ရွှေဝတ္ထု

ခြေထောက်၏ ဂီတ

နတ်မှူး

01 June 2026
ခြေထောက်၏ ဂီတ
Share to

အမ်သည် ပူပူနွေးနွေး အင်္ဂလိပ်စာ ကျူရှင်ဆရာတစ်ယောက် ဖြစ်သည်။ နိုင်ငံခြားမှ သူပြန်ရောက်လာတာ မကြာသေး။ ကနေ့ သူ သင်ရမည့်ခေါင်းစဉ်က 'ဘောလုံးကစားခြင်း'နှင့် ပတ်သက်၍ သူ့တပည့်တွေဆီက ထင်မြင်ချက်များ ကောက်ယူလိုက်သည်။

'ဘောလုံးကစားခြင်းက ခြေထောက်နဲ့ ကတဲ့ အနုပညာဖြစ်တယ်'

'ဟုတ်တယ်။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီပြပွဲတွေမှာ လူတွေ တိုးဝှေ့နေတာ တွေ့ရသလို ဘောလုံးပွဲကြည့်ဖို့ ဘယ်လိုဒုက္ခမျိုးမဆို လူတွေခံနိုင်ကြတယ်'    

'ဘောလုံးဟာ လူတိုင်းနားလည်တဲ့ ဘာသာစကား တစ်ခုဖြစ်တယ်'

            'မှန်တယ်ဗျာ။ ဘာသာ ပြန်စရာမလိုဘဲ လူမျိုးတိုင်း အပြည့်အဝ ခံစားနိုင်တယ်'

            'ဘောလုံးဟာ ဝတ္ထု၊ ရုပ်ရှင်တို့နဲ့မတူတဲ့ ရသအစစ်တွေ ပေးနိုင်စွမ်းရှိတယ်'

            'ဘောလုံးသမား တစ်ဦးချင်းရဲ့ မျက်နှာအမူအရာ၊ ဒိုင်လူကြီးရဲ့ လှုပ်ရှား မှု၊ နည်းပြတွေရဲ့ ဂနာမငြိမ်မှု၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးမှုတွေဟာ ဝတ္ထုရုပ်ရှင်တွေထဲကလို လုပ်ကြံထားတာ မဟုတ်ဘူး။ တကယ့် ရသအစစ်တွေပါ'

            'ဘောလုံးမှာ ရန်သူမရှိဘူး'

            'အပြင်မှာ အမေရိကန်နဲ့ အီရန်ဟာ ရန်စောင်နေပေမယ့် ဘောလုံးကွင်းထဲမှာတော့ မိတ်ဆွေတွေပဲ။ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းစွာ ယှဉ်ပြိုင်ကြတယ်'

            'ဘောလုံးမှာ အသားအရောင် မရှိဘူး'

            'ကမ္ဘာရဲ့ နာမည်ကြီး ကလပ်အသင်းတိုင်းမှာ လူမည်းတွေ ရှိနေကြတယ်။ သူတို့ဟာ လူဖြူတွေနဲ့ ညီညွတ်စွာ ပူးပေါင်းပြီး အလှပဆုံး ကစားကွက်တွေကို ဖော်ခဲ့ကြတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအများစုက လူမည်းတွေပဲ။ ဥပမာ-ပီလီ၊ ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ အွန်နရီ'

            'ဘောလုံးဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံဖြစ်တယ်'

            'အားကစားဟာ စိတ်ရဲ့ထွက်ပေါက်ဖြစ်ပြီး ရန်လိုမှုကို ကျဆင်းစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုကြတယ်။ ဘောလုံးပွဲပြီးတဲ့ အချိန်မှာ ကစားသမားတစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်တာ အင်္ကျီလဲတာ၊ ဖက်လှဲတကင်း နှစ်သိမ့်အားပေးတာတွေဟာ ငြိမ်းချမ်းရေးရဲ့ ပြယုဂ်ပဲ။ လူတိုင်းမှာသာ ဒီလိုအခြေခံစိတ်ဓာတ်ရှိရင် ကမ္ဘာကြီး ငြိမ်းချမ်းနိုင်တယ်။ စကားမစပ် ၂ဝဝ၆ ခုနှစ်၊ ဂျာမဏီကမ္ဘာ့ဖလား ဘောလုံးပွဲရဲ့ ဆောင်ပုဒ်က ဘာလဲသိလား။ A Time to make friends မိတ်ဆွေဖွဲ့ဖို့ အချိန်တဲ့ဗျာ'

            'ဘောလုံးဟာ မျိုးချစ်စိတ်ကို ရှင်သန်ထက်မြက်စေတယ်'

            'ကိုယ့်လူမျိုးနဲ့ တခြားလူမျိုး ဘောလုံးကန်တယ် ဆိုပါစို့။ ကိုယ့်အသင်းက ဂိုးသွင်းလိုက်ချိန် ဂိုးလို့ ထအော်တဲ့ကလေးတွေကို မင်းတို့ တွေ့မိလိမ့်မယ်။ ဒီကလေးတွေဟာ မျိုးချစ်စိတ်ဆိုတာ ဘာမှန်းမသိသေးဘူး။ ဒါပေမယ့် ဘောလုံးပွဲကတော့ သူတို့ခေါင်းထဲကို အဲဒီစိတ်ထည့်ပေးလိုက်ပြီ'

            'ဘောလုံးနဲ့ လူမှုဒုက္ခတွေကို ကယ်တင်နိုင်တယ်'

            'HIV, AIDS ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ ရောဂါသည်တွေအတွက် ရန်ပုံငွေ၊ အငတ်ဘေး ကြုံနေရတဲ့ ကလေးတွေအတွက် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေတွေကို ဘောလုံးပွဲတွေက ရှာပေးခဲ့တယ်။ ဒါတင်မကသေးဘူး။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း ဘောလုံး သမားတွေဟာ တက်ကြွစွာ ပါဝင်ခဲ့တယ်'

            မောသွားသဖြင့် အမ်က ရေသန့်ဘူးထဲမှ ရေတချို့ မော့သောက်လိုက်သည်။ ပြီးမှ...

            'တပည့်တို့ကို ဆရာ ငယ်ငယ်တုန်းက ကြည့်ဖူးခဲ့တဲ့ Escape To Victory ဆိုတဲ့ ဘောလုံးကျောရိုးပြု ရုပ်ရှင်လေးအကြောင်း ပြောပြချင်တယ်။ ဒီဇာတ်ကားမှာ ရုပ်ရှင်မင်းသား စတားလုံး၊ ကမ္ဘာကျော် ဘောလုံးသမား ပီလီနဲ့ တခြားနာမည်ကြီး ဘောလုံးသမားတွေ ပါဝင် သရုပ်ဆောင်ကြတယ်။ ဇာတ်ကားက ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံပြုထားတယ်။ စတာလုံးနဲ့ ပီလီတို့ လူစုဟာ မဟာမိတ်စစ်သားတွေဖြစ်ပြီး ဂျာမန် နာဇီတွေရဲ့ အကျဉ်းစခန်းမှာ ဖမ်းဆီးထားတာ ခံနေရတယ်။ ဂျာမန် လူမျိုးဆိုတာ သိတဲ့အတိုင်း ဘောလုံး သိပ်ဝါသနာပါတာကိုး။ ဒီတော့ ဂျာမန်ဗိုလ်ချုပ် တစ်ယောက်က စစ်သုံ့ပန်း မဟာမိတ်တွေကိုခေါ်ပြီး ဟေ့... မင်းတို့မဟာမိတ်တွေ ဘောလုံးအသင်း တစ်သင်း ဖြစ်အောင်ဖွဲ့ပြီး လေ့ကျင့်ထားပါ။ ငါတို့ ဂျာမန်ဘောလုံးအသင်းနဲ့ ချိန်းကန် ကြမယ်ဆိုပြီး ကန်မယ့်ရက်ကို သတ်မှတ်လိုက်တယ်။ စစ်ဖြစ်နေတာ ကြာပြီဆိုတော့ ဘောလုံးငတ်နေတဲ့ ပြည်သူတွေ လာကြည့်ကြတာ ဝက်ဝက်ကွဲပဲ။ အဲလို လာကြည့်တဲ့အထဲမှာ စင်မြင့်ကြီးပေါ်က နေရာယူထားတာ နာဇီဗိုလ်ချုပ်တွေပေါ့။ ဘောလုံးပွဲ စကတည်းက ဂျာမန်ဘောလုံးသမားတွေက နည်းမျိုးစုံနဲ့ ညစ်တယ်။ ဒိုင်တွေကလည်း ဂျာမန်နိုင်အောင် မတရား ဘက်လိုက်တယ်။ ပထမပိုင်းမှာတင် မဟာမိတ်တွေဟာ ဂိုးအပြတ်နဲ့ ရှုံးနေတယ်။ မဟာမိတ် ဘောလုံးသမားတွေ စီစဉ်ထားတာက ပထမပိုင်းပြီးလို့ နားနေချိန် ရောက်ရင် မြေအောက်လိုဏ်ခေါင်းကတစ်ဆင့် ထွက်ပြေးကြဖို့ပဲ။ ဒါပေမယ့် မတရားသဖြင့် အနိုင်ယူသွားတဲ့ ဂျာမန် ဘောလုံးအသင်းကို ခံပြင်းနေတော့ အသက်သေချင် သေပစေ၊ ဂုဏ်သိက္ခာအတွက် ဒီဘောလုံးပွဲကို ပြီးအောင် ဆက်ကန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒုတိယပိုင်းမှာ ဂျာမန်အသင်းရဲ့ ဘက်ပေါင်းစုံ ညစ်ပတ်မှုကြားကပဲ မဟာမိတ်တွေဟာ ပြောင်မြောက်တဲ့ ဘောလုံးပညာနဲ့ ပြိုင်ဘက်အသင်းအပေါ် အောင်ပွဲ ဆင်နိုင်ခဲ့တယ်။ ပရိသတ်ကြီးက အောင်ပွဲခံမဟာမိတ် ဘောလုံးသမားတွေကို တစ်ခဲနက် အော်ဟစ်အားပေးကြတယ်။ အံ့သြစရာကောင်းတာတစ်ခုက အဲလို လက်ခုပ်သြဘာပေးနေတဲ့အထဲမှာ ဂျာမန်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ပါနေတာပဲ။ နောက်ဆုံးမတော့ ဒီမဟာမိတ်ဘောလုံးသမားတွေကို ဂျာမန်အပါအဝင် ပရိသတ်ကြီးက လူအုပ်နဲ့ ကွယ်ဝှက်ပြီး ကယ်တင်ခဲ့ကြတယ်။ ဒီဇာတ်ကားလေးရဲ့ ရည်ရွယ်ချက်က ဘာလဲလို့မေးရင် တပည့်တို့ ဘယ်လိုဖြေမလဲ'

            'အင်အားသုံးပြီး မတရားတဲ့နည်းနဲ့ အနိုင်ယူတာကို လူတွေ လက်မခံဘူး'

            'မှန်တယ်၊ ဂျာမန်ဖြစ်ဖြစ်၊ အမေရိကန်ဖြစ်ဖြစ် ဘယ်လူမျိုးမှာမဆို သူတို့ ကိုးကွယ်တဲ့ ဘာသာတရားတွေ ရှိတယ်။ ဘာသာတရားဆိုတာ ဓမ္မပဲ။ ဒီတော့ လူတွေက အဓမ္မကို မနှစ်သက်ဘူး။ ကိုယ့်ရဲ့ရန်သူအပေါ်ကိုတောင် တရားသဖြင့် ယှဉ်ပြိုင်ခွင့်ပေးရတယ်။ မတရားတဲ့နည်းနဲ့ အနိုင်ယူရင် ဒါဟာ အောက်တန်းကျတဲ့ လုပ်ရပ်မို့လို့ ဘယ်ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းကမှ လက်မခံဘူး'

            'ဘောလုံးကစားခြင်းဟာ ရန်သူကို မိတ်ဆွေဖြစ်စေတယ်'

            'ဟုတ်တယ်၊ လက်ခုပ်တီးနေတဲ့ ဂျာမန်ဗိုလ်ချုပ်တွေကို ကြည့်ရင် သူတို့လည်း လူသားပဲ။ စစ်တိုက်နေရပေမယ့် သူတို့ရင်ထဲမှာ လူသားဆန်တဲ့ မေတ္တာတရား ရှိနေပါလားဆိုတာ သိနိုင်တယ်။ ရန်သူရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ စိတ်ဓာတ်ဟာ သူရဲကောင်းတွေမှာမှ ရှိတယ်။ အဲဒီစိတ်ဓာတ်ကပဲ ရန်သူကို မိတ်ဆွေဖြစ်စေနိုင်တယ်။ နောက် မဟာမိတ် ဘောလုံးသမားတွေရဲ့အသက်ကို ကယ်တင်သွားတာ။ အမေရိကန်နဲ့ အင်္ဂလိပ် မဟုတ်ဘူး။ ဂျာမန်တွေပါတဲ့ ပရိသတ်ကြီးပဲ။ ဒါဟာ ဇာတ်လမ်းဆင် ရိုက်ထားတဲ့ ရုပ်ရှင်ပဲ၊ ညာတာပါကွာလို့ အရင်က ဆရာ ထင်မိခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်၊ ဂျာမနီကမ္ဘာ့ ဖလားဘောလုံးပွဲမှာ ဆရာ့ ကိုယ်တွေ့ဖြစ်ရပ်ကလေးကတော့ ဘောလုံးဟာ ရန်သူကို မိတ်ဆွေ ဖြစ်စေပါ့လားဆိုတာ တကယ်မှန်ကြောင်း သိခဲ့ရတယ်။ ဒီဇာတ်လမ်းလေးကို တပည့််တို့ နားထောင်ချင်လား'

            'နားထောင်ချင်ပါတယ် ဆရာ၊ ပြောပြပါ'

            နားထောင်ဖို့ စိတ်အားထက်သန်နေသော သူ့တပည့်များကို ကြည့်၍ အမ်က သဘောကျနေသည်။ ဒီကလေးတွေ ဘောလုံးကို တော်တော် စိတ်ဝင်စားပါလား။ စိတ်ဝင်စားမှာပေါ့။ မိမိတို့လူမျိုးသည် တစ်ချိန်က ဘောလုံးတွင် သမိုင်းအစဉ် အလာကြီးခဲ့သည် မဟုတ်ပါလား။ အမ်က စကားဆက်လိုက်သည်။

            'အဲဒီနေ့က ကွာတားဖိုင်နယ်အဆင့် အင်္ဂလန်နဲ့ ပေါ်တူဂီအသင်းတို့ ကန်မယ့်နေ့ လာကြည့်တဲ့ ဘောလုံးပွဲ ပရိသတ်က အောတိုက်ပဲ။ နေရာတိုင်းမှာ အင်္ဂလိပ်အလံ၊ ပေါ်တူဂီအလံတွေ ဝှေ့ယမ်းလို့ အင်္ဂလိပ်အင်္ကျီအဖြူ၊ ပေါ်တူဂီ အင်္ကျီနီညိုတွေနဲ့ လူတွေရဲ့မျက်နှာတွေကလည်း မျှော်လင့်ချက် အရောင်တွေနဲ့ တောက်ပလို့၊ ဒီလိုတက်ကြွနေတဲ့ ပရိသတ်ထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်နေသူ တစ်ယောက်ရှိတယ်။ အဲဒီလူက တခြားလူ မဟုတ်ဘူး၊ ဆရာပဲ။ ဒီဘောလုံးပွဲကြည့်ဖို့ ဆရာတို့ လင်မယားဟာ နိုင်ငံရပ်ခြားက လာခဲ့ရတယ်။ ကိုယ်က အင်္ဂလိပ် ပရီးမီးယားလိဂ် ပရိသတ်ဆိုတော့ အင်္ဂလန်ပွဲစဉ်တွေပဲ ကြည့်မယ်ဆိုပြီး ဘောလုံးပွဲလက်မှတ်တွေကို ကြိုဝယ်ထားခဲ့တယ်။ အဲဒီနေ့ နေ့လယ်မှာ ကိုယ်က မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်း ဗိသုကာတစ်ယောက်ဆီ သွားလည်ပြီး မိန်းမက သူ့သူငယ်ချင်း ဆရာဝန်မ တစ်ယောက်ဆီ သွားလည်တယ်။ ဘောလုံးပွဲ လက်မှတ်ကိုလည်း တစ်ယောက်တစ်စောင်စီ ယူသွားကြတယ်။ ညနေ ဘောလုံးပွဲကြည့်ဖို့ ဘောလုံးကွင်းမှာ ဆုံမယ်ပေါ့။ ဒီလိုနဲ့ ဘောလုံးကွင်းကို သွားတဲ့လမ်းမှာ မိန်းမဆီက ဖုန်းဝင်လာတယ်။ သူ့ အသံက ဒေါသကြောင့် တုန်ယင်နေတယ်။

            'မောင်ရေ၊ ကျွန်မ ကုန်တိုက်တစ်ခုမှာ ဈေးဝယ်နေတုန်း ခါးပိုက်နှိုက်ခံရတယ်။ ပိုက်ဆံတွေနဲ့အတူ ဘောလုံးပွဲလက်မှတ်ပါ ပါသွားတယ်။ အဲဒါ ဘောလုံးကွင်းကို မလာနိုင်တော့ဘူး။ ဘောလုံးပွဲကို ဟိုတယ်မှာပဲ တီဗီက ကြည့်တော့မယ်'တဲ့။ ကဲ... ဘယ်လောက် စိတ်တိုစရာ ကောင်းလိုက်သလဲ။ ခဲလေသမျှ သဲရေကျဖြစ်ရတဲ့ မိန်းမကို တွေးသနားနေတယ်။ နောက် ခါးပိုက်နှိုက်ဆိုတဲ့ အကောင်ကိုလည်း အမှုန့် ကြိတ်ပစ်လိုက်ချင်တယ်။

            အမ်က ရေသန့်ဘူးထဲမှ လက်ကျန်ရေကို မော့သောက်ပစ်လိုက်သည်။ ပြီးမှ စကားဆက်ပြန်သည်။

            'အဲလိုနဲ့ ဆရာလည်း ဘောလုံးပွဲကို စိတ်မပါလက်မပါ ကြည့်နေလိုက်တယ်။ ဘောလုံးပွဲစလို့ ငါးမိနစ်လောက်မှာ ဆရာ့မိန်းမထိုင်ခုံကို လူတစ်ယောက်လာထိုင်တယ်။ ဒီငနဲက အင်္ဂလိပ် တစ်ယောက်၊ ပါးပေါ်မှာ အင်္ဂလိပ်အလံကို ဆေးခြယ်ထားသေးတယ်။ သူက အင်္ဂလန်အသင်းကို အားရ ပါးရ အော်ဟစ်အားပေးနေတယ်။ ငါ့မိန်းမထိုင်ခုံမှာ လာထိုင်မှတော့ သေချာပေါက် ဒီကောင် ခါးပိုက်နှိုက်ပဲ။ ရဲစခန်းကို ဖုန်းဆက်မှဆိုပြီး လက်ကိုင်ဖုန်း (Hand Phone) ကို ထုတ်၊ နံပါတ်တွေ နှိပ်ချိန် ငနဲက ရိပ်မိပြီး ဖုန်းကိုလာလုတယ်။ ယောက်ယက်ခတ်သွားတော့ ဘေးလူတွေက ဘာဖြစ်တာလဲဆိုပြီး ဝိုင်းမေးတယ်။ ဆရာ ဘာမှ မပြောနိုင်ခင် သူက 'ဘာမှမဖြစ်ပါဘူး၊ အေးဆေး' ဆိုပြီး ပြန်ဖြေတယ်။ နောက် သူက တိုးတိုးလေးကပ်ပြီး 'ဒီမှာ လူကြီးမင်း၊ ဟုတ်ပါတယ်။ ကျွန်တော်က ခါး ပိုက်နှိုက်တစ်ယောက်ပါ။ လူကြီးမင်းမိန်းမရဲ့ ပိုက်ဆံအိတ်ကို နှိုက်ခဲ့တာလည်း ကျွန်တော်ပါပဲ။ လူကြီးမင်း ပေးတဲ့အပြစ်ကို ကျွန်တော် ခံမှာပါ။ ဟောဒီမှာ ကျွန်တော့်နိုင်ငံသားကတ်နဲ့ နိုင်ငံကူးလက်မှတ်၊ နောက် ဒါလူကြီးမင်းမိန်းမရဲ့ ပိုက်ဆံနဲ့ ပစ္စည်းလေးတွေပါ။ ဒါတွေ လူကြီးမင်း ယူထားပါ။ ကျွန်တော် ဘယ်မှ ထွက်မပြေးပါဘူး။ ကျွန်တော် တောင်းဆိုချင်တာက ဒီဘောလုံးပွဲကို ကျွန်တော်ပြီးအောင် ဆက်ကြည့်ပါရစေ။ ကျွန်တော့်နိုင်ငံ အင်္ဂလန်အသင်းအတွက် အရေးကြီးတဲ့ပွဲဆို တော့ ကျွန်တော် ကြည့်ရမှ ဖြစ်မယ်။ ဒီဘောလုံးပွဲပြီးရင် လူကြီးမင်း ကျွန်တော့်ကို ကြိုက်သလို အရေးယူပါ။ ဘယ်မှ ထွက်မပြေးဖို့ ကျွန်တော် ကတိပေးပါတယ်'

            သူက ဆရာ့ကို ရှိခိုးဦးတင် တောင်းပန်နေတယ်။ ခါးပိုက်နှိုက်တစ်ယောက်ရဲ့ စကားကို ဘယ်သူယုံမှာလဲ။ သူ ထင်သလောက် မလွယ်ဘူး။ ဒီမှာတင် သူက သူ့ ဘောင်းဘီက ခါးပတ်ကို ချွတ်လိုက်တယ်။ နောက် သူ့လက်ကောက်ဝတ်နဲ့ ဆရာ့ လက်ကောက်ဝတ်ကို လက်ထိပ်ခတ်သလို ပူးချည်လိုက်တယ်။ ပါးစပ်ကလည်း 'လူကြီးမင်းစိတ်ချပါ၊ ကျွန်တော် ဘယ်မှထွက်မပြေးပါဘူး။ ဒီဘောလုံးပွဲပြီးရုံလေး လူကြီးမင်း သည်းခံရမှာပါ။ ဟောဟိုမှာ စတီဖင်ဂျရတ် ဘောလုံး ဆွဲပြေးလာပြီ'

            အဲလိုနဲ့ ဆရာတို့နှစ်ယောက်ဟာ ဘောလုံးပွဲကို အာရုံရောက်သွားတယ်။ အင်္ဂလန်အသင်းက ဘောလုံးသယ်လာချိန်  ဂိုးသွင်းဖို့ တိုက်စစ်ဆင်တဲ့ အချိန်တိုင်းမှာ ဆရာတို့နှစ်ယောက်ဟာ တိုင်ပင်ထားသလို ပြိုင်တူ ခုန်ထအော်ဟစ်ပြီး အားပေးကြတယ်။ ပထမပိုင်းမှာ အင်္ဂလန်နဲ့ ပေါ်တူဂီအသင်းတို့ဟာ ဂိုးမရှိ သရေ။ နောက် ဒုတိယပိုင်းကစားလို့ ဆယ့်ငါးမိနစ်မှာ အသင်းခေါင်း ဆောင် ဒေးဗစ်ဘက်ခ်ဟမ်း နာလို့ ထွက်သွားတယ်။ နောက် မကြာဘူး၊ ဝိန်းရူနီ၊ ပေါ်တူဂီအသင်းက ကာဗယ်လ်ဟိုကို တက်နင်းလို့ဆိုပြီး အနီကတ်ပြ အထုတ်ခံရတယ်။

            'ဒါ မတရားဘူး။ ဒါလောက်လေးနဲ့ အနီကတ်ပြရသလား'

            'အေး...ဟုတ်တယ်။ ဒီဒိုင် အာဂျင်တီးနားလူမျိုး မဟုတ်လား။ ဖောက်ကလန်ကျွန်းမှာ မင်းတို့အင်္ဂလိပ်တွေ တွယ်ခဲ့တာကို သူ ဘယ်မေ့လိမ့်မလဲ။ ဒါ သူ့ဂွင်(ခွင်) ပဲ။ အင်္ဂလန်တော့ နာပြီ'

            'သိပ်ဖြစ်နိုင်တယ်။ ဟေ့...ဒိုင်လူကြီး ခုထွက်သွား'

            သူက အရူးအမူး အော်နေသေးတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းဟာ ဆယ်ယောက်နဲ့ပဲ အချိန်ပိုထိအောင် သရေထိန်း ကစားသွားတယ်။ နောက်ဆုံးမှာတော့ အင်္ဂလန်အသင်းရဲ့ ထုံးစံအတိုင်း ပင်နတီအဆုံးအဖြတ်နဲ့ ပေါ်တူဂီကို အရှုံးပေးလိုက်ရတယ်။ ပေါ်တူဂီ ဘောလုံးသမားတွေ အောင်ပွဲခံနေချိန်မှာ အင်္ဂလန်ဘောလုံးသမားတွေကတော့ ခြေပစ်လက်ပစ် ထိုင်မှိုင်နေကြတယ်။ ဆရာ ဘေးက ခါးပိုက်နှိုက် အင်္ဂလိပ်ငနဲကလည်း မျက်ရည်တွေ စိုရွှဲလို့။ ဒါနဲ့ ဆရာလည်း လက်မှာပူးချည်ထား တဲ့ သူ့ခါးပတ်ကို ဖြုတ်၊ သူ ပေးထားတဲ့ သူ့နိုင်ငံသားကတ်နဲ့ နိုင်ငံကူးလက်မှတ်ကို သူ့အိတ်ထဲ ပြန်ထည့်ပေးပြီး ဘောလုံးကွင်းထဲက ထွက်ခဲ့တော့တယ်။ စောစောက အမှုန့်ကြိတ်ပစ်ချင်တဲ့ စိတ်တွေ အမျက်ဒေါသတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ နောက်မှ ပြန်သုံးသပ်မိတာက ဘောလုံးဟာ ရန်သူကို မိတ်ဆွေ ဖြစ်စေတယ်ဆိုတာ တကယ်ပါလား ဆိုတာပဲ။ ကဲ... ဒီနေ့တော့ သင်ခန်းစာ ဒါလောက်ပဲ တပည့်တို့'

            အမ်ကို လေးစားသော မျက်လုံးများနှင့် ကြည့်ပြီး ကျောင်းသားများ အလျှိုလျှို ပြန်သွားကြသည်။ ကျောင်းသားများ မရှိတော့ချိန် အမ်က စားပွဲအံဆွဲကို ဖွင့်ပြီး စာအိတ်တစ်အိတ် ထုတ်ယူလိုက်သည်။ ထို့နောက် စာအိတ်ကို ဖောက်ပြီးစာကို ဖွင့်ဖတ်လိုက်သည်။

ချစ်လှစွာသော အမ်...

            မင့်စာကို ငါရတယ်။ မင်း ခါးပိုက်နှိုက်အလုပ်ကို စွန့်လွှတ်ပြီး ကျူရှင်ဆရာလုပ်နေတယ် ကြားရတော့ ငါ အတော်လေး ဝမ်းသာမိတယ်။ မင်း အခု ကိုယ့်လိပ်ပြာကို ကိုယ်ရှက်တတ်ပြီပေါ့။ ကောင်းတယ် ကိုယ့်လူ၊ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်၊ ဂျာမဏီကမ္ဘာ့ဖလားဘောလုံးပွဲကြောင်း ပြောတိုင်း ငါ့ မိန်းမက မင်းကို ဒေါပွလို့ မဆုံးဘူး။ ငါ့ကိုလည်း မျက်စောင်းတခဲခဲနဲ့ မင်းလို ခါးပိုက်နှိုက်ကို လွှတ်ပေးလိုက်တဲ့အတွက်ပေါ့။ 'ခွင့်လွှတ်ခြင်းဟာ အမြတ်ဆုံးတရား မဟုတ်လား မိန်းမရာ' ဆိုပြီး နှစ်သိမ့်လိုက်ရတယ်။ ငါ လောင်းကြေးရှုံးလို့ မင်းကို လွှတ်ပေးလိုက်ရတယ်ဆိုတာ သူ မသိသေးဘူး။ မင်းဟာ ငါတို့အင်္ဂလန်အသင်းကို စိတ်လိုလက်ရ အားပေးခဲ့တယ်။ ဒီအတွက် မင်းကို ငါ သိပ်ကျေးဇူးတင်တယ်။ ဒါပေမယ့် ဒါလေးနဲ့တော့ မင်းလို ခါးပိုက်နှိုက်ကို အချုပ်ထဲ မပို့ဘဲ မနေနိုင်ဘူး။ နှစ်ဖက်အသင်းတွေ ပင်နတီကန်မယ်လုပ်ကြတော့ မင်းပါးစပ်က 'အင်္ဂလန်တော့ ရှုံးတော့မှာပဲကွာ' ဆိုတဲ့စကား ထွက်လာတယ်။ ဒီမှာတင် ငါက ဒေါပွပြီး 'ဘာကြေးလောင်းမလဲ ကိုယ့်လူ၊ အင်္ဂလန် နိုင်ကို နိုင်ရမယ်' ဆိုပြီး မင်းကို စိန်ခေါ်လိုက်တယ်။ မင်းက 'ကောင်းပြီလေ၊ လူကြီးမင်းတို့ အင်္ဂလန် နိုင်ရင် ကျွန်တော့်အိတ်ကပ်ထဲက ယူရိုငါးထောင်ဟာ လူကြီးမင်း အပိုင်ပဲ။ အင်္ဂလန် ရှုံးရင်တော့ လူကြီးမင်းဆီက တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ ဒါကတော့ ဒီခါးပိုက် နှိုက်အမှုကနေ ကျွန်တော့်ကို လွှတ်ပေးဖို့ပါပဲ။ ဘယ့်နှယ့်လဲ' 'စိန်လိုက်ဟေ့' ဆိုပြီး မင်းအိတ်ကပ်ထဲမှာ ဘာယူရိုမှ မရှိမှန်းသိရက်သားနဲ့ အင်္ဂလန်အသင်း နိုင်လိုဇောနဲ့ ငါ လောင်းမိခဲ့တယ်။ လမ်းပတ်၊ ဂျရတ်၊ ကာရေဂါ အားလုံးလွဲချော်ခဲ့တယ်။ ငါကတော့ ဘောလုံးလည်း ရှုံး၊ လောင်းကြေးလည်း ရှုံးနဲ့ အင်္ဂလန်ဟာ ပင်နတီနဲ့ ပတ်သက်ရင် တော်တော်ချာပါ့လားဆိုတာ သိနေတဲ့ မင်း လူလည်လုပ်တာကို ခံလိုက် ရတယ်။ ဒီအကြောင်းကို ငါ့မိန်းမများ သိခဲ့ရင် ငါလည် အလှီးခံရလောက်တယ်။

            ၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ။ ဒါပေမယ့် ဘောလုံးဆိုတာ ဘယ်တော့မှ ပြီးဆုံးတယ် မရှိဘူး။ ငါတို့ဘဝတွေ နိဂုံးချုပ်သွားတောင်မှ ငါတို့မျိုးဆက်သစ်တွေအတွက် ဘောလုံးကတော့ ဆက်လိမ့်နေဦးမယ်။ အခုပဲကြည့်၊ ငါတို့ အင်္ဂလန်မှာ ပရီးမီးယားလိဂ် စနေပြီ။ မန်ယူ၊ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူ စတဲ့ အသင်းတွေ ချန်ပီယံ ဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြတယ်။ တကယ်တော့ ဘဝဆိုတာလည်း ဘောလုံးပွဲတစ်ခုပဲ မဟုတ်လား။ ရေကုန်ရေခန်း ကြိုးစားနိုင်မှ အောင်ပွဲဆင်နိုင်လိမ့်မယ်။ ကြိုးစားဟေ့..

မင်းရဲ့တွမ်

            အင်း...ငါ့ကို သဘောထားကြီးကြီးနဲ့ လွှတ်ပေးခဲ့တဲ့ တွမ်။ အခုလည်း ကြိုးစားဟေ့တဲ့။ အားပေးနေလိုက်သေးတယ်။ သူဟာ သူတော်ကောင်းတစ်ယောက်ပဲ။ ဒါကို ငါက ကိုယ့်ကိုယ်ကိုယ် လူ ကောင်း၊ သူ့ကို ခါးပိုက်နှိုက်ဆိုပြီး ဇာတ်လမ်းဆင်လိုက်သေးတယ်။ သူသိရင် သေချာပေါက် ဒေါခီးလောက်တယ်။ မဖြစ်ဘူး။ ငါဟာ ကျူရှင်ဆရာ တစ်ယောက် ဖြစ်နေပြီ။ ဒီလို အောက်တန်းကျတဲ့ ခါးပိုက်နှိုက်အကျင့် အကြံတွေကို စွန့်ပစ်မှ။

            အမ်က တွမ်၏စာကို အံဆွဲထဲပြန်ထည့်ပြီးသော့ ခတ်လိုက်သည်။ သော့မခတ်လို့မဖြစ်။ ဒီစာကိုသာ သူ့ တပည့်တွေ တွေ့သွားပါက ကွိုင်တက်သွားနိုင်သည်။ ဘဝဆိုတာ ဘောလုံးပွဲတစ်ခုတဲ့။ အခု သူက သူ့ကျောင်း သားတွေအတွက် နည်းပြတစ်ယောက် ဖြစ်နေပြီ။ ချယ်ဆီးနည်းပြ မော်ရင်ညိုလို အောင်မြင်နိုင်ပါ့မလား။ သူ ကြိုးစားရပါဦးမည်။

▀

နတ်မှူး

မှတ်ချက်။ ။

ဘာသာပြန် မဟုတ်ပါ။

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။