ကိုငြိမ်း၊မန္တလေး၊
တစ်။
အိမ်ကွင်းရောဂါနှင့်
အဝေးကွင်းရောဂါ ကြင်နာသံသဲ့သဲ့က နာကျင်သောပခုံးများပေါ် ကျော်နွဲ့၍
စောဘရန်ငြိမ်းဆီသို့
အသံဖော့ဖော့ ရောက်လာခဲ့တော့၏။
'လူလေး...လူလေး...
ရောက်လာပြီလား၊ မကျန်းမာဘူးကြားလို့ မလာနိုင်ဘူး ထင်တာ...' နောက်ကနေ ပခုံးပုတ်၍
သိုင်းဖက်လိုက်သော အနွေးကြောင့် သူ လွမ်းကျဉ်သွားတော့၏။ အတိတ်ဆီက
အလွမ်းပို့လိုက်သလို ခံစားရပြီး ရုတ်တရက် ပုတ်ဖက်လိုက်သော အသံရှင်၏ လက်များကြောင့်
ကျီးပေါင်းထပခုံး၏ ထုံကျဉ်မှုများ၊ ပခုံးမှသည် လက်ဖျားအထိ ဖြေတားချိန်မရလိုက်ဘဲ
ဖြာ၍ ကျဉ်ဆင်းသွားတော့၏။
'ဟုတ်...ဆရာ'
စောဘရန်ငြိမ်းက
သူ့ပခုံးကို ဖက်လာသူ သူ့ဆရာအား ဒါလောက်သာ ပြန်၍ ပြောနိုင်သည်။ ထိုအချိန် 'ကြည်နူးမှု'ကလည်း ကောက်ခါငင်ခါ အသက်ဝင်လာပြီး
ဆံဖျားများမှစကာ သူ့မျက်နှာ၏ အမွမ်းအမံများ၊ ဖြစ်ထသော အမွေးအမှင်များကြားမှ မြွေမကြောက်၊
ကင်းမကြောက် လျောဆင်းလျက် ခြေသည်းများပင် နွေးသွားစေတော့၏။
'ဟုတ်...ဆရာ'
ဆရာက နောက်ထပ်
ဘာတွေပြောနေမှန်းတော့ သူမသိ။ သူက ဆရာကို မှုန်မှုန်မှိုင်းမှိုင်းပင်
လည်ပြန်ကြည့်ရင်း ဒါကိုပဲ ပြောလိုက်မိသည် ထင်၏။ သူနှင့်ဆရာတို့ ဆုံတွေ့နေသည်က M.I.C.T မှာ
ဖြစ်သည်။ သူက အခန်းအတွင်းသို့ မဝင်သေးဘဲ ဧည့်မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေခိုက်
ဆရာတပည့်နှစ်ဦး ဆုံတွေ့နေခြင်း ဖြစ်၏။ သူ၏ လည်ပြန်အကြည့်ထဲတွင် သူ့ဆရာ၏ အပြုံးများ
တဖိတ်ဖိတ် ထင်းရှားလာနေသည်ကို သူတရိပ်ရိပ် တွေ့မြင်နေရပြီ ဖြစ်သည်။ ယင်းနောက် ဆရာ၏
အပြုံးများသည် နောက်ဆုံးတွင်'ချားရဟတ်'ပေါ်
ပါသွားသည်ကိုသာ သူတွေ့လိုက်ရတော့သည်။
'ဟုတ်...ဆရာ'
သွေးတိုးရောဂါက သူ့
မျက်လုံးများကိုပါ ချားရဟတ်ထဲ ထည့်လှည့်သောအခါ ဆရာ့အပြုံးတွေ ကြိုးခုန်ကုန်၏။
ခဏကြာသောအခါမှ အငြိမ်ပြုံးများအဖြစ် အပြုံးများ ငြိမ်သွားတော့၏။
သူ့ဆရာက သူ
ခုနစ်တန်းတုန်းက မြန်မာစာပြ ဆရာဖြစ်သည်။ ကဗျာ ဆရာမောင်ယဉ်လှိုင်၊ အမည်ရင်း
ဦးဝင်းမောင် ဖြစ်သည်။ အခုလို M.I.C.T ပေါ် စောဘရန်ငြိမ်း
ရောက်ရှိလာခြင်းကလည်း သူ့ဆရာဖြစ်သော ကဗျာဆရာမောင်ယဉ်လှိုင်၏ ပထမဆုံးထုတ်ဝေသည့် 'ကန်စွန်းနွယ်
ကဗျာ ပေါင်းချုပ်' ကဗျာစာအုပ် မိတ်ဆက်ပွဲအတွက် သူ
ရောက်ရှိလာခြင်းပင်။
ဆရာရင်းဖြစ်သူ၏
ကဗျာစာအုပ် မိတ်ဆက်ပွဲသို့ စာပေနယ်ကို ရောက်ရှိ ခြေချပြီးသား တပည့်ရင်းတစ်ယောက်အနေနဲ့
'လာချင်စိတ်'အလွန်ရှိ၍သာ
ရောက်လာခဲ့ခြင်း ဖြစ်သည်။ လာချင်စိတ်ဟု အထူးပြု ပြောလိုက်ရခြင်းကလည်း
အခြားကြောင့်တော့မဟုတ်။ သူ့ ကျန်းမာရေးကြောင့်ပင်။ ယခုအချိန်တွင်
သူ့ခြေထောက်များပင် ကျန်းမာရေးက ခွင့်ပြုသလောက်သာ ခြေလှမ်းနေရသော အချိန်မျိုး။
ခြေထောက် ဆင်ခြင်နေသော ကာလ။ ခြေထောက် ကိုယ်တိုင် ခြေးလှမ်းတွေ ကန့်သတ်ပေးထားသော
တစ်ယောက်တည်း ကျင်းပသည့် အခမ်းအနား။ လက် ခေါက်မှုတ်သံ ရွှီ...ရွှီ...မရှိ။ ယခု
သူ့ဆရာပွဲသို့ ရောက်လာခဲ့သော ခြေလှမ်းများမှာလည်း ကျန်းမာရေးက ခွင့်မပြုသော
ခြေလှမ်းများဖြင့်ပင် သူ ရောက်လာခြင်း ဖြစ်၏။
မတ်လ၏ နေရောင်
နွေရောင်အောက်တွင်ပင် သူ အနွေးထည် ချွတ်ခွင့်မရသေး။ အမြဲတမ်း အေးစက်ထုံခဲနေသော
ဘယ်ဘက်လက်က ဝီစီသံမပါဘဲနှင့်လည်း ထုံကျဉ်လာတတ်သည်မို့ သူ အနွေးထည် မချွတ်ရဲ။
မချွတ်။
သူ့တွင် လူ
လှုပ်လှုပ်ရှိရင် လက်တွေ ထုံကျဉ်တတ်သော ပခုံးကျီးပေါင်းရောဂါနှင့် စိတ် လှုပ်လှုပ်ရှိရင်
ခေါင်းတွေ မူးဝေစေသော သွေးတိုးရောဂါဟူ၍ ရောဂါနှစ်မျိုးကလည်း ရှိသေးသည်။
ထိုရောဂါနှစ်ခုကလည်း သူတို့ ကန်ထရိုက်ရထားသော 'ခန္ဓာအိမ်'
ကို ဘယ်အချိန် ပြိုကျကျဟု သဘောထားကြသည်လား မသိပေ။ ခန္ဓာအိမ်အပေါ်
စေတနာနည်းကြသည်။ ခန္ဓာအိမ်ကို သူတို့က 'အချဉ်ပလာဇာ' ဟု သဘောထား ကြပုံရသည်။
ထို့ကြောင့် သူက
အနေအထိုင် အလွန်ပင် ဆင်ခြင်လှပေသည်။ ဥပမာ ခေါင်းလှုပ်လျှင် ခေါင်းမူးမည်ဆိုပါက
လည်ပင်းကို ကျောက်ပတ်တီးစည်းမည်။ ထို့အပြင် လျှာထုတ်လျှင် ခေါင်းလှုပ်၍
ခေါင်းမူးသွားမည် ဆိုပါက သူသည် ဘဝတွင် လုံးဝ လျှာမထုတ်တော့။ လျှာကို ပါးစပ်အတွင်းမှာပင်
သိုသို သိပ်သိပ် သူ သိမ်းမည်... သိမ်းမည်။
သည်အထဲ 'ကိုကျီးပေါင်း' ကလည်း သိပ်စိတ်မရှည်ချင်။ ဒီမယ်ဖြင့်
ခုနှယ်ခါ ဝတ္ထုတစ်ပုဒ်ရေးမည်ဆိုလျှင် ဆယ်မိနစ် ရေး၊ ဆယ်မိနစ် နား၊ ပြီးတော့
ဆယ်မိနစ် ပြန်ရေး။ သည်လို ဆယ်မိနစ် ပြန်နားရင်း ယင်းသို့ ဆယ်မိနစ် ရေး၊ ဆယ်မိနစ်
နား စနစ်ဖြင့် သည့်နှယ် အားစိုက် ကြိတ်လိုက် ဆယ်မိနစ်။ သို့နှယ့် အားဖယ် နားလိုက်
ဆယ်မိနစ် ဆိုတော့ကား တွင်ကျယ်မှုက သိပ်မကျယ်ဘဲ 'သေး'ကုန်တော့၏။
ဥရောပလောက၏
ဘောလုံးပြိုင်ပွဲများတွင် အိမ်ကွင်းနှင့် အဝေးကွင်းဟု အခေါ်အဝေါ် နှစ်မျိုးရှိရာ
သွေးတိုးရောဂါမှာ ငယ်ပေါင်းသဖွယ် အနေကြာပြီ ဖြစ်၍ အိမ်ကွင်းရောဂါကဲ့သို့
ဖြစ်နေပြီး ထိုကွင်းကိုပင် 'ယူနိုက်တက်ကျီးပေါင်း' အသင်းက အဝေးကွင်းအဖြစ် လာရောက်ခြေစွမ်း ပြတတ်ပေသေး၏။ တစ်ရောဂါ၏ခြေကို
တစ်ရောဂါက ကြိုမြင်နေကြပြီး နှစ်သင်းလုံး ကွင်းလယ်ကို ချုပ်ကိုင်ပြီး
စိုးမိုးထားဖို့ အင်အားများရှိကြပြီး အလစ်တွင် 'ကောက်စား'
ဖို့လည်း ခြေပြင်ပြီးသားတွေချည်း ဖြစ်သည်။
ဖြစ်နေပုံကို ပြောရဦးမည်။
ပခုံးကျီးပေါင်းရောဂါကြောင့် လက်တွေ ထုံကျဉ်မှုက လိမ်းဆေး စားဆေးအပြင်
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကိုလည်း လုပ်ရသေးသည်ဖြစ်ရာ သွေးတိုးရောဂါက
အထိမခံ ရွှေပန်းကန်။ ဒီသွေးတိုးကလည်း သူချည်း အဖိုးတန်နေတယ်ထင်တော့ ခက်ပြန်၏။
သူခမျာလည်း အခုချိန်မှာ စက်ဘီးကို လှိုင်လှိုင်ကလေးပင် စီးနေရသည်။
သွေးတိုးရောဂါအတွက် အင်္ဂလိပ် ဆရာဝန်ဆီ နင်းလိုက်၊ စက်ဘီးကလေး၊ ကျီးပေါင်း
ရောဂါအတွက် မြန်မာ အကြောပြင်ဆရာဆီ နင်းလိုက်၊ စက်ဘီးကလေး။
အဲ...ကျီးပေါင်းဆရာဆီ
ရောက်သွားပြီဆိုရင်လည်း ကျီးပေါင်းဆရာက သူ့ကို ဖမ်းပြီး မေ့စေ့ကြိုးသိုင်း
အဝတ်ဖြင့် ဆွဲ၍ တစ်နာရီလောက် တိုင်မှာ ချိတ်ထားလိုက်ကရော။ မေးစေ့မော့မော့
ရုပ်သေးရုပ်ကလေးတိုင်မှာ ချိတ်ထားလိုက်သလို။ ထို့အပြင် လက်နှစ်ဖက်သာ အတောင်ပံလို
လုပ်ထား လိုက်လျှင် တရုတ်စားသောက်ဆိုင် မှန်ကောင်တာထဲမှ ဘဲကင်။ အချိန်စေ့၍
မေးကိုသိုင်း၍ ဆွဲတင်ထား သောကြိုးကို လျော့ချလိုက်သောအခါ ကျီးပေါင်းရောဂါတို့
ဘယ့်နှယ့်နေသည် သူ မသိ။ သူ့အတွက် ကမ္ဘာကြီး ပြောင်းပြန်လည်နေပြီ ဖြစ်သည်။
ရောဂါနှစ်မျိုး၏ ဆေးသောက်ချိန်များကိုလည်း နောင်ဂျိန်မချအောင် အချိန် ခွာပေးရသေး၏။
အင်း...အိမ်ကွင်းမှာ
ဒီဆေးနှစ်မျိုးသာ...
အတူ 'ကန်' ခွင့်ပေး လိုက်ရင်...
နှစ်။
ဥသြရင်ဆိုင်
'လူလေး...လူလေး ... ဆရာမ
ဒေါ်အေးရွှေဆီ သွားချင်ရင် လိုက်ပို့ပေးမယ်လေ...ဆရာ့မှာ ကားပါ ပါတယ်...'
'ရတယ် ဆရာ၊ သွားရလာရ အဆင်ပြေတဲ့နေ့ကျမှ
ကျွန်တော် စက်ဘီးနဲ့ ချီတက်လိုက်တော့မယ်။ ဆရာမ လိပ်စာ ကျွန်တော် သိပြီပဲ ဥစ္စာ...'
'သွားဖြစ်အောင်တော့
သွားလိုက်ကွ။ လူလေးထုတ်တဲ့ ကဗျာစာအုပ်တွေ၊ ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွေဆို
လူလေးဆရာမက အကုန်ဝယ်ထားတာ...'
ဆရာဖြစ်သူ ကဗျာ ဆရာ မောင်ယဉ်လှိုင်နှင့်
စောဘရန်ငြိမ်းတို့ M.I.C.T တွင်
ပြောခဲ့သောစကားများကို သူသည် ၆၂ လမ်းပေါ် စက်ဘီးနင်းရင်းကပင် ပြန်၍
ကြားယောင်နေမိသည်။ ပြုံးလည်း ပြုံးမိသည်မှာ သူသည် ၁၉၄၄ ခုဖွား၍ ယခု အသက် ၆၂
နှစ်သို့ ရောက်ခဲ့ပြီဖြစ်သော်လည်း ဆရာ ဖြစ်သူက အခုထိ 'လူလေး...လူလေး...'
ပါးစပ်က မည်သည်ကို သူ ပြုံးမိခြင်း ဖြစ်သည်။
'ငယ်ဆရာတွေများ နှယ်နော်...'
မှန်၏။ ငယ်ဆရာများသည် သူတို့၏
တပည့်များအပေါ် 'ဖခင်ဆန်' ကြသည်ကို စောဘရန်ငြိမ်း ကောင်းစွာ သိ၏။
ထို့ကြောင့် ငယ်ဆရာများ၏ ကြည်ဖြူ ကြည်သာမှုများအပေါ် သူသည် ကြည်နူးကြည်ညို၍
အထူးအထူး ကြည်လင်မိသည်မှာ အမှန်။
ဆရာမောင်ယဉ်လှိုင်သည် ယခုအချိန်အထိ
အပြင်ကျောင်းများ၌ မြန်မာ စာပြဆရာအဖြစ် အသက်ဝင် လှုပ်ရှားနေဆဲ ဖြစ်သည်။
အသက်အရွယ်အရ ယခု တပည့်များက 'ဆရာကြီး' ဟု
ခေါ်ရမည့်အရွယ်ပင်။ သူကတော့ ဆရာကြီး မခေါ်ချင်။ ခုနစ်တန်းတုန်းကလို ဆရာဟုသာ
ခေါ်ပြီး သူရော ဆရာပါ အသက်ပြန်ငယ်အောင် လုပ်ချင်လှသည်။ ဆရာ၏
ကန်စွန်းနွယ်စာအုပ်ကလေး မိတ်ဆက်ပွဲနေ့ကလည်း ဆရာစကားပြောရာတွင် သူ့အကြောင်းကို
ထည့်ပြောသွားလိုက်သေးသည်။ ဆရာက...
'အခု စာရေးဆရာလုပ်နေတဲ့
စောဘရန်ငြိမ်းဟာ ခုနစ်တန်းတုန်းက ကျွန်တော့် ကျောင်းသားပါ။ ဒါပေမယ့် သူနဲ့
ကျွန်တော်က ဆရာတပည့်ဆက်ဆံရေးမျိုး မရှိခဲ့ဘူး။ သူငယ်ချင်းတွေလို၊ ညီ အစ်ကိုတွေလို၊
စာပေမိတ်ဆွေချင်းတွေလို။ ဒါပေမယ့် စောဘရန်ငြိမ်းဟာ ကျောင်းတုန်းက 'ကျောင်းသားဆိုး' စာရင်းဝင်ကျောင်းသား...'
ဆရာ့ဟာသကို ရေးဖော် စာရေးဆရာများ
ဝါးခနဲ ပွဲကျသွားသည်။ မှန်ပါသည်။ သူသည် ကျောင်းသားဘဝက ကျောင်းသား ဆိုး၊
စာရေးဆရာဘဝသို့ ရောက်လာသောအခါတွင်လည်း သူသည် စာရေးဆရာ ဆိုး။
စောဘရန်ငြိမ်းသည် ၆၂
လမ်းမကြီးပေါ်တွင် ငယ်ဆရာများအကြောင်း တွေးရင်း စက်ဘီးနင်းနေဆဲပင် ဖြစ်သည်။
ယခု စက်ဘီးခရီးစဉ်ကို 'ဒုတိယကန်စွန်းနွယ်
ခရီးစဉ်' သူက အမည်ပေး လိုက်ချင်လှသည်။ ဤခရီးစဉ်ကား
ခုနစ်တန်းတုန်းက အင်္ဂလိပ်စာပြဆရာ 'ဒေါ်အေးရွှေ'၏ အိမ်သို့ သွားနေသော ခရီးစဉ်။
ထိုစဉ် စက်ဘီးက
ချိုင့်ငယ်တစ်ခုအတွင်းသို့ ကျသွားပြီး ရုတ်တရက် ချိုင့်ပေါ်သို့ ပြန်တက်လိုက်သလို
ဖြစ်သွားရာ စက်ဘီးလက်ကိုင်က ခုန်သွားတော့၏။ လက်ကိုင် ကိုင်ထားသော လက်များလည်း ရုတ်တရက်
ထုံကျဉ်သွား၍ စက်ဘီးကို လမ်းဘေး ဆွဲရပ်လိုက်ရတော့သည်။ ပြီးတော့ ကျန်သောလက်ကို
ကျန်သောလက်က နှိပ်နှယ်ပေးရပြန်သည်။ သည်လိုပါပဲ။ လက်တွေက ရုတ်တရက် ကွေးလိုက်
ဆန့်လိုက်ရုံဖြင့်လည်း ကျဉ်ချင်ချင်၊ ထုံချင်ချင်။ မှတ်မိသေး၏။ ဆရာ မောင်ယဉ်လှိုင်
ကဗျာစာအုပ် မိတ်ဆက်ပွဲနေ့ကလည်း ဆရာက ပခုံးလာ ပုတ်လိုက်၍ လက်များ
ထုံကျဉ်သွားခဲ့သည်ကို လည်း သူ ပြန်၍ အမှတ်ရသည်။
ထိုပွဲတွင် ဆရာက သူ့ကို
စကားအနည်းငယ်ပြောဖို့ ဖိတ်ခေါ်သောအခါ သူက သူနှင့် သူ့ဆရာ ခုနစ်တန်းတုန်းက
ကျောင်းပြဇာတ်များ၊ အော်ပရာများ ရေးသားခဲ့ကြပုံ၊ ကပြခဲ့ကြပုံများအပြင် သူ့ဆရာ မြန်မာစာ
အသင်ကောင်းပုံကိုလည်း ကြော်ငြာထိုး၍ ပျော်ရွှင်စရာဖြစ်အောင်
သူပြောပေးခဲ့သည်ကိုလည်း စက်ဘီးနင်းရင်းကပင် သူ ပြန်၍ သတိရလိုက်ပေသေးသည်။
M.I.C.T ကဗျာစာအုပ်
မိတ်ဆက်ပွဲ၌ သူပြောသော ရယ်ရွှင်ဖွယ်ရာမှာ...
သူသည် ခုနှစ်တန်းကျောင်းသားဘဝက
စာစီစာကုံး အရေးအသား အလွန်ကောင်းခဲ့ကြောင်း၊ သို့ကြောင့် ကျောင်းသင်
မြန်မာစာများအပြင် အပြင်မှ အထောက်အကူပြုမည့် စာအုပ်များကိုလည်း အင်မတန်မှ
ဖတ်ခဲ့ကြောင်း၊ ငယ်ရွယ်သူဖြစ်၍လည်း ဉာဏ်က အင်မတန်မှ ပြေးခဲ့ကြောင်း၊ ဆယ်တန်း
ကျောင်းသားကြီးများပင် သူ့ စာစီစာကုံးကို အင်မတန်မှ လက်ဖျားခါကြောင်း၊ ခုနစ်
တန်းကျောင်းသားလေးပင် ဖြစ်သော်လည်း 'နွေဦးခံစားမှု' ကို အင်မတန်မှ ရူးသွပ်ခဲ့ကြောင်း၊ နွေဦးအကြောင်းတွေးမိလျှင် မအိပ်နိုင်
မစားနိုင်ဖြစ်ကာ အင်မတန်မှ စိတ်ထိခိုက်တတ်ကြောင်း၊ စာစီစာကုံး
ခေါင်းစဉ်များတွင်လည်း နွေဦးကို ဖွဲ့နွဲ့ရမည့် စာစီစာကုံးမျိုးသာ သူ အင်မတန်မှ
ရေးချင်ကြောင်း၊ ထို့ကြောင့် စာမေးပွဲတွင် နွေဦးနှင့် ရင်ဆိုင်တိုးမိပါက သူများထက်
ထူးခြားစွာ လက်စွမ်းပြနိုင်ရန်အတွက် နွေဦးကာလများတွင် ကျင်းပတတ်သော
ပွဲလမ်းသဘင်များတွင် သူသည် အင်မတန်မှ အချိန်ဖြုန်းခဲ့ကြောင်း၊ ထို့အပြင် နွေဦး၌
ပွင့်တတ်သမျှသော ပန်းများ၏ အမည်၊ အရောင်နှင့် ရနံ့များကို နီးနီးကပ်ကပ်
ဆည်းပူးလေ့လာနိုင်ရန်အတွက် ဈေးချိုပန်းတန်းမှ ပန်းရောင်းသော ကောင်မလေးတစ်ဦးအား
သူသည် အင်မတန်မှ ရင်ခုန်ခဲ့ဖူးကြောင်းများ...
ဤသို့ စီစီစဉ်စဉ်တွေ ပြောပြီးမှ (ဖြစ်ရပြန်ပြီ...)
ဆိုသော မျက်နှာသေကလေးဖြင့်...
သူ့ဘဝတွင် နွေဦးစာစီ
စာကုံးမျိုးရေးသားရန် မြန်မာ စာမေးခွန်းများတွင် အကြိမ်ကြိမ် ကြုံခဲ့ဖူးသော်လည်း
တစ်ကြိမ်မှ သူ မရေးခဲ့ပါကြောင်း၊ ယင်းသို့ မရေးခဲ့ရခြင်းအတွက် ယူကျုံးမရ
ဖြစ်ခဲ့ရပါကြောင်း၊ နွေဦးအကြောင်း ရေးဖွဲ့လျှင် ဥသြငှက်ကလည်း မဖြစ်မနေ
ပါဝင်ရတော့မည် ဖြစ်ကြောင်း၊ ဥသြငှက်ကိုလည်း နွေဦး၏ ရင်ခုန်သံအဖြစ်
သူခံယူပါကြောင်း၊ သို့ရာတွင် ဥသြပါမှ စာတစ်ပုဒ်ဖြစ်မည့် နွေဦးကဲ့သို့
စာစီစာကုံးမျိုးကို သူ၏ ကျောင်းသားဘဝတွင် ဘယ်တော့မှ မရေးဖို့ သူ
သန္နိဋ္ဌာန်ချခဲ့ကြောင်း၊ ဤသို့ သန္နိဋ္ဌာန်ချသည်အထိ ဖြစ်ရသောကိစ္စအတွက် သူနှင့်
ဥသြအကြားတွင် ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ရှိမည်ဟု မထင်ကြစေလိုကြောင်း၊ အမှန်ပင်
ရှိလည်း မရှိကြောင်း...
ပွင့်ပွင့်လင်းလင်း ပြောရလျှင်
နွေဦးစာစီစာကုံးမျိုး လက်ရှောင်ခြင်းမှာ သူသည် မြန်မာစာပြဆရာမောင်ယဉ်လှိုင်၏
တပည့်ဖြစ်၍ 'ဥသြ' ကို စာလုံးမပေါင်းတတ်၍ ဖြစ်ကြောင်း၊ ဥသြကို
မည်သို့ စာလုံးပေါင်းရမည်ကို မသိကြောင်း...နှင့်...နှင့်...နှင့်။ သို့သော် သူသည်
နွေဦးကို စိတ်မနာနိုင်သေးပါကြောင်း၊ သို့ကြောင့်ပင် သန္နိဋ္ဌာန်ဆိုတာကြီးကို ခဏခဏ
ပြင်လိုက် ဖျက်လိုက် လုပ်ခဲ့ပါကြောင်း၊ နောင်အခါခွင့် သင့်လျှင်ဖြင့် ထိုနွေဦးကို
ဖွဲ့နွဲ့ပြလိုက်ပါချင်သေးကြောင်း၊ ယင်းသို့ ဖွဲ့နွဲ့ ရန်အတွက် ဒုက္ခပေးနေသော
ဥသြစာလုံးပေါင်းကိုလည်း ဆရာမောင်ယဉ်လှိုင်ထံတွင် ထပ်မံသင်ယူဦးမည် ဖြစ်ကြောင်း၊
ထိုဆရာသည် မြန်မာစာ အသင်အပြ ကောင်းသည်ဟု သူယုံကြည် ကြောင်း၊ စေတနာကလည်း
အလွန်ကောင်းကြောင်း၊ အားလပ်ရက်တစ်ရက်တွင် ဥသြ စာလုံးပေါင်းသင်ကြားရန် ဆရာဆီသို့
သူချီတက်ခဲ့ကြောင်း၊ ဆရာ့ကို အသင့်တွေ့ကြောင်း၊ ထို့ကြောင့် သူကလည်း ဆရာ့ကို 'ဥသြကို ဘယ်လိုပေါင်းရမလဲ ဆရာ'မေးကြောင်း၊ ထိုအခါ
ဆရာက တွေးတွေးဆဆဖြင့်...
'ဥသြ...အင်း... အင်း...မင်း
နောက်ရက်မှ လာကွာ'
ဆရာက ဤသို့ နောက်ရက်မှလာရန်
ရက်ချိန်းပေးလိုက်ကြောင်း၊ ထိုအခါ သူသည် ဆရာ့ကို စိတ်တိုသွားကြောင်း၊
စာလုံးပေါင်းလေး တစ်လုံးပြောဖို့ပင် ရက်ချိန်းပေးသည်မှာ လွန်လွန်းသည်ဟု
သူထင်ကြောင်း၊ နောက်ရက်မှလာဟု ပြောသော်လည်း သူ မပြန်ကြောင်း၊ ပေကပ်နေကြောင်း၊
ဆရာ့ကို လည်း ဈေးကိုင်သည်ဟု ထင်ကြောင်း၊ ထို့ကြောင့် 'ဆရာက
ပညာကို လျှိုတာပေါ့လေ'ဟု သူက ခနဲ့ခဲ့ ကြောင်း၊ ထိုအခါကျမှ
ဆရာက စိတ်တိုပြီး...
'လျှိုတာ မဟုတ်ပါဘူး၊
သတ်ပုံစာအုပ် ပျောက်နေလို့ကွ'
သူ့ရေးဖော် ကဗျာဆရာ၊
စာရေးဆရာများအပြင် သူ့ဆရာ ကဗျာဆရာကြီးပင် အားရပါးရ ရယ်မောနေသည်ကို သူ ပြန်၍
မြင်မိသည်။ ဆရာရယ်ပုံမှာ အားရပါးရ ရှိလှသည်။ အခုပင် သူကိုယ်တိုင်လည်း
စက်ဘီးနင်းရင်းကပင် အသံထွက်အောင် ရယ်လိုက်မိသေးသည်။
ယခုလို သူ စက်ဘီး နင်းရခြင်းမှာလည်း
၂ဝဝ၆ မတ်လ၏ ဖိတ်စာနှစ်စောင်ကြောင့်ပင်။ တစ်စောင်မှာ ဆရာဖြစ်သူ၏
စာအုပ်မိတ်ဆက်ပွဲနှင့် ကျန်တစ်စောင်မှာ ဆရာမဖြစ်သူ၏ဖိတ်စာ။ ဆရာမ၏ ဖိတ်စာမှာ ဆရာမ
ခင်ပွန်းသည်၏ နာရေးဖိတ်စာဖြစ်သည်။ သို့သော် ထို နာရေးဖိတ်စာသည် သူ့ဆီသို့
အချိန်မီရောက်မလာခဲ့။ ထူးခြားသော တိုက်ဆိုင်မှုမှာ ထိုဆရာရော၊ ဆရာမရော
ခုနစ်တန်းတုန်းက ဆရာများ ဖြစ်နေခြင်းပင်။ ကျောင်းကလည်း တစ်ကျောင်းတည်း။ အတန်းကလည်း
တစ်တန်းတည်း။ ဆရာက မြန်မာစာပြပြီး ဆရာမက အင်္ဂလိပ်စာ ပြသည်။ နှစ်ဦးလုံးမှာ
လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်က ဆရာများဖြစ်သည်။
အလွတ် ပညာသင်ကျောင်း ခုနစ်တန်းမှ
ခွဲခွာကြပြီးနောက် ကျောင်း၏အပတွင် ဆရာဖြစ်သူနှင့် ရံဖန်ရံခါဆုံဖူးသော်လည်း ဆရာမ
ကိုကား လုံးဝမတွေ့ခဲ့တော့။ မတွေ့သောကာလပင် နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပြီ။
နာရေးဖိတ်စာတွင် ဆရာမကို ဒေါ်အေးရွှေ (ဒု-ကျောင်း အုပ်ကြီး(ငြိမ်း) ပညာရေး
ကောလိပ်) ဟု တွေ့ရသည်။
သူပင် ခုနစ်တန်း ကျောင်းသားဘဝမှ ၆၂
နှစ် အရွယ်ကြီး ရောက်နေပြီဖြစ်၍ ထိုစဉ်က ခုနစ်တန်း အင်္ဂလိပ်စာပြ မိန်းမပျို
ဆရာမငယ်၏ အနေအထား ဆိုသည်မှာ ခန့်မှန်းဖို့ပင် ခက်တော့မည် ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၄ဝ ကျော်ကတော့ ဆရာမပျိုသည် ပါးပါးလျားလျား အရပ်မြင့်မြင့်။
ပါးလျားပုံနှင့် မြင့်မားပုံက ယူကလစ်ပင်ငယ် ဆန်၏။ ယခု အသက် ၇ဝ
ဝန်းကျင်လောက်ရှိမည့် ဆရာမကို ခါးကိုင်းကိုင်းလေးဖြင့်သာ တွေ့ရမည် သူထင်၏။
သို့မဟုတ် ခုနစ်တန်းတုန်းက သူ့ ယူကလစ်ပင်သည် ထင်သည်ထက်ပင် ကိုင်းငုံ့ကာ
ခန္ဓာကိုယ်အလယ်ပိုင်းတွင် ပတ္တာတပ်ထားသလို ထောင့်မှန်ကျအောင် ကိုင်းငိုက်နေပြီလား
မသိနိုင်။ နှစ်ပေါင်းလေးဆယ်ကျော်ဆိုတာ ခန့်မှန်းဖို့အလွန်ခက်သော အကွာ အဝေးကြီး
ဖြစ်သည်။
မှန်သည်။ အကွာအဝေး 'ကြီး'သော်လည်း ဆရာမဒေါ်အေးရွှေနှင့် သက်ဆိုင်သော အချက်အလက် အချို့ကား သူက
မှတ်မိနေသေး၏။
ခုနစ်တန်းကျောင်းသားဘဝ မြန်မာစာတွင်
ဥသြစာလုံးပေါင်းဖြင့် ဒုက္ခရောက်ခဲ့သူသည် ယင်း ခုနစ်တန်းကျောင်းသားဘဝမှာပင် 'အင်္ဂလိပ်စာလုံးပေါင်း
တစ်ခု'...။
မှန်သည်၊ အင်္ဂလိပ်စာ
လုံးပေါင်းတစ်ခုကြောင့် ဒုက္ခရောက်ခဲ့သည်ကိုလည်း သူ သတိရသေး၏။ သို့သော်
နှစ်ပေါင်းလေးဆယ်ကျော်တွင် မြန်မာစကားလုံး ဥသြကိုသာ ပြန်ပြောနိုင်ပြီး အမြဲတမ်း
စာလုံးပေါင်းမှားလေ့ရှိသော အင်္ဂလိပ်စကားလုံး ကလေးကိုမူ သူ ပြန်မပြောနိုင်တော့ပေ။
မေ့သွားပြီ။
သို့သော် ထိုအင်္ဂလိပ် စကားလုံးကို သူ
ပြန်၍ မဖော်နိုင်သော်လည်း ထိုစကားလုံးလေးနှင့် ပတ်သက်ခဲ့သော ဖြစ်ရပ်များကိုကား သူက
ကောင်းစွာပင် မှတ်မိနေပြန်သေးသည်။
အင်္ဂလိပ်စာပြဆရာမက အင်္ဂလိပ်ဖတ်စာ
စာအုပ်ထဲမှ စာလုံးပေါင်း မီးနင်းများကို နေ့စဉ်ပေးပြီး အိမ်စာအဖြစ် နေ့တိုင်းကျက်မှတ်
ခိုင်းသည်။ နောက်နေ့ကျောင်းမှာ ပြန်စစ်၏။ သူသည် အင်္ဂလိပ်စာညံ့ရာတွင် စပါယ်ရှယ်ဟု
ပြောလောက်သူဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း စာလုံးပေါင်းစစ်တိုင်း သူ့ကို
အမြဲဒုက္ခပေးလေ့ရှိသော စကားလုံးလေး တစ်လုံး ရှိခဲ့သည်။ ထိုစကားလုံးကို သူ ဘယ်လိုမှ
ကျက်မှတ်၍ မရ။ ရလျှင်လည်း ခဏသာ၊ ပြန်မေ့၏။ ထိုစလုံးပေါင်း အမှန်အတွက်
သူ့ခေါင်းထဲမှာ နေရာမရှိ။ ထိုစကားလုံးကလည်း ခေါင်းထဲ ကြာကြာနေလျှင် ဖရိုဖရဲတွေ
ဖြစ်ကုန်တတ်သည်ပင်။ စကားလုံးများ မှန်သော်လည်း စကားလုံး ကစဥ့်ကလျားများ
ဖြစ်ကုန်တတ်သည်ပင်။ ဥပမာ- CAR ကားကို CRA ကား လုပ်တာမျိုးပင် ဖြစ်သည်။
မီးနင်းစလုံးများ စစ်ပေးတိုင်းမှာလည်း
ဆရာမသည် သူ့ကို ထိုစကားလုံးလေး အမြဲမေးသည်။ နေ့တိုင်းပေးသော ကျက်စာ
မီးနင်းများတွင် ထိုစကားလုံး မပါလည်း ဆရာမက သူ့ကို ကျတော့ ထိုစကားလုံးကို
သီးသန့်ထည့်မေးလေ့ရှိသည်။ တစ်ခါတစ်ရံ အခြားမီးနင်းများကို မေးရင်း
ထိုစကားလုံးလေးကို တစ်ရက်တည်း သုံးလေးကြိမ်ပင် မေးချင်မေးနေတတ်ပြန်သည်။
သူကလည်း မေးတိုင်း ဖြေ။ ဖြေတိုင်းလည်း
မှန်လိုက် မှားလိုက်။ မှန်သော်လည်း CAR ကားလိုက်...။
စောဘရန်ငြိမ်း ကျိတ်၍ ရယ်လိုက်မိသည်။
စက်ဘီးကလေးက ဆရာမအိမ်ကို နီးလာပြီလားတော့ မသိ။ လူက ၆၂ နှစ်၊ အတွေးက ခုနစ်တန်းရောက်
နေဆဲဖြစ်သည်။ စက်ဘီးကို လည်း ကျွိ...ကျွိ...နင်းဆဲ။ အတွေးကိုလည်း ကျွိ...
ကျွိ...တွေးဆဲ။
စောဘရန်ငြိမ်းသည် ခုနစ်တန်းတုန်းက
အင်္ဂလိပ်စာတွင် ဒုက္ခပေးခဲ့သော စကားလုံးလေးကို ပြန်၍မဖော်ပြနိုင်သော်လည်း
အင်္ဂလိပ်စာပြဆရာမနှင့် ပတ်သက်၍ သူ မှတ်မိနေတာ တစ်ခုရှိသေးသည်။ ထိုပုံရိပ်ကလည်း
တကျွိကျွိမြည်ကာ ပြန်၍ ပေါ်လာပြန်သည်...ကျွိ...ကျွိ...။
ခုနစ်တန်းကျောင်း သားဘဝကတော့
သူနေခဲ့သောကျောင်းမှာ အစိုးရကျောင်း မဟုတ်ပေ။ ပြင်ပသင် အလွတ်ပညာသင်ကျောင်း
ဖြစ်သည်။ သို့သော် အစိုးရ အသိအမှတ်ပြုကျောင်းများဖြစ်သည်။
ထိုကျောင်းခုနစ်တန်းအတွက် အင်္ဂလိပ်စာ ဖတ်စာအဖြစ် သင်ကြားသော စာအုပ်မှာ 'ဂါလီဗာ
ခရီးစဉ်' ဖြစ်သည်။ ဂါလီဗာနှင့်အတူ ဆရာမက သူတို့ကလေးတွေကို
လူ့ဘီလူးကြီးတွေလို ကြီးမားသွားစေလိုက်၊ လက်သန်းလက်မအရွယ်ကလေးဖြစ်အောင်
ငယ်သွားစေလိုက်နှင့် ဂါလီဗာခံစားမှုကို သူတို့ အပြည့်ရကြသည်။ ထို့အပြင် ဆရာမသည်
ကျောင်းသား တပည့်များအတွက် ရရှိလာ သောအခွင့်အရေးကို လက်လွှတ်ခံသူမဟုတ်။ ထိုစဉ်က
ဝင်းလိုက်ရုပ်ရှင်ရုံတွင် ဂါလီဗာခရီးစဉ် ရုပ်ရှင်ကားကြီး ဝင်လာသည်။ ဆရာမက
ခုနစ်တန်းတစ်တန်းလုံး စရိတ်ခံကာ ဝင်းလိုက်ရုံသို့ မ သွားသည်။ ပြီးတော့
ရုပ်ရှင်ရုံကို 'ကျောင်း' လုပ်
ပစ်လိုက်သည်။
'ငယ်ဆရာမတွေများ
နှယ်...နော်...'
မှန်၏။ ငယ်ဆရာမများသည် မိခင်ဆန်ကြ၏။
□
သုံး။
လောက၊ ပြောမရ၊
သြချ...သောကအော်ဒင်နရီ
'ဘရိတ်ကတော့ ကိုးဘရိတ်
မှန်နေပြီ...'
၆၂ လမ်းပေါ် စက်ဘီး စီးလာသော ၆၂
နှစ်သားကြီးသည် တိုက်ရှေ့ မျက်နှာစာတွင် ကပ်ထားသော အိမ်အမှတ် ဂဏန်းသုံးလုံးကို
ပေါင်းကြည့်ရင်း ကိုးဘရိတ် ရ၍ အားတက်သွားတော့၏။
စောဘရန်ငြိမ်းသည် ဆရာမ၏ခင်ပွန်း နာရေး
ဖိတ်စာတွင် ဖော်ပြသည့် ဆရာမတို့ အိမ်နံပါတ်သုံးလုံးကို သူ မေ့သွားပြီ ဖြစ်သည်။
သို့သော် အိမ်နံပါတ်သုံးလုံး ပေါင်းလျှင်'ကိုး'ဖြစ်ကြောင်း
ကိုတော့ သူက ကောင်းစွာ မှတ်မိနေပြန်သည်။ သူသည် ဂဏန်းသုံးလုံးကို
အကြိမ်ကြိမ်ပေါင်းကြည်၍ 'ကိုး' ဖြစ်ကြောင်း
ခိုင်မာသွားသောအခါ အဆင့်မြင့်သင်္ချာပညာ၏ နက်နဲ၍ လျှို့ဝှက်သော အပိုင်းမှ
အစလေးတစ်စလို မထင်မှတ်ဘဲ ဖမ်းယူဆုပ် ကိုင်လိုက်မိသော
သင်္ချာတွေးခေါ်ပညာရှင်ကြီးတစ်ဦးပမာ လက်ခလယ်နှင့် လက်မကြားမှ ဖျောက်ခနဲအသံထွက်
သွားတော့၏။ အခုမှသာ စောစောတုန်းကတော့ ထိုဂဏန်းသုံးလုံးပေါင်းသည် ပေါင်းခြင်း
ရှစ်ဖြစ်လိုက်၊ ပေါင်းခြင်း တစ်ဆယ် ဖြစ်လိုက်နှင့် မာယာများလိုက် သေးသည်။
ထားတော့...။
သူ စက်ဘီးပေါ်က ဆင်း၊ စက်ဘီးလက်ကိုင်
ကျကျနနကိုင်။ ပြီးတော့ ခြံဝင်းတံခါး သံတိုင်းများကြားမှ မျက်လုံးကို တိုက်အတွင်း
ပို့လွှတ်လိုက်သောအခါ တိုက်ထဲတွင် မူလတန်းအရွယ် ဖြူဖြူစိမ်းစိမ်းတွေကို တွေ့ရသည်။
အရွယ်ကလေးတွေကလည်း နုလည်း နုနယ်၊ ငယ်လည်း ငယ်မျစ် ချစ်စရာ ကလေးတွေချည်း။
ဆရာမနှင့်ပတ်သက်ပြီး သူ ကြိုတင် သိထားသော အချက်တစ်ချက်ရှိသည်။ ယင်းအချက်မှာ
ဆရာမနှင့် ဆရာမ၏ သမီးဖြစ်သူက တိုင်းရင်းသား မိဘမဲ့ကလေးသူငယ်များကို
စာသင်ပေးနေကြသည်ဟု သူ ကြားသိထား၏။ ယခု ဆရာမ၏တိုက်ထဲမှ ကလေးများသည်
မိဘမဲ့ကလေးများသာ ဖြစ်မည်ဟု သူ ထင်ပါသည်။ ကလေးများ၏ ရုပ်ရည်ကြည့်ခြင်းအားဖြင့်လည်း
ကလေး အားလုံးသည် တောင်ပေါ်သားကလေးတွေချည်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ဆရာမနှင့်တွေ့မှ 'ဆရာမ...စာသင်တာ ဝင်ငွေတော်တော်ကြမ်းမှာပေါ့နော်...' ဟု
နောက်ဖို့ သူ စိတ်ကူးသည်။ ဆရာမ ဆရာမအလုပ်ကို မမုန်းနိုင်သေးတာ သူ အံ့သြသည်။
တိုက်အတွင်းမှာတော့ ကျောင်းဆရာမပေါက်စ
ဖြစ်ဟန်တူသော မိန်းမပျိုနှင့် အသက်အရွယ်ကြီးကြီး အပျိုကြီးတစ်ဦးကို တွေ့ရသည်။
သို့သော် အမျိုးသမီးကြီးက လမ်းဘက်သို့ ကျောပေးထားသောပုံစံဖြင့်
ကလေးငယ်များကြားတွင် မတ်မတ်ကြီး ရပ်လျက်ရှိသည်။ ထိုအမျိုး သမီးသည် သူနှင့်
နှစ်ပေါင်းလေးဆယ်ကျော် ဝေးကွာခဲ့သည့် ဆရာမဒေါ်အေးရွှေ ဖြစ်မလား။ သူထင်ခဲ့သလို
ခါးကိုင်းခြင်း၊ နွဲ့ခြင်း မရှိသေး။ ပြီးတော့ ယူကလစ်ပင်က 'ဝ'နေလိုက်သေး။
သူက သေချာရန် တိုက်ထဲသို့ ဆက်၍
အကဲခတ်သည်။ အကြည့်ခဏ ကြာသောအခါ အဖြူအစိမ်းကလေးများကစပြီး သူ့ကို မြင်သွားကြတော့၏။
ကလေးတွေက ခေါင်းတုံးကလေးတွေနှင့် မျက်လုံးပြူး ကလေးတွေနှင့် သူ့ကို ကြည့်၍
ကြောက်လန့်ပုံပြနေကြသည်။ ထိုအခါကျမှ ဆရာမ ပေါက်စသည် သူတို့ခြံဝင်း ရှေ့တွင်
တံခါးသံတိုင်များကိုင်လျက် အမွေးစုတ်စုတ်၊ အဝတ်နုပ်နုပ်ဖြင့် မစန့်မရန့် ရပ်နေသော
လူကြီးတစ်ဦးကို အမှတ်မထင် တွေ့လိုက်ရ၍ မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွားတော့၏။
ခဏကြာလျှင် အဆိုပါ ဆရာမ ပေါက်စလေးသည် တိုက်ထဲမှ ထွက်လာပြီး ဝင်းခြံတံခါးအနီး
ရောက်လာသည်။ သံသယမျက်လုံးများဖြင့် သူ့ကို ကြည့်ရင်း...
'ဘာကိစ္စ...'
မေးခွန်းကိုယ်တိုင်ပင်
ပြည့်ပြည့်စုံစုံမဟုတ်။ သူက ဆရာမကြီးနှင့် တွေ့ချင်ကြောင်း၊ ဆရာမကြီးတပည့်
ဖြစ်ကြောင်းများကို လေးလေးစားစားပင် ပြောပြလိုက်သည်။ သူ့အသက်အရွယ်ကို ကြည့်ကာ
ဆရာမကြီး တပည့်ဖြစ်သည်ကို ယုံကြည်ဟန်မတူပေ။ သံသယ မျက်လုံး အားကောင်းနေဆဲ။
ရပ်ကွက်ကလည်း ဆိတ်ငြိမ် ရပ်ကွက်၊ တိုက်အတွင်းမှာလည်း မိန်းမသားနှစ်ဦးနှင့်
လူမမယ်ကလေးများချည်း ဆိုတော့ ဆရာမပေါက်စကိုလည်း အပြစ်မဆိုသာ...
'ဒါဆို နာမည်ပြောပါ'
သူ နာမည်ပြောလိုက်၏။ စောဘရန်ငြိမ်း
ပေါ့။ ဆရာမပေါက်စ တိုက်ထဲ ပြန်ဝင်သွားသည်။ ကလေးတွေလည်း ချဲ့ထားတဲ့မျက်လုံးတွေ
ဘယ်သူမှ ပြန်မချုံ့ကြသေး။ မျက်လုံးလေးတွေ ဒီအတိုင်း တန်းလန်းကြီး။ ခဏကြာသောအခါ
ဆရာမ ပေါက်စနှင့်အတူ အမျိုးသမီးပါ ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
...ဟာ...ဆရာမ။ ဟုတ်တယ်...ဟုတ်တယ်ဆရာမ။
ဟုတ်တယ်...ဟုတ်တယ် ခုနစ်တန်းတုန်းက။ ဟုတ်တယ်...ဟုတ်တယ် အင်္ဂလိပ်ဆရာမ။
ဟုတ်တယ်...ဟုတ်တယ် ဆရာမ။ ဟာ...ဆရာမ၊ ဟုတ် တယ်...ဟုတ်တယ် ဆရာမ။ ဟုတ်တယ်...ဟုတ်တယ်
ခုနစ်တန်း...ဒေါ်အေးရွှေ...................... ..........................
.........................
ကြည့်စမ်း။
ကြည့်ကြစမ်း...လွန်ခဲ့သောနှစ်ပေါင်း လေးဆယ်ကျော်က ယူကလစ်ပင် အခုထိ
မကိုင်းမနွဲ့သေး။ ဝပင် ဝနေသေး။ ထိုအချိန်၌ စောဘရန်ငြိမ်းသည် ခုနစ်တန်း
ပြန်ရောက်ပြီး 'ငယ်'သွားပြီ ဖြစ်သည်။ ဆရာမဆီသို့ ၆၂ နှစ် ဆိုတာ
ကြီးမေ့ကာ ငယ်ငယ်တုန်းကလို ခြေမကိုင်မိ လက်မကိုင်မိ ပုံစံကလေးဖြင့်
ပြေးသွားချင်သော်လည်း သံတံခါးက...သံတံခါးက...။ ဆရာမ...ဆရာမ... ဆရာမ။
သို့သော်... သို့သော်... သို့သော်...
ဆရာမ ကိုယ်တိုင်က ဟက်ဟက်ပက်ပက် မရှိလှဘဲ သံသယ ပြလိုက်သောအခါ သူသည်
မျက်နှာပြောင်းကာ ငယ်ရာကနေ ကာတွန်းတွေထဲကလို 'တိန်'ခနဲ
မြည်ကာ ပြန် 'ကြီး' သွားတော့၏။
'တောက်...ပူအောင်တောင်
မငယ်လိုက်ရဘူး'
ထို့ကြောင့် သူသည် ဆံပင်များထဲသို့
လက်ချောင်း များပစ်သွင်းလိုက်တော့၏။ မျက်လုံးကလည်း ဆရာမ ကိုင်ထားသော အဖြူရောင်
ကော်ပေတံ အကြည်ပြား ကလေးပေါ်သို့ ရောက်သွားသည်။ သို့သော် လက်ချောင်းများသည်
ဆံပင်များထဲသို့ ပစ်သွင်းနေဆဲ။ ဆရာမ ခုနစ်တန်းတုန်းကတော့ အဝါရောင် သစ်သားပေတံ
ပြားကလေးကိုင်...သို့သော် လက်ချောင်းများသည် ဆံပင်ထဲသို့ ပစ်သွင်းနေဆဲ...။ ထိုအဝါရောင်
သစ်သားပေတံကလေးက 'ပေတံတို့၏ ဘာသာစကား...' တစ်ခုကို
ဖော်ညွှန်းပြတတ်မှန်း... သို့သော် လက်ချောင်းများသည် ဆံပင်ထဲသို့ ပစ်သွင်းနေဆဲ...။
ယခုလည်း ဆရာမ ကိုင်သော ကော်ပေတံဖြူသည် ခုနစ်တန်းတုန်းက အဝါရောင် သစ်သားပြား
ပေတံကဲ့သို့ ဘာသာစကား တစ်ခုခုကို ...သို့သော် လက်ချောင်းများသည် ဆံပင်ထဲသို့
ပစ်သွင်းနေဆဲ...။
နှစ်ပေါင်း လေးဆယ်ကျော်အတွင်း ဆရာမ၏
ရုပ်ရည်က အပြောင်းအလဲ နည်းသော်လည်း မိမိရုပ်ရည်မှာ 'များ'ခဲ့ပြီ ဖြစ်သည်။ ယင်းနောက်တွင် သံတံခါးအတွင်းမှ မေးခွန်းများနှင့်
သံတံခါးအပြင်မှ အဖြေများ...
'နာမည်'
'စောဘရန်ငြိမ်း'
'အတန်း'
'ခုနစ်တန်း'
'ကျောင်း'
'လှသိပ္ပံကျောင်း၊
အဲ...လှသိပ္ပံ အလွတ်ပညာသင်ကျောင်း၊ ၈၄ လမ်း၊ ရှမ်းစုစာတိုက်အနီးမှာ ရှိတယ်။ အလွတ်နံပါတ်
၈၂၉ ရွှေဘုန်းရှိန်ရပ်ကွက်၊ ကျောင်းအုပ်ဆရာကြီး ဦးလှမောင်...တဲ့၊ စာရေးဆရာ
ကျော်စွာထက် အဖေ... အဖေ'
အမေးနည်းနည်းကို အဖြေများများဖြင့်
စာပြန်သကဲ့သို့ သူဖြေလိုက်သောအခါ ဆရာမ မျက်လုံးထဲ လရောက်လာသည်ကို တွေ့လိုက်ရသည်။
သူဖြေပုံက ခုနစ်တန်းတုန်းကလို အဖြေ မျိုးဖြစ်သည်။ သူ့ငယ်ကျင့်ကို ဆရာမ ပြန်သတိရရန်
သူ ရည်ရွယ်၍ ဤသို့ဖြေခြင်း ဖြစ်သည်။ သည်လိုပါပဲ ခုနစ်တန်းတုန်းကတော့ သူ့ လျှာသည်
မျက်နှာအပြင် ဘက် ရောက်နေသည်က များပေသည်။ လျှာ အိမ်မကပ်သည်က များ၏။ မည်သို့ပင်
ဖြစ်သော်လည်း ဆရာမနှင့် သူ့အခြေအနေ သည် မပြီးဆုံးသေး။ ဆရာမသည် သူ့ကို
စေ့စေ့ကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်ကာ ကော်ပေတံကို လက်ထဲတွင် တဖတ်ဖတ်မြည်အောင်
လုပ်လိုက်ရာ...
ထိုသင်္ကေတနှင့်
ရင်းနှီးကျွမ်းဝင်ခဲ့သော သံတံခါး အပြင်ရှိ ၆၂ နှစ်သားကြီး၏ ချထားသော လက်များပင်
ကပျာကယာပင် လက်ပိုက်မိလျက်သား ဖြစ်သွားတော့၏။
ရုတ်တရက် လက်ပိုက်မိလိုက်၍ ပခုံးဆီမှ
ကျီးပေါင်းအထုံအကျဉ်သည် လက်တံတစ်လျှောက်မှ တဖျဉ်းဖျဉ်းအော်၍ လျောဆင်းလာပြီး
သူ့အကျဉ်ဓာတ်ဖြင့် နာကျင်ခြင်းဝေဒနာအလှကို လက်ဖျားအထိတိုင်
ဖျန်းဆွတ်ပစ်လိုက်တော့၏။
သူသည် အငိုက်တွင် လက်ပိုက်မိလိုက်သော
ဝေဒနာကို ကြိတ်ခံနေရချိန် ဝင်းထရံသံတိုင် နှစ်တိုင်ကြားမှ ကော်ပေတံအဖြူကလေး
သူ့ရင်ညွန့်ဆီသို့ ရောက်လာပြီး ဆရာမထံမှ အမိန့်ပေးသံကလည်း...
'အော်ဒင်နရီ ပေါင်းစမ်း'
'ခင်ဗျာ...'
သူ နောက်သို့ ပြုတ်ကျမတတ် လန်သွားရင်း
'ခင်ဗျာ...' လိုက်မိသည်။ သူ မှတ်မိပြီ။ သူ ပြန်၍
ဖော်မရသော စကားလုံးလေး။ ခုနစ်တန်းတုန်းက ခဏခဏ အမေးခံရသော စကားလုံးလေး။ သူ ဘယ်လို
စဉ်းစားစဉ်းစား ပြန်ပေါ်မလာသော စကားလုံးလေး...အော်ဒင်နရီ။ သူက မေ့သွားခဲ့ပြီ
ဖြစ်သော်လည်း ဤဆရာမက သူနှင့် ပတ်သက်ခဲ့သော ထိုစကားလုံးလေးကို နှစ်ပေါင်း
လေးဆယ်ကျော် အထိ မမေ့သေးပါလား။ အံ့သြစရာ။
ဆရာမမျက်နှာကို လှမ်းကြည့်လိုက်သောအခါ
မျက်လုံးထဲတွင် လ မရှိတော့။ ထိုအခါ လက်ချောင်းများကို ဆံပင်ထဲသို့ပြန်၍
ပစ်သွင်းနေရပြန်၏။ ထိုအချိန် ရင်ညွန့်ဆီမှ ကော်ပေတံ အပြားလေး ယိမ်းနွဲ့သွားရင်း... 'ဟဲ့...အော်ဒင်နရီ
ပေါင်းစမ်းဆို...နားမလည်ဘူးလား'
ဆရာမ၏
ငေါက်သံကြောင့်ပင်...သူ့ခန္ဓာကိုယ်သည် ပခုံးကို အမြင့်ဆုံးထား၍ မတ်တတ်ရပ်လျက်သာ
ကျန်ရစ်ခဲ့တော့သည်။ ခေါင်းကမူ အော်ဒင်နရီ အရှာထွက်သွားပြီ ဖြစ်သည်။ သူ ဒီအတိုင်း
ပခုံးကြီးဖြင့် ဆက်ရပ်နေရမလား။ ဒါမှမဟုတ် စက်ဘီးကလေး ကောက်စီး အိမ်ပြန်ပြီး
ဒေါက်တာဘဟန်နှင့် ဂျပ်ဆင်အဘိဓာန်တွေကြား ကိုယ့်ဦးခေါင်းကို ပြန်ရှာရတော့မှာလား။
ခေါင်းနှင့် အော်ဒင်နရီ ဘယ်အချိန်ကျမှ တိုက်မိမည် မသိ။ နောက်ဆုံးတော့ ဦးခေါင်းသည်
ဘာ အော်ဒင်နရီမှ မတွေ့ဘဲ သူ့ နေရာသူသာ ပြန်၍ ရောက်လာခဲ့ရတော့သည်။ သူ့ဦးခေါင်းသည်
အနားမယူဘဲ ဆက်၍ အလုပ်လုပ်၏။ ခန္ဓာကိုယ်၏ အခြား ဂျီရိပတ္တများ နားစေပြီး
ဦးခေါင်းအတွင်းရှိ ကြွက်သားဟူသမျှကို အသုံးပြု၍ ရှင်သန်မှုဓာတ်ပစ္စည်းများ
ကခုန်စေလိုက်သောအခါ...
'အို...အာရ်...အို... အာ...'
သူ အော်ဒင်နရီပေါင်းဖို့ ကြိုးစားရင်း
ရပ်သွားသည်။ ၆၂ နှစ်သားကြီး လက်ကလေးပိုက်ပြီး အော်ဒင်နရီ ပေါင်းဖို့ ကြိုးစားရင်း
ရပ်သွားသည်။ သို့သော် သူ သည် ဆရာမဒေါ်အေးရွှေ၏ တပည့်ဖြစ်သည်။ ထို့ကြောင့်
ဆက်အားထုတ်၏။
'အို...အာရ်...ဒီ...
အိုင်...အင်...'
သူ ဆရာမမျက်နှာကို လှမ်း၍
အကဲခတ်လိုက်သည်။ ဘယ်ရမလဲ၊ သူက လူပါး။ ဆရာမမျက်နှာက ခုနစ်တန်းတုန်းကအတိုင်း
စာလုံးပေါင်း မှန်ကန်နေကြောင်း ဖော်ပြနေမှန်း သူ သိ၏။ လူပါး ပါဆို...။ ထို့ကြောင့်
သူ ဆက်သည်...
'အို...အာရ်...ဒီ...
အိုင်...အင်...အေ...အာရ်... ဝိုင်...အော်ဒင်နရီ...'
အော်ဒင်နရီ စာလုံးပေါင်းလေး
ပြီးသွားသောအခါ သံတံခါးကြားမှ ကော်ပေတံကလေး ပျောက်သွားပြီး သံတံခါးကြီး ဂျိန်းခနဲ
ပွင့်သွားတော့၏။ ဒါတောင် ဆရာမဆီက ဆူပူသံနှင့် ခရီး ဦးကြိုပြုသံက...
'ဉာဏ်ကလည်း
ခုထိတုံးတုန်း၊ ကိုင်း...ကြွကြွ... စာရေးဆရာကြီး...'
မြင့်မြတ်၍ မိခင်ဆန်သည့်
ပညာရေးယဉ်ကျေးမှုအား ဂုဏ်ပြုအသိအမှတ်ပြု လိုသော... 'ကြည်နူးဖွယ် လောက၏
မိုးကုပ်စက်ဝိုင်းမှ လေပြည်...'သည် သူ၏ မိုးရေပါသော
တိမ်တိုက်ကလေး နှစ်တိုက် သုံးတိုက်ကို စောဘရန်ငြိမ်းကြီး၏ မျက်ဝန်းများဆီသို့
စေ...စေ... စေ...လိုက်...ပြီ...ဖြစ်... ပါ...သည်...။
ကိုငြိမ်း၊မန္တလေး၊
အောက်တိုဘာ ၅ ရက်
ကမ္ဘာ့ဆရာများနေ့...သို့။
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။