မောင်မောင်၊ဥပဒေ၊
'ခင်ဗျားဆီ စိတ်ချရတဲ့ တပည့်တစ်ယောက် အပ်ချင်လို့'
တစ်နေ့တွင် ဒဂုန်ဆရာတင်သည်
လူငယ်တစ်ယောက်နှင့်အတူ ရွှေဒုံးဘီအောင်ထံ ရောက်လာပြီး ဤသို့ ပြော၏။ ထိုအခါ...
'အောင်မယ်လေး...
တပည့်အပ်တဲ့ဥစ္စာ၊ စိတ်ချရတဲ့ကောင်မှ ဖြစ်တော့မှာပေါ့ ဝိဇ္ဇာကြီးရဲ့'
ရွှေဒုံးဘီအောင်မှာ ဟာသဉာဏ်ရွှင်သော
ပုဂ္ဂိုလ်ဖြစ်၏။ စကားပြောလျှင် ရယ်စရာ မောစရာလေးများ ကြားညှပ်ပြောတတ်၏။
ဒဂုန်ဆရာတင် အပ်သွားသော တပည့်လူငယ်ကို ကြည့်ပြီး...
'မင်းတို့ဆရာက ဝိဇ္ဇာကြီး
ဖြစ်နေပြီကွ။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်လို့ သူ့ကိုယ်သူ နာမည်တပ်ထားတယ် မဟုတ်လား'
ရွှေဒုံးဘီအောင်၏ ဟာသကြောင့်
တပည့်လူငယ်လေးလည်း အရှိန်နှင့် ကြောက်လန့်နေရာမှ ရယ်နိုင်မောနိုင်လာတော့သည်။
မကြာမီ ထိုလူငယ်လေးသည် ရွှေဒုံးဘီအောင်နှင့်အတူ 'အသွင်မတူ' ဟူသော ပြဇာတ်ကို ကာဌေးရုံ၌ တင်ဆက်ကပြခွင့် ရရှိပြီး တဖြည်းဖြည်းနှင့် 'ဗိုလ်ကလေးတင့်အောင်' ဟု ကျော်ကြားလာခဲ့လေသည်။
ရွှေဒုံးဘီအောင်ဟု ဆိုလိုက်လျှင်
ယနေ့လူများစုက ရုပ်ရှင်ဒါရိုက်တာ အဖြစ်သာ သိကြတော့သည်။ ပြဇာတ် ဒါရိုက်တာအဖြစ်ကား
သိသူ သိပ်မရှိတော့။ ၁၉၄၉ ခုနှစ်ဝန်းကျင်လောက်က ရွှေဒုံးဘီအောင်သည်
ပြဇာတ်ဝိဇ္ဇာကြီး ဒဂုန်ဆရာတင်နှင့် ခေတ်ပြိုင် အောင်မြင်ထင်ရှားခဲ့သော
ပြဇာတ်ဒါရိုက်တာ ဖြစ်ခဲ့သည်။ ထိုစဉ်က ဒဂုန်ဆရာတင်နှင့် ရွှေဒုံးဘီအောင်မှာ ပြဇာတ်လောကတွင်
မည်သူမျှ မယှဉ်နိုင်သော ပြဇာတ်ဘုရင်ကြီး နှစ်ပါးဆိုလျှင် မှားမည်မဟုတ်။
ဒဂုန်ဆရာတင်က စကားသိပ် မပြော။
ခပ်တည်တည် နေတတ်သည်။ ရွှေဒုံးဘီအောင်က ရယ်စရာ မောစရာများ ပြောကာ တပည့်များနှင့်
ရင်းရင်းနှီးနှီး နေတတ်သည်။ ငါ ဆရာကြီးပဲ ဟူ၍ ဟိတ်ဟန်မထုတ်တတ်။ ပြဇာတ်တွင်
မပါမဖြစ်သော ဟာသခန်းများ ထည့်သွင်းရာ၌ ဒဂုန်ဆရာတင်က ကျပန်းရယ်ဖွယ်များကို
လျှပ်တစ်ပြက် ဖော်ထုတ်တန်ဆာဆင်၏။ ဆရာရွှေဒုံးက ကျပန်းမဟုတ်ဘဲ ရှေးဟောင်းပုံပြင်
ဒဏ္ဍာရီများမှ ထုတ်နုတ်ကာ ကျင်းယက်ဖန်တီးလေ့ ရှိ၏။ ဇာတ်အိမ်ကို ခိုင်ခံ့အောင်
တည်ဆောက်ပြီး လိုက်ဖက်ညီသော သရုပ်ဆောင်များနှင့် အားကောင်းမောင်းသန် တင်ပြတတ်၏။
အောင်မြင်သော သရုပ်ဆောင်များ
မွေးထုတ်ပေးရာ၌လည်း ထူးချွန်သူဖြစ်၏။ ပြဇာတ်ခေတ်တွင် ရွှေဒုံးဘီအောင်
မွေးထုတ်ပေးခဲ့၍ ယနေ့တိုင် ရုပ်ရှင်လောကတွင် အောင်မြင်နေသူက အများအပြား။
အမျိုးသမီး လူရွှင်တော် ဒေါ်စိန်ခင်အား မွေးထုတ်ပေးခဲ့ပုံကို နောင်အခါ
ဗိုလ်ကလေးတင့်အောင်က အောက်ပါအတိုင်း ပြန်လည်ရေးသား တင်ပြခဲ့ရာ ဖတ်ရသူတိုင်း
ပြုံးချင်စရာဖြစ်ခဲ့သည်။
'မိန်းမလိမ္မာပြဇာတ်တွင် ဒေါ်စမ်းမြ
(မင်းသားဦးဘချစ်၏ ဇနီး)က သူဌေးသား၊ အရာရှိများကို မြှူစားရသော မိန်းမလည်ကြီးအခန်းက
ပါဝင်ရ၏။ ဒေါ်စမ်းမြတွင် လူယုံတော်အဖော် မိန်းမတစ်ယောက်ရှိရန် လိုအပ်သည်။ ဆရာက
ဒေါ်စမ်းမြအား လည်လည်ဝယ်ဝယ် ဇာတ်ဆောင်အမျိုးသမီး တစ်ယောက်ရှာခဲ့ဟု တာဝန်ပေးလိုက်ရာ
ဒေါ်စမ်းမြက အိမ်နီးနားချင်း မိန်းမ ခပ်ဝဝတစ်ယောက်ကို ခေါ်လာ၏။ ဇာတ်တိုက်စဉ်
ချောချောမောမောနှင့် အဆင်ပြေစွာ သရုပ်ဆောင်မှု ဟန်ကျလှပါ၏။
ပြဇာတ် စတင်ကပြသည့် ပထမည၌ကား
ပရိသတ်များပြားလှသည်။ ပြက်လုံးများကြောင့် တဝါးဝါးတဟားဟားနှင့် ဆူညံစွာ
အားပေးနေကြလေရာ ဒေါ်စမ်းမြ ခေါ်လာသော အဖော်မိန်းမမှာ တော်တော်နှင့် မထွက်ဘဲ
ပေကပ်နေ၏။ (ထွက်တော့လေ၊ ခင်ဗျားအခန်း မဟုတ်လား)ဟု အော်တော့မှ ကော်ဖီဗန်းကိုင်ထားသော
လက်နှင့် ဒူးနှစ်ဖက်ပါ တဆတ်ဆတ်လှုပ်ခါရင်း ပရိသတ်ကို ကျောပေးလျက် တုန်တုန်ချိချိ
ထွက်သွားသည်။
သာမန် အမျိုးသမီးများထက်
တစ်ဆကျော်ကျော်သာလိမ့်မည် ထင်ရသော တင်ပါးကြီးမှာ ဒူးနှစ်ဖက်တုန်နေသဖြင့်
တအားကုန်လှုပ်ရမ်းလျက် သွက်သွက်ခါနေလေရာ ပရိသတ်က တဟားဟားရယ်ကြ၏။ ရယ်ရမည့်အခန်း
မဟုတ်ပါဘဲ တသောသော ရယ်မောသံများကြောင့် ဆရာရွှေဒုံးက အလန့်တကြားကြည့်ပြီး
ထိုမိန်းမကြီးအား အော်လေသည်။ (ဘာလို့ နောက်ကျောကြီး ပေးနေရတာတုံး၊
ပရိသတ်ဘက်ကိုလှည့်၊ ခပ်မြန်မြန် လှည့်လိုက်စမ်း) အမျိုးသမီးက ပရိသတ်ကို
လန့်နေရသည့်အထဲ ဆရာရွှေဒုံးက အော်သဖြင့် ပို၍ကြောက်ရွံ့ပြီး ပရိသတ်ဘက်သို့
မျက်နှာကို ဆတ်ခနဲလှည့်လိုက်ရာ ပရိသတ်က ဝုန်းခနဲ ရယ်ကြ၏။ ထိတ်လန့်စွာနှင့်
ကျောပေးကာ တုန်နေပြန်၏။ ထိုသောအခါ ပရိသတ်မှာ ထိန်းမရလောက်အောင် ခွက်ထိုးခွက်လန်
ခုန်ပျံရယ်မောကြလေတော့သည်။ ထိုအမျိုးသမီးကား ရုပ်ရှင်လောကတွင် အမျိုးသမီးလူရွှင်တော်ကြီးဖြစ်လာသူ
ဒေါ်စိန်ခင် ဖြစ်ပါသတည်း။
အနုပညာနယ်ပယ်၌ နှစ်ရှည်လများ
ဇွဲကြီးစွာဖြင့် ကြိုးစားနေကြသော်လည်း မထင်မရှားဘဝနှင့် အချိန်ကုန်လွန်သွားရသူများ
ရှိသကဲ့သို့ မမျှော်လင့်သော အကွက်ကောင်းတစ်ခုနှင့် ဗြုန်းခနဲ တိုး၍ ဝုန်းခနဲ
တက်သွားသူများလည်း ရှိတတ်သည်။ ဒေါ်စိန်ခင်မှာ အကွက်ကောင်းကို မထင်မှတ်ဘဲ
ရရှိသွားသည်။ ဆရာသမားကောင်းများနှင့် ဆုံတွေ့ကာ ကိုယ်တိုင်ကလည်း အနုပညာဗီဇပါ၍
ဆထက်ထမ်းပိုး ကြိုးစားခြင်းကြောင့် ထင်ရှားကျော်ကြားသော အနုပညာရှင်တစ်ဦးဘဝသို့
ရောက်ရှိခဲ့ ရပါသည်။ အကြောက်လွန်၍ လူရွှင်တော် ဖြစ်လာရသည်ဟုလည်း ဆိုနိုင်ပါ၏' (ပန်းဝင်္ကပါ၊
စာမျက်နှာ ၇၄)
ရွှေဒုံးဘီအောင်ကား ပြဇာတ်
ဒါရိုက်တာအဖြစ်သာ အောင်မြင်ခဲ့သည် မဟုတ်သေး။ ရုပ်ရှင်လောက ရောက်သောအခါ၌လည်း
ရုပ်ရှင်ဒါရိုက်တာအဖြစ် အောင်မြင်ခဲ့ပြန်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ လောက်က
ရွှေဒုံးဘီအောင် ရိုက်ကူးခဲ့သော ဗိုလ်အောင်ဒင် ဇာတ်ကားဆိုလျှင် ယနေ့အထိ ပရိသတ်များ
တမ်းတမ်းတတနှင့် ပြောစမှတ်ပြုနေရတုန်း။ ဗိုလ်အောင်ဒင်၏ အောင်မြင်မှုကို ကွယ်လွန်သူ
အဆိုတော် သန်းလှိုင်က 'စစ်ကြိုခေတ်အနုပညာရှင်များ' စာအုပ်တွင်
အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။
'ဒါရိုက်တာ
ရွှေဒုံးဘီအောင်သည် အသံထွက်ဇာတ်ကားရိုက်ရန် ဇာတ်ညွှန်းရေးသားပြီး ဖြစ်နေ၏။
သို့ရာတွင် ဇာတ်ကားအမည်ကို ဘာပေးရမည် မသိ။ စဉ်းစားမရအောင် ရှိနေသည်။ ဤတွင်
ထိုဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည့် မင်းသားခင်မောင်ရင်၏ ငယ်နာမည် အောင်ဒင်ကို
တွေးမိပြီး ဗိုလ်တစ်လုံး ရှေ့မှ ထပ်တိုး၍ ဗိုလ်အောင်ဒင်ဟု အမည်ပေးကာ ခင်မောင်ရင်၊
ဘချစ်၊ မေမေဝင်းတို့နှင့် ရိုက်ကူးပြသခဲ့ရာ ဗိုလ်အောင်ဒင် ဇာတ်ကားသည်
စစ်ကြိုခေတ်မှသည် ယနေ့တိုင် လူကြိုက်များလျက် မြန်မာ့ရုပ်ရှင်ရာဇဝင်တွင်
စံတင်လောက်သော ဇာတ်ကားတစ်ကား ဖြစ်လာတော့သည်။ ထိုဇာတ်ကားဖြင့် ဒါရိုက်တာ ဖြစ်လာသော
ဆရာ ရွှေဒုံးဘီအောင်မှာလည်း ပွဲဦးထွက်ကားနှင့်ပင် အောင်မြင်ထင်ရှားလာခဲ့လေသည်'
(စာမျက်နှာ-၁၉၂)
အသံတိတ် ရုပ်ရှင်ခေတ်က သူပုန့်သွေး၊
ရီရီ့ကုသိုလ်၊ ရွှေဘုန်းတော် ဇာတ်ကားများနှင့် အသံထွက်ရုပ်ရှင်ခေတ်တွင် အပျိုစင်၊
အချစ်ဆုံး၊ သူဇာ၊ ဒေဝီမေတ္တာ၊ ဂုဏ်ဇာတ်ကားများအတွက် ရုပ်ရှင်ဇာတ်ညွှန်းများ ရေးသားပေးခဲ့သည်။
ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများအနက် ဗိုလ်အောင်ဒင်၊
အတွေ့၊ ဤလူ့ဘောင်တွင်၊ မာလာရီ၊ ဗန်ဒိုလူလေးနှင့်သူဇာ ဇာတ်ကားတို့မှာ လူကြိုက်များ
ထင်ရှားခဲ့သည်။ ဒေါက်တာအောင်ကျော်ဦး ဇာတ်ကားတွင် ဒါရိုက်တာ ဆုရရှိခဲ့သည်။
အကယ်ဒမီဆုများ ပေးလာသောအခါ ဇာတ်ညွှန်းဆုနှင့် ဖလင် တည်းဖြတ်သူဆုများပါ
ချီးမြှင့်သင့်ကြောင်း ပထမဦးဆုံး အကြံပြုဆွေးနွေးတင်ပြခဲ့သူမှာ ရွှေဒုံးဘီအောင်
ဖြစ်သည်။
၁၉၇၆ ခုနှစ်တွင်
ရုပ်ရှင်ပညာရှင်တစ်ဦးဖြစ်သော ဒါရိုက်တာပြည့်စုံက 'ရုပ်ရှင်နှင့်ကျွန်တော်'
စာအုပ်ရေးသား ထုတ်ဝေခဲ့ရာ သူ့ကိုယ်တွေ့ ရွှေဒုံးဘီအောင် အကြောင်းကို
အောက်ပါအတိုင်း ရေးသားမှတ်တမ်းတင်ခဲ့သည်။
'ချစ်ခြင်းငယ်ပြိုင်
ဇာတ်ကားတွင် မင်းသမီးတင်တင်မူ၏ မွေးနေ့ပါတီပွဲ ရိုက်ကူးရာ ကျွန်တော်လည်း
ပါဝင်ရိုက်ခဲ့ဖူးသည်။ မှတ်မှတ်မိမိ ၁၉၄၉ ခုနှစ်၊ မေလ ၂၉ ရက်နေ့။ မြန်မာ့အလင်းမှ
ကိုလှမြင့်နှင့်အတူ ၁၆၄ လမ်းရှိ ဒါရိုက်တာ ရွှေဒုံးဘီအောင်ထံသို့ သွားခဲ့ကြသည်။
ဗိုလ်အောင်ဒင် ကဲ့သို့သော
သောက်သောက်လဲ ဝင်ငွေကောင်းသည့် ဇာတ်ကား ရိုက်ကူးလာခဲ့သည့် နာမည်ကျော်
ရုပ်ရှင်ဒါရိုက်တာကြီးသည် တဲအိမ်ကလေးဖြင့် ဖြစ်သလို နေထိုင်ရသည်ကို မြင်ရသောအခါ
ရင်ထုမနာ ဖြစ်သွားခဲ့လေသည်။ ဆရာရွှေဒုံးသည် ဖော်ရွေစွာ လေးစားစွာနှင့်ပင်
ကျွန်တော့်ကို ဆီးကြိုဧည့်ခံသည်။ စကားပြောသောအခါ သူ၏ဝသီအတိုင်း
အရွှန်းကလေးများနှင့် ပုံတိုပတ်စ ဥပမေယျများနှင့် ပြောလေသည်' (စာမျက်နှာ-၈၄)
ဗိုလ်အောင်ဒင်အဆက် 'ဗိုလ်အောင်ဒင်
ပြန်လာပြီ' ကို ရုပ်ရှင်ရိုက်ရန် စီစဉ်နေဆဲ
ဗိုလ်အောင်ဒင်အဖြစ် သရုပ်ဆောင်ခဲ့သည့် မင်းသား ခင်မောင်ရင် ကွယ်လွန်သွားသည်။
သို့ဖြင့် မရိုက်ဖြစ်တော့။ သို့သော် ဝတ္ထုအဖြစ် ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးတော့လည်း
ရွှေဒုံးဘီအောင်က အောင်မြင်သော စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပြန်သည်။ ဒဂုန်မဂ္ဂဇင်း၌
ရေနတ်ဒေဝီ၊ ပဒမဏိ၊ ပြည်ကြီးမျက်ရှင်၊ ကာသိယောပီယ၊ လေးတော်ရှင်စသော
ရှေးဟောင်းဝတ္ထုများ ရေးသားခဲ့သလို ပြောက်ကျား (၉)၊ ဗိုလ်အောင်ဒင်ပြန်လာပြီ၊
လခြမ်းထက်က ကြယ်တစ်ပွင့်၊ စိုးပါနဲ့မေ စသောဝတ္ထုများ ရေးသားထုတ်ဝေခဲ့သည်။
သူရေးခဲ့သော ဝတ္ထုများအပေါ် စာရေးဆရာ
မလိခက မြန်မာဝတ္ထုအညွှန်း၊ အမှတ် ၃ စာအုပ်တွင် အောက်ပါအတိုင်း
သုံးသပ်ဝေဖန်ထားပါသည်။
'၁၉၃၅-၃၆ တစ်ဝိုက်တွင်
ထင်ရှားခဲ့သော ဝတ္ထုရေးဆရာများအနက် ရွှေဒုံး ဘီအောင်သည်လည်း
သီးခြားလက္ခဏာတစ်ရပ်ကို ဆောင်၍ ထင်ရှားခဲ့သော ဝတ္ထုရေးဆရာတစ်ဦးဟု ဆိုနိုင်လေသည်။
သူ၏ ရှေးဟောင်းဝတ္ထုများသည် ထိုကာလ ရွှေဒုံးဘီအောင်၏ ထူးခြားသော အသွင်လက္ခဏာကို
ပေါ်လွင်စေခဲ့သည်။ သူ၏ ရှေးဟောင်းဝတ္ထုများသည် ပုံပြင်ဆန်သည်ဟု သဘောရမိပါသည်။
အထူးသဖြင့် ခေါမပုံပြင်များနှင့် ပိုမိုနီးစပ်သည်ဟုလည်း သဘောရပါသည်။
ဝတ္ထုတိုင်းလိုလိုတွင်
ယောကျ်ားကောင်းပီသသော သတ္တိဗျတ္တိကို အဓိက ဦးတည်ချက်ပြုပြီး ထိုသတ္တိကြောင့်
မာန်တက်ကာ သတ္တိအလွဲသုံးစားပြုမှုကြောင့် ပျက်စီးရတတ်သောသဘောကို လည်းကောင်း၊
ကာယသတ္တိအားကြီးသော်လည်း စိတ္တသတ္တိနည်းပါက ပျက်စီးရတတ်သောသဘောကို လည်းကောင်း
ဖော်ပြတတ်လေသည်။ ဝတ္ထုအဖွဲ့မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ အရေးပုံစံသည် ထိုကာလ ရှေးဟောင်းဝတ္ထုနှင့်
လိုက်ဖက်ရနိုင်သော အရေးပုံစံမျိုး ဖြစ်သည်။
ရွှေဒုံးဘီအောင်သည်
ရှေးဟောင်းဝတ္ထုကြီးများ ရေးသားခြင်းဖြင့် ထင်ရှားခဲ့ သလိုပင် အမျိုးသားရေး
ဦးတည်ချက်ဝတ္ထုများကို ရေးသားခြင်းဖြင့်လည်း ထင်ရှားခဲ့လေသည်။ အထူးသဖြင့်
ဒုတိယကမ္ဘာ စစ်နောက်ပိုင်း သူရေးခဲ့သော မဂ္ဂဇင်းဝတ္ထုများသည် အမျိုးသားရေးစိတ်ဓာတ်
လှုံ့ဆော်မှု ပြင်းထန်သော ဝတ္ထုများဟု ဆိုနိုင်၏။ အမျိုးသားရေး စိတ်ဓာတ်
လှုံ့ဆော်မှုဝတ္ထုများ ရေးသားလေ့ရှိသကဲ့သို့ပင် တိုင်းရင်းသားစည်းလုံးရေး၊
အထူးသဖြင့် ကရင်ဗမာ ချစ်ကြည်ရေး ဝတ္ထုများကိုလည်း ရေးသားခဲ့လေသည်' (စာမျက်နှာ-၄၂)
ရွှေဒုံးဘီအောင်ကို ၁၉ဝ၆ ခု၊
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အဘ ဦးဘိုးလှ၊ အမိ ဒေါ်လှကေသီတို့မှ မွေးဖွားခဲ့သည်။
ငယ်မည်မှာ နေမျိုးကျော်သူအောင် (ခ) ဘအောင်ဖြစ်၏။ အချို့က ဘီအောင်ဟုလည်း ခေါ်ကြသည်။
ညောင်တုန်းဇာတိဖြစ်၍ ရွှေဒုံးဘီအောင် ဟူသောအမည်ကို ယူခဲ့ခြင်း ဖြစ်သည်။ ၁၉၅၆
ခုနှစ်တွင် မြန်မာရုပ်ရှင်ချစ်ကြည်ရေးအဖွဲ့၊ ဒုတိယခေါင်းဆောင်အဖြစ်
တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်တွင်
ပထမဦးဆုံး ရုပ်ရှင်ကောင်စီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
အသက် ၈ဝ အရွယ် ၁၉၈၆ ခုနှစ်၊ မတ်လ ၁၁
ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။ အကယ်၍သာ မကွယ်လွန်သေးဘဲ ယနေ့တိုင် သက်ရှိထင်ရှား
ရှိနေဦးမည် ဆိုပါလျှင် ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အသက်တစ်ရာတင်းတင်း
ပြည့်ခဲ့ပြီး ဖြစ်ပါသည်။ ရှားရှားပါးပါး ရာပြည့်အနုပညာရှင်ကြီးတစ်ဦးကို
ကျွန်တော်တို့ ပူဇော်ကန်တော့ခွင့် ရကြဦးမည် ဖြစ်သည်။
ရွှေဒုံးဘီအောင်၏
အနုပညာလမ်းကြောင်းကို ပြန်ပြောင်းကြည့်ပါက ရုပ်ရှင် ဒါရိုက်တာအဖြစ်လည်း တွေ့ရမည်
ဖြစ်၏။ ပြဇာတ်ဒါရိုက်တာအဖြစ်လည်း မြင်ရမည် ဖြစ်၏။ စာရေးဆရာအဖြစ်လည်း တွေ့ကြရဦးမည်
ဖြစ်၏။ ရုပ်ရှင်၊ ပြဇာတ်၊ စာပေနယ် သုံးခုလုံးမှာ ထူးချွန်အောင်မြင်ခဲ့သော
သုံးပန်လှ အနုပညာရှင်ကြီးအား ရာပြည့်ကာလတွင် အမှတ်တရ ဂုဏ်ပြုမှတ်တမ်းတင်
လိုက်ပါသည်။
မောင်မောင်၊ဥပဒေ၊
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...