ပုဂ္ဂိုလ်ကြီး
ကားသမားလောကတွင်
မဟေ့ဆိုလျှင် မြှောက်ပြီးသား၊ တွန်းဟေ့ဆိုလျှင် ရွေ့ပြီးသား၊ ချဟေ့ဆိုလျှင်
ရွယ်တာမမြင်လိုက်ခင် ကွဲပြီးသား၊ ပြောဟေ့ဆိုလျှင် အင်ဂျင်သံကို လွှမ်း၍ အဆဲလေး
တစ်ဝက်ပါတတ်ပြီး စိတ်မြန်လက်မြန် လူတွေချည်းသာ မောင်ထွေး ကြုံခဲ့ဆုံခဲ့ရဖူးသည်။
ကားသမားမှန်လျှင်
ဒရိုင်ဘာရော စပယ်ယာပါ အသောက်အစား သို့မဟုတ် အပျော်အပါးတစ်ခုခုက တွဲလုံးလေးနှင့်
ကပ်ပါတတ်သည်။ ဘူတာရုံနည်းတူ ကားဂိတ်လိုနေရာမျိုးတွေက လူစုံလာ၍ စရိုက်စုံပါသည်။ ဂိတ်နှင့်
ကင်းကွာမရသော ကားသမားသည် ဂိတ်အတွေ့အကြုံ အကောင်းအဆိုးစုံကို နောကျေပြီးဖြစ်၍ ဘယ်သူ
ဘာ၊ ဘယ်နေရာဘာဆိုတာ တပ်အပ်သိပြီး ဖြစ်သည်။ ကိုယ်တိုင်လည်း ပုထုဇဉ် လောကီသားပီပီ
ကြသပတေးနာမ် အက္ခရာနှင့် မကင်းရာ မကင်းကြောင်း ပတ်သက်မိသည်လည်း ရှိတတ်ကြသည်
မဟုတ်လား။
ဂိတ်က ကားထွက်လာပြီဆိုကတည်းက
လမ်းတစ်လျှောက် ခရီးသည်လု၊ ကုန်လု၊ လမ်းလု၊ အချိန်လုပြီး အပြိုင်မောင်းကြရင်းက
အခန့်မသင့်မှု ကိစ္စတွေလည်း မကြာမကြာ ကြုံရသည်။ ခံရသူက ဆေးရုံရောက်ပြီး
တာဝန်ရှိသူက ရုံးပြင်ကနား သွားရ၍ စုမိဆောင်းမိသမျှ ပေးရလျော်ရနှင့် ဒုက္ခကို
ရင်စည်းခံသွားရသူတွေလည်း ဒုနှင့်ဒေး။
နဂိုကမှ လိုင်းကားသမားဘဝကို
စိတ်ကုန်ခန်းချင်နေသော မောင်ထွေးသည် အိမ်ထောင်ကျသွားသောအခါ အပိုပါးစပ်ပေါက်အတွက်
ဝင်ငွေက မလောက်ငချင်တော့။ စာရိတ္တသည် ရာထူး၊ ဂုဏ်၊ အတန်းပညာ၊ အလုပ်အကိုင်နှင့်
မသက်ဆိုင်ဟု ဆိုပါလျှင် မိဘမဲ့၊ ဘုန်းကြီး ကျောင်းထွက်၊ သူများကား အငှားမောင်းသော
လိုင်းကား ဒရိုင်ဘာမောင်ထွေးသည် ကားကို မှီပြီး စီးပွားရှာသော်လည်း အုံနာအပေါ်
သစ္စာမဲ့ကာ စာရိတ္တနွမ်းအချောင်ငွေဖြင့် အိမ်ထောင်ဖက်အပေါ် ရှာဖွေကျွေးမည့်
စိတ်ကူးမျိုး မမွေးဖူးခဲ့ပါ။ ဒီထက်ဝင်ငွေကောင်းပြီး တည်ငြိမ်သောလိုင်းကို
ပြောင်းရန် အမြဲရှာကြံ စုံစမ်းခဲ့သည်။
မကြာမီ အတောတွင်းမှာ
အဝေးပြေးကုန်တင်ကား စပယ်ယာ၊ လက်ထောက် အကူဒရိုင်ဘာအဖြစ် အလုပ်ရခဲ့သည်။ ခုဆိုလျှင်
မောင်ထွေးသည် အဲဒီကားနှင့် ဖင်မြဲခဲ့တာ ၇ နှစ်ပင် ကျော်လာပါပြီ။
မောင်ထွေးနှင့်အတူ လက်တွဲလာခဲ့သော
ဒရိုင်ဘာသည် မောင်ထွေး၏ ကားအုံနာဖြစ်သည်။ မောင်ထွေး၏ အာစရိယဂိုဏ်းဝင် ဖြစ်သည်။
ရိုသေလေးစား အားထားရာ ထမင်းရှင်လည်း ဖြစ်သည်။
မောင်ထွေးအပေါ်တွင် ဆရာဂုဏ်မောက်မာစွာ
'ငါ ပြောသလိုလုပ်'ဟူ၍ လေသံ ပြင်းပြင်းနှင့်
လက်ညှိုးထိုး မခိုင်းဖူးပါ။ ရင့်သီးကြမ်းတမ်းသော စကားလုံးဆရာ့ နှုတ်ဖျားက
မကြားခဲ့ဖူးပါ။ ကွမ်းသွေးတစိုစိုနှင့် နှုတ်ရဲလျှာရဲ လေသရမ်းသည့်
ကားသမားပါးစပ်ထဲမှာ မောင်ထွေးဆရာ မပါပါ။
မောင်ထွေးဆရာသည် ကွမ်း၊ ဆေးလိပ်၊ ဖဲ၊
မိန်းမ လုံးဝကင်းသည်။ အရင့် အရင် မောင်ထွေး မတွေ့ဖူးခင်ကလည်း မလုပ်ခဲ့ဟု
မောင်ထွေးသိရသည်။ အချို့လူများလို ခလုတ်ထိခဲ့ဖူးမှ နာကြည်းကြောက်ရွံ့ကာ အလန့်တကြား
ထပြတ်ခဲ့သူ မဟုတ်ခဲ့ပါတဲ့။
မောင်ထွေးဆရာသည်
မောင်ထွေးကားမောင်းစဉ် ဘေးတွင် ပုတီးလေး တဂျောက်ဂျောက် စိပ်ရင်း ပါလာတတ်သည်။
သူကိုယ်တိုင်မောင်းလျှင် မောင်ထွေး အိပ်ငိုက်ရင်း ပါလာမြဲဖြစ်သော်လည်း သူ့ပါးစပ်က
တစ်ခုခုရွတ်ရင်း အမြဲလှုပ်ရွနေမည်ကို မောင်ထွေး အတတ်သိသည်။
အချို့ ကားသမားဆိုလျှင် လမ်းပေါ်တွင်
ပျက်နေသော ကားက လက်တားတာကို မျက်နှာသိကားသမားချင်း မဟုတ်က အကူအညီပေးရမှာစိုး၍
ရပ်မပေးဘဲ မောင်းပြေးတတ်ကြသည်။ မောင်ထွေးဆရာကတော့ တားတား မတားတား
ကားရပ်ပေးလိုက်ရမှ ဘဝင်ကျပုံရသည်။ တစ်ခါတစ်ရံ ကားစက်သံတိတ်လို့ လန့်နိုးလာသော
မောင်ထွေးပါ ဇိမ်ပျက်ရသေးသည်။
အနှစ် ၃ဝ ကျော် ကားမောင်းသက်ရှိသော
မောင်ထွေး၏ ဆရာသည် မကောင်းမှုဘက်၌ ကားသမားတို့ တတ်အပ်သော ကားသမားကျင့် ကားသမားကြံ၊
ကားသမားဉာဉ် ကားသမားဉာဏ် လုံးဝကင်းစင်သည်ဟု မောင်ထွေး ယုံသည်။ လက်တွေ့လည်း
ကြုံခဲ့ရသည် မဟုတ်လား။
အောက်ပြည်ဘက်
ကားလမ်းရေကျော်တုန်းကဆိုလျှင် မောင်ထွေးတို့ ကားသမားတွေ ကားတစ်သီတတန်းကြီးရပ်၍
ရေအကျကို သုံးလေးရက် စောင့်လိုက်ရသည်။ အချို့ကားသမားတွေ မူးကြ ပျော်ကြသည်။ အချို့က
ဖဲထုပ်ချ ဝိုင်းထောင်ရင်း အချိန်ဖြုန်းကြသည်။ မောင်ထွေးဆရာကတော့ လက်နောက်ပစ်
ပုတီးတွဲလောင်းဆွဲကာ သူ့ကားသူ ဝိုင်းကြီးပတ်နေသည်မှာ မောင်ထွေးပင် မူးချင် လာသည်။
မောင်ထွေးလည်း လူငယ်ပီပီ
အသောက်အစားကင်းသူတော့ မဟုတ်ပါ။ အလုပ်ခွင်မှာမို့လည်း ဖြစ်ပြန်၊ သူ့ဆရာအနီးမှာ
ရှိနေသည်လည်း ဖြစ်ပြန်ကြောင့် သောက်ချင်စိတ်ကို မျိုသိပ်ကာ
လောင်းကစားဝိုင်းဘက်တွင် သွားမော့တော့ မော့တော့ လုပ်နေလိုက်သည်။ သူ့ဆရာ သိသောအခါ
မောင်ထွေးကို ဆွဲခေါ်လာပြီး ကားကိုစောင့်ခိုင်းကာ တစ်နေရာကို ထွက်သွားပါသည်။
မောင်ထွေး မကျေမနပ်နဲ့ ကားစောင့်နေလိုက်ရသည်။
မောင်ထွေးဆရာ ပြန်လာသောအခါ
မောင်ထွေးအတွက် ကွမ်းထုပ်နှင့်အချိုရည်ဘူးများ၊ စားစရာ သရေစာမျိုးစုံ ပါလာသည်။
မောင်ထွေးမှာ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ကွမ်းကို စားချိန်၊ အိပ်ချိန်မှလွဲ၍
မပြတ်တမ်း ဝါးနေတတ်သော မောင်ထွေးအဖို့ ရှားရှားပါးပါး ရှာကြံလာသော
ကွမ်းတစ်ခုတည်းနှင့် သူ့ ဆရာအပေါ် မကျေနပ်စိတ်များ လွင့်ပါးသွားရတော့သည်။
မကြာမီ မောင်ထွေး သွားမော့ခဲ့သော လောင်းကစားဝိုင်းမှ
ဓားထိုးမှုဖြစ်ကာ ရပ်ကြည့်နေသူများပါ ရဲက သက်သေအဖြစ် ဆွဲခေါ်သွားသည်။ သီသီလေး
လွတ်ခဲ့သော မောင်ထွေးမှာ သူ့ဆရာကို အထပ်ထပ် ကျေးဇူးတင်ကာ စိတ်ထဲက ပြစ်မှားမိသမျှ
ယူကျုံးမရ ဖြစ်ရသည်။ နောက် အရက်မူးနေသော ကားသမားတစ်ယောက် ရေစီးနောက်
ပါသွားပြန်သည်။
ထိုနေ့က သူ့ဆရာ၏ သြဝါဒများတွင် 'ပျော်ချင်ရင်
ပါးတတ်ရမယ်။ အပျော်အပါး နားမလည်ရင် အပျော်အပျက် တွေ့တတ်တယ်' ဆိုသောစကား
မောင်ထွေးနားထဲ စွဲသွားသည်။
ကုန်ဆက်တိုက်ရသဖြင့် မောင်ထွေးတို့
ဆရာတပည့်နှစ်ယောက် ကားကောလူပါ မနားရဘဲ အိမ်က ဇနီးမယားနှင့် ရက်ရှည်ခွဲခွာ
နေရသောအခါက တောင်ပေါ် ခရီးအတွေ့အကြုံသည် သည်းထိတ်ရင်ဖိုဆန်လှသည်။
ညဥ့်နက်အချိန် မောင်ထွေး
မောင်းလာသောကားကို မိန်းမပျိုရွယ်နှစ်ဦးက တားသည်။ မောင်ထွေးက သူ့အကြံအစည်နှင့်သူ
ကားရပ်တင်ခေါ်လာသည်။ ဘေးက ပုတီးတဂျောက်ဂျောက် စိပ်လိုက်လာသော သူ့ဆရာက ဘာမှမပြော။
မောင်ထွေးဘက်တိုးကာ မိန်းကလေးနှစ်ဦးကို တံခါးဘက် နေရာပေးသည်။ မောင်းထွေးစိတ်ထဲ
နည်းနည်းတော့ ကသိကအောက် ဖြစ်သွားသည်။
သုံးလေးမိုင်ခန့် မောင်းမိသောအခါ
တံခါးနားက မိန်းကလေးက ထိတ်လန့်တကြား ကားရပ်ခိုင်းသည်။ ကားလမ်းဘေး ပတ်ဝန်းကျင်ကလည်း
လူသူရွာခြေမနီးသည့် သစ်ပင်တောအုပ်နေရာ ဖြစ်သည်။ ကားရပ်မည် ပြင်ပြီးမှ 'ဆက်မောင်းစမ်း၊
မရပ်နဲ့'ဟု သူ့ဆရာ၏ အမိန့်သံကြောင့် နားမလည်နိုင်စွာဖြင့်
မောင်ထွေးခြေထောက်က လီဗာကို ကြွထားရာမှ ပြန်ဖိ လိုက်ရသည်။
ရွာတစ်ရွာထိပ် ရောက်လေသည်တွင်
မောင်ထွေးကို ကားရပ်ခိုင်းပြီး သူ့ဆရာလုပ်ပုံက မိန်းကလေးနှစ်ယောက်အား
လမ်းစရိတ်ဟုဆိုကာ တစ်ယောက်ငါးရာစီပေးပြီး ကားပေါ်က ချထားခဲ့သည်။
ရှေ့ကားရပ်နားနေကျနေရာ ရောက်လျှင် သူ့ဆရာ ပါချင်ပါ၊ မပါချင်နေ ရက်ရှည်ခွဲ နေရသော
ဇနီးမယားနေရာ သည်မဒီမလေးနှစ်ယောက်ထားကာ အပြတ်နွှဲလိုက်မည်ဟု အားခဲထားသော
မောင်ထွေးခမျာ မျက်နှာသုန်သုန်မှုန်မှုန် ဖြစ်သွားသည်။ လီဗာကို ဆောင့်ဆောင့်ပုတ် ၍
သူ့ဆရာအပေါ် မကျေနပ်ကြောင်း ပြသည်။
'ကောင်မလေး ကားပေါ်က
ပစ်ချလိုက်တာ လက်ကိုင်ပဝါကွ၊ ပိုက်ဆံအိတ်ကျလို့လို့ ပြောတာ အလကား။
ကားရပ်ပေးလိုက်ရင် ဒုက္ခများသွားမယ် ဘာမှတ်လဲ။ မောင်ထွေးရေ ... စိတ်လျှော့ကွ၊
မမွှန်နဲ့။ အိမ်က ဇနီးမယားလည်း ကိုယ်နဲ့ခွဲပြီး တစ်ယောက်တည်း ကျန်ခဲ့တာနော်'
မောင်ထွေးဆရာက ဒါပဲပြောသည်။ မောင်ထွေး
စိတ်ထဲကတော့ မ,စိတ်ကြောင့် 'အလကားဆရာ၊ ကားသမားစစ်စစ် လုပ်နေပြီး
ကားသမား မပီသဘူး'ဆိုပြီး သူ့ဆရာကို အပြစ်တင်နေ မလားမသိ။
'အဲဒီရွာနားကပဲ ခင်ဗျားတို့
ဆရာတပည့် နှစ်ယောက်ကြုံသလို (ကားနံပါတ်တစ်ခုကို ရွတ်ပြပြီး) ခံခဲ့ရတာ။ ကောင်မလေး
နှစ်ယောက်က ငယ်ငယ် ချောချောလေးတွေတဲ့။ ကားရပ်ပေးလိုက်တော့ ကောင်မလေးတစ်ယောက်က
ဆင်းကောက်တယ်။ ကားနား ပြန်ရောက်လာတော့ သူ့ နောက်က ယောကျ်ားတွေရော
မိန်းမကြီးတစ်ယောက်ပါ ပါလာပြီး သူတို့သမီးနဲ့ တူမတွေပါ ဘယ်ခေါ်သွားမှာလဲ ဘာညာဆိုပြီး
ပြဿနာရှာ ငွေညှစ်လို့ အဲဒီကားသမား ပါသမျှအကုန် ပေးခဲ့ရပါရောလား'
အတူ နားထောင်နေရင်းမှ မောင်ထွေးက
သူ့ဆရာကို တောင်းပန်မျက်ဝန်းဖြင့် ကြည့်သည်။ သူ့ဆရာ ပြန်ပြုံးပြသည့် အပြုံးထဲတွင် 'မပါးတတ်ဘဲနဲ့
မပျော်ချင်ပါနဲ့ မောင်ထွေးရာ'ဟု သတိ ပေးနေသယောင်ယောင်။
ကားသမား လောကတွင် တကယ့်ရှားမှရှား
သူတော်ကောင်း ကားသမားမရှိဘူးဟု ဆိုလာသူရှိပါလျှင် ထိုသူ့ထံ မောင်ထွေးက သူ့ဆရာ
ဦးဘိုသစ်အား လက်ဆွဲခေါ်သွားပါလိမ့်မည်။
□
မောင်ထွေးနေသော ရွာသည် သူ့ဆရာ
ဦးဘိုသစ်တို့ မြို့အပြင်ဘက် နှစ်မိုင်ခန့် အကွာတွင် ရှိသည်။ ဦးဘိုသစ်က
မြို့ပြောင်းနေလျှင် စီစဉ်ပေးမည်ဟု ဆိုသော်လည်း ရွာသံယောဇဉ်ကြီးလှသော
မောင်ထွေးဇနီးကြောင့် လက်မခံဖြစ်ခဲ့။ မြို့နှင့်ရွာ သွားလာရေး လွယ်ကူစေရန်
ဦးဘိုသစ် ဝယ်ပေးသော စက်ဘီးကိုတော့ မောင်ထွေး လက်ခံဖြစ်ခဲ့ပါသည်။
မောင်ထွေးတို့ကား ၁ဝ ရက်လောက် နားမည်။
ဦးဘိုသစ်ဇနီးနှင့် သားသမီးများက နွေရာသီ ဘုရားဖူးထွက်ချင်သည် ပူဆာသဖြင့်
ကားနားပေးလိုက်ပြီး ဦးဘိုသစ်က အိမ်စောင့်ကျန်ခဲ့သည်။ မောင်ထွေးက ကားပြင်စရာ
ရှိတာပြင်ရင်း ဦးဘိုသစ် အဖော်ရအောင် နေပေးမည်ဟု ပြောကြည့်သော်လည်း
အလိုက်သိတတ်လွန်းသော ဆရာက သူ့ကို ငွေအပြည့် အစုံပေး၍ ဇနီးသည်ရှိရာ ရွာကို အတင်းပြန်လွှတ်ခဲ့သည်။
ဆရာ့စကား နားထောင်သည့်အနေဖြင့်
မောင်ထွေး အရက်မသောက်ဖြစ်ပါ။ ဇနီးသည်အနားက မခွာဘဲ ဇနီးကျွေးသမျှ အခန့်သားစားရင်း
ဇိမ်ကျနေလိုက်တာ လေးငါးရက်ပင် ရှိပါပြီ။
'ဈေးထဲမှာ ပြောနေကြတယ်။ မနေ့က
.... ရပ်ကွက် မီးလောင်လို့တဲ့'
မြို့ပေါ်တက် ဈေးဝယ်ပြန်လာသော
ရွာသားတစ်ဦး၏ သတင်းစကားက မောင်ထွေး စည်းစိမ်ကိုပါ မီးပွားအဖြစ် လွင့်စဉ်ကျလာသည်။
မောင်ထွေးက ကမူးရှူးထိုးထကာ စက်ဘီးကို
ဆွဲ၍ ရွာမှ ရေးကြီးသုတ်ပျာထွက်လာခဲ့သည်။ တစ်ယောက်တည်း အိမ်စောင့်ကျန်ခဲ့သော
သူ့ဆရာ၏ ရပ်ကွက်မှ မီးကရွေးလောင်ရသတဲ့လား။
□
တစ်လမ်းလုံး ဒူးအောက်က ခြေထောက်
အရိပ်လောက် မြင်ရသည်အထိ စက်ဘီးကို အားကုန် နင်းရင်းအမောတကော ရွတ်လာခဲ့သမျှ
မောင်ထွေး၏ တောင်းဆုပြည့်ပါသည်။
သူ့ကိုယ်ပိုင် သုံးတန်ကားကြီး၏
နေရိပ်အောက် ကုလားထိုင်ပေါ် ကျောမှီငြိမ့်ကာ ပြုံးပြုံးကြီးကြိုနေသော ဦးဘိုသစ်ကို
တွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။
'မနေ့က လောင်တဲ့မီးသတင်း
ခုမှလာမေးရသလားလို့ အပြစ်တင်ရင်လည်း ခံရမှာပဲ အာစရိရယ်။ ကျွန်တော်လည်း အာစရိစကား
နားထောင်ပြီး သတင်းစုံတဲ့ ရွာထိပ်ဘုံဆိုင်ကို မသွားဘဲ မိန်းမနားက တစ်ဖဝါးမခွာ
နေနေလို့ ခုမှ ကြားကြားချင်း နင်းပြေးလာတာ'
မောင်ထွေးစကားကို သဘောကျကာ ဦးဘိုသစ်
တဟားဟားရယ်သည်။ မောင်ထွေးက စက်ဘီး ဒေါက်ထောက်ပြီးနောက် ကုလားထိုင်တစ်လုံး ဆွဲမ,ယူလာပြီး
ဦးဘိုသစ်နားထိုင်သည်။
'မင်းက ရပ်ကွက်
အနောက်ဘက်ကလာတာဆိုရင် မီးလောင်မြေကို တွေ့ခဲ့မှာ မဟုတ်ဘူး။ အရှေ့ဘက် အမှိုက်ပုံက
စတဲ့မီး အကြော်တဲကူးပြီး အိမ်ခြေ ၃ဝ လောက် ဆက်သွားတာ ကံကောင်းလို့ တို့ဘက် မကူးတာ
မောင်ထွေးရေ'
'အာစရိတော့ အိမ်မှာ
တစ်ယောက်တည်း တော်တော် ပျာသွားမှာပဲနော်'
မောင်ထွေးစကားကြောင့် ဦးဘိုသစ် အပြုံး
တစ်ချက်ပွင့်သည်။
'ပြောမယ့်သာ ပြောရတာ။ အာစရိက ရပ်ကွက်ထဲမှာ သာရေးနာရေးကိစ္စ
လူမှုရေးမှန်သမျှ ရှေ့တန်းကနေ ကားအားရင်ကား၊ မအားရင် ငွေအားနဲ့ အမြဲ ရက်ရက်ရောရော
ကူညီလှူဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ ဒီလို ဒုက္ခအရေး အကြောင်းဖြစ်တော့ ရပ်ကွက်က
အာစရိကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါ ဘူး။ ဟုတ်တယ် မဟုတ်လား အာစရိ'
သည်တစ်ခါ ထပ်ပြုံးသော ဦးဘိုသစ်အပြုံးက
ဘာအပြုံးလို့ နာမည်တပ်ရမည် မသိ။ နည်းနည်းထူးဆန်းနေသည်ဟု မောင်ထွေး ထင်သည်။
'မထင်နဲ့ မောင်ထွေးရေ။
လူ့အကြောင်းဘာသာရပ်ကို ငါကိုယ်တိုင် သင်ယူလို့ မကုန်သေးဘူးကွ။ ရပ်ကွက်လုံးအထိ
မပြောနဲ့ မောင်ထွေးရ။ ဟောဒီ ငါ့လမ်းထဲက လူတွေအကြောင်းတောင် ငါ မနေ့ကမှ
သင်ယူဖြစ်တာ။ ကားတစ်ခေါက် အိမ်ပြန်နားတိုင်း ငါ့အိမ်နီးချင်းလမ်းထဲက လူတွေအတွက်
ဒီမှာရှားပါးတဲ့ စားစရာလက်ဆောင်လေးတွေ စားပါစေတော့ဆိုပြီး အမြဲဝေခဲ့တာ။ ဒီလိုအကျပ်
အတည်းမှာ ငါ့ကို ကူညီဖို့၊ ပြန်ကြည့်ဖို့ မျှော်လင့်ချက်တော့ မပါခဲ့ဘူးပေါ့ကွာ။
မနေ့က ဇာတ်လမ်းလေး မင်းကို ပြောပြရဦးမယ်။
□
မနက်ပိုင်း
'ကားရပ်ထားတာ ဘာလိုလိုနဲ့
သုံးရက်တောင် ရှိသွားပြီ၊ စက်စမ်းဦးမှ'
ဦးဘိုသစ်သည် ကားသော့ကို ဆွဲ၍
အိမ်ရှေ့ရပ်ထားသော ကားဆီသို့ ထွက်လာခဲ့သည်။ ကားပေါ်ရောက်တော့ စက်နှိုးကြည့်၏။
စက်ကမနိုး။ အချိန်အတော်ကြာ ကြိုးစားကြည့်သော်လည်း အင်းအင်းအဲအဲသံပင် ထွက်မလာ။
'ငါ့ကား ဒါ့ထက် အကြာကြီး
ရပ်ထားတာတောင် ဒီလိုတစ်ခါမှ မဖြစ်ဖူးပါဘူး။ ဘတ္ထရီအသစ်လဲ ထားတာ မကြာသေးပါဘူး။
ဘာလို့ပါလိမ့်။ အင်ဂျင်တစ်ခုလုံးတော့ ဒီနေ့ စစ်ကြည့်ရမှာပဲ'
နောက်ဆုံး ကားကို
တွန်းနှိုးနှိုးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
'တွန်းနှိုးတာကတော့
ဟုတ်ပါပြီ။ နီးနီးနားနား ငါ့အိမ်နားက လူတွေကို တွန်းပေးဖို့ မတောင်းစဖူး
အကူအညီတောင်းရမှာလည်း အားနာစရာ။ ငါကလည်း ကိုယ်ကသာ ပေးလိုက်ချင်တာ။ သူများဆီက အလကား
အကူအညီ တောင်းရမှာလောက် ဝန်လေးတာ မရှိဘူး'
ဦးဘိုသစ် ကားပေါ်မှာထိုင်ရင်း
အကြာကြီး ချီတုံချတုံ စဉ်းစားနေပြီးမှ စိတ်ကို တုန်းတုန်းချကာ ကားပေါ်မှ
ခုန်ဆင်းလိုက်သည်။
ဒီတစ်ခါ တောင်းဖူးတာပဲ။ ငါ့ကိုတော့
ငြင်းလွှတ်မှာ မဟုတ်ပါဘူးလေ။ တကယ်လည်း ဦးဘိုသစ် အကူအညီတောင်းသော အခါ ဘယ်သူမှ
မငြင်းကြပါ။
'သားနှစ်ကောင်ကို
အိပ်ရာနှိုးပြီးလာခဲ့မယ်ဗျို့'
လမ်းဟိုဘက် မျက်နှာချင်းဆိုင်အိမ်မှ
ဦးဖိုးမြက ပြောပြီး သူ့သားတွေ အခန်းထဲဝင်သွားသည်။ ဦးဖိုးမြ ဘေးအိမ်က
ညတိုင်းအရက်မူးပြန်လာသော လင်ကို အမြဲတွဲသတ်နေကျ ဒေါ်အိသိန်းကလည်း 'လာရမှာပေါ့
ဦးဘိုသစ်ရယ်။ ကိုလူမော် ဘုရားရှိခိုးနေတာ အမျှဝေခန်း ရောက်နေပြီ။ ကျွန်မ သူ့ကို
ခေါ်လာခဲ့မယ်'ဟု ဘုရားခန်းတွင် အသံအကျယ်ကြီး အော်နေရာဆီ
လက်ညှိုးထိုးရင်း ပြောသည်။
နောက်အိမ်က ကိုခါလစ်ကလည်း ဦးဘိုသစ်
အပြောကို နားထောင်ပြီးမှ 'စိတ်ချ စိတ်ချ၊ ခဏလေးနော်'ဟုဆိုကာ ဗိုက်နှိပ်၍
အိမ်သာဘက်ပြေးသွားသည်။
နောက်ဆုံး ဦးတေဇာလင်းအိမ်နှင့်
ကိုထွန်းထွန်းအိမ်သို့ ရောက်ခဲ့ပြီးနောက် ဦးဘိုသစ်တစ်ယောက် ကားနားမှ
ရပ်စောင့်နေလိုက်သည်။
မပေါ်လာကြပါ။ နာရီဝက်ကျော် ၄၅
မိနစ်ကြာ စောင့်နေသည်ထိ တစ်ယောက်မှ ဦးဘိုသစ်ကားနား ရောက်မလာကြပါ။ လမ်းထဲရှိ
အိမ်နီးပတ်ဝန်းကျင်သည် ခါတိုင်းနေ့ထက် ပိုတိတ် ဆိတ်နေသည်ဟု ထင်ရသည်။
ဆက်စောင့်နေ၍ အကျိုးမထူးမှန်း
ရိပ်စားမိသော ဦးဘိုသစ်မှာ လမ်းထိပ်သို့ ခြေကျင်လျှောက်လာခဲ့သည်။ လမ်းမကြီးပေါ်တွင်
အကြမ်းထည်ဝတ်စုံနှင့် ထမင်းချိုင့် ကိုယ်စီ လူတစ်စုကို
လက်ဖက်ရည်ဖိုးပေးမယ်ပြောပြီး ကားဆီခေါ်လာခဲ့သည်။ သူတို့အကူအညီဖြင့်
ကားစက်နိုးသွားပြီးနောက် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကားအင်ဂျင်သံညံသွားသည်။
'ခဏလောက် အိမ်ရှေ့က
စောင့်ပေးကြပါဦး'
ဦးဘိုသစ်က ကားတွန်းသူများကို
မှာထားခဲ့ပြီး ကားကို ရှေ့ဆက်မောင်းသွားသည်။ မကြာမီ လမ်းထဲကားပြန်ကွေ့ဝင်လာပြီး
အိမ်ဝိုင်းထဲ ခေါင်းထိုးကာ စက်သတ်လိုက်သည်။
ခဏအကြာ ဦးဘိုသစ် အိမ်ဝိုင်းထဲမှ
ထမင်းချိုင့် ကိုယ်စီ လူတစ်စု ပျော်မြူးစွာ ထွက်လာကြသည်။
□
မွန်းလွဲပိုင်း
ဦးဘိုသစ်သည် မောမောနှင့်
အိပ်ပျော်သွားရာမှ 'မီးမီး'ဟူသောအသံကြောင့် လန့်နိုးသွားပြီး
ကုလားထိုင်ပေါ်မှ ငေါက်ခနဲ ထရပ်လိုက်လေ၏။
'ရပ်ကွက် အရှေ့စွန်ကလောင်တာ။
တို့ဘက်နဲ့ နီးတယ်ဟေ့'
အိမ်ရှေ့လမ်းပေါ် ဖြတ်ပြေးသွားသော
လူတစ်ယောက်က အလန့်တကြား အော်သွားသည်။ တစ်ရပ်ကွက်လုံး ငရဲပွက်သည့်အလား လူသံ၊
သံချောင်းသံ၊ ဥသြသံများရောထွေး ဆူညံသွားသည်။ ဦးဘိုသစ် ကြာကြာရပ်မစဉ်းစားအားဘဲ
အိမ်ပေါ်သို့ လှေကား တဒုန်းဒုန်း နင်းပြေးတတ်သွားသည်။
အိမ်ပေါ် ရောက်သောအခါ
ဦးဘိုသစ်တစ်ယောက် အိမ်နောက်ထဲ ဝင်ပြေးလိုက်၊ ရှေ့ပြန်ထွက်လာလိုက်နှင့် အိမ်ပေါ်
ပတ်ချာလည်နေတော့သည်။ ကိုင်လိုက်၊ ချလိုက်နှင့် ဘယ်ပစ္စည်း အရင်စဆွဲရမှန်း မသိအောင်
ဗျာများနေလေ၏။ အတော်လေး ကြာကာမှ နံရံပေါ်ချိတ်ထားသော အိတ်တစ်လုံးကို မြင်ပြီး
သတိဝင်လာကာ အိတ်ကို ဖြုတ်သည်။ နောက်သော့တွဲကို ဆွဲကာ ဗီရို၊ ရှိုးကေ့စ်နှင့်
ရှိသမျှသေတ္တာ မှန်သမျှ သော့ဖွင့်လှပ်သည်။ ထိုအထဲက အဖိုးတန်၊ အရေးကြီး
ပစ္စည်းအားလုံးကို ရွေးထုတ်၍ အိတ်ထဲထိုးသိပ်ထည့်ကာ အိတ်ကို သေချာပိတ်ပြီး
ကျောသိုင်းပိုးထား လိုက်သည်။
ပြီးလျှင် ဆန်အိတ်ခွံ
အဟောင်းများနှင့် ကြွပ်ကြွပ်အိတ်ကြိုး အပိုင်းအစများကို ချောင်ထဲမှ စုပုံ မလာပြီး
ကြမ်းခင်းပေါ် ပစ်ချ၏။ အိတ်တစ်လုံးပြည့် ကြိုးချည်၊ နောက်တစ်လုံးထည့်နှင့်
အိမ်ပေါ် အိမ်အောက် ပစ္စည်း အားလုံးနီးပါး အိတ်ကုန်ထည့်ပြီးသောအခါ ဦးဘိုသစ်
အိမ်အပြင်ဘက် ထွက်လာသည်။
'ဟင်'
အိမ်ရှေ့ တံခါးမကြီးတွင် အထုပ်အပိုးကိုယ်စီ
မနိုင်မနင်း သယ်၍ ဝိုင်းထဲ ဝင်လာကြသူများ၊ အရေးတကြီးနှင့် ကိုယ်လွတ်ပြေး
ထွက်သွားသူများကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
သိချင်စိတ်ဖြင့်
ခြေလှမ်းသွက်သွက်လှမ်း၍ အနားရောက်မှ ဖြစ်ပုံအလုံးစုံကို ဦးဘိုသစ် မြင်လိုက်ရသည်။
ဦးဘိုသစ်၏ အိမ်နီးချင်းကောင်းတစ်စု အိမ်ဝန်းတံခါးကို ဖွင့်ပြီး ကျူးကျော်
ဝင်လာရုံမက ကားနောက်ပိတ်ကို လှန်၍ သူတို့အိမ်က ပစ္စည်းများကို ကားပေါ်သို့ သဘောရှိ
ပစ်တင်နေကြသည်။
မနက်က အဖြစ်ကို ပြန်တွေးမိပြီး
ဦးဘိုသစ်မျက်နှာက ဒေါသကြောင့် ရှုံ့တွနေသလား၊ ဟားတိုက်ရယ်မောချင်စိတ်ကို
ချုပ်တည်းထားရ၍လား မသိ။ တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်နေ သည်။
'ကားပေါ်ကို ဘယ်သူ့
ခွင့်ပြုချက်နဲ့ ပစ္စည်းတွေ တင်တာလဲ။ ခုချက်ချင်း ပြန်ချကြ၊ ကျုပ်အိမ်က ပစ္စည်းတွေ
တင်စရာပြည့်လို့'
ဦးဘိုသစ်က မျက်ထားတည်တည်နှင့်
ပြောပြီး ကျောပေးကာ အိမ်ထဲပြန်ဝင်လာသည်။ စောစောက ဆန်အိတ်ခွံနှင့် ထုတ်ထားသောပစ္စည်းများကို
အိမ်ထဲမှ တစ်ခုချင်း ဆွဲထုတ်လာပြီး ကားနောက်ဘီးနားတွင် အကုန်စုပုံပြီးသည်ထိ
ကားပေါ်က ပစ္စည်းချသည်ကို မမြင်သေး။ သူတို့ နောက်ယူလာသည့် ပစ္စည်းတွေပင်
ကားနောက်မြီးနားတွင် ပုံထားသေးသည်။ လာလာချေသေး။
မီးက နီးလာသည့် ထင့်။
သံချောင်းမွှေသံ၊ လူသံ၊ ကားဥသြသံများက ပိုဆူညံလာပြီး ကမ္ဘာပျက် မတတ်
လှုပ်ရွနေကြသော်လည်း ဦးဘိုသစ် ကားအနီးမှာမူ အိမ်နီးချင်းကောင်းကြီးများ
ငြိမ်သက်စွာရပ်လျက် ဦးဘိုသစ်ကို မျက်နှာငယ်လေးတွေနှင့် လိုက်ကြည့်နေသည်။
'ကဲ... ခင်ဗျားတို့
ပစ္စည်းတွေ ပြန်မချချင်နေ၊ ကျုပ်ကတော့ တင်ပြီ။ ကျုပ်ကားပေါ်က ပစ္စည်း ကျုပ်
ပစ္စည်းပဲ'
ဦးဘိုသစ်က ကားဘီးနားက ပစ္စည်းများကို
ကားပေါ် တဝုန်းဝုန်း ပစ်တင်လိုက်သည်။
'ဒီမှာဗျာ... ကျွန်တော်တို့
တင်ထားပြီးသား ပစ္စည်းတွေ ပြန်မချပါရစေနဲ့။ အဲဒီ အတွက် အဖိုးအခအဖြစ်
ကျွန်တော်တို့အားလုံး စုပြီးပေးပါရစေ။ ဦးဘိုသစ် ကြိုက်သလောက်တောင်းပါ ဗျာ'
'ကောင်းပြီလေ၊ ကျုပ်ကတော့
မတောင်းဘူး။ ခင်ဗျားတို့ကပဲ ပေးပါ။ လက်ငင်းတော့ ဖြစ်ပါစေ'
အိမ်နီးချင်းကောင်း တစ်စု
ခေါင်းချင်းဆိုင်ပြီး မကြာခင် ဦးဘိုသစ်လက်ထဲ ငွေတစ်သောင်းခွဲ ရောက်လာသည်။
'ခဏလေး စောင့်ပေးပါဦး
ဦးဘိုသစ်။ ကားနောက် နည်းနည်းလေး ချောင်နေတာလေး တင်ချင်လို့'
ဦးဘိုသစ်က ခေါင်းညိတ်ပြပြီး တံခါးတွေ
ပိတ်ရန် အိမ်ထဲ ပြန်ဝင်သည်။
လူစုကြီးမှာ ပုရွက်ဆိတ်အုံ
ရေလောင်းလိုက်သလို ပြန့်ကျဲသွားပြီး အိမ်အသီးသီး ပြန်ပြေးကုန်ကြ သည်။
ဦးဘိုသစ် အိမ်တံခါး အားလုံးပိတ်ပြီး
ကျောပိုးအိတ် လွယ်ထွက်လာသောအခါ ဖျာလိပ်စုတ်၊ ရေအိုးစင်၊ ဒန်အိုးပိန်၊
တောင်းပျက်မကျန် ကားပေါ် မြင်မကောင်းအောင် မောက်လျှံနေတော့သည်။
'ကဲ... ဘောလုံးကွင်းကို
ထွက်မယ်။ ဦးဖိုးမြ၊ ဦးလူမော်၊ ဦးထွန်းထွန်း၊ ကိုခါလစ်နဲ့ ကိုတေဇာလင်း
တို့ပစ္စည်းရှင်တွေအားလုံး ကားတွန်းပေးကြပါ'
ဦးဘိုသစ် စကားအဆုံး အားလုံး၏ မျက်နှာများ
မဲ့ရှုံ့ကုန်၏။
'မနက်ခင်းက ကားထွက်သွားတာ
မြင်လိုက်ပါတယ်'
'ဘယ်က လူတွေမှန်း မသိဘူး။
ဝိုင်းတွန်းပေးလို့ စက်နိုးပြီး ကားထွက်ရတာ'
'ဝိတ်ကြီးနဲ့
ကားဘီးရွေ့အောင်မှ တွန်းနိုင်ပါ့မလား'
တစ်ယောက် တစ်ပေါက် ညည်းညူသံများ
ထွက်လာသည်။
'ကဲ... အပေါ်မှာ မီးခိုးလုံးတွေ
များလာပြီဗျို့။ အချိန်မရှိဘူး။ ခင်ဗျားတို့ မိသားစုတွေပါ ခေါ်ပြီး လူ
အင်အားတောင့်တောင့်နဲ့ တွန်းရင် အသာလေးပါ'
ဦးဘိုသစ်က ပြောပြီးပြီးချင်း
ကားမောင်းခန်းထဲ ဝင်ထိုင်လိုက်သည်။
□
'မီးညွန့်ကျိုးလို့
မီးနိုင်သွားပြီဆိုမှ ငါ့ကားလည်း ဟောဒီနေရာ ပြန်ရောက်တာပဲ မောင်ထွေးရေ့။ မနက်က
လာပါမယ် ရွှန်းရွှန်းဝေအောင် ပြောပြီး ထွက်မလာတဲ့ ငါ့အိမ်နီးချင်းကောင်းတွေခမျာ
သုံးလေးဖာလုံလောက်ရှိတဲ့ ရပ်ကွက် အနောက်မြောက်ဘက် ဘောလုံးကွင်းနဲ့
ဒီအိမ်အသွားအပြန် ခြေကန်တွန်းရလို့ ဟောဒီဝိုင်းထဲမှာကွာ ခြေပစ်လက်ပစ်နဲ့ မြေပေါ်
လက်ထောက်မှောက်သူမှောက်၊ လှန်သူလှန်၊ ဘီးဖက် ခေါင်းမှီသူမှီနဲ့ မင်းမြင်စမ်း
စေချင်တယ်'
ဦးဘိုသစ်က အားရပါးရ ပြောပြီး
မျက်လုံးအထက်လှန်ကာ အတိတ်ကို ပြန်မြင် ကြည့်နေသည်။
'ကောင်းတယ်၊ လူ တစ်ဖက်သား
သဘောကောင်းမှုအပေါ် အခွင့်အရေးယူချင်တဲ့လူတွေ၊ ကိုယ့် အပြစ်နဲ့ ကိုယ်ခံပေါ့။ ဒါနဲ့
အာစရိကားက စက်တကယ် မနိုးတာလား'
'အေး... မင်းပြောသလိုပဲ။
ညစ်တာထင်တယ်၊ ဘာညာ မကြားတကြား ပြောကြလို့ သူတို့ပစ္စည်းတွေ ကားပေါ်က ချအပြီးမှာ
သူတို့ကို ပြသလို မင်းကို ပြမယ်လာ...ထ'
ဦးဘိုသစ် လက်ဆွဲခေါ်ရာ မောင်ထွေး
ကန့်လန့်ကန့်လန့် ပါသွားသည်။
ကားရှေ့ရောက်တော့ စက်ဖုံးကို ဆွဲလှပ်ပြသည်။
'ဟာ'
မောင်ထွေး မျက်လုံး ပြူးမည်ဆိုလည်း
ပြူးလောက်စရာ။ အင်ဂျင်အုံကြီးမှ မပါဘဲ။
'အဲဒီနေ့ မနက်က
အင်ဂျင်တစ်ခုလုံး စစ်ကြည့်မယ်ဆိုပြီး ကားတွန်းပေးတဲ့လူတွေ ခဏဆွဲပြီး စက်ခေါင်းထဲက
အင်ဂျင်ကိုဖြုတ်၊ အိမ်အောက်ထဲ မ,သွင်း...'
မောင်ထွေးမျက်နှာသည်
အင်ဂျင်ဟောင်းလောင်းနေရာကို ငေးစိုက်ကြည့်နေရာမှ ဦးဘိုသစ်ကို တအံ့တသြ
မော့ကြည့်သည်။ ဦးဘိုသစ်က တတွတ်တွတ် ရှင်းပြနေဆဲ။
မောင်ထွေးနားက မကြားတစ်ချက်
ကြားတစ်ချက်။
မောင်ထွေးဆရာ ဦးဘိုသစ်သည်
ကားသမားကျင့်၊ ကားသမားကြံ၊ ကားသမားဉာဉ်၊ ကာသမားဉာဏ် အသုံးချ၍ လှလှပပ
လက်စားချေတတ်နေပြီလား။
ကိုယ်ကျိုးအတွက် မလိမ့်တပတ်
လုပ်တတ်သည့် ကားသမား ဖြစ်နေပြီလား။
ဒုက္ခရောက်သူ အချင်းချင်းထံက
ငွေတစ်သောင်းခွဲကိုတောင် အိတ်ထဲထည့် အမြတ်ထုတ်တတ်နေပြီလား။
'ဟဲလို...ဟဲလို တတ်စတင်
ဝမ်းတူးသရီးဖိုး... ရပ်ကွက်အတွင်းရှိ မိဘပြည် သူအပေါင်းတို့ခင်ဗျား၊
မူလတန်းကျောင်းထဲမှာ မီးဘေးကယ်ဆယ်ရေးဌာန ဖွင့်လှစ်ထားပြီဖြစ်လို့
ငွေကြေးပစ္စည်းများ လှူဒါန်းလိုတဲ့ စေတနာရှင်များ လာရောက်
ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ မနေ့က ကယ်ဆယ် ရေးဌာန မဖွဲ့စည်းခင်ကတည်းက မော်တော်ယာဉ်
ပိုင်ရှင် ဦးဘိုသစ်က တစ်သိန်းကျပ်နဲ့ ဦးဘိုသစ်တို့ .... လမ်းသူလမ်းသားတစ်စုက
ကျပ်တစ်သောင်းခွဲ၊ စုစုပေါင်း တစ်သိန်းတစ်သောင်း ငါးထောင်ကျပ်တိတိ ကယ်ဆယ်ရေး
ရန်ပုံငွေအဖြစ် လာရောက် မ,တည်လှူဒါန်း သွားပါတယ် ခင်ဗျား'
အသံချဲ့စက်မှ ကြေညာသံအဆုံးတွင်
မောင်ထွေး မျက်နှာပေါ်မှ ဝေခွဲမရ ဒွိဟတွန့်ကြောင်းများ ပြေသွားသည်။
မောင်ထွေးက ဦးဘိုသစ်လက်ကို
ကျေကျေနပ်နပ်ကြီး ဆွဲမ,ပြီး...
'အာစရိမှာ ကားသမားမာန်တော့
အရှိသားကိုး'
ပုဂ္ဂိုလ်ကြီး
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော