မြနှောင်းညို
မိဘအပေါ် အခြားအမျိုးသားတွေထက် ပိုပြီးတွယ်တာကြောင့်ကြသည့်အတွက် ကျွန်တော်သည် လူပျိုကြီးတစ်ဦး ဖြစ်လာရသည်ဟု အများသူငါက ယူဆကြပါသည်။ ဒါကို ကျွန်တော်က တကူးတက ရှင်းပြမနေဖြစ်ပါ။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကျွန်တော့်ဘာသာ တိတ်တဆိတ် သိုဝှက်ထားလေ့ရှိသည်မှာ ကျွန်တော့် ပင်ကိုစရိုက်ပါပဲ။
ကျွန်တော့်မိဘများကတော့ သူတို့ မျက်နှာလွှဲသွားရမည့်
တစ်ချိန်တစ်ခါတွင် ကျွန်တော်နှင့်အတူ တိုင်ပင်အားထားရာ အဖော်တစ်ယောက် ရှိစေချင်ကြရှာပါသည်။
တစ်ချိန်တုန်းကတော့ တစ်နေ့သောအခါမှာ ကျွန်တော်
လက်ထပ်ယူမည် ရည်ရွယ်သော ချစ်သူတစ်ဦး ရှိခဲ့ဖူးပါသည်။ ဘွဲ့ရ၊
အလုပ်အကိုင်အခြေကျနှင့် အဖက်ဖက်က အဆင်ပြေ ပြည့်စုံလာသော ဘဝတွေကိုလည်း
သူမရော ကျွန်တော်ပါ ပိုင်ဆိုင်ခွင့်ရခဲ့ကြပါသည်။ သို့စင်လျက် ဘာကြောင့် အိမ်ထောင်မပြုဖြစ်ခဲ့ပါသလဲဟု
မေးမြန်းချင်စရာပါ။
ကျွန်တော်၏ဘဝကို အိမ်ထောင်ရေးနယ်ပယ် အနှောင်အဖွဲ့တစ်ခုထဲသို့
စွန့်စားအပ်နှံလိုက်ရလိမ့်မည်ဟု ထိုစဉ်တုန်းက ကျွန်တော် ခံစားဝန်လေးခဲ့သည် ထင်ပါသည်။
အချို့သောသူတွေသည် လုံခြုံအေးချမ်းနေသောဘဝတွင် မွေ့လျော်နေကာ အခြားဘဝတစ်ခု ပူးတွဲထူထောင်ဖို့
တွန့်ဆုတ်တတ်ကြသည်ဟု ကျွန်တော် ဖတ်ရှုရဖူးသည်မှာ ဖြစ်နိုင်ကောင်းလေရဲ့။
ကျွန်တော့်ဘက်က နေ့ရွှေ့ညရွှေ့နှင့် အချိန်ဆွဲသလို
ဖြစ်နေသည်ကို ဆက်လက် သည်းမခံနိုင်တော့ဘဲ နောက်ဆုံးတော့ ကျွန်တော့် ချစ်သူသည် အခြားဂုဏ်ရည်တူ
အမျိုးသားတစ်ယောက်ကို ကောက်ကာငင်ကာ လက်ထပ်သွားခဲ့ပါတော့သည်။ ဆုံးရှုံးမှုတစ်ရပ်အဖြစ်
ကျွန်တော်ဝမ်းနည်းမိသလို၊ တရားမမျှ အပြစ်မကင်းသည့်နှယ် ခံစားခဲ့ရပါသော်လည်း ရင်မှာ
ပေါ့ပါးလွတ်မြောက်သွားခဲ့မိကြောင်း ဝန်ခံရပါလိမ့်မည်။ အချိန်ပိုရှိလျှင် မဂ္ဂဇင်းတွေ၊
ဂျာနယ်တွေ ကြားမှာ ကျွန်တော့် အာရုံကို နှစ်လိုစွာပင် မြှုပ်နှံသည်။ တေးဂီတကိုလည်း
ခံစားနှစ်ခြိုက်တတ်ပါသည်။ အချိန်ပိုရလျှင် အဝေးပြေးလမ်းမများတစ်လျောက် ကားမောင်းရင်း
သီချင်းအရသာခံတတ်ပါသည်။
သည်အဖြစ်ကား ဆယ်စု တစ်ခုတိုင် ကြာမြင့်ကုန်ဆုံးသွားခဲ့ပါပြီ။
လွန်ခဲ့သော သုံးလေးနှစ်တုန်းကတော့ ချစ်ဖူးသူကို တမ်းတမ်းတတ သတိရခဲ့မိသည်။ အကယ်၍သာ ကျွန်တော်သည်
ကျွန်တော့်အပေါ် စွဲလမ်းချစ်ခင်တတ်သော ချစ်သူကို တုံ့ပြန်ချစ်ခင်ခဲ့ရိုး မှန်ခဲ့ပါလျှင်
ကျွန်တော့်ဘဝသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေပေလိမ့်မည်။ အိမ်သူသက်ထား၊ ဇနီးမယားနှင့်
သားသမီး အစုံအလင်နှင့် ချမ်းမြေ့သာယာသောအိမ်ထောင်တစ်ခု ထူထောင်နေတန်ရာသည်။ ယခုမူ
ကျွန်တော်၏ ခြောက်သွေ့သယောင်ရှိသော တစ်ကိုယ်ရည်ဘဝသည် နေထွက်လာလိုက်၊ နေဝင်သွား လိုက်နှင့်သာ
နေ့ပေါင်းများစွာ ရွေ့လျားလာခဲ့ရပါတော့သည်။
ကျွန်တော်၏ ငယ်ပေါင်း မိတ်ဆွေ အပေါင်းအသင်းများမှာ
အိမ်ထောင်ရက်သားကျသွားကြ၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းသွားကြနှင့်၊ နောက်ဆုံးတော့
ကျွန်တော်၏ နှစ်ရှည်လများ လူနာများသည်သာ ကျွန်တော်နှင့်အရင်းနှီးဆုံးလူတွေ ဖြစ်နေကြပါတော့သည်။
ရုပ်ခန္ဓာဝေဒနာကို လာရောက် ကုသကြသောလူနာများတွင်
တစ်ခါတစ်ရံ စိတ်ခံစားချက် ဝေဒနာတွေလည်း ပါလာတတ်သည်။ တချို့လည်း
သိသိသာသာ တချို့လည်း အတန်ငယ်ကြာမြင့်မှ ရိပ်မိရတာမျိုး။ ဘယ်သို့မဆို ယုံစားစွာ အပ်နှံလာသော
ကျွန်တော့်လူနာတွေကို ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ ကျွန်တော် သက်ဆိုင်စောင့်ရှောက်ပေးလေ့ရှိပါသည်။
ကျွန်တော့်ဆေးခန်းကလေးသည် ဆင်ခြေဖုံး ရပ်ကွက်တွင်ရှိပြီး
လူနာများမှာလည်း အများအားဖြင့် အခြေခံလူတန်းစားများ ဖြစ်ကြသည်။ တစ်ခါတစ်ရံတော့လည်း
အလယ်အလတ် တန်းစားတွေလည်း ပါဝင်လာလေ့ရှိပါသည်။ သူတို့အနက် အလယ်တန်းပြ ဆရာမကလေး မသစ္စာတို့
မိသားစုမှာ ကျွန်တော့်အမာခံ လူနာများဖြစ်ကြပါသည်။ မသစ္စာတွင် ကလေးဘဝကတည်းက အစပြုသော
ပန်းနာရင်ကျပ်ဝေဒနာရှိပါသည်။ သူမသည် သမားရိုးကျ ရင်ကျပ်သမားတို့နှယ် ရာသီဥတု အေးချမ်းလျှင်၊
အစားမှားလျှင်၊ စိတ်ပူကြောင့်ကြ စိတ်များလျှင်၊ ဝေဒနာဖောက်လာတတ်သည်။ ဆေးကလေး အချိန်မီ
သောက်သုံးလိုက်လျှင်တော့ ရှူဆေးဘူး ကူရလောက်အောင် ရောဂါ ဆက်မသည်းတော့ပါ။ သူမ ငယ်စဉ်တောင်ကျေး
ကလေးဘဝကတည်းကပင် ဆရာဝန်ဖြစ်ကာစ ကျွန်တော့်၏ လူနာဖြစ်လာခဲ့ပါသည်။
မသစ္စာ ကျွန်တော့်လူနာ ဖြစ်လာပုံကလေးကို
အလျဉ်းသင့်၍ ပြောပြချင်ပါသည်။
ထိုညက
မသစ္စာသည် ဆေးခန်းဖွင့်ချိန်မှာ မပြသဖြစ်ခဲ့ပါ။ သူမ၏ မိဘများက သူမကို ဆေးမြီးတိုနှင့်
မထိခလုပ် ထိခလုပ်ကုသပေးနေခဲ့ပြီး နောက်ဆုံး မဟန်တော့မှ ညဥ့်နက်သန်းခေါင် ကျွန်တော့်နေအိမ်သို့
ဟောဟဲဆိုက်ပြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော့်ဆေးခန်းနှင့် နေအိမ်က တစ်ရပ်ကွက်တည်းမဟုတ်ပါ။
ကားနှင့်ပင်လျှင် ဆယ့်ငါးမိနစ် မိနစ် နှစ်ဆယ်ခန့် မောင်းရလေ့ရှိတာပါ။
သို့စင်လျှက် မသစ္စာတို့ မိသားစုသည် ညကြီး
အချိန်မတော် လာရောက်တံခါး ခေါက်ကြပါသည်။ ကျွန်တော့်လူနာလည်း မဟုတ်ပါဘဲလျှက် ကျွန်တော့်အိမ်အထိ
လိုက်ကာ အိပ်ရေးပျက်စေသည်ဟု ကျွန်တော် အတန်ငယ် စိတ်တိုတောင်းမိကြောင်း ဝန်ခံပါသည်။
'ခွင့်လွှတ်ပါ ဒေါက်တာရယ်၊ ကျွန်မတို့ကုနေကျ
ဆရာဝန်က နယ်ပြောင်းသွားပြီမို့ပါ'ဟု မသစ္စာ၏ မိခင်က တောင်းပန်သည်။ ခွင့်မလွှတ်ချင်လည်း
မဖြစ်ပါ။ မသစ္စာကလေးခမြာ နှာသီးကလေး ပွစိပွစိနှင့် အသက်လု ရှူနေရရှာပါသည်။
'သက်သာရင် ညနေ ဆေးခန်းဖွင့်မှ ပြန်လာပေါ့၊
မသက်သာရင်တော့လည်း မနက်ပြန်လာပေါ့လေ' ဟု ပြောရင်း ကျွန်တော် အလျှော့ပေးခဲ့ရသည်။ နောက်နေ့
ညနေ ဆေးခန်းတွင် မသစ္စာ ကပြုံးပြုံးကလေး လာထိုင်စောင့်နေခဲ့ပါသည်။ နောက်နောင်လည်း မသစ္စာက
ကျွန်တော်၏ ဆေးခန်းသို့သာ စွဲစွဲမြဲမြဲလာပါတော့သည်။
သူမကိုရော သူမ၏ မိဘ မောင်နှမများကိုပါ
ကျွန်တော် ကြည့်ရှုကုသပေး လာခဲ့သည်မှာ နှစ်ရှည်လများ ကြာမြင့်ခဲ့ပြီမို့လည်း ကျွန်တော့်ဆေးခန်းကလေး
အိုဟောင်းသည်နှင့်အမျှ ကျွန်တော်နှင့် သူတို့မိသားစုတို့၏ ခင်မင်ရင်းနှီးမှု အတိုင်းအတာသည်
မဖော်ပြသာအောင် ခိုင်မြဲခဲ့ပါသည်။ ထိုမျှမက မသစ္စာ၏ ဆွေမျိုး မိတ်သင်္ဂဟတသီကြီးသည်လည်း
နေထိုင်မကောင်းတိုင်း ကျွန်တော့် ဆေးခန်းသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြပါတော့သည်။
မသစ္စာတစ်ယောက် ဆယ်တန်းမှာ သုံးနှစ်သုံးမိုး
ကြာမြင့်ခဲ့သည်ကို သူမ၏ မိဘတွေက စိတ်ရှည် လက်ရှည် ကျောင်းထားပေးခဲ့ပါသည်။ သူမ၏ မိခင်က
ပြောခဲ့ရှာပါသည်။
'ဘယ့်နှယ်လုပ်မလဲ ဒေါက်တာရယ်။ စာလည်း ကျက်ပါလျက်နဲ့
အတန်းမှန်အောင်လည်း တက်ပါလျက်နဲ့ ကျွန်မတို့ တတ်နိုင်တဲ့ အတိုင်းအတာအထိ ကျူရှင်ခ အကုန်ခံသမျှလည်း
သူ အချိန်မှန်တက်ရှာသား၊ အိမ်ထောင်ရက်သားချထားပေးလည်းမယူ၊ အလုပ်တစ်ခုခု ဝင်လုပ်ခိုင်းလို့လည်းမရ၊
သူ့ အစ်မတွေနဲ့လိုက်နေပြီး တူ တူမတွေ ဝိုင်းထိန်းပေးဆို ပြန်တော့ မျက်ရည်လည်ရွှဲနဲ့၊
ကဲ...အဲသလောက်ဖြစ်တာ၊ ကျောင်းဆွေးဆွေး၊ လူဆွေးဆွေး စာမေးပွဲတွေသာ ကျောက်ချပြီး ဖြေသာဖြေ
ဟဲ့ဆိုပြီး'
မသစ္စာတစ်ယောက် ဘယ်လောက်ပဲ ပျောက်နေနေ
အေးမြသောလရာသီတွေမှာတော့ ကျွန်တော့်ဆေးခန်းသို့ မလွဲမသွေ ရောက်လာရမြဲ ဖြစ်လေသည်။ ကျွန်တော့်လူနာအချို့သည်လည်း
သူတို့က ညနေပိုင်းလုပ်ငန်း ခွင်ဆင်းကြရလေရာ မနက်ပိုင်း ဆေးခန်းသို့သာ လာပြနိုင်သည့်အတိုင်း
ကျွန်တော့်ထံမှ မလွှဲမကင်းသာ ခွဲခွာ သွားကြပြန်လေသည်။
တစ်ခါတစ်ရံ ဆရာဝန် အပေါ် လူနာတို့၏ ရင်းနှီး
ချစ်ကြည်မှုသည် ကျန်းမာရေး အတွက်သာမက လူမှုရေး၊
စီးပွားရေးမှအစ အရာခပ်သိမ်းဆိုသလို ယုံစားတိုင်ပင်တတ်ကြပါသေးသည်။ မသစ္စာသည် လွန်ခဲ့သော
သုံးလေးရက်က တစ်ဦးတည်း ရောက်လာခဲ့ပါသည်။ နောက်ဆုံး ချန်နေရစ်ခဲ့သော
သူမသည် လူနာကုန်၍ ဆေးခန်းပိတ်မည်ဆိုမှပင် ကျွန်တော့်ထံ ဝင်တွေ့လေ၏။ သူမ အိမ်ထောင်ပြုမည့်
ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရောက်လာတာမို့ ကျွန်တော့်မှာ အံ့သြဝမ်းမြောက်စွာ
အကြံပြုရပါလေ၏။
'သစ္စာတို့က ဝါမဝင်ခင် လက်ထပ်ကြဖို့ စီစဉ်နေကြပါတယ်
ဒေါက်တာ'
'ဟား...ငါတို့အပျိုကြီးက တကယ့်ကို မင်္ဂလာဆောင်တော့မှာပါလား။
နေပါဦး၊ သမီးအသက်က သုံးဆယ်နဲ့...'
'သုံးဆယ့်လေးနှစ်ပါ ဒေါက်တာ'
'အမျိုးသားကကော'
'သူလည်း တူတူပဲ ဒေါက်တာ'
'သမီးတို့က ယူယူချင်း ကလေးယူလိုက်ကြတော့
မလား၊ ခဏတားထားဖို့အစီ အစဉ်မရှိကြဘူးလား'
'သစ္စာတို့နှစ်ယောက်စလုံး အသက်ကြီးနေကြပြီဆိုတော့
ခုမွေးပါမှ ကလေး အသက်အစိတ်မှာ သစ္စ္စာတို့ ပင်စင်ယူမှာနဲ့ အတော်ပဲလို့ တွက်ကြတာပါ'
'ဒါလည်း မှန်ပြန်တာပဲ၊ ကလေးမယူခင် တစ်ယောက်နဲ့တစ်ယောက်
စိတ်သဘောချင်းညှိကြဖို့ မလိုတော့ဘူးလို့ သမီးတို့သဘော တူကြသလား'
'ဟုတ်ကဲ့ ဒေါက်တာ၊ သစ္စာတို့က တစ်ဌာနထဲမှာ
စားပွဲချင်းကပ်လျက်အတူ အလုပ်လုပ်လာကြတာ ဆယ်နှစ်ရှိပြီဆိုတော့'
'အင်း၊ ဒါဆိုတော့လည်း သူစိမ်းတွေမဟုတ်ကြတော့ပါဘူးလေ၊
အဲဒါဆို ကလေးနှစ်ယောက်လောက် မြန်မြန်ယူလိုက်ပြီးမှပဲ သား ဆက်ခြားလည်း မဆိုးပါဘူးလေ'
'သစ္စာရဲ့ ရင်ကျပ်ရောဂါက အိမ်ထောင်ပြုလို့
ဖြစ်ပါ့မလားလို့ အမေတို့က စိတ်ပူကြတယ်'
'အယ်...အဲသလိုသာဖြင့် ရင်ကျပ်သမားတွေ ဒုက္ခပေါ့၊
ညည်းက ဆေးနဲ့ထိန်းတတ်နေတဲ့သူပါ မသစ္စာရယ်'
အမှန်က သူမတိုင်ပင် ဆွေးနွေးချင်တာက သူမ၏
ရင်ကျပ် ဝေဒနာအကြောင်း မဟုတ်ပါ။
'သစ္စာယူမှာက လူပျိုကြီးဆိုတာ ဆရာသိပြီနော်၊
အပေါ်ယံ သိကျွမ်းခင်မင်ပါတယ်ဆိုပေမယ့် သူ့အတွင်းရေးကိုတော့ ဘယ်သိနိုင်ပါ့မလဲ ဆရာရယ်'
ကျွန်တော်က မျက်ခုံးတစ်ဘက်ပင့်ကာ ပြုံးစစ
လေချွန်မိသည်။ ခေတ်နှင့်အညီ တွေးခေါ်ဆင်ခြင်တတ်သော ကျွန်တော့်လူနာကို လေးစားသွားရပါသည်။
'သူ့ကို
သွေးစစ်ဖို့ သစ္စာက ပြောတယ်၊ အိပ်ချ်အိုင်ဗွီ အပါအဝင် ကာလသား ရောဂါတွေပေါ့ဆရာ၊ သူက
ရယ်နေတယ်၊ သူ့မှာရောဂါ ကင်းရှင်းပါတယ်တဲ့။ အဲဒါဆို ဘာလို့ မစစ်ချင်စရာရှိရမှာလဲလို့
သစ္စ္စာကမေးတော့ သူ့ကို မယုံကြည်တာကြောင့် မစစ်ချင်တာပါတဲ့၊ ဖြစ်တတ်တဲ့ သဘာဝတရားတွေကို
အတူရင်ဆိုင် ဖြေရှင်းကြဖို့ တောင်းဆိုတာ မှန်တယ် မဟုတ်လား ဆရာရယ်'
'ကဲ... အတူတူ ရင်ဆိုင် ဖြေရှင်းကြမယ်ဆိုတဲ့
ညည်းရဲ့စကားကို အရင်ရှင်း ပြစမ်းပါဦး မသစ္စ္စာရဲ့'
ကျွန်တော့်အမေးကို မဖြေဘဲ တွေဝေနေပါသည်။
'ဆိုပါစို့၊ မသစ္စာရဲ့ အမျိုးသားက သွေးစစ်ပါပြီတဲ့၊
သူ့မှာ ကာလသားရောဂါ ရှိနေပါပြီတဲ့၊ လူပျိုမစစ်လို့ မယူတော့ဘူးလား'
'အာ... ဆရာက နောက်ပြီ၊ ဒီအရွယ်ကြီးရောက်နေမှ
အမြီးမပေါက်ဘဲမနေမှန်း သိပါတယ် ဆရာရယ်'
သူမက သဲ့သဲ့ရယ်နေသည်။
'အိုကေ... ဆေးကုပြီး ယူမယ်ပေါ့၊ ဒါဆိုရင်
နောက် တစ်ဆင့်တက်မယ်၊ အိပ်ချ်အိုင်ဗွီရှိခဲ့ရင်တော့'
မသစ္စာ မျက်နှာပျက် သွားရှာပါသည်။
'ဦးနှောက်ရဲ့ အလိုအရတော့ သူ့ကို ယူဖို့မဖြစ်နိုင်တော့ဘူးဆရာ၊
အသက်အရွယ်က ထိန်းသိမ်းတတ်ပြီမို့ သူငယ်ချင်း မိတ်ဆွေ အဖြစ်နဲ့ပဲ ဖေးမချစ်ခင်သွားရမှာပေါ့ဆရာရယ်'
'အသည်းနှလုံးရဲ့ အလိုကို မသစ္စာ တကယ်ပဲ
ဆန့်ကျင်နိုင်ပါ့မလား'
'သစ္စာရဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်ဆရာ၊
သူကလေ သေအတူ ရှင်မခွဲဆိုပြီး အိပ်ချ်အိုင်ဗွီရှိတဲ့ ချစ်သူနဲ့ အတူနေခဲ့တယ်။ အကာအကွယ်လည်း
မသုံးကြတော့ သူလည်း အိပ်ချ်အိုင်ဗွီ ကူးတော့တာပေါ့၊ အဲဒီအခါ ကျတော့မှ သူသေရပါတော့မယ်ဆိုပြီး
ကြောက်အား လန့်အားနဲ့ သွေးပျက်ပြီး တစ်ငိုတည်း ငိုနေတော့တယ်၊ သူ့ချစ်သူကိုလည်း လုံးဝ
အတွေ့မခံတော့ဘူး ဆရာရယ်'
'သူ့ကိုယ်သူ မပြင်ဆင်ခဲ့ဘဲကိုး၊ ဟုတ်ပါပြီလေ၊
မသစ္စာကတော့ ပြင်ဆင်တတ်တယ်လို့ ဆရာ ယူဆလိုက်ပါပြီ'
'ပြင်ဆင်ရတာ တကယ်တော့ အတော် စိတ်မောရပါတယ်ဆရာ'
ကျွန်တော်က ဘယ်အထိ နားလည်ပြင်ဆင်သလဲ မေးရပါဦးမည်။
'အခုသွေးစစ်လို့ အိပ်ချ်အိုင်ဗွီမရှိဘူးလို့
အဖြေရပြီ ဆိုပါတော့၊ ဘယ်လောက် ကြာကြာစောင့်ကြည့်မလဲ'
'ခြောက်လပေါ့ဆရာ၊ သူနဲ့ လက်ထပ်ဖို့စီစဉ်နေကြမှတော့
သူဟာ ဒီခြောက်လအတောအတွင်း မစောင့်စည်းနိုင်ဘဲ တခြားမှာအပျော်အပါးသွားရှာပြီး ပိုးဝင်စရာ
ဇာတ်တော့ မခင်းဘူးလို့ အဲသလောက်တော့ သူ့ကို ယုံကြည်ပါတယ်ဆရာ'
'မှန်လိုက်လေဗျာ၊ အဲသလောက်မှ မယုံကြည်ဘဲနဲ့တော့
လူတစ်ယောက်ကို လက်ထပ်ယူဖို့အထိ ဘယ်ဆုံးဖြတ်မှာတဲ့လဲ၊ ကဲ... မောင်တော်ကို သွေးစစ်ဆေးဖို့
ဆရာက နှစ်သိမ့်ဆွေးနွေး အကြံပေးဖို့အဆင်သင့်ပါပဲ၊ သူလာဖို့ပဲလိုအပ်ပါတယ်'
'သူ လာမှာပါဆရာ၊ သူ့ကို ခေါ်လာခွင့် ဆရာ့ဆီက
လာတောင်းတာပါ'
'ခွင့်တောင်းနေဖို့ လိုသေးသလား မသစ္စာရယ်၊
ငါ့အမျိုးရင်းတွေနဲ့တောင် ညည်းတို့မိသားစုလောက် မရင်းတာ အသိသားနဲ့'
မသစ္စာက ကျေနပ် ဝမ်းမြောက်စွာ ရယ်မောခဲ့ပါသည်။
ရက်မဆိုင်းလှဘဲ မသစ္စာက ကျွန်တော့်ထံ နောက်တစ်ခေါက်ရောက်လာသည်။
သည်တစ်ခေါက် မှာလည်း မသစ္စာသည် လူနာကုန်တော့မှသာ ကျွန်တော့် စမ်းသပ်ကုသခန်းထဲသို့ ဝင်လာခဲ့ပါသည်။
သူမနှင့်အတူ ပါလာသူသည် သူမ၏ ချစ်သူဖြစ်ကြောင်း ကျွန်တော် ရိပ်မိလိုက်ပါ၏။
'ကိုဝင်းသောင်ပါ ဆရာ၊ ဆရာနဲ့မိတ်ဆက်ပေးမလို့
ခေါ်လာတာပါ'
'မသစ္စာပြောကတည်းက ကျွန်တော်က သူ ရွေးချယ်လောက်အောင်ကို
ကံထူးလှတဲ့ ခင်ဗျားကို တွေ့ဖူးချင်နေတာပါဗျ'
လူနာတွေကျအောင် ပြောတတ်သော ကျွန်တော့်ကို
သူကလည်း ချက်ချင်းလိုလို နှစ်ခြိုက်ခင်မင်သွား ဟန်ရှိပါသည်။ မသစ္စာသည်
'သူက ဆရာနဲ့ စကားပြောပြီး ဆရာ့ အကြံဉာဏ်ကို ကြားချင်ပါတယ်တဲ့၊
သစ္စာ ဟိုဘက်က စာအုပ်အငှားဆိုင်ဘက် ခဏ သွားလိုက်ဦးမယ်နော်၊ ငှား ထားတာတွေ ပြန်အပ်ချင်လို့၊ သူ့ကို ဆရာနဲ့ အေးအေး ဆေးဆေးထားခဲ့ပြီး ပြန်နှင့်တော့မယ်'ဆိုကာ
ရှောင်သွားပါတော့သည်။
'ခင်ဗျားတို့က နှစ်ရှည်လများ အလုပ်ခွင်မှာ
ရင်းနှီးကျွမ်းဝင်ပြီးသူချင်းတွေဆိုတော့လည်း ကျွန်တော်က သိပ်များများစားစား နှစ်သိမ့်ဆွေးနွေးအကြံပေးဖို့
လိုမယ်မထင်ပါဘူးဗျာ'
'ဒါပေမယ့် ဆရာက ကျွန်တော်တို့ ရှေ့ရေးအတွက်
ညှိနှိုင်းစရာများရှိခဲ့ရင် အကြံကောင်းပေးမယ့်သူလို့ မသစ္စာက ပြောခဲ့တာ အမှန်ပဲလို့
အခုဆရာ့ကို တွေ့မြင်လိုက်ရတော့ ကျွန်တော် ယုံကြည်သွားပါတယ်'
'ကျွန်တော့်ကို ယုံကြည်တဲ့အတွက် ကျေးဇူးပါ
ကိုဝင်းသောင်'
မွန်မွန်ရည်ရည်ရှိသော မသစ္စာ၏ ခင်ပွန်းလောင်း
ကိုဝင်းသောင်ကို အပြင်ပန်း အမြင်အားဖြင့်တော့ ကျွန်တော် စိတ်တိုင်းကျပါသည်။ ကိုဝင်းသောင်သည်
ကျွန်တော့်အား ယုံယုံကြည်ကြည် ပြောဆိုချင် ဆွေးနွေးချင်ဟန် ရှိပါသည်။
'ပြော... ကိုဝင်းသောင်၊ ကျွန်တော့်ကို
မိတ်ဆွေရင်းလို သဘောထားမှန်း နားလည်ပါတယ်။ မေး စရာရှိမေးပါ၊ ကျွန်တော် သိသလောက်ဖြေမှာပေါ့'
သူ တုံ့ဆိုင်း ချိန်ဆနေသည်။ သူ ဘာပြောမည်ကို
ကျွန်တော် မှန်းဆကြည့်မိပါသည်။ ရန်ကုန်လို မြို့ကြီးပြကြီးမှာ သည်အသက်အရွယ်အထိ တစ်ကိုယ်ရည်
တစ်ကာယ နေထိုင်လာပြီး အပျော်အပါး ရှာဖွေခဲ့ဖူး နိုင်ကာ၊ ယခုအတည်တကျ အိုးအိမ်ထူထောင်တော့မည်
ဆိုခါမှ သူ့မှာများ ကာလ သားရောဂါ ကူးစက်ထားခဲ့ပါလျှင် ဇနီးဖြစ်သူအား ထပ်ဆင့်ကူးစက်သွားမှာ
စိုးရိမ်ပူပန်ဖို့ သတိရလာနိုင် ချေရှိပါသည်။
ကောင်းပြီလေ။ သည်လို တွေ့ဆုံဆွေးနွေး အကြံပေးရသည်များမှာ
ကျွန်တော့်အတွက်တော့ ကြိမ်ဖန်များစွာ မရေမတွက်နိုင်လောက်အောင်ပါပဲ။ အခြေအနေအပေါ်မူတည်ပြီး
အချိန်အခါ လုံလုံလောက်လောက် ရရှိဖို့နှင့် ဆိတ်ငြိမ်လုံခြုံသော နေရာကလေးတစ်ခုတွင် နှစ်ယောက်ချင်းအေးဆေးစွာ
တွေ့ဆုံစကားပြောနိုင်ဖို့ပဲ လိုအပ်ပါသည်။
မသစ္စာသည် ကိုဝင်းသောင် ဘာပြောမလို့လဲ
ဘာမေးမလို့လဲ တစ်ခွန်းတစ်ပါဒမျှ မမေးမြန်းပါ။ ကျွန်တော်က သူတို့ချင်း နားလည်ပြီးသားဖြစ်မည်ဟု
ယူဆလိုက်မိပါသည်။
ကိုဝင်းသောင်နှင့် အေးအေးဆေးဆေး စကားစမြည်
ပြောစရှိသေး၊ ဆယ်နှစ်သား ကလေးလူနာတစ်ဦးသည် စူးစူးရှရှ ကျယ်ကျယ်လောင် လောင်ငိုကြွေးရင်း မိခင်လက်ကို ကိုင်ဆွဲလျက် ရောက်ရှိလာပြန်သေးသည်။ ကစားရင်းချော်လဲကာ
ထိပ်ပေါက် ခေါင်းကွဲလာသည်တဲ့။ အမြန်ဆေးကြော ချုပ်လုပ်ပေးရသည်။ ထပ်မံဝယ်ခြမ်းမည်စိတ်ကူးရင်းကပဲ
ပြတ်လုပြတ်ခင် လက်အိတ်တို့ နိုင်လွန်ချည်တို့မှာ အခန့်သင့်ချင်သောကြောင့်သာ တစ်ကြိမ်သုံးစွဲနိုင်ရုံကလေး
ကျန်နေရစ်သည်။ သည်လက်အိတ်များသည် ကျွန်တော့်ဂုဏ်သိက္ခာကို ထိန်းသိမ်းပါသည်။ သည်လက်
အိတ်များ မလုံခြုံလျှင် ကျွန်တော်က လူနာကို ကူးစက်ရောဂါ အန္တရာယ်မှကင်းဝေးစေမည့် ဆရာဝန်
ပီသတော့မှာမဟုတ်ပါ။ ညရှစ်နာရီ ဒေါင်ခနဲ ထိုးသည်နှင့် တပည့်ကလေးက
ဆေးခန်းတံခါးကို ပိတ်ထားပြီးစေကာမူ တကယ်တမ်း လူနာကုန်ချိန်သည် ညကိုးနာရီ သုံးဆယ့် ငါးဖြစ်နေပါပြီ။
အမှန်ဝန်ခံရလျှင် ကျွန်တော်သည် ကိုဝင်းသောင်နှင့်
ချိန်းထားမိသည်ကိုပင် နောင်တရချင်ချင် ဖြစ်လောက်အောင် ပန်းလျနွမ်းနယ်နေပါပြီ။
'ခင်ဗျား စောင့်နေရတာ အတော်ကြာသွားတယ်၊
ဆောရီးဗျာ'
'ရပါတယ် ဆရာရယ်၊ ကျွန်တော်က အလုပ်လာရှုပ်
သလိုဖြစ်နေတယ်။ အားနာစရာတောင် ဖြစ်နေပါတယ်'
'အားမနာရပါဘူးဗျာ၊ လာပါထိုင်ပါ'
ကျွန်တော်က အမြဲဖြည့်ထားသော လက်ဖက်ရည်ကြမ်းဓာတ်ဘူးအား
ကိုဝင်းသောင်ဘက်သို့ တိုးရွှေ့ပေးပါသည်။ လက်ဖက်ရည်ကြမ်းတစ်ခွက်စီကိုင်ကာ အငွေ့တဟူးဟူးထသော
ရေနွေးကို အသာမှုတ်ရင်း ကျွန်တော်တို့ နေသားကျသွားလျက် ပိုမိုနွေးထွေး ရင်းနှီးလာကြပါသည်။
ကိုဝင်းသောင်သည် သူငယ်စဉ်က ဝန်ထမ်းမိဘတွေနှင့်အတူ
လိုက်ပါပြောင်းရွှေ့ရင်း ကျောင်းတစ်ခုပြီးတစ်ခု ပြောင်းခဲ့ရသည်ကို ပြောပြသည်။ သူ ဘောလုံးကန်ကောင်းသည့်အတွက်
သူ့အတန်းပိုင်ဆရာတွေက မိဘများနှင့်အတူ လိုက်ပါမသွားဘဲနေရစ်ဖို့ တိုက်တွန်းသည့်အားလျော်စွာ
ကိုးတန်း ဆယ်တန်း ဘော်ဒါနေဖူးသည်ကိုပြောပြသည်။
'အဲဒီတုန်းက ကျွန်တော်တို့သူငယ်ချင်းတစ်စု
ဘောလုံးပွဲနိုင်လို့ စားသောက် ပျော်ပါးကြတယ်ဆရာ၊ သောက်လေ့သောက်ထ မရှိတော့ ကျွန်တော်အူရိုင်းတယ်၊
တော်တော်ရစ်တယ်၊ သူငယ်ချင်းတွေက ကျွန်တော့်ကို အတွေ့အကြုံမရှိဘူး ကျီစယ် နောက်ပြောင်တာကို
မခံချင် ဖြစ်တယ်၊ အဲဒီညက ကျွန်တော် ယောကျ်ားပါလို့
ကြေညာမောင်းခတ်မိတယ်၊ ကောင်မလေးတစ်ယောက်နဲ့ အိပ်မိတယ်၊ အမူးပြေတော့မှ ကျွန်တော်စိတ်ပူ
ကြောက်လန့်သွားတယ်၊ ကျွန်တော် ကာလသား ရောဂါရပြီလား နဲ့ သောကရောက်လိုက်တာ ဆရာရယ်၊ တကယ်လည်း
ရောဂါရခဲ့ပါတယ်။ သူငယ် ချင်းတွေက မခံချင်အောင် ပြောတာကို မဆင်မခြင် လုပ်မိတာနဲ့ပဲ ရောဂါဝယ်ယူမိသလို
ဖြစ်ခဲ့ရတယ်၊ ဆယ်ရက် တစ်ပတ်လောက်လည်း နေရော ဆီးပူညောင်းကျဖြစ်ပါရော ဆရာရယ်၊ ကျွန်တော်
ဂနို ဖြစ်တာ၊ ကုသပျောက် ကင်းသွားလို့ တော်ပါသေးတယ်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့
အိပ်ချ်အိုင်ဗွီ ရသွားရှာတယ်၊ ဆုံးသွားတာကြာပါပြီ။ ကျွန်တော် အဲဒီတစ်ခါပဲ၊ ဆရာ ယုံကောင်းမှ
ယုံမယ်၊ ကြောက်တာလည်း အတော်ကြောက်ပါတယ်။ အဲဒီဘက်ကို ကျွန်တော် စိတ်မသန်လှတာလည်း ပါလိမ့်မယ်၊
အချိန်တန်တော့မှပဲ အိုးအိမ် ထူထောင်မယ်လို့ ရည်ရွယ်ခဲ့တာပါ။ တွေးမိတိုင်း ကြက်သီး ထတယ်ဆရာရယ်၊
ဂနိုအစား အိပ်ချ်အိုင်ဗွီများရခဲ့ရင် ခုချိန်ခါ ကျွန်တော်ဟာ အသက်ရှင်လျက် ရှိတော့မယ်
မဟုတ်ဘူး'
ကိုဝင်းသောင်သည် ဆယ်ကျော်သက်တုန်းက တစ်ကြိမ်လက်တည့်စမ်းခဲ့မိကာ
အိပ်ချ်အိုင်ဗွီ မကပ်ငြိခဲ့ကြောင်း သေချာအောင် သွေးစစ်ဆေးပြီးခဲ့သည်မှာ ဆယ်နှစ်ပင်ကျော်လွန်ခဲ့ပြီ။
'အိပ်ချ်အိုင်ဗွီ ဖြစ်နိုင်တဲ့အမှုကိစ္စ
ကျူးလွန်မိပြီးတဲ့နောက် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခဲ့ရင် သုံးလမှ ခြောက်လအတွင်း ပေါ့စတစ်ပြတယ်ဆိုတာ
ဖတ်ရှုလေ့လာဖူးလို့ သိထားပါရဲ့၊ ဒါပေမယ့် အသိအကျွမ်းထဲက တစ်ယောက်ဖြစ်ရင်း ကျွန်တော်
စိတ်ချောက်ချားပြီး သွေးထပ်စစ်ချင်ရင်းနဲ့ ဆိုက်ကို ဝင်နေတာပေါ့ဆရာရယ်'
ကိုဝင်းသောင်က ရှက်ရယ်ရယ်ပါသည်။ ကျွန်တော်က
သူ့ကို နားလည်ကြောင်းပြရင်း ရောနှောပြုံးရယ်ရပါသည်။ သူသည် အန္တရာယ် မကင်းသောအမူအကျင့်ကို
မခံချင်စိတ်၊ စမ်းသပ်ကြည့် ချင်စိတ်နှင့် ပြုမှုကျူးလွန်ခဲ့မိသည့်အတွက် အကြောင်းတိုက်ဆိုင်တိုင်း
သတိရ ချောက်ချားနေကြောင်း ကျွန်တော် သဘောပေါက်လာသည်။ သူ အားလုံးသိပြီး နားလည်ပြီးသားသည်။
ရောဂါနှင့်ပတ်သက်ပြီး ကျွန်တော် ဆရာမလုပ်တော့ပါ။ သူ လိုအပ်နေသည်မှာ သူယုံစား အားထားလောက်သူ
တစ်ယောက်က သူ့ကို နားထောင်ပေး၊ နားလည်ပေး ဝေမျှခံစားပေးဖို့ပါပဲ။
'လူငယ်ကလေးတွေဟာ ကိုယ့်ကိုယ့်ကိုယ်စမ်း
သပ်ကြည့်ချင်တဲ့စိတ်ကြောင့် အန္တရာယ် ကြုံတွေ့ရတတ်ပါတယ်။ အဲဒီတုန်းက ခင်ဗျားဟာ ကွန်ဒုံးနဲ့ကာကွယ်ဖို့နားမလည်ခဲ့ဘူး။
ဒါပေမယ့် အိပ်ချ်အိုင်ဗွီက ခင်ဗျားကို မရွေးချယ်သွားခဲ့တဲ့အတွက် ခင်ဗျား ကံကောင်းပါတယ်'
'မသစ္စာက ကျွန်တော့်ကိုရွေးချယ်တဲ့အတွက်လည်း
ကျွန်တော် ကံကောင်းတယ်လို့ ဆရာပြောခဲ့တယ်နော်၊ သူ့ရွေးချယ်မှုအတွက် နောင်တရစရာ မဖြစ်စေရဘူးလို့
ကျွန်တော် သစ္စာဆိုပါတယ်ဗျာ'
မကြာမီ ကိုဝင်းသောင် ပေါ့ပါးသွက်လက်စွာ
ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။ သူ ထွက်ခွာသွား သော တံခါးကို ကျွန်တော် လုံခြုံစွာပိတ်ဆို့သည်။
ကျွန်တော်က ဆေးခန်းနောက်ဘက်ရှိ မလွယ်တံခါးမှ ထွက်ခွာရပါမည်။
စားပွဲပေါ်မှ ဆေးအိတ်ကို ပိတ်ရင်း အံဆွဲသော့
မခတ်ရသေးသည်ကို သတိပြုမိသည်။ သော့ခတ်မည် ပြုပြီးမှ သတိရကာ အံဆွဲကိုဖွင့်ပြီး အလွယ်ပစ်ထည့်
ထားမိသော ဓါတ်ခွဲခန်း စာရွက်ကလေးကို ကောက်ယူပြီး ဒုတိယအကြိမ် ဖြန့်ဖတ်ဖြစ်သည်။ လူနာ
အမည်- ဒေါက်တာ ...
CD4 ခန္ဓာကိုယ်၏သဘာဝ ခုခံအား သွေးဖြူဥအရေအတွက် ၅ဝဝ၊ ကျန်းမာသူတွေမှာ သာမန်အားဖြင့် ၇ဝဝ မှ ၁၂ဝဝအထိ
ရှိတာမို့ အထက်ပါဓါတ်ခွဲခန်း အဖြေလွှာအရတော့ သွေးဖြူဥ အရေအတွက် အတန်ငယ် လျော့နည်းလာပြီဟု
ဆိုရပါမည်။ မှန်ပါသည်။ အမည် လျှို့ဝှက်ထားသော အထက်ပါ သွေးစစ်အဖြေလွှာပိုင်ရှင်သည် ကျွန်တော်ကိုယ်တိုင်
ဖြစ်ပါတော့သည်။ အိပ်ချ်အိုင် ဗွီပိုးရှိနေပြီ သိလိုက်ရကတည်းက ကျွန်တော့် သွေးဖြူဥအရေအတွက်ကို
ချက်ချင်း စစ်ဆေးခဲ့ပါသည်။ အေအိုင် ဒီအက်စ် လက္ခဏာတွေ ပေါ်လာနိုင်ခြေကို ကြိုတင်မှန်းဆ
သိရှိထားရလေအောင် ပုံမှန်လည်း ခြောက်လတစ်ကြိမ် မပျက်မကွက် စစ်ဆေးဖြစ်ခဲ့သည်။ မူလအစက
ကျွန်တော့်မှာ ၁ဝ၅ဝ ရှိခဲ့ဖူးပါ သည်။ သို့တစေ ယနေ့အထိတော့ဘယ်ကပ်ပါး ဝေဒနာမှ မခံစားရသေးပါ။
သွေးဖြူဥအင်အား ၂ဝဝလောက်ကျမှပဲ အိပ်ချ်အိုင်ဗွီပိုး
ပွားများခြင်းကို ရပ်တန့်သွားစေမည့် Anti Retro Viral Therapy ကုသချက်
ခံယူဖို့ ရည်ရွယ်ထားပါသည်။ ကျွန်တော် အသက်ရှင်နေသေးသရွေ့ ကျွန်တော့်ထံမှ ရောဂါမကူးစက်ကြစေဖို့နှင့်
နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းကို ရယူလိုသူတို့ အတွက်လည်း သူတို့ကြုံဆုံရသော အိပ်ချ်အိုင်ဗွီပြဿနာကို
ဘဝတစ်သက်တာလုံး နားလည်ရင်ဆိုင်နိုင်ကြပြီး အေးချမ်းစွာ ဖြေရှင်းသွားနိုင်ကြစေဖို့ တတ်အားသရွေ့
ကူညီသွားရန် ကျွန်တော့်မှာ တာဝန်ရှိနေပါသော်ကော။
မြနှောင်းညို
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။