မနှင်းဖွေး
၇.၇.ဝ၅
ဂျပန်
သူငယ်ချင်းအောင်လူ...
ငါ မင်းကို သတိရလို့
စာရေးလိုက်တယ်ကွာ။ မင်းကတော့ ပြောမှာပဲ။ မြန်မာပြည်က ထွက်သွားတာ
တစ်နှစ်လောက်ရှိပြီ။ အခုမှပဲ စာရေးဖော်ရတော့တယ်လို့။ မင်း အပြစ်တင်ရင်လည်း ငါ
ခံပါ့မယ်။ ငါ ဒီရောက်ကတည်းက အလုပ်မအားတာကြောင့်ရယ်၊ အလုပ်အားပြန်တော့
စာရေးပျင်းနေတာကြောင့်ရယ်ပါကွာ။ မင်းပို့တဲ့ စာနှစ်စောင် ငါ ရပါတယ်။ စာပြန်မယ်၊
ပြန်မယ်နဲ့ နေ့ရွှေ့ ညရွှေ့ လုပ်နေတာနဲ့ပဲ မပြန်ဖြစ်ခဲ့ဘူး။ အခုတော့ ငါ
အရမ်းအားသွားပြီ သူငယ်ချင်း။ ဘာဆိုဘာမှ လုပ်စရာ မရှိတော့ဘူး။ ငါ
အရင်နှစ်ပတ်လောက်ကပဲ အဖမ်းခံရတယ်။ အိုဗာစတေးမှုပေါ့။ အခု ငါ အီဘာရာကင်က
လဝကထောင်မှာ ရောက်နေတယ်။ မင်းဆီကို ငါ ထောင်ထဲကနေ ရေးနေတာ ကိုယ့်လူ။
ထွန်းလတ်ဆိုတဲ့ကောင် ဂျပန်သွားတာ သူ့ ဘော်ဒါ အောင်လူဆီကို စာလေးတစ်စောင်တောင်
ရေးဖော်မရဘူးလို့ သမိုင်းဝင် မစိုးလို့ မဖြစ်ဖြစ်အောင် ရေးလိုက်တာ။ အားအားယားယား
ရေးတာဆိုတော့ စာတော့ ရှည်တယ်။ သည်းခံပြီးသာ ဖတ်ပါတော့ သူငယ်ချင်း။
ငါတို့တစ်တွေ နောက်ဆုံးနှစ်
စာမေးပွဲဖြေပြီးလို့ ကျောင်းသားဘဝကနေ အပြင်လောကကို ခုန်ဝင်ကြကတည်းက ဘဝကြီးက
တယ်လည်း ပျော်စရာ မကောင်းလှတော့ဘူးနော်။ မင်းက ပိုဆိုးတာပေါ့လေ။ မမျှော်လင့်ဘဲ
မင်း အဘိုးကြီး ဆုံးတယ်။ မင်းအဘွားကြီး ဆေးရုံတက်ရတယ်။ အခြေအနေအရ မင်းကိုယ်တိုင်
ဆေးကုမ္ပဏီမှာ ချက်ချင်း အလုပ်ဝင်ရတယ်။ အဲဒီအချိန်မှာ ငါကလည်း ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ ယောင်နေတယ်။ ဒီမှာတင် ငါ့အဘိုးကြီးက ငါ့ကို ဂျပန်လွှတ်ဖို့
လုံးပန်းပါလေရော။ ငါက တစ်ယောက်တည်းသားဆိုတော့ ငါ့မိဘတွေက ငါ့ကို
အလွန်ဖြစ်ထွန်းစေချင်တာကွ။ ပြီးတော့လည်းကွာ၊ မင်း သိတဲ့အတိုင်း ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကလည်း
ကျွန်မ သားက စင်ကာပူမှာ၊ ကျွန်တော့်သမီးက အမေရိကားမှာ၊ ကျွန်မအမျိုးသားက
အော်စီမှာ၊ အမျိုးသမီးက ယူကေမှာလေ ဆိုတဲ့စကားသံတွေကလည်း မိုးမွှန်နေလေတော့
ငါ့မိဘတွေကလည်း ကျွန်တော် ကျွန်မတို့သားကလည်း ဂျပန်မှာပါခင်ဗျ၊
ဂျပန်မှာပါရှင့်ဆိုတဲ့ စကားကို ပြောချင်တယ်နဲ့ တူပါတယ်ကွာ။
တိုတိုပြောရရင် ငါ့အဘိုးကြီးက
အကျိုးဆောင် အများကြီးနဲ့ တွေ့တယ်။ စကားတွေအများကြီး ပြောတယ်။ မျှော်လင့်ချက်တွေ
အများကြီးထားတယ်။ တစ်ယောက်နဲ့ အဆင်မပြေဘူး။ နှစ်ယောက်နဲ့ အဆင်မပြေဘူး။
သုံးယောက်နဲ့ အဆင်မပြေဘူး။ ငွေဆုံးတာလည်း ဆုံး၊ ပြန်ရတာလည်း ရနဲ့ ရွာလည်နေတာ
အကြာကြီး။ နောက်ဆုံး သိန်း ၁၂ဝ ဆိုတဲ့ ပွဲစားနဲ့ အဆင်ပြေသွားတယ်။
ကံကောင်းထောက်မလို့ ငါ ဂျပန်ကို
ရောက်လာတယ်။ ပိုလို့ ကံကောင်းတာက ရောက်ပြီး နှစ်ပတ်အတွင်း ငါ အလုပ်ရတယ်။
နယ်မြို့လေးတစ်မြို့က မီးပူတိုက်စက်ရုံမှာ။ ပိုလို့ ပိုလို့ ကံကောင်းတာက
အဲဒီစက်ရုံမှာ မြန်မာတွေ အများကြီး ရှိနေတော့ ဂျပန်စကားကို နကန်းတစ်လုံးမှ မသိတဲ့
ငါ့အဖို့ အတော်ကြီးကို အဆင်ပြေသွားတာပေါ့ကွာ။
ငါ့ကို သူဌေးဆီ လိုက်ပို့ပေးတဲ့
ကိုမြတ်သာက ငါ့ကို ဂျပန်ရောက်အောင် ပို့ပေးတဲ့ပွဲစားရဲ့လူကွ။ ရောက်ရောက်ချင်း
တိုကျိုက သူ့အိမ်မှာ ငါ နေရတယ်။
သူဌေးဆီ ရောက်တော့ သူဌေးက ကိုမြတ်သာ
တစ်ဆင့် ဂျပန်စကားနဲ့ပဲ ငါ့အကြောင်း နည်းနည်းပါးပါး မေးမြန်းပြီး လက်ခံလိုက်တယ်။
နောက်မှ သိရတာက အဲဒီသူဌေးက မြန်မာတွေ အလုပ်ကြိုးစားလို့ အလွန်သဘောကျပြီး
မြန်မာဆိုရင် လာထားပဲတဲ့။
နောက်တော့ ငါ့ကို စက် ရုံ (၁)လို့
ခေါ်တဲ့ စက်ရုံဆီကို ခေါ်သွားတယ်။ ဒီကုမ္ပဏီအောက်မှာ စက်ရုံက သုံးရုံရှိတော့
လိုအပ်တဲ့ဆီ နေရာချပေးတာပေါ့။ စက်ရုံရောက်တော့ ဂျပန်လုပ်သက် ၈ နှစ် ရှိပြီဖြစ်တဲ့
အစ်ကိုထွန်းဆီမှာ ငါ့ကို အပ်ပေးလို့ သူနဲ့တွဲပြီး အဲဒီနေ့ မနက်မှာပဲ အလုပ်
စဝင်ခဲ့ရတယ်။ တစ်နည်းအားဖြင့် အဲဒီနေ့ မနက်ကစပြီး ဂျပန်ရဲ့ ခါးသည်းပင်ပန်းတဲ့ဘဝကို
စခဲ့တယ်လို့ ဆိုကြပါစို့ကွာ။
မီးပူတိုက်စက်ရုံ၊ မီးပူတိုက်စက်ရုံနဲ့
အများက ခေါ်နေကြပေမယ့် တကယ်တမ်းကျတော့ ပင်းမင်းစက်ရုံဆိုရင် ပိုမှန်လိမ့်မယ်ကွ၊
ဘာပြုလို့လဲဆိုတော့ ဒီစက်ရုံက မီးပူတိုက်ရုံတင်မှ မဟုတ်တာ။ မတိုက်ခင်လည်း
လျှော်ရသေးတာကိုး။ စက်ရုံတစ်ရုံလုံးမလည်း လျှော်တဲ့လူ လျှော်၊ တိုက်တဲ့လူ တိုက်နဲ့
ဂျပန်တွေရော၊ မြန်မာတွေရော အလုပ်လုပ်နေတာ ပျားတွေ အလုပ်ရှုပ်နေတဲ့ အတိုင်းပါပဲ။
အဝတ်တွေကလည်း ပုံထားတာတွေရော၊ ချိတ်ထားတာ တွေရော၊ စက်တွေထဲမှာရော၊
စက်တဂျီဂျီကြားဖြတ်ပြီး ရွေ့လျားနေတာတွေရော အများကြီးပဲ။
လျှော်တဲ့နေရာမှာလည်း
ရေနဲ့လျှော်တဲ့စက်တဲ့၊ ဆီနဲ့လျှော်တဲ့ စက်တဲ့၊ အခြောက်ခံစက်တဲ့။ စက်တွေက အစီအရီ။
ရောက်ရောက်ချင်း ငါလုပ်ရတာက ဆီနဲ့ လျှော်တဲ့စက်ဘက်မှာ။ ငါ့မှာ ပါလာတဲ့
ထမင်းဘူးလေးနဲ့ ကျောပိုးအိတ်ကို နေရာတကျ ထားပြီးတာနဲ့ အစ်ကိုထွန်း
ခိုင်းတဲ့အတိုင်း၊ သင်ပေးတဲ့ အတိုင်း လုပ်ရတာပေါ့။
မင်းကို ငါ့ရဲ့ပထမနေ့ အတွေ့အကြုံကို
ရေးပြဦးမယ်။
ငါ စက်ရုံရောက်တာ ၈ နာရီခွဲ။
အစ်ကိုထွန်းက ၇ နာရီကတည်းက လာရပြီး လျှော်စရာရှိတာ လျှော်ထားနှင့်ပြီဆိုတော့
လည်တဲ့စက်တွေက လည်နေပြီ။ ပထမဦးဆုံးကွာ။ တီခနဲမြည်သွားတဲ့ လျှော်စက်ထဲက
လျှော်ပြီးသား အဝတ်တွေကို လျှော်စက်တံခါးဖွင့်ပြီး ထုတ်ရတယ်။ ပြီး
ပလတ်စတစ်ပုံးပြာကြီးထဲ ထည့်ရတယ်။ အဝတ်တွေကကွာ။ များလည်း များတယ်။ တစ်ထည်နဲ့
တစ်ထည်ကလည်း ထွေးလုံးရစ်ပတ်နေတဲ့အတွက် အတော်ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်။ ပြီးတော့
လွတ်နေတဲ့ အခြောက်ခံစက်ထဲ ပြောင်းထည့်ရတယ်။
ထည့်ပြီးတာနဲ့ စက်တံခါး ပိတ်ပြီး
အစ်ကိုထွန်း ပြတဲ့ခလုတ်ကို နှိပ်ရတယ်။ ခလုတ်နှိပ်လိုက်တာနဲ့ စက်က လည်သွားပြီး
အဝတ်တွေကို ခြောက်စေတယ်။ အဲဒီနောက် စက္ကူ ဂျပ်ပုံးတွေထဲ ထည့်ထားတဲ့ မလျှော်ရသေးတဲ့
အဝတ်တွေကို ယူပြီး လွတ်သွားတဲ့ လျှော်စက်ထဲ ထည့်လျှော် ရပြန်တယ်။
အဲဒီအချိန်မှာ စောစောကတည်းက
အခြောက်ခံထားတဲ့ စက်တစ်လုံးက တီခနဲ မြည်လာတယ်။ အဲဒီစက်က တခြားစက်တွေထက် ပိုကြီးတယ်။
အဝတ်တွေထည့်ဖို့ လှည်းအကြီးပြေးယူ၊ အဲဒီလှည်းကို စက်တံခါးနားကပ်၊
စက်တံခါးဖွင့်ပြီး အဝတ်တွေ ဆွဲထုတ်၊ လှည်းထဲ ထည့်တယ်။ လှည်းထဲ ရောက်သွားတဲ့
အဝတ်တွေဟာ ကုတ်အင်္ကျီနဲ့ ဘောင်းဘီ ရှည်များများပဲ။ အဲဒါတွေကို မတွန့်မကြေခင်
အမြန်ဆုံး ဖြန့်ရတယ်။ လှည်းထဲမှာ ကြာကြာထားရင် ကြေကုန်တာကိုး။ သိပ်ကြေရင်
မီးပူတိုက်ရတာ ပိုခက်လို့တဲ့။
အဲဒီတော့ လှည်းထဲက အဝတ်တွေကို
တစ်ထည်ချင်း ကောက်ယူ၊ ဘောင်းဘီဆိုရင် ဇစ်ဖြုတ်၊ တင်ပါးနေရာအိတ်က ကြယ်သီးကို တပ်၊
ပြီး လှည်းနှုတ်ခမ်းပေါ် ဖြန့်တင်၊ ကုတ်အင်္ကျီဆိုရင် အင်္ကျီချိတ်နဲ့
သပ်သပ်ရပ်ရပ် ဖြစ်အောင် ချိတ်ပြီး သံတန်းမှာ အစီအရီ ချိတ်ထားပေး။
အဲဒါတွေ လုပ်လို့မပြီးခင် စောစောက
လျှော်တဲ့စက်က အချိန်စေ့လို့ တီခနဲ မြည်လာရော။ အဲဒီစက် အနားပြေး၊ စက်ထဲက
လျှော်ပြီးသား အဝတ်တွေထုတ်၊ ပုံးပြာကြီးထဲထည့်၊ ပြီးတော့ လွတ်နေတဲ့ အခြောက်ခံစက်ထဲ
ပြောင်းထည့်၊ ခလုတ်ပိတ်၊ လွတ်သွားတဲ့ လျှော်စက်ထဲ လျှော် စရာတွေထည့်၊ ခလုတ်နှိပ်။
အဝတ်ဖြန့်လက်စ လှည်းနား ပြန်ပြေးလာ၊ ဘောင်းဘီ ဖြန့်တာနဲ့ချိတ် ချိတ်တဲ့အလုပ်
ဆက်လုပ်။ ပြီးမယ် ကြံခါရှိသေး။ အခြောက်ခံစက်က တီခနဲ မြည်လာ၊ သူ့ဆီကို
လှည်းတွန်းပြီး ပြေးသွား၊ စောစောကလို အဝတ်တွေ ဆွဲထုတ်ဖြန့်၊ ဘောင်းဘီဆို ဇစ်ဖြုတ်၊
တင်ပါးအိတ်က ကြယ်သီးတပ်ပြီး လှည်းနှုတ်ခမ်းပေါ် တင်၊ ကုတ်အင်္ကျီဆို အင်္ကျီ
ချိတ်နဲ့ချိတ်။
လှည်းနှုတ်ခမ်းပေါ် တင်ထားတဲ့
ဘောင်းဘီပုံကြီးက သိပ်မြင့်လာတဲ့အခါ အဲဒီ ဘောင်းဘီအထပ်လိုက်ကို မ,ပြီး
မီးပူတိုက်နေတဲ့လူဆီ ယူသွား၊ သူ အဆင်သင့် တိုက်နိုင်အောင် သူ့အနားက
စင်ပေါ်တင်ထားပေး၊ ပြန်ပြေးလာ၊ တီခနဲမြည်တဲ့လျှော်စက်ထဲက အဝတ်တွေကို ဆွဲထုတ်၊
အခြောက်ခံစက်ထဲ ပြောင်းထည့်၊ နှိပ်၊ ထုတ်၊ ထည့်၊ ဖြန့်၊ ချိတ်၊ ထုတ်၊ ထည့်၊ ဖြန့်၊
ချိတ်။
အဝတ်လျှော်စက် ၃လုံး နဲ့ အခြောက်ခံစက်
၄ လုံးဟာ တစ်လုံး မဟုတ်တစ်လုံး တတီတီ မြည်နေတာပဲကွာ။ ဒါတွေကို အလျင်မီအောင်
လုပ်ရတာ လွယ်တော့မလွယ်ဘူးကွ။ အဲဒီလို မရပ်မနား တရစပ် လုပ်လိုက်တာ
စက်ရုံခေါင်းလောင်း မြည်ကာမှပဲ နေ့ ၁၂ နာရီထိုးတယ်ဆိုတာ သိရတော့ တယ်ကွာ။
ထမင်းစားချိန် မိနစ် ၅ဝ ရတယ်။
ထမင်းဆာလို့ ဝမ်းထဲက တကျုတ်ကျုတ်မြည်နေပေမယ့် လူက မောပြီး ချက်ချင်း မစားနိုင်ဘူး။
၁ဝ မိနစ်လောက် အမောဖြေပြီးမှ ထမင်းစားဖြစ်တယ်။ မနက်စာအတွက် ဂျပန်ထမင်းဘူး
ဝယ်လာတော့ ဂျပန်ဟင်း ချိုတိုတိုတွေကလည်း ငါ့ခံတွင်းနဲ့ အဆင်မပြေလှဘူး။ ဒါပေမယ့် ငါ
ကျိတ်မှိတ်ပြီး စားလိုက်ပါတယ်။
စားပြီးလို့ ခဏနားမယ် ကြံခါရှိသေး။
အလုပ်ပြန်စဖို့ စက်ရုံခေါင်းလောင်းက မြည်ပါလေရော။ မွန်းလွဲ ၁ နာရီ ထိုးဖို့ ၁ဝ
မိနစ်အလိုမှာ အလုပ်ပြန်ဝင်ရတယ်။ မနက်ပိုင်းက အလုပ်မျိုးပဲ တရစပ် မရပ်မနား
လုပ်ရပြန်တယ်။ ၃ နာရီမှာ ၁ဝ မိနစ်နားရတယ်။ ၅ နာရီမှာ ၅ မိနစ် နားရတယ်။
နားတဲ့ အချိန်အတွင်း အပေါ့အပါးသွား၊
စက်ရုံအပြင်က ကော်ဖီစက်ပြေး၊ ကော်ဖီတစ်ဘူး ဝယ်သောက်တာနဲ့ပဲ အချိန်က ကုန်သွားရော။
ထိုင်ပြီး အမောဖြေရတယ် မရှိပါဘူး။ နောက် ၅ နာရီ ၅ မိနစ်ကနေ တောက်လျှောက်
လုပ်လိုက်ရတာ ည ၈ နာရီ ထိုးတဲ့အထိပါပဲ။ အလုပ်ချိန်က မနက် ၈ နာရီ ကနေ ည ၈
နာရီအထိဆိုတော့ ပထမနေ့မှာတင် အီစလံ ဝေသွားတာပေါ့ကွာ။
အလုပ်ပြီးတော့ တိုကျိုမြို့ထဲပြန်တဲ့
အဖော်တစ်ယောက်ရှိလို့ သူ့အကူအညီနဲ့ ဘတ်စ်ကားတစ်ဆင့်၊ ရထားသုံးဆင့်စီးပြီး
အိမ်ပြန်ရောက်ခဲ့ရတယ်။ အိမ်ရောက်တော့ ည ၁၁ နာရီ ထိုးပြီ။ တစ်ကိုယ်လုံး
ညောင်းနေတာပဲ။ တစ်နေ့လုံး မတ်တတ်ရပ်နေရတဲ့အတွက် ခြေထောက်တွေလည်း တောင့်နေတယ်။
အဝတ်တွေကို အားသုံးပြီး မြန်မြန်ဆွဲရတာကြောင့် လက်မောင်းတွေတောင်နာလို့။ ဟာ...
ဂျပန် ဂျပန် မလွယ်ပါလားလို့ ညည်းမိတယ် သူငယ်ချင်း။
ငါ့ဘဝမှာ တစ်ခါမှ
ဒါလောက်ပင်ပန်းတဲ့အလုပ်မျိုး မလုပ်ခဲ့ဖူးပါဘူး။ မင်း သိတဲ့အတိုင်း ငါ့အိမ်မှာ
ကိုယ့်အဝတ်ကိုယ် ဘယ်တုန်းက လျှော်ဝတ်ဖူးခဲ့လို့လဲ။ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။
ခုတော့ လျှော်လိုက်ရတာ၊ လျှော်လိုက်ရတာ။ ယောကျ်ားအဝတ်တွေရော၊ မိန်းမအဝတ်တွေရော။
မင်းမို့ ပြောရရင် မိန်းမစကတ်တွေတောင် ပါတယ်ကွာ။ ဘုန်းတွေ ကံတွေ ရှိရင်လည်း
အဟုတ်ကို နိမ့်ပါးကုန်မှာပဲ။ ပထမတစ်ရက်တည်းနဲ့ကို ငါ ပြန်ပြေးချင်စိတ်ပေါက်မိတယ်။
တကယ်ပါ။
ကိုမြတ်သာကတော့ ငါ့ကို အားပေးပါတယ်။
ရောက်စမှာ လူတိုင်းကတော့ ဒီလိုပဲတဲ့။ နောက်လုပ်ရင်းနဲ့ အလေ့အကျင့်ရပြီး သိပ်ပင်ပန်းတယ်
မထင်တော့ဘူးတဲ့။ ကျင့်သားရသွားရင် အလုပ်ပင်ပန်းတဲ့ကိစ္စကို ထည့်မတွက်တော့ဘူး။
အလုပ်ချိန် ဘယ်လောက်ရှည်ရှည် လုပ်ခွင့်ရမလဲဆိုတာပဲ စဉ်းစားတော့တယ်တဲ့။
နာရီစားဆိုတော့ အလုပ်ချိန်ရှည်မှ ပိုက်ဆံများများ ရတာကိုး။
ကိုမြတ်သာက ဒီရောက်တာ ၁ဝ
နှစ်ကျော်ပြီဆိုတော့ သူပြောတာ ဟုတ်မှာပဲလို့ တွေးမိတယ်။ နောက်စက်ရုံမှာ
ရောက်နှင့်နေတဲ့ မြန်မာတွေကို ကြည့်ရင်လည်း တစ်ယောက်မှ ညည်းညူတာ မတွေ့ရဘူး။
မိန်းကလေးတွေလည်း အများကြီးပဲ။ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေတဲ့ ကျောင်းသူ၊
ကျောင်းသားတွေလည်း အများကြီးပဲ။ သူတို့လည်း သူတို့အလုပ်သူတို့ တရစပ် လုပ်နေကြတာပဲ။
နောက်တော့ကွာ... မိန်းကလေးတွေတောင်
လုပ်နိုင်တဲ့အလုပ်။ ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ။ အဖေတို့ကလည်း သိန်း ၁၄ဝ လောက်
ကုန်ထားပြီးပြီ။ ဘာပဲဖြစ်ဖြစ် လုပ်မယ်။ ကြိုးစားလုပ်မယ်။ တစ်လ ၁ဝ သိန်း၊ ၁၂
သိန်းလောက် စုနိုင်မယ်ဆိုရင် တစ်နှစ်အတွင်း အရင်းကျေမယ်။ လာရကျိုးနပ်အောင်
သုံးနှစ် အနည်းဆုံးလုပ်မယ်လို့ ငါ့စိတ်ထဲ ဆုံးဖြတ်လိုက်တယ်။
အဲဒီလို စိတ်ဆုံးဖြတ်လိုက်တာနဲ့
ငါ့ခန္ဓာကိုယ်ဟာ ပိုပြီး လေးလံသွားသလို ခံစားလိုက်ရပါတယ်ကွာ။
ဂျပန်မှာ အစစအရာရာ ဈေးကြီး၊
စရိတ်ကြီးတယ် သူငယ်ချင်း။ ကိုမြတ်သာရဲ့ ၁၂ ပေ၊ ၈ ပေလောက်ရှိတဲ့ အခန်းမှာ
လူသုံးယောက် စုနေတာ တစ်ယောက်ကို ယန်း သုံးသောင်းခွဲ ပေးရတယ်။ ကျောတစ်ခင်းစာအတွက်
မြန်မာငွေကျပ် သုံးသိန်းခွဲပဲ။ ဒီနိုင်ငံမှာ လုပ်အားခကို မြင့်မြင့်ပေးထားလို့သာ
တော်တော့တာပေါ့။
အလုပ်သွား အလုပ်ပြန်ရတာ အချိန်ကုန်၊
ငွေကုန်၊ လူပင်ပန်းလွန်းလို့ အစ်ကိုထွန်းက စက်ရုံမန်နေဂျာဆီမှာ ငါ့အတွက်
အဆောင်တောင်း ပေးတယ်။ သူတို့လည်း စက်ရုံက ပေးတဲ့ အဆောင်မှာ နေကြတယ်။ တောင်းပြီး
တစ်ပတ်လောက်နေတော့ ငါ အဆောင်ရတယ်။ ကုမ္ပဏီရုံးချုပ်နဲ့ ကပ်လျက်အဆောင်မှာ။
အစ်ကိုထွန်းတို့ အဆောင်ကတော့ လူပြည့်နေလို့ မရတော့ဘူး။ အဆောင်ရတော့ ရထားသုံးဆင့်
ပြောင်းစီးရတဲ့ ဒုက္ခ မရှိတော့ဘူးပေါ့။
အဆောင်မှာ မြန်မာများတယ်ကွ။ ဂျပန်က
တစ်ယောက်ပဲ ရှိတယ်။ နှစ်ယောက်ခန်းတွေ ဖြစ်လို့ ဗလကြီးလို့ အများခေါ်နေကြတဲ့
အစ်ကိုနဲ့ ငါ အတူနေရတယ်။ ကိုလွင်လို့ခေါ်တဲ့ အစ်ကိုက ငါ့ကို မွေ့ယာ၊ စောင်၊
ခေါင်းအုံးတွေ ပေးတယ်။ ဒီနိုင်ငံမှာ ခြင်မရှိလို့ ခြင်ထောင်တော့ မလိုဘူးပေါ့။
အိပ်ဖို့ အဆင်ပြေသွားတယ်။ လန်း(မ)လို့ ခေါ်တဲ့ ချင်းကလေးတစ်ယောက်ကတော့ ငါ့ကို
သူ့မှာ ပိုနေတဲ့ ထမင်းပေါင်းအိုးတစ်လုံး ပေးတယ်။ ထမင်းအတွက်လည်း ပူစရာ
မလိုတော့ဘူး။ ကိုယ်တိုင် ဈေးဝယ် ချက်ပြုတ်ဖို့ပဲ လိုတော့တယ်။
အဆောင်မှာ ဒယ်အိုး နှစ်လုံး
ရှိတဲ့အတွက် ဟင်းချက်ဖို့ အိုးလည်း ဝယ်စရာ မလိုပြန်ဘူး။ လူတိုင်း အဲဒီအိုးနဲ့
အလှည့်ကျ ချက်ပြုတ်ကြတယ်။ ကျက်တာနဲ့ ကိုယ်ပိုင် ဟင်းဘူးတွေထဲ ထည့်ပြီး
ရေခဲသေတ္တာထဲ ထည့်ထားလိုက်တာပဲ။ ဘုံမီးဖိုက ဘုံအိုးတွေ ဆိုပါတော့။
ပထမ တစ်ရက် နှစ်ရက်တော့ ကိုဗလကြီးက
ငါ့ကို ညစာကျွေးပါတယ်။ မနက်စာတော့ အလုပ်ကိုအသွား စတိုးဆိုင်က ဂျပန်ထမင်းဘူး
ဒါမှမဟုတ် ခေါက်ဆွဲဘူး ဝယ်သွားတာပေါ့။ နားရက်ရမှ အစ်ကိုလွင်က ငါ့ကို
ဆန်နီမတ်လို့ခေါ်တဲ့ ဈေးချိုတဲ့ ဆိုင်တစ်ဆိုင် လိုက်ပို့ ပေးတယ်။ အဲဒီမှာ
လိုအပ်တာတွေ ဝယ်ပြီး ထမင်းချက်တဲ့ အလုပ်ကို လုပ်ရတာပေါ့။
မင်း သိတဲ့အတိုင်း ငါက ထမင်းဟင်း
မချက်တတ်ဘူးလေ။ ဒုက္ခ ရောက်တာပေါ့။ ဒါပေမယ့် အဆောင်က နောင်တော်များက ငါ့ကို
ဝိုင်းသင်ပေးကြပါတယ်။ သူတို့လည်း အစက ဘယ်ချက်တတ်မတုံးတဲ့။ ဘာချက်ချက် 'ပစ်ထည့်ရောမွှေ'
ပဲတဲ့။ တဖြည်းဖြည်းနဲ့ ငါ့ဝမ်းပူဆာ မနေသာ တဲ့အတွက် ကောင်းနိုးရာရာ
ကြိုးစားချက်ရင်းနဲ့ တတ်သွားကြတာတဲ့။ ဂျပန်ရောက် မြန်မာအမျိုးသားတွေ
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားတဲ့အတွက် အလျှော်အဖွပ်ရော အချက်အပြုတ်ပါ စမ်းချင်တဲ့
ဘက်စမ်း၊ အကုန်ကျွမ်းနေပြီတဲ့။
ငါကတော့ကွာ။ ကိုယ့် အဝတ်ကိုယ်လျှော်၊
ကိုယ့် ထမင်း ကိုယ်ချက်စား ရတိုင်း 'အမေရေ၊ သားအဖြစ်ကို
မြင်လှည့်ပါဦး'လို့ အမေ့ကိုပဲ တတနေမိတယ်။
ကိုမြတ်သာ ပြောတဲ့အတိုင်းပါပဲ။ အလုပ်က
လုပ်ရင်းနဲ့ တဖြည်းဖြည်း ကျင့်သားရလာပါတယ်။ နောက်ပိုင်းတော့ သိပ်ပင်ပန်းတယ်
မထင်တော့ဘူး။ ခံနိုင်ရည် ရှိသွားပါတယ်။ ဒါပေမယ့်ကွာ။ အလုပ်တစ်ခုကို
မိုးလင်းမိုးချုပ် ဒါပဲ ထပ်တလဲလဲ လုပ်ရတာ သိပ်တော့ မမိုက်ဘူး။ အတော်တော့
ငြီးငွေ့စရာ ကောင်းတာပဲ။
လူလည်း တဖြည်းဖြည်းနဲ့ စက်ရုပ်နဲ့
တူလာတယ်ကွာ။ မင်း စဉ်းစားကြည့်။ ငါ့ရဲ့ နေ့စဉ်ဘဝက မနက် ၇ နာရီ အိပ်ရာထ၊
ကိုယ်လက်သန့်စင်၊ ၇ နာရီ ခွဲမှာ ထမင်းဘူးလေး ကျောပိုးအိတ်ထဲ ထည့်ပြီး အဆောင်ကထွက်၊
၇ နာရီ ၃၆ မိနစ် ဘတ်စ်ကားကို စီး၊ စက်ရုံကို ၇ နာရီ မိနစ် ၅ဝ ရောက်။ ပစ္စည်းလေးတွေ
နေရာချပြီး ထည့်၊ ထုတ်၊ ဖြန့်၊ ချိတ်၊ နှိပ် ပုံသေအလုပ်ကြီးကို လုပ်။ ည ၈ နာရီ၊
တစ်ခါတလေ ၉ နာရီမှာ ပြီး။ အဆောင်ပြန်၊ ၉ နာရီခွဲဝန်းကျင် အဆောင်ရောက်။
ထမင်းဟင်းချက်၊ ရေချိုး၊ ထမင်းစား၊ တီဗီကြည့်၊ ည ၁၁ နာရီ အိပ်ရာဝင်၊ မနက် ၇
နာရီပြန်ထ၊ ကဲ... ဒီလိုချည်းပဲဆိုတော့ စက်ရုပ်နဲ့ မတူဘူးလား သူငယ်ချင်း။
စိတ်ပျက်စရာကော မကောင်းဘူးလား သူငယ်ချင်း။
ဗီဇာသာ ရှိရင်တော့ အလုပ်နားတဲ့နေ့မှာ
တိုကျိုတက်၊ မြန်မာစားသောက်ဆိုင်တစ်ဆိုင်သွား။ မြန်မာ အစားအစာ စိတ်ကြိုက်မှာ စား၊
မြန်မာကာရာအိုကေ သီချင်းကို အော်ဟစ်ဆိုပစ်လိုက်။ အလုပ်ထဲ ပင်ပန်းငြီးငွေ့နေတာတွေ၊
အိမ်လွမ်းနေတာတွေ ပြေပျောက်သွားနိုင်တာပေါ့။ ဒါပေမယ့် ငါက အိုဗာစတေးဖြစ်ပြီ
ဆိုတော့ ရဲတွေ ခြေချင်းလိမ်နေတဲ့ တိုကျိုကို အရမ်း အရမ်း မသွားရဲဘူးလေ။
ငါ ဒီရောက်ပြီး ၄ လ လောက်ရှိတော့
မင်းဆီက စာကို ငါရတယ်။ စာထဲမှာ မင်း တစ်လ တစ်သောင်းခွဲရတဲ့ လခနဲ့ မလောက်လို့
ဆေးကုမ္ပဏီက အလုပ်ကို ထွက်လိုက်ပြီး ဘုရင့်နောင်ပွဲရုံတန်းက ကုန်ကားဂိတ်တစ်ဂိတ်မှာ
ကုန်ထမ်းနေတယ်ဆိုတာ ငါ ဖတ်ရတယ်။ စာဖတ်ရရချင်းတော့ ငါ စိတ်မကောင်းဘူး။ ဒါပေမယ့်
လက်တွေ့ကျတဲ့ မင်းရဲ့ ဆုံးဖြတ်ချက်ကိုတော့ ငါ ချီးကျူးမိတယ် သူငယ်ချင်း။
ဟုတ်တာပေါ့။ မင်း အဘိုးကြီးမရှိတော့ မင်းက အိမ်ထောင်ဦးစီးနေရာ ဝင်ယူရပြီကိုး။
မင်းညီမနှစ်ယောက်ကလည်း ၈ တန်းနဲ့ ၁ဝ တန်းဆိုတော့ မင်း အဘက်ဘက်က ချိန်ဆရပြီပေါ့။
ကုန်ထမ်းတာ အရင်းအနှီးမလိုဘဲ အိမ်စရိတ်ကာမိတယ်၊ တွက်ခြေ ပိုကိုက်တယ်ဆိုတော့
ပိုကိုက်တာ လုပ်ရမှာပေါ့ကွာ။ မိသားစုတာဝန်ကျေတဲ့ မင်းအတွက် ငါ ဂုဏ်ယူပါတယ်။
ဒီအလုပ်ကိုတော့ ခဏလုပ်တယ်ပဲ သဘောထားပါကွာ။ ငါ ပြန်ရောက်ရင် တို့တွေတိုင်ပင်ပြီး
လုပ်ငန်းလမ်းစသစ်တွေ ဘာတွေ ရှာကြသေးတာပေါ့ ဟုတ်လား။
၉.၇.ဝ၅
ဂျပန်မှာ နေရတာ ငါ့အတွက်က တစ်လမှာ
တစ်ရက်တော့ ပျော်တယ်ကွ။ အဲဒီရက်က လခထုတ်တဲ့နေ့ပဲ သူငယ်ချင်း။ မင်း သိတဲ့အတိုင်း
ဒီကို မလာခင်အထိ ငါ့က အိမ်ကို လက်ဖြန့်တောင်းခဲ့ရတာချည်းပဲ မဟုတ်လား။ အခု
ကိုယ့်ချွေးနှဲစာ၊ တကယ့်ကို ချွေးနဲ့ရင်းပြီး ရှာတဲ့ငွေကိုရတော့ ငါ့မှာ ဝမ်းသာလိုက်ရတာကွာ။
ဘယ်လို ဝမ်းသာမှန်းကို မသိဘူး။ ပထမဦးဆုံးလ အိမ်ကို ငါ ငွေ ၁ဝ
သိန်းလွှဲတုန်းကဆိုရင်လည်း ငါ့မှာ ရင်တွေ ဘာတွေတောင် ခုန်မိတယ်။
ငါ့လခက အလုပ်ပါးတဲ့လဆိုရင် ယန်း
သောင်း ၂ဝ၊ အလုပ်များတဲ့လဆိုရင် ယန်းသောင်းအစိတ်လောက် ရတယ်ကွ။ မင်းနားထဲ နည်းနည်း
ကလောသွားလား မသိဘူး။ ဂျပန်ရဲ့ ငွေကြေးအခေါ်အဝေါ်က သိန်းတို့၊ သန်းတို့ မသုံးဘူး။
သောင်းပဲ သုံးတယ်။ ၁ဝ သောင်း၊ ၁၅ သောင်း၊ သောင်း ၅ဝ၊ သောင်း ၁ဝဝ၊ သောင်း ၁ဝဝဝ
စသဖြင့်ပေါ့။
လခကို ရုံးက အဆောင်ခနဲ့ ဝင်ငွေခွန်
၃.၅ ရာခိုင်နှုန်း ဖြတ်ပြီးမှ ငါတို့ကို ပေးတယ်ကွ။ ဖြတ်ပြီးသားဆိုရင် လက်ထဲ ၁၅
သောင်း၊ သောင်း ၂ဝ လောက်ကျန်တာပေါ့။ စားစရိတ်နဲ့ အထွေထွေ စရိတ် ၅
သောင်းချန်လိုက်ရင် အိမ်ကို ၁ဝ သောင်း၊ ၁၅ သောင်း ပို့နိုင်တာပေါ့ကွာ။ ၁ဝ သောင်း၊
၁၅ သောင်းဟာ မြန်မာငွေကျပ် ၁ဝ သိန်း၊ ၁၅ သိန်းပါပဲ သူငယ်ချင်း။
အရင်းကျေဖို့ ဦးစားပေးနေရတော့ ဒီမှာ ငါလိုချင်တဲ့
ပစ္စည်း ဘာပစ္စည်းမှ မဝယ်ရသေးဘူး။ ဒီမှာ လိုချင်စရာတွေကတော့ အများကြီးပေါ့ကွာ။
ငါဆို ငါတို့ဘူတာနားက ကုန်တိုက်သွားပြီး အထပ်လေးထပ် တက်လိုက် ဆင်းလိုက်နဲ့
ငေးမောရတာ ခဏခဏပဲ။ အရင်းကျေမှ ဝယ်ပစ်လိုက်မယ်လို့ စိတ်ထဲ တေးထားရတာလည်း
အကြိမ်မနည်းတော့ဘူး။
စာလည်း တော်တော် ရှည်သွားပြီ။
မင်းလည်း စာဖတ်ရတာ ငြီးငွေ့ရောပေါ့။ ငါ နိဂုံးချုပ်ပါတော့မယ်ကွာ။ အဲဒီလိုနဲ့ ငါ
ဂျပန်ရောက်တာ တစ်နှစ်ပြည့်သွားရောကွာ။ တစ်နှစ်လောက် ရှိပြီဆိုတော့ နေသားလည်း
ကျလာပြီပေါ့ကွာ။ ဂျပန်စကားလည်း ထမင်းစား ရေသောက် ပြောနိုင်ပြီကွာ။ အရင်းလည်း
ကျေပြီကွာ။ စိတ်ထဲလည်း တော်တော်ပေါ့သွားပြီပေါ့ကွာ။
ဒါပေမယ့် စိတ်က ကြာကြာ
မပေါ့လိုက်ရပါဘူး။ ကံဆိုးမိုးမှောင်ကျဖို့ အဖြစ်က ကြုံလာတယ်။
အဲဒီနေ့က ကြာသပတေးနေ့၊ ငါ့ရဲ့ နားရက်။
မနက် ၉ နာရီခွဲလောက် အိပ်ရာက
နိုးလာတယ်။ နိုးလာလာချင်း ညက အိပ်မက်ကို သွားသတိရတယ်။ အိပ်မက်ထဲမှာကွာ။
ငါတို့မိသားစု ဟင်းအမယ်စုံ၊ ငါးပိတို့စရာ အစုံနဲ့ ထမင်းဝိုင်းဖွဲ့စားကြတာ
ကောင်းလိုက်တာ မပြောပါနဲ့တော့။ အဲဒါနဲ့ ငါ့စိတ်ထဲ ငါးပိတို့စရာနဲ့
ထမင်းစားချင်စိတ် ပေါက်လာတယ်။
အိပ်ရာက ထ၊ ခြေရင်းက ရေခဲသေတ္တာ
ဖွင့်ကြည့်တော့ သခွားသီးလေးတွေ ရှိနေတာ တွေ့ရတယ်။ ငါးပိရည်တော့ မရှိဘူး။
ဘယ်သူ့ဆီမှာ ရှိမလဲလို့ မေးရအောင်ကလည်း တစ်ဆောင်လုံး အလုပ်သွားကြပြီ။ အဆောင်မှာ
ငါတစ်ယောက်ပဲ ရှိတယ်။
ငါးပိရည်မရှိလည်း ငံပြာရည်ချက်ကလေး
ချက်ပြီး သခွားသီးနဲ့ တို့ရင်လည်း မဆိုးဘူးလို့ စိတ်ကူးရပြီး ငါ ငံပြာရည်
ထချက်တာပေါ့ကွာ။ ငါလည်း အချက်အပြုတ်ကလေး နည်းနည်း ရလာပြီကိုး။ ပထမဦးဆုံး ငရုတ်၊
ကြက်သွန်ကို ကျကျနန ဆီသတ်၊ ပုဇွန်ခြောက်မှုန့် ထည့်၊ ငံပြာရည်လောင်းထည့်၊
အငန်လျော့အောင် ရေလေးနည်းနည်းရော၊ ၅ မိနစ်လောက် တည်ထား။ ပြီး ငရုတ်သီးစိမ်းလေး
အုပ်လိုက် ငံပြာရည်ချက်ရရော။ မွှေးနေတာပဲ။ နောက် ဒယ်အိုးတစ်လုံးနဲ့ အိမ်က ပို့တဲ့
ကြက်အူချောင်း နည်းနည်းကြော်လိုက် အိုကေ။ ငါ့အတွက် မနက်စာ ရပြီပေါ့။
ဒါနဲ့ ငါ ရေချိုးတယ်။ ရေချိုးပြီးရင်
ထမင်းအပြတ် ဆွဲမယ်ပေါ့။ ရေကို ရေပူ၊ ရေအေးစပ်ပြီး စိမ်ပြေနပြေ ချိုးနေလိုက်သေးတယ်။
ပြီးမှ လေလေး တချွန်ချွန်နဲ့ ရေချိုးခန်းထဲက ထွက်လာတယ်။
ထွက်လည်း လာရော ရဲသားနှစ်ယောက်
အဆောင်ပေါက်မှာ ရပ်နေတာကို ဘွားခနဲ တွေ့လိုက်ရတာပဲ။ လူလည်း
ခေါင်းနပန်းကြီးသွားတာပေါ့။ ရဲတစ်ယောက်က ဝင်ပေါက်နဲ့ တန်းနေတဲ့ မီးဖိုဆီ
လျှောက်လာပြီး ငံပြာရည် ချက်အိုးနားမှာ နှာခေါင်းကို ပွစိ ပွစိ လုပ်ပြီး
အနံ့ခံကြည့်နေတယ်။ ဒီမှာတင် ငါလည်း သဘောပေါက်သွားပါပြီ။ ငံပြာရည်ချက် ညှော်လို့
ဂျပန် အိမ်နီးချင်း တစ်ဦးဦးက ရဲကို ဖုန်းဆက်လိုက်တယ်ဆိုတာ။
ရဲက ဒါ ဘယ်သူချက်တာလဲလို့ မေးတယ်။ ငါ
မညာချင်ဘူး။ ငါ ချက်တာလို့ ပြောလိုက်တယ်။ မချက်ဘူးလို့ ဘူးခံရင် အလကားအရစ်တွေ
ရှည်ပြီး အဆောင်မှာနေတဲ့ တခြားလူတွေပါ ထိခိုက်ကုန်မှာစိုးလို့။ ရဲက ဒီဟင်းရဲ့
အနံ့က ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်တယ်လို့ ပြောတယ်။ ပြီးတော့ ငါ့ကို
ဘာလူမျိုးလဲလို့ မေးပြီး ပတ်စ်ပို့ တောင်းကြည့်ရော။ သွားပြီပေါ့ကွာ။ ငါ့ပတ်စ်ပို့
ပေးလိုက်တော့ ဗီဇာသက်တမ်း ကုန်နေတာကို တွေ့သွားပြီပေါ့။
ရဲက ငါ့ကို ရဲစခန်းလိုက်ခဲ့ဖို့
ပြောတယ်။ ဒါနဲ့ ငါလည်း အဝတ်အစား အမြန်လဲ၊ ငါ့ရဲ့ ကျောပိုးအိတ်ထဲ လိုအပ်တာလေးတွေ
ထည့်ပြီး ရဲနောက် လိုက်ခဲ့ရတယ်။ အဆောင်က မထွက်ခင်မှာတော့ စာရွက်တစ်ရွက်မှာ 'ပါသွားပြီ၊
အားလုံး သတိ' လို့ စာတစ်ကြောင်း ကမန်းကတန်း ရေးခဲ့တယ်။
ကျန်တဲ့လူတွေ သိအောင်လို့။
ရဲစခန်းမှာ တစ်ပတ်လောက် နေရတယ်။
အခုတော့ လဝကထောင် ရောက်နေပြီပေါ့ကွာ။ သိပ်မကြာခင် အိမ်ပြန်ရတော့မယ်။
ငါ့ဇာတ်လမ်းကတော့ ငံပြာရည် အချက်ကောင်းလို့ ပြည်တော် ပြန်ရတဲ့ ဇာတ်လမ်းကွ။
ကဲ... အဲဒါပဲ သူငယ်ချင်း။
သူများနိုင်ငံမှာ တရားမဝင်နေရတာ ဘယ်လောက် ကျဉ်းကျပ်သလဲ ဆိုတာ။ ဒီမှာ ညှော်လုပ်လို့
မရဘူး။ အထူးသဖြင့် ဂျပန်တွေမှာ နှာခေါင်းစိမ်းတဲ့ ငရုတ်သီး ဆီသတ်တဲ့ အနံ့တို့၊
ငါးပိ၊ ငံပြာရည်အနံ့တို့ပေါ့။ ပြီးတော့ ဆူညံလို့ မရဘူး။ တီဗီ၊ ကက်ဆက်
အကျယ်ကြီးဖွင့်လို့ မရဘူး။ အဲဒါဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးတာပဲ။ ဒါတွေ
လူတိုင်း သိနေတဲ့ကိစ္စပါ။ ငါ တစ်ချက် ပေါ့သွားလို့ ခံလိုက်ရတာပါ။
အဆိုးထဲက အကောင်းကတော့ ငါ
အရင်းကျေသွားပါတယ်။ ဒါပေမယ့် ငါ့ အတွက်၊ ငါ့မိဘအတွက်၊ ငါ့ အပေါင်းအသင်းတွေအတွက်
အမှတ်တရ ဂျပန်ပစ္စည်းလေး ဘာတစ်ခုမှ မဝယ်လိုက်ရဘူးကွာ။ ငါ သွားသွားငေးတဲ့
ကုန်တိုက်က ဒီဂျစ်တယ်ကင်မရာလေးဆို ငါ သိပ်လိုချင်တာ။ အဲဒါလေးတောင် မရလိုက်ဘူး။
ဒါတွေဟာ ငါ ဂျပန် ရောက်နေတဲ့
တစ်နှစ်အတွင်းက အဆင်တန်ဆာ မပါတဲ့ ပကတိ ဖြစ်ရပ်မှန်တွေပဲ အောင်လူ။ နိုင်ငံခြား
သိပ်သွားချင်တဲ့ လူငယ်တွေ၊ နိုင်ငံခြား သိပ်ပို့ချင်တဲ့ မိဘတွေကိုတော့ ငါ
ပြောပြချင်တယ်ကွာ။ သွားတာ မကောင်းဘူးလို့တော့ မဆိုလိုပါဘူး။ သွားရင် ဒီလို
ဒီလိုတော့ ရှိတယ်။ ဒီလိုဖြစ်နိုင်တယ်ဆိုတာတော့ သိစေချင်တယ်။ ကံကောင်းထောက်မလို့
ဂျပန်မှာ ၁ဝ နှစ်၊ ၁၅ နှစ် ဘာမှမဖြစ်တဲ့လူတွေလည်း အများကြီးပါ။ သူတို့လို
လူတွေကျတော့ စုမိဆောင်းမိတာပေါ့။
ငါကတော့ ဘာမှ မစုဆောင်းနိုင်လိုက်ဘူး။
ဒါကြောင့် ငါ သွားစဉ်းစားမိတယ်။ မင်းနဲ့ ငါက ဘဝတူပဲလို့။ မင်းလည်း
ကိုယ့်တိုင်းပြည်မှာ အလုပ်ကြမ်းလုပ်ရတယ်။ ငါလည်း နိုင်ငံခြားထွက်ပြီး
အလုပ်ကြမ်းလုပ်ရတယ်။ ဘာထူးလဲကွ။ စာရင်းချုပ်လိုက်တော့ အတူတူပဲ မဟုတ်လား။
ကဲ... သူငယ်ချင်းရေ၊ ဒီတစ်ခါ တကယ်
နိဂုံးချုပ်ပါပြီ။ ဒီစာ မင်းဆီရောက်ပြီး သိပ်မကြာခင် လူကိုယ်တိုင်လည်း
ရောက်လာတော့မှာမို့ ရောက်မှပဲ စကားတွေ ထပ်ပြောကြတာပေါ့။ ဟေ့ကောင် အောင်လူ၊ ငါ
ဂျပန်ကနေ မင်းဆီကို စာရှည်ကြီး တစ်စောင်တော့ ရေးဖြစ်ပါတယ်နော်။
မင်းရဲ့ဘော်ဒါ
ထွန်းလတ်
လဝကထောင်
အီဘာရာကင်။
PS. ဂျပန်မလေးတွေကတော့
ရက်ရက်စက်စက် လှတယ်ကွ။
မနှင်းဖွေး
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။