နွယ်လင်းဖြူ
အခန်း ၁။
လျှော်လက်စ
အဝတ်တွေကို လက်စသတ်ပြီး သူမ ထတော့ ခုနစ်နာရီ ထိုးနေပေပြီ။
အင်း... မောင့်ကို
နှိုးဦးမှပဲ။ ကလေးတွေကိုတော့ မနှိုးသေးဘူး။ သူတို့ခမျာ နွေကျောင်းပိတ်ရက်ကလေးသာ
အိပ်ရေးဝဝ အိပ်ရရှာတာ မဟုတ်လား။ ကျောင်းဖွင့်ချိန်ဆို မနက်အစောကြီးထပြီး
ကျူရှင်သွား၊ ကျောင်းသွား၊ ညနေကျောင်းပြန်လာရင် အိမ်စာလုပ်ကြရနှင့် တစ်ခါမှ
နားရသည်မရှိ။ ဒါတောင် သူမတို့က နယ်မြို့လေးမှာ နေသူမို့သာ။ ရန်ကုန်လိုနေရာမျိုးမှာ
ဆိုရင်တော့ နွေကျောင်းပိတ်ရက်တောင် သင်တန်းမျိုးစုံ တက်နေရတာနှင့် ကလေးတွေမှာ
နားရသည် မဟုတ်။ သူမတို့ ငယ်ငယ်ကတော့ ဒီအရွယ်သည် ကစားကောင်းတုန်းလေ။
မောင့်ကို
နှိုးပြီး မနက်စာအတွက် ထမင်းဟင်းချက်၊ ထမင်းကြော်ကြော်၊ မောင့်အတွက်
ထမင်းချိုင့်နှင့် သူမအတွက် ထမင်းချိုင့်ထည့်ပြီးချိန်မှာတော့ ရှစ်နာရီကျော်ပြီ။
ခါတိုင်းက အလုပ်ကို ကိုးနာရီအမီ သွားရပေမယ့် ဒီနေ့တော့ ဝန်ထမ်းတွေ စုံညီအစည်းအဝေး
ရှိသည်ဆိုသောကြောင့် ရှစ်နာရီခွဲအရောက် သွားရမည်လေ။ နယ်မြို့လေးဆိုတော့
ဘတ်စ်ကားစီးရသည့် ဒုက္ခမှ ကင်းလွတ်ခွင့်ရသည်။ အချိန်နီးမှ စက်ဘီးလေးစီး၍
သွားရုံပင်။
'မောင်ရေ... ညို သွားပြီနော်။
ထမင်းချိုင့်ထည့်ပြီးသား သိလား။ မောင်ရုံးသွားခါနီးရင် သားတို့ကို
နှိုးလိုက်ဦးနော်။ ထမင်းကြော်ထားတာ ပြောလိုက်ဦး။ ဘဲဥဟင်းလည်း ကြောင်အိမ်ထဲမှာ
ရှိတယ်လို့၊ တစ်ယောက် တစ်ခြမ်းစားလို့ ပြောလိုက်နော်။ သြော်... ပြီးတော့ ဘယ်မှ
လျှောက်မဆော့ဖို့လည်း မှာခဲ့ဦး သိလား'
'အေးပါ ညိုရယ်၊ စိတ်ချလက်ချ
သွားပါ။ မောင် သေချာမှာခဲ့ပါ့မယ်'
'အဲဒါဆို ညိုသွားပြီနော်'
'အေးအေး'
မှာတမ်းရှည်ကို
မှာပြီးမှ သူမ ရုံးသို့ ထွက်လာခဲ့သည်။ မှာသာ မှာခဲ့ရပေမယ့် စိတ်ကတော့ ပူနေတတ်မြဲ။
စိတ်မချနိုင်မြဲပါ။ သားကြီးနှင့် သမီးလတ်က အားကိုးနေရတဲ့ အရွယ်မို့သာ တော်သေးသည်။
မောင်က ကလေးတွေကို ညှာတာလွန်းသည်။ တော်ရုံ မဆူရက်၊ မပြောရက်သည့် မောင့်ကြောင့်
သူမကပင် အစစအရာရာ ဆုံးမကြိမ်းမောင်းနေရတာပင်။ ဆိုဆုံးမခက်သည့် သားသမီးများ မပါသည်က
ကံကောင်းသည်ဟု ဆိုရမည်။ သူမ စက်ဘီးကို ခပ်သွက်သွက် စီးလာခဲ့သည်။ အင်း...
ဟိုတုန်းကတော့ ဒီလမ်းအတိုင်းပဲ စက်ဘီးစီးပြီး တပျော်တပါး ကျောင်းတက်ခဲ့ရသည်ပေါ့။
အခန်း ၂။
သူမက စက်ဘီးနင်းလျှင်
ခပ်သွက်သွက် နင်းတတ်လေ့ရှိသည်။ ယောကျ်ားလေးများလို ကွေ့ကာဝိုက်ကာနှင့်
စီးတတ်သည့်အကျင့်ကို အတိုးနှင့် ကျောင်းအတူတူ တက်ကတည်းက အတိုးဆီမှ ရခဲ့တာပင်။
အတိုးသည် သူမ အလယ်တန်းကျောင်းသူဘဝ ကျောင်းပြောင်းတော့မှ ရခဲ့သည့်
သူငယ်ချင်းဖြစ်သည်။ ကျောင်းအသစ်၊ သူငယ်ချင်းအသစ်တွေကြားမှာ ယောင်လည်လည်ဖြစ်နေတဲ့
သူမကို အတိုးက လာမိတ်ဖွဲ့ရင်း ခင်မင်သွားခဲ့ရသည်။ အတိုးနှင့် သူမက
အဲဒီအချိန်ကတည်းက တတွဲတွဲ မခွဲသည့် သူငယ်ချင်းတွေ ဖြစ်သွားခဲ့သည်။ အတိုးတွင်
ယောကျ်ားလေး သူငယ်ချင်းများ အများကြီး ရှိပေမယ့် သူမသည်သာ အခင်ဆုံး ဖြစ်ခဲ့သလို
သူမကလည်း မိန်းကလေး သူငယ်ချင်းတွေ ထက် အတိုးကိုမှ ပို၍ သံယောဇဉ် ကြီးခဲ့သည်။
တစ်ဦးတည်းသော
သမီးဖြစ်တဲ့ သူမဟာ စာတော်ရုံကလွဲလို့ အသင့်အတင့်သာ ရှိသည့် မိသားစုအခြေ
အနေနှင့်မို့ အတိုးက ပိုလို့ သနားခင်တွယ်ခဲ့သည်လားတော့ မသိပါ။ ဆရာဝန်မိဘ
နှစ်ပါးနှင့် ဆရာဝန်၊ အင်ဂျင်နီယာ အစ်ကိုများကြားတွင် အတိုးသည် အလိုလိုက်ခံရသော၊
စာတော်သော၊ လိုတရသောသူတစ်ဦး ဖြစ်နေခဲ့သည်ကမဆန်းပေ။ ကျောင်းသွားတိုင်း အတိုးက
သူမကို လာခေါ်တတ်၍ အတိုးနှင့် ကျောင်းအတူတူ သွားဖြစ်ခဲ့သလို ကျောင်းပိတ်ရက်တိုင်း
သင်္ချာတော်သော အတိုးက သူမအိမ်သို့လာ၍ စာပြပေးတတ်သည်။ မိုးရာသီကို ချစ်တာ၊
မိုးရေထဲ လျှောက်သွားရတာကို နှစ်ခြိုက်တာချင်းတူသည့် သူမတို့နှစ်ယောက်သည်
စာကျက်ရင်း မိုးရွာလာသည့်အခါ မိုးရေထဲ စက်ဘီးလျှောက်စီးဖြစ်တတ်သည်။ သူမကို အတိုးပဲ
စက်ဘီးစီး သင်ပေးခဲ့တာလေ။
အခန်း ၃။
မိုးတဖြောက်ဖြောက် ကျလာတော့ သူမ
စက်ဘီးကို အရှိန်မြှင့်လိုက်ပြီး ခပ်သွက်သွက် နင်းလာခဲ့သည်။
မိုးတောင်ကျတော့မှာပါလား။ သူမ၏ ထီးလေးကလည်း နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး
သုံးခဲ့တာဆိုတော့ ဟို ကိုင်းက ကျိုးချင်၊ ဒီကိုင်းက ကွေးချင်နှင့် အရောင်လည်း
နည်းနည်းလွင့်သွားသည်။ အိမ်မှာက သူမနှင့်မောင်ရော၊ သားသမီး သုံးယောက်လုံးပါ
အပြင်ထွက်ကြရသည့် သူတွေမို့ ထီးက မရှိမဖြစ် လိုသည်သာပင်။ မောင်နှင့်သူမက
တစ်ယောက်တစ်လက်၊ သားကြီးကတစ်လက်၊ သမီးလတ်နှင့် သားငယ်က ကျောင်းချင်းတူတော့
တစ်လက်ပဲ ပေးရ၍ တော်သေးသည်။ သို့သော် မိုးတအားသည်းရင် သူတို့နှစ်ယောက်စလုံး
ရွှဲကုန်တာပဲမို့ ဒီနှစ်တော့ သားငယ်အတွက် မိုးကာလေးတစ်ထည်လောက်တော့ ဝယ်ပေးမှ
ဖြစ်မည်။ မောင့်ထီးကတော့ မိုးတွင်းသာ သုံးသည်မို့ အကောင်းချည်း ရှိသေးသည်။
သားကြီးကလည်း ယောကျ်ား လေးပေမယ့် လိမ္မာသူ၊ ပစ္စည်း ရိုသေသူမို့ ဒီနှစ်တစ်နှစ်တော့
သူ့ထီးက သုံးလို့ ရဦးမှာပါလေ။
သူမ အလုပ်သို့ ရောက်ပြီး မကြာမီ
အစည်းအဝေး စသည်။ သူမက ပုဂ္ဂလိကဘဏ်တစ်ခု၏ နယ်ဘဏ်ခွဲတွင် ငွေသွင်းကောင်တာ ထိုင်ရသည်။
ဝန်ထမ်းတွေ အလုပ်ကြိုးစားကြဖို့နှင့် သီတင်းကျွတ်တဲ့အခါ လစာရဲ့ သုံးဆကို Bonus ပေးမည်ဆို၍ ခါတိုင်းထက် ပိုမိုတက်ကြွစွာ အလုပ်လုပ်နေမိသည် ကတော့ အမှန်ပင်။
နေ့စဉ် ငွေသိန်းပေါင်းများစွာ ကိုင်တွယ် ရေတွက်နေရပေမယ့် သူမဘဝတွင်
ငွေတစ်သိန်းပြည့်အောင်ပင် ယနေ့ထိ ကိုယ်ပိုင်မပိုင်ဖူးခဲ့ပေ။ ဝန်ထမ်း မိဘနှစ်ပါး
လက်အောက်တွင် ကြီးပြင်းလာသူမို့ စည်းစနစ်တကျ ကိုင်တွယ် သုံးစွဲတတ်သည့် အကျင့်ရှိခဲ့ပေလို့
တော်သေးသည်။ ဖေဖေတို့က ဝန်ထမ်းတွေ ဆိုပေမယ့် သူ့ခေတ်သူ့အခါက တစ်ဦးတည်းသော
သမီးဖြစ်တဲ့ သူမဟာ အလျှံပယ် မသုံးစွဲနိုင်တာကလွဲလို့ လူတန်းစေ့တော့
ဝတ်နိုင်သုံးနိုင်သေးသည်။ သူမတို့ကတော့ သားသမီးသုံးယောက်နှင့် မြင့်တက်လာတဲ့
လူနေမှုစရိတ် တွေ၊ ကလေးတွေရဲ့ ပညာရေးစရိတ်တွေနှင့် မွန်းကျပ်စွာ အသက်ရှူနေရတာတော့
အမှန်ပင်။
အခန်း ၄။
သူမ အလုပ်ကပြန်လာတော့ သားကြီးက
အပြေးလေး ဆီးကြိုရှာသည်။ အလုပ်ကအပြန် မနက် အတွက် ဟင်းချက်စရာ တစ်ခါတည်း
ဝင်ဝယ်ခဲ့ပြီး အိမ်ပြန်ရောက်တော့ သူမ အတော်ပင် မောနေပေပြီ။
'သားဖေဖေ ပြန်မရောက်သေးဘူးလား'
'မရောက်သေးဘူး မေမေ။ သြော်...
မေမေ ဒီနေ့ သားအတန်းပိုင်ဆရာမနဲ့တွေ့တယ် သိလား'
'ဟုတ်လား၊ မနှစ်က ဆရာမလား'
'ဟုတ်တယ်မေမေ၊ သားက
ဒီနှစ်ကိုးတန်းဆိုတော့ ကျောင်းပြောင်းရမှာလေ မေမေရဲ့။ အဲဒါ မနက်ဖြန်ကစပြီး
ကျောင်းအပ်လက်ခံပြီတဲ့။ အလှူငွေတော့ နည်းနည်းပါးပါး ထည့်ရမယ်တဲ့'
'သြော်... အေးအေး၊ မေမေ
အပ်ပေးမှာပေါ့ သားရယ်။ ကဲ... ကဲ... သားလည်း သွားဆော့ချေတော့။ မေမေ နားလိုက်ဦးမယ်'
'ဟုတ်'
ဟုတ်ပေသားပဲ။ သား ငါးတန်းကိုရောက်တော့
အထက်တန်းကျောင်းကို တစ်ခါတည်း မပြောင်းဘဲ အိမ်နှင့်နီးနီးနားနား အလယ်တန်းကျောင်းကိုပဲ
တက်စေခဲ့တာလေ။ အလှူငွေ နည်းနည်းပါးပါး ဆိုပေမယ့် အနည်းဆုံး ထောင်ဂဏန်းတော့
ထည့်ရမှာ။ ပြီးတော့ စာအုပ်စာတမ်းဖိုး၊ ဗလာစာ အုပ်ဖိုး၊ ကျောင်းအပ်ခတွေ။ သူမ
တစ်သီတစ်တန်းကြီး တွေးမိပြီး သက်ပြင်းမောကိုသာ ချမိသည်။ လကုန်ရက် လခရပြီးတာနဲ့ (၁)
ရက်နေ့ ဖွင့်မယ့်ကျောင်းအတွက် ကုန်ကျစရာတွေက တန်းစီနေသည်။ သည်လိုနဲ့ပဲ
စုမိဆောင်းမိဖို့ ဝေးလို့ နောက်တစ်လ လကုန်ထိ ငွေအလျင် မပြတ်အောင်
ခြစ်ကုတ်သုံးစွဲရသည်ချည်းသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ ကလေးတွေကိုတော့ မျက်နှာမငယ်
စေချင်ပါ။ ကျောင်းဝတ်စုံ အသစ်တစ်စုံစီတော့ ချုပ်ပေး ချင်သေးသည်။ သားသမီးများ
ပူဆာသမျှ လိုချင်သမျှကို ဖြည့်ဆည်းပေးချင်သော သူကို မိဘဟုခေါ်သည်ဟု ဆိုရမလိုပင်။
သူမ သားသမီးများက လိမ္မာကြလို့ တော်သေးသည်။ မိဘအလိုက်ကို သိပြီး တော်တန်ရုံ
ပူဆာလေ့မရှိ။ သားကြီးကတော့ သူမ ငယ်ငယ်ကလိုပင် စာတော်ပြီး သမီးလတ်နှင့် သားငယ်ကတော့
အတော်အသင့်ထဲက သာ။ ဘာပဲပြောပြော သူတို့ စာကြိုးစားကြတာ မြင်ရင် သူမတို့
မောရကျိုးနပ်ပါတယ်လေ။ သူမတုန်းကတော့ မိဘတွေ မျှော်လင့်ရကျိုး မနပ်ခဲ့သူ ဖြစ်ခဲ့တယ်
မဟုတ်လား။
အခန်း ၅။
အတိုးသည် သူမ အပေါ် အနစ်နာခံတတ်သော
သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်သလို အစ်ကိုများသာရှိသော အတိုးက ညီမလေးတစ်ယောက်လိုလည်း
သူမကို အလိုလိုက်ခဲ့သည်သာ ဖြစ်သည်။ တစ်ဦးတည်းသော သမီးပီပီ သူမက
ဆိုးနွဲ့အနိုင်ယူတိုင်း အပြုံးမပျက်ခဲ့သည့် သူကလည်း အတိုးသာ ဖြစ်ခဲ့သည်။
ကိုးတန်းကျောင်းသားဘဝတွင် သူမတို့နှစ်ယောက်ကို သူငယ်ချင်းများက စလာကြသည်။
သူငယ်ချင်းတွေက 'ဘယ်လိုလဲ'လို့ မေးတိုင်း 'မောင်နှမတွေလေ'
လို့ အမြဲပြန်ဖြေတတ်ခဲ့သည့် သူမဟာ 'ငါ့မှာ
ရည်းစားရှိနေပြီ'လို့ အတိုးပါးစပ်က ဖွင့်ပြောလာသောအခါ
အံ့အားသင့်စွာ လက်သင့်မခံနိုင်အောင် ဖြစ်ခဲ့သည်။ သူမကို
မတိုင်ပင်ရကောင်းလားလို့လည်း စိတ်ဆိုးခဲ့ရသည်။ အတိုးမှာ ရည်းစားရှိသည့် ကိစ္စကို
လက်ခံနိုင်ရန် သူမ အတန်ကြာ အားယူခဲ့ရသည် မှာ သူမအပေါ် အရင်လို အချိန်မပေးမှာ
စိုးသည့်စိတ် တစ်ခုတည်းကြောင့်ဆိုတာ သူမကိုယ်တိုင်ပဲ သိသည်။ ရည်းစားရသွားပေမယ့်
သူမနှင့် စာအတူတူကျက်၊ အတူတူ ကျောင်းတက်မပျက်ခဲ့တဲ့ အတိုးကြောင့် သူမ
စိတ်သက်သာရာရခဲ့သည်။ အတိုးပြောခါစကတော့ အတိုးလို သူငယ်ချင်းကောင်း တစ်ယောက်ကို
ဆုံးရှုံးရမှာ စိုးသည့်စိတ်တွေနှင့် ကိုးတန်းနဲ့ ရည်းစားထားသော အတိုးကို
ပြစ်တင်ဝေဖန်ခဲ့သည်။ အတိုးက 'နင် ကိုယ်ချင်းမစာတတ်သေးလို့ပါ'ဟု ပြောတဲ့အခါ 'အမယ်လေး... ငါကတော့ အခုအရွယ်မှာ
ဘယ်တော့မှ ကိုယ်ချင်းစာတတ်မှာ မဟုတ်ဘူး။ နင်သာ အိုင်ငယ်လေးကို ပင်လယ်ထင်ပြီး
လက်ပစ်ကူးနေ သိလား။ ငါကတော့ ကရဝိက်မှာ မင်္ဂလာ ဆောင်ပေးနိုင်တဲ့သူ တွေ့မှ
အဲဒီကိစ္စစဉ်းစားမယ်'လို့ အနိုင်မခံ ပြန်ပြောခဲ့တဲ့ သူမဟာ
အတိုးထက်အရင်စောစီးစွာ အိမ်ထောင်ပြုဖြစ်ခဲ့သည်။ သူမထက် နှစ်နှစ်ကြီးသော မောင်နှင့်
တက္ကသိုလ်မှာ တွေ့ရင်း ကျောင်းပြီးတော့ လက်ထပ်ဖြစ်ခဲ့သည်။ မောင်နှမများသော မောင်က
သူမနောက်ကို ဆံထုံးနောက် ရောင်ပါခဲ့သည်။
အတိုးကတော့ သူမနှင့် သဝန်တိုတတ်သော
သူ့ရည်းစားနှင့် အဆင်မပြေဖြစ်ကာ ဆယ်တန်းနှစ်မှာပင် လမ်းခွဲခဲ့သည်။
ဆယ်တန်းအောင်တော့ သူမက ရုက္ခဗေဒ အဓိကနှင့် တက္ကသိုလ်ကို ရောက်သွားပြီး အတိုးကတော့
ဗိုလ်သင်တန်း တက်သွားခဲ့သည်။ သူမ မင်္ဂလာ ဆောင်ခါနီးသည်အထိ မြို့ကလေးမှာ
အတိုးရှိမနေခဲ့ပါ။ သူမ မင်္ဂလာရက်ရောက်တော့ တိုက်ဆိုင်စွာပင် အတိုးက
ဗိုလ်ညီညီတိုးအဖြစ် ခွင့်နှင့် ပြန်ရောက်လာခဲ့သည်။ အတိုးရှိသော သူမ
မင်္ဂလာဆောင်လေးက ပိုပြည့်စုံသွား သလိုပင်။ အဲဒီတုန်းက မြို့ကို ရောက်ရောက်ချင်း
သာမန် ဝန်ထမ်းတစ်ယောက်ကို လက်ထပ်ခဲ့တဲ့ သူမဆီကို အံ့သြတကြီး မျက်နှာထားနှင့်
အတိုးရောက်လာတော့ သူမ အလွန်ပျော်ရွှင်သွားခဲ့ရသည်။ အတိုးကိုတော့ သာမန်
လူလတ်တန်းစား မိန်းမတစ်ယောက်ဟာ ကရဝိက်မှာ မင်္ဂလာဆောင်ပေးနိုင်မယ့် သတို့သားကို
ရှာတွေ့နိုင်ဖို့ ခဲယဉ်းပါတယ်ဆိုတဲ့ အကြောင်း မပြောဖြစ်ခဲ့ပါ။ အဲဒီကတည်းက
အတိုးနှင့် သူမ နောက်ထပ်မတွေ့ဖြစ်တော့။ သူမကတော့ မြို့ကလေးမှာပဲ
အခြေချဖြစ်ခဲ့ပေမယ့် အတိုးကတော့ တာဝန်ကျရာ ဒေသတွေမှာ တာဝန် ထမ်းဆောင်ရင်း
မြို့ကလေးကို ပြန်မရောက်ဖြစ်တော့ပေ။ သူ့မိသားစုကလည်း ရန်ကုန်ကို ပြောင်းရွှေ့သွားခဲ့သည်။
အတိုးအပေါ်မှာ ကလေးလို ဆိုးတတ်၊ စိတ်ကောက်တတ်တဲ့ ကလေးဆန်ဆန် ကောင်မလေးဟာ
မိဘတွေနှင့် အတိုးက ကလေးလို ထင်မှတ်ဆဲမှာ အိမ်ထောင်ပြုသွားခဲ့သည်။ သူမကို 'ညီမလေး..
လိမ်လိမ်မာမာနေနော်။ အရင်လို ကလေးမဆန်နဲ့တော့ သိလား'လို့
ဆုံးမခဲ့တဲ့ အတိုးကို မိဘတွေနဲ့အတူ သူမ ထိုင်ကန်တော့ရင်း ငိုခဲ့ရသည်။
အတန်းတူပေမယ့် အတိုးက သူမထက် တစ်နှစ်ကြီးပြီး အစ်ကိုတစ်ယောက်လို
ချစ်ခင်တွယ်တာခဲ့ရသူ မဟုတ်လား။ အတိုးရေ... နင် ဘယ်များ ရောက်နေလဲ။ နင်နဲ့
တွေ့ချင်လိုက်တာဟာ။
အခန်း ၆။
'ဟော... မောင်တောင်
ပြန်ရောက်လာပြီ။ ညို့ကို အိတ်ပေး၊ ခဏနားပြီး ရေချိုးလိုက်တော့ သိလား'
'အင်း... ချိုးပါ့မယ် ညိုရာ။
ဒီမှာရော့... ရုံးမှာ စုမဲစုကြတာလေ။ တစ်နေ့ တစ်ရာဆိုတော့ အပန်းမကြီးတာနဲ့
မောင်လည်း ထည့်ဖြစ်တာ။ ဒီနေ့ မောင့်အလှည့်ရောက်လို့'
'ဟင်... တစ်သောင်းတောင်လား'
'ဟုတ်တယ် ညိုရဲ့၊
တစ်နေ့တစ်ရာနဲ့ ဆယ်ယောက်စုတာလေ။ ဆယ်ရက်တစ်ခါ အလှည့်ကျ ယူရတော့ တစ်ယောက်ကို
တစ်သောင်းရတာ'
'အတော်ပဲ မောင်ရေ၊
မေမေတို့ဆီက ဆွဲထားတဲ့ ပိုက်ဆံငါးထောင် ပြန်ပေးချင်နေတာနဲ့ ညနေ မေမေတို့ကို အကြေးဆပ်ရင်းနဲ့
သွားကန်တော့ရအောင်နော်။ မောင် ရေချိုးလိုက်တော့။ ပြီးရင် ထမင်းစားမယ်။ သြော်... သားတို့၊
သမီးတို့ကို လှမ်းခေါ်လိုက်ဦး သိလား။ ဟိုဘက်မှာ သွားကစားနေတယ်'
'အေးအေး'
အိမ်ထောင်ကျကတည်းက
မေမေတို့နဲ့ပဲအတူနေခဲ့တဲ့ သူမဟာ သားသမီး သုံးယောက်ရလာချိန်မှာတော့
မေမေ့နှလုံးရောဂါကြောင့် မေမေ ဆိတ်ငြိမ်စွာ အနားယူနိုင်ရန် အိမ်ခွဲနေဖြစ်ခဲ့သည်။
မေမေတို့နှင့်အတူ နေစဉ်တုန်းကတော့ သီးသန့်မထောက်ပံ့ နိုင်ပေမယ့် ကိုယ့်ဝင်ငွေနှင့်
ချက်ကျွေးနိုင်၊ ဆေးဖိုးမပြတ်အောင် ပေးနိုင်သေးသည်။ အိမ်ခွဲနေဖြစ်ကတည်းက
ကလေးသုံးယောက် တာဝန်၊ အိမ်လခ၊ လူမှုရေးတွေနှင့် လုံးချာလည်ကာ မေမေတို့ကို
နှစ်ထောင်မျိုး၊ သုံးထောင်မျိုး ပေးနိုင်ဖို့ဝေးလို့ မေမေတို့ဆီကပင် တစ်ခါတစ်ရံ
ယူသုံးရသေးသည်။ ဖေဖေနှင့် မေမေက ဘဏ်တိုးငွေလေးနှင့် လုံလောက်ပိုလျှံနေလို့သာ
တော်သေးသည်။ တစ်နှစ်တစ်ခါ သီတင်းကျွတ်မှ ကန်တော့ဖြစ်တာလေးကိုပင်
ကျေနပ်ပီတိဝေနေတတ်တဲ့ မိဘနှစ်ပါးကြောင့် စိတ်မကောင်းဖြစ်ရသည်မှာ မကြာခဏပင်။ 'ကြွေးဟောင်းဆပ်ပြီး
ကြွေးသစ်ချရသည်' ဆိုပေမယ့် သူမကတော့ ကြွေးသစ်ကိုသာ
ချပေးနိုင်ခဲ့ပြီး ကြွေးဟောင်းကိုတော့ ဒီအရွယ်ထိ ဖြစ်ဖြစ် မြောက်မြောက်
မဆပ်နိုင်ခဲ့ သေးဘူးလေ။
'အညိုရေ... ဟေး... အညိုရှိလား'
အိမ်ရှေ့က ခေါ်သံကြောင့် သူမ
ထွက်ကြည့်လိုက်တော့...
'ဟယ်... အေးပါလား၊ လာလာ နင်
ဘယ်တုန်းက ရောက်တာလဲ'
ဘဝအမောတွေနှင့် ရုန်းကန်နေရချိန်မှာ
ငယ်သူငယ်ချင်းကို ပြန်တွေ့လိုက်ရတော့ လက်ရှိဘဝကို ခဏမေ့ပြီး
ပြုံးပျော်ကြည်နူးသွားမိရတာတော့ အမှန်ပင်။
'အမယ်လေး... ဝလာ လိုက်တာ
ညိုရယ်။ ကြည့်ပါဦး၊ ဆံပင်တွေလည်း တိုသွားလိုက်တာ။ ငါ မနေ့ကမှ ဒီကို ရောက်တာဟ။
ငါ့အမျိုးသား အလုပ်အားတုန်း ဖေဖေတို့ကို လာကန်တော့တာလေ'
'ဟုတ်လား၊ နင်လည်း
ရန်ကုန်ပြောင်းသွားပြီးကတည်းက အခုမှ ပေါ်လာတော့တယ် အေးရယ်'
'ဟုတ်တယ် အညိုရဲ့၊
ခါတိုင်းဆို မေမေတို့ပဲ ရန်ကုန်လာလာနေတာလေ။ ဆေး ခန်းပြရင်းနဲ့ပေါ့။ အခုတော့ ငါလည်း
မရောက်တာ ကြာတာနဲ့ သူအားတုန်းထလာတာ။ ဒါနဲ့ ကိုမင်းလွင်ကြီးရော'
'ရှိတယ်၊ ရေချိုးနေတယ်။
နင့်အမျိုးသားရော ခေါ်လာခဲ့ရောပေါ့။ နင်တို့ မင်္ဂလာဆောင်တုန်းက ငါလည်း
ကလေးမွေးနေတာနဲ့ မလာနိုင်ဘူး အေးရဲ့'
'ငါကြားပါတယ်။ အခု
ဘယ်နှယောက်လဲ။ ငါက သားလေးတစ်ယောက်တည်း'
'သုံးယောက်လေ။ ယောကျ်ားလေး
နှစ်ယောက်၊ မိန်းကလေးတစ်ယောက်'
'ဟဲ့... ဒါနဲ့ ညီတိုး
အကြောင်း ပြောရဦးမယ်'
'ဟယ်... အတိုးနဲ့
နင်တွေ့ခဲ့တယ် ဟုတ်လား'
'အေး... ငါတို့နဲ့
တစ်လမ်းတည်းလေ။ ဒါပေမယ့် ညီတိုးက ဒီနှစ်မှ ငါနဲ့တွေ့တာဟ။ သူမှာလိုက်တာ
ပြောချင်လို့ ချက်ချင်းထွက်လာတာ'
'အတိုးက ဘာမှာလိုက်လို့လဲ'
'သူ ဒီလာမယ့် အကြောင်းပေါ့။
ဒါနဲ့ သူက လူပျိုကြီးပဲ သိလား။ ညီတိုးတော့ သနားပါတယ်ဟာ။ နင်က ယောက်ျားယူသွားတော့
ကျန်ရစ်ကြီး ဖြစ်သွားတာပေါ့။ ငါတို့က နင်နဲ့ညီတိုးကို တစ်နေ့ယူဖြစ်မှာပဲလို့
ထင်ထားကြတာ'
'တော်ပါ အေးရယ်၊ ငါတို့က
မောင်နှမတွေလိုချစ်တာပါဟာ။ အတိုးနဲ့ မတွေ့တာ ကြာပြီဟ။ တွေ့ချင်တယ်'
'အမယ်လေး... တွေ့ရမှာ မပူနဲ့။
ညီတိုးက သူခွင့်ရတုန်း မြို့လေးကို မရောက်တာ ကြာပြီ၊ ပြန်ဦးမယ်တဲ့။ ပြီးတော့
အညိုနဲ့လည်း မတွေ့တာကြာပြီတဲ့။ နင်သွားမယ်ဆိုရင် အညို့ကို ငါ လာမယ့်အကြောင်း
ပြောထားလိုက်ဆိုလို့ အရင်ဆုံး လာပြောပေးတာ သိလား။ ငါသွားတော့မယ်။ မိုးချုပ်ခါ
နီးနေပြီ'
'ဟယ်... ပြန်တော့ မလို့လား။
ထမင်းစားသွားပါဦး အေးရဲ့'
'မစားတော့ပါဘူးဟာ။ ငါ ဒီမှာ
တစ်ပတ်လောက် ကြာဦးမှာ။ နောက်နေ့မှ လာခဲ့မယ်။ ကိုမင်းလွင်ကြီးကို
နှုတ်ဆက်သွားတယ်လို့ သိလား'
'အေးအေး'
အေးပြန်သွားတော့ သူမ ပျော်ရွှင်စွာ
ကျန်ခဲ့သည်။ နင့်ကို ငါ အရမ်းတွေ့ချင်နေတာ အတိုးရဲ့။
အခန်း ၇။
အတိုးနှင့် သူမကြားက သံယောဇဉ်သည်
ဖြူစင်ခိုင်မာသည်ဟု သူမ အမြဲ ယုံကြည်ထားခဲ့သည်။ သူငယ်ချင်းတွေက ဘယ်လိုပဲစစ
အတွဲမပျက်ခဲ့သည့် သူမတို့ ခင်မင်မှုသည် အလွန်ပဲ သန့်ရှင်းခဲ့သည်။ အတိုးကို
အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို တွယ်တာမိသည်မှအပ ထူးဆန်းထွေပြားဖို့
စိတ်ပင်မကူးခဲ့မိပါ။ အတိုးဘက်ကလည်း သည်လိုပဲ ရှိမည်ဟု သူမ ထင်ပါသည်။
ဆယ့်ငါးနှစ်လုံးလုံး မတွေ့ခဲ့ရသည့် အတိုးကို သူမပြန်တွေ့ရတော့မည်ဆိုတော့
ဝမ်းသာပျော်ရွှင် နေမိသည်။ အခုထိ လူပျိုကြီးဘဝပဲ ရှိနေသေးသည့် အတိုးဟာ
မိအေးပြောသလို သူမကြောင့် ကျန်ရစ်ဖြစ်ခဲ့တာတော့ မဖြစ်နိုင်ပါ။ ငယ်ငယ်ကတည်းက
ကလေးဆန်ပြီး အတိုးအပေါ် ဗိုလ်ကျဆိုးနွဲ့ တတ်သည့်သူမဟာ ကလေးသုံးယောက်ကို
ရင့်ကျက်စွာ အုပ်ထိန်းနေရသည့် မိခင်ဘဝ ရောက်နေတာ အတိုးမြင်လျှင်
အံ့သြကျေနပ်နေမည်လား မပြောတတ်ပေ။ ဖြူဖြူသွယ်သွယ်နဲ့ ဆံပင်ရှည်ကြီးများကို တယုတယ
ထိန်းသိမ်းခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ညိုတဲ့ဘက် ရောက်နေတဲ့အသားအရေနဲ့
ဝဖြိုးနေတဲ့ ခန္ဓာကိုယ်၊ ကလေးတွေထိန်းရင်း ညှပ်ပစ်ခဲ့ရတဲ့ ဆံပင်တိုတွေကို မြင်ရင်
အတိုးတစ်ယောက် တရားများ ကျနေမလား။ 'ငါက တစ်ဦးတည်းသော
သမီးဆိုတော့ မေမေတို့ကို တစ်သက်လုံး ငါပဲ လုပ်ကျွေးမှာဟ'လို့
ဝင့်ဝင့်ကြွားကြွား ပြောခဲ့ဖူးတဲ့ သူမဟာ အခုထိ မေမေတို့ဆီက လက်ဖြန့်နေရတုန်းဆိုတာ
အတိုးသိရင် လှောင်ပြောင် ရယ်မောနေမလား မသိပါ။ ဟင့်အင်း ရယ်မှာတော့ မဟုတ်ပါဘူးလေ။
အတိုးဟာ သူမအပေါ် အမြဲကြင်နာ သနားတတ်ခဲ့တာ မဟုတ်လား။ သေချာတာကတော့ အပြောင်းလဲကြီး
ပြောင်းလဲသွားတဲ့ သူမကို တွေ့ပြီးရင် အတိုးတစ်ယောက် သံဝေဂ ရပြီး လူပျိုကြီးဘဝနဲ့ပဲ
ဆက်ပြီး အရိုးထုတ်ဖြစ်တော့မှာ အမှန်ပင်။ သူမကတော့ အတိုးနှင့်တွေ့လျှင် 'ဘဝဆိုတာ တိုက်ရင်းတိုက်ရင်း ခြေကုန်လက်ပမ်းကျလာတတ်တဲ့ တိုက်ပွဲတစ်ခုပါလား
အတိုးရယ်'လို့ ဟိုအရင်တုန်းက လေသံနှင့် ခြားနားစွာ
နွမ်းနွမ်းလျလျ ပြောဖြစ်မည် ထင်ပါသည်။
နွယ်လင်းဖြူ
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော