ရွှေသုတ‌

အမေရိကန်တို့ အကြိုက်ဆုံးနိုင်ငံတကာ ကဗျာများ

မောင်ခိုင်လတ်

01 March 2026
အမေရိကန်တို့ အကြိုက်ဆုံးနိုင်ငံတကာ ကဗျာများ
Share to

             အမေရိကန်၏ အကြိုက်ဆုံးကဗျာများ အမည်ရှိ ကဗျာညွန့်ပေါင်းကျမ်းကြီး တစ်အုပ်ကို နော်တန်ကုမ္ပဏီ (Norton Company) မှ ၁၉၉၉ ခုနှစ်တွင် ထုတ်ဝေခြင်း ဖြစ်သည်။ စာမျက်နှာပေါင်း ၃၂၈ မျက်နှာရှိ ကျမ်းစာအုပ်အရွယ်ခန့်ချုပ်ဆိုဒ်ကြီး ဖြစ်သည်။

            စာအုပ်ကို တည်းဖြတ်သူတို့မှာ နှစ်ဦးဖြစ်သည်။ ရောဘတ်ပင်စကီ (Robert Pinsky) နှင့် မက်ဂ်ဂျီးဒိုင်ယက်ဇ် (Maggie Dietz) တို့ ဖြစ်ကြသည်။ ရောဘတ်ပင်စကီမှာ မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်တက္ကသိုလ်မှ စာပေရေးရာ သုခမိန် တစ်ဦးအဖြစ် ထင်ရှားကျော်စောသူတစ်ဦး ဖြစ်သည်။ မျက်မှောက်ခေတ် ကဗျာစာဆိုကြီးများအကြောင်း လေ့လာသုတေသနပြုချက် စာအုပ် ၅ အုပ် ရေးသား ပြုစုခဲ့ပြီး ဖြစ်သည်။ မက်ဂ်ဂျီး ဒိုင်ယက်ဇ်မှာ မက်ဆာချူးဆက်ပြည်နယ် ဘရုတ်ကလင်း၌ နေထိုင်ပြီး အကြိုက်ဆုံးကဗျာများ စီစဉ်ထုတ်ဝေမှုဆိုင်ရာ စီမံကိန်း ဒါရိုက်တာတစ်ဦး ဖြစ်သည်။

            စာအုပ်၏ အရွယ်အစား ပုံနှိပ်ထုတ်ဝေမှု အရည်အသွေးနှင့် အပြင်အဆင်ကို ကြည့်လျှင် များစွာအချိန်ယူ ပြင်ဆင်ပြီးမှ စီစဉ်ထုတ်ဝေခြင်းဖြစ်ကြောင်း သိသာပါသည်။ စာအုပ်အရွယ်အစားမှာ အလျား ၂၅.၂ စင်တီမီတာ၊ အနံ ၁၆ စင်တီ မီတာ ရှိသည်။ ဤမျှ ကြီးမားထူထဲသော စာအုပ်ကြီးဖြစ်သော်လည်း နေရာထားသိုမှု ပြေပြစ်ညီညွတ်ခြင်းကြောင့် စာဖတ်သူအပေါ် လေးလံဖိစီး မနေဘဲ ဖတ်ချင့်စဖွယ် ဆွဲဆောင်နိုင်သော စာအုပ်ဖြစ်သည်။

            စာအုပ်၏ ပထမဆုံးစာမျက်နှာတွင် ဝန်ခံချက်ပါရှိလေသည်။ စီစဉ် တည်းဖြတ်သူနှစ်ဦး ရေးသားခြင်း ဖြစ်သည်။

            စာအုပ်စီစဉ် တည်းဖြတ်သူတို့အနေနှင့် များစွာသော စာဖတ်သူနှင့် စာပေ မြတ်နိုးသူတို့အား တစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့အစည်းအလိုက်၊ အစုအဖွဲ့လိုက်သော်လည်းကောင်း ထင်မြင်ယူဆချက်၊ အကြံပြုချက်များ တောင်းခံခဲ့ပါသည်။ ကျောင်းများ၊ စာကြည့်တိုက်များ၊ စာအုပ်ဆိုင်များနှင့် အခြားသင့်လျော်မည့် လူပုဂ္ဂိုလ်များ၊ အကြိုက်ဆုံးကဗျာများ အစီအစဉ်ကို အလေးအမြတ်ထားသော စာဖတ်ပရိသတ်များစသည့် အမေရိကန် ပြည်ထောင်စု တနံတလျားသာမက အနိုင်နိုင်ငံမှ စာဖတ်ပရိသတ်အားလုံးတို့အား ကူညီဆောင်ရွက်ကြပါရန် နှိုးဆော်တိုက်တွန်းခဲ့ပါသည်။ ထိုအခါ ကူညီပံ့ပိုးကြသူ ထောင်ပေါင်းများစွာတို့ ပေါ်ထွက်လာခဲ့လေသည်။

            ဤကဗျာညွန့်ပေါင်း စာအုပ်ကြီးအတွက် မိမိတို့ထံ စာရေးသားဆက်သွယ်အကူအညီပေးခဲ့သူ ၁၇ဝဝဝ ကျော်တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ ဤပေးစာများက မိမိတို့ စုရုံးဖော်ပြမှုအတွက် ခိုင်မာတိကျသော အခြေခံရင်းမြစ်များ ဖြစ်လေသည်။

            စသည်ဖြင့် ဝန်ခံဖော်ပြထားလေသည်။ ဤဝန်ခံချက်ပါ ပူးပေါင်းပါဝင် ကူညီခဲ့ကြသော အဖွဲ့အစည်း များမှာ Art and Cliff Becker, NEA Literature Program, The William and Flora Hewlett Foundation, The John S. and James L.Knight Foundation တို့ ဖြစ်သဖြင့် ကျောထောက်နောက်ခံအင်အား တောင့်တင်းကြောင်း ယုံကြည်စိတ်ချနိုင်လေသည်။

            စာအုပ်၏ နိဒါန်းကိုကားရော ဘတ်ပင်စကီ တစ်ဦးတည်း တာဝန်ခံ ရေးသားသည်။ သူနှင့် မက်ဂ်ဂျီးဒိုင်ယက်ဇ်တို့၏ ကြိုးပမ်းအားထုတ်မှုတို့ကို ဖော်ပြထားခြင်းသာ ဖြစ်သည်။

            နိဒါန်းတွင် အမေရိကန်ပြည်ထောင်စုနှင့် အနိုင်နိုင်ငံမှ ပေးပို့လာသော အကြံပြုချက်များတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ ရဲတပ်ဖွဲ့အကြီးအကဲများ၊ မြို့တော်ဝန်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသူ ကျောင်းသားများ၊ အိမ်ခြေမဲ့များ၊ အဖွဲ့အစည်းပေါင်းစုံမှ ပညာရှင်များစသဖြင့် လူမျိုးအသီးသီး အခြေအနေ အမျိုးမျိုးရှိသော လူပုဂ္ဂိုလ်တို့မှ စိတ်အားထက်သန်စွာ ဆက်သွယ်ပေးပို့လာခြင်း ဖြစ်လေသည်။ ထောင်ပေါင်းများစွာသော ပေးစာများမှာ အကြိုက်ဆုံး ကဗျာစီမံချက် Web Site များသို့ ပေးပို့လာသည့် ပေးစာများ ဖြစ်ကြပါသည်။

□

            ကျွန်တော်တို့ လက်ခံရရှိသည့် ပေးစာများမှာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား ဖြစ်ကြပါသည်။ တစ်မျိုးမှာ စိတ်ဝင်စားသူများထံမှ အမှတ်မထင်ရရှိသည့် လင်းပြချက်များဖြစ်ပြီး ကျန်တစ်မျိုးမှာ ကဗျာ အတွင်းသားများ၏ သီးခြားဖြစ်ကြသော ထို့ပြင် ကြွယ်ဝသော အမေရိကန်တို့၏ စိတ်အာရုံသိတို့ကို အံ့သြဖွယ်ရာ တွေ့ရှိရခြင်းပင် ဖြစ်သည်။

            အဆက်မပြတ် ပေးပို့လာကြသည့် ပေးစာများတွင် အကြိုက်ဆုံးကဗျာ စီမံချက်၏ ထုံးတမ်းစဉ်လာ တွေးထင်ချက်များကို ငြင်းဆိုခြင်းများလည်း ပါဝင်လျက် ရှိပါသည်။

□

            အခက်အခဲများ၊ စဉ်းစားဆုံးဖြတ်ဖွယ်ရာများ၊ ညှိနှိုင်းဆောင်ရွက်မှုများ၊ အစီအစဉ်တကျ ဖြတ်သန်းရမှုများ စသည်တို့ကို ဖော်ပြထားပါသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအတွင်းနှင့် အနိုင်နိုင်ငံမှ ပြည်သူများ၏ ဆန္ဒသဘောထားကို ဖော်ပြသည့် ပေးစာထောင်ပေါင်းများစွာကို လေ့လာဆွေးနွေးခြင်း၊ နိုင်ငံတိုင်းတွင် ပေါ်ပေါက်ခဲ့သော အမျိုးသားစာဆိုကြီးများ၏ ကဗျာလက်ရာတို့ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်း၊ ဖတ်ရှုခံစားခြင်း၊ ဘာသာပြန်ဆိုသူ၏ အာဘော်ကို ဆွေးနွေးသုံးသပ်ခြင်း၊ ထို့နောက်မှ ဤကဗျာ ညွန့်ပေါင်းကျမ်းကြီးတွင် ပါဝင်ထည့်သွင်းရန် စဉ်းစားဆုံးဖြတ်ကြခြင်း စသည့်များမြောင်ရှည်လျားလှသော လုပ်ငန်းအစီအစဉ်တို့ကို ဖော်ပြထားလေသည်။

            ကဗျာညွန့်ပေါင်း ကျမ်းကြီးတွင် ရုရှားကဗျာအဆို အင်နာအခါမာတိုဗာ (၁၈၈၉-၁၉၆၆)မှ အစပြု၍ကဗျာစာဆိုပေါင်း ၁၄၅ ဦးတိတိ ထည့်သွင်းဖော်ပြထားလေသည်။ ကဗျာ စာဆိုအများစုမှာ ကမ္ဘာသိ ကဗျာစာဆိုကြီးများ ဖြစ်ကြသည်။ အေအာရ် အမ်မွန်၊ မဿဲအာနိုး၊ ဂျွန်အက်ရှအယ်ရီ၊ မာဂရက်အက်ဝုဒ်၊ ဒဗလျူအိပ်ချ်အော် ဒင်၊ အယ်လီဇဘက်ဘစ်ရှော့ပ်၊ ဝီလျံ ဘလိတ်၊ ရောဘတ်ဘရောင်းနင်း၊ လူးဝစ်ကောရိုးလ်၊ အီးအီးကမ်းမင်း၊ ဂျွန်ကိစ်၊ ရောဘတ်ဖရော့တ်စ်၊ သောမတ်ဟာဒီ၊ ဂျိမ်းစ်ဂျိုက်စ်၊ ဆာမီးယားပလာ့တ်၊ ဝီလျံဝပ်စဝတ်၊ ဝီလျံကာလို့စ်ဝီလျံ၊ ပါအလိုနေရူဒါ၊ ဟိုးမား၊ အလက်ဇန္ဒားပုပ်၊ ပုသျှကင်၊ ဂါစီယာ လော်ရကာ၊ အင်ဒရူးမာဗယ်၊ အမ်မလီ ဒစ်ကင်ဆန်၊ ဘီအက်စ်အဲလိယော့ စသည့် ကမ္ဘာကျော် စာဆိုကြီးများ။ စာအုပ်စီစဉ်ပုံမှာ စာဆိုတို့၏ အမည် အက္ခရာဝလိနှင့် စီစဉ်ထားပြီး ကဗျာ အပုဒ်တိုင်းတွင် ကဗျာကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပြီး ပေးပို့သူမှ (ကဗျာ ဘာသာပြန်ဆိုသူနှင့် ပေးပို့သူမှာ တစ်ဦးတည်းလည်း ဖြစ်နိုင်သည်။ တစ်ဦးစီလည်း ဖြစ်နိုင်သည်။) ကဗျာအပေါ် ထင်မြင်သုံးသပ်မှု မှတ်ချက်တိုလေးများ ပူးတွဲပါဝင်သည်။ တစ်ခါတစ်ရံ ဘာသာပြန်ဆိုသူ (ပေးပို့သူ)က သူ၏ ကဗျာအပေါ် ခံစားချက်ကိုလည်း ရှည်ရှည်လျားလျား ရှင်းပြထားသည်ကိုလည်း တွေ့ရသည်။

            ရုရှားကဗျာစာဆိုကြီး အင်နာအခါ မာတိုဗာ၏ စီရင်ချက် (The Sentence) ကဗျာကို ဖော်ပြရာတွင် ရုရှားဘာသာမှ ပြန်ဆိုသူမှာ Judith Hemsehemeyer ဖြစ်ပြီး ပေးပို့သူမှာ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့မှ ပရော်ဖက်ဆာ နန်စီနာ ဆက်ရှန်း ဖြစ်လေသည်။ နန်စီက ဗီယက်နမ်စစ်ပွဲမှ ပြန်လာသော သူ၏ အစ်ကို စစ်ပြန်ဒုက္ခိတကြီး၏ မည်းမှောင်လှသော ဘဝနေဝင်ချိန်များကို ဖော်ပြပြီး စီရင်ချက် ကဗျာ၏အတွင်းသားကို နက်နက်ရှိုင်းရှိုင်း ထုတ်ဖော်တင်ပြသွားလေသည်။

            ကဗျာညွန့်ပေါင်းကျမ်းကြီးတွင် ဖော်ပြခံရသည့် ကဗျာစာဆိုကြီးများမှာ နိုင်ငံအနေနှင့် ပြောရလျှင် နိုင်ငံပေါင်း ၃ဝ ခန့်မှ ကဗျာစာဆိုကြီးများ ဖြစ်ကြသည်။ အမေရိကန်၊ အင်္ဂလန်၊ ဂရိ၊ ကနေဒါ၊ အိုင်ယာလန်၊ ပွာတိုရီယို၊ စကော့တလန်၊ ရောမ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ပိုလန်၊ တူရကီ၊ သြစတြီးယား၊ စပိန်၊ ချီလီ၊ ရုရှား၊ ဝေးလ်စ်၊ စိန့်လူစီကာ၊ ပါစီးယား (တူရကီ) စသည့် ဥရောပနိုင်ငံများက အများစု ဖြစ်လေသည်။

            အရှေ့တိုင်းဖြစ်သည့် အာရှနိုင်ငံများမှ ၅ နိုင်ငံတည်းသာ ရွေးချယ်ဖော်ပြခြင်း ခံရလေသည်။ အိန္ဒိယမှ ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုး၊ ဗီယက်နမ်မှ ဖန်းတင်းဒွတ်၊ တရုတ်မှ လောင်ဇူး၊ ဂျပန်မှ ဆွန်နိုယိုရှီတာဒါ၊ မြန်မာမှ ဆရာဇော်ဂျီတို့ ဖြစ်ကြလေသည်။

            ဆရာဇော်ဂျီကို စာအုပ်၏ နောက်ဆုံး ၁၄၅ ဦးမြောက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။ အက္ခရာဝလိနှင့် စီစဉ်လိုက်လျှင် Z မှာ နောက်ဆုံးဖြစ်နေသည်။ ဆရာဇော်ဂျီ၏ ရွေးချယ်ခံကဗျာမှာ ဗေဒါလမ်းကဗျာစုထဲမှ ပန်းပန်လျက်ပဲ ကဗျာဖြစ်လေသည်။ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူနှင့် အကြိုက်ဆုံးကဗျာအစီအစဉ်သို့ ပေးပို့သူမှာ တစ်ဦးတည်း ဖြစ်သည်။ ကလောင်အမည် လင်းအေး (Lyn Aye) ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျို့စ်မြို့မှ မေ့ဆေးဆရာဝန် ဖြစ်သည်။ အမည်ရင်းက ဒေါက်တာ လင်းဆွေအေး ဖြစ်သည်။

            ကဗျာကို ဘာသာပြန်ဆိုပေးပို့သူ အနေနှင့် ဘာကြောင့် ပေးပို့ရကြောင်း ဖော်ပြရာတွင် တိုတိုတုတ်တုတ်နှင့် ထိထိမိမိ ရှိလှသည်။

            လင်းအေးက ကဗျာစာဆို၏ ကိုင်းညွတ်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ မြန်မာလူမျိုး ဗုဒ္ဓဝါဒီဖြစ်မှုနှင့် အလှတရားများ ပြည့်လျှမ်းနေမှုများကြောင့်ဟူ၍ မှတ်ချက် ပြုထားပါသည်။  အင်္ဂလိပ်ဘာသာ ပြန်ဆိုမှုမှာ-

     

      The Way of

      the Water-Hyacinth

Bobbing on the breeze blown waves

Bowing to the tide

Hyacinth rises and falls

Falling but not felled

By Flotsam, twigs, leaves

She ducks, bobs and weaves.

Ducks, ducks by the score

Jolting, quacking and more

She spins through__

Spinning, swamped, slimed, sunk

She rises, resolute

Still crowned by petals.

Translated from the Burmese by Lyn Aye.

 

            အားလုံးသိကြသည့် ပန်းပန်လျက် ပဲ မူရင်းကဗျာမှာ ဗေဒါလမ်းကဗျာစု အမှတ်စဉ် ၁ဝ ဖြစ်သည်။

 

ညိုပြာပြာ လတာပြင့်ခြေရင်း

လှိုင်းတက်ရာဗေဒါတက်

လှိုင်းသက်ရာ ဆင်း။

ဆင်းရလည်း မသက်သာ၊

အုန်းလက်ကြွေရေပေါလော

မျောစုန်လို့လာ။

အဆင်းနဲ့အလာ၊ ဗေဒါမအထွေး၊

အုန်းလက်ကြွေသူ့နံဘေး

ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ၊

နောက်တစ်ချီ ဒီတစ်လုံးက

ဖုံးလိုက်ပြန်ပါ။

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ

တစ်လံကွာ လှိုင်းအကြွ၊

ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ၊

ချောင်းအဆွယ် မြောင်းငယ်ထဲက၊

ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊

ဗေဒါက တစ်ပင်တည်း။

အယက်အကန်ခံလို့

ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။

တက္ကသိုလ်အိုးဝေမဂ္ဂဇင်း၊ ၁၉၆ဝ။

            ပန်းပန်လျက်ပဲ ကဗျာသက်တမ်းမှာ ယခုနှစ်ဆိုလျှင် ၄၆ နှစ်တိတိ ရှိခဲ့ပြီး မြန်မာပြည်သားတိုင်း နှုတ်တက်ရွရွ ရွတ်ဆိုခဲ့ကြဖူးသည့် နာမည်ကျော်ကဗျာလည်း ဖြစ်သည်။ ဗေဒါလမ်းကဗျာစုများ၊ ဆရာဇော်ဂျီ ကဗျာပေါင်းချုပ် စာအုပ်များတွင် အကြိမ်ကြိမ် ပြန်လည်ဖော်ပြခဲ့သည့် ကဗျာလည်း ဖြစ်သည်။

            ကဗျာညွန့်ပေါင်းကျမ်း၏ နိဒါန်းတွင် ရောဘတ်ပင်စကီက နာမည်ကျော် အမေရိကန်ကဗျာဆရာကြီး ရောဘတ်ဖရော့တ်စ်၏ ဆီးနှင်းကျ ညနေခင်း တောတန်းနံဘေး ရပ်မိခြင်း ကဗျာ၏ နောက်ဆုံးစာကြောင်းဖြစ်သော ငါ မအိပ်ခင်သွားရမယ့် ခရီးမိုင်တွေ ရှိသေးတယ် ဟူသော စာသားကို နောက်တစ်ကြိမ် အသံထွက်ပြီး ဖတ်ကြည့်ပါ။ စိတ်အာရုံထဲမှာ ခိုင်မြဲသော ဆုံးဖြတ် ချက်တစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်ဟု ရေးခဲ့ပါသည်။

            ကျွန်တော်ကတော့ ဆရာဇော်ဂျီ၏ ကဗျာကို တစ်ကြိမ်ဖတ်ပြီးလျှင် နောက်တစ်ကြိမ်ပင် ထပ်မံဖတ်ရှုရန် မလိုအပ်ဟု ထင်ပါသည်။ စိတ်အာရုံထဲ၌ အားမန်များ၊ ဇွဲသတ္တိများ၊ ရုန်းကန်လှုပ်ရှား ခြင်းအလှများ၊ အသက်ရှင်သန်ခြင်း အနုပညာများ ဆင့်ကဲ ဆင့်ကဲ ဝင်ရောက်လှုပ်နိုးလာမည်ဟု အသေအချာ ပြောနိုင်ပါသည်။

            မည်သို့ဖြစ်စေ The Favorite Poems Project Anthology စာအုပ်ကြီးထဲ ထည့်သွင်းဖော်ပြနိုင်ရန် ဘာသာပြန် ပေးပို့သူ လင်းအေး (ဒေါက်တာလင်းဆွေအေး)နှင့် စီစဉ်တည်းဖြတ်သူ ရောဘတ်ပင်စကီနှင့် မက်ဂ်ဂျီးဒိုင်ယက်ဇ်တို့အား ကျေးဇူးတင်ရှိရပါတော့သည်။

▀

မောင်ခိုင်လတ်

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

စာကြွင်း- စာအုပ်၏ နောက်ဆုံးတွင် ခွင့်ပြုချက်များဟူသော နောက်ဆက်တွဲ ဖော်ပြချက် ပါဝင်လေသည်။ ကဗျာစာ အုပ်ကြီးထဲ ပါဝင်သမျှ ကဗျာဆရာများ၏ ကဗျာများကို သက်ဆိုင်ရာတစ်ဦးဦးထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း စနစ်ကျစွာ ဖော်ပြထားခြင်း ဖြစ်သည်။ ဆရာဇော်ဂျီနှင့် ပတ်သက်၍ ဘာသာပြန်ဆိုသူ လင်းအေး၏ သဘောတူခွင့်ပြုချက်အရ ထပ်မံပုံနှိပ် ဖော်ပြသည်ဟု ဖော်ပြထားလေသည်။


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...