ရွှေဝတ္ထု

လူတစ်ယောက်အကြောင်း

လွန်းထားထား၊ဆေးတက္ကသိုလ်၊

01 June 2026
လူတစ်ယောက်အကြောင်း
Share to

            (က)

ချစ်သူဘဝတုန်းက ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။ ဘာကို ချစ်မိသလဲဟုမေးလျှင် သူ့ရဲ့ စည်းစနစ် တိကျမှု၊ အသန့်အပြန့် ကြိုက်မှု၊ ကိုယ့်ကိုယ်လည်း သန့်ပြန့်ကြော့ရှင်းနေအောင် ပြင်ဆင်တတ်မှုကြောင့်ဟု ပြောရမည်ပင်။ သူ့ကို ကြည့်လိုက်လျှင် အမြဲတမ်း ဖြူစင်ရှင်းသန့်ကာ လင်းချင်း တောက်ပနေတတ်သည်။ သူ့နံဘေးမှာရှိလျှင် သင်းပျံ့သော ရနံ့ကလေးက အမြဲတမ်း စိတ်ကြည်လင် ချမ်းမြေ့ဖွယ်ကောင်းလှ၏။ ဘာကိုပဲ လုပ်လုပ်၊ ဘာကိုပဲ ပြောပြော တိကျမှ၊ သေသပ်မှ၊ ပိုင်နိုင်သေချာမှ ကြိုက်တတ်သူလည်း ဖြစ်သေး၏။ သူ့ချစ်သူ ဖြစ်ခွင့်ရသည်မှာ ကျွန်မအတွက် အဖိုးမဖြတ်နိုင်သော ဆုလာဘ်တစ်ခုကို ရရှိလိုက် သလိုပင်။ သူက သူ့ရဲ့ ချစ်သူဖြစ်သော ကျွန်မကိုလည်း သန့်ရှင်းလှပကြော့မော့နေမှ ကြိုက်တတ်သူ ဖြစ်သည်။ သူ ကျွန်မကို ပေးသမျှ ချစ်သူ့ လက်ဆောင်တိုင်းမှာ အလှအပ၊ အသုံးအဆောင်၊ အမွှေးနံ့သာတွေပဲ ဖြစ်သည်။ ချစ်သူ သက်တမ်း တော်တော် ရင့်သန်လာခဲ့ပြီးသော် မိဘတွေချင်းပါ ရင်းနှီးပြီး သူ့အိမ် ကိုယ့်အိမ်အဝင်အထွက် ရှိလာသည့်အခါတွင် ကျွန်မ သူ့အိမ်သို့ အလည်သွားသည့်အခါတိုင်း ကျွန်မမှာ ရင်သပ်ရှုမော အံ့သြရပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့တစ်အိမ်လုံးက ဖုန်တစ်စက်မရှိအောင် ပြောင်လက်သန့်စင်လျက် ပစ္စည်းပစ္စယတွေမှာလည်း ဖိတ်ဖိတ်လက် သန့်ရှင်းစင် ကြယ်နေသောကြောင့်တည်း။

            'သက်ရယ်... အိမ်သန့်ရှင်းရေးကို သက်ကိုယ်တိုင်ပဲ လုပ်တာလားဟင်' ဟု မယုံနိုင်သလို မေးကြည့်မိတော့ သူက ဂုဏ်ယူပြုံးနှင့် ခေါင်းညိတ်ပြပါသည်။

            'ကိုယ်က အိမ်ကို အဲဒီလို သန့်ရှင်းပြောင်လက်နေမှ နေလို့ရတယ်။ ကိုယ့်မျက်စိအောက်မှာ အိမ်ဟာ တစ်ခုခု ချွတ်ယွင်းနေရင် ခေါင်းတွေတောင် ကိုက်လာရော။ လုံးဝကို နေလို့မရတော့ဘူး။ အဲဒါ ရောဂါတစ်ခုလိုပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း သိတယ်။ အဲဒီလောက် အသန့်ကြိုက်လွန်းတာ မကောင်းမှန်းသိပေမယ့် ပြင်လို့လည်း မရဘူး'

            သူ့အိပ်ခန်းထဲက ရေချိုးခန်းနှင့် အိမ်သာသည် လှဲအိပ်ချလို့ပင် မွေ့လျော်စေလောက်အောင် မွှေးပျံ့သင်းပျံ့လျက် သန့်ရှင်းနေတတ်ပါသည်။ အိမ်သာနှင့် ပတ်သက်ပြီးတော့လည်း သူ့မှာ ဆိုက်ကို တစ်ခု ရှိပြန်သေး၏။ သူ့အိမ်က အိမ်သာက လွဲပြီး တခြား အိမ်သာတွေမှာ မတက်တတ်ခြင်းပင်တည်း။ ဘယ်လိုမှ မလွှဲမရှောင်သာ တက်ရတော့မည်ဆိုလျှင်လည်း ထိုင်ရမည့် ကမုတ်ရဲ့မျက်နှာပြင်ကို တစ်သျှူးတွေ တစ်လိပ်လုံး ကုန်မတတ် အထပ်ထပ်ခင်းပြီးမှ ထိုင်သတဲ့။ အဲဒီအကြောင်း သူ ပြန်ပြောပြတုန်းက ကျွန်မမှာ အူလှိုက်သည်းလှိုက် ရယ်မောခဲ့ရပါသည်။ သို့သော် သူဘယ်လောက်ပဲ ဇီဇာကြောင်သူ တစ်ယောက်ဖြစ်ပါစေ သူ့ကို ကျွန်မ ချစ်ခဲ့သည်။ သူသည် ကျွန်မရွေးချယ်ခဲ့သော တစ်ဦးတည်းသော ချစ်သူဖြစ်ပါသည်။

            (ခ)

            သူ့ကို ကျွန်မ ချစ်သောကြောင့် လက်ထပ်ခဲ့မိခြင်း ဖြစ်ပါသည်။ နှစ်ဖက်မိဘက လက်ဖွဲ့သော ခြံဝန်းကလေးနှင့် နှစ်ထပ်တိုက်ပုပုကလေးမှာ ကျွန်မတို့ နှစ်ယောက်တည်း နေကြသည်။ သူက အိမ်မှာ လူပိုအဖော်ခေါ်တာ မနှစ်သက်ပါ။ တစ်အိမ်လုံးကို သူ့စိတ်ကြိုက် သန့်ရှင်းတောက်ပနေအောင် အလှဆင်ထားခဲ့သည်မှာ ထိရက် နင်းရက်စရာပင် မရှိ။ တစ်အိမ်လုံးလည်း သင်းပျံ့မွှေးကြိုင်လျက်။ ကျွန်မမှာ စိတ်ကြည် နူးရွှင်ပျစွာဖြင့် အိပ်ရာဝင်ခွင့် ရပါသည်။ ပြဿနာမှာ မနက်မိုးလင်းချိန်တွင် စတင် ၏။ အိပ်ရာက နိုးသည်နှင့် သူ ဘာလုပ်သည် ထင်ပါသနည်း။ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ အကုန်ဆွဲ ခွာပစ်လျက် အဝတ်လျှော် စက်ထဲသို့ထည့်ကာ အိပ်ရာကို အသစ်ပြန်ခင်းနေခြင်း ဖြစ်သည်။ ခင်းနေတာမှ ပျံ့ပျူးကော့ရော့နေအောင်ပင်။ ကျွန်မက တအံ့တသြဖြင့်...

            'အို...တစ်ညပဲ အိပ်ရသေးတာ သက်ရယ်၊ ဘာဖြစ်လို့လဲ'ဟု မေးမိတော့...

            'ဟင်... နှင်းကို ကိုယ်ပြောပြမထားဖူးသေးဘူးလား။ ကိုယ်က နေ့တိုင်း အိပ်ရာခင်းလဲရမှ အိပ်လို့ပျော်တာ။ တစ်ရက် အိပ်ပြီးသားကို နောက်တစ်ရက် ထပ်အိပ်လို့ မရဘူး' တဲ့။

            ဖြစ်မှ ဖြစ်ရလေ။ ကျွန်မတို့ ဟန်းနီးမွန်းခရီး ထွက်ကြတော့လည်း ဟိုတယ်ရဲ့ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်တွေကို စိတ်မသန့်ဘူးဟုဆိုကာ အိမ်ကနေ အပင်ပန်းခံပြီး အထုပ်အပိုးတွေ သယ်ပါသည်။ သူ့ဘာသာ အိပ်ရာကို ကိုယ်တိုင်ခင်းပြီးမှ စိတ်သန့်စွာ ကျွန်မကို ပြုံးကြည့်သော သူ့ကို ကျွန်မ အမြင်ကတ်စွာ မျက်စောင်း ချီမိသည်။ ကျွန်မတို့ အိပ်ရာဝင်ပြီး သန်းခေါင်ကျော်ချိန်မှာ ကျွန်မ ဗြုန်းခနဲ အိပ်ရာကနေ လန့်နိုးလာခဲ့သည်မှာ ရေချိုးခန်းဆီမှ ရေသံတွေ၊ တိုက်ချွတ်ဆေးကြောသံတွေ ထွက်ပေါ်နေသောကြောင့် ဖြစ်၏။ ရေချိုးခန်းတံခါးကို သွားဖွင့်ကြည့်မိလျှင် ကျွန်မမှာ ရင်သပ်ရှုမော အံ့သြရပါသည်။ သူက ရေချိုးမည့် ကြွေဇလုံ၊ ဘေဇင် စသည်တို့ကို အားရပါးရ တိုက်ချွတ် ဆေးကြောနေရာမှ ကျွန်မကို လှမ်းပြုံးပြ၏။ သူ့အပြုံးက ရှက်ကိုးရှက်ကန်းလိုလိုနှင့်။

            'မနက်ကျရင် ရေချိုး၊ မျက်နှာသစ်ရမှာကို စိတ်မသန့်လို့'ဟု သူက ဖြေရှင်းချက် ပေးလျက်ရှိစဉ် ကျွန်မ ရင်ထဲသို့ သံသယတစ်ခု ခပ်ပါးပါး ဝင်ရောက်လာခဲ့၏။ ဘုရားရေ... သူ့မှာ ဆိုက်ကိုများ ရှိနေသလား။ သို့သော် ကျွန်မ သူ့ကို ချစ်မြဲတည်း။

            (ဂ)

            အလုပ်က ပြန်လာတိုင်း ချက်ပြုတ်ခြင်းကို သူကိုယ်တိုင်ပင် လုပ်လေ့ရှိသည်။ ကျွန်မ မျက်ခုံးပင့်ရသည် အထိပင် သူ ဟင်းချက်ပုံက စည်းစနစ် တိကျလွန်းလှသည်။ ဥပမာဆိုပါစို့၊ ကြက် သားလှီးလျှင် အတုံးဟာ ညီမှ၊ ပဲသီးလှီးလျှင် မစွေစောင်းရ၊ အတိုအရှည်ဟာ လက်ညှိုးဆစ် နှစ်ဆစ်စာအညီ ဖြစ်နေရမည်။ အဲဒီတော့ ကျွန်မက သူနှင့်အတူ ဟင်းချက်လျှင် အမြင်ကတ်လှစွာ ပဲသီးလှီးလျှင် ပေတံတစ်ချောင်းနှင့် တိုင်းပြီးမှ လှီးဖြတ်ပေးသည်ကို သူ့ကို အရွဲ့တိုက်တာဟု လုံးဝမရိပ်မိဘဲ သဘောကျစွာ ပြုံးနေတတ်သည်။ မီးဖိုချောင်တစ်ခုလုံးကိုလည်း ပြောင်လက်နေအောင်၊ မွှေးပျံ့သင်းကြိုင်နေအောင် သူကိုယ်တိုင်ပင် ယောကျ်ားတန်မဲ့နှင့် မပင်မပန်း တိုက်ချွတ်ဆေးကြော ရသည်မှာ နေ့တိုင်းပင် ဖြစ်သည်။ ပန်းကန်တွေ၊ ပုလင်းတွေ၊ တင်းန်ဘူးတွေ အားလုံး သူ့နေရာနှင့်သူ စီရရီ သေသေသပ်သပ်ရှိနေမှ သူ နေလို့ရသည်တဲ့။ အမြင်မတော်တာတွေ တွေ့လျှင် သူ့ခေါင်းတွေ တဆစ်ဆစ် ကိုက်လာတတ်သည်တဲ့။ ကျွန်မ သူ့ကို သနားကရုဏာသက်ရမလား၊ အမြင်ပဲကတ်ရတော့မလား မတွေးတတ်အောင်ပင်။ ကြာတော့ သူ့ကို ကြည့်ရတာနှင့်တင် ကျွန်မ အသက်ရှူကျပ်လာတော့သည်။ အဲဒါဟာစိတ်ရောဂါတစ်ခုပဲဟု သူ့ကို ကျွန်မ ပြောကြည့်ကာ စိတ်ကို လျှော့ထားကြည့်ဖို့ နားသွင်းဖျောင်းဖျကြည့်လို့လည်း အရာမထင်၊ မအောင်မြင်ခဲ့။ သူ့ကိုယ်သူလည်း သိသိကြီးနှင့် ပြင်လို့မရပါတဲ့။ ကဲ... ကျွန်မ ဘာများတတ်နိုင်ဦးမည်နည်း။

            (ဃ)

            တစ်ရက်မှာ ကျွန်မနှင့် သူ တစ်နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် အိမ်မှာ ပါတီကလေး ကျင်းပပါသည်။ အခင်ဆုံးသူငယ်ချင်းတွေပဲ ဖိတ်ပြီး Gathering လုပ်ကြတဲ့သဘောလည်း ပါသည်။ ပြဿနာက သူငယ်ချင်းတွေမှာက တစ်နှစ်ခွဲ အရွယ်၊ နှစ်နှစ်အရွယ်၊ လေးငါးနှစ်အရွယ် စသဖြင့် မျောက်ရှုံးအောင် အဆော့သန်သော ကလေးလေးတွေ ပါလာခဲ့သည်။ ကလေးတို့ရဲ့ သဘောမှာ ငြိမ်ငြိမ်ကလေး နေတတ်သော သဘာဝမှ မရှိတာ။ ပြီးတော့ သူ့ဧည့်ခန်းထဲမှာ၊ ထမင်းစားခန်းထဲမှာ၊ အိပ်ခန်းထဲမှာ ကလေးတို့ မျက်စိကျစရာ၊ စိတ်ဝင်စားစရာ ပစ္စည်းတွေမှ အများကြီးရယ်။ ပထမဆုံး ဧည့်ခန်းထဲမှာ ဗီရိုနှင့် စနစ်တကျ သူ စုဆောင်းထားသော ကြွေ၊ မြေ၊ ဖန်၊ ကျောက်တို့ဖြင့် လုပ်ထားသော ခွေးအရုပ်မျိုးစုံ၊ အရွယ်မျိုးစုံကို စိတ်ဝင်စားကြသည်။ တစ်ခုပြီးတစ်ခု သွားဆွဲယူကြ၊ လုယူကြ၊ လွတ်ကျကြ အမျိုးမျိုးလုပ်ကြသည်ကို သူက ဘုရားတလျက် မျက်စိမျက်နှာပျက်ကာ ကလေးတို့ဆီက အရုပ်တွေကို ပြန်လုသိမ်းသည်ကို သူငယ်ချင်းတွေက ဟာသရသမြောက်စွာ ရယ်မောကြသည်။ တချို့က ဓာတ်ပုံပင် ရိုက်ယူထားလိုက်သေး၏။ ကလေးတချို့က သူ့ရဲ့နုစက် အိညက်လှသော Lorenzo အီတလီလုပ် သားရေဆိုဖာ ခရင်မ်ရောင်ကြီးတွေပေါ်မှာ တက်ခုန်ဆွကြသည်။ သူ့မျက်နှာဆီမှာ အပြုံးမရှိတော့ချေ။ ကလေးတချို့က မီးဖိုဆောင်ထဲသို့ သွားကာ သူ့ရဲ့ရေခဲ သေတ္တာဆီမှာ လှလှပပ၊ စီစီ ရီရီကပ်ထားသော Souvenir သံလိုက်ပြားကလေးတွေကို တစ်ခုပြီးတစ်ခု ဆွဲခွာကြသည်။ သူ့မှာ အရူးကြီးတစ်ယောက်လိုပင် တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်၊ ဟိုဟာသိမ်းလိုက်၊ သည်ဟာသိမ်းလိုက်နှင့်် လုံးချာလည် လိုက်နေသည်မှာ သနားဖို့ပင် ကောင်းသေးတော့သည်။ ကျွန်မကတော့ သူ ဘယ်လောက် ခေါင်းကိုက်နေပြီလဲဆိုတာ ရိပ်မိပြီး ဖြစ်သည်။ ခဏအကြာမှာ သူ့အသည်းကို ဗြုန်းခနဲ ခွဲပစ်လိုက်သော လုပ်ရပ်တစ်ခုကို ကလေးမ ကလေးတစ်ယောက်က မတော်တဆ လုပ်ပစ်လိုက်တော့၏။ သူက သူ့ဧည့်ခန်းကို ဖြူဖွေးနုအိနေအောင် ဆင်စွယ်ရောင် မွေးပွကော်ဇောမွမွကြီး ခင်းထားခဲ့ခြင်း ဖြစ်သည်။ သိုးရဲ့အရေခွံလိုပင် နင်းရက်စရာမရှိအောင် ဖြူမွမွနှင့် ဘယ်လ်ဂျီယံဖြစ် ဖြစ်သည်။ ထိုကော်ဇောကို နေ့စဉ် ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ကာ အရိပ်တကြည့်ကြည့် ထားခဲ့တာ ဖြစ်သည်။ ထိုကောဇောပေါ်ကိုမှ ကလေးမကလေးက သူ့အဖေလက်ထဲမှာ ကိုင်ထားသော ဝိုင်ခွက်ကို ဖျတ်ခနဲ ဆွဲလုယူလိုက်သဖြင့် ဝိုင်ခွက် မှောက်ကျသွားခြင်း ဖြစ်သည်။ ဝိုင်က အနီရောင်မို့ အဖြူရောင်ပေါ်မှာ အနီကွက်ကြီးက ထင်းခနဲ။ အသံ တွေအားလုံး ဗြုန်းခနဲ တိတ်သွားကြကာ သူ့ဆီသို့ တိုင်ပင်ထားသလို ဝိုင်းအုံကြည့် လိုက်မိကြသည်။ သူ့မျက်လုံးများမှာ ပြူးကျယ်ဝိုင်း စက်လျက်။ အသက်မှ ရှူရဲ့လားမသိ။ မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းလာကာ...

            'လုပ်ရက်လိုက်တာ သမီးရယ်'

            ဟူသော အသံက ဆို့ဆို့နင့်နင့်ကြီး ထွက်ပေါ်လာသည်။ ထို့နောက် သူငယ်ချင်းတွေ အားလုံးရှေ့မှာ သူ ရှိုက်ကြီးတငင် ငိုချတော့၏။ သူငယ်ချင်းတွေအားလုံးက စိတ်မကောင်းစွာ သူ့ကို တစ်ယောက်တစ်ခွန်း ချော့မော့ကြပါသည်။ သူ့မျက်နှာဆီမှ ပျက်ယွင်းမှုကို ဘယ်လိုမှ ပြန်ပြင်ဆင်၍ မရတော့ချေ။

            (င)

            သူ ရူးများသွားသလားဟုပင် ကျွန်မ စိုးရိမ်မိသည်။ ပစ္စည်းဥစ္စာပေါ်မှာ အဲဒီလောက် စွဲလမ်းငြိတွယ်ခြင်း မဖြစ်ဖို့ ကျွန်မက တတွတ်တွတ် နားချဖျောင်းဖျရသည်။ သူ့ကြည့်ရတာ နားဝင်ပုံလည်း မပေါ်ပါ။ တစ်ပတ်လောက် သူ အပြင်းအထန် စိတ်ထိခိုက် နာကျင်ခဲ့ရသည်။ ကျွန်မကိုတောင် စကားကောင်းကောင်း မပြောနိုင်ပါ။ သူ ပထမဆုံး ပြန်ပြောသောစကားကို ကျွန်မ ကောင်းစွာ မှတ်မိပါသည်။

            'ကလေးတွေဟာ မုန်းစရာ ကောင်းလိုက်တာ'တဲ့။

            ကျွန်မ ရင်နင့်သွားခဲ့ပါသည်။

            (စ)

            ကျွန်မနှင့်သူ အကြီးအကျယ် ပဋိပက္ခဖြစ်ခဲ့ကြသည်မှာ သူက ကလေးလုံးဝ မယူတော့ဟု ဆုံးဖြတ်လိုက်ခြင်းကနေ စတင်ပါသည်။ ကျွန်မက အိမ်ထောင်တစ်ခုမှာ သားသမီးကလေးတွေရှိမှ စည်ကားသိုက်မြိုက်ကာ ဘဝကို ပိုခင်တွယ်နေပျော်စရာဟု ယူဆထားသူ။ ထိုပြဿနာကို ကျွန်မတို့ အတော်လေးကြာအောင်ပင် အတိုက်အခံ ပြောရ၊ ရန်ဖြစ်ကြရသည် အထိပင်။ ကလေးတွေနှင့် ပတ်သက်ပြီး သူ့စိတ်မှာ ဘယ်လောက်ဒဏ်ရာနက်နက် ရသွားခဲ့သည် မသိ။

            (ဆ)

            မနေ့က ကျွန်မတို့ နှစ်ယောက် လမ်းခွဲလိုက်ကြပါသည်။ ဘယ်လိုမှ ညှိနှိုင်းယူ၍ မရတော့သောကြောင့် ဖြစ်သည်။ ထိုအချိန်မှာ ကျွန်မ သူ့ကို မုန်းမနေခဲ့ပါ။ ချစ်မနေတော့တာလည်း သေချာပါသည်။ သူနှင့်ပတ်သက်ပြီး ခံစားချက်မှာ တစ်ခုတည်း ရှိတော့သည်။ သနားခြင်းပင်။ လူ့ဘဝမှာ လူဖြစ်လာခဲ့ပြီး လူဆန်ခွင့်မရနိုင်တာလောက် သနားစရာကောင်းသောလူ မရှိနိုင်တော့ဘူး ထင်ပါရဲ့။ ကျွန်မကတော့ လွတ်မြောက်သွားခဲ့ပါသည်။

▀

လွန်းထားထား၊ဆေးတက္ကသိုလ်၊

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။