စုသဲမွန်
'ဟင်း... ကြည့်စမ်းပါဦး။ အော်ပရက်စ်ကို တည့်တည့်ကြီး လိုက်နေတယ်'
ကျွန်မကို စီးမိုးကြည့်ပြီး
ပြောလိုက်တဲ့ လေသံမာမာကြောင့် ကျွန်မ သူ့မျက်နှာကို မရဲတရဲ မော့ကြည့်မိသည်။ မြွေဟောက်နှစ်ကောင်
ပါးပျဉ်းထောင် ရန်လိုနေဟန် တွန့်ကောက်နေသော သူ့မျက်ခုံးမွေးထူထူများအောက်မှ
အရောင်ဖျော့ဖျော့ မျက်လုံးမှေးများက ကျွန်မကို အထင်သေးကဲ့ရဲ့နေဟန်။
'ဖယ်စမ်း'
သူ့လက်တစ်ဖက်က ကျွန်မ လက်မောင်းကို
ခပ်ပြင်းပြင်း ပုတ်လိုက်သည်။ ကျွန်မ ဖယ်ပေးတဲ့ခုံမှာ သူက ဟန်ကျပန်ကျ ထိုင်ရင်း
အော်ပရက်စ်ဘီးကို ညာဘက်လက်နှင့် ညင်သာစွာ လှည့်လိုက်သည်။ ပြီးတော့ ဘယ်ဘက်လက်က
ကိုင်ရခက်သည့် ခပ်ချောချော ပိတ်စသုံးစကို 'ဘိ'မပြီး
ညီညီညာညာထည့်သည်။ သူ့ခြေထောက် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက်
အော်ပရက်စ်လိုင်းလေးသည် ဘောင်းဘီအနားစတွင် ဝေ့ဝိုက်ကာ စက်ဝိုင်းခြမ်းသဏ္ဌာန်
လှလှပပလေး ဖြစ်သွားသည်။ ဘောင်းဘီရှေ့ခြမ်း၊ အလယ်ခွဝိုင်းနှင့် အနောက်ခြမ်း
အပိုင်းသုံးခုကို အော်ပရက်စ်လိုင်းနှစ်လိုင်းနှင့် ဆက်သွယ်ကာ
ဘောင်းဘီအကြမ်းထည်လေးတစ်ခုအဖြစ် ရုပ်လုံးပေါ်လာချိန်တွင် သူက ကျွန်မ
မျက်နှာနားတွင် ဘောင်းဘီကို ထောင်လိုက် ထောင်ပြသည်။ သူ့ပါးစပ်မှ စကားတစ်ခွန်း
ပြောသည်။
'ဘယ်လိုလဲ' တဲ့။
သူ ဘာကို ဆိုလိုသလဲ ကျွန်မ သိသည်။
ဒီပိတ်စကို ဘောင်းဘီတစ်ထည်ချုပ်ဖို့ ပထမအဆင့်အဖြစ် အော်ပရက်စ်လိုက်ခြင်းအလုပ်ကို
ကျွန်မ အောင်မြင်အောင် မလုပ်နိုင်ခဲ့။ အော်ပရက်စ်ကို ဝေ့ဝိုက်ကာ ကျွန်မ မလိုက်တတ်။
တည့်တည့်ပဲ။ ပြီးတော့ ပိတ်စ နှစ်စလောက်ဆို ညီနိုင်ပေမယ့် သုံးစဆို
လုံးဝညီဖို့ခက်သည်။ ထားတော့။ အခု ကျွန်မ သူ့လက်ထဲမှ တွဲလောင်းကျနေသော ဘောင်းဘီအကြမ်းထည်ကို
ဆွဲယူလိုက်သည်။ 'ကျွန်မ
ကာရက် ဆက်တတ်ပါတယ်'
'ဟေ့၊ နေ့လယ် ၁၂ နာရီ
အပြီးနော်'
ကျွန်မအသံမဆုံးခင် သူ့စကားသံက
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျွန်မရင်ထဲ အနည်းငယ် တုန်လှုပ်မိသည်။ ကျွန်မ
ဒီဘောင်းဘီကို ပြီးနိုင်ပါ့မလား။ စက်ချုပ်ခြင်း အလုပ်ထဲတွင် ဘော်လီနှင့် ဘရာစီယာ၊
ပြီးတော့ အတွင်းခံ ဘောင်းဘီ၊ နောက် ဂျာကင်ချုပ်ခြင်းမှာ အခက်ခဲဆုံးဟု ကျွန်မ
ကြားဖူးခဲ့သည်။ ယခု ကျွန်မ ဘရာစီယာတိုင်းပြည်ကို ရောက်လာပြီး ဘောင်းဘီ တစ်ထည်ပင်
မချုပ်နိုင်ခဲ့လျှင် ဘရာစီယာတစ်ထည် ဖြစ်ဖို့ဆိုလျှင် ကျွန်မအတွက် ပို၍
အလှမ်းကွာလွန်းလှသည်။ ဒါ့ထက် ပိုဆိုးသည်မှာ ဒီလိုပုံစံ ဒီလိုအထည်တွေအဖြစ်
ချုပ်လုပ်နိုင်ဖို့ ဒီဇိုင်းဆွဲသည့် အလုပ်ပင် ဖြစ်သည်။
ကျွန်မကို Assistant Designer ဆိုသည့်
ရာထူး လှလှလေးနဲ့ အင်ဒိုနီးရှားနိုင်ငံတွင် အလုပ်လုပ်ဖို့ ကံကြမ္မာက
အခွင့်အရေးပေးခဲ့သည်။ အဲဒီအခွင့်အရေးကို လက်ခံပြီး ဒီစက်ရုံမှာ အလုပ်ဝင်ချိန်တွင်
ပထမဆုံး သိလိုက်ရသည်က ဘရာစီယာနဲ့ ဘောင်းဘီကို အလှဆုံး ကျွမ်းကျင်စွာ
ချုပ်တတ်ပြီဖြစ်ကြောင်း လူအများက လက်ခံနိုင်လျှင် ကျွန်မ အထက် ဒီဇိုင်နာများက
လက်တွဲခေါ်ပါမယ်တဲ့။ မချုပ်တတ်ခင်တော့ စက်ခန်းထဲက အင်ဒိုအလုပ်သမများထံမှ အလုပ်သင်၊
အလုပ်ကူစေဆိုတဲ့ သဘောထားပင် ဖြစ်သည်။ ဘုရား...ဘုရား။
ကျွန်အကြိမ်ကြိမ်ပင် ဘုရားတနေမိသည်။
သူတို့ ပေးထားသော ရာထူးလေးရှိရာ စားပွဲနှင့်ကုလားထိုင်တို့မှာ ယခုအချိန်ထိ
ထိုင်သူမဲ့၊ ယာယီပိုင်ရှင်မဲ့အဖြစ်နဲ့ ကျွန်မလိုပဲ မျက်နှာငယ်နေသည်။ အိမ်မှာ
စက်ရှိပါလျက် ဝါသနာမပါလို့ စက်မချုပ်တတ်၊ စက်မနင်းတတ်ခဲ့ရာက မြန်မာပြည်က
ထွက်ခါနီးမှ အပြေးအလွှား စက်သင်ခဲ့ရတဲ့ ကျွန်မက စက်အမျိုးပေါင်းစုံရှိတဲ့
စက်ခန်းထဲမှာ အလူးအလဲ။ ဒီစက်တွေထဲမှာ ကျွန်မ မြင်ဖူးတာမျိုးက နည်းပြီး
မမြင်ဖူးတဲ့စက်မျိုးတွေက အများစု။ အဲဒီအခန်းကလည်း နယ်နယ်ရရ မဟုတ်၊
ဝယ်သူ့စိတ်ကြိုက်ဖြစ်အောင် အလှဆုံး နမူနာပုံစံ ချုပ်ပြ ရတဲ့ Sample Room...။
ကျွန်မ စက်ခလုတ်ကို ဖွင့်လိုက်သည်။
ဆူဆူညံညံ စက်သံကြားတွင် ဇိဇက်(Zig zag) လှိုင်းကလေးသည်
ဘောင်းဘီနှင့် သားရေကြိုးကြား လှပစွာ ပြေးနေသည်။
'ပြီးပြီလား၊ ဘယ်အချိန်ထိ
ချုပ်မှာလဲ။ နောက်တနင်္ဂနွေတစ်ပတ်ထိလား'
ကျွန်မ၏အာရုံအားလုံး ကို
ဘောင်းဘီတစ်ထည်ဆီ စုစည်းထားစဉ် အနောက်ဘက်မှ စက်ချုပ်ရင်း လှမ်းအော်တဲ့ သူ့အသံကြောင့်
ထိတ်လန့်တုန်လှုပ်ရင်း ဒီဘောင်းဘီကို စိတ်တိုင်းမကျစွာ အပြီးသတ်လိုက်ရသည်။
ကျွန်မနာမည်ကို တပ်မပြောပေမယ့်
ကျွန်မကို ရည်ရွယ်တာလား၊ အခြား စက်ချုပ်သမလေးများကို လှမ်းအော်သည်လား အသေချာ
မသိနိုင်ပေမယ့် စူးစူးဝါးဝါး လှမ်းအော်သည့် သူ့ အသံကြားလျှင် ကျွန်မ အမြဲပင်
ထိတ်လန့်မိသည်။ 'သူ' ဆိုသည်မှာ စက္ကန့်နဲ့အမျှ အမြဲ စိတ်မရှည်၊
ဒေါသဖြစ်စွာ အော်ဟစ်နေတတ်သော 'ရာမီး' ဆိုတဲ့
အင်ဒိုအလုပ်သမ ဖြစ်သည်။
ရာမီးသည် ဘောင်းဘီ ချုပ်သည့်နေရာမှာ 'ဆရာကြီး'
ဟု နာမည်ကြီးပြီး ခက်ခက်ခဲခဲချုပ်ရသော အတွန့်အခေါက်ကလေးများပါသည့်
ဘောင်းဘီမျိုးပင် တစ်နေ့ ဆယ်ထည်မှ ဆယ့်ငါးထည်ထိ ပြီးစီးအောင် ချုပ်နိုင်သည်။
သူ့လက်ထဲ ရောက်လာတဲ့ ဘောင်းဘီမှန်သမျှ အပြီးမသတ်နိုင်၊ မလှပနိုင်တာမျိုးမရှိ။ သူ၏
အရိုးပြိုင်းပြိုင်း လက်တို့သည် မည်သည့်စက်အမျိုးအစားတွင်မဆို ပိတ်စကို
တွန့်ကာတွန့်ကာ ချုပ်သွားပုံမှာ တေးဂီတ တူရိယာတစ်ခုကို တီးခတ်နေပုံနဲ့ပင်
တူတော့သည်။ ဒီစက်ခန်းထဲမှ ဆွန်ဒါလိဆိုသော ခေါင်းဆောင်မိန်းမက ကျွန်မရဲ့
ထိတ်လန့်တကြား အပြီး သတ်ထားရသော ဘောင်းဘီကို ယူကြည့်ကာ...
'ရတယ်ချယ်ရီ၊ ဒီလောက်ဆို
အော်ပရက်စ်လိုက်ပြီး အဆုံးသတ်လိုက်တော့'
ကျွန်မရင်ထဲတွင် လှိုက်ခနဲ လေပြည်ကလေး
ဖြတ်ပြေးသွားသည်။ ကျွန်မလက် နဲ့ချုပ်တဲ့ဘောင်းဘီကလေး ပြီးသွားပြီ။ ကျွန်မ
ပျော်ရွှင်စွာ အော်ပရက်စ်ရှိရာသို့ သွားစဉ် 'ကြည့်ရအောင်' ဆို ပြီး ကျွန်မချုပ်ထားတဲ့ ဘောင်းဘီကို လှမ်းတောင်းတဲ့
ရာမီးလက်တစ်ဘက်ကြောင့် ခြေလှမ်း တုံ့သွားရသည်။ သူက ပခုံးမှ ပေကြိုးကို ဆွဲယူပြီး
ဘောင်းဘီ ဘယ်နဲ့ညာကို တိုင်းကာ...
'ဘယ်ဘက်က ၂၆ စင်တီ၊ ညာဘက်က ၂၆
စင်တီခွဲ၊ ဘယ်မှာညီလို့လဲ။ ဘောင်းဘီတစ်ထည်ချုပ်ရင် ဘယ်နဲ့ညာ ညီရမယ်ဆိုတာရော
နားလည်ရဲ့လား ချယ်ရီ'
ကျွန်မက
သိနားလည်ကြောင်း ခေါင်းညိတ်ပြတော့ သူက...
'ပြောလိုက်ရင်တော့
သိတယ်၊ သိတယ်၊ ခေါင်း တညိတ်ညိတ်နဲ့။ ပြီးရင် ထင်သလို လုပ်တော့တာပဲ' ဟု ပြောရင်းဆိုရင်း နံဘေးမှ ဓားတိုလေးဖြင့် ကျွန်မချုပ်ထားသော
သားရေကြိုးများ ကို ပယ်ပယ်နယ်နယ်ပင် ဆွဲခွာပစ်လိုက်သည်။ ကျွန်မ သည် သူ့လက်ထဲမှ
ကျွန်မ အဆုံးသတ်ခွင့်မရလိုက်တဲ့ ဘောင်းဘီလေးကို နှမြောစွာ ကြည့်ရင်း သူ့ကိုလည်း
မုန်းတီးမိပါသည်။ စက်ခန်းထဲက ခေါင်းဆောင်မိန်းမရဲ့ ခွင့်ပြုချက်ရလျက်ပင် ကျွန်မကို
ချုပ်ခွင့်မပေးဘဲ ကျွန်မ အလုပ် ဘောင်းဘီကို သူ့ အလုပ်အဖြစ် ထင်သလို
လုပ်ပစ်တော့မည်။ ကျွန်မ ထင်သည့်အတိုင်းပင် သူက ကျွန်မချုပ်ခဲ့သည့် အတိုင်းအတာ
အနည်းငယ်ကွာသည့် ဘောင်းဘီပိတ်စကလေးကို သူကိုယ်တိုင် ဘယ်နဲ့ညာ ညီညာအောင်
သားရေကြိုးတပ်သည်။ ငါးမိနစ်ပင် မကြာလိုက်ပါ။ သူ၏ ဆယ်နှစ်ကျော် လုပ်သက်နှင့်
အတွေ့အကြုံများက ဘောင်းဘီတစ်ထည် လှလှပပပြီးစီးသွားဖို့ လွယ်လင့်တကူပဲ
စွမ်းဆောင်ပြလိုက်သည်။ သူက ကျွန်မနံဘေးတွင် ဘယ်နဲ့ညာ ညီကြောင်း ပိတ်စနှစ်ခု
ပူးတွဲကာ သက်သေပြသည်။ ပြီးတော့ အော်ပရက်စ်လိုက်ကာ ဘောင်းဘီတစ်ထည် သူမ နာမည်နဲ့ပင်
အပြီးသတ်လိုက်သည်။
ကျွန်မ
စိတ်ပင်ပန်းစွာပင် 'ဆွန်း' လို့
အဖျားဆွတ် ခေါ်တဲ့ ဆွန်ဒါလိထံ ထပ်မံ အလုပ်တောင်းရပြန်သည်။ သူကတော့ အင်မတန်
ကြင်နာတတ်ပြီး ကျွန်မ အပေါ်နားလည်ကာ စိတ်ရှည်သည်။ သူက ဒီဇိုင်နာဖြစ်တဲ့ ကျွန်မကို
မဆူရဲ၊ မဟောက်ရဲ၊ စကားပင် မာမာ မပြောရဲ။ သူကတော့ ဘရာ စီယာနဲ့ ရေးကူးဝတ်စုံကို
အလှဆုံးဖြစ်အောင် ချုပ်တဲ့ သူမို့ ကျွန်မအလုပ်တောင်း လျှင် ရေမြှုပ်ကလေးတွေ၊
ဘောလီလေးနှစ်ဘက် အတောင်ကလေးတွေ သူ့ကို တွဲကူချုပ်စေပြီး ဘယ်ဟာက ဘယ်လိုခေါ်ကြောင်း
သင်ပေးသည်။ ကျွန်မက စက်လုံးဝ မချုပ်တတ်၊ မကိုင်တတ်သူမို့ စက်ချုပ်ခြင်း အမြင်မရှိ၊
ချုပ်ရိုးလှမလှ မကြည့်တတ်တာတွေကို သူက အချိန်နည်းနည်းယူ ပြောပြသည်။
ကျွန်မ ဒီလို
စက်အကြောင်းနားမလည်ဘဲ ဒီအခန်းမှာ အလုပ်သင်ရင်း အလုပ်တွေ ကူညီလုပ်ကိုင်နေခြင်းကို လူတွေအားလုံးက
အံ့သြကြသည်။ သူတို့သည် တစ်နေ့ ကျွန်မ လူကြီးလုပ်ဖို့ ဒီအခန်းထဲမှာ အလုပ်တွေ
လေ့လာနေခြင်းဟု သိချင်လည်း သိမည်။ တချို့ကလည်း နားမလည်နိုင်ကြ။ တချို့ကလည်း ကျွန်မ
ဒီလောက်စက်နဲ့ ဝေးကွာနေခြင်းကို စိတ်မရှည်စွာ အပြောချိုချို အပြုံးကလေး များနဲ့
မအော်ရဲ မဟောက်ရဲသည့်ကြားက လက်ခုံကို ခပ်နာနာလေး ဆိတ်ဆွဲပစ်ကြသည်။ တစ်နေ့တည်းကို
သုံးခါလောက် ဆိတ်အဆွဲခံရလျှင် လူက အလိုလိုပင် မျက်ရည်ဝဲချင်မိသည်။ အသား နာတာထက်
ရင်ထဲတွင် ဝမ်းနည်းမိသည်။ ကိုယ့်အထက်က မြန်မာဒီဇိုင်နာ အမျိုးသမီးတွေက
မသိနားမလည်တာတွေ မေးခွင့်ပေးထားပေမယ့် တကယ်တမ်းကျ သူတို့ဘက်က မျက်နှာသာမပေး၊
မနွေးထွေးဘဲ ကျွန်မအတွက်လည်း အချိန်မပေးလိုတာ သိသာလွန်းတော့ ဘယ်သူ့ကိုမှလည်း
အားကိုးတွယ်ကပ် မနေချင်ပါ။ ကျွန်မ၏ အလုပ်ချိန် ပြင်ပတွင်တော့ အလုပ်သမများသည်
ကျွန်မကို လှမ်းမအော်ရဲ မနှုတ်ဆက်ရဲကြ။ ဒီစက်ရုံမှာ သူဌေးက ဖောရိန်နာဖြစ်သော မြန်မာ၊
ဖီလစ်ပင်း၊ ထိုင်းလူမျိုးများနဲ့ ဒေသခံ အင်ဒိုအလုပ်သမများကို အဆင့်ခွဲခြားထားသည်။
ထမင်းစားချိန်ဆိုလျှင်
အလုပ်သမများသည် ကြမ်းပြင်တွင် ပန်းကန်မရှိ၊ ခွက်မရှိဘဲ စက္ကူအညိုနှင့် ထုတ်ထားသော
ထမင်းထုပ်များ ဖြန့်ခင်းကာ စုရုံးစားကြသည်။ ကျွန်မကတော့ စားပွဲ ကုလားထိုင်နဲ့
လူကြီးတွေနှင့် အတူထိုင်ကာ ဇွန်း၊ ခက်ရင်း သုံးကာ စားရပေမယ့် ထို မနက်စာမျိုးက
တစ်ခါတရံ ကျွန်မအတွက် မျိုမကျ။ အလုပ်ထဲမှာ အမှားအယွင်းများသောနေ့များတွင် အဆူခံ
အပြောခံရပြီး ဝမ်းနည်းရရင်း ထိုသို့ ဆူပူခဲ့သူများက ကျွန်မ ရှေ့ခြေနင်းဖတ်မှာ
ထမင်း ငုံ့စားနေကြပြန်သောအခါ ကျွန်မ သူတို့ကို မျက်နှာ ပူသည်။ အလုပ်ချိန်ပြီး
ပြန်ခါနီးကျတော့ သူတို့က ကျွန်မကို မျက်နှာချိုသွေးကြပြန်သည်။ ကျွန်မပြန်တဲ့ကားနဲ့
စက်ရုံဝင်းအပြင်အထိ ကားကြုံလိုက်ချင်လို့ပါတဲ့။ ခွင့်မပြုနိုင်စရာအကြောင်း
မရှိပေမယ့် သူ့တို့ကိုယ်တိုင် အထက်လူကြီးများကို မပြောရဲ။ ကျွန်မကတစ်ဆင့်
ပြောပေးရသည်။ ကားကြုံလိုက်ခြင်းမှာလည်း မြို့ထဲအထိ၊ သို့မဟုတ် သူတို့အိမ်
အနီးအနားအထိ လိုက်ခွင့်ရတာ မဟုတ်ဘဲ ဘတ်စ်ကားစီးဖို့ လွယ်တဲ့ စက်ရုံဝင်းပြင်ပ
လမ်းမကြီးအထိသာ ဖြစ်သည်။ အဲဒီအချိန်ကလွဲပြီး ကျန်တဲ့ အလုပ်ခွင်အချိန်တွေ မှာတော့
ကျွန်မက သူတို့ လက်ခုတ်ထဲက ရေသာသာ။
သူတို့
အိုဗာတိုင်ရှိသောနေ့များတွင် ဒီစက်ခန်းထဲမှ စက်အားလုံး လူပြည့်နေသဖြင့်
ကျွန်မအတွက် စက်ချုပ် လေ့ကျင့်ခွင့်မရ။ ထိုအခါမျိုးတွင် ကျွန်မက သူတို့ခိုင်းဖက်။
'အပ်ကျိုးသွားလို့
အပ်ယူပေးပါဦး ချယ်ရီ၊ ဒီပီ-၇၅'
ကျွန်မမှာ အပ်ထားရာ
အံဆွဲကို ဖွင့်ကာ အပ်အမျိုး အစားတွေကို ကြည့်ရသည်။ မရှိ။ ဒီပီ-၇၅ ကုန်နေပြီ။
ကျွန်မက အဲဒီ အပ်အမျိုးအစား ကုန်နေကြောင်း ပြောတော့ စတိုမှာ သွားတောင်းတဲ့။ ဒီတော့
စတိုရှိရာကို ပြေးရသည်။ မပြေး၍လည်း မဖြစ်။ အပ်ကျိုးသွားတဲ့မိန်းကလေးက စက်ခုံမှာ
ငုတ်တုတ်။ ကျွန်မကြာလျှင် သူပြဿနာ ဖြစ်နိုင်သည်။ သူ့လက်ထဲကို အပ်ထည့်လိုက်တော့
မတပ်ခင် အပ်ကလေးကို လှည့်ပတ်ကြည့်ပြီး...
'ဟင်း...ဒီပီ-၇၅ ကြီး၊
ငါလိုချင်တာက ဒီဘီ- ၇၅'
'ဟင်...ခုနက ပြောတော့ ဒီပီဆို'
'ဒီဘီ၊ ဒီဘီ'
သူက ကျွန်မသိအောင် သူ့ပါးစပ်ကို
တမင်ဟန်လုပ်ပြီး 'ဘီ'သံပေါက်အောင် အော်သည်။ ဒီတော့ သူလို ချင်တဲ့
ဒီဘီ-၇၅ ကို အံဆွဲထဲက အပ်ပုံးထဲမှ အလွယ်တကူ ထုတ်ပေးလိုက်ပါသည်။
'အော်ပရက်စ် အောက်ခြေကျဲပြီး
လွန်းကြပ် ဖြစ်နေတယ်။ မက်ကနစ် သွားခေါ်'
'ဘယ်မှာ သွားခေါ်ရမှာလဲ'
အော်ပရက်စ်ကိုင်တဲ့ မိန်းကလေးကို
ကျွန်မ လှမ်းမေးမိသည်။
'ဟိုး ထောင့်စွန်းအခန်းမှာ၊
ပရိုဒက်ရှင်းအခန်းကို ဖြတ်ပြီးသွား'
'မေးလေ၊ နင် မေးမှ သိမှာပေါ့။
မသိရင် ပရိုဒက်ရှင်းကလူတွေကို မေးပါ့လား'
ရာမီး၏ ကျယ်ကျယ်လောင်လောင်
အသံထွက်လာသည်။ သူ့စကားမဆုံးခင် ကျွန်မ စက်ခန်းထဲက ထွက်လာတော့ ဆွန်းဆီက...
'ချယ်ရီရေ...အလုပ်သမားတွေ
အိမ်သာနားမှာ စက်ပြင်သမားတွေ နားတဲ့ အခန်းရှိတယ်။ အဲဒီထဲက တစ်ယောက်ယောက်ကို
ခေါ်ရင် ရတယ်'
ဆိုသော အပြောကြောင့် အလုပ်သမတွေ၏
အိမ်သာကို တွေ့အောင်ရှာပြီး အပ်ချုပ်သမတစ်ယောက်ကို...
'Sample Room က အော်ပရက်စ်မကောင်းလို့ ဘယ်သူ့ကို
ခေါ်ရင်ရမလဲ မသိဘူး'
မေးတော့ မက်စ်ကွတ်ကို ခေါ်တဲ့။ ကျွန်မ မက်စ်ကွတ်လို့ခေါ်တဲ့
အော်ပရက်စ်ပြင်တာ ကျွမ်းကျင်တဲ့ စက်ပြင်သမားကို ရအောင် ခေါ်ပေးခဲ့သည်။ သူမဟုတ်ဘဲ
တခြားလူကို ခေါ်လာလျှင် ခေါ်လာသူက ပြင်တတ်မှန်း သိပေမယ့် မက်စ်ကွတ်က ပိုတော်တယ်၊
သူ့ကို သွားခေါ်ဆိုတာမျိုး မလွဲမသွေ ကြားရမှာ ကျွန်မ ခန့်မှန်းမိပြီးသား
ဖြစ်ပါသည်။ သူတို့က စက်ပြင်သမားနာမည် မပြောလိုက်တာကိုက ကျွန်မကို တမင်ပညာပြလိုက်တာ
ဖြစ်ပါသည်။
ခဏကြာတော့ ဘော်လီဆယ်စုံအတွက်
သားရေကြိုး ကျွန်မကို ဖြတ်ခိုင်းသည်။ ဘော်လီတစ်ထည်ကို သားရေကြိုး နှစ်ပင်တပ်တော့
ကြိုးစပေါင်း နှစ်ဆယ်။ အတိုင်းက ခြောက်ဆယ် စင်တီ။ ကျွန်မ သားရေကြိုးများကို
အတိုင်းညီအောင် ဖြတ်သည်။ သို့သော် အချို့ကြိုးတွေက အနည်းငယ် ကွေ့ကောက်နေတာတွေ
ပါသည်။ ဒါကို ကျွန်မက သတိမထားမိလိုက်သဖြင့် သူတို့ချုပ်ပြီးလို့
ကြိုးပါတပ်ပြီးချိန်မှာ အများစုက ညီညာကွက်တိ ဖြစ်ပေမယ့် အချို့ ပိုနေသော
ကြိုးစတွေက အပြင်ကို ထွက်နေသည်။ ပိုနေသော အပိုင်းလေးများကို ကတ်ကြေးဖြင့်
ဖြတ်လိုက်ရုံသာ ဖြစ်ပေမယ့် သူတို့က မေးခွန်းထုတ်သည်။
'သားရေကြိုး အပိုစတွေက ဘာလို့
အဲဒီလို မညီတာလဲ ချယ်ရီ'
ခုနက ဖြတ်လိုက်သော
ကွေ့ကောက်လိမ်တက်နေသည့် သားရေကြိုး ၆ဝ စင်တီသည်
ချုပ်တော့မှ ဆွဲဆန့်ပြီး ဘော်လီတစ်ထည်၏ ညာဘက်အနားမှာ တပ်လိုက်သောအခါ ၆၅
သို့မဟုတ် ၆၈ လောက် ဖြစ်သွားနိုင်သည်။ တစ်ဘက်က ဖြောင့်စင်းနေသော ဘယ်ဘက်က
သားရေကြိုးကတော့ ၆ဝ စင်တီပဲပေါ့။ ကျွန်မ အဲဒီလို ဖြစ်နေတာကို သူတို့ဘာသာစကားနဲ့
ဘယ်လို ရှင်းပြရမှာပါလိမ့်။ ကျွန်မက ရှည်ရှည်ဝေးဝေး မပြောတတ်သေး။ ကျွန်မ ပါးစပ်က စကားလုံးများ
စီကာစဉ်ကာ မထွက်လာနိုင်ခင် ရာမီးက ပြုံးစိစိနဲ့ ကျွန်မဆီ လျှောက်လာသည်။
'ချယ်ရီ၊ နင်
မြန်မာပြည်မှာနေတုန်းက စာမေးပွဲမှာ အဆင့်ဘယ်လောက်ရသလဲ'
သူ့ရဲ့ မဆီမဆိုင်မေးခွန်းကို
မေးလိုက်စဉ်မှာ သူ့မျက်လုံး ကျဉ်းကျဉ်းလေးသည် လှောင်ပြောင် သရော်ဟန်ဖြင့်
အရောင်တောက်ကာ မှိတ်လုလု ကျဉ်းမြောင်းနေသည်။ သူ၏ ကွေ့ကွေ့ကောက်ကောက်
ဆံပင်တိုလေးကို သားရေပင်နဲ့ စုချည်ထားကာ နဖူးကြောတွေ ပြောင်တင်း ပြီး
မျက်နှာတစ်ခုလုံး မော်ထားပုံက ကျွန်မအတွက် အလိုလို ထိတ်လန့်စရာ ဖြစ်နေသည်။ ကျွန်မ
အနီးအနားက မိန်းကလေးတွေက ကျွန်မ နားမည်ဘူးအထင်နဲ့...
'နင့်ကို အရင်က
အဆင့်ဘယ်လောက်ရသလဲ မေးတာ။ ကျောင်းမှာ စာမေးပွဲဖြေရင်ပြောတာ၊ သိလား။ ဆာသုလား၊
ဒူဝလား၊ ဆယ်ပုလုလား၊ ဒူဝပုလုလား၊ အဲဒီလိုမျိုး'
သူပြောပုံက အဆင့် ၁ လား၊ ၂ လား၊ ၁ဝ
လား၊၂ဝ လား ဆိုတာမျိုး။ ရာမီးသည် ကျွန်မခုံကို လက်နဲ့ထောက်ထားပြီး ကျွန်မအဖြေ
မပေးမချင်း အနားက မခွာတော့။
'ကျွန်မ အရင်ကတော့
အဆင့်ကောင်းလေးတွေ ရခဲ့ဖူးတာပဲ'
ကျွန်မအသံ တိုးတိုးလေး
ထွက်ပေါ်လာချိန်တွင် သူက...
'အဆင့်ကောင်းလေးတွေဆိုတာ
အဆင့်တစ်လား'
ကျွန်မ ဖြည်းညှင်းစွာ
ခေါင်းညိတ်ပြတော့ သူက ကျယ်လောင်စွာပြောရင်း ရယ်သည်။
'အဆင့်တစ် ရတဲ့လူကလည်း
ဘာမှလည်းမသိဘူး။ ဒီမှာတော့ အမြဲနောက်ကပဲ။ နင် အရင်က ဘာအလုပ် လုပ်စားခဲ့လဲ'
သူက ကျွန်မကို အင်တာဗျူးလုပ်တာလား၊
တရားခံစစ် စစ်တာလား မသိရပေမယ့် သူက မေးတော့ ကျွန်မက ဖြေရတော့မည်ပေါ့။
'ဟင့်အင်း ကျွန်မ
အလုပ်မလုပ်ဖူးဘူး။ ကျောင်းပဲ တက်ခဲ့တယ်'
'အလုပ် မလုပ်ဖူးဘူး၊ ဟုတ်လား။
ဒါဆို နင်အကြိုက်ဆုံး အလုပ်က ဘာလဲ'
ကျွန်မ ဘာဖြေရမလဲ။ စာရေးတဲ့အလုပ်လို့
ဖြေရမလား၊ မဖြစ်နိုင်ပါ။ ဒီလိုဖြေရင် သူနားလည်မှာ မဟုတ်။ သူနားလည်အောင်လည်း
ကျွန်မက မပြောနိုင်။ ကျွန်မ ခေါင်းခါပြီး 'မသိဘူး' လို့ တိုတိုတုတ်တုတ်ဖြေတော့...
'ဟွန့်၊ မသိဘူးတဲ့' ဆိုပြီး သူ့အပေါင်းအသင်းများကို ကျွန်မ နားမလည်နိုင်သော ဂျာဗားစကားနဲ့
ကျွန်မ အကြောင်းပြောပြီး ဝိုင်းဟားကြသည်။ ကျွန်မ ရှက်တဲ့ စိတ်၊ သိမ်ငယ်တဲ့
စိတ်များနဲ့ အငွေ့လေး အသွင်ပြောင်းပြီး ဖေဖေ မေမေရှိရာကို ပြန်ပြေးချင်မိတော့သည်။
ကျွန်မ ဒီလိုမျိုး လူပြော သူပြော တစ်ခါမှ မခံခဲ့ဖူးခဲ့။ ဒါကြောင့် 'လူတွေကြားထဲ ရောက်ရင် လူတွေနဲ့ ဆက်ဆံရတဲ့ အခက်အခဲ၊ ပြဿနာ တွေကို
ခံနိုင်ရည် ရှိရမယ်' ဆိုတဲ့ ဖေဖေ့စကားက နားထဲ ဝင်လာမိသည်။
ကျွန်မ ခံနိုင်ရည် မရှိပါဘူး။ ဟင်း...ကျွန်မကို ဒီလို
ဆက်ဆံပြုမူပြီး အထင်သေးတဲ့သူတွေကို တစ်နေ့ ကျွန်မ ဘယ်လိုများ
အုပ်ချုပ်ရမှာပါလိမ့်။
အဲဒီနေ့က ကျွန်မတို့ အိမ်ပြန်
မိုးချုပ်ကြသည်။ နောက်တစ်နေ့ ရုံးပိတ်ရက်ပေမယ့် အလုပ်တွေ မပြီးတဲ့အတွက်
သူတို့အားလုံး အလုပ်တက်ဖို့ လူကြီးတွေက တာဝန်ပေးချိန်မှာ ဆွန်းက ကျွန်မကို
လှမ်းမေးသည်။
'ချယ်ရီ မနက်ဖြန်
အလုပ်လာမှာလား'
သူ့လေသံက မရဲတရဲ။ ကျွန်မ မလာလည်း သူ
ဘာမှမတတ်နိုင်။ သူ့ဘက်က လာရမယ်လို့ ကျွန်မကို ပြောပိုင်ခွင့်မရှိ။ ကျွန်မ
အလုပ်တက်လျှင် ကြီးကြီးမားမား မချုပ်နိုင်ပေမယ့် အသေးအဖွဲ လေးတွေတော့
ကူညီလုပ်ပေးနိုင်တာမို့ အားလုံးက တက်စေချင်ကြသည်။ ပြီးတော့ လူတွေရဲ့
စိတ်သဘာဝအတိုင်း သူတို့အလုပ်တက်နေချိန် ကျွန်မတစ်ယောက်တည်း အိမ်မှာ
နားနေရမှာမျိုးကို သူတို့ လိုလားပုံမပေါ်။
'တကယ်လို့ မလာနိုင်လို့ရှိရင်
အရေးအကြောင်းဆို ကျွန်မ ဖုန်းဆက်လို့ရအောင် ဖုန်းဖွင့်ထားပေးပါနော်'
'ကျွန်မ လာမှာပါ ဆွန်း'
ကျွန်မ သူ့ကို ကတိပေးလိုက်ပြီး
ပြန်ဖို့ပြင်တော့ ထုံးစံအတိုင်း အလုပ်သမတွေက ကားကြုံ လိုက်စီးကြသည်။
ကားလမ်းမထိပ်ရောက် အားလုံးဆင်းကြတော့ ရာမီးက ရှေ့ဆုံးမှ အပြေးကလေးဆင်းပြီး
တစ်ဘက်လမ်းမှာ စောင့်နေတဲ့ သူ့ယောကျ်ားနဲ့ ကလေးရှိရာကို ပြေးသွားသည်။ ကလေးလေးက
တစ်နှစ်ကျော် နှစ်နှစ်လောက် ရှိမည်။
'သြော်...သူက အိမ်ထောင်နဲ့လား'
ကျွန်မက တအံ့တသြ အသံထွက်ပြောတော့
နံဘေးမှ မြန်မာတစ်ယောက်က...
'သူ မနှစ်ကမှ အဲဒီကလေးကို
မွေးတာ။ သူ တစ်နေ့ကို မနက် တစ်နာရီ၊ ည တစ်နာရီလောက်ပဲ မိသားစုနဲ့ သူ့ကလေးနဲ့
နေရလိမ့်မယ်။ သူက အလုပ်တော်တော့ အိုဗာတိုင်ရော၊ ရက်ပိုဆင်းရင်ရော သူ အမြဲပါတယ်။
သူနဲ့ ဆွန်ဒါလိတို့ကို စက်ရုံက ခွင့်သိပ်မပေးဘူး။ မနက်ဖြန် Wire Bar တွေ
ချုပ်တာ သူလည်း ကူရလိမ့်မယ်' ဟုဆိုပြီး အခြား တစ်ဦးကတော့...
'အဲဒီမိန်းမက တကယ်
ဖရိုဖရဲနိုင်တယ်။ နေ့လယ်က ထမင်းစားပုံများ လူနဲ့မတူဘူး။ မျောက်ကလေး ကျနေတာပဲ၊
ဆောင့်ကြောင့်လေး ထိုင်လို့။ ကျကျနန မနေတတ်၊ မစားတတ်ဘူး။ ဘယ်လိုများ
အိမ်ထောင်ကျတယ် မသိဘူး' ဟု ဝင်ပြောသည်။
ကျွန်မ စိတ်ထဲမှာလည်း သူ့ကို
အိမ်ထောင်နဲ့လို့ လုံးဝမထင်ခဲ့။ ယောကျ်ာလျာလိုမျိုး ဖြစ်နေသော သူ့ပုံစံက အမှန်
ကြည့်ရဆိုးသည်။ အခုကျတော့လည်း ကလေးကို ဆွဲပွေ့ယူလိုက်ပုံများ အဝေးက ကြည့်တာပင် သူ့
မိခင်မေတ္တာကို လှမ်းမြင်ခံစားလို့ ရနေပြန်သည်။
နောက်တစ်နေ့ ကျွန်မ ရုံးတတ်တော့
ရုံးပိတ်ရက် အချိန်ပိုဆင်းတာမို့ အားလုံးက အပြင်သွား အဝတ်အစားကိုယ်စီဖြင့်
လှပနေကြသည်။ ဒီနေ့ အချိန်ပိုမှာ ထုတ်လုပ်မှု ဌာန (Production)အတွက် Wire
Bar အမျိုးအစား ဘရာစီယာ အထည်ရှစ်ရာ ကူရမှာဖြစ်ပြီး အားလုံးက
မြန်မြန်ဆန်ဆန် ပြီးအောင် ချုပ်ရမှာ ဖြစ်သည်။ ထုတ်လုပ်မှု အထည်တွေက ကျွန်မ
တို့ဌာနက Sample (နမူနာ) ထည်တွေလောက် လှစရာ၊ တိကျစရာမလို။
ဒါပေမယ့် သေသေသပ်သပ်ဖြစ်ဖို့ လိုပြီး အနာအဆာနဲ့ အပြစ်ပြောစရာတော့ မရှိစေရပါ။
ကျွန်မက ဆန်ပုံးလို့ခေါ်တဲ့
ဘရာစီယာအကြမ်းထည်ဖြစ်အောင် အတောင်လေးတွေ၊ ရင်အုံလေးတွေ၊ အလယ်က တြိဂံပုံ
သုံးမြှောင့်ကလေးတွေကို ဆက်ပေးသည်။ အထည်ရှစ်ရာဆိုတော့ တစ်ယောက်စီကို တစ်ရာကျော်
နှစ်ရာလောက်ပြီးအောင် ချုပ်ရသည်။ အမှန်မှာ ဒီလိုနေ့မျိုးတွေက ကျွန်မ တို့လို 'ဖော်ရိန်နာ'
တိုင်းအတွက် အားလပ်ရပ်ဖြစ်ပြီး အချိန်ပိုကို စေတနာနဲ့ ဆင်းရင်လည်း
သူတို့လို အပိုကြေး မရပါ။ အိုဗာတိုင် မိုးအလင်းနေလည်း သူတို့လို တစ်နာရီ
ဘယ်လောက်ဆိုပြီး လုပ်ခ တွက်ပြီး မပေးပါ။ ကျွန်မတို့ကို တစ်လစာ လခအပြည့်
ပေးပြီးသားမို့ ဖြစ်ပါသည်။
အလုပ်ချိန်က မနက် ရှစ်နာရီမှ ညနေ
ငါးနာရီထိ ဖြစ်ပေမယ့် နေ့လယ် ထမင်းစား နားခါနီးမှာ ဒီဇိုင်နာထဲမှ အကြီးဆုံး
အင်ဒိုတရုတ် ကပြားအဘွားကြီးက စက်ခန်းထဲ ဝင်လာပြီး...
'တကယ်လို့ နင်တို့
ထမင်းစားချိန် မနားဘူးဆိုရင် ငါ ညနေ သုံးနာရီ ပြန်လွှတ်မယ်။ ဘယ်လိုလဲ'
အားလုံး ပျော်သွားကြပါသည်။
'မနားဘူး၊ မနားဘူး၊ သဘောတူတယ်'
'ဒါဆို မြန်မြန်လုပ်'
အားလုံး တက်တက်ကြွကြွ အလုပ်လုပ်ဖြစ်ကြသည်။
နေ့လယ် နှစ်နာရီလောက်တွင် အလုပ်တွေ ပြီးသလောက် ဖြစ်သွားပေမယ့် ဘရာစီယာ
တစ်ထည်ချင်းကို ဝိုင်ယာကွင်းကလေးတွေ မသွင်းရသေး။ အဲဒီအလုပ်ကိုလုပ်ဖို့ လူတိုင်း
လက်တွန့်ကြသည်။ တစ်ခုနှစ်ခုဆို မသိသာပေမယ့် အများကြီးဆို လက်ဖဝါးနဲ့
ဖိသွင်းရတာမို့ လက်တွေက သိသိသာသာ နာလာသည်။
'ချယ်ရီ၊ သရစ်စနားနဲ့
နိုးနီးကို ကူလိုက်ပါဦး'
ဆွန်းက ကျွန်မကို အလုပ်ထပ်ပေးသည်။
ဘရာစီယာတစ်ထည်စီကို ဝိုင်ယာသွင်းဖို့ စက်ဆီကို ဝိုင်ယာထိပ်မှာစွပ်ပြီး
ဝိုင်ယာသွင်းတဲ့အပေါက်ထဲ ထိုးထည့်ရသည်။ တစ်ဘက်က ထည့်တဲ့ကွင်းသည်
နောက်တစ်ဘက်အစွန်းကို ပြန်ထွက်စေပြီး ဝိုင်ယာတစ်ခုလုံး ကွင်းထဲပြေးနေမှ အဲဒီ
အထည်ကို ဝတ်ဆင်သူသည် လှလှပပနဲ့ အဆင်ပြေပြေ ဖြစ်ပေလိမ့်မည်။ သွင်းပြီးသား'ဝိုင်ယာဘရာ'
တွေကို ခိုင်ခန့်သွားအောင် ထိပ်ကနေ စက်နဲ့တစ်ခါတည်းပိတ်ပြီး
ရိုက်တဲ့အလုပ်ကို ရာမီးက တာဝန်ယူသည်။ သူက ကျွန်မတို့ သုံးယောက်ထက် မြန်သည်။
ကျွန်မတို့ဆီမှ သယ်သွားသော ဘရာစီယာ တစ်ထပ်ကြီးကို သူ စက်ဖြင့်ပိတ်လိုက်ခြင်းမှာ
အချိန်ခဏကလေးသာ။ သူက ကျွန်မတို့ဆီမှာ အထည်တွေ လာလာစောင့်ယူခြင်းကို စိတ်မရှည်တော့။
'ချယ်ရီက သိပ်ကြာတာပဲ၊
ဘာလုပ်လုပ် အမြဲကြာတယ်။ ဒီမှာကြည့် ဒီလိုယူ၊ ဒီလိုထည့်၊ ဒီလိုဆွဲရတယ်။ တစ်ခါတည်း
သွင်းနေတာ မဝင်နိုင်ဘူး။ အားဆေး ဝယ်ပေးရဦးမှာလား၊ ဝိုင်ယာလေး အပေါက်ထဲဝင်အောင်
ထည့်ဖို့အရေးကို'
လူသုံးယောက်လုပ်တဲ့ အလုပ်ကြာတာချင်း
အတူတူ ထွက်တော့ ကျွန်မနာမည် တစ်ခုတည်းသာ။ ကျွန်မ သူ့ကို စောဒကမတတ်ချင်တော့။
ချစ်သူကို မုဒိတာပွား၊ မုန်းသူကို ဥပေက္ခာထားရမည်တဲ့။ ကျွန်မ သူ့ကို ဥပေက္ခာ
ပြုထားသည်။ ကျွန်မလည်း လူသားတစ်ယောက်မို့ ကျွန်မကို အကြိမ်ကြိမ် စိတ်သောက
ရောက်စေသူကို စိတ်ဆိုး မုန်းတီးမိပါသည်။
မနေ့က ကြုံခဲ့သော အဖြစ်အပျက်ကို
အိမ်ရောက်မှ ဝမ်းနည်းပြီး ဘေးအခန်းက မြန်မာအမျိုးသမီး တစ်ယောက်ကို
ရင်ဖွင့်ပြောရင်း မျက်ရည်ကျမိတော့...
'သူတို့ကများ အဲဒီလို
ပြောရလား။ နောက် သူတို့ အဲဒီလို မေးလာရင် ဆာဆုဆိုပြီး လက်ညှိုးတစ်ချောင်းထောင်၊
အကျယ်ကြီး အော်ပစ်လိုက်။ သူတို့ ဘာကျောင်းစာမှ လေ့လာဖူး သိဖူးတာ မဟုတ်ဘူး၊
ဂရုမစိုက်နဲ့။ မေ့ထားလိုက်' တဲ့။
သူပြောတာမှန်သည်။ ဒါပေမယ့် ကျွန်မ
သူတို့နဲ့ ဖက်မဖြစ်တတ်။ မြန်မာအချင်းချင်းပင် စကားနိုင် မလုတတ်တဲ့ ကျွန်မ၊
သူတို့လို လူမျိုးခြားတွေနဲ့ စကားနိုင်လုဖို့ဆို ပိုဝေးသွားမည်။ ဘာပဲပြောပြော
ဘောင်းဘီမှာလည်းတော်၊ ဘရာစီယာ ချုပ်တဲ့နေရာမှာလည်း ကျွမ်းကျင်တဲ့ ရာမီးကို ကျွန်မ
မချီးကျူးဘဲ မနေနိုင်။ သူ အော်တတ်တဲ့အကျင့်ကလည်း မွေးရာပါလား မပြောတတ်။
ကျွန်မကိုမှ မဟုတ်။ တခြား အလုပ်သမများကိုလည်း ဒီလိုပဲ ပက်ပက်စက်စက် ပြောချင်ရာ
ပြောသည်။ အလုပ်သမတစ်ဦး အလုပ်တစ်ခုမှားလျှင် 'နင် မနက်ဖြန် လာစရာမလိုဘူး၊
ပြန်တော့' လို့ ပြောတတ်သည်။ 'နလပိန်းတုံး၊
တုံးလိုက်တာ' ဆိုသော စကားမျိုး လူတိုင်းအတွက် သူ့ပါးစပ်က
အလွယ်တကူ ထွက်လာလေ့ ရှိသည်။
ကလေးတစ်ယောက် မိခင်ဖြစ်ပါလျက်
လူတွေကို မကြင်နာတတ်၊ မနှစ်သိမ့်တတ်။ စိတ်မရှည်စွာ အမြဲ ငြူစူနေတတ်သည်။ ဒါပေမယ့်
အထက်လူကြီးများတွက်တော့ သူက တပည့်ကောင်း။ ကျွန်မ လူကြီးဖြစ်လာသော တစ်နေ့တွင်
သူ့ကို တပည့်အဖြစ် လက်သပ်မွေးမြူမည်ဟု စိတ်ကူးယဉ်ထားသည်။ အခုပဲကြည့်။ ကျွန်မ နောက်တစ်ရက်
Buyer (ဝယ်သူ့)ထံ ဘောင်းဘီ အရေးတကြီးပို့ချင်လျှင် ဒီနေ့ ညနေပင် သူ့ကို
အပြီးချုပ် ခိုင်းလျှင်ရသည်။ သူက ထိုအချိန်မျိုးတွင် လူမဟုတ်၊ အသက်သွင်းထားတဲ့
စက်ရုပ် တစ်ရုပ်။ ညည တီဗီထဲမှာ မြင်ရနေကျ နာမည်ကြီး မော်ဒယ်လ်များ၏ ရေကူးဝတ်စုံ
ဖက်ရှင်ထည်များက ရာမီး၏လက်နဲ့အရင် အလှပဆုံးပုံစံ ချုပ်ပြီးမှ ထုတ်လုပ်မှုဌာနကို
ဖြတ်ကာ နိုင်ငံခြားက ကျွန်မတို့ ဖောက်သည် ကုမ္ပဏီကြီးတွေထံ ပေးပို့ရောင်းချရတာ
ဖြစ်သည်။ ရာမီး၏လက်သည် ရွှေလက်။ သူ၏ ပါးစပ်သည် သံပါးစပ်။
အဲဒီနေ့က ညနေ သုံးနာရီထိုးတွင်
အထည်တွေ အားလုံး အချောသတ် ပြီးစီးသွားသည်။ ဘယ်သူ အလုပ်အကြိုးစားဆုံး၊ အလုပ်
လုပ်နိုင်ဆုံး ဆိုတာ ကျွန်မက စက်ခန်းထဲမှာ ရှိနေလို့ သိသလို အကြီးဆုံး
အင်ဒိုတရုတ်မကြီးကလည်း သိသည်။ ညနေ အပြန်ခရီးတွင်...
'ရာမီးရေ...ဆင်းနေကျလမ်းမှာ
မဆင်းနဲ့ဦးဟေ့။ တို့နဲ့ ခဏလိုက်ခဲ့ဦး'
အဘွားကြီးက သူ့ တစ်ယောက်တည်း ကွက်ကာ
ကြက်သား၊ ကြက်ဥ၊ အုန်းနို့ အနှစ်တို့နှင့် ရောကြော်ထားသော စပါယ်ရှယ်
ခေါက်ဆွဲကြော်ဝယ်ပေးပြီး သူ့ကို ဆုချသည်။ နောက်ပြီး သူ မရောက်ဖူးသော ခပ်ပေါပေါ
ဈေးတစ်ခုထဲ ခေါ်ကာ 'ဘာ လိုချင်သလဲ၊ ဝယ်ပါ' လို့ ပြောသည်။ သူက မဝယ်၊
ဟိုကြည့်ဒီကြည့်နဲ့ ပြီးသွားတော့ အဘွားကြီးက သူ ကိုယ်တိုင်သွားချင်တဲ့
ရှော့ပင်းမောလ် ဈေးကြီးသို့ ရာမီးကို ဆက်ခေါ်သွားသည်။
'ဒီမှာတော့ မဝယ်နဲ့ဟေ့၊
ကြည့်ရုံပဲ ကြည့်။ ဈေးကြီးတယ်'
အဘွားကြီးက သူ့ကို ရာဇသံလိုလို
သတိပေးတော့ သူက ခေါင်းညိတ်ပြသည်။ မော်လ်ထဲအဝင် သူက ကျွန်မလက်ကို လာတွဲသည်။ သူ့
ဝတ်စုံမှိန်မှိန်နဲ့၊ ဖိနပ်က ညစ်ထေးထေး။ သူ့ကိုသူ ရှက်ရွံ့နေသလား၊ သိမ်ငယ်နေသလား
မပြောတတ်။ ကျွန်မကတော့ သူ့အဖြစ်ကို မသိချင်ယောင်ဆောင်နေရင်းပင် သူ
ဘယ်လိုခံစားနေရသည်ကို အလိုလို သိနားလည်နေမိသည်။ ကျွန်မ မော်လ်ထဲမှာ ပစ္စည်းများကို
လိုက်လံကြည့်ရင်း မေမေ့အတွက် ပဝါအပြာနုနုလေး ဝယ်လိုက်သည်။
သူက ဒါကိုမြင်တော့ 'ဘာလုပ်ဖို့လဲ'ဟု မေးသည်။
ကျွန်မက 'အမေ့တွက်'လို့ ဖြေတော့ သူက 'အိမ်အတွက်ပစ္စည်းတွေ စုနေတာလား'
တဲ့။ သူ့စကားကို ခေါင်းညိတ်ပြတော့ ကျွန်မလက်ကို ထပ်မံလာတွဲပြန်သည်။
ဒီနောက် ကလေးပစ္စည်းတန်းဘက်
ရောက်သွားသည့်အခါ သူက ကလေးစီးဖိနပ် မီးခိုးလေးကို ဇက်ခနဲ ကောက်ကိုင်ကာ
လက်မှမချတော့။ ဖိနပ် အောက်ခြေကို လက်နဲ့ပွတ်သပ်ပြီး ဖိနပ်လေးကို နှစ်သက်စွာ
စိုက်ကြည့်ပြီး...
'အရမ်းလှတာပဲ၊
ဈေးကလည်းကြီးလိုက်တာ' ဟု တစ်ယောက်တည်း ညည်းညူနေသည်။
သူ့အဖြစ်ကို နံဘေးက ငေးကြည့်နေမိတဲ့ ကျွန်မပင် ဖိနပ်ကလေးကို လိုချင်တပ်မက်လာမိသည်။
ဖိနပ်ဈေးကို လှမ်းကြည့်လိုက်တော့ သူ့ဖိနပ်ဈေးက ကျွန်မတို့အရွယ် ဖိနပ်ဈေးနှင့်
အတူတူပင်။ ရာမီးတို့လို အလုပ်သမတွေဝယ်ဖို့ စဉ်းစားတွေဝေလောက်စရာ ဖြစ်သည်။
ချက်ချင်းလို မေမေ့ကို သတိရမိသည်။
'မေမေ ရုံးကအပြန် သမီးအတွက် အင်္ကျီလေးနဲ့
ဖိနပ်လေး ဝယ်လာတယ်၊ စမ်းဝတ်ကြည့်စမ်းပါဦး။ ဆိုင်မှာ သမီးတို့အရွယ်ဝတ်တွေချည်းပဲ။
လခမထုတ်သေးလို့ လကုန်မှပဲ ဝယ်ရ မလားလို့ ဆိုင်ရှေ့မှာ အကြာကြီး စဉ်းစားနေတာ။
ဒါပေမယ့် အခုကြိုက်တဲ့ဟာလေးတွေက လကုန်ရင် ရှိချင်မှ ရှိတော့မှာ၊ မထူးပါဘူးဆိုပြီး
ဇွတ်ဝယ်လာလိုက်တာ။ ဝတ်ကြည့်ဦး၊ သမီးကြိုက်ရဲ့လား'
လကုန်ခါနီးရက်မျိုးတွေမှာ မေမေ့ဆီက
မကြာခဏ ကြားဖူးနေကျ စကားသံလေးတွေ နားထဲကြားနေမိတော့ ကျွန်မလက်က သူ တွန့်ဆုတ်စွာ
ပြန်ချထားတဲ့ ဖိနပ်လေးဆီ ရောက်သွားပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းပြီး
ရာမီးလက်ထဲ ထည့်ပေးလိုက်သည်။
သူ မယုံနိုင်သလို ဖြစ်သွားပြီး ကျွန်မ
သူ့ဆီမှာ မြင်နေကျ မောက်မာတဲ့ အကြည့်တွေ၊ သရော်တော်တော် အပြုံးတွေ သူ့မျက်နှာမှာ
မတွေ့ရ။ ထားတော့။ တကယ်တော့လည်း ကျွန်မ သူ့ကို ကြည့်နေပေမယ့် အပေါက်ဆိုးသလောက်
အကျည်းတန်လှသော အင်ဒိုနီးရှား မိန်းမတစ်ယောက်ကို မမြင်ရ။ ကျွန်မကို သိပ်ချစ်ပြီး
မဆူရက်၊ မရိုက်ရက်၊ ဖေးမကြင်နာတတ်တဲ့ မေမေ့မျက်နှာကိုပဲ မြင်နေမိသည်။
ကျွန်မ အိပ်မက်ထဲမှာပဲ
တွေ့ခွင့်ရတော့တဲ့ မေမေ့မေတ္တာ နှင်းဆီရနံ့ကို သူ့ထံက ကျွန်မ ခံစားရသည်။ ကျွန်မကို
ဒုက္ခပေးလွန်းတဲ့ ဒီမိန်းမမျိုးကို ဘာကြောင့် ဖြည့်ဆည်းပေးမိသလဲလို့ ကျွန်မကိုယ်
ကျွန်မ နားမလည်သလို ဖြစ်မိပေမယ့် ကျွန်မဘဝလမ်းပေါ်မှာ အမြဲ အနှောင့်အယှက်ပေးနေတဲ့
ကန္တာရဆူးပင်ပေါ်မှာ အိပ်မက်နှင်းဆီတစ်ပွင့် ပွင့်သွားတာ ကျွန်မ မြင်လိုက်ရသည်။
ဒီလိုဆူးပင်မျိုးမှာ
နှင်းဆီပွင့်စေနိုင်လိုက်တဲ့ ကျွန်မရဲ့ နှလုံးသားအတွက် 'ကျေနပ်ကြည်နူးရတဲ့
ညချမ်း'ကတော့ မေမေ အဝေးက လှမ်းပို့လိုက်တဲ့ လက်ဆောင်လို့ပဲ
ကျွန်မ ခံစား မှတ်ယူချင်ပါသည်။
စုသဲမွန်
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။