘယ်လိုမှ အချိန်ယူလို့ မရ။ ဘိုးဘိုးကြီးကိုလည်း ဂါရဝပြုခွင့် မရလိုက်ပေ။ မေမေ့သတင်းစကားများကိုသာ အောင်စာရင်းကြည့်သလို သဘောထားပြီး နားထောင်ရသည်။

            အန်တီထွေးလေးက အိမ်တစ်လုံး၊ ခြံတစ်ကွက် ရသွားပြီး သူ့ယောကျ်ားနှင့်အတူ အိမ်သစ်တက် ဆွမ်းကျွေးမှာ ဘိုးဘိုးကြီးကိုယ်တိုင် ရေစက်ချ၊ မင်္ဂလာသုတ်တွေ ရွတ်ဖတ်ပြီး ပျော်ရွှင်စွာ ဇာတ်ပေါင်းသတဲ့။

            တီတီ့သား ဆိုးဆိုးကို စင်ကာပူမှာ စာသင်နေတယ် ဆိုတာလည်း ယုံကြည်ကျေနပ်။ နိုးနိုးကိုလည်း ကျောင်းသူ အပျိုစင်ကလေးအဖြစ် စာအလွန်ကြိုးစားကြောင်း ယုံကြည်စွာဖြင့် 'ဒီအချိန်မှာ ရည်းစားမထားနဲ့ဦးနော် မြေးလေး။ ဘိုးဘိုးတို့က ခေတ်မီပါတယ်။ အချိန်တန် အရွယ်ရောက်ရင် ငါ့သမီးကို မချုပ်ချယ်ပါဘူး'ဟု ဆုံးမသွားပြီး မောင်နှမနှစ်ယောက်အတွက် မုန့်ဖိုးငွေ ဆယ်သိန်းကို ဘဏ်မှာ အပ်ပေးသွားသတဲ့။

            ဘဘကိုတို့ မိသားစုကိုတော့ 'အသက်တွေလည်း ကြီးလှပြီ။ ခုထိလည်း မလိမ္မာသေးဘူး။ ဘာမှ လည်း စုစုဆောင်းဆောင်း မရှိဘူး။ အေးလေ... ဆိုရိုး စကားလည်း ရှိသားပဲ။ လူမွဲ တစ်အိမ်ထောင်ကို လူချမ်းသာ ဆယ်အိမ်ထောင်က ထောက်ပံ့လို့ မလောက်ငနိုင်ဘူးဆိုတာ ကြားဖူးမှာပေါ့။ အေး... ခဏတွေ့တုန်း ဆူဆူပြောပြောလည်း မလုပ်ချင်ပါဘူး။ များများပေးလည်း များများကုန်မှာပဲ။ တစ်သိန်းပေးခဲ့မယ်။ အရမ်း သုံးမပစ်ကြနဲ့။ ငွေများ အင်မတန် တန်ဖိုးကြီးတယ်' ဟု ဗျစ်တောက်ဗျစ်တောက်နှင့် မဆုံးနိုင်အောင် ဆူသွားသတဲ့။

            'ကဲ...မေမေရေ၊ သားတို့ အလှည့်ရောက်ပြီ။ ဘာတဲ့လဲ' ဆိုတော့ မေမေက ရယ်နေသည်။ ထိုနေ့က ဖေဖေလည်း မရှိပေ။ အရေးကြီးသော အစည်းအဝေးများ ဆက်နေ၍ ဘိုးဘိုးကြီးသည် ဖေဖေ့ကိုလည်း မတွေ့လိုက်ရ။ မေမေ တစ်ယောက်တည်းကိုသာ တွေ့သွားရလေသည်။

            'ပြောပါ မေမေရဲ့၊ ဘာဖြစ်လို့လဲ။ သားတို့ အောင်စာရင်းက အမှတ်တအား နည်းနေလို့လား။ ဒါမှမဟုတ် ကျနေလို့လား။ မကျနိုင်ပါဘူး။ အခြေအနေ မကောင်းလို့လား'

            မေမေက နှုတ်ပိတ်နေလေ ကိုထက်က သိချင်လေပင်။ ည ထမင်းဝိုင်းမှာတော့ ဖေဖေ့ကို စစ်ကူတောင်းပြီး 'မေမေက ခုထိပြောမပြသေးဘူး ဖေဖေ။ ဘိုးဘိုးကြီးက သားတို့ကို ဘာပြောသွားလဲ ဆိုတာ သား ခုထိ မသိရသေးဘူး'ဟု ပြောတော့ ဖေဖေကပါ ရယ်နေသည်။

            'အသက်အရွယ် ကြီးသွားရင် မကောင်းတာတွေကို ရင်မဆိုင်နိုင်တော့ဘူး သားရဲ့။ ကောင်းတာတွေ၊ တော်တာတွေ၊ အောင်မြင်တာတွေ၊ ဖြစ်ထွန်းနေတာတွေကိုပဲ သိချင်ကြားချင် နားထောင်ချင်ကြတော့တာ'

            'သြော်... ဒါကြောင့် အညာကြိုက်နဲ့ အညာအဝါးတွေနဲ့ စည်းဝါးကွက်ကျ ဖြစ်သွားကြတာကိုး'ဟု ကိုထက်က လွှတ်ခနဲ ပြောလိုက်မိလေသည်။

            ဒါတွေ... ဒါတွေ ကြောင့်ပင် ဘိုးဘိုးကြီးက ကိုထက်ကို 'တစ်ဦးတည်းသော သားဆိုပြီး ညည်းတို့ က သိပ်ကို အလိုလိုက်၊ လွှတ်ထားတာကိုး။ နာမည်နဲ့လိုက်အောင် အစွမ်းတွေပြနေတာ အကောင်းထင်မနေနဲ့။ တစ်နေ့မှာ အားလုံးကို လွှမ်းသွားရင် ညည်းတို့ မနိုင်မနင်း ဖြစ်မယ်။ အဲဒီတော့မှ အဖေကယ်ပါ၊ အဘ ကယ်ပါ မလုပ်နဲ့။ ကလေးဆိုတာ တော်တိုင်းတတ်တိုင်း မြှောက်ပေးရတာမျိုး မဟုတ်ဘူး'ဟု မှတ်ချက်ပေးသွားသည်။ ထိုမှတ်ချက်အတွက် မေမေက စိတ်မကောင်းတွေ ဖြစ်ပြီး ဘိုးဘိုးကြီးကို ရှင်းပြရန် ကြိုးစားခဲ့ပေမယ့် ရှင်းပြခွင့်လည်း မရလိုက်ပေ။ ဖေဖေကတော့ ထိုမှတ်ချက် အတွက် ပြုံးရုံသာ ပြုံးနေခဲ့သည်။ ကိုထက်ကတော့ ထိုမှတ်ချက်ကို တစ်စွန်း တစ်စလေးမျှပင် သိခွင့်မရ လိုက်ပေ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်း ပြောလေ့မရှိသော ဘိုးဘိုးကြီး၏ သစ်တောအုပ်ထဲမှာ တစ်ပင်ထွန်းခဲ့သော ဆေးခါးပင်ကလေး တက်လူကိုထက်ကို ဖေဖေတို့၊ မေမေတို့ကတောင် မယုံ တော့ဘူးလားဟု ဝမ်းနည်း သံကလေးနှင့်မေးမှာ မေမေက အကြောက်ကြီး ကြောက်ရွံ့နေဆဲပင်။ ဖေဖေနှင့်မေမေသည် တက်လူကလေး ကိုထက်ကို အကြွင်းမဲ့ ယုံကြည်မျှော်လင့်ခြင်းက တစ်ဖက်၊ ဘိုးဘိုးကြီး၏ သစ်ပင်များ ဖြစ်ခဲ့ရသော မျိုးရိုးဇာတိ၏ ငြိတွယ်ခြင်းများက တစ်ဖက်။ ထိုအစွန်း နှစ်စွန်း၏ အလယ်မှာ အကျည်းမတန်အောင် အနေတတ်ခဲ့ရသည်များကိုတော့ သားကလေးကိုထက် တစ်နေ့နေ့မှာ စာနာစိတ်နှင့် နားလည်တန် ကောင်းပါရဲ့။

▀

ဝင်းဝင်းမြင့်၊နန်းတော်ရှေ့၊

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။