အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၁၄)

ဝင်းငြိမ်း

01 June 2026
မင်းမှုထမ်း အပိုင်း (၁၄)
Share to

 အခန်း (၆)

အပိုင်း (၂)

ဟိုက်ဂရုဖ်စံအိမ်မှ

မယုံနိုင်စရာ အဖြစ်အပျက်

            ဟိုက်ဂရုဖ်စံအိမ်မှာ ခစားရတာက ဘာကင်ဟမ်နန်းတော်မှာ ခစားရတာနဲ့ မတူဘဲ ခြားနားတဲ့အချက်တွေ ရှိပါသေးတယ်။ ချားလ်စ်မင်းသားက လူတော်တော်များများနဲ့ တွေ့ဆုံပြီး လက်ဆွဲ နှုတ်ဆက်ရတာ ဝါသနာထုံသလို မင်းမှုထမ်းများကို စာရေးပြီး မေးတာမြန်းတာတွေကလည်း နေ့စဉ်နဲ့အမျှပါပဲ။ ကျွန်တော့်စိတ်ထင် ပြောရရင် ဟိုင်းဂရုပ်ဖ်စံအိမ်အတွက် မင်းသားရေးဖို့ စာရေးစက္ကူလုပ်ရတာနဲ့တင် တောတစ်အုပ်လောက် ပြုန်းသွားနိုင်ပါတယ်။ မင်းသားက ရေးလေ့ရေးထရှိတဲ့ စာများကို ဥပမာပြရရင်တော့...

            ဥယျာဉ်ထဲက မျိုးစေ့တွေကို တစ်စုံတစ်ယောက်များ ယူသွားသလား။

            ကျွန်တော့်တယ်လီဖုန်းအနားမှာ စောင့်ဖြေဖို့ တစ်ယောက်ယောက် တာဝန်ပေးနိုင်မလား။

            ကြွေပန်းကန်တစ်ချပ် အက်သွားတာကို ပြန်ဆက်လို့ ရနိုင်မလား။

            စသဖြင့် နှုတ်နဲ့ပြောလို့ရတာတွေကိုလည်း မင်းသားက စာရေးတတ်ပါတယ်။ အဲဒါတင်မကသေးပါဘူး။ တစ်ခါတုန်းကဆိုရင် 'ဘုရင်မကြီးထံမှ ကျွန်တော့်ဆီကို ရေးလိုက်တဲ့စာ တစ်စောင် လေတိုက်ပြီး ကျွန်တော့် စားပွဲဘေးက အမှိုက်ခြင်းထဲကို ရောက်သွားပုံရတယ်။ အဲဒါ ပြန်ရှာပေးစမ်းပါ'လို့ ရေးခဲ့ဖူးသလို စာရေးဆရာ အင်ဒရူးမော်တန်က ဒိုင်ယာနာ အကြောင်းကို Sunday Times သတင်းစာကြီးမှာ အခန်းဆက်ရေးနေတုန်းကဆိုရင် မင်းသားက 'ကျွန်တော် ဒီသတင်းစာကို စံအိမ်တော်အတွင်းမှာ လုံးဝ မမြင်ချင်ဘူး။ အတင်းအဖျင်းရေးတဲ့ ဘယ်စာစောင်မှ မမြင်ချင်ဘူး။ တကယ်လို့ အိမ်တော်အမှုထမ်းတစ်ဦးဦး ဖတ်ချင်တယ်ဆိုရင် သူတို့ဘာသာ သူတို့ အပြင်မှာ ဝယ်ဖတ်ပါစေ'လို့ ရေးခဲ့ဖူးပါတယ်။

□

            ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာ မင်းသမီးတို့ရဲ့ စံအိမ်ဖြစ်တဲ့ ဟိုက်ဂရုပ်ဖ်မှာ ကျွန်တော် စတင်အမှုထမ်းခဲ့တာကတော့ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ပါ။ အဲဒီအချိန်တုန်းက မင်းသား နဲ့ မင်းသမီးတို့က စပိန်နိုင်ငံမှာ ဘုရင်မင်းမြတ် ဂျွန်ကာလို့စ်ရဲ့ ဧည့်သည်တော်များအဖြစ် ရောက်ရှိနေကြပါတယ်။ အောက်တိုဘာလ တတိယပတ်လောက်မှ ကျွန်တော့်သခင်များက စံအိမ်ကို ပြန်လာကြမှာပါ။ ဒါကြောင့် သူတို့ ပြန်မရောက်ခင် ရက်သတ္တပတ် ငါးပတ်လောက် စံအိမ်ရဲ့ဝတ္တရားများကို လေ့လာဆည်းပူးဖို့ အချိန်ရခဲ့ပါတယ်။ အဲဒီလိုလေ့လာတဲ့နေရာမှာ အိမ်တော် အမှုထမ်းတစ်ဦးဖြစ်တဲ့ ဝင်ဒီဘာရီရဲ့ အကူအညီသာ မရဘူးဆိုရင် ကျွန်တော့် အနေနဲ့ မလွယ်လှပါဘူး။ ဝင်ဒီရဲ့သား ဖြစ်သူ ဂျိမ်းစ်ကလည်း ဘာကင်ဟမ် နန်းတော်အတွင်းမှာ ခြေမြန်တော်တစ်ဦး ဖြစ်တဲ့အတွက် ကျွန်တော်နဲ့ ရင်းနှီးခဲ့ပါတယ်။ ဝင်ဒီ ဒီအိမ်တော်မှာ တာဝန် ထမ်းဆောင်ခွင့် ရခဲ့တာကတော့ သားဖြစ်သူ ဂျိမ်းစ်က ကင်စတန်နန်းတော်မှာ လက်ထောက်ဘဏ္ဍာစိုးအဖြစ် ပြောင်းရွှေ့အမှုထမ်းရတော့ လစ်လပ်နေတဲ့ ရာထူးအတွက် သူ့မိခင်ကို ထောက်ခံပေးခဲ့တာကြောင့် ဝင်ဒီအနေနဲ့ ဟိုက်ဂရုပ်ဖ်စံအိမ်ကို ရောက်ရှိလာခြင်းပါ။ ရထားတဲ့အချိန် ရက်သတ္တပတ် ငါးပတ်အတွင်း ဝင်ဒီရဲ့နောက်က တကောက်ကောက်လိုက်ရင်း လေ့လာသင်ယူရပါတယ်။ ကျွန်တော် စပြောင်းချိန်က ဇနီးဖြစ်တဲ့ မာရီယာနဲ့ သား အဲလက်စ်တို့ မပါသေးတာကြောင့် တစ်ကိုယ်တည်းဖြစ်နေတဲ့ ကျွန်တော် ဝင်ဒီ့အိမ်မှာပဲ တည်းခိုရပါတယ်။

            အိမ်ရှင်သခင်များ မရှိတဲ့ ဟိုက်ဂရုဖ်စံအိမ်မှာ ကျွန်တော်တို့ချည်းသာ ရှိနေတဲ့အတွက် စံအိမ်မှာ သက်ဝင်လှုပ် ရှားမှုမရှိပါဘူး။ အတွင်းမှာရှိတဲ့ ပရိဘောဂများကိုလည်း ဖုန်မတင်ရအောင်လို့ အဝတ်များနဲ့ အုပ်ဆိုင်းထား ရပါတယ်။ ပြတင်းပေါက်များမှ တရုတ်ကပ်များကိုလည်း ပိတ်ထားပါတယ်။ လုံခြုံရေးအတွက်ပါ။ တစ်အိမ်လုံး ခြောက်ကပ်နေတာကြောင့် ချောက်ချားစရာ ကောင်းလှပါတယ်။ အလုပ်နဲ့လက် အဆက်မပြတ်ရှိတဲ့ ဘာကင်ဟမ် နန်းတော်နဲ့တော့ ကွာခြားလှပါတယ်။ ဒါကြောင့် ကျွန်တော် တာဝန်ထမ်းဆောင်စရာရှိတဲ့ တာဝန်ချိန်ပြီးပြီဆိုရင် ဝင်ဒီရဲ့အိမ်မှာပဲ ဝိုင်သောက်ရင်း စကားစမြည် ပြောနေလေ့ရှိပါတယ်။ အိမ်တော်ရဲ့အပြင်မှာ အမှုထမ်းကြတဲ့ မင်းမှုထမ်းများထဲမှာလည်း ကျွန်တော်နဲ့ မျက်မှန်းတန်းမိနေတဲ့ အမှုထမ်းတွေ ရှိကြပါတယ်။ အဲဒီအမှုထမ်းများထဲမှာ ပယ်ဒီ ဝှိုက်လန်းဆိုတဲ့ လူကြီးကိုတော့ အိမ်တော်ဝန်ထမ်းအားလုံးက ပရိဘောဂအိုကြီးလို့ တင်စားကြပါတယ်။ သူက ဒီအိမ်တော်မှာပဲ အမှုထမ်းခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ရှိပါပြီ။ ဒါကြောင့် ချားလ်စ်မင်းသားက 'ပယ်ဒီသာ သေသွားရင် သူ့ပုံကိုထုပြီး တို့စံအိမ်ဝင်းအတွင်းမှာ ထားရမယ်'လို့ ပြောခဲ့ဖူးပါတယ်။

            ဟိုက်ဂရုဖ်စံအိမ်နဲ့ ပတ်သက်ပြီး ပယ်ဒီက အစစအရာရာ တတ်သိနားလည်တဲ့ သက်ရှိ အဘိဓာန်တစ်အုပ်လိုပါပဲ။ မင်းသားက သစ်ပင်တစ်ပင် ခုတ်လှဲချင်ရင်လည်း ပယ်ဒီကိုပဲ ခိုင်းပါတယ်။ ခြံစည်းရိုးပေါက်နေတာ မြင်လို့ ပြင်ချင်ရင်လည်း ပယ်ဒီကိုပဲ တာဝန်ပေးပါတယ်။ အပြင်မှာ ဖြစ်ပေါ် နေတဲ့ အတင်းအဖျင်း သတင်းတွေကို နားထောင်ချင်ရင်လည်း မင်းသားက ပယ်ဒီကိုပဲ ခေါ်ပြီး မေးတာပါ။ မင်းသားကိုယ်တိုင်က တခြားသူတွေ ပြောတဲ့စကားထက် ပယ်ဒီပြောတဲ့ စကားကို ပိုပြီး ယုံကြည်မှု ရှိပါတယ်။ မင်းသားက ပယ်ဒီကို အဲဒီလို ယုံကြည်ကိုးစားတဲ့အပြင် သူတို့ငယ်ငယ်က တည်းက ထိတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်နေတာကြောင့်လည်း သံယောဇဉ်ရှိပုံ ရပါတယ်။

            နောက်တစ်ယောက်ကတော့ မင်းသားရဲ့ အပင်များကို စိုက်ပျိုးပေးတဲ့ ဥယျာဉ်မှူး ဒဲနစ္စရောင်းပါပဲ။ သူကလည်း မင်းသားငယ်စဉ်ကတည်းက လက်ပွန်းတသီး ရှိခဲ့သူ ဖြစ်ပါတယ်။ ဒဲနစ္စက ဦးထုပ်အပြားကို အမြဲဆောင်းထားလေ့ရှိပြီး အင်္ကျီလက်ကိုလည်း အမြဲတမ်း ခေါက်တင်ထားလေ့ ရှိပါတယ်။ လက်ထဲမှာတော့ ဥယျာဉ်သုံး ကိရိယာတစ်ခုခု အမြဲတစေ ကိုင်ထားလေ့ ရှိပါတယ်။ ဒီခြံထဲက ထွက်တဲ့ အသီးအနှံများက အိမ်တော်အတွက် လတ်ဆတ်တဲ့ မီးဖိုဆောင်သုံး ပစ္စည်းများ ဖြစ်စေပါတယ်။ ဒဲနစ္စနဲ့အတူ အလုပ်လုပ်ကြတဲ့ ဥယျာဉ်မှူးများလည်း ရှိပါသေးတယ်။ ဒေးဗစ်နဲ့ဂျိမ်းစ်တို့ပါပဲ။ သူတို့ကတော့ မျက်စိပသာဒဖြစ်စေမယ့် ရာသီအလိုက် ပန်းပွင့်တဲ့အပင်များကို အိမ်တော်ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ အရိပ်တကြည့်ကြည့်နဲ့ စိုက်ပျိုးကြသူများပါပဲ။ ချားလ်စ်မင်းသားရဲ့ ဥယျာဉ်ဟာ အင်္ဂလန်နိုင်ငံမှာရှိတဲ့ ဥယျာဉ်များထဲက အကောင်းဆုံး ဥယျာဉ်ဖြစ်တယ်လို့ စာနယ်ဇင်းများက ရွေးချယ်တာခံခဲ့ ရဖူးပါတယ်။

            စက်တင်ဘာလအတွင်းမှာတော့ ကျွန်တော့်ဇနီး မာရီယာနဲ့ သားကြီး အဲလက်စ်တို့ ပြောင်းလာကြပါတယ်။ မာရီယာမှာ ဒုတိယမြောက်ကိုယ်ဝန်ကို ဆောင်နေပါပြီ။ ကျွန်တော် ဘုရင်မကြီး ထံမှ ပြောင်းရွှေ့လာပြီး ရက်သတ္တပတ်နှစ်ပတ်မှာ ကိုယ်ဝန်ရှိနေကြောင်း မာရီယာ သိခဲ့တာပါ။ ကျွန်တော်တို့အတွက်ရတဲ့ အိမ်ကတော့ ဟိုက်ဂရုဖ်စံအိမ် ခြံဝင်းအတွင်း ထောင့်တစ်နေရာမှာ ရှိပါတယ်။ လူမနေတဲ့အတွက် တဲအိမ်သာသာ အိမ်ကလေးက တော်တော်ပျက်စီးနေတာကြောင့် ပြီးခဲ့တဲ့လက ပြင်ဆင်ရေး လုပ်ရပါတယ်။ မာရီယာတို့ ရောက်လာချိန်မှာ အိမ်ကို သုတ်ထားတဲ့ ဆေးအနံ့တောင် မပြယ်သေးပါဘူး။ ကြမ်းပြင်ကိုတော့ ကျွန်တော်က ကော်ဇော အစိမ်း ခင်းထားလိုက်ပါတယ်။ အိမ်ရဲ့ ခြံဝင်းကလေးအတွင်းမှာ စိုက်ထားခဲ့တဲ့ အပင်များကလည်း ပြုစုယုယသူ မရှိတာကြောင့် အလေ့ကျအပင်များလို ဖြစ်နေပါပြီ။ ပြတင်းပေါက်မှန်တချို့ကလည်း ကွဲနေတာကြောင့် ပြန်ပြီး ပြင်ဆင်ရပါတယ်။

            အိမ်ကို ရောက်စမှာ မာရီယာက ကျွန်တော်တို့မိသားစု ဘာကင်ဟမ်နန်းတော်ကို စွန့်ခွာခဲ့ကြတာ မှားများ မှားသွားပြီလားလို့တောင် ဖြစ်ခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဇနီး မောင်နှံမှာ သခင်မ ဘုရင်မကြီးကို စွန့်ခွာခဲ့ကြပြီဖြစ်တဲ့အတွက် နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တော့ပါဘူး။

            မြင်းဇောင်းများကနေ အပြန်မှာ ကျွန်တော်တို့အိမ်ကို ဝင်လည်လေ့ရှိတဲ့ ပယ်ဒီက ကျွန်တော်တို့မိသားစုကို ရွှင်မြူးစေပါတယ်။ ပယ်ဒီက 'မင်းတို့က နောက်ထပ်ကလေးတစ်ယောက် ရတော့မှာဆိုတော့ လတ်လတ်ဆတ်ဆတ် ကြက်ဥတွေ စားဖို့လိုတယ်' လို့ ဆိုပါတယ်။ အဲဒီနေ့ညနေမှာ ပယ်ဒီက ထရက်တာကားကြီး မောင်းပြီး နောက်တွဲယာဉ်ပေါ်မှာ ကြက်များထားဖို့ လှောင်အိမ်တစ်ခု ပါလာပါတယ်။ ဒီလှောင်အိမ်ကို သူကိုယ်တိုင် လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။ အဲဒီလှောင်အိမ် ထဲမှာတော့ ကြက်မ ၆ ကောင် ပါလာခဲ့ ပါတယ်။ 'မနက်အိပ်ရာထတိုင်း ကြက်ဥ လတ်လတ်ဆတ်ဆတ် စားကွ' လို့လည်း ညွှန်ကြားပါတယ်။ မာရီယာကတော့ နွားနို့လတ်လတ်ဆတ်ဆတ် သောက်ဖို့ဆိုပြီး နွားမတစ်ကောင် လာမပို့တာကိုပဲ ကျေးဇူးတင်နေပါသေးတယ်။ အိမ်ထဲမှာ ခင်းထားတဲ့ အစိမ်းရောင် ကော်ဇောအသစ်ကို ပယ်ဒီတွေ့ သွားတော့ 'ဒီအရောင် ကောင်းတယ်ကွ။ ဘုရားသခင်က အစိမ်းရောင်ကို ကြိုက်တယ်။ မင်းကြည့်ပါလား၊ သူ ဖန်ဆင်းတဲ့ သစ်ပင်တွေ၊ မြက်ခင်းတွေ အားလုံးဟာ အစိမ်းတွေချည်းပဲ'လို့ ပြောပြီး တဟားဟားနဲ့ ရယ်နေသေးတာပါ။

            ကျွန်တော်တို့မိသားစုမှာ ဘာကင်ဟမ်နန်းတော်ထဲ နေရတာနဲ့စာရင် တော်တော်ကလေး အကျပ်အတည်း တွေ့ရပါတယ်။ နေရတာသာ အကျပ်အတည်း မဟုတ်ပါဘူး။ အလုပ်တာဝန်ကလည်း တော်တော်ကြီးလေးပြီး ကျပ်တည်းလှပါတယ်။ အောက်တိုဘာလမှာ ချားလ်စ်နဲ့ ဒိုင်ယာနာတို့ ပြည်ပခရီးစဉ်က ပြန်လာပြီးတဲ့နောက် ကျွန်တော့်တာဝန်များရဲ့ စိန်ခေါ်ပွဲက စတင်တော့တာပါပဲ။ အရင်က ဘာကင်ဟမ်နန်းတော်မှာ ကျွန်တော့်နောက်က အမှုထမ်း ၃ဝဝ တို့က ပံ့ပိုးပေးနေကြတာ ဖြစ်ပေမယ့် ဒီမှာတော့ ကျွန်တော့်နောက် တစ်ယောက်မှ မရှိပါဘူး။ အလုပ်မှန်သမျှကို တစ်ယောက်တည်း ဒိုင်ခံတာဝန်ယူပြီး ဆောင်ရွက်ရတာပါ။ ဘဏ္ဍာစိုးဆိုလည်း ကျွန်တော်ပဲ။ အိမ် တော်ဝန်ဆိုလည်း ကျွန်တော်ပဲ။ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် ကျွန်တော့် တာဝန်တွေ စလိုက်တာ ညအိပ်တဲ့အထိပါပဲ။

            မင်းမှုထမ်းအားလုံးက ချားလ်စ် မင်းသားဟာ ဆွေတော်မျိုးတော်များထဲမှာ လစာပေးတာ အရက်ရောဆုံးလူလို့ သတ်မှတ်ထားကြပါတယ်။ ဘယ်အိမ်တော်နဲ့မှ မတူ၊ ဟိုက်ဂရုဖ်စံအိမ်မှာ တာဝန်ထမ်းဆောင်ရတဲ့ မင်းမှုထမ်းများက တခြားစံအိမ်မှ မင်းမှုထမ်းများထက် လစာပိုရကြပါတယ်။ ဘာကင်ဟမ် နန်းတော်ကို စွန့်ခွာပြီး ဟိုက်ဂရုဖ်စံအိမ်မှာ လာရောက်တာဝန်ထမ်းဆောင်တဲ့အတွက် မင်းသားက ကျွန်တော့်လစာကို တစ်နှစ် စတာလင်ပေါင် ၈ဝဝဝ ကနေ ၁ဝဝဝဝ တိုးပေးပြီး ၁၈ဝဝဝ ခံစားစေပါတယ်။ လစာများများရလေ တာဝန်က ပိုများလေပါပဲ။ လက်ထောက် တစ်ယောက်မှ မရှိတဲ့အတွက် ဝိုင်ပုလင်း လိုအပ်တာကအစ ငွေလင်ပန်းများ သန့်ရှင်းရေး လုပ်တဲ့ကိစ္စအဆုံး ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ရပါတယ်။ ဧည့်သည် လာလို့ ကြိုဆိုရင် ကျွန်တော် ကြိုဆိုရသလို မီးလင်းဖိုမှာ ထင်းမီးထိုးဖို့ လိုရင်လည်း ကျွန်တော်ပဲ လုပ်ရတာပါ။ ဧည့်ခန်းမက စားပွဲပေါ်မှာ အလှတင် ပန်းအိုး ပြင်ဆင်တာလည်း ကျွန်တော်ပါပဲ။ ဘာကင်ဟမ်နန်းတော်မှာတုန်းကလို နိုင်ငံတော်တံဆိပ်တပ်ထားတဲ့ ယူနီဖောင်းဝတ်စရာ မလိုဘဲ ရွှေကြယ်သီးတပ် သာမန်ဝတ်စုံကိုပဲ ဝတ်ဆင်ရပါတယ်။ နက်ပြာရောင်ဝတ်စုံဖြစ်ပြီး ကုတ်ပေါ်မှာတော့ မင်းသားရဲ့ အမှတ်တံဆိပ်ကို တပ်ဆင်ထားရပါတယ်။ ရှပ်အင်္ကျီအဖြူနဲ့ လည်စည်းအပြာကို ဝတ်ဆင်ရပါတယ်။

            ဘာကင်ဟမ် နန်းတော်မှာတုန်းက ဘုရင်မကြီးရဲ့အချစ်တော် ခွေးကလေး ၉ ကောင်ကို ထိန်းသိမ်းခဲ့ရတဲ့ ကျွန်တော် ဒီစံအိမ်ကို ရောက်တဲ့အခါမှာတော့ မင်းသားရဲ့ ခွေးနှစ်ကောင်ဖြစ်တဲ့ တစ်ဂါနဲ့ရူးတို့ကို ထိန်းကျောင်းရပြန်ပါတယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းလို့ ပြောရမလား မသိ။ ခွေးများကို လမ်းလျှောက်တဲ့ကိစ္စမှာတော့ ကျွန်တော် တာဝန်မယူရပါဘူး။ မင်းသားကိုယ်တိုင် လမ်းလျှောက်ပေးပါတယ်။ အဲဒီတာဝန်တွေအပြင် ဟိုက်ဂရုဖ်စံအိမ်ကို ဝင်လာတဲ့ တယ်လီဖုန်း များကိုလည်း ကျွန်တော်ပဲ ဖြေကြားရတာပါ။ တစ်နေ့မှာတော့ ဖုန်းမြည်လာတဲ့အတွက် ကျွန်တော် ကောက်ကိုင်လိုက်ပါတယ်။

            'ဟဲလို... ဟိုက်ဂရုဖ်စံအိမ်ကပါ'

            'ဟဲလို ပေါလ်...'

            ကျွန်တော် ချက်ချင်း ဒီအသံကို မှတ်မိလိုက်ပါတယ်။ ဘုရင်မကြီးရဲ့ အသံပါ။

            'မင်္ဂလာနံနက်ခင်းပါ သခင်မ'

            ကျွန်တော့်သခင်မရဲ့ အသံကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော် တော်တော်ကလေး စိတ်လှုပ်ရှားသွားပါတယ်။ သူ့ဆီကနေ ကျွန်တော် ထွက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် ကြားရတဲ့ အသံပါပဲ။ ကျွန်တော်တို့ အနေနဲ့ ဘုရင်မကြီးနဲ့ အာလာပသလ္လာပ ပြောဖို့ အခွင့်အရေးမရှိပေမယ့် ကျွန်တော် အရဲစွန့်ပြီး နေထိုင်ကောင်းရဲ့လား၊ ကျွန်တော့်အချစ်တော် ခွေးကလေး ချစ်ပါရော နေကောင်းရဲ့လားလို့ မေးခဲ့မိပါသေးတယ်။

            'သားတော်မောင်ရှိလား ပေါလ်'

            ကျွန်တော့်စကားကို ဖြတ်ပြီး ဘုရင်မကြီးက မေးတော်မူလိုက်ပါတယ်။ ကျွန်တော် စကားတွေ တော်တော်များများ ပြောလိုက်မိပြီလားလို့ စိတ်ပူသွားမိပါသေးတယ်။ ဒါကြောင့် ချားလ်စ်မင်းသားဆီကို ဆက်သွယ်ပြီး 'မင်းသားခင်ဗျာ၊ မယ်တော် ဘုရင်မကြီး ဖုန်းဆက်သွယ်လာပါတယ်'လို့ အကြောင်းကြားလိုက်ရပါတော့တယ်။

□

            တာဝန်ထမ်းဆောင်ချိန် တော်တော်ကလေး ရလာတော့ မင်းသားရဲ့ သဘောထားကို ကျွန်တော် နားလည်လာခဲ့ပါပြီ။ မင်းသားက ဟိုက်ဂရုဖ်စံအိမ်ကို သူ့ အမြဲတမ်းစံအိမ်အဖြစ် သဘောမထားချင်ပါဘူး။ ဘုရင်မကြီးက ဝင်ဆာနန်းတော်မှာ နေလေ့ရှိပြီး ဘုရင်မကြီးရဲ့ မယ်တော်ဘုရင်မကြီးကတော့ စံအိမ်တစ်ခုမှာ သီးခြားနေလေ့ ရှိပါတယ်။ ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာ မင်းသမီးတို့က တနင်္လာနေ့မှ သောကြာနေ့အထိ ကင်စတန်နန်းတော်မှာ အတူတကွ နေထိုင်လေ့ ရှိပါတယ်။ ကင်စတန်နန်းတော်မှာ အချိန်ပြည့် ဘဏ္ဍာစိုးအဖြစ် တာဝန်ထမ်းဆောင်ရသူက ဟာရိုးလ်ဘရောင်းပါ။ ဒါပေမယ့် ကျွန်တော် ဟိုက်ဂရုဖ်စံအိမ်ကို ရောက်ပြီး နွေဦးပေါက်ကာလကစလို့ ချားလ်စ် မင်းသားက သူတစ်ယောက်တည်းသာ ဟိုက်ဂရုဖ်စံအိမ်မှာ စနေ၊ တနင်္ဂနွေရက်များ နေလေ့ရှိပါတယ်။ မင်းသားက သူခရီးထွက်ရာမှာ စောင့်ရှောက်ပေးမယ့် သက်တော်စောင့်တစ်ဦး၊ သူခရီးသွား လာစဉ်အတွင်း စားရေးသောက်ရေး တာဝန်ယူ လုပ်ဆောင်ပေးမယ့်သူ တစ်ဦးတို့ကို အနီးကပ် လိုက်ပါစေပါတယ်။ အိမ်တော်မှာ တာဝန်ထမ်းလာချိန် များလာတော့ အိမ်တော်ရဲ့ တံခါးဝမှ မလှမ်းမကမ်းတစ်နေရာမှာ ရဟတ်ယာဉ်တစ်စီး အဆင်းအတက် လုပ်တာကို ကျွန်တော့်အတွက် အမြင်ရိုးသွားပါပြီ။ ချားလ်စ်မင်းသား ဟိုက်ဂရုဖ်စံအိမ်မှာ တစ်ယောက်တည်း အနေများလာပါတယ်။ ကျွန်တော်တို့ မင်းမှုထမ်းများ အနေနဲ့လည်း ဆေးရုံတစ်ခုရဲ့ ခွဲစိတ်ခန်းထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြတဲ့ ဆရာဝန်များလို ရင်တထိတ်ထိတ်နဲ့ နေကြရပါတယ်။ တစ်နေ့တာအတွက် အချိန်ဇယားကလည်း အပြည့်ပါ။ မင်းသားက သူတစ်နေ့တွေ့မယ့် ဧည့်သည်စာရင်းကို နေ့စဉ်ပြုစုထားပါတယ်။ နေ့လယ် ထမင်းစားချိန် နားရာမှာတော့ သူ့မိတ်ဆွေတချို့လည်း လာပြီး အတူတူ စားတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ ဗာနွန်ရပ်ဆဲလ်စမစ်သ်၊ ကယ်မီလာ ပါကာဘိုးလ်စ်၊ ဒီဗွန်ရှိုင်းယားမြို့စားကတော် ကင်ဒီဒါလိုင်ဆက်ဂရင်းတို့လည်း ပါဝင်တတ်ပါတယ်။            လက်ခံတွေ့ဆုံရမယ့် ဧည့်သည် မရှိလို့ အားလပ်နေတဲ့အခါများမှာတော့ မင်းသားက ဥယျာဉ်ခြံဝင်းအတွင်းမှာ နာရီပေါင်းများစွာ အပင်များကို တယုတယ ပြုစုလေ့ ရှိပါတယ်။ တစ်ခါတုန်းက မြေကြီးတွေကို သူကိုယ်တိုင် တူးဆွပြီး မြက်ခင်းတစ်ခု ယုယပျိုးထောင်ခဲ့ ဖူးတာကိုလည်း ကျွန်တော် မှတ်မိနေပါတယ်။ အဲဒီမြက်ခင်း ပျိုးထောင်စဉ်တုန်းက မင်းသားက သူ့နောက်ကျောရိုးတွေ ကျိုးတော့မတတ် ခံစားရတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ အဲဒီလိုမှ လုပ်မနေရဘူးဆိုရင်လည်း မင်းသားက သူ့စာကြည့်ခန်းအတွင်းမှာ ဂန္ထဝင်သီချင်းတွေကို ဖွင့်ပြီး နားထောင်နေတတ်ပါတယ်။ သီချင်းဖွင့်တဲ့နေရာမှာ ခပ်ကျယ်ကျယ် ဖွင့်လေ့ရှိတာကြောင့် တစ်ခါတလေ သူ့တံခါးခေါက်သံကိုတောင် သူ မကြားပါဘူး။ မင်းသမီးကတော့ ဟိုက်ဂရုဖ်စံအိမ်မှာထက် လန်ဒန်မှာ အနေများပါတယ်။ ကလေးနှစ်ယောက်နဲ့အတူ လန်ဒန်မှာနေပြီး နေ့လယ်စာကို မိတ်ဆွေတွေနဲ့အတူ ဘာကင်ဟမ်နန်းတော်အတွင်း ဝင်စားကြတာပါ။ သူခေါ်သွားလေ့ရှိတဲ့ မိတ်ဆွေများကတော့ ဖက်ရှင်ဒီဇိုင်နာ ဂျက်စ်ပါကွန်းရန်း၊ လော်ရာလွန်စဒေးလ်၊ ကာရိုလင်းဘာသိုလိုမြူးတို့ပါပဲ။ တစ်ခါတလေမှာတော့ ညစာကို ဟယ်ရီ ကြိုက်တတ်တဲ့ မေဖဲယားမှာ သွားစားတတ်ပါတယ်။ အဲဒီလို သွားစားရင် ဂရိဘုရင် ဟောင်းတစ်ဦးဖြစ်တဲ့ ကွန်စတင်တိုင်းနဲ့ မိဖုရား အဲန်းမာရီတို့လည်း ပါဝင်ပါတယ်။ နေ့ခင်းအချိန်များမှာတော့ မင်းသမီးက မြင်းစီးသင်ပါတယ်။ မနက် ၇ နာရီခွဲဆိုရင် ဗိုလ်မှူးဂျိမ်းစ်ဟေးဝစ်နဲ့ မြင်းစီးလေ့ကျင့်ဖို့ ထွက်သွားပါပြီ။ မင်းသမီးက သူ့ဘဝမှာ စွမ်းရည်တွေ ပိုမိုတိုးတက်ဖို့ လေ့ကျင့်သင်ကြားနေခြင်းဖြစ်တယ်လို့ ကျွန်တော် နားလည်ခဲ့ပါတယ်။ မြင်းစီး မလေ့ကျင့်တဲ့နေ့များမှာတော့ မင်းသမီးက စကားမပြောတတ်သူများရဲ့ ခြေဟန်လက်ဟန်နဲ့ စကားပြောနည်းကို လေ့လာသင်ယူလေ့ ရှိပါတယ်။ အဲဒီလိုမှ မဟုတ်လို့ရှိရင်လည်း ဧည့်ခန်းထဲမှာ အကသင် လေ့ကျင့်နေလေ့ ရှိပါတယ်။

            သောကြာ တစ်ညနေခင်းမှာတော့ သူတို့ဇနီးမောင်နှံအတူတကွ ပြန်လာခဲ့ကြရာမှာ မင်းသမီးက ကားမောင်းလာပြီး အဲဒီတုန်းက အသက် ၅ နှစ် အရွယ်သာ ရှိသေးတဲ့ ဝီလျံနဲ့ အသက် ၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီတို့လည်း ပါလာပါတယ်။ သူတို့အစီအစဉ်က တနင်္ဂနွေနေ့ နေ့လယ်စာ စားပြီးချိန်မှာ လန်ဒန်ကို ပြန်ကြဖို့ပါ။ သူတို့နဲ့အတူ ကလေးထိန်းတစ်ဦး၊ အထိန်းတော် တစ်ဦးနဲ့ သက်တော်စောင့်တစ်ဦးလည်း ပါပါတယ်။ မင်းသမီးက လန်ဒန်မှာ အသိုင်းအဝိုင်းများတဲ့အတွက် ပျော်မွေ့လေ့ ရှိပြီး ကင်စတန်နန်းတော်ကို သူမရဲ့အိမ်လို့ သတ်မှတ်ထားပါတယ်။ မင်းသမီးနဲ့ ပြောင်းပြန်က မင်းသားပါ။ မင်းသားက ဟိုက်ဂရုဖ်စံအိမ်ကို သူ့အိမ်လို့ သတ်မှတ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပြီး အနေများလာပါတယ်။ တစ်ရက်ခြားလောက်သာ လန်ဒန်ကို သွားပြီး ဇနီးဖြစ်သူနဲ့ နေပါတယ်။

            တော်ဝင်မိသားစုများရဲ့ဘဝမှာ ခုလို ဇနီးမောင်နှံနှစ်ဦး ခွဲနေခြင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အစဉ်အလာတစ်ခု ဖြစ်နေပါတယ်။ မင်းသားနဲ့ ကြင်ယာတော်တို့ စိတ်ဝင်စားမှုချင်းကလည်း တခြားစီ ဖြစ်နေတော့ ပျော်တဲ့နေရာကလည်း တစ်သီးတခြားစီ ဖြစ်လာခြင်းပါ။ မင်းသမီးက လန်ဒန်ရဲ့ လူနေမှု အသိုင်းအဝိုင်းကို သဘောကျပေမယ့် မင်းသားကတော့ ကျေးလက်မှာ နေထိုင်ရခြင်းကို ပိုပြီး ပျော်မွေ့ပါတယ်။ ဘုရင်မကြီးနဲ့ ကြင်ယာတော် အီဒင်ဘာ မြို့စားကြီးတို့ဟာလည်း ဝါသနာပါတာချင်း မတူပါဘူး။ တစ်သီးတခြားစီ လျှောက်လှမ်းကြတာ ဖြစ်ပေမယ့် သူတို့ အိမ်ထောင်ရေး ခိုင်မြဲမှုအတွက် အတူတကွ နေထိုင်ကြလေ့ ရှိပါတယ်။ ဟိုက်ဂရုဖ်စံအိမ်ကို ရောက်စကာလတုန်းက ချားလ်စ်နဲ့ဒိုင်ယာနာတို့က သူတို့အသိုင်းအဝိုင်း ကိုယ်စီနဲ့ သီးခြားစီ ပျော်မွေ့ကြတာကို ကျွန်တော် သတိပြုမိပါတယ်။ ၁၉၈ဝ ပြည့်နှစ်များအတွင်းမှာ တုန်းကဆိုရင် ကျွန်တော့်အနေနဲ့ မင်းသမီးစားဖို့ ညစာကို တစ်ကြိမ်တစ်ခါမှ သူမ အခန်းတွင်းသို့ ပို့ပေးခဲ့ရတာ မရှိခဲ့ဖူးပါဘူး။ ညနေအချိန်ရောက် ပြီဆိုရင် ရုပ်မြင်သံကြားစက်ရှေ့မှာ စားပွဲချပြီး သူတို့ဇနီးမောင်နှံ ညစာစားဖို့အတွက် ပြင်ဆင်ပေးရပါတယ်။ ညစာကို ဧည့်ခန်းထဲမှာပဲ ရုပ်မြင်သံကြားကြည့်ရင်း အတူတကွ စားသုံးလေ့ ရှိပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်ရတာ သာမန်ဇနီးမောင်နှံများလိုပါပဲ။ တစ်သီးတခြားစီ စီးပွားရေးလုပ်ငန်း လုပ်ကြတဲ့ ဇနီးမောင်နှံတွေ ထမင်းစားရင်း သူ့လုပ်ငန်းအကြောင်း၊ ကိုယ့် လုပ်ငန်းအကြောင်း ပြောကြသလို သူတို့နှစ်ယောက်လည်း စကားတပြောပြောနဲ့ စားလေ့ရှိပါတယ်။ အဲဒီလိုဆုံပြီး ထမင်းစားချိန် မဟုတ်လို့ ဒိုင်ယာနာက ချားလ်စ်ကို တွေ့ချင်ပြီဆိုရင် ဘယ်မှာ ရှိနေတယ်ဆိုတာ သူ သိပါတယ်။ စာကြည့်ခန်းထဲမှာကလွဲရင် ဘယ်နေရာမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး။ မင်းသားက ညဥ့်နက်တဲ့အထိ စာဖတ်၊ သီချင်းနားထောင်၊ ဒါမှမဟုတ် အပုံလိုက် ရှိနေတဲ့ စာရွက်စာတမ်းတွေနဲ့ အလုပ်များနေတတ်တာပါ။ ခွေးနှစ်ကောင်က အောက်ထပ်မှာ ဆော့ကစားနေချိန် အပေါ်ထပ်မှာ ဝှီတနီဟျူစတန်ရဲ့ သီချင်းသံက အပေါ်ထပ်မှာ ပျံ့လွင့်နေပါတယ်။ မင်းသမီးကတော့ အိပ်ရာဝင်ချိန်မှာ ခေတ်ပေါ်ဂီတကို နားဆင်လေ့ ရှိပါတယ်။ သူအကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ထပ်ပြန်တလဲလဲ နားဆင်လို့ရအောင် စီစဉ်ထားပါတယ်။ အကြိုက်ဆုံး သီချင်းကတော့ I Will Always Love You သီချင်းပါပဲ။ (နောက်ပိုင်းနှစ်များမှာတော့ မင်းသမီးက ဂန္ထဝင်သီချင်းတွေကို ပိုပြီး နှစ်သက် လာပါတယ်) ညစဉ်ညတိုင်း ကျွန်တော် တာဝန်ထမ်းဆောင်ရတဲ့ အလုပ်တစ်ခုကတော့ ဧည့်ခန်းထဲမှာ သူတို့ဇနီးမောင်နှံ ရှိနေစဉ်အတွင်း ငွေဓာတ်ဘူးထဲမှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော် ရည်ကို မင်းသားအတွက် စီစဉ်ပေးရပါတယ်။ တစ်ခါတလေမှာ မင်းသမီးကလည်း ဝင်သောက်တတ်ပြီး မင်းသားအတွက် လက်ကျန်နည်းသွားတတ်တဲ့အခါတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် မင်းသားက 'ကျေးဇူးပြုပြီး ညစာစားပြီးတဲ့အခါမှာ ဓာတ်ဘူးထဲ လိမ္မော်ရည် ရှိရဲ့လားလို့ စစ်ဆေးပေးပါ။ မင်းသမီးက အကုန်သောက်သွားရင် ကိုယ်တော်အတွက် မကျန်တတ်လို့ပါ'လို့ စာရေးပြီး မှာတမ်းခြွေတာလည်း ကျွန်တော် ကြုံခဲ့ဖူးပါတယ်။

            အိမ်တော်ရဲ့ အောက်ထပ်မှာ အဓိကအခန်းကြီး လေးခုရှိပါတယ်။ အဲဒီလေးခန်းထဲက တစ်ခန်းမှာ ကျွန်တော် တာဝန်တစ်ရပ် တနင်္ဂနွေနေ့တိုင်း သီးခြားဆောင်ရွက်ရပြန်ပါတယ်။ အဲဒီတာဝန်ကတော့ အဲဒီအခန်းကို ဘုရားရှိခိုးကျောင်းတစ်ခုအသွင် ဖော်ဆောင်နိုင်အောင် ငွေထည်ပစ္စည်းများနဲ့ ပြင်ဆင်ပြီး ချားလ်စ်မင်းသားက သာသနာပိုင်ဆရာတော်ထံမှ တရားနာယူခြင်းပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို ချားလ်စ်မင်းသားက အလေးအနက်ထားပြီး တနင်္ဂနွေနေ့ နံနက်တိုင်း ဆောင်ရွက်လေ့ ရှိပေမယ့် ဒိုင်ယာနာကတော့ မင်းသားနဲ့အတူ ဝင်ရောက်တရားနာယူခြင်း၊ ဘုရားရှိခိုးခြင်း မရှိပါဘူး။ သူက ဘုရားရဲ့အိမ်တော်ဖြစ်တဲ့ ဘုရားရှိခိုးကျောင်းမှာမဟုတ်လို့ စိတ်မပါဘူးလို့ ဆိုပါတယ်။

            ဟိုက်ဂရုဖ်စံအိမ်ကို မင်းသမီးနဲ့ ကလေးတွေ ရောက်လာပြီဆိုရင်တော့ စံအိမ်တစ်ခုလုံး သက်ဝင်လှုပ်ရှားလာ ပါတော့တယ်။ ရယ်သံမောသံ၊ ကလေးများရဲ့ အော်ဟစ်သံ၊ အပေါ်ထပ်ကြမ်း ပြင်မှာ တဒိုင်းဒိုင်းနဲ့ ပြေးလွှားဆော့ ကစားကြသံများကို ကြားနိုင်သလို မင်းသမီးကိုယ်တိုင်က သားတော်နှစ်ပါးနဲ့အတူ တူတူပုန်းတမ်း ကစားတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာဆိုရင်တော့ စံအိမ်ဟာ သက်ဝင်လှုပ်ရှားမှု အပြည့်ပါပဲ။ တစ်ခါတလေမှာတော့ မင်းသမီးက သူ့သားတွေကို စန္ဒရားတီးပြတဲ့အခါတွေလည်း ရှိပါတယ်။

            မိသားစုဘဝကို ပျော်ရွှင်ချမ်းမြေ့နေတာ ကျွန်တော့်အမြင်မှာ သာမန် မိသားစုကလေးတစ်ခုလို ထင်မိပေမယ့် လေဒီစူဇန်ဟတ်ဆေးကတော့ ကျွန်တော့် အမြင်ဟာ အပေါ်ယံကြော မြင်တာဖြစ်ပြီး အတွင်းမှာဖြစ်နေတဲ့ မိသားစု အရေးအခင်းတစ်ခု ရှိနေတယ်လို့ သတိပေးပါတယ်။ မင်းသားနဲ့ မင်းသမီးတို့ တာဝန်ကိုယ်စီနဲ့ ရှိနေကြတဲ့ကြားကပဲ သားတော်နှစ်ပါး စိတ်ချမ်းမြေ့မှုကိုလည်း ဆောင်ရွက်နေကြပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူတို့မိသားစုကလေးဟာ ဘယ်သူမှ ဖြိုခွင်းလို့ မရနိုင်မယ့် အသင်းတစ်သင်းလို စည်းလုံးညီညွတ်မှု ရှိနေပါတယ်။ ကျွန်တော့် ဘဝမှာ 'ဝေလမိသားစုများရဲ့ စစ်ပွဲ' ဆိုတာကိုလည်း ဘယ်တော့မှ မြင်ရလိမ့်မယ် မဟုတ်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။

            သူတို့မိသားစုရဲ့ ပျော်ရွှင်မှုဟာ ကျွန်တော်တို့ မင်းမှုထမ်းများအတွက်လည်း ကူးစက်စေပြီး ပျော်ရွှင်ချမ်းမြေ့ ကြရပါတယ်။ အထူးသဖြင့် မင်းသမီးနဲ့ အနီးကပ်နေကြရတဲ့ အမျိုးသမီးများမှာ ပျော်ရွှင်နေကြပါတယ်။ ဟိုက်ဂရုဖ်စံအိမ်ကို မင်းသမီးရောက်လာရင် စိတ်အနှောင့်အယှက်ဖြစ်သူ တစ်ဦးရှိပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ပယ်ဒီပါပဲ။ မင်းသမီးက ဟိုက်ဂရုဖ်စံအိမ်ကို ရောက်ပြီဆိုရင် မနက်စောစော နေပူပူမှာ ခပ်နွေးနွေးဖြစ်နေမယ့် ရေကူးကန်ထဲ ရေကူးလေ့ရှိပါတယ်။ ဆောင်းရာသီ ကာလများမှာ ရေကူးကန်ကို အမိုးအုပ်ထားပေမယ့် နွေဦးပေါက်ကာလများမှာတော့ ဒီအမိုးကို ဖယ်ရှားထားလေ့ ရှိတာကြောင့် ကန်ထဲက ရေဟာ နေရောင် ခြည်ရဲ့ အနွေးဓာတ်ကို ရနေပါပြီ။ ပယ်ဒီက ရေဘယ်လောက်ပူမလဲဆိုတာ စိုးရိမ်တတ်သလို ရေထဲမှာ ကလိုရင်း ဘယ်လောက်ထည့်ရမလဲ ဆိုတာကိုလည်း မမှန်းဆတတ်အောင် ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ကလိုရင်းတွေ များသွားတဲ့အတွက် ကန်ထဲမှာ ရေငုပ်လိုက်တဲ့ မင်းသမီး မျက်စိတွေ နီရဲပြီး ကန်ပေါ်တက်လာရတဲ့အခါတွေလည်း ရှိပါတယ်။ မင်းသမီးက ပယ်ဒီကို အပြစ်မတင်တတ်ပါဘူး။ အကောင်းဘက်ကသာ ရှုမြင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပယ်ဒီကတော့ သူ့ဘက်က အပြစ်ပေးသလို ခံစားရတတ်ပါတယ်။

            မင်းသမီးက သူမအတွက် သီးခြားခန့်ထားတဲ့ ဝန်ထမ်းများအပေါ်မှာ အင်မတန် ဂရုစိုက်လေ့ ရှိပါတယ်။ အထူးသဖြင့် သူမရဲ့ အသက်လုံခြုံမှုအတွက် ခန့်ထားတဲ့ သက်တော်စောင့် ဂရေဟမ်စမစ်သ်ကို ပိုပြီး အရေးပေးပါတယ်။ မင်းသမီးကိုယ်တိုင်က ဂရေဟမ်ဟာ သူမ သဘောအတွေ့ဆုံး ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ အတိအလင်း ပြောခဲ့ဖူးပါတယ်။ မင်းသမီးနဲ့ ကျွန်တော့်ဇနီး မာရီယာကြားမှာလည်း ဂရေဟမ်ဟာ နားလည်မှုအပြည့် ရှိသူဖြစ်ပါတယ်။ တစ်ကြိမ်မှာတော့ ဂရေဟမ် ချောင်းအဆက်မပြတ် ဆိုးလာတဲ့အတွက် ဆေးစစ်ရာမှာ ကင်ဆာရောဂါ ဖြစ်နေတယ်လို့ သိလိုက်ရပါတယ်။ ဓာတ်ကင်ကုသမှု ပြုလုပ်ရမယ်ဆိုတော့လည်း မင်းသမီးက သူကိုယ်တိုင် ဆေးရုံလိုက်ပြီး ဓာတ်ကင်ကုသမှု ခံယူနေတာကို စောင့်ဆိုင်းပေးတတ်ပါသေးတယ်။ ဂရေဟမ် နာမကျန်းဖြစ်လာပြီး နောက်ဆုံးမှာ အငြိမ်းစားယူလိုက်ရပါတယ်။ နှစ်အတော်ကြာပြီးတဲ့နောက် သူ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့နေရာမှာ တခြားလူတွေ အစားဝင်ပေမယ့် သူ့လောက် ဘယ်သူ့ကိုမှ မင်းသမီးက သဘောမတွေ့ခဲ့ပါဘူး။

(ဆက်လက်ဖော်ပြပါမည်)

▀

ဝင်းငြိမ်း

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၈)
ဝင်းငြိမ်း

ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)
ဆူးငှက်

'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၇)
ဝင်းငြိမ်း

သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...