အခန်းဆက်ဝတ္ထုရှည်

တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၃)

ဆူးငှက်

01 June 2026
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၃)
Share to

အခန်း (၁ဝ)

ရွှေဥကင်စံတည်ရာမှာမှ

            'တောမြိုင်ခြေလမ်း ရဂုံသာဗွေ'

             တောင်ရေစမ်း စီးသွယ်ခွေ

             အို... ဖော်ကွာရာရန် ပန်းဖွယ်စေ

             ငုံရွှေမာလာကြိုင်ကြိုင်အေး...

             လေယူရာ မဉ္ဇူဂန္ဓာမွှေး

             သင်းပျံ့ကြူ မြိုင်ငူစုံတော'

            မေမေဦးသည် 'တောမြိုင်ခြေလမ်း' သီချင်းကြီးကို ဘီလစ်ကြီးဦးထင်၏ စောင်းလက်သံဖြင့် သီဆိုလျက် ရှိသည်။ ဟင်္သာပဒါးရောင် ကတ္တီပါကားကြီးနောက်ခံတွင် ရွှေဝါနုသွေး ခေါင်းပေါင်း၊ ပိုးတိုက်ပုံအဝါနု၊ ရွှေဖလားရောင်ဘန်ကောက် ပိုးလုံချည်တို့ဖြင့် ဘီလစ်ကြီး ဦးထင်က ခံ့ထည်စွာ တီးခတ်သည်။ မေမေဦးက အရွယ်နှင့်မလိုက်စွာ ဘီးဆံပတ်ထုံးထားသည်။ မေမေကြီးက သူ၏ စိန်ဘီးဆံကုပ်ကို ဆင်ပေးလိုက်သည်။ 'ပန်းသာထိပ်ခေါင်တင်'၏ ဖော့သဇင်ခက်လေးတွေကို ဆံထုံးမှာ ဆင်ထား၏။ ပဒုမ္မာအင်္ကျီရင်ဖုံး လက်ရှည်တွင် လက်ဖျားပွပြီး ကြာယပ်အနားပန်းထိုးထား၏။ လုံချည်က စိန်ကြိုးနွယ် လုံချည်လေး ဝတ်ထားသည်။ အိမ်မှာက ဂါဝန်ကြီး တဖားဖားနှင့် ကလေးတစ်ယောက်လို တွေ့နေကျ မေမေဦးကို အခုလို ဆံထုံးနှင့် ရင်ဖုံးအင်္ကျီနှင့် မြင်ရသောအခါ မေမေကြီးက ကြည့်မဝ၊ ရှုမဝ ဖြစ်ရုံမက အပျိုကြီးဖားဖား ဖြစ်လာတော့မည့် မြေးအတွက် ပူပန်မှုတွေပင် ပိုလာတော့သည်။

            မေမေဦးက စည်းနှင့်ဗျောက်ကို ကိုင်ကာ ပုံ့ပုံ့ကျုံ့ကျုံ့ ယုံ့ယုံ့လေး ထိုင်ရင်း 'တောမြိုင်ခြေလမ်း'ကို ပိုင်ပိုင်ကြီး သီဆိုနေပြန်တော့ မေမေကြီးသာမက ဟောဒီ သီပေါရုံကြီး အတွင်းရှိ ပရိသတ်အားလုံး ပိုလို့ အံ့သြကြရတော့သည်။

            တကယ်တော့ သည်ပွဲကြီးမှာ မန္တလေးခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကြီးက ကြီးမှူးပြီး ကျောင်းများ၊ အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီကျင်းပသော အမျိုးသမီးများ သားဖွားမှု ရန်ပုံငွေ ပဒေသာကပွဲကြီး ဖြစ်၏။ ၂၆ ဘီလမ်းနှင့် တရုတ်တန်းလမ်းမကြီးထိပ်ရှိ သီပေါရုံကြီးတွင် ကျင်းပခြင်းဖြစ်သည်။ မန္တလေးခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကြီးကို အင်္ဂလိပ်လူမျိုး တိုင်း မင်းကြီးနှင့် ခရိုင်ဝန်တို့၏ ဇနီးများက ဦးစီးခေါင်းဆောင်ကြပြီး မြန်မာအရာရှိ ကတော်ကြီးများလည်း ပါဝင်ကြသည်။ စစ်ဖက်အရာရှိ ကပ္ပတိန်ထွန်းလှအောင်၏ ဇနီး ဒေါ်ခင်ခင်အေး က အတွင်းရေးမှူး တာဝန်ယူသည်။ သူမက ဆာဦးခင်၏ သမီးဖြစ်သည်။ မီးရထားကုန်ရုံပိုင်ကြီး ဦးဘသန်း၏ဇနီး ဒေါ်ဒေါ်စုက အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ဒေါ်ဒေါ်စုကလည်း မီးရထားသံကြိုး ကျောင်းဆရာကြီး ဦးဖေကြီး၏ သမီးဖြစ်၏။ ဦးဘသန်း၊ ဒေါ်ဒေါ်စုတို့၏ သမီးမလှရွှေကလည်း ထိုပွဲတွင် 'ထောင်ရောင်နေ' သီချင်းခံကြီးကို ဦးထင်၏ စောင်းနှင့်ပင် သီဆိုခဲ့ပါသည်။ မလှရွှေကား မကြာမီက ဖွင့်လှစ်ခဲ့သော အင်းဝတံတားကြီး ဖွင့်ပွဲတွင် ဘုရင်ခံ ဆာချာလ်စ်အင်းနစ်(စ) အား တံတားထိပ်မဏ္ဍပ်မှ ပန်းစည်းဆက်ရသူလည်း ဖြစ်၏။

            သည်ပဒေသာကပွဲကြီးမှာ မလှရွှေနဲ့အတူ မေမေဦးကို ပွဲထုတ်သူက ဘီလစ်ကြီး ဦးထင်ဖြစ်ပါ၏။ မေမေဦး၏ ပထမဆုံး ပွဲဦးထွက်မှာ ပန်းဝင်လှခဲ့သည်။ ဆရာကောင်း တပည့် ပန်းကောင်းပန် ဆိုသလို မေမေဦးဆရာ ဦးဘကလေးကလည်း ခေါင်းတညိတ်ညိတ် တပြုံးပြုံး ဖြစ်နေ၏။

            ထိုပွဲ၏ ထူးခြားဆန်းသစ်မှုတစ်ခုမှာ မြို့မတူရိယာ အသင်းကြီးက ထို 'တောင်မြိုင်ခြေလှမ်း' ထနောက်သံ ယိုးဒယားသီချင်းကြီးကိုပင် အနောက်တိုင်းခေတ်ပေါ် တူရိယာပစ္စည်းများဖြင့် တီးမှုတ်ပြလိုက်ခြင်း ဖြစ်ပါသည်။ တကယ်တော့ ကမ္ဘာ့ဂီတသီအိုရီတွင် အဆိုရှိသော အသံအကွာအဝေး နရီ (Duration)၊ အသံအတိုးအကျယ် (Intensity)၊ အသံ အနိမ့်အမြင့်(Pitch)၊ အသံအမျိုးအစား(Quality)စသည့် အချက် ၄ ချက်က မြန်မာ့ဂီတမှာ ရှိပြီး ကိုက်ညီပြီး ဖြစ်၏။ ထိုအချက်လေးချက်နှင့်အညီ ဆိုက်ဆိုဖုန်း၊ ကလယ်ရီနက်၊ ထရမ်းပက်စသော အနောက်တိုင်းတူရိယာပစ္စည်းများ စုပေါင်း ဝိုင်းဖွဲ့ ပုံစံဖြင့် ကိုသန့် ခေါ် ကိုမောင်မောင်နှင့် ကိုငြိမ်းတို့၏ စိတ်ကူးအိပ်မက်အား စတင်အကောင်အထည်ဖော်ကြခြင်း ဖြစ်ပါ၏။

            ဘီလစ်ကြီးဦးထင်၏ တစ်ပါးသွား စောင်း၊ မေမေဦး၏ အဆိုနှင့်အတူ မြန်မာ့မဟာဂီတလာ 'တောင်မြိုင်ခြေလမ်း' ကို ရွှေနန်းထွက် မူအတိုင်း အပီအပြင် တီးခတ်သီဆိုပြီးသောအခါ မရှေးမနှောင်းမှာပင် ဟင်္သပဒါးရောင် ကတ္တီပါကားကြီးရှေ့၌ မြို့မတူရိယာအသင်းသားများက အများစု မမြင်ဖူးသေးသော တူရိယာပစ္စည်းများဖြင့် 'မဟာဂီတ' သီချင်းကြီးကို ဝိုင်းဖွဲ့ပုံစံ တီးမှုတ်ခြင်းမှာ စွန့်စားတီထွင်မှုကြီးတစ်ခု ဖြစ်သည်။

            ၁၉၂၅ ခုနှစ်က 'မြို့မဗုဒ္ဓဝေယျာဝစ္စ'ဟု စတင်စုစည်းကာ ၁၉၂၈ ခုနှစ်တွင် စည်းမျဉ်းဥပဒေများဖြင့် 'မြို့မတူရိယာ အသင်း' ဟု စနစ်တကျ ဖွဲ့စည်းခဲ့ပြီးနောက် ယခု ၁၉၃ဝ ခုနှစ်တွင် မဟာဂီတကို ကမ္ဘာသုံးဂီတသင်္ကေတပြု၍ အသံများစီမံခန့်ခွဲပြီး ဝိုင်းဖွဲ့ပုံစံဖြင့် ပထမဆုံး တီးမှုတ်ပြခြင်း ဖြစ်၏။

            'သည်းညွတ်ပြိုယိုင်... ဒွာရာပိုင်နန်းစံတို့...

            လွမ်းရန်ကို ဖန်ဖြေဖျော်သည့် မြွတ်ဖော်သံညင်း

            မန်းနေရုခွင် ရွှေဥကင်စံတည်ရာမှာမှ

            စုံဘာသာသည် ရွှေမှောက်ဝယ်ခု

            ထနောက်သံ ပြန်တစ်မူနှင့်     

ပြိုင်ထပ်တူ မှန်စေစိမ့်ငယ်လေ... သံငြိမ့်မယွင်း'

            ထို့နေ့ည ပဒေသာကပွဲကြီးအပြီး အပြန်မှာ ဦးဘဦး၏ အော်စတင်ကားလေးက ရှမ်းပွဲရပ်ရှိ ပွဲစားကြီးဦးတော်၊ တရုတ်တန်းဘီလစ်ကြီးဦးထင်၊ ရွာစားကြီးစိန်ဗေဒါနှင့် အခြားလူကြီးများကို လိုက်ပို့ရ၍ မေမေဦးတို့ ညီအစ်မနှစ်ယောက်နှင့် မေမေကြီးတို့က မြင်းလှည်းတစ်စီးဖြင့် ပြန်ခဲ့ကြသည်။ တကယ်တော့ သီပေါရုံရှေ့ တရုတ်တန်းလမ်းမပေါ်မှာ ရထားလုံး သုံး၊ လေးစီးခန့် ရှိနေ၏။ 'ဂါလီဝါလား' ဟု ခေါ်သော အိန္ဒိယအမျိုးသား မြင်းရထားမောင်းသမားများ မောင်းနှင်သော ဗီရိုလှည်းရထားလုံးများကို မေမေကြီးက မစီးချင်လှ။ 'ဒိုင်းနား' ညာချိုး၊ 'ဘားယား'ဘယ်ချိုး၊ 'ဆီးတား' တည့်တည့်၊ 'အာစတေး' ဖြည်းဖြည်း၊ 'ဂျာလတီး' မြန်မြန်၊ 'ဟိုး'ရပ်တော့ဟု တွင်တွင်အော်ပြောရသည်ကို မေမေကြီးက 'ညည်းတို့မြင်းရထားစီးရတာ အလုပ်ရှုပ်လှသအေ' ဟု ဆိုသည်။ ဟုတ်တော့လည်း ဟုတ်သည်။ စီးသူက နောက်က ဗီရိုလေးထဲ လေးယောက်မျက်နှာချင်းဆိုင်၊ မောင်းသူက ဗီရိုအပြင်ဘက် ခုံမြင့်လေးနှင့်ဆိုတော့ သွားလိုသည့်နေရာကို တံခါးပေါက်က ခေါင်းထုတ်ပြီး အော်အော် ပြောရနေရသည်။ ထို့ကြောင့် ထိုစဉ်က မန္တလေးဆင်ခြေဖုံးများဖြစ်သော ညောင်ကွဲ၊ ဖိုးပေကုန်း၊ စိန်ပန်း၊ ငွေတော်ကျီကုန်း၊ ကန်ကောက်၊ မင်္ဂလာဥယျာဉ် စသည့်နေရာများတွင် စတင်အသုံးပြုနေသော မောင်းသူက ရှေ့မှာထိုင်ကာ သူနှင့်တစ်တန်းတည်း နောက်က ခြေနှစ်ဖက်ချပြီး မျက်နှာချင်းဆိုင်စီးနိုင်သည့် မြင်းလှည်းများကို မေမေကြီးက သဘောကျသည်။ 'တို့မြန်မာတွေ မောင်းတာဆိုတော့ သူတို့ အားပေးရာလည်းရောက်၊ ထိုင်ရ ပြုရတာလည်း လွတ်လပ်ပြီး လေလည်း ရတယ်' ဟု ဆိုလေ့ရှိသည်။

            ထို့ကြောင့် သီပေါရုံကအထွက် ရပ်ထားသော မြင်းရထား သုံး၊ လေးစီးကို ကျော်ပြီး ပွဲကတော်အုပ်ဆေး ဆေးတိုက်ရှေ့၌ မြင်းစားခွက်တောင်းကိုချ၍ မြင်းစာကျွေးရင်း ရပ်ထားသည့် မြင်းလှည်းတစ်စီးကို မေမေကြီးက လှမ်းခေါ်လိုက်သည်။ မြင်းလှည်းက မြင်းစာခွက်တောင်းကို ရှေ့က လှည်းအိမ်ထဲထည့်၊ သားရေပြားဇာတ်ကြိုးဖြင့် ကျောကို တစ်ချက် နှစ်ချက်ရိုက်ခါပြီး မေမေကြီးတို့ ရပ်နေသည့်ရှေ့ ဆိုက်လာသည်။ မြင်းလှည်းပေါ်တက်ကြသောအခါ ဟော်ကုန်းရပ်သို့ လမ်းလျှောက်ပြန်မည် တကဲကဲလုပ်နေသော ဆရာဦးဘကလေးကိုလည်း မြင်းလှည်းဖြင့် ဇွတ်တင်ခေါ်ခဲ့ ကြရ၏။ ကျုံးနံဘေး ဓာတ်ရထားလမ်းအတိုင်း မြင်းလှည်းက အရှေ့ဘက်တက်သည်။ လှည်းဦးတွင် ထိုင်လိုက်သော ဆရာဦးဘကလေးက မေမေဦး သီဆိုပုံ ကောင်းကြောင်း၊ ယခု ထက်ပိုပြီး အရစ်အဝဲ၊ အဆွဲအငင်လေးများ ဂရုစိုက်လိုက်လျှင် ပြောစရာမလိုတော့ကြောင်း၊ နောက်တစ်ပွဲဆိုလျှင် အစ်မဖြစ်သူ ယဉ်ယဉ်ဦး၏ စန္ဒရားနှင့် တွဲဖက် ပွဲထုတ်ဦး မည်ဖြစ်ကြောင်း ပြောပြသည်။ မေမေဦးကလည်း ဘဘကြီး ဦးထင်၏ စောင်းလက်သံနှင့် ဆိုရသဖြင့် ခြေဖျား၊ လက်ဖျားများပင် အေးစက်နေကြောင်း၊ ကနဦးစည်းဝင် စည်းထွက် မှန်သွားမှ ရဲတင်းစွာ ဆိုနိုင်ကြောင်း ပြောပြသည်။ မေမေဦးတို့ ပွဲလယ်တင့်ခဲ့ရလို့ မေမေကြီးက သူ့မြေးအတွက် ကျေနပ်နေ၏။

            ဆရာဦးဘကလေးနှင့် မေမေဦးတို့တစ်တွေ ပွဲအကြောင်း အချီအချ ပြောဆိုနေကြသောအခါ မြင်းလှည်းမောင်းသည့် လူငယ်ကလေးက မြို့မအသင်းက တီးမှုတ်သွားသော 'တောမြိုင်ခြေလမ်း' ကို တအံ့တသြနားထောင်ရပုံနှင့် လိုအပ်သော အဆစ်များ၌ 'တာပလာ' ဗုံကလေးဖြင့် ဆို့ပတ်သွားတာ နှစ်သက်လှကြောင်း ဝင်ရောက်ပြောဆို၏။ မေမေကြီးကမူ နားထောင်နေကျမဟုတ်သဖြင့် နားထဲ၌ 'ကလက်' နေသည် ဟု ပြောသည်။ မြို့မအကြောင်း စကားစပ်မိကြသောအခါ မေမေဦးက သူ့အစ်မယဉ်ယဉ်ဦးကို ဟာဝေယံဂီတာတီးသူမှာ မစ္စစ်ကွတ်(စ်)၌ မကြည်အောင် ဓာတ်ပြားဝယ်စဉ်တွေ့ရသော မြို့မအသင်းသားလေး မဟုတ်လားဟု တိုးတိုးလေးမေးသည်။ ယဉ်ယဉ်ဦးက 'မေဦးပြောမှပဲ အမှတ်ရတော့တယ်၊ တီးဝိုင်းမှာတွေ့တော့ မြင်ဖူးသလိုလိုတော့ ထင်သား'ဟု ဆို၏။

            ဆရာဦးဘကလေးမှာ မြင်းလှည်းဦး၌ ထိုင်ရင်း 'လူငယ်တွေမို့ တီထွင်ကြတာ ဘာမှပြောစရာမရှိပါဘူး။ သို့ပေမင့် ဆရာ့ဆရာကြီးများက အကောင်းဆုံးအညွန့်အဖူးတွေ လုပ်ခဲ့ကြလို့ ကောင်းခဲ့ပြီးသားပဲ။ ဘာမှထပ်ကွန့်၊ ထပ်ညွန့်စရာ မလိုတော့ပါဘူး မောင်ရာ' ဟု ပြော၏။

            မြင်းလှည်းကလေးသည် ဓာတ်စက်ရုံမှဖြတ်ပြီး မေမေဦးတို့ မီးရထားရိပ်သာဝင်းကြီးရှေ့ ရောက်သည်အထိ ပွဲအကြောင်း၊ သီချင်းအကြောင်း စကားလက်စမသတ်နိုင်ဘဲ ရှိတော့သည်။ မြင်းလှည်းဆရာလေးနှင့်လည်း ရင်းနှီးသွား၏။ ခြံဝင်းဝရောက်၍ မေမေဦးတို့ ဆင်းပြီးနောက် ဟော်ကုန်းရပ်သို့ ဆရာကြီးအား တစ်ခါတည်းပို့ပေးရန် မှာကြားကာ မြင်းလှည်းခပေးသောအခါ 'အခုလို ပညာရှင်တွေနှင့်တွေ့ရ၊ စကားပြောရတာပင် အဖိုးတန်လှပါပြီ ခင်ဗျာ၊ ဆရာကြီးနှင့် ဒီက နှမလေးများအတွက် ကုသိုလ်ပြုပါရစေ' ဟု ပြောကာ မြင်းလှည်းခကို ငြင်းသည်။

            မေမေကြီးနှင့် ယဉ်ယဉ်ဦးတို့ ညီအစ်မနှစ်ယောက်က အားနာနေ၏။ ထို့ကြောင့် အိမ်ထဲဝင်ကာ ဆရာကြီးနှင့်အတူ ကာဖီရည်လေးများ သုံးဆောင်ပါဦး ဖိတ်ခေါ်သည်။ မြင်းလှည်းဆရာလေးက...

            'ကျေးဇူးတင်လှပါတယ်ခင်ဗျာ၊ မိုးလည်းချုပ်နေလို့ ဆရာကြီးပို့ပြီးရင် အိမ်တန်းပြန်ပါစေ။ အိမ်က သရက်တစ်ပင် ရွာမှာမို့ပါ' ဟု ပြောကာ မြင်းကို ကြာပွတ်နှင်ပြီး ခပ်သွက်သွက်လေး မောင်းသွားလေတော့၏။

ဆအခန်း(၁၁)

ယဉ်ကျေးသည်ပညာ

            'ကြားမရှုပ်နဲ့ ငြိမ်ပေး...ငြိမ်ပေး

            ဝါးလက်ခုပ်က စိန်ဌေး...စိန်ဌေး၊

            နွှဲလာသမျှ ထိပ်ဆုံး...ထိပ်ဆုံး

            နှဲဆရာက မိတ်ထုံး...မိတ်ထုံး၊

            အထင်းသားဗျ နိုးတူး...နိုးတူး

            လကွင်းသမားက ဖိုးထူး...ဖိုးထူး၊

            ရှိန်ဖြိုးညီစွ အဝေးရှောင်...အဝေးရှောင်

            စိန်အိုးစည်က ဌေးမောင်...ဌေးမောင်

            ကိုပုကိုငယ် တေးတစ်သွယ်...

            ကိုကြွယ်လိုလည်း မူတတ်ပါရဲ့၊

            ကိုသန့် ကိုဉာဏ် တစ်မျိုးကြံ...

            အဖိုးတန်အောင် ညွန့်တတ်ပါရဲ့၊

            ပိဋကတ်အောင်...စာတစ်စောင်

            ဆရာမောင်လို...ကွန့်တတ်ပါရဲ့၊

            ပြောစရာအပေါင်း မောစရာကောင်း

            သြဘာသောင်းလို...ကလိတတ်ပါရဲ့၊

            အလှကလေးမဒီ...ညရေးအမီ

            မအေးကြည်လို...ချွဲတတ်ပါရဲ့၊

            ပြေရွာသာစည်...သွေခွာပြီ

            လေဘာတီလို...နုတတ်ပါရဲ့၊

            အိုးစည်...အိုးစည် အိုးစည်သားဗျ၊

            လူရေ...လူရေ လူရေခြားသဗျ

            တ,ဝမ်းပူလေး နှစ်ချောင်းငင်

            တူမယ်ထင်ရင်...ယှဉ်စမ်းတော့လား

            ဟေ့မိုးလား...ဟေ့လေလား

            ဟေလာ...မောင်ရို့ဝါး...'

            အိုးစည်လက်သံက ပိပိနှင့် ဟိန်းကာ ထွက်လာသည်။ အဆို့အပိတ် အဖိအဖော့တွေ ပါ၏။ လက်ကျက အသံကုန် ထွက်သည်။ အမရပူရပုထိုးတော်ကြီးဘုရား ညောင်ရေသွန်းပွဲကား ကဆုန်လပြည့်နေ့တွင် အစည်ကားဆုံးပွဲ တစ်ပွဲဖြစ်၏။ ကပ်ကျော်ကွေ့မှာကတည်းက လှည်းတန်းကြီးတွေ့ရသည်။ ပုထိုးတော်ကြီးဘုရား ရင်ပြင်တော်ရှေ့ လက်ပံပင်ကြီးအောက်၌ အိုးစည်အဖွဲ့တစ်ဖွဲ့ တီးမှုတ်နေသည်။

            အိုးစည်ကိုင်က ပထမဆုံးအိုးစည်ကို ပတ်စာကပ်ပြီး 'ထုံရော၊ ဒေါင်ရော' တီးကာ လူးနေ မြူးနေသည်။ နှဲကို မကိုင်သေးဘဲ ပလွေကလေးကို ပင့်ကူမှေးလေးကပ်ပြီး အသံ စမ်းသည်။ အိုးစည်မင်းသားသည် ထိုအခါမှ နေထွက်ရာ အရှေ့ဘက်လှည့်ပြီး 'ထောင်ရောင်နေကသာ ရွှေဘုန်းဝင်း ညွတ်ခလာရာမင်းမင်း' ဟု သီချင်းခံကို ဆိုလိုက်မှ အိုးစည်က တို့ကာ 'ခေါ်တီး' လေး တီးပေးလိုက်သည်။ 'ရာမင်းမင်း' အပြီး၌ နှဲကို ကောက်မှုတ်သည်။ အိုးစည်က ပတ်ဆစ်ချိုး တီးပေးသည်။ ထိုအခါ ဝိုင်းတော်သားများက ညာသံပေးကာ အခေါ်တီးကို မြိုင်မြိုင်ကြီး တီး၏။ 'ထောင်ရောင်နေ' ပြီး 'ရွေတညာ' တီးသည်။ ရွေတညာပြီးမှ 'အိုးစည်ချင်း' ကို သီဆို၏။

            'နန်းသုံးတော်ခံ ငယ်ကျွန်ရံက စည်တော်သား

            ယဉ်ကျေးသည်ပညာ၊ ဘွဲ့ပုံပုံနှင်းတယ်

            ကျွန်ရင်းလေး မှန်လှပါ။

            ဟေလား ယောကျ်ား ဘသားလေးလေး...'

            အိုးစည်ချင်းဆွဲဆိုအပြီး 'ထုံနှင့်' အယိုင်ကို တွဲတီး၏။ ထို့နောက် သံချပ်ထိုးကြသည်။

            ကိုဘဒင်၊ ကိုငြိမ်းတို့လူစုသည် သူတို့ တီးဝိုင်းပြီးသော်လည်း မပြန်ကြသေးဘဲ အိုးစည်ဝိုင်းကို သဘောကျနေကြ၏။ တောင်မြို့ မြို့ခံအသင်းသား ကိုလေးလည်း ပါသည်။ ပုထိုးတော်ကြီး ကဆုန်ညောင်ရေသွန်းပွဲ၌ မြို့မအသင်းက ကိုငြိမ်း သီချင်းတစ်ပိုဒ်ကို ပွဲဦးထွက် တီးမှုတ်သည်။ ဒီသီချင်းက ကိုငြိမ်း၏ ဒုတိယမြောက်သီချင်းလည်း ဖြစ်သည်။ သူတို့သည် မနက်ပိုင်း တီးဝိုင်းဧည့်ခံအပြီး လက်ဖက်ရည်သောက်ရင်း ကိုငြိမ်းသီချင်းအကြောင်း၊ အခြားတီးဝိုင်းနှင့် သီချင်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ထွေရာလေးပါး ပြောဆိုချင်ကြသည်။ သို့သော် အိုးစည်ဝိုင်းက အားလုံးကို ဆွဲဆောင်ထားလိုက်သည်။ အထူးသဖြင့် အိုးစည်သမား၏ လက်သံနှင့် ဟန်ပန်များက ထူးချွန်ပြောင်မြောက်နေ၏။

            ပုထိုးတော်ကြီးညောင်ရေသွန်းပွဲမှာ မန္တလေးက နာမည်ကြီး အိုးစည်ဝိုင်းတွေ အတော်များများ လာရောက်ကြသည်။ မာရဘင်အိုးစည်၊ နန်းတော်ရှေ့အိုးစည်၊ ရှေ့တော်ပြေးအိုးစည် အဖွဲ့များအပြင် ရန်မျိုးလုံ၊ ဟော်ကုန်း၊ ညောင်ပင်ဈေး၊ တောင် ရွာသစ်၊ မြောက်ရွာသစ်၊ ဖျာတန်း၊ မြောက်ပြင်အိုးဘိုရပ်က အင်းဝအိုးစည် စသည်ဖြင့် အတော်များများ လာရောက်ကြရာ ယခုအဖွဲ့က ညောင်ကွဲအနောက်ဘက် 'သရက်တစ်ပင်' ရွာက အိုးစည်အဖွဲ့ ဖြစ်၏။

            သရက်တစ်ပင်အဖွဲ့မှ အိုးစည်သမားက ပွဲစကတည်းက လမိုင်းကပ်နေသည်။ လက်ဝါး၊ လက်သီးသာမက တံတောင်တွေ၊ ဒူးတွေပါ ပါ၏။ ကရင်း တီးနေသည်ဟု ထင်ရအောင် ဟန်ပါလှသည်။ ဖနောင့်နှင့်ပင် တီးလိုက်သေးသည်။ သည်အဖွဲ့က ရတနာပုံဆီစက်ပိုင် သူဌေးဦးသိန်းရဲ့ ပထမရွှေတံဆိပ် ဆုပင် ရထားသေးသတဲ့။

            'ရှိန်ဖြိုးညီစွ...အဝေးရှောင်...အဝေးရှောင်

            စိန်အိုးစည်က ဌေးမောင်...ဌေးမောင်' ဟု သံချပ်ထိုးသောကြောင့် အိုးစည်သမားနာမည်က ဌေးမောင်ဖြစ်မည်။ ပတ်စာကပ်ထားသော မျက်နှာဝတစ်ဖက်တည်းကို လက်ဖနောင့်၊ လက်သီး၊ လက်ချောင်းလေးများဖြင့် အဖိ၊ အဖော့၊ အနှိပ်၊ အထိုး၊ အခုတ်၊ အထုများသုံးကာ ခုနစ်သံကို သံရှည်၊ သံလတ်၊ သံတို၊ သံပြတ် အမျိုးမျိုးထွက်အောင် တီးနိုင်သည့် အိုးစည်သမား၏ လက်နှင့် အိုးစည်သံကို သဘောကျနေကြ၏။

            ကိုငြိမ်းက ယခု ပုထိုးတော်ကြီးညောင်ရေသွန်းပွဲမှာ မြို့မအဖွဲ့က သီဆိုတီးမှုတ်သွားသော 'ကဆုန်ညောင်ရေ နှစ်စဉ် အမြဲ ပွဲတော်နွှဲပျော်ရက်ထူးပေ...အောင်ဆုထူးကို ရည်စူးလို့ ချွေ ညောင်ရေတော်သွန်းကြသလေ' ဟု ဟူသည့် သူ့သီချင်း ကိုပင် မေ့လျော့နေကာ 'အိုးစည်'ကို စိတ်ဝင်စားနေ၏။ မြန်မာမှု၊ မြန်မာသံ၊ မြန်မာဟန်၊ ထို့နောက် နိုင်ငံတကာ...။

            ကိုငြိမ်း မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေသည်။ သူ့ရင်ထဲမှာက 'သီချင်း' မဟုတ် 'ဂီတ' ချည်း ဖြစ်နေသည်။ 'အိုးစည်'သံကို 'ဂီတ'အဝန်းအဝိုင်းဖြင့် ပုံဖော်နေသည်။ 'ဂီတ' ဟူသည် နယ်နိမိတ် အပိုင်း အခြားမရှိ။ ကမ္ဘာကြည့်...။

            ထိုနေ့က မိုးကြီးချုပ်ပါမှ အသင်းတိုက်သို့ ပြန်ရောက်သော်လည်း ကိုငြိမ်းမှာ အိမ်သို့ မပြန်နိုင်သေး။

            Viola တယောလက်၊ Callo တယောကြီးနှင့် Double Bass ဘေ့စ်တယောကြီးများ၏ အသံဖွဲ့စည်းမှုများကို စူးစမ်းလေ့လာနေလေတော့သည်။

□

အခန်း(၁၂)

ပန်းပျံများဘုရင် ရွှေသဇင်ကို...

            ဘုံ ၅ ဆင့်ပြာသာဒ်ထိပ်ရှိ ရွှေရောင်ထီးက နေရောင်တွင် ဝင်းလက်နေသည်။ ဖောင်းကြွပန်းကနုတ်များဖြင့် ပြာသာဒ်ဆောင်က နီညိုရင့်ရောင်ဖြင့် ခံ့ထည်လှ၏။ ပြာသာဒ်အောက်မှာ မှန်တံခါးသုံးပေါက်က အချိုးညီနေသည်။ ပြီးတော့ အလားတူ မှန်တံခါးသုံးပေါက်ဖြင့် နောက်... အောက် တစ်ထပ်...။ ပြီးလျှင် လေးထောင့်တိုင်ကြီးတွေနှင့် ဆင်ဝင်အောက်က အပေါ်ထပ်နှင့် ပြာသာဒ်ဆောင်ကို  ခပ်မတ်မတ် ထမ်းပိုးထားသည်။ ဆင်ဝင်ဆောင်၏ ဗိသုကာမှာ ထောင့်တိုင်ကြီးတွေအပြင် မျက်နှာစာတိုင်း၌  ၄င်းနှင့်အပြိုင် တိုင်ကြီး နှစ်တိုင်လည်း ပါသေး၏။ ထိုတိုင်နှစ်တိုင်က ကျယ်ဝန်း မြင့်မားသည့် ဝင်ပေါက်ကြီးတွေပမာ ဖြစ်နေသည်။ ဆင်ဝင်ဆောင်ကို ရှေ့မျက်နှာစာ၌ အုတ်လက်ရန်းဖြင့် ပိတ်ကာထားပြီး ဘေးနှစ်ဖက်မှာ အချိုးကျသော အုတ်လှေကားကြီး နှစ်စင်းတက်သည်။ လှေကားရင်းတွေမှာ အောက်ဆုံးမြေတိုက် ဆီသို့ ဆင်းသောမုခ်နှင့် လှေကားတွေလည်း ရှိ၏။

            ပြာသာဒ်ပေါက် ဆင်ဝင်ဆောင်ကြီးနှင့်တွဲလျက် ပင်မဆောင်ကြီးက အမိုး ၃ ထပ်နှင့် ခိုနန်းချိုးလည်ပေါ်ဆောင်ကြီး ဖြစ်သည်။ ဆင်ဝင်ဆောင်ကြီး တစ်ဖက်တစ်ချက်၌ ခန်းကျယ် ကြီးလေးခန်းစီရှိသည်။ လက်ရာမြောက် အုတ်တိုက် အဆောက်အအုံကြီးမှာ မြန်မာမှု ဟန်ပန်အပြည့် ဖြစ်သည်။ အဆောက်အအုံကြီး၏ ထောင့်လေးထောင့်မှာလည်း ခံ့ထည် လှပသော ထောင့်ဖြေအုတ်ဖိနပ်ကြီးတွေလည်း ရှိသေး၏။ ဆင်ဝင်ရှေ့ ပန်းခြံလေးထဲက စကျင်ကျောက်ပြားဖြူကြီး တစ်ချပ်ပေါ်၌လည်း ဝိုင်းစက်သပ်ရပ်သော စာလုံးကြီးတွေက ထင်းခနဲမြင်သာလှသည်။

            'အတ္တာဟိ-အတ္တနော-နာထော

            အတ္တာဟိ-မိမိကိုယ်တိုင်သာလျှင်၊ အတ္တနော-မိမိ၏၊ နာထော-သိရာကိုးကွယ်ရာအစစ်ဖြစ်ပါ၏' တဲ့။

            ခံ့ညားထည်ဝါလှသော လေးထပ်အုတ်တိုက်ကျောင်း ဆောင်ကြီးပေါ်မှာ အသံလုံးကြီးကြီးတွင် အငေါက်အငန်း အဖြတ်တောက်များနှင့် အသံတစ်သံက အုတ်တိုက်ပြင်ပထိ လွင့်ပျံလာသည်။

            'ကွယ်ရာဈေးပြင် ရောင်းတာများမြင်မလာ့

            သေချင်သေ ရှင်ချင်ရှင်၊

            အင်မတိအင်မတန် ရာဇဝတ်တော်ခံရလိမ့်

            မြတ်ပန်တော်ပန်း...၊ ခိုင်လုံးလန်းကို၊

            ဟိုလောင်ပန်းပွင့် ဘယ်ဂုဏ်နဲ့ဝင့်မတုံး

            လမ်းချဲ့ချဲ့ မချဲ့ချဲ့၊ ဆုတ်ဟဲ့လို့ဆိုဆို

            မဆိုဘဲဖယ်လာလာ၊

            သူမို့ပါရင် ရွှေအာဏာရောင် သိုင်းပြောင်ပြောင်နဲ့မို့

            ရှောင်ရသည် ရှားရသည်၊

            ပန်းပျံများဘုရင် ရွှေသဇင်ကို...'

            အတန်းရှေ့မှ ခေါင်းပေါင်းစတလူလူဖြင့် ရွတ်ဆိုပြနေသော ဆရာရွှေပြည်ဦးဘတင်၏အသံက မေမေဦးသာမက အတန်းသားအားလုံးကို ကြက်သီးမွေးညင်းထသွားစေ၏။ ရှေစာဆိုကြီး ဦးတိုးရေးစပ်ခဲ့သော ရာမရကန်ကို စာလုံးတိုင်း ဖိစီးနှိမ့်ချ အကန်အကျောက်ဖြင့် ရွတ်ဆိုပြီးမှ ပန်းတကာ့ပန်းတွင် သဇင်ပန်းသာအမြင့်ဆုံး အမြတ်ဆုံး ဆိုတာကို အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် သင်ပြသွား၏။

            'မီးမလောင်ပန်းလို အလကားပန်းတွေက သဇင်ပန်းလို တော်ဝင်ပန်းနားလာပြီး ဝင့်ဖို့ဝါဖို့နေနေသာသာ၊ ပန်းတကာ့ ဘုရင် ရွှေသဇင်ကို အတွင်းတော်မှာ ဆက်တော်မူဖို့ ယူလာ ကြပြီဆိုကတည်းက သိုင်းတွေကျိုင်းတွေနဲ့ ဆုတ်ကြဟဲ့၊ ဖယ်ကြဟဲ့၊ မတန်မရာ၊ တန်းနားဆားစု၊ ကလေကချေ၊ အိမ် ကြိုအိမ်ကြားပေါက်တဲ့ပန်းမျိုး၊ နောက်ဖေးနောက်မီ ချုံကြို ချုံကြားကမှ ကားခနဲထွက်လာရတဲ့ပန်းမျိုးက ဘယ်မှာ အနီး အနားသီရဲပါ့မတုံး... '

            ရွှေပြည်ဆရာက သီချင်းအဓိပ္ပာယ်ကိုလည်း စီကာပတ်ကုံး သင်ပြသည်။ မေမေဦးမှာ မန္တလေးပြောင်းလာပြီး လေးတန်းကတည်းက စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းမှာ နေခဲ့ရသောကြောင့် မြန်မာစာ၊ မြန်မာရာဇဝင်၊ မြန်မာမှုများနဲ့ ဝေးခဲ့ရ၏။ ကိုယ်လိုက်စားသော မြန်မာ့ဂီတသီချင်းကြီးများက စကားလုံးအသုံးအနှုန်းအဓိပ္ပာယ်များဆိုလျှင် မသိတာများသည်။ ထို့ကြောင့် ဖေဖေက 'ငါ့သမီးတွေ မန္တလေးရောက်ပါမှ မြန်မာမှုတွေကို မထိတွေ့ရဘူးဆိုရင် လူဖြစ်ကျိုးနပ်မှာ မဟုတ်ဘူး' ဆိုကာ ၈ တန်းနှစ်ရောက်သည်နှင့် မန္တလေးမြို့လယ် အထက်ဆင့်ဝင်းရှိ နေရှင်နယ်ကျောင်းသို့ ပြောင်း၍ထားသည်။ သမီးကြီး 'ယဉ်ယဉ်ဦး'ကတော့ ကောလိပ်ကျောင်းမှာ ဥပစာ ပထမနှစ် တက်ရတော့မှာမို့ နေရှင်နယ်ကျောင်းသို့ မေေမေဦး တစ်ယောက်တည်းသာ တက်ရသည်။

            ဂါဝန်ကြီးတဖားဖားနှင့် အင်္ဂလိပ်လိုသာပြောရသော ကွန်ဗင့်ကျောင်းသူ မေမေဦးမှာ အခုတော့ ဆံထုံးနှင့် မန္တလေး ပိုးချိတ်ထဘီနှင့် အယဉ်ကြီးယဉ်လျက် ရှိ၏။ ထို့ပြင် နဂိုကတည်းက စိတ်ဝင်စားခဲ့ရသော မြန်မာသီချင်းများနှင့် ပတ်သက်၍ နေရှင်နယ်ကျောင်းရောက်ပြီး ဆရာရွှေပြည် ဦးဘတင်နှင့်တွေ့ပါမှ နေခြည်နဲ့အသား၊ ရွှေရည်နဲ့ ပတ္တမြား ဆိုသလို ဗီဇဝါသနာနှင့် အကြားအမြင်ဗဟုသုတတို့ ပိုမိုထိစပ် ပနံရသွားတော့သည်။ ဆရာရွှေပြည်က သမိုင်းကို လွန်စွာ ကျွမ်းကျင်သူ၊ ရာဇဝင်ကြောင်းများသင်ရလျှင် မင်းမျိုးမင်းနွယ် အစဉ်အဆက်များမှအစ ဘယ်မင်းလက်ထက် ဘယ်ကိုသွားတော့ ဘယ်သီချင်းကို သီကုံးဖွဲ့နွဲ့ဖြစ်တာ၊ သည်သို့သော အကြောင်းအရာကြောင့် သည်နေရာမှာ သည်အသုံးအနှုန်း၊ သည်ထုံးဓလေ့ကို ထည့်သွင်းတာစသည်ဖြင့် စိတ်ဝင်စားအောင် စီကာပတ်ကုံးသင်ပြသည်။

            မြန်မာမှုပြာသာဒ်ဘုံ ၅ ဆင့်နှင့် နေရှင်နယ်လေးထပ် ကျောင်းဆောင်ကြီးပေါ်မှာ ပထမဦးဆုံးနေ့ စာသင်ကြားရသော မေမေဦး၏ ရင်တွင်း၌ ထူးထူးခြားခြား အနွေးဓာတ်တွေ ရနေသည်။ ပီတိဟု ခေါ်ရလေမည်လား မသိ။ ဟော... ကြည့်...။

            ဆရာရွှေပြည်၏ စာသင်ချိန်တစ်ချိန်တွင် မြန်မာမင်းလက်ထက် ရေခင်းတော်ကျင်းပပုံကို သင်ကြားရင်း 'ဘုံဆောင်မြင့်' အစချီဖောင်လားကြိုးကို သင်ကြားသည်။ ထိုသို့ သင်ကြားသောအခါ 'ယဉ်ဧရာ၊ ကြယ်ရံကာ၊ သော်တာ တွေးသို့လေ၊ ကြာခြေမှောင်၊ ခွာသွေရှောင်၊ ရွှေဖောင်လား ကွန့်လေး'ဟူသော အပိုဒ်မှ 'ယဉ်ဧရာ'ဟူသော အဓိပ္ပာယ်ကို သိကြပါသလားဟု ဆရာရွှေပြည်က မေးသည်။ ထိုစဉ် စာသင် အတန်း၏ နောက်ဘက်အစွန်က ကျောင်းသားတစ်ဦး၏ အသံ ရုတ်ချည်ထွက်လာသည်။

            'အင်မတန်ကြီးမားတဲ့ ရေယာဉ်ပါဆရာ...'တဲ့။

            အတန်းတစ်တန်းလုံး ငြိမ်သက်နေကြ၏။ ဆရာ ရွှေပြည်က မျက်လုံးကို မှေးကာ ပြုံးပြုံး ပြုံးပြုံးနှင့် တစ်တန်းလုံးကို ဝေ့ကြည့်သည်။ မထင်မှတ်ဘဲ မော့ကြည့်မိသော မေမေဦးအကြည့်နှင့် ဆရာ့အကြည့်ဆုံမိသည်။ ဆရာက ခေါင်းညိတ်ပြလိုက်လေသလားမသိ။ မေမေဦးက လက်က လေးပိုက်ရင်း ထရပ်ကာ 'ရေယာဉ်အသွင်သွင်စီးဆင်းတဲ့ ဧရာဝတီမြစ်ကို ပြောတာပါဆရာ' ဟု ဖြေလိုက်သည်။ ဆရာ ရွှေပြည်က ခေါင်းတဆတ်ဆတ်ညိတ်ရင်း 'ထိုင်ပါကွဲ့၊ ထိုင်ပါ။ ဟုတ်တယ်ကွယ့်... ဒီနေရာမှာတော့ ဧရာဝတီမြစ်ကို ယူရမှာပဲ။ ဘာလို့လဲဆိုတော့ ဒီသီချင်းက သက္ကရာဇ် ၁၁၈၁ ခုနှစ် နယုန်လပြည့်နေ့မှာ စစ်ကိုင်းမင်းက ဘိုးတော်ဘုရားရဲ့ အရိုက်အရာ ရွှေထီးရွှေနန်းကို သိမ်းပိုက်ပြီး အဲဒီနှစ် တော်သလင်းလရောက်တော့ ဧရာဝတီမြစ်ရေပြင်မှာ လှေပွဲ သဘင် ကျင်းပပုံကို မြဝတီမင်းကြီးဦးစက ရေးစပ်ခဲ့တာကွဲ့' ဟု ရှင်းပြသည်။ ကျောင်းရောက်ကတည်းက ခပ်ကုပ်ကုပ် နေလေ့ရှိသော မေမေဦးကို ထိုစဉ်မှစ၍ တစ်တန်းလုံးက သတိထားမိသွားသည်။ ထို့ကြောင့်လည်း အတန်းအပြီး ကျောင်းဆင်းချိန်ရောက်တော့ စောစောက ဆရာရွှေပြည်မေးခွန်းကို ကနဦးဖြေကြားခဲ့သော ကျောင်းသားက မေမေဦးအနားရောက်လာပြီး 'ဒီက နှမကို ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော်က ခက်ဆစ်အနက်ကိုပဲ အသေမှတ်ယူထားပြီး ဧရာဆိုတာ ကြီးမားခြင်း၊ ဧရာအောက်ခံမ,တည်ခြင်း၊ ဧရာပထနဂါးလို့ မှတ်ထားတော့ ယဉ်ဧရာကို ကြီးမားတဲ့ရေယာဉ်လို့ ဖြေမိတာ ပါ့။ ဒီက နှမက မြန်မာစာပေဗဟုသုတကို အတော်လိုက်စားတယ် ထင်ပါရဲ့' ဟု ဆို၏။ မေမေဦးက ရွယ်တူယောကျ်ားသညာနှင့် အခုလို နီးကပ်စွာ စကားမပြောဖူးသော်လည်း စာပေဂီတနှင့်ပတ်သက်၍ ပြောဆိုရသောစကားမို့ သိပ်တော့ ကြောက်လန့်ရှက်ရွံ့ခြင်းမရှိလှ။ ယခင်နေခဲ့ရသော ကွန်ဗင့်က မိန်းကလေးကျောင်းဆိုသော်ငြား ရဲတင်းပွင့်လင်းစွာ ဆက်ဆံပြောဆိုစေခြင်း အလေ့အကျင့်ကိုလည်း ရခဲ့ပြီမို့ ဖြစ်မည်။

            'ကျွန်မကလည်း သိလို့ တတ်လို့ရယ် မဟုတ်ပါဘူး၊ ဘုံဆောင်မြင့်ကို ကြိမ်ဖန်များစွာ ဆိုတီးခဲ့ဖူးတော့ စာသားတွေကို အလွတ်ရနေပြီး အလွယ်တကူ ရှေ့နောက်ချိတ်ဆက် အဓိပ္ပာယ်ပေါက်နေပြီးသားမို့ပါ'

            အလိုလေး...၊ အမှတ်မထင်ပြောကြားလိုက်မိသော စကားက ကိုယ့်အထုပ်ကိုယ်ဖြေပြသလို ဖြစ်နေမိပါကလား။ ရိုးရိုးကုပ်ကုပ် သေးသေးညှပ်ညှပ် သာမန်နေရှင်နယ် ကျောင်းသူလေးက 'ဘုံဆောင်မြင့်ကို ကြိမ်ဖန်များစွာ သီဆိုခဲ့ဖူးတော့' ဟု ဆိုလေသောအခါ ကျောင်းသားမှာ နားမလည် သော အကြည့်ဖြင့် အံ့အားသင့်လျက်ရှိသည်။

            မေမေဦးအဖို့ မထူးတော့၊ ရင်ထဲမှာရှိသော စကားလုံးတွေကလည်း အစီအရီထွက်လာ၏။

            'ယဉ်ဧရာဆိုတဲ့အပိုဒ်မှာ နောက်ဆုံးဝါးကို 'ယဉ်'လို့ နင်းပြီးစရတယ်လေ။ ဒီအပိုဒ်ရဲ့ ပထမဆုံးစည်းက 'ဧ'နဲ့အတူကျတယ်။ ၉ တုံးကိုက်ပဲ။ အဆိုနဲ့အတီးသံကျက ၅ ပေါက်သံ၊ ဒီလိုဆိုကြည့်လိုက်တာနဲ့ 'ယဉ်ဧရာ'ဆိုတာ တငြိမ့်ငြိမ့်စီးနေတဲ့ ဧရာဝတီမြစ်ပြင်ကို ရင်ထဲက အလိုလို မြင်လာတာ'

            အမောင်ကျောင်းသား ပို၍ အံ့သြရပြန်၏။ ကျောင်းသားက မေမေဦးနံဘေး ခြေတစ်လှမ်း သွက်သွက်တိုးကာယှဉ်၍ ရပ်လိုက်သည်။ အံ့အားသင့်သော အမူအရာက မဖုံးနိုင် မဖိနိုင်၊ သူ့နှုတ်မှလည်း စကားလုံးတွေ အထစ်ထစ်အငေါ့ငေါ့နှင့် အစီအစဉ်မကျ ထွက်လာတော့၏။

            'ဒါ...ဒါ...ဖြင့် ဒီကနှမက မီးရထားကုန်အင်စပက်တော် ဦးဘသန်းရဲ့သမီး မလှရွှေဆိုတာများလားဗျာ' တဲ့။

            မေမေဦးက ဣန္ဒြေမပျက် မောင်ကျောင်းသားကို စေ့စေ့ကြည့်လိုက်၏။ ပြီးမှ စကားကို တစ်လုံးချင်း ခပ်မှန်မှန်ပြော လိုက်သည်။

            'မဟုတ်ပါဘူးရှင့်၊ မမမေသန်း...အဲ... ရှင်ပြောတဲ့ မလှရွှေပေါ့။ မမက နေရှင်နယ်မှာ ၁ နှစ်ပဲနေပြီး အခုမေမြို့ (ပြင်ဦးလွင်)စိန်ဂျိုးဇက်ရောက်သွားပါပြီ။ မမမေသန်းက တကယ့်ပါရမီရှင်ပါရှင်၊ ကျွန်မက...'မေမေဦးက စကားကိုအဖြတ် အိမ်က လာကြိုသောကားက ကျောင်းပေါက်ထိုး ဆိုက်လာသဖြင့် ခပ်သွက်သွက် အပြေးကလေး ထွက်သွားတော့သည်။

            ကျောင်းသားက မယောင်မလည်ကျန်ရစ်ရင်း လက်တစ်ဖက်မြှောက်ကာ 'ဒါဖြင့်... ဒီက ဘယ်သူ... ဘယ်သူ...' ဟု ပလုံးပထွေးပြောရင်း ကျန်ရစ်ခဲ့တော့သည်။

□

အခန်း(၁၃)

စိမ်းရွက်ညို ကြိုအကြားက

            'မောင်မူတူးတဲ့၊ တာရဲတန်းမှာနေတယ်' ဟု ကိုဘငွေ က မိတ်ဆက်ပေးသည်။

            သည်ကနေ့ အနောက်ပြင် သမီးတော်ဈေးရပ်က ကိုဘရွှန်း၏ ပွဲထိုင်လက်ဖက်ရည်ဆိုင်မှာ လူစုံနေသည်။ ဥယျာဉ်တန်းအနောက်ထိပ် 'ကောနက်ဘရင်'ဆီ လာကြရင်း ပွဲထိုင်မှာ ဆုံမိနေကြခြင်းဖြစ်သည်။ ကောနက်ဘရင်က နန်းတွင်း 'စစ်ကနယ်' တပ် ဘင်ခရာတီးဝိုင်းက ဖြစ်သည်။ ပထမတော့ ဗြူကယ်သမားဖြစ်၏။ နောက် ရွှေတိုက်ဝင်းထဲက မစ္စတာတာရီဂို၊ မစ္စတာဘော်ဘီတို့ထံမှ ဂီတင်္ကေတတွေ သင်ပြီး ကောနက်သမားဖြစ်လာသည်။ ကောနက်ကို ကျွမ်းကျင်စွာ မှုတ်နိုင်သူမို့ ကောနက်ဘရင်အမည်တွင်၏။ လုပုံက ဝဝမည်းမည်း နဖူးပြောင်ပြောင်။ အငြိမ့်တီးဝိုင်းတွေက ကြေးနောင်သမားတိုင်းလိုလိုက ကောနက်ဘရင်နှင့် မကင်းကြ။ အဘယ့်ကြောင့်ဆိုသော် ခေတ်ပေါ်အနောက်တိုင်း တူရိယာပစ္စည်းတွေကို မန္တလေးအငြိမ့်တီးဝိုင်းတွေက စတင် အသုံးပြုဖို့ ကြံစည်ကြသောအခါ မြန်မာသံနှင့်အနီးစပ်ဆုံး ကောနက်က ဆွေးမျိုးရင်းချာဖြစ်သွားသည်။ ကြေးနောင်သမားက အဆိုပိုဒ်မှာ လက်ခတ်လေး ၂ လက်နှင့် ကြေးနောင် တီး၊ အတီးပိုဒ်မှာ ကြေးဝါရောင်ဖိတ်ဖိတ်လတ်နေသည့် ကောနက်ကို မော့ပြီး မှုတ်ကြတာ ခေတ်အမီဆုံးဟန်ပန် ဖြစ်သည်။ ထို့ကြောင့် ကြေးနောင်သမားတိုင်းက ဥယျာဉ်တန်းရှိ ကောနက်ဘရင်ထံ ရောက်လာကြသူချည်း ဖြစ်၏။

            ကိုငြိမ်းကတော့ မစ္စစ်ကွစ်တိုက်က ထရန်ပက် ၂ လက် မှာပြီးနောက် သူ့လူနှစ်ယောက်ကို ကောနက်ဘရင်ထံ ပို့ထား ၏။ တစ်ယောက်က မေမြို့(ပြင်ဦးလွင်)က ဆင်းလာသော ကိုဘဦး ဖြစ်သည်။ တစ်ယောက်က သိန်းမောင်လေး ဖြစ်၏။ သည်အစီအစဉ်ကို ဒေါင်းရိုးရပ်၌နေသော ကိုရင်လေးက တာဝန်ယူသည်။ အခုလည်း ကောနက်ဘရင်ဆီက ကိုဘဦးနှင့် သိန်းမောင်လေးတို့ ပြန်အလာ ကိုရင်လေးနှင့် ကိုဘငွေက သမီးတော်ဈေးအနီး ကိုဘရွှန်း၏ ပွဲထိုင်လက်ဖက်ရည်ဆိုင်က ထိုင်စောင့်နေကြခြင်းဖြစ်၏။

            ကိုရင်လေးက ဒေါင်းရိုးကလာ၊ ကိုဘငွေက တာရဲတန်းဘက်မှ တယောထိုးအပြီး ဝင်လာတော့ သူနှင့်အတူပါလာသော  မောင်မူတူးနှင့် မိတ်ဆက်ပေးခြင်း ဖြစ်သည်။

            ကိုဘဦးနှင့် သိန်းမောင်လေးတို့က နှုတ်ခမ်းတွေ စုတ်ပြတ်လုအောင် ကောနက်မှုတ် လေ့ကျင့်လာရလို့ လက်ဖက်ရည်ပန်းကန်ကို အေးအောင်စောင့်နေရ၏။ ကိုရင်လေးက ပန်းကန်ပြားထဲ လက်ဖက်ရည်တစ်ငုံစာ ငှဲ့ထည့်သည်။                                                                                                                           

            'မောင်မူတူးက တာရဲတန်း၊ ဘယ်အပိုင်းမှာနေတာလဲ' ဟု ကိုရင်လေးက လက်ဖက်ရည်ပန်းကန်ပြားကို မ ရင်း မေးသည်။ 'ပန်းထိမ်ဝင်းထဲမှာ နေတာဗျာ' ဟု ပြောရင်း 'နေရှင်နယ်မှာ ၈ တန်းတက်နေပါတယ်' ဟု တစ်ဆက်တည်း ဖြေ၏။ ကိုဘငွေက မောင်မူတူးကို ပခုံးဖက်ရင်း 'ဘုရားကြီးက ကိုသက်တင်နဲ့လည်း ဆွေနီးမျိုးစပ်တော်တယ်ဗျ။ သူက ကိုသက်တင်ဆီ အဆိုသင်နေတာလေ' ဟု ပြောသည်။

            'ကိုသက်တင်က လူတော်ကွယ့်၊ ရွာစားကြီး စိန်ဗေဒါက အမြဲတမ်းလက်ခံထားတဲ့သူ၊ သူ့ဆီက ပညာကုန်ရအောင်ယူ' ဟု ကိုရင်လေးက လက်ဖက်ရည်ထပ်ငှဲ့ရင်း ပြောသည်။

            'ကိုဘဦးနှင့် သိန်းမောင်လေးတို့က မောင်မူတူးကို ပြုံး၍ ကြည့်ကြရင်း 'ကဲ... အသင်းတိုက်လည်း လာခဲ့ပေါ့ဗျာ၊ ကိုကြီးသန့်ဇင်တို့၊ ကိုသိန်းတန်တို့လည်း ရှိတယ်။ ဒါထက် ကိုမူတူးက အခု ဘယ်ဝိုင်းမှာ ဆိုနေသလဲ' ဟု မေးတော့ ရှေ့က လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေရင်း 'ကျောင်းတစ်ဖက်နဲ့ဆိုတော့ ပင်တိုင်မဆိုနိုင်ပါဘူးဗျာ၊ တစ်ခါတလေ မြန်မာညွန့်ရုံမှာ ကိုချစ်မောင်တို့နဲ့ ဆိုဖြစ်ပါတယ်' ဟု ခပ် လေးလေး ဖြေ၏။

            ကိုရင်လေးက မ လက်စ လက်ဖက်ရည်ပန်းကန်ပြားကို ပြန်ချပြီး 'ဟ... မောင်မူတူးက တကယ့်ဆရာကောင်းတွေနဲ့ချည်း တွေ့နေတာကိုးဗျ။ ကိုချစ်မောင်ဆိုတာကလည်း နှယ်နှယ်ရရမဟုတ်ဘဲ၊ အာဂလူ။ ဒီလို ဆရာကောင်း၊ ဝိုင်းကောင်းတွေ ရှိနေပါရက်နဲ့ ကျုပ်တို့က လိုသေးလို့လားကွယ်' ဟု ပြောသည်။

            'ကျွန်တော်က သံဆန်း၊ သံသစ်၊ အဖွဲ့အနွဲ့သစ်လေးတွေ ဆိုချင်လို့ပါဗျာ' ဟူသော ကိုမူတူး၏ အပြော၌ အားလုံးမှာ ဘာမှ အတွန့်မတက်နိုင်တော့။

            သို့သော် လက်ဖက်ရည်သောက်အပြီး နှုတ်ခမ်းသပ်နေသော သိန်းမောင်လေးက 'ဟ... ငါ့လိုလူတစ်ယောက် တိုးပြန်ပပေါ့'ဟု ဆိုသည်။ မောင်မူတူးက နားမလည်သလို ကြည့်နေသောကြောင့် ကိုဘငွေက ချောင်းဟန့်ရင်း ရှင်းသည်။

            'အေး... မောင်မူတူးကို ပြောပြရဦးမယ်၊ သိန်းမောင်လေးက အရင်က ဗန္ဓုလဘသာဆိုင်းက နှဲလက်ထောက်ကွ၊ တစ်နှစ်တင် မစ္စစ်ကွစ်တို့နဲ့ ဓာတ်ပြားတစ်ချပ်စမ်းသွင်းကြတော့ နှဲသွားလေးတစ်ခု လိုချင်တာနဲ့ သိန်းမောင်လေးက ဝင်ကူရင်း သိကျွမ်းခဲ့ကြရတာ။ သူကလည်း မြန်မာနှဲကျွမ်းသူ ဆိုတော့ အင်္ဂလိပ်နှဲကိုလည်း စိတ်ဝင်စားတာတဲ့ကွ'

            'ဗျာ... အင်္ဂလိပ်နှဲ...' ဟု မောင်မူတူးက ဝင်ထောက်သည်။

            'ဟာ... မင်းကလည်း အင်္ဂလိပ်နှဲဆိုတာ ကလယ်ရီနက်ကို ပြောတာ။ ဟေ့ကောင်... သိန်းမောင်လေး၊ မင်အကြောင်း ပြောပြလိုက်စမ်းကွာ' ဟု ကိုဘငွေက တောင်းဆိုလိုက်သည်။

            တကယ်တော့ ဒီအကြောင်းက မကြာခဏကြားဖူး နေကျ။ သို့သော် ပြန်ပြောသူတိုင်း၊ ပြန်ကြားသူတိုင်း ရိုးမသွား။ ဒါကလည်း သိန်းမောင်လေးက အပြောကောင်းလို့ ဖြစ်သည်။ သိန်းမောင်လေးက စကားပြောတိုင်း ပြောရိုးပြောစဉ်မပြော၊ အခင်းအကျင်းနှင့် သိုင်းကာ ဝိုင်းကာ ပြောသည်။ ဒါကို သေဘောကျကြခြင်း ဖြစ်၏။ အခုလည်းကြည့်...ကိုဘငွေ တောင်းဆိုလို့ စကားမှ မဆုံးသေး။ သိန်းမောင်လေးက  ကုလားထိုင်ကို ရှေ့တိုးကာ ခါးကိုမတ်ပြီး ပါးစပ်ပြင်သည်။ အကြောင်းသိ အပေါင်းအသင်း လက်ဖက်ဆိုင်ပိုင်ရှင် ကိုဘရွှန်းသည်ပင်လျှင် ဆေးလိပ်တိုမီးညှိရင်း လက်ဖက်ရည် ဖျော်ခုံမှသည် သိန်းမောင်လေးဆီ နားစွင့်လိုက်၏။

□

            မန္တလေးအရှေ့ပြင် အောင်တော်မူဘုရား အနောက်ဘက် ရေနီမြောင်းကို မျက်နှာမူထားသော ခြံဝင်းကြီးမှာ ကုက္ကိုပင် ကြီးများဖြင့် အုံ့ဆိုင်းနေသည်။ ဟိုတောင်ဘက် ခပ်လှမ်းလှမ်းမှာက မီးသတ်ဗိုလ်၏ ခြံဝင်းတစ်ဝင်းပဲ ရှိ၏။ အခြားခြံများက လူသူမနေ။ သစ်ကြီးဝါးကြီးများ အုံ့ဆိုင်းကာ ငှက်သံများပဲ ကြားနေရသည်။ လေသင့်လာလျှင်တော့ အောင်တော်မူ စေတီမှ ဆည်းလည်းသံလေးတွေ တတင်တင်ကြားရတာပေါ့။ ဤသို့ လွတ်လပ်တိတ်ဆိတ်အုံ့ဆိုင်းနေသော ခြံဝင်းထဲတွင် မနက်လင်းကတည်းက လူတစ်စုမှာ မော်တော်ကားတစ်စီးဖြင့် ဝင်လာလိုက်၊ ထွက်သွားလိုက်၊ လူတွေ တင်လာလိုက်၊ ပစ္စည်းတွေ တင်လာလိုက်နှင့် အလုပ်ရှုပ်နေသည်။ ခဏနေတော့ ဘော်ခနဲ၊ ဘီခဲအသံစမ်းသည့် တူရိယာသံတွေ ထွက်လာ၏။ ခဏနေတော့ ရထားလုံးတစ်စီးဖြင့် သားအမိ နှစ်ယောက် ရောက်လာသည်။ သမီးဖြစ်သူက ပုံတော်ကတ္တီပါ ခုံမြင့်ဖိနပ်ကို စီးထားပြီး ကာရှင်ကာစင်ပတေးကုမ္ပဏီထုတ် ရစ်နှစ်ကောင်ပဒုမ္မာသားအင်္ကျီနှင့် ပိုးတွန့်လုံချည်ကို ဝတ်ထား သည်။ အသွေးက အဝါနုဘက်လုသည့် အသွေး။ ဆံထုံးက လေယာဉ်ပျံဘီးကျော်ပတ်ဆံထုံးနှင့် ဖြစ်၏။ ဆံပင် ဆံသား ကောင်းလှသဖြင့် ဆံထုံးက ကြီးသယောင် ထင်ရသည်။ မျက်ခုံးက ကောင်းကောင်း၊ မျက်လုံးက မှေးစင်း၊ နှာတံက မပေါ်တပေါ်၊ နှုတ်ခမ်းက ပါးပါး။ ကိုယ်လုံး ကိုယ်ထည်ကလည်း ခပ်ပါးပါး။ အသားကတော့ ဝါညက်သည်။ မအေကြီးက ပိတ်အင်္ကျီလည်ကြာဂေါက်စင်း၊ တူတယ်ထဘီပွင့်သေး ရိုက်နှင့် ဖြစ်၏။ အိမ်တော်ရာထီးကို ချိုင်းကြားညှပ်ထားသည်။

            သူတို့သားအမိ ရထားလုံးပေါ်က ဆင်းလာတော့ 'လေဘာတီမမြရင်' ဟူသော အသံထွက်လာသည်။ သြော်...။

            ထိုနေ့က အောင်တော်မူခြံကြီးထဲမှာ မြို့မဝိုင်းတော်သားတွေနှင့် လေဘာတီမမြရင် ဓာတ်ပြားသွင်းကြခြင်း ဖြစ်၏။ ကိုငြိမ်း၏ 'နှစ်ယောက်တည်း' သီချင်းဖြစ်သည်။ ဓာတ်ပြား သွင်းရာတွင် ကူဖူး ကူစရှိသော သိန်းမောင်လေးက သည်တစ်ခါလည်းကူရအောင် ပါလာ၏။ သူက ဗန္ဓုလဘသာ ဆိုင်းက လက်ထောက်နှဲဆရာလေး ဖြစ်သည်။ သည်တစ်ခါ ကူဖို့က တူရိယာပိုင်းဆိုင်ရာမဟုတ်ဘဲ ဓာတ်ပြားသွင်းရာတွင် တူရိယာပစ္စည်းများ နေရာအထားအသိုအတွက် အတွေ့အကြုံ ရှိပြီးသားမို့ ကူရခြင်း ဖြစ်သည်။ မည်သို့ဆိုစေ၊ သိန်းမောင်လေးက သူနှင့်ရင်းနှီးပြီးသား မြို့မဝိုင်းတော်သားများနှင့် နာမည်ကျော်မင်းသမီး လေဘာတီမမြရင်ဆိုတော့ မငြင်းသာတော့။

            မြို့မဝိုင်းမှာ ဝိုင်းအုပ်က အကော်ဒီယံ မောင်သန့်၊ ထရန်ပက် ကိုဘကြင်၊ ဆိုက်ဆို ကိုအေးကျော်၊ ကလယ်ရီနက် တောင်မြို့ကိုလေး၊ တယော ကိုဘငွေ၊ ဘင်ဂျို ကိုငြိမ်းတို့ပါသည်။

            တကယ်တော့ အခုလို သစ်ရိပ်ဝါးရိပ်နှင့် ရေမြောင်းလေးမှာ စမ်းရေသွင်သွင် စီးဆင်းနေသည့်နေရာတွင် နာမည်ကျော် အငြိမ့်မင်းသမီး၏...

            'ချိန်းတဲ့ညကျမှ ငွေလရောင်သူတွင်ကျယ်

            ကမ္ဘာမြေတစ်ခွင်လုံး မြူမဖုံးတိမ်မကွယ်        

ထက်ကောင်းကင်ဝယ် ထိန်ထိန်သာတော့တယ်

            မှောင်မိုက်မိုက် ချောင်ကြိုက်တဲ့အခါဝယ်...

            လောကွတ်ချော်တော်မူအားတယ်...

            ဖိုးလနတ်သား...၊ တိမ်ကြားမြုပ်စေသားလို့

            ဆုတောင်းရမလား သတိထားတော်တော်ကျယ်...'ဟူ သော နှာသံပါပါ ကယုကယင်အသံလေးနှင့် သီဆိုနေတာကို လူပျိုကလေးဖြစ်သော သိန်းမောင်လေးမှာ စိတ်ကူးယဉ် ကြည်နူးနေဖို့ထက် တောင်မြို့ကိုလေးမှုတ်သော ကလယ်ရီနက်ကို သဘောကျနေသည်။ အများနှင့်မတူဘဲ ဆင်ဆွယ်ရောင်မှာ ကြေးဝါအကွပ်တွေနှင့် တောင်မြို့ကိုလေး၏ ကလယ်ရီနက်ကို မျက်တော်မခတ်တမ်း စိုက်ကြည့်ရင်း သဘောကျနေသည်။

            'စိမ်းရွက်ညို... ကြိုအကြားက ပြောက်ပြောက်ကျားကျား ရောင်ခြည်ဝင်တယ်...၊

            မြေပြင်ငွေမင်းလူးသည့်နှယ်၊ လရောင်တွင် မကြောင်ဝံ့လို့၊ သစ်ပင်အောက်မှာ မှောင်ခိုကာရယ်...

            နှစ်ယောက်သားတွေ့ကြရာဝယ်၊ မောင်ရယ်...

            အကျီစားသန်ရန်ဖြစ်ရလိမ့်မယ်...

            ဒါ... နှုတ်ဆက်တာလား မျက်နှာထားမလုံစဖွယ်၊

            အံတကြိတ်ကြိတ်၊ ထိတ်များထိတ်ပါဘိတော့တယ်' ဟု မမြရင်က ရန်တွေ့သံလေးနှင့် သီဆိုတော့လည်း သိန်းမောင်လေးမှာ ရင်မခုန်နိုင်အား၊ အပြေးအဆော့ အလူးအလိမ့်တွေနှင့် သံမျှင်မပြတ်မှုတ်နေသော တောင်မြို့ကိုလေး၏ ကလယ်ရီနက်လက်ကွက်တွေကို အသက်မရှူနိုင်ဘဲ ရင်ဖိုနေသည်။

            ထိုနေ့က သိန်းမောင်လေး လုံးဝဆုံးဖြတ်လိုက်ပါသည်။ 'တူနှစ်ကိုယ် တဲအိုပျက်မှာနေဖို့'မဟုတ်။ မြို့မအသင်းမှာ ကလယ်ရီနက်သင်ပြီး တောင်မြို့ကိုလေးလို ကလယ်ရီနက် အစွမ်းပြဖို့ဖြစ်သည်။

□

            'ဒီကောင် အသင်းကို ရောက်လာတော့ မှတ်မိသေးတယ်။ မာစတာက ဂေါ်ချိုတို့ကို Note နဲ့ သီချင်းတက်ပေး နေတာလေ၊ ရှေ့မှာ Note စာရွက်ထောင်ထားပြီး တစ်ခါတလေမှာ ဘော်ခနဲ၊ ဘီခနဲ တစ်ချက်တစ်ချက် ဝင်မှုတ်ရတာလေ။ ဝိုင်းကလည်း မစုံသေးတော့ သီချင်းသွား၊ တေးသွား ဘယ်ပီဦးမလဲ။ ဟိုနားက ဘီခနဲ၊ ဒီနားက ဘော်ခနဲ ကြိုးကြား ကြိုးကြားမဟုတ်လား။ ဒီတော့ ဒီကောင်က မာစတာ့ကို မေးတာလေ။ ဒီလို စာရွက်မကြည့်ဘဲ သီချင်းသွားကို နှဲမှုတ်သလို တောက်လျှောက် မမှုတ်ရဘူးလားတဲ့။ မာစတာက ဘာမှမပြောဘူး၊ ပြုံးကြည့်နေတာ'

            ကိုဘငွေက ရေနွေးကြမ်း တဖူးဖူးမှုတ်သောက်ရင်း ပြောသည်။

            'ဟာ... ဘာပြောကောင်းမလဲဗျာ၊ ကျွန်တော်က တောင်မြို့ကိုလေးကို ကလယ်ရီနက် လက်စွမ်းပြရမယ်မှတ်နေတာ၊ မာစတာက ကလယ်ရီနက်က ကိုလေးရော၊ မောင်ကြည်ရော ရှိနေတာ လူမလိုဘူး။ မင်းက ဘယ်ရီတုန်းမှုတ်ဆိုတော့ သီးချင်းတစ်ပုဒ်လုံးမှ သုံးခါလောက် မှုတ်လိုက်ရတာ၊ ဟား...ဟား...ဟား...' ဟု သိန်းမောင်လေးက ပြောရင် ရယ်သည်။ ထို့နောက် 'ဒါပေမယ့်ဗျို့... ဝိုင်းစုံ၊ ပစ္စည်းစုံနဲ့ မာစတာခွဲပေးတဲ့ Note တွေအတိုင်း မှုတ်လိုက်ရလို့ ကိုယ့်ဝိုင်းအသံ ကိုယ်ပြန်ကြားရတော့ တစ်ကိုယ်တော် အစွမ်းပြချင်တဲ့စိတ်တွေကို ပျောက်သွားရော၊ ကြက်သီးမွေးညင်းထအောင် ကျေနပ်သွားတဲ့ပီတိက ဘာမှမကျန်အောင် ဖုံးသွားတာဗျ' ဟု ဆက်သည်။

            ကိုရင်လေးက ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိကာ တစ်ဖွာ နှစ်ဖွာ ဖွာရင်း သိန်းမောင်လေးဘက်လှည့်ကာ...

            'မင်းက ဝိုင်းမှာ ကလယ်ရီနက်မမှုတ်ရပေမယ့် ပွဲတီးသွားရင် ရထားလုံးခေါင်မိုးပေါ် ဗေ့(စ်)ဂီတာကြီးကိုင်ပြီး ကောင်းဘွိုင်ဦးထုပ်ကြီးဆောင်း၊ ဆေးပြင်းလိပ်ခဲပြီး လိုက်ရရင် ကျေနပ်နေတာမဟုတ်လား' ဟု လှမ်းစသည်။

            'ဟုတ်တယ်ဗျို့၊ အဲလို လိုက်ပြီး အရိပ်ထဲက ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး မက္ကစီကိုများ ရောက်နေသလားဆိုတဲ့ စိတ်ကူးအရသာကလည်း ဘာနဲ့မှ မလဲနိုင်ဘူးဗျာ။ ရထားလုံး၊ ဗေ့စ်ဂီတာ၊ ကောင်းဘွိုင်ဦးထုပ်နဲ့ ဆေးပြင်းလိပ်နဲ့ ကိုယ့်အရိပ်ကလည်း စိတ်ကူးယဉ်လို့ တယ်ကောင်း' ဟု သိန်းမောင်လေးက တဟားဟား ရယ်ရင်း ပြောသည်။

            ကိုရင်လေးက ပိုက်ဆံရှင်းရန် မတ်တတ်ရပ်ရင်း...

            'ကိုင်း... မောင်မူတူးလည်း ကျုပ်တို့အသင်းမှာ သီချင်း ဆိုချင်လို့ ရောက်လာပြီးမှ သီချင်းမဆိုရဘဲ နောက်က စကင်းသံ ဟာမိုနီလိုက်ရရင်လည်း စိတ်မပျက်နဲ့ဗျ' ဟု သောလိုက်သည်။

            အားလုံးလက်ဖက်ရည်စားပွဲဝိုင်းက ထပြီး အပြင်ထွက်ရန် ဟန်ပြင်နေကြစဉ်၊ ကိုရင်လေးက လက်ဖက်ရည်ဖျော်ခုံဆီ လှမ်း၍...

            'ဘယ်လိုလဲ ကိုဘရွှန်း၊ ခင်ဗျားလည်း အိမ်တော်ရာမှာ ဈေးမထွက်ဘူးလား၊ ဈေးချိုတစ်ခုလုံးတော့ အိမ်တော်ရာ ရွှေ့သွားပြီဗျ။ နက်ဖြန် ဈေးဖွင့်ပွဲလုပ်မယ်ဗျာ' ဟု ပြောသည်။

            လက်ဖက်ရည်ဖျော်ခုံမှ ကိုဘရွှန်းက မန္တလေးသူရိယ သတင်းစာကို ဖတ်နေရာမှ 'ဖွင့်သင့်လည်း ဖွင့်ရမှာပေါ့ ကိုရင်လေးရာ၊ ကျုပ်က ဆိုင်မဖွင့်နိုင်လည်း ကိတ်မုန့်တွေ သွားလှူရဦးမှာပါ။ နက်ဖြန် ခင်ဗျားတို့ ဝိုင်းလည်းပါတယ် မဟုတ်လား' ဟု မေးသည်။

            'ပါတယ်လေဗျာ၊ လေဘာတီမမြရင်အငြိမ့်နဲ့' ဟူသော အသံက မောင်မူတူးမှလွဲ၍ အားလုံးနှုတ်မှ ပြိုင်တူထွက်သွား လေတော့သည်။

▀

ဆက်လက်ဖော်ပြပါမည်

ဆူးငှက်

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၈)
ဝင်းငြိမ်း

ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)
ဆူးငှက်

'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၇)
ဝင်းငြိမ်း

သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...