သုမောင်
ကျွန်တော်တို့ သာဓုခြံနဲ့ သာဓုအိမ်ရာက ရပ်ကွက်တစ်ခုလို ဖြစ်နေတာကြောင့် နေ့စဉ်နှင့်အမျှ စပီကာဖွင့်ပြီး ဈေးရောင်းသူများ၊ ထီရောင်းသူများ မပြတ်ပါဘူး။ ထုံးစံအတိုင်း အလှူခံတွေလည်း ရှိတတ်ပါတယ်။ သူတောင်းစားတော့ လာတတ်တာ မတွေ့ပါဘူး။ ကိုယ့်ဝင်း၊ ကိုယ့်ခြံနဲ့ တိုက်တာကြီးတွေပဲ ရှိတာကြောင့် ဖြစ်ပါလိမ့်မယ်။ အလှူခံသည်ကို ပေးကမ်းလှူဒါန်းချင်ရင် အိမ်က အဖော်မိန်းကလေးကိုပဲ တာဝန်ပေးခိုင်းရပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်ရောက် လှူဒါန်းပေးကမ်းတာ မရှိသလောက်ပါပဲ။
တမြန်နေ့ကတော့ ကလေးမက 'ဘဘ သူတောင်းစားလာနေတယ်' ပြောလို့ လှမ်းကြည့်တော့
မျက်မမြင်လင်မယားရယ်၊ ရှေ့က တုတ်ကိုဆွဲပြီး လမ်းပြနေတဲ့ ကလေးတစ်ယောက်ရယ်ကို
တွေ့ပါတယ်။ ယောကျ်ားလုပ်သူက မင်ဒိုလင်လေး တီးနေပါတယ်။ မိန်းမက စည်းဝါးကိုင်ပြီး
သီချင်းအော်ဆိုနေပါတယ်။ ကျွန်တော်က နားလေးတော့ အစမှာ အသံမကြားရပါဘူး။
သေသေချာချာနားထောင်တော့ တော်တော်ကောင်းတဲ့ အဆိုအတီးပါ။ ဒါနဲ့ ကလေးမလေးကို 'ဟဲ့...အဲဒါ သူတောင်းစားမဟုတ်ဘူး' ပြောရပါတယ်။
ပြီးတော့မှ ကျွန်တော်ကိုယ်တိုင်ပဲ ခြံရှေ့ထွက်ပြီး ငွေလှူ လိုက်ပါတယ်။
မှန်ပါတယ်။
သူတို့စုံတွဲကို ကျွန်တော်က သူတောင်းစားလို့ မသတ်မှတ်ပါဘူး။ တတ်တဲ့ပညာနဲ့
ရှာဖွေစားသောက်နေလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဂီတနဲ့ဖျော်ဖြေပြီး
ဝမ်းကျောင်းနေတဲ့သူတွေလို့ပဲ မြင်ပါတယ်။
ဒီစိတ်ဓာတ်က ဟိုးငယ်ငယ်
အဆိုကျော်မဖြစ်ခင်ကတည်းက ကျွန်တော့်မှာ ကိန်းအောင်းနေတာပါ။ မိခင်ကြီးနဲ့ ဖခင်ကြီးက
ဒီအတွေးကို သင်ပေးခဲ့တာပါ။ 'သူတောင်းစား' ကို အဖေက ဆန့်ကျင်ပါတယ်။ ဒါပေမယ့် အဲသလို ပညာရပ် ကလေးတစ်ခုနဲ့
အလှူခံတာကိုတော့ အဖေက နှစ်သက်ပုံရပါတယ်။
ကျွန်တော့်စိတ်က
ဟိုးလွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ဆီ ပြန်ရောက်သွားပါရော။ တစ်နေ့မှာ တယ်လီဖုန်း ဝင်လာလို့
ကောက်ကိုင်လိုက်တော့ ရည်ရည်မွန်မွန်အသံနဲ့ ကျွန်တော့်ကို နှုတ်ဆက်ပြီး
အကူအညီတစ်ခုတောင်းပါတယ်။ သူက အကူအညီလို့ ပြောပေမယ့် တကယ်တော့ အခွင့်အရေးတစ်ခု
ကျွန်တော့်ကို ပေးတာပါ။ ဘာလဲဆိုတော့ 'ဟောင်ကောင်'နဲ့ 'မကာအို'မှာ မြန်မာသံတေး
ဖျော်ဖြေပွဲလုပ်မှာမို့ လိုက်ပါပေးနိုင်မလားဆိုပြီး အကူအညီတောင်းတာပါ။
ကျွန်တော်ကလည်း အဲဒီအချိန်က နိုင်ငံခြားမရောက်ဖူးသေးတော့ ချက်ချင်းပဲ လိုက်မယ်
ပြောလိုက်ပါတယ်။ ဒီအခါ အဲဒီပုဂ္ဂိုလ်က...
'အခကြေးငွေတော့
မပေးနိုင်ပါဘူး။ ဒါပေမယ့် ဟိုရောက်ရင် ဆုတော်ငွေတွေ ချမှာပါ' လို့ မရွံ့မရဲ ပြောပါတယ်။ ကျွန်တော်ကလည်း အခကြေးငွေထက် ဒေသန္တာရ ဘာသန္တာရ
ဗဟုသုတအတွက် သွားချင်ပါတယ် ပြောရပါတယ်။ ချက်ချင်းဆိုသလိုပဲ ရက်ပိုင်းအတွင်းမှာ
ပတ်စ်ပို့ရော၊ ဗီဇာပါ ကျွန်တော့်ဆီ လာပို့ကြပါတယ်။ ဒီလိုနဲ့ 'ဟောင်ကောင်၊ မကာအို'ခရီး ရောက်ခဲ့ပါတယ်။ ဟုတ်ပါတယ်၊
ကျွန်တော့်ကို သက်ဆိုင်ရာက အမေရိကန်ဒေါ်လာ ငါးဆယ်ပဲ ပေးလိုက်ပါတယ်။ အသေးသုံး
ဆိုပါတော့။ 'မကာအို'မှာ ပထမည
ဖျော်ဖြေတော့ ဆုတော်ငွေမရပါဘူး။ အမှတ်တရ ဖန်တုံးကလေးတစ်ခုပဲ လက်ဆောင်ပေးပါတယ်။
ဒုတိယည 'ဟောင်ကောင်'မှာ
ဖျော်ဖြေတော့လည်း ဆုတော်ငွေ မရပါဘူး ပန်းစည်း၊ ပန်းကုံး၊ ပန်းခြင်းတွေပဲ
တက်တက်ပြီး ပေးကြပါတယ်။ ပန်းတွေက များလွန်းတော့ လက်နှစ်ဖက်နဲ့တောင် မနိုင်ပါဘူး။
မိုက်ကရိုဖုန်းက တစ်ဖက်ကိုင်ထားရတာမို့ နံဘေးစင်ပေါ်မှာ ဒီအတိုင်း စုပုံရပါတယ်။
ဒါပေမယ့် ကျွန်တော် သတိထားမိတာက ကျွန်တော် ပစ်ချလိုက်တဲ့ ပန်းတွေကိုလည်း
လူငယ်တစ်ယောက်က စီစီပြီး စနစ်တကျ သိမ်းနေတာ တွေ့ရပါတယ်။ သဘောကို နားမလည်ပါဘူး။
စိတ်အထင်က ကျွန်တော်တို့ဆီမှာ ကာရာအိုကေဆိုင်တွေ ပန်းကုံးစွပ်တော့ အဲဒီ
ပန်းကုံးတွေ ပြန်သိမ်း၊ ဈေးဆိုင်မှာ ပြန်တင်ပြီး ပြန်ရောင်း။ အဲသလိုပဲ
အောက်မေ့တာပါ။
ပွဲပြီးလို့ ဟိုတယ်ပြန်ရောက်မှ
ကျွန်တော့်ပန်းကုံး၊ ပန်းခြင်းတွေကို လူငယ်လေးတစ်ယောက်က ပွေ့ပိုက်ပြီး အခန်းထဲ
လာပို့ပါတယ်။
'ရှုပ်ပါတယ်ကွာ'
'မဟုတ်ဘူး။ အမှတ်တရ ရန်ကုန်
ပြန်ယူသွားဖို့ပါ'
'ဟာ...မသယ်ချင်ပါဘူး'
'ဒါဖြင့်လည်း မနက်ဖြန်
သတင်းစာရှင်လင်းပွဲမှာ ပရိသတ်ကို လက်ဆောင် ပြန်ပေးလိုက်ပေါ့'
'အေး...ကောင်းသားပဲ'
ကျွန်တော့်ခုတင် ခြေရင်းမှာ 'ပန်းတွေနဲ့ဝေ'
မနက်မိုးလင်းတော့ 'ဟောင်ကောင်၊
မကာအို' ကောင်စစ်ဝန်ရုံးက ဗိုလ်မှူးကြီးမျိုးမြင့်နဲ့
လက်ထောက် ကိုခင်မင်းတို့ ရောက်လာကြပါတယ်။ ပန်းစည်း၊ ပန်းကုံး၊ ပန်းခြင်းတွေကို
ပြန်စစ်ပြီး ဂဏန်းပေါင်းစက်နဲ့ တွက်ချက်ပါတယ်။ ပြီးမှ မှန်ကန်တယ်ဆိုတဲ့သဘော
ခေါင်းညိတ်ပြီး ကျွန်တော့်ကို ပိုက်ဆံတွေ ထုတ်ပေးပါတယ်။ ကျွန်တော်က
နားမလည်ဘူးပေါ့။ နောက်မှ သိရတာက ပန်းကုံးဆို ဘယ်ဈေး၊ ပန်းစည်းက ဘယ်လောက်၊
ပန်းခြင်းက ဘယ်ရွေ့ဆိုပြီး တန်ဖိုးသတ်မှတ်လို့ ပိုက်ဆံပေးတာကိုး။ ဒီတော့မှ ညက
ပန်းစည်းတွေ ဂရုမစိုက်မိတာ သတိရပြီး ထိတ်ခနဲ ဖြစ်ရပါတယ်။ တော်သေးတယ်။ သူတို့က
သိမ်းထားပေးကြလို့။
'ဒါက ဒီမှာထုံးစံဗျ။
ဒါကြောင့် ကျွန်တော့်တပည့်လေးလွှတ်ပြီး ပန်းတွေကို သေသေချာချာ သိမ်းဆည်းပြီး
တွက်ချက်ခိုင်းရတာ'လို့ ကောင်စစ်ဝန်ကြီးက ပြောပါတယ်။ ငွေဘယ်လောက်
ရတယ်ဆိုတာ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ငွေတွေကို စက္ကူအိတ်နဲ့ထည့်ပြီး သူ
ပြန်သိမ်းသွားလို့ပါပဲ။ သဘောကတော့ အဲဒီငွေတွေနဲ့ ကျွန်တော် လျှောက်သုံးမှာ၊
သောက်စားပစ်မှာ စိုးရိမ်လို့ပါတဲ့။
ရန်ကုန်အပြန် ဟောင်ကောင်လေဆိပ်ရောက်မှ
ကျွန်တော့်အင်္ကျီအတွင်းအိတ်ထဲကို ပတ်စ်ပို့နဲ့အတူ ပိုက်ဆံအိတ်ကို
ထည့်ပေးရှာပါတယ်။ စာအိတ်ပေါ်မှာ ကိန်းဂဏန်းတွေ ရေးထားပါတယ်။
အမေရိကန်ဒေါ်လာ ၁၂ဝဝ။
ဟောင်ကောင်ဒေါ်လာ ၈၆ဝ။
□
မလေးရှားကို ၂ဝဝ၄ ခုနှစ်က ဖျော်ဖြေရေး
သွားခဲ့ရပါသေးတယ်။ အဲဒီအကြိမ်ကတော့ ဟိုက ကုမ္ပဏီတစ်ခုက စပွန်ဆာလုပ်ထားလို့ ညကြေး ဒီမှာပဲ
ပေးသွားပါတယ်။ အခကြေးငွေနဲ့ သီဆိုဖျော်ဖြေရတယ်ပေါ့။
ဒါပေမယ့် ဟိုရောက်တော့ ထုံးစံအတိုင်း
ပန်းကုံးတွေ၊ ပန်းစည်းတွေ လက်ဆောင်ရပါတယ်။ စိတ်ထဲမှာတော့ ဒေါ်လာတွေ၊ ရင်းဂစ်တွေနဲ့
(ဟောင်ကောင်တုန်းကလိုပဲ) ရှင်းမယ်ထင်တာပေါ့လေ။ ဒါပေမယ့် မဟုတ်ပါဘူး။ ပန်းတွေက
လက်ဆောင်သက်သက် တက်ပေးတာပါ။
မလေးရှားမှာလည်း ငွေတော့ရပါတယ်။
သူကတော့ မြန်မာပြည်မှာလိုပဲ ငွေသားသက်သက်နဲ့ ဆုတက်ချတာပါ။ မလေးရှားရင်းဂစ်
တော်တော်လေးရလိုက်ပါတယ်။
□
ဒါပါပဲ။ ဘာထူးလို့လဲ။ ကျွန်တော်လည်း
တတ်တဲ့အနုပညာနဲ့ သီဆိုဖျော်ဖြေရင်း ဆုတော်ငွေ လက်ခံခဲ့ဖူးတာပါပဲ။
ခြံရှေ့မှာ ဆိုတီးနေကြတဲ့
မျက်မမြင်လင်မယားကို ကျွန်တော် အထင်မသေးမိပါဘူး။ ရှေးရှေးက သဘင်အနုပညာသည်တွေ
ထူးချွန်ရင် ရွာစား၊ ပယ်စားပေးပါတယ်။ ရှင်ဘုရင်ရဲ့ မြစိမ်းခွက်နှင့်
စားခွင့်ရပါတယ်။ 'မကာအို'တုန်းက 'ပေါ်တူဂီ'
ဘုရင်ခံရဲ့ အိမ်ဝင်းမှာ တည်းခိုရပါတယ်။
နှစ်ပေါင်းများစွာကြာသောအခါ။
သုမောင်
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...