ရွှေသုတ‌

မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ်

မြင့်သန်း

01 June 2026
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ်
Share to

(၄) ညိုသစ်၏ ရင်ဘတ်မပါတဲ့ ဗင်ဂိုး

            ရင်ဘတ်မပါတဲ့ ဗင်ဂိုးမှာ ၇ဝ ခုနှစ်ကာလ နောက်ပိုင်းတွင် မြန်မာဝတ္ထုတို အရေးအသား အတွင်းသို့ ဝင်ရောက်လာသော ဝတ္ထုတိုရေးဟန်မျိုး ဖြစ်သည်ဟု ဆိုရမည်။ ပုံနှိပ်ဖော်ပြသည့် ခုနှစ်ကို မသိရသော်လည်း ညိုသစ်၏ ဝတ္ထုတိုများကို ၂ဝဝ၃ ခုနှစ်တွင် စုစည်းထုတ်ဝေသော ဝတ္ထုတိုစာအုပ်တွင် ထည့်သွင်းဖော်ပြထားခဲ့သည်။ ဤဝတ္ထုတို၏ အပိတ်အကြောင်း မဆွေးနွေးမီ ဝတ္ထုတို၏ အကြောင်းအကျဉ်းမျှ ဆွေးနွေးလိုပါသေးသည်။ ဆွေးနွေးလိုရသည်မှာ ဤသို့သော ဝတ္ထုတိုများနှင့် ဆက်စပ်ကာ ဆွေးနွေးရန် လိုအပ်နေသဖြင့် ဖြစ်ပါသည်။ အထူးသဖြင့် အစဉ်အလာအရ လက်ခံထားသော 'ဝတ္ထုတို'ဟူသောအမြင်နှင့် ယနေ့ကာလအတွင်းမှ နားလည် လက်ခံထားသော ဝတ္ထုတိုဟူသော အမြင်အကြားမှ ကွာခြားမှုများ မြင်သာစေချင်သည်။

            ဝတ္ထုတိုဆိုသည်မှာ ဖန်တီးမှု အရေးအသားတစ်ခုသာ ဖြစ်ကြောင်းကိုမူ မည်သည့် ခေတ်ကာလသို့ ရောက်သည် ဖြစ်စေ၊ အငြင်းပွားစရာ အကြောင်းရှိလိမ့်မည် မဟုတ်ဟု မြင်မိသည်။ တကယ်ဘဝဖြစ်ရပ်များတွင် အခြေခံသည်ဖြစ်စေ၊ တကယ့်သမိုင်းဖြစ်ရပ်များတွင် အခြေခံသည်ဖြစ်စေ၊ ဝတ္ထုတိုမှာ ဝတ္ထုရေးသမား၏ ဘာသာစကားတွင် အခြေခံကာ ဖန်တီးထားသော ဖော်ထုတ်တင်ပြချက်တစ်ရပ်သာ ဖြစ်သည်။ ဝတ္ထုရေးသမားက 'ငါ'၊ 'ကျွန်တော်'၊ 'ကျွန်ုပ်'၊ 'သူ'၊ 'သူမ' စသည့်နာမ်စားများ မည်သို့သုံးစွဲကာ ဝတ္ထုတို တစ်ပုဒ်ကို တည်ဆောက်ပြသော်လည်း ဝတ္ထုထဲက နာမ်စားများမှာ ဝတ္ထုရေးသမားမဟုတ်။ ဝတ္ထုရေးသမားက ထွက်စေချင်သော အသံကို ထွက်ပေးနေရသူများသာ ဖြစ်သည်။ မြန်မာဝတ္ထုတို ဖတ်သူအချို့တွင် 'ကျွန်တော်'၊ 'ကျွန်မ' နာမ်စားအပေါ်တွင် ထွေပြားကာ နားလည်တတ်ကြောင်း ကျွန်တော် သတိထားမိပါသည်။ 'ကျွန်တော်' 'ကျွန်မ'ကို မြင်သည်နှင့် ဝတ္ထုရေးသမားကို မြင်ကာ ထပ်တူသဘောထား လက်ခံတတ်ကြသည်။ ဝတ္ထုထဲက 'ကျွန်တော်'ကို ဝတ္ထုရေးသူ 'ကျွန်တော်'နှင့် တစ်ဦးတည်းသဘောထား လက်ခံလေ့ရှိ တတ်ကြသည်။ ဤတွင် ဝတ္ထုတို၏ ဂုဏ်ရည်မှာ ပြောင်းသွားရုံမျှမက ပျောက်၍ပင် သွားတတ်လေသည်။ အရပ်စကားဖြင့် ဆိုသော် အရသာ ပျက်သွားတတ်သည်။ ဥပမာပြရသော် မြသန်းတင့် ဝတ္ထုတိုပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁) တွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြထားသော မြသန်းတင့်၏ အရေးအသားနှစ်ခုကို ကြည့်စေချင်သည်။ ဒုတိယအသံကဝေဖန်ခြင်းနှင့် အတိတ်ကိုမေ့ပါပြီ အရေးအသားနှစ်ခုစလုံးတွင် မြသန်းတင့်က 'ကျွန်တော်'ဟူသော နာမ်စားကို သုံးစွဲခဲ့ကြောင်းကို တွေ့ရပေမည်။ ထိုကျွန်တော်သည် တစ်ဦးတည်းသော မြသန်းတင့်ကို ကိုယ်စားပြုထားသည် မဟုတ်။ ပထမအရေးအသားတွင် 'ကျွန်တော်'သည် စာရေးဆရာ မြသန်းတင့်ကို ကိုယ်စားပြုသော်လည်း ဒုတိယ 'ကျွန်တော်'သည် ဝတ္ထု၏ဇာတ်ကောင် ဖြစ်သည်။ (ဝတ္ထုရေးသမား၏ အသံကို ထွက်ပေးနေရသော အရေးအသားအတွင်းမှ တစ်ဦးတစ်ယောက်သာ ဖြစ်သည်။) မြသန်းတင့် ဝတ္ထုတို ပေါင်းချုပ်-၁ (၁၉၄၉-၁၉၆၁) တွင် ထည့်သွင်းဖော်ပြထားသော်လည်း ဒုတိယအသံက ဝေဖန်ခြင်းမှာ ဝတ္ထုတိုမဟုတ်။ ဆောင်းပါး၊ အက်ဆေး၊ စာတမ်း စသည်ဖြင့် သတ်မှတ်နိုင်သည်။

            ဤတွင် စပ်လျဉ်းနေသဖြင့် ဂျော့အော်ဝယ်လ်၏ ဝတ္ထုတိုတစ်ခုအပေါ် လေ့လာချက်ပြုကာ ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင် ရေးသားခဲ့သော ဟဲဆာ Douglas Hesse ၏ စာတမ်းပါ အချက်အချို့ကို အကျဉ်းမျှ ဖော်ပြလိုပါသည်။ ဟဲဆာတင်ပြခဲ့သည့် ဝတ္ထုတိုတစ်ခုမှာ မြန်မာ ပြည်ကို နောက်ခံထားကာ ရေးသားခဲ့သော အော်ဝယ်လ်၏ A Hanging ဖြစ်သည်။ ကျွန်တော် အဓိကထား၍ ဖော်ပြလိုသောအချက်မှာ ဤအချက် ဖြစ်သည်။ မူရင်းအတိုင်း ဖော်ပြပါရစေ။

            We know the location, Burma, shares its name with a place in South Asia, but we don't assume that real Burma is story Burma. Likewise, since we are dealing with a sory, the narrative "I" doesn't refer to the author, no matter how likely that may seem to readers familiar with Orwell's background.            (မူရင်း အသုံးအနှုန်းအတိုင်း ဖြစ်သည်။)

            ဆိုလိုရင်းကို သဘောပေါက်ကြမည်ဟု ထင်မှတ် ယုံကြည်သဖြင့် မြန်မာဘာသာသို့ ပြန်ဆိုကာ အကျယ်ဝိတ္တာ ချဲ့မပြတော့ပါ။ ထိုအချက်ကို ဟဲဆာက ဤသို့ ဆက်လက်ရှင်းဆိုခဲ့ ပြန်သည်။

            The incident happens only on the page; it has no historicity, though something like it could have happened, sometime, somewhere, even in real Burma. The dog, the prisoner? Words on paper....   

ဤသို့ ရှင်းပြရသည်မှာ ဝတ္ထု (တို၊ ရှည်)ကို တကယ့်အဖြစ်အပျက်နှင့် ထွေပြားကာ နားလည်လက်ခံကြခြင်း မရှိစေရန် ဖြစ်ပါသည်။ တကယ့် အဖြစ်အပျက်တစ်ခု၊ မှတ်တမ်းတစ်ခု၊ အက်ဆေးတစ်ပုဒ်တွင် အဓိက ဖော်ထုတ်တင်ပြလိုသောအကြောင်း၏ အစ၊ အလယ်နှင့် အဆုံးတို့မှာ 'ရှိရန်' လိုအပ်နေသည်။ ဝတ္ထု (အထူးသဖြင့် ဝတ္ထုတို) တစ်ပုဒ်တွင် ရှိကောင်း ရှိနေနိုင်သော်လည်း လိုအပ်မှုတစ်ခု မဟုတ်တော့။ အဓိက ဖော်ထုတ်တင်ပြလိုသော အကြောင်းကို အလယ်မှ စနိုင်သည်။ အဆုံးမှ စနိုင်သည်။ အရေးအသား၏ အဆုံးသည် အကြောင်းအရာ၏အစ ဖြစ်နိုင်သည်ကဲ့သို့ အရေးအသား၏ အစမှာ အဓိကဖော်ထုတ်တင်ပြလိုသော အကြောင်းအရာ၏ အဆုံးဖြစ်နိုင်သည်။ အဓိကထားသော ဖော်ထုတ်တင်ပြလိုသည်မှာ အကြောင်းအရာတစ်ခုတည်း ဖြစ်ရန် မလိုသည်ကဲ့သို့ ရှိနေရန်ပင် မလို။ အထူးသဖြင့် မျက်မှောက်ခေတ် မြန်မာဝတ္ထုတို အရေးအသားများတွင် တစ်ခုထက်ပိုသော အကြောင်းအရာများကို ဖော်ထုတ်တင်ပြတတ်ကြသည်ကဲ့သို့ အဓိကထား၍ ဖော်ထုတ် တင်ပြသော အကြောင်းအရာ မပါဘဲလည်း ရေးသားလာကြကြောင်း တွေ့ရတတ်၍ ဖြစ်သည်။

            ညိုသစ်၏ ရင်ဘတ်မပါတဲ့ဗင်ဂိုးမှာ ဝတ္ထုတိုဟု သတ်မှတ်ထားရာ ထိုသတ်မှတ်ချက်ကို ငြင်းဆိုရန် မလွယ်ပါ။ (ဤသို့ ဆိုရသည်မှာ အကြောင်း ရှိပါသည်။ ဟိုဝတ္ထုတိုကဖြင့် ဝတ္ထုတိုမဟုတ်ဘူး။ ဒီလိုရေးရင် ဝတ္ထုတိုမဟုတ်ဘူးဟု မျောက်မျက်စဉ်းခတ်ခံထားရသည်ကဲ့သို့ အော်သံဟစ်သံများ ကြားခဲ့ရဖူးသဖြင့် ဖြစ်ပါသည်။) ဝတ္ထုတိုဆိုတာ ဘာလဲဆိုသည်ကို အလွယ်ဆုံးရှင်းပြထားသော ရှင်းဆိုချက်တစ်ခုကို ကျွန်တော် ပြပါရစေ။

            Short Story: a fictional narrative generally centering on one climactic event and usually developing only a single character in depth; its scope is narrower than that of a novel.

            သို့ဖြစ်ရကား၊ ညိုသစ်၏ 'ရင်ဘတ်မပါတဲ့ဗင်ဂိုး'မှာ ဝတ္ထုတိုဟု လက်မခံ၍ မဖြစ်တော့ပါ။ ရေးသားထားပုံမှာ (ပညာရှင်များ ပြောလေ့ရှိသည်) နယ်ရတစ်(ဖ်) ရိုးရိုး ှငာစူန ညမေမအေငလန တစ်ခု ဖြစ်ပါသည်။ ဝတ္ထုတိုတစ်ခုလုံးမှာ 'ငါ' (ကျွန်တော်) ကို အခြေတည်ထားသော ဝတ္ထုတို ဖြစ်ပါသည်။ 'ငါ'ကို အခြေတည်ထားသည်ဟု ဆိုသဖြင့် အတ္တဘဝအမှန်ဝါဒီများ ဖော်ထုတ်တင်ပြလေ့ရှိသော အတ္တဘဝ၏ ရှိနေမှု ကို အထောက်အကူပြုသော 'ငါ'၏ ရှိနေမှုကို ဖော်ထုတ်ခြင်းဟု ရောထွေးနားလည် မထားကြစေလိုပါ။ ညိုသစ်၏ အရေးအသားမှာ 'ငါ' (ကျွန်တော်)ကို ဗဟိုပြု ထားသည် Simple narrative ဟု ဆိုရာတွင် ဝတ္ထုတစ်ခုလုံး၏ ဖြစ်ပျက်နေရခြင်းမှာ 'ငါ' (ကျွန်တော်)ကြောင့်သာ ဖြစ်ပျက်နေရသဖြင့် ဖြစ်သည်။ တစ်နည်းဆိုသော် ထိုငါသည် ဝတ္ထုကို တည်ဆောက်သူ ဖြစ်နေခြင်း ဖြစ်သည်။ (ဤတွင် ရှေ့၌ ဆိုခဲ့ပြီးဖြစ်သော သိုက်ထွန်းသက်၏ 'ခြောက်လုံးချက်ဂေါဝိန်'ထဲမှ 'ကျွန်တော်' နှင့် ယှဉ်တွဲလေ့လာကြည့်လျှင် မတူညီသော အနေအထားတစ်ခုကို တွေ့ရပေမည်။ ထို ကျွန်တော်သည် ဝတ္ထုတစ်ပုဒ်လုံးကို သူ၏ အဖြစ်အပျက်များ သက်သက်ဖြင့် တည်ဆောက်ထားသည် မဟုတ်) အဖြစ်အပျက်များကို စာလုံးများဖြင့် အစီအစဉ်ချထားကာ ဖော်ထုတ်ထားခြင်းသည်မှာပင် ထို 'ငါ' (ကျွန်တော်)၏ ဖော်ထုတ် တင်ပြလိုသည့်အတိုင်း ဖြစ်သည်။ တကယ်တမ်းတွင်သော် 'ငါ' (ကျွန်တော်)၏ အမြင်၊ သဘောထားများနှင့် အဖြစ်အပျက်တစ်ခုတည်းသာ ပါဝင်သော ဝတ္ထုတို တစ်ပုဒ် ဖြစ်သည်။ ညိုသစ်သည် ဤဝတ္ထုတိုကို ရေးသားရာတွင် အယ်ရစ်တော်တလ် စ၊ လယ်၊ ဆုံး ဟူသော မူကို ကွမ်းယာဖြင့် လဲစားလိုက်ပြီးနောက် မြန်မာပညာရှိများ တလွဲဆံပင်ကောင်းထားသော ချက်ကော့ဗ်၏ သေနတ်ကြီးကို သွားကြား ထိုးတံအဖြစ် အသုံးချရင်း ရေးသားထားပုံရသည်။

            'ရင်ဘတ်မပါတဲ့ဗင်ဂိုး'မှာ အစဉ်အလာပုံစံတစ်ခုဖြင့် တည်ဆောက်မထား။ စိစစ်လေ့လာကြည့်လျှင် အပိုင်းနှစ်ပိုင်းသာ ပါသည်။ 'သေခြင်းတရား ဆိုသည်မှာ အနှောင်အကြပ်နှင့် မျှော်နေတတ်သည်'ဟူသော စာကြောင်းမှ 'အိပ်မက်ဆန်သော အိပ်မက်သည် ကြောက်လန့်တုန်လှုပ်ဖွယ်လည်းကောင်းသည်' ဟူသော စာကြောင်း အထိမှာ တစ်ပိုင်း၊ နောက်တစ်ပိုင်းမှာ 'ကျွန်တော့်အိမ်ခန်းလေးဆီသို့ ပြန်လာသောအခါ နွေဦး၏ ပထမဆုံး ကြွေရွက်တစ်ရွက် ကျဆင်းနေပြီ ဖြစ်သည်'ဟူသော စာကြောင်းမှ '...သူမထံသို့ ပြန်လာမည့် ကျွန်တော့်ကို ထားပစ်ခဲ့ပြန်သည်' ဟူသော စာကြောင်းအထိ ဖြစ်သည်။ ဝတ္ထုရေးသမားသည် ဝတ္ထုတို ဖန်တီးတည် ဆောက်ရာတွင် တစ်ပိုင်းစီ ဆက်စပ်တည်ဆောက်လေ့ရှိသော ပုံစံကို စမ်းသပ်ကြည့် ထားပုံရသည်။ အကြောင်းမှာ 'ရင်ဘတ်မပါတဲ့ဗင်ဂိုး'ထဲမှာ ဆိုခဲ့ပြီးသော အပိုင်းနှစ်ပိုင်းစလုံးကို မည်သည့်အပိုင်းမှမဆို စဖတ်ကြည့်နိုင်သည်။ မည်သို့ ဖတ်သည် ဖြစ်စေ၊ ဝတ္ထုရေးသမား တည်ဆောက်ပြထားသော အရှုံးသမားမှ ရပ်တည်နေမှု (A failure stance ဟု ခေါ်လိုသော် ခေါ်ပါ)ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ ဝတ္ထုရေးသမားပြထားသော အနုပညာသမား၊ အရှုံးသမား၏ ပုံရိပ်မှာ စာဖတ်သူထံတွင် ပီပြင်သော ပုံရိပ်ပေါ်လာသည်။ ဝတ္ထုရေးသမား တင်ပြထားသည့် အစီအစဉ်ကို မပြင်ဘဲလျက် ဖတ်ရှုသော် ပထမပိုင်းမှ နောက်ဆုံးစာကြောင်းဖြစ်သည့် 'အိပ်မက်ဆန်သော အိပ်မက်သည် ကြောက်လန့်တုန်လှုပ်ဖွယ်လည်းကောင်းသည်' မှာ အကြိုအဆုံးသတ်တစ်ခု ဖြစ်သည်ကို တွေ့ရပေမည်။ ဒုတိယအပိုင်းကို ဂရုတစိုက်ဖတ်ကြည့်လျှင် ဝတ္ထုတိုရေးသမားက အိပ်မက်တစ်ခုကို (ဝတ္ထုထဲက) တကယ့်အဖြစ်အပျက်တစ်ခုကဲ့သို့ ရေးသားခဲ့သည်လား။ သို့မဟုတ် (ဝတ္ထုထဲက) တကယ်အဖြစ်အပျက်တစ်ခုကို အိပ်မက်သဘောထားကာ နားလည်စေချင်သည်လား ဆိုသောအချက်မှာ မကွဲပြား။ ရေးသားထားခြင်းအတွင်းမှ ဆီလျော်အပ်စပ်နေမှု (ညီညွတ်မှု) Textual consistency ကိုသာ သိနေရသည် (ဖတ်နေရသည်။) ဝတ္ထုရေး သမားက ဖော်ထုတ်တင်ပြခဲ့ခြင်း မရှိသော အကြောင်းများ၊ အများအပြား ပါနေကြောင်း၊ အကင်းပါးသော ဝတ္ထုတို ဖတ်သူများ သိနေကြသည်။ ထိုသူများကမူ (တစ်) ရင်ဘတ်မပါတဲ့ဗင်ဂိုးကို နားရွက်တစ်ဖက် မပါသည့် ဗင်ဂိုးပုံနှင့် တွဲကြည့်မည်။ (နှစ်) ဝတ္ထုတို၏ နောက်ဆုံး စာကြောင်းထဲမှ 'စိတ်ကိုမဆေးကြောသူ' နှင့် 'စိတ်ကို ဆေးကြောဖို့မှာသူ' (စွန့်ပစ်ခံနှင့် စွန့်ပစ်သူ) တို့၏ အကြားမှာ ပြတ်လပ်နေသော ဆက်သွယ်မှုကို ကြည့်မည်။ ထို့နောက် ပထမအပိုင်းထဲမှ အဆိုများကို ပြန်လည်အသိအမှတ်ပြုကြည့်မည်။ ထိုအခါ 'ရင်ဘတ်မပါတဲ့ ဗင်ဂိုး'မှာ မည်သို့အဆုံးသတ်ထားကြောင်း သိသွားကြပေတော့မည်။ အစဉ်အလာ နိဂုံးတည်ဆောက်ပုံအရ ဆိုရမည်ဆိုလျှင် '... ထားခဲ့ပစ်ပြန်သည်'မှာ ပုံမှန် အဆုံးသတ်မျိုးဟု ဆိုရန်ရှိသည်။ စာရွက်ပေါ်တွင် ပုံနှိပ်ဖော်ပြထားခြင်း Physically ပြီးဆုံးသွားခဲ့ခြင်းသာ ဖြစ်သည်။

            ပထမပိုင်းထဲမှ အဆိုများသည် အပိုင်းအစများသာမက အမျိုးမျိုးသော အမြင်များ Multiple perspectives ဖြစ်သည်။ ဒုတိယပိုင်းသည် ကာလတရားအတွင်း သွားနေခဲ့သော ခရီးတစ်ခု ဖြစ်သည်။ ထိုသို့သော ရေးသားပုံမျိုးမှာ မော်ဒန်၊ ပို့စ်မော်ဒန်ဟု ဝိသေသပြုကာ သတ်မှတ်လေ့ရှိသော ဝတ္ထုရေးသားပုံမျိုးတွင် အများဆုံးတွေ့ရသည်။ ထိုသို့ ရေးသားထားသော ဝတ္ထုတိုများမှာ ဖတ်သူ၏ ဖတ်ရှုပုံတွင် အများဆုံး တည်၍ အနက်ဖော်နိုင်ခြင်း၊ အရသာပေါ်ခြင်းများ ဖြစ်ပေါ်လာတတ်လေသည်။ တစ်ခုသောအကြောင်းမှာ ဤသို့သော ရေးသားပုံမျိုးတွင် ရေးသားသူက အဖြေပေးရန် အားထုတ်ထားခြင်း မရှိသည်သာမက ဖြေရှင်းပေး ခြင်းလည်း မရှိ။ ရေးသူ၏ ဦးတည်ချက်မှာ ဖြေရှင်းရန်မဟုတ်။ ဖတ်သူကသာ ရှာဖွေတွေ့ရှိရန် ဖြစ်သည်။ ဖော်ထုတ်တင်ပြထားပုံမှာ အကြောင်းအရာ သို့မဟုတ် တည်ဆောက်ထားပုံ တစ်ခုတည်း (တစ်မျိုးတည်း)အပေါ်သို့ ဆင့်ကဲဆင့်ကဲ တင်ကာ ဖော်ထုတ်ထားခြင်းမျိုး ဖြစ်သည်။ နမူနာပြရသော် ငှက်ပျောပင်အူတိုင်တွင် အပေါ်မှာ အထပ်ထပ် အလွှာတင်ထားသကဲ့သို့ ဖြစ်သည်။ အစဉ်အလာပုံစံများဖြင့် တည်ဆောက်ပြလေ့ရှိသော အားပြိုင်မှုမျိုးကို မတွေ့ရတော့ချေ။ သို့အတွက် ဖော်ထုတ်တင်ပြထားမှုမှာ ဖော်ထုတ်တင်ပြမှုတစ်ခု၏ အကြောင်းမျှသာ ဖြစ်သည်ဟု ဆိုကြရခြင်း ဖြစ်တော့သည်။ နမူနာ ပေးရသော် နေ့စဉ်ဘဝထဲတွင် စကားစမြည် ပြောဆိုကြရာ၌ ရံဖန်ရံခါ စကားပြောနေသူကို နားထောင်နေစဉ် ပြောသူက ရပ်လိုက်တတ်သည်။ ထိုအခါ နားထောင်နေသူများက တစ်စုံတစ်ရာ ဆက်ပြောဦးမည်လားဟု မျှော်နေတတ်ပြီး ပြောသူက စကားမဆက်တော့သည့်အခါ တစ်ယောက်ယောက် 'ဒီတော့ ဘာဖြစ်သလဲ'ဟု မေးတတ်သည်။ ပြောသူက 'ဒါပဲ...'ဟု ဖြေလေသော် နားထောင်နေသူ တစ်ဦးတစ်ယောက်က 'မင်းဟာ ဒါပဲလား'ဟု ထပ်မေးပေမည်။ ပြောသူက 'ဒါပဲ'ဟု ဆိုကာ စကားစ သိမ်းလိုက်သည်။ ပြောပြနေသောအကြောင်းမှာ ပြီးဆုံးကောင်းမှ ပြီးဆုံးမည် ဖြစ်သော်လည်း ပြောသူက ပြော၍ ပြီးဆုံးသွားပြီဖြစ်သည်။ တစ်စုံတစ်ရာ နားလည်လိုသော် (သိလိုသော်) အနက်မှာ တွက်ဆကြည့်စရာ ဖြစ်သည်။ ဤသဘောအတိုင်းပင် ဖြစ်၍ ဝတ္ထုရေးသမား၏ ဘာသာစကားအတိုင်း သူ တည်ဆောက်ထားခဲ့သော အနေအထားအတွင်းမှသာ နားလည်ကြည့်ရတော့မည်သာ ဖြစ်ပေတော့ သည်။

□

            ဤတွင်မှာပင် ကျွန်တော်၏ တင်ပြချက်များကို အဆုံးသတ်လိုပါသည်။ ယေဘုယျ နိဂုံးအနေဖြင့် ယနေ့ကာလ၏ ဝတ္ထုတိုများမှ နိဂုံးများမှာ 'ပုံစံ' တစ်ခုတည်းဖြင့် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း ဖြစ်သည်။ သို့အတွက်လည်း ဝတ္ထုတိုဆိုရင် ဒီလိုဖြစ်ရမယ်တဲ့ဟူသော ကန့်သတ်ချက်များဖြင့် စည်းရိုးတားထား၍ မရတော့ပါ။ အစဉ်အလာ ရေးသားပုံများ ပျောက်ဆုံးသွားသည်။ ပျောက်ဆုံးသွားရမည်၊ ဖြိုဖျက်ပစ်ရမည်ဟု ဆိုလိုသည် မဟုတ်ပါ။ အစဉ်အလာသည် မလုံလောက်တော့။ အစဉ်အလာထက် ပိုသောအခြေအနေတွင် တည်နေခဲ့ပြီ ဆိုခြင်းဖြစ်သည်။ စာဖတ်သူ၏ အနေအထားလည်း မြင့်လာခဲ့ပြီ။ အစဉ်အလာပုံစံတွင် 'ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိပ် သွား' သည်မှာ မပြောင်းလဲ။ ထပ်မံ၍ ဖော်ထုတ်ပြောဆိုရေးသားလေတိုင်း ရွှေယုန်နှင့် ရွှေကျားမှာ တစ်ပုံစံတည်း ဖြစ်သည်။ အခြေအနေမှာလည်း တစ်မျိုးတည်း ဖြစ်သည်။ အဆုံး၌ ဖတ်သူ သို့မဟုတ် နားထောင်သူမှာလည်း ရလဒ်တစ်ခုသာ ရသည်။ ယနေ့ကာလ၏ အနေအထားမှာ ထိုသို့ ဖော်ထုတ်တင်ပြပုံမျိုး မဟုတ်တော့။ ဖတ်ရှုပြီးနောက် ပေါ်ပေါက်လာသော ရလဒ်တစ်စုံတစ်ရာမှာ စာဖတ်သူ၏ အနေအထား၌ 'လည်း' တည်သည်။ သို့ရာတွင် စာဖတ်သူ၏ အနေအထား၌လည်း တည်သည်ဟု ဆိုသဖြင့် မြန်မာပို့စ်မော်ဒန်ဆရာကြီးများ ညွှန်းသည်ကဲ့သို့ ဖတ်ချင်သလို ဖတ်၍ နားလည်ချင်သလို နားလည်အပ်၏ဟု ဆိုလိုသည် မဟုတ်ပါ။ စာဖတ်သူက ရေးသူ၏ ဘာသာစကား (ဤတွင် မြန်မာဘာသာစကားကို ဆိုလိုသည် မဟုတ်) တွင် မည်ရွေ့မည်မျှ လိုက်ပါ နားလည်နိုင်ခြင်း ရှိ၊ မရှိကို ဆိုလို ခြင်းဖြစ်သည်။ စာရေးဆရာများ (အထူးသဖြင့် ဝတ္ထုတိုရေးသူများ)၏ ဘာသာစကား တည်ဆောက်ထားပုံနှင့် သုံးစွဲထားပုံများမှာ မတူကြ။ ရှေ့တွင် ညွှန်းခဲ့သော ညီပုလေး၏ ဘာသာ စကားနှင့် မြတ်သင်း၏ ဘာသာစကားတို့ကို လေ့လာကြည့်လျှင် အလွယ်တကူပင် တွေ့ရမည် ထင်သည်။ နေ့စဉ်သုံး (အပြော) ဘာသာစကားထဲတွင် 'ဒီနေရာမှာ ဒီလိုပြောမှ ကောင်းမယ်'၊ 'ဒီမှာတော့ တဲ့ထိုးကြီး ပြောလို့မသင့်ဘူး'၊ 'ဒီဟာတော့ ပြောမနေနဲ့တော့။ ဒီလောက်ဆို သူ့ဘာသာ နားလည် လာလိမ့်မယ်' စသည့် အနေအထား အမျိုးမျိုး ရှိသကဲ့သို့သော သဘောဖြစ်သည်။ ဝတ္ထုတိုရေးသမားများတွင် ဝတ္ထုတစ်ပုဒ်တိုင်းအတွက် သီးခြား ဘာသာစကားများ ရှိနေကြသည်မှာ မငြင်းသာ။ လိုအပ်မှုတစ်ခုပင် ဖြစ်နေသည်။ ဘာသာစကားတစ်ခုတည်းအတွင်း ဖော်ထုတ်တင်ပြလိုသည်ကို အမျိုးမျိုး ဖော်ထုတ်တင်ပြနိုင်ကြောင်းကို စမ်းသပ်ကြည့် လာကြသည်။ ယနေ့ ဝတ္ထုတိုအများစု၏ ထူးခြားလာမှု တစ်ရပ်မှာ ဝတ္ထုတိုတစ်ပုဒ်အတွင်း တစ်ခုထက်ပိုသော အကြောင်းများ ပါဝင်နေတတ်ခြင်း ဖြစ်သည်။ ရှေ့တွင် ညွှန်းခဲ့သော ဝတ္ထုတိုအားလုံးမှာ တစ်ခု ထက်မက ပိုသောအကြောင်းများကို ဖော်ထုတ်ထားခဲ့ကြသည်။ ဆိုလိုရင်းသည် တစ်ခုထက် ပိုသည်။ ထို့ကြောင့်လည်း စ၊ လယ်၊ ဆုံး သုံးပါးညီညွတ်ရေးမူတစ်ခုတည်းကို ကိုင်တွယ်လက်ခံထားသော ဝတ္ထုတိုတစ်ပုဒ် 'ဖြစ်ခြင်း' အနေအထားသည် ယတိပြတ်စံတစ်ခု မဟုတ်တော့။ ဝတ္ထုတိုများမှာ အပျင်းပြေရုံ ဖတ်ကြသော 'အရာ'များ မဟုတ်ကြတော့ (အပျင်းပြေဖတ်သော ဖေတော့ မောင်တော့များ မရှိတော့ဟု မဆိုလိုပါ) ဝတ္ထုတိုများမှာ တစ်ကြိမ်ဖတ် Read မှ ပြန်ဖတ် Reread အရေးအသားများ ဖြစ်လာခဲ့ပါပြီ။ ထို့ကြောင့်ပင် ဝတ္ထုတိုဝေဖန်ရေးမှာ ဆုတ်ဖြဲ ကားရားနိုင်သော လက်လွတ်စပယ် ဝေဖန်ရေးမျိုးလုပ်၍ မဖြစ်တော့ပါ။ ဆိုလိုသည်မှာ ဝတ္ထုတိုတန်ဖိုး တက်လာသည့် နည်းတူ ဝတ္ထုတို အပေါ်/အား ဝေဖန်သော တန်ဖိုးလည်း တက်လာရပါသည် (လိုအပ်လာပါသည်)။ ပညာရပ် အခြေခံ၍ ဝေဖန်ရသော အနေအထားသို့ ရောက်လာပါသည်။ ရင်ထဲမှာ ငြိတယ်၊ မငြိဘူး ဆိုသည်မှာ ဝတ္ထုတိုကို ဝေဖန်ရန် စံမဟုတ်တော့ပါ။ ဝတ္ထုတိုကို ဝေဖန်သူ၏ ရပ်တည်ချက်၊ အနေအထားမှာ မပါလျှင် မပြီးပါ။ ဆိုလိုသည်မှာ ဝေဖန်သူက မည်သည့်နေရာမှ ဝေဖန်မည်နည်း ဆိုသည်မှာ 'အလွန်' အရေးကြီးလာပါသည်။ ဥပမာ- မာ့စ်ဝါဒ အခြေခံမှ ဝေဖန်သော် မာ့စ်ဝါဒ၏ နိုင်ငံရေးအမြင်နှင့် အနုပညာ(စာပေ)ဆိုင်ရာ သဘောထားတို့ ကွဲပြားရန် လိုအပ်ပါသည်။ ထို့ပြင် ဝတ္ထုတိုကို ဘာသာစကား တည်ဆောက်ပုံအရလည်းကောင်း၊ အနက်ဖော်နိုင်မှု ရှုထောင့်များမှလည်းကောင်း လေ့လာဝေဖန်ကြည့်နိုင်ပါသည်။ မည်သို့ ဝေဖန်သည်ဖြစ်စေ၊ ပညာရပ် တစ်ခုခု၏ အဝန်း၊ နယ်ပယ်၊ ပရဝုဏ် တစ်ခုခုအတွင်းမှ ဝေဖန်ရန် လိုအပ်ပါသည်။ ယုတ်စွအဆုံး၊ 'ကျုပ်ယောက်ဖက ဒီကောင်ရေးတာ နေရာမကျဘူးလို့ ကဇော်သောက်ရင်း ပြောတယ်' ဟူသော အချက်ကို ထောက်ကူမှုပြု ကိုးကားကာ ဝေဖန်လိုသော် ထို ကျုပ်ယောက်ဖ၏ အဆိုကို အခိုင်အမာ Established ဖြစ်အောင် အလျင်ပြုရပါလိမ့်မည်။

            ယခုအခါ ဝတ္ထုတိုအဆုံးသတ်များ၊ အကြိုအဆုံးသတ်များကို လေ့လာခြင်းသည် ဝေဖန်ရေးပညာရပ်အတွင်း ဝင်ရောက်လာခဲ့ပြီး အရေးပါသော လေ့လာမှုတစ်ရပ်အဖြစ် ရပ်တည်နေပါသည်။ ယခု ကျွန်တော် တင်ပြခဲ့သည်မှာ မြန်မာစာဖတ်ပရိသတ် မြည်းစမ်းကြည့်ရန်သာ ဖြစ်ပါသည်။ အကင်းမျှသာ ဖြစ်ပါသည်။ အကြောင်းသင့်လျှင် ဝတ္ထုတိုကလေး တစ်ပုဒ်စ၊ နှစ်ပုဒ်စသာ ရေးနိုင်သော လမ်းပေါ်က လူတစ်ယောက်၏ လေ့လာနိုင်သော အတိုင်းအတာအတွင်းမှသာ ဖြစ်ပါသည်။ ပြည့်ပြည့်စုံစုံ မဟုတ်မူ၍ ခွင့်လွှတ်နိုင်သော အမှားအယွင်းရှိက ခွင့်လွှတ်ကြစေခြင်း ဖြစ်ပါသည်။

ကျေးဇူးတင်ရခြင်း

            မြန်မာဝတ္ထုတိုများနှင့် ဝတ္ထုတိုရေးသူများ၊ မြန်မာဘာသာစာ အခြေခံ၍ ဝတ္ထုတိုရေးသားခြင်း နယ်ပယ်အတွင်း ဝင်ရောက်လာကြသော ဝတ္ထုတို ရေးသားသူများကို အစဉ်တစိုက် အားပေးနေသော ရွှေအမြုတေ အယ်ဒီတာ ဦးဝင်းငြိမ်းအား ကျေးဇူးတင်ရပါသည်။

▀

မြင့်သန်း

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...