ရွှေသုတ‌

ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ အပိုင်း (၃)

ညီပုလေး

01 March 2026
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ အပိုင်း (၃)
Share to

မှော်ဆယ်နေကြသူတွေ

            တပ်မ ၅၅ တံဆိပ်နဲ့ အမှတ် ၇ ခြေလျင်တပ်ရင်း ငါးမွေးမြူရေးကန်၊ အမှတ် ၅၅ ခြေမြန်တပ်မ ငါးမွေးမြူရေးကန်တွေကို ကျော်ခဲ့ပြီးတော့ အထူးဒေသ ၆ PNO ဦးနေဝင်းထွန်း Ruby Dragon Trading Co., Ltd. နန်းသဲ စိုက်ပျိုးရေးဧက ၉၄၄ ဆိုတဲ့ နဂါးနှစ်ကောင်ပါ ဆိုင်းဘုတ်ကြီးကျော်တော့ ကျယ်ပြန့်တဲ့ အင်းရေပြင်ကြီးကို စတွေ့ရတော့တာပါပဲ။ ဒါ အင်းလေးပဲလို့ သိလိုက်ရချိန်မှာ ကျွန်တော်က စောင်းဆရာကြီး အင်းလေးဦးမြင့်မောင်နဲ့ ဆရာမောင်တင်မြိုင်(အင်းလေး)တို့ကို သတိရမိတယ်။ ဒီဆရာနှစ်ပါးစလုံး ကွယ်လွန်ကြရှာပြီ။

            စောင်းဆရာ ဦးမြင့်မောင်ကိုစောင်းပညာလိုက်စားကြသူတွေအကြားမှာ မသိသူရှားပါလိမ့်မယ်။ ဆရာက အင်းလေးမြင့်မောင်လို့ သူမွေးဖွားရာ အင်းဒေသကို ဘန်းတင်စန်းတင်ပြီး ရှေ့ကထား နာမည်နဲ့ယှဉ်တွဲခေါ်ဝေါ်တာကို ကြိုက်တယ်။ ဆရာက အင်းလေး ဟဲယား ရွာမသားတဲ့။

            အင်းလေး ပင်မလေးရွာထဲက ဟဲယားရွာမ ရေမလည် ရပ်ကွက်သား။ ဆရာအင်းလေးမြင့်မောင်ကို ဦးချိန်၊ ဒေါ်ဇင်တို့က ၁၉၃၇ ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ဆရာဟာ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ ကွယ်လွန်တော့ အသက် ၆၄ နှစ်ပဲ ရှိပါသေးတယ်။ လူ့သက်တမ်း တဖြည်းဖြည်း ရှည်လာချိန်မှာ အသက် ၆၄ နှစ်ပဲ ရှိသေးတဲ့ဆရာ့အတွက် မြန်မာ့ဂီတလောက၊ စောင်းလောကက နှမြောတသမဆုံး ဖြစ်ကြရတယ်။ သာမန်လူတစ်ယောက်အတွက် အသက် ခြောက်ဆယ်စွန်းဟာ အများကြီးနေပျော်သေးတယ်လို့ ပြောကြရင် ဆရာ အင်းလေးမြင့်မောင်လို ပုဂ္ဂိုလ်အတွက်တော့ အထူးဆိုဖွယ် မရှိတော့ဘူး။

            ဆရာ အင်းလေးမြင့်မောင်ဟာ မန္တလေးပန်တျာကျောင်းမှာ စောင်းနည်းပြဆရာ အမှုထမ်းရင်း Music of Royal Court က ဖိတ်ကြားလို့ အင်္ဂလန်ကို သွားပြီး စောင်းတီးရတယ်။ ဆရာ့ရဲ့ လက်သံကို ဗီဒီယိုရိုက်တယ်။ ဘီဘီစီကနေ ကမ္ဘာကို ထုတ်လွှင့်ပေးခဲ့တယ်။ ၁၉၈၇ ခုနှစ်ဆီကပါ။

            အမေ လူထုဒေါ်အမာကတော့ ဆရာဦးမြင့်မောင်ကို မြန်မာစောင်းဆရာတစ်ယောက်အနေနဲ့ နိုင်ငံခြားကိုအသွားရဆုံး ပုဂ္ဂိုလ်လို့ ဆိုပါတယ်။ ၁၉၇၅ ခုနှစ်တုန်းက ဂျပန်အစိုးရရဲ့ ယဉ်ကျေးမှု အေဂျင်စီနဲ့ NHK ဂျပန်အသံလွှင့် ကော်ပိုရေးရှင်းတို့ ကြီးမှူးကျင်းပတဲ့ အနှစ် ၃ဝ ပြည့် အနုပညာပွဲတော်ကြီးနဲ့ NHK ရဲ့ နှစ် ၅ဝ ပြည့် ရွှေရတုသဘင်ပွဲမှာ မြန်မာနိုင်ငံ ယဉ်ကျေးမှုကဇာတ်နဲ့အတူ လိုက်ပါပြီး တီးခတ်ခဲ့ရတယ်။

            ၁၉၇၈ ခုနှစ်မှာ ဂျပန်ပြည်ကိုပဲ အာရှရိုးရာ ဂီတနှီးနှောဖလှယ်ပွဲ ATPA ကို တက်ရောက်ရင်း တီးခတ်ခဲ့ရဖူးတယ်။ ၁၉၈၂ ခုနှစ်မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ကို မြန်မာနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ယဉ်ကျေးမှုကဇာတ်နဲ့ လိုက်ပါပြီး ဆရာ့ရဲ့လက်စွမ်းပြခဲ့ဖူးတယ်။

            'ဂျပန်ပြည်ကို သွားခဲ့တဲ့အခါ မြန်မာ့စောင်းရဲ့ ကြိုးတပ်ပုံကို ဂျပန်တွေက အလွန်အံ့သြချီးကျူးကြတဲ့အကြောင်း၊ ဆရာတွေ့ဖူးသမျှ နိုင်ငံခြားစောင်းတွေမှာ ကြိုးအလျှော့အတင်းဟာ ဒလက်နဲ့ချည်း လုပ်ကြရကြောင်း၊ မြန်မာစောင်း တစ်ခုတည်းပဲ ဘွဲ့ကြိုးနဲ့ တပ်ထားပြီး ဘွဲ့ကြိုးကနေ ကြိုးအလျှော့အတင်းလုပ်တာကို တွေ့ရကြောင်း၊ ဂျပန်တွေက ဘွဲ့ကြိုးသုံးပုံကို သဘောကျကြောင်း' ပြောပြဖူးသတဲ့။

            ဆရာဦးမြင့်မောင်က အခုတီးနေကြတဲ့ စောင်းတွေမှာ ကြိုး ၁၃ ကြိုး၊ ၁၆ ကြိုးတပ်ပြီး တီးကြတယ်။ တစ်ကြိုးမှာ အသံ ၇ ပါ ရတယ်ဆိုရင် ၁၆ ကြိုးမှာ အသံ ၁၁၂ ပါ ထွက်ရှိနိုင်တဲ့ သဘောရှိတယ်။ သူ့အနေနဲ့ စောင်းကို နက်နက်နဲနဲ ချဉ်းကပ်တီးခတ်လေလေ စောင်းရဲ့စွမ်းအားက ထောက်မမီအောင် ကြီးမားလေလေဖြစ်နေရလို့ စောင်းကို ပိုင်နိုင်ပြီလို့ ဘယ်တော့များမှ ပြောဝံ့ ပြောနိုင်ပါလေမလဲလို့ မစဉ်းစားဝံ့အောင် ရှိနေကြောင်း ပြောပြခဲ့တယ်။

            ဆရာထွင်ထားတဲ့ လပြည့်ည စောင်းလက်သံကို ဘီဘီစီက အသံလွှင့်ဖူးတာ၊ အင်တာဗျူးလုပ်ကြတာကို မှတ်မိနေတယ်။

            ၁၉၆၉-၇ဝ ဆီကတည်းက ဆရာဦးမြင့်မောင်ရဲ့အိမ်မှာ ဂီတပညာကို လာရောက်ဆည်းပူးခဲ့တဲ့ နိုင်ငံသိ အဆိုတော် (ဒေါ်)ရည်ရည်သန့်ကတော့ ဆရာဟာ စောင်းပညာ၊ စောင်းလောကအတွက် အလုပ်တွေ အများကြီးလုပ် သွားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ စောင်းတီးခတ်လိုသူတွေအတွက် မီးရှူး တန်ဆောင် လမ်းပြကြယ်ပြောင်ကြီး တစ်စင်းပါ။ နုနယ်သေးတဲ့ စောင်းဝါသနာရှင်လေးတွေကို လုပ်ရဲကိုင်ရဲ တီးရဲတဲ့သတ္တိတွေ မွေးပေးပြီး စောင်းပညာကို ရဲရဲဝံ့ဝံ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆန်းသစ်ခဲ့တဲ့ ဆရာကောင်းတစ်ဦးလို့ ပြောပြပါတယ်။

            ဆရာအင်းလေးမြင့်မောင်မှာ နှစ်မ တစ်ဦးရှိတယ်။ မသန်းနွဲ့လို့ ခေါ်တယ်။ မသန်းနွဲ့ဟာ ဆရာမောင်တင်မြိုင် (အင်းလေး)နဲ့ အကြောင်းဆက် ပေါင်းဖက်ကြတယ်။ မသန်းနွဲ့ဟာ အခု ပင်လုံ တက္ကသိုလ် ဓာတုဗေဒဌာနမှာ ပါမောက္ခအဖြစ်နဲ့ အမှုထမ်းနေတယ်။ လူငယ် တေးရေးဆရာလောကမှာ ထင်ရှားတဲ့ မောင်မောင်ဇော်လတ်ဟာ ဆရာ မောင်တင်မြိုင် (အင်းလေး)နဲ့ ဆရာမ ဒေါ်သန်းနွဲ့တို့ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။

            အဆိုတော် လေးဖြူနဲ့ အငဲတို့ကို ဆရာအင်းလေးမြင့်မောင်ရဲ့ အမေ ဒေါ်ဇင်ရဲ့ ညီမ ဒေါ်မေက မွေးဖွားခဲ့တယ်။

            ကျွန်တော်က အင်းရေပြင်ကျယ်ကို စတွေ့လိုက်ကတည်းက အင်းသား အနုပညာ မိသားစုဇယားကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိတယ်။

 

အရှေ့ဘက်မှာ နေထွက်လို့

အနောက်ဘက်မှာတဲ့ နေဝင်

မလေးခင် အိပ်မက်တုန်း

ပန်းသုံးပွင့်မြင်

ပန်းကိုမြင် ပန်ချင်ပါဘိ

ပန်းသခင် မျက်နှာထား

တောင်းအားမရှိ...

(အင်းလေးတိုက်တေးတစ်ပုဒ်)

            ဆရာမောင်တင်မြိုင် (အင်းလေး) ပြုစုတဲ့ အင်းလေးတိုက်တေးများစာအုပ်က ၁၉၇ဝ အောက်တိုဘာလက ထွက်လာတယ်။ တန်ဖိုးက တစ်ကျပ်တဲ့။ အုပ်ရေ ၃ဝဝဝ ရိုက်ခဲ့တယ်။ မျက်နှာဖုံးပန်းချီကို ဆရာပေါ်ဦးသက်က ရေးဆွဲတယ်။ လင်းကြက်စာအုပ်တိုက်က ထုတ်ဝေတာပါ။ ဒီဆောင်းပါးတွေရဲ့ မြစ်ဖျားခံရာက လူထုသတင်းစာလို့လည်း အဆိုရှိတယ်။ ဆရာမောင်တင်မြိုင်က သူ့စာအုပ်ကို 'အင်းလေးကန်ထဲမှာနေတဲ့ ဖေဖေနဲ့မေမေဖို့'လို့ ရည်ညွှန်းထားတယ်။

            မြန်မာစာပေမှာ 'ကောက်စိုက်သမ တေးသံ'၊ 'မောင်းထောင်းတေးသံ' စတဲ့ တေးကဗျာတွေဟာ ကျေးလက်လူထုတွေ ဖွဲ့နွဲ့သီဆိုခဲ့ကြတဲ့ ကျေးတောနေတို့ရဲ့ ကဗျာတွေဖြစ်ပါတယ်။ ဒီကဗျာတွေကို ကျေးတောနေတို့ဟာ ကောက်စိုက်ရင်း၊ မောင်းထောင်းရင်း သီဆိုခဲ့ကြပါတယ်။ ရှေးဘိုးဘွားလက်ထက်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် နှုတ်တိုက်ရွတ်ဆိုရင်း ထိန်းသိမ်းသယ်ယူခဲ့ကြပါတယ်။ အရေးအဖတ်ထက် ရွတ်ဆိုမှုကို အဓိကထားခဲ့ကြတဲ့ကဗျာတွေပါ။ အဲဒီလို ကျေးလက်ကဗျာ ရွတ်ဆိုကြတဲ့ အလေ့အထကို တိုင်းရင်းသားတိုင်းမှာလိုလို တွေ့ရပါတယ်။ အချို့တိုင်းရင်းသားတွေမှာဆိုရင် ဒီကနေ့အထိ ကဗျာရွတ်ဆိုတဲ့ အလေ့အထဟာ ခိုင်ခိုင်မာမာကြီးပဲ တည်ရှိနေပါသေးတယ်။

            ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တစ်ဝိုက်မှာနေထိုင်ကြတဲ့ အင်းသားတွေထဲမှာလည်း ကဗျာရွတ်ဆိုတဲ့ အလေ့အထတွေ ရှိခဲ့ပါတယ်။ သူတို့ ရွတ်ဆိုတဲ့ တေးကဗျာတွေကို တိုက်တေး၊ ချိုတေးရယ်လို့ ခေါ်ဆိုကြပါတယ်။ သူတို့ကဗျာ ရွတ်ပွဲကြီးကိုလည်း တေးတိုက်ပွဲလို့ ခေါ်ကြပါတယ်။ အဲဒီတေးတိုက်ပွဲတွေဟာ တစ်ခေတ်တစ်ခါက အင်းလေးမှာ တော်တော်ပဲ ခေတ်စားခဲ့ကြပါတယ်။ တိုက်တေး ကဗျာတွေဟာလည်း အင်းလေးသူ အင်းလေးသားတို့ရဲ့နှုတ်ဖျားမှာ ပျံဝဲလို့နေခဲ့ ကြပါတယ်။

မောင်တင်မြိုင် (အင်းလေး)ရဲ့အမှာ

            ဆရာ့စာအုပ်ဖတ်ပြီးကတည်းက လွမ်းနေမိတယ်။ စိတ်ကူးနဲ့ ပုံဖော်ကြည့်တာတော့ ကရင်လူမျိုးတွေရဲ့ ထားအီဦးတဲ့ပွဲနဲ့ ဆင်ဆင်တူတယ်လို့ ထင်မိတယ်။မောင်- ရွှေလလေး တိမ်ညိုပိတ်ပါလို့

              တိတ်တိတ်ကယ်တဲ့

              လာခဲ့မယ်။

              မလေးခင် ဆုံပင်ရင်း

              ဆင်းလာခဲ့ကွယ်။

              အသွယ်သွယ်

              မောင်ငယ်က ကြံတုန်း

              မလေးခင် ဆုံပင်ရင်း

              ဆင်းလာခဲ့ဦး။

မယ် -   လွမ်းတယ်တဲ့ လွမ်းတယ်

              ရက်ကန်းစင် ထိုင်ခုံစွန်း

              လွမ်းရပါတယ်။

              လွမ်းလေတယ်

              မောင်ငယ်ပါမသိ

              ရက်ကန်းစင် ထိုင်ခုံစွန်းမှာ

              (မောင်ကြီးရယ်)

              လွမ်းလိုက်ပါဘိ။

            ကျွန်တော်ကတော့ တိုက်တေးကဗျာရွတ်ဆိုသံကို ကြားချင်နေမိတယ်။ တချို့ အမွေအနှစ်တွေက လက်ဆင့်ကမ်း ထိန်းသိမ်းကြရတာဟုတ်လား။ တိုက်တေးရွတ်ဆိုပွဲ ပြိုင်ပွဲတွေ ကျင်းပပေးရင်ဖြင့် ဒီရွတ်ဆိုမှုဟာ ပြန်ပြီးများ ရှင်သန်လာဦးမလား။

            နေရောင်ကတော့ ထူထပ်တဲ့တိမ်တွေကြားမှာ ဇွတ်တိုးနေရရှာတယ်။ တိမ်တွေ ပါးတဲ့နေရာမှာ ဇွတ်တိုးဖြာကျနေတဲ့ အလင်းရောင်ပျော့ပျော့က ခဲသားပုပ်ရောင် နောက်ခံမှာ ကန့်လန့်အစင်းကြီးတွေ ဖြစ်နေတယ်။ ဟိုးအရှေ့ဘက်ဆီက အပြာရင့်ရောင်တောင်တန်းကြီးလည်း လင်းတဲ့နေရာက လင်း၊ မှိန်တဲ့နေရာက ခပ်များများမှိန်ပြီး ရေမချိုးရသေးတဲ့ ချေးရှစ်သစ်နဲ့ တောင်တန်းကြီး ဖြစ်နေရရှာတယ်။ အင်းရေပြင်မှာ မြင်ကွင်းက သိပ်မလှဘဲ ခင်မှိုင်းမှိုင်း ဖြစ်နေတယ်။

            အင်းရေပြင်ထဲက မှော်ပင်ဒိုက်ပင်တွေကို ဆယ်ယူကြပြီး လှေလေးတွေပေါ် တင်နေကြတယ်။ တချို့လှေတွေဆိုရင် မြုပ်လုမြုပ်ခင်ဖြစ်နေအောင် အပြည့် အမောက်တင်ကြရတာပါလား။ ဒီမှော်ပင် ဒိုက်ပင်တွေဟာ နောက်တော့ ကျွန်းမျော တွေလုပ်ရာမှာ သုံးကြမှာတဲ့။ မော်တော်ရဲ့ အတွင်းနံရံတွေ တစ်ဖက်တစ်ချက်မှာ 'အင်းရေပြင်အတွင်း အမှိုက်မပစ်ရ' ဆိုတဲ့ စာလုံးတွေ ရေးထားတယ်။ စာလုံးက သံပြားကို ဖောက်ပြီး ဆေးမှုတ်ထားပုံထောက်တော့ ဒီပြင် မော်တော်တွေမှာလည်း ဒီစာလုံးတွေ ရေးကြရတယ် ထင်ပါရဲ့။ စင်ရော် နှစ်ကောင်ကို ရှားရှားပါးပါး တွေ့ခဲ့ရတယ်။ စင်ရော်တွေက နွေရာသီကို ရှောင်ကြပြီး ဆောင်းအခါမှာ အကောင် အရေအတွက် ပိုများတယ်လို့ မော်တော်ဆရာက ပြောပြတယ်။

            အင်းထဲမှာရှိတဲ့ ဟိုတယ်တွေက တည်းခိုချင်စရာပါ။ ငှက်ကြည့်ချင် လေ့လာချင်သူတွေအတွက် ငှက်ကြည့်စရာ မျှော်စင်လည်း ဆောက်ပေးထားသေးတယ်။ အင်းလေးညချမ်းဟာ ဘယ်လိုသာယာသလဲ၊ ဘယ်လောက်သာယာသလဲ၊ လပြည့်ည၊ လကွယ်ညတွေလာပြီး ညအိပ်တည်းခိုချင်မိတယ်။

□

ငှက်ကြည့်မျှော်စင်ပါ ရေပေါ်ဟိုတယ်

            ကျွန်တော်လည်း ငှက်ချစ်သူတစ်ယောက်ပဲ။ ဒီပြင်မိတ်ဆွေတွေလို အင်းတွေ၊ အိုင်တွေ၊ တောတွေ၊ တောင်တွေ လှည့်ပြီးတော့ မှန်ဘီလူးတစ်လက်နဲ့ မလေ့လာဖူးပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိကြတဲ့ငှက်တွေကိုပဲ အဖော်ပြု မိတ်ဆွေဖွဲ့တာပါ။ စာကလေး၊ ဆက်ရက်၊ သပိတ်လွယ်၊ ချို၊ ချိုသိမ်၊ ခို၊ ငှက်ခါးလေးတွေ သူ့ရာသီနဲ့သူ ဘာသာဘာဝ မြူးတူးပျံသန်းကြတာ အစာရှာဖွေစားကြတာတွေ ကြည့်ခဲ့ဖူးတယ်။ အဲဒီအချိန်မှာ လူစင်စစ်ကနေ ငှက်ဖြစ်သွားရင် သိပ်ကောင်းမှာပဲဆိုပြီး ငှက်ဖြစ်ချင်စိတ် ပေါက်နေတဲ့ အချိန်ကပေါ့။ ငွေစင်ရော်တွေလို အတောင်ပံတွေပါရင် ဝေဟင်မှာ ဝဲလိုက်ချင်ပါတယ်ဆိုတဲ့ ကာလတွေပေါ့။

            ငဖယ်ချောင်းကျေးရွာအုပ်စု၊ ဆေးပေးခန်း ၁၊ ဘုန်းကြီးကျောင်း ၄၊ ရေတွင်းရေကန် ၁၁၊ စိုက်ဧက ၂၂၄၊ အိမ်ခြေ ၄၆၇ ဆိုတဲ့ ငဖယ်ချောင်းရွာနားမှာ မိုးစက်လေတွေကျတယ်။ မော်တော် ဆရာက အသင့်ယူလာတဲ့ထီးတွေ လက်ဆင့်ကမ်းတယ်။ မိုးချည်းပဲ၊ လေမပါလို့ တော်သေးတယ်။

            မော်တော်ဆရာက စက်ရှိန်လျှော့တော့ ဖောင်တော်ဦးဘုရားနဲ့ အတော်နီးနေပြီ။ သူက အင်းလေးထဲက စူပါမားကက်လေးတစ်ခုမှာ ရပ်ပေးတာပါ။ အင်းလေးကို ရောက်ခိုက် အမှတ်တရ ပစ္စည်းဝယ်ချင်သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ဆိုင်လေးပါ။ ပစ္စည်းတော်တော် စုံစုံလင်လင်ရှိတယ်။ မော်တော်ထိုးဆိုက်ချိန် မော်တော်ဆိုက်မယ့် နေရာမှာ အင်းသားလူငယ်တစ်ယောက်က အင်းသံဝဲဝဲနဲ့ ခရီးဦးကြိုနေတယ်။

            'အမှတ်တရပစ္စည်းလေးတွေ ဒီမှာ ဝယ်လို့ရတယ်။ ရှမ်းထမင်း၊ ငါးထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းပေါင်း ဒီမှာစားလို့ရတယ်။ ရှမ်း အင်္ကျီလေးတွေ၊ အင်းလေးပုဆိုး၊ ပိုးဇင်းမယ်တွေ၊ မာဖလာတွေ၊ ခြုံတဘက်တွေ၊ အမှတ်တရလွယ်အိတ်လေးတွေ၊ အင်းလေးထဘီလေးတွေလည်း ဒီမှာ ဝယ်လို့ရတယ်'တဲ့။

            ကျွန်တော်တို့ကို ကျော်တက်သွားကြတဲ့ မော်တော်တွေပေါ်က ခရီးသည်တွေနဲ့ ဆိုင်ထဲမှာ စည်ကားနေတယ်။ ဈေးရောင်းသူလေးတွေကလည်း ယဉ်ကျေးဖော်ရွေ စိတ်ရှည်ကြတယ်။ ဝင်းဝင်းကတော့ သမီးလင်းလင်းမွန်၊ ရွှေပြည်စိုးတို့ လက်ညှိုးထိုးတာကို ဝယ်ပေးဖို့ လုပ်နေတယ်။ နောက်ထပ် မော်တော်တစ်စင်း ဆိုက်လာပြန်တယ်။ စားသောက်ဆိုင်မှာ အမှုထမ်းကြတဲ့ လူငယ် လုံမငယ်လေးတွေကတော့ စားသောက်မယ့်သူမရှိလို့ စားပွဲပေါ် မျက်နှာအပ်ပြီး ငိုက်သူက ငိုက်၊ ကျောင်းစာ ကျက်သူက တစ်ယောက်၊ စုပြီး တွတ်ထိုးနေကြတာက လေးယောက်၊ ဟိုငေး ဒီငေးက တစ်ယောက်ရှိတယ်။

            ဖောင်တော်ဦးဘုရားမှာ ကင်မရာ အခွန်ဆောင်ရတယ်။ ဗီဒီယိုကင်မရာ တစ်လုံးကို ၃ဝဝ ကျပ်၊ ကင်မရာဆိုရင် ၂ဝဝ ကျပ် ပေးဆောင်ရမယ်တဲ့။ ဘုရား ရင်ပြင်မှာ ဘုရားဖူးတွေနဲ့ စည်ကားနေတယ်။ ဘုရားမှာ အမျိုးသမီးတွေ ရွှေချခွင့်မပြုဘူး။ အမျိုးသမီး ဘုရားဖူးတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့နေရာ ရှိတယ်။ သတ်မှတ်တဲ့နေရာထက်ကျော်ပြီး ဖူးခွင့်မရှိဘူး။ ဝင်းဝင်းက အောင်ဘာလေကို ရွှေသင်္ကန်းကပ်ဖို့ ပိုက်ဆံ ထုတ်ပေးလိုက်တယ်။ ဘုရားကို ရွှေသင်္ကန်းကပ်ကြသူတွေလည်း တော်တော်များတယ်။

            ဘုရားရဲ့မြေညီထပ်မှာ ဒေသထွက်ကုန်တွေ ရောင်းကြတဲ့ဆိုင်တွေ အများကြီး။ လွယ်အိတ်၊ အင်္ကျီ၊ ပုဆိုး၊ ထဘီ၊ ရှမ်းဘောင်းဘီ၊ တိုက်ပုံတွေ ရောင်းကြသလို ပလိုင်း၊ တောင်း၊ လက်ဆွဲခြင်း၊ ခမောက်တွေလည်း ရောင်းကြတယ်။

            'ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် သီတင်းသုံး စံပယ်တော်မူသော ကျောင်းတော်ကြီး အုတ်မြစ်ချရာ မင်္ဂလာအခါ တိုင်နေရာ'ဆိုတဲ့ အမှတ်အသားမှာ ဒီလို ရေးထားတယ်။

            'ဤမင်္ဂလာအခါတိုင်ရှိသော နေရာတော်မြတ်တွင် ၁၃၁၄ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်နေ့ အင်္ဂါနေ့ စက်နာရီ နံနက် ၇ နာရီ ၃ မိနစ် ၂၄ စက္ကန့် အချိန်တွင် အောက်ဖော်ပြပါ ၉ ဌာန၌ ဂြိုဟဇာပွင့်အရ အနောက်မြောက်ထောင့် အရပ်သို့ မျက်နှာမူလျက် အမြောက်ပစ်ဖောက်သံကြားသည်နှင့် တစ်ပြိုင်နက် ရွှေအုတ် ငွေအုတ် ပတ္တမြားအုတ်တို့ကို ဆရာတော်တစ်ပါးလျှင် ဒကာနှစ်ဦးစီ တွဲဖက် ၉ ဌာနလုံး တစ်ပြိုင်နက် ချမှတ်ခဲ့ကြပါသည်။ ချမှတ်သည့်ပုံစံနေရာနှင့် ပုဂ္ဂိုလ်ကြီးများမှာ...

၁။        ဂိုဏ်းချုပ် ရွှေကူဆရာတော်ကြီး၊ သားတော်ကြီးကိုယ်စားလှယ်၊ အင်းတိမ်မြို့စားမင်း။

၂။         နန်းပန်ဂိုဏ်းထောက် ဆရာတော်ကြီး၊ အမတ်ချုပ်၊ နန်းဟိုရွာလူကြီး ဦးဘိုးခိုင်။

၃။        တောင်ပေါ် ဂိုဏ်းထောက်ဆရာတော်ကြီး၊ နမ်ဟူရွာ ဦးစံညိမ်း၊ တရားအမတ်ကြီး။

၄။        သံထောင်ဂိုဏ်းထောက် ဆရာတော်ကြီး၊ အခွန်အမတ်၊ နန်းပန်ဆရာကြီးဦးစု။

၅။        မိုင်းပျိုးဂိုဏ်းထောက် ဆရာတော်ကြီး၊ မြို့မမြို့စားမင်း၊ အင်းကျန်ကျောင်း ဒကာခင်။

၆။        ဟဲယားရွာမ ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ရာဇဝတ်အမတ်၊ အင်းပေါခုံ ဦးညှာ။

၇။        လွယ်မောဂိုဏ်းအုပ် ဆရာတော်ကြီး၊ ညောင်ရွှေဦးထွန်းအေး၊ ကာလေ ကျောင်းဒကာဦးညွန့်။

၈။        မိုင်းသောက် ဂိုဏ်းထောက်ဆရာတော်ကြီး၊ ညောင်ရွှေဘုရားဒကာ၊ ငဖယ်ချောင်းဦးလယ်လို့ ရေးထားတယ်။

            ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် မူလသီတင်းသုံးခဲ့တဲ့ကျောင်း ပျက်စီးခဲ့လို့ ၁၃၁၄ ခုနှစ်က ပြန်တည်ဆောက်တဲ့ ကျောင်းတော်ကြီးကမ္ပည်းပါ။

            ဖောင်တော်ဦးဘုရားကအထွက်မှာ မိုးတစ်ကျော့ရွာပြန်ပါလေရော။ ကုလားထိုင် တပ်ဆင်ထားတဲ့ မော်တော်တစ်စင်းမှာ လိုက်လာကြတဲ့ ခရီးသည်တွေခမျာ ထီးမပါလာလို့ အသက်ကယ် အင်္ကျီတွေ ခေါင်းပေါ်မှာမိုးပြီး မော်တော်ကို စီးသွားကြလေရဲ့။ မိုးရဲ ဆောင်းရဲကြပါပေတယ်။

            အောင်အောင်ရေးဆွဲထားတဲ့ ခရီးစဉ်က ဖောင်တော်ဦးဘုရားကနေ အလိုတော် ပေါက်ဘုရားကို ဖူးကြဖို့ပါ။ မိုးတွေရွာနေပေမယ့် ထီးတွေပါတာရယ်၊ အင်းထဲမှာ မိုးရေစက်တွေ ထိမှန်တော့ ခရီးသွားရတဲ့ အရသာသစ်ပေါ်တာကြောင့် ပျော်နေကြတဲ့ မိသားစုတွေကို ကြည့်ပြီး ကျွန်တော်ပါ ပျော်လာမိတယ်။ ကျွန်တော်ပျော်တဲ့အထဲမှာ မိုးချည်းပဲ ရွာပြီး လေမပါလို့ ပျော်တာလည်း ပါတယ်။

            ကြာကြာတော့ မပျော်လိုက်ရဘူး။ မော်တော်ထိုးဆိုက်တဲ့အခါမှာ ကျွန်တော်တို့ မော်တော်ဦးမှာ ကလေးတွေ စုပြုံရောက်လာတယ်။ ကျွန်တော့်သားနဲ့ သမီးတွေထက် ငယ်တဲ့အရွယ်လေးတွေပေါ့။ မော်တော်ပေါ်က အဆင်းမှာ ဖေးကူမတွဲရင်း သူတို့က ကိုင်ထားတဲ့လက်ကို မလွှတ်တော့ဘဲ ဘုရားမှာ ပန်းလှူဖို့ ပန်းဝယ်ရင် သူတို့ဆီက ဝယ်ဖို့ တွယ်ကပ်နေကြတော့တာပါပဲ။ ရောင်းတတ်လိုက်သမှ အားနာပြီး မဝယ်ဘဲ မနေနိုင်အောင်ကို ရောင်းကြတာပါ။

            အလိုတော်ပေါက်ဘုရားဟာ ဟိုအရင်တုန်းကတော့ ဘုရားဖူးတွေ သိပ်လာကြတယ်လို့ မကြားဖူးဘူး။ ဒီဘုရားကို အင်းလေးကန်ထဲရောက်ရင် ဖူးစရာဘုရား တစ်ဆူအဖြစ် ပြုပြင်ထားကြတယ် ထင်ပါရဲ့။ အခုတော့ ဘုရားဖူးတွေကို အမှီပြုနိုင်တဲ့ ဈေးသည်တွေရဲ့ ဈေးတန်းကလေးလည်း ဖြစ်နေပါပြီ။ ဘုရားသမိုင်း မပြုစုရသေးတာ ဘဲလား၊ ပြုစုထားတဲ့ သမိုင်းစာအုပ်က ရောင်းလို့ကုန်သွားတာလား မသိဘ။ သမိုင်း စာအုပ်ရောင်းတဲ့ဆိုင် မတွေ့မိဘူး။ ဘုရားဖူးရင် မိုးတွေသည်းသည်း ရွာလို့ ကျွန်တော်တို့ ငါးထမင်းချဉ်နဲ့ တို့ဟူးကြော်စားကြရင်း မိုးခိုကြသေးတယ်။ မိုးနည်းနည်းစဲတော့မှ အလိုတော်ပေါက်ဘုရားက ထွက်ခဲ့ကြတယ်။

▀

ဆက်လက်ဖော်ပြပါမည်

ညီပုလေး

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...