ရွှေသုတ‌

သမိုင်းဖြစ်စဉ်ထဲက ရုပ်ရှင်သရုပ်ဆောင် မေမြင့်

ကျော်သန်းမြင့် ၊ဗန်းမော်၊

01 March 2026
သမိုင်းဖြစ်စဉ်ထဲက ရုပ်ရှင်သရုပ်ဆောင် မေမြင့်
Share to

            မြန်မာ့ရုပ်ရှင်ငွေရတုကာလမှ သည်ရွှေရတုကာလတိုင် ထွန်းတောက် ကျော်ကြား လူကြိုက်များခဲ့သော အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်တစ်ဦးသည် စစ်ကြိုခေတ်က ရုပ်ရှင် ၁၅ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက် တောက်လောင်လာ၍ ရုပ်ရှင်လုပ်ငန်းများ ရပ်နားလိုက်ရသည့်အခါတွင် ယင်းအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်သည် ဂျပန်ခေတ်တွင် နယ်ထွက်ကပြရသည့် ပြဇာတ်မင်းသမီးဖြစ်လာသည်။ ထို့ပြင် အဆိုပါရုပ်ရှင်နှင့် ပြဇာတ်မင်းသမီးသည် ဒုတိယအကြိမ်မြောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆု (အကယ်ဒမီဆု)ကို ရရှိခဲ့ပေသည်။ အဆိုပါအမျိုးသမီး အနုပညာရှင်ကား အကယ်ဒမီ မေမြင့် ဖြစ်လေသည်။

            မေမြင့်သည် ၁၅နှစ်သမီးအရွယ် ၁၉၃၅ခုနှစ်တွင် မြန်မာအဆွေ အေဝမ်း ရုပ်ရှင်ကုမ္ပဏီတွင် ရုပ်ရှင်မင်းသမီးဖြစ်လာသည်။ ပထမဆုံးရိုက်ကူးသော မေမြင့်ပါဝင်သည့်ရုပ်ရှင်ကားမှာ ဒါရိုက် တာဦးတင်နွယ်၏ ကြယ်တာရာ အသံတိတ်ရုပ်ရှင်ကားဖြစ်သည်။ စစ်ကြိုခေတ်က မေမြင့်ပါဝင်သရုပ်ဆောင်ခဲ့သည့် ကြယ်တာရာ ရုပ်ရှင်ကားအပါအဝင် အသံတိတ်၊ သံစုံသွင်း၊ အသံ ထွက်ရုပ်ရှင်ကားပေါင်း ၁၅ကား ရှိသည်။ ယင်းရုပ်ရှင် ၁၅ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာများ၊ တွဲဖက် သရုပ်ဆောင်များနှင့် ရုံတင်ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

            ၁။ ကြယ်တာရာ အသံတိတ်ကားကို ဒါရိုက်တာဦးတင်နွယ် ရိုက်ကူး၍ မောင်မောင်ကလေး၊ မြင့်မြင့်၊ ရွှေညာမောင်တို့နှင့် တွဲဖက်သရုပ်ဆောင်ပြီး မေမြင့်က ဒုတိယမင်းသမီးဖြစ်သည်။ ယင်းရုပ်ရှင်ကားရိုက်ကူးနေစဉ် ခေါင်းဆောင်မင်းသမီးမြင့်မြင့် ကွယ်လွန်သွား၍ 'သန်းသန်း'နှင့် အစားထိုးရိုက်ကူးခဲ့ရသည်။ ယင်းရုပ်ရှင်ကားကို ၁၉၃၆ခု၊ စက်တင်ဘာလ ၅ရက်နေ့တွင် ပလာဇာရုံ၌ တင်ဆက်ခဲ့သည်။       

၂။ အောင်သပြေ အသံထွက်ရုပ်ရှင်ကားကို ဒါရိုက်တာဦးတင်နွယ်နှင့် မောင်တင်မောင်တို့က 'မေမြင့်'ကို ခေါင်းဆောင်းသမီးအဖြစ် တင်ရိုက်သည်။ တွဲဖက်သရုပ်ဆောင်တို့မှာ ချစ်ရွှေ၊ ညွန့်မောင်၊ မေကြင်၊ ဦးဘရှင်တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို နယ်ထွက်၍ မိုးကောင်း၊ အင်းတော်ကြီး၊ သပိတ်ကျင်း၊ ကသာမြို့များတွင် သွားရောက်ရိုက်ကူးခဲ့သည်။ အဆိုပါရုပ်ရှင်ကားကို ၁၉၃၇ခု၊ မတ်လ ၄ရက်နေ့ တွင် ဘုရင့်ရုံ၌ တင်ဆက်ခဲ့သည်။

            ၃။ ကြင်သက်ဝေ(သံစုံသွင်း) ကားကို ဒါရိုက်တာ ဦးတင်နွယ်နှင့် ဦးချင်းစိန်တို့က ရိုက်ကူး၍ မေမြင့်က ရေသူမလေးအဖြစ် ပါဝင်သရုပ်ဆောင်သည်။ တွဲဖက်သရုပ်ဆောင်တို့မှာ ချစ်ရွှေ၊ အေးငွေကြီး၊ ဦးဘရှင်တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၃၇ခု၊ မေလ ၅ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်ခဲ့သည်။

            ၄။ မြမျက်ချယ်(သံစုံသွင်း)ကားကို ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးပြီး မေမြင့်နှင့်အတူ ချစ်ရွှေ၊ ညွန့်မောင်၊ အောင်ကြီး၊ ဦးဘရှင်တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ ယင်းရုပ်ရှင်ကားကို ၁၉၃၇ ခု၊ ဇူလိုင်လ ၂၇ရက် နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်သည်။

            ၅။ စက္ကောမ အသံတိတ်ကားကို ဒါရိုက်တာဦးတင်နွယ်နှင့် ဦးလွန်းဖေတို့ ရိုက်ကူးပြီး မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ အေးကြူ၊ အောင်ကြီး၊ သာဂေါင်၊ ဦးဘရှင်တို့ဖြစ်သည်။ ယင်း အသံတိတ် ရုပ်ရှင်ကားကို ၁၉၃၈ ခု၊ မတ်လ ၁၉ ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်သည်။

            ၆။ စန်းရောင်ရှင် အသံတိတ် ရုပ်ရှင်ကားကို ဒါရိုက်တာဦးတင်နွယ်နှင့် ဦးချင်းစိန်တို့ရိုက်ကူးပြီး မေမြင့်နှင့်အတူ တွဲဖက်သရုပ်ဆောင်တို့မှာ ချစ်ရွှေ၊ ရွှေညာမောင်၊ အောင်ကြီး၊ အေးငွေကြီး တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၃၈ခု၊ သြဂုတ်လ ၆ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်သည်။

            ၇။ ဒေါင်းစကြာ အသံတိတ်ရုပ်ရှင်ကားကို ဒါရိုက်တာ ဦးလွန်းဖေ ရိုက်ကူးပြီး မေမြင့်နှင့်တွဲဖက်သရုပ်ဆောင်တို့မှာ တင်ဆွေ၊ ညွန့်မောင်၊ မေညွန့်၊ ဒေါ်ဂျမ်းစိန်တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၃၉ခု၊ မေလ ၁၉ရက်နေ့တွင် ဘုရင်ရုံ၌ တင်ဆက်သည်။

            ၈။ မြိုင်ယံဘွား အသံတိတ်ရုပ်ရှင်ကားကို ဒါရိုက်တာဦးလွန်းဖေ ရိုက်ကူးပြီး မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ ညွန့်မောင်၊ မေသင်းကြိုင်၊ အောင်ကြီး၊ ရွဲ့ကြီး၊ ဒေါ်ဂျမ်းစိန်တို့ ဖြစ်သည်။ ဒဂုန်ခင်ခင်လေး၏ ဇာတ်ညွှန်းကို ရိုက်ကူးခြင်းဖြစ်သည်။ မြန်မာ့တောတွင်း တာဇံဇာတ်လမ်းဖြစ်ရာ နယ်မြေဒေသလိုအပ်ချက်အရ ပြင်ဦးလွင်မြို့တွင် သွားရောက်ရိုက်ကူးသည်။ ယင်းရုပ်ရှင်ကားကို ၁၉၃၉ခု၊ နိုဝင်ဘာလ ၃ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်သည်။

            ၉။ ချစ်အမျှ အသံထွက်ဇာတ်ကားကို ဒါရိုက်တာ မောင်တင်မောင်ရိုက်ကူး၍ မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ မောင်တင်မောင်၊ မေရှင်၊ မြင့်ဆွေတို့ ဖြစ်သည်။ ဆရာသုခ၏ ဇာတ်ညွှန်းကို ရိုက်ကူးခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄ဝပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဘုရင့်ရုံ၌တင်ဆက်သည်။

            ၁ဝ။ မင်းမဟာဂီရိ အသံတိတ်ကားကို ဒါရိုက်တာဦးလွန်းဖေရိုက်ကူး၍ မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ ညွန့်မောင်၊ မေနု၊ မေညွန့်၊ ရွဲ့ကြီး၊ စိုင်တင်တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄ဝပြည့်နှစ် မေလ ၁၁ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်သည်။

            ၁၁။ မြတ်ဂုဏ်တော် အသံတိတ်ကားကို ဒါရိုက်တာဦးလွန်းဖေ ရိုက်ကူးပြီး မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ ခင်မောင်၊ မေနု၊ မေညွန့်၊ ရွဲ့ကြီး၊  စိုင်တင်တို့ ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄ဝပြည့်နှစ် သြဂုတ်လ ၉ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆင်သည်။

            ၁၂။ ရှင်ဖြူရှင်ညို အသံတိတ်ကားကို ဒါရိုက်တာဦးလွန်းဖေရိုက်ကူး၍ မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ အေးကြူ၊ မေနုတို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၁ခု၊ မတ်လ ၂၆ရက်နေ့တွင် ဘုရင့်ရုံ၌တင်ဆင်သည်။

            ၁၃။ ရွှေဒေါင်းတောင် အသံတိတ်ကားကို ဒါရိုက်တာမောင်တင်ယု ရိုက်ကူး၍ မေမြင့်နှင့်တွဲဖက်သရုပ်ဆောင်များမှာ အေးကြူ၊ ညွန့်မောင်၊ မေချစ်၊ စိုင်တင်၊ သာဂေါင်၊ ဒေါ်ဂျမ်းစိန်တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၁ခု၊ ဇူလိုင်လ ၁၂ရက် နေ့တွင် ဘုရင့်ရုံ၌တင်ဆက်သည်။

            ၁၄။ အရိန္ဒမာ အသံတိတ်ကားကို ဒါရိုက်တာဦးလွန်းဖေရိုက်ကူးပြီး မေမြင့် နှင့်တွဲဖက်သရုပ်ဆောင်တို့မှာ ဘမြင့်၊ စိုင်တင်၊ ရွဲ့ကြီးတို့ဖြစ်သည်။ ယင်းရုပ်ရှင် ကားကို ၁၉၄၁ခု၊ စက်တင်ဘာလ ၂၄ရက်နေ့တွင် ဘုရင့်ရုံ၌တင်ဆက်သည်။

            ၁၅။ ချစ်သွေးဟုန် အသံတိတ်ကားကို ဒါရိုက်တာဦးချင်းစိန်ရိုက်ကူးပြီး မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်တို့မှာ မောင်မောင်ခင်၊ ရွှေညာမောင်၊ မေသစ်၊ အောင်ကြီး၊ စိုင်တင်တို့ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၁ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့တွင် အော်လံပီယာရုံ၌ တင်ဆက်သည်။

            မေမြင့်သည် အေဝမ်းတွင် ရုပ်ရှင်ရိုက်ကူးရင်း လူငယ်ဘာဝတွဲဖက်သရုပ်ဆောင် 'ညွန့်မောင်'နှင့် မေတ္တာသက်ဝင် ချစ်ခင်မိကြသည်။ အဆိုပါရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် ချစ်သူနှစ်ဦးသည် ၁၉၃၈ခုနှစ်၊ မြိုင်ယံဘွား ဇာတ်ကားရိုက်ကူးစဉ် နှစ်ဖက်လူကြီး မိဘဆွေမျိုးတို့၏ သဘောတူညီချက်အရ ဘဝခရီးဖော်အဖြစ် လက်တွဲခဲ့ကြလေသည်။ မေမြင့်၏ခင်ပွန်း ညွန့်မောင်သည် အေဝမ်းတွင် စစ်ကြိုခေတ်က နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ဒါရိုက်တာဦးဘရှင်၏ မိုးကြိုး အသံတိတ် ရုပ်ရှင်ကားဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄ဝပြည့်နှစ်၊ စက်တင်ဘာလ ၂ဝရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်ခဲ့သည်။ မေမြင့်သည်လည်း အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် စစ်ကြိုခေတ်က နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားမှာ အထက်တွင် ဖော်ပြခဲ့သည့် ချစ်သွေးဟုန် အသံတိတ်ကားဖြစ်လေသည်။

            မေမြင့် ပါဝင်သရုပ်ဆောင်ခဲ့သည့် ချစ်သွေးဟုန် အသံတိတ်ရုပ်ရှင်ကား ရုံတင်ပြီး တစ်လကျော်အကြာ၊ ၁၉၄၁ခု၊ ဒီဇင်ဘာ ၂၃ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့ ရန်ကုန်မြို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်တောက်လောင်ခဲ့ရလေသည်။ ဤတွင် ရန်ကုန်မြို့တော်အပါအဝင် နယ်မြို့အသီးသီးမှ မြို့နေလူထုမှာ စစ်ဘေးလွတ်ရာ ကျေးလက်တောရွာများသို့ စစ်ပြေးများအဖြစ် ခိုလှုံခဲ့ရသည်။ ဤတွင် ရုပ်ရှင်မင်သမီး မေမြင့်တို့ဇနီး မောင်နှံသည်လည်း စစ်ဘေးကင်းလွတ်ရာ ညောင်တုန်းမြို့နယ်၊ ကျေးရွာတစ်ရွာတွင် စစ်ပြေးအဖြစ် ခိုလှုံရလေသည်။

            ၁၉၄၂ခု၊ မေလတွင် ဖက်ဆစ်တို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်လေသည်။ ထို့ကြောင့် မေမြင့်တို့ ဇနီးမောင်နှံလည်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ ဖက်ဆစ်တို့ စိုးမိုးသောခေတ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းများကို ရပ်ဆိုင်းထားရသည်။ မေမြင့်တို့ဇနီးမောင်နှံ အပါအဝင် ရုပ်ရှင်အနုပညာရှင်တို့မှာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်ကြ ရသည်။ ဤတွင်ဒါရိုက်တာ ဒဂုန်ဆရာ တင်ဦးဆောင်သည့် ဒဂုန်သီရိ ပြဇာတ်အဖွဲ့သည် နယ်ထွက်ကပြရန် စီစဉ်သည်။ ယင်းဒဂုန်သီရိပြဇာတ်အဖွဲ့ကို ရုပ်ရှင်ပဒေသာကပွဲကြီးဟုလည်း ခေါ်ကြသည်။ ယင်းရုပ်ရှင်ပဒေသာကပွဲကြီးတွင် ရုပ်ရှင်သရုပ်ဆောင်တို့က ပြဇာတ်ခုံပေါ်တွင် ကိုယ်တိုင် လူလုံးပြ၍ သရုပ်ဆောင်ကြရခြင်း ဖြစ်သည်။ အဆိုပါ ဒဂုန်သီရိပြဇာတ်အဖွဲ့တွင် ရုပ်ရှင် မင်းသမီးမေမြင့်သည်လည်း ပြဇာတ်မင်းသမီးတစ်လက် ဖြစ်လာခဲ့သည်။ ပြဇာတ်မင်းသမီး မေမြင့်သည် ဒါရိုက်တာ ဒဂုန်ဆရာတင်၏ ဒဂုန်သီရိပြဇာတ် အဖွဲ့နှင့် မော်လမြိုင်၊ မုဒုံ၊ သထုံမြို့များတွင် သွားရောက်ကပြခဲ့လေသည်။ ထိုစဉ်က မေမြင့်ပါဝင်ကပြခဲ့သည့် ပြဇာတ်ပေါင်း ၂ဝ ကျော်ရှိသည်ဟု ဆိုသည်။ ထိုခေတ်က ပြဇာတ်မင်းသား၊ မင်းသမီးတို့သည် အမူအအရာမျိုးစုံဖြင့် သရုပ်ဆောင်ရင်း ဇာတ်ဝင်တေးများကိုလည်း ကိုယ်တိုင်သီဆိုကြရသည်။ မေမြင့်သည် အခြားမင်းသမီးများကဲ့သို့ သီချင်းသီဆိုရာတွင် အတွေ့အကြုံရှိသူ ဖြစ်သည်။ စစ်ကြိုခေတ် အေဝမ်းရုပ်ရှင် ကုမ္ပဏီတွင် ရုပ်ရှင် သရုပ်ဆောင်လုပ်စဉ်က အေဝမ်းသဘင်ဝန်ဓာတ်ပြားတွင် သီချင်းနှစ်ပုဒ် အသံသွင်းခဲ့သည်။ ယင်းတို့မှာ သဟာယဆရာတင်ရေးသည့် ကလေးစိတ် သီချင်းဓာတ်ပြားအမှတ် A1.F-45 နှင့် ကြယ်တံခွန်(လူရွှင်တော်ရွဲ့ ကြီး)ရေးသည့် မေတ္တာလက်ဆောင် သီချင်းဓာတ်ပြား အမှတ် A1.F-46 တို့ ဖြစ်သည်။

            စစ်ပြီးခေတ် အေဝမ်းညွန့်မောင်နှင့် မေမြင့်တို့ဇနီးမောင်နှံ အေဝမ်းရုပ်ရှင် ကုမ္ပဏီတွင် ပြန်လည်လုပ်ကိုင်ကြသည်။ မေမြင့်၏ခင်ပွန်းအေဝမ်း ညွန့်မောင်သည် ဒါရိုက်တာဦးအောင်ကြီး၏ ဗလ အသံတိတ်ကားတွင် မေမြနှင့်တွဲဖက်၍ သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားသည် ၁၉၄၇ခု၊ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ဇော်ရုံနှင့် ကန်တော်မင်္ဂလာရုံတို့တွင် တင်ဆက်သည်။ ယင်းနောက် ညွန့်မောင်၏ စစ်ပြီးခေတ် ဒုတိယရုပ်ရှင်ကားမှာ အေဝမ်းဖလင် ဒါရိုက်တာဦးဘရှင်၏ မိုးနက် အသံတိတ်ကားဖြစ်သည်။ တွဲဖက်သရုပ်ဆောင်တို့မှာ ကျော်ဆွေ၊ ခင်လေးနွဲ့တို့ဖြစ်ပြီး ၁၉၄၇ခု၊ မေလ ၁၆ရက်နေ့တွင် ဇော်ရုံနှင့် ကန်တော် မင်္ဂလာရုံတို့တွင် တင်ဆက်ခဲ့သည်။

            မေမြင့်သည်လည်း အေဝမ်းဖလင်တွင် ဒါရိုက်တာဦးချင်းစိန်၏အထောက်တော် အသံတိတ်ကားတွင် ကျော်ဆွေနှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားသည် ၁၉၄၇ခု၊ မေလ ၂၇ ရက်နေ့တွင် ကာဌေး(ကေသွယ်)ရုံနှင့် ရန်ကုန်ရုံတို့တွင် တင်ဆက်သည်။ မေမြင့်၏ စစ်ပြီးခေတ် ဒုတိယရုပ်ရှင်ကားမှာ အေဝမ်းဖလင် ဒါရိုက်တာ ဦးဘရှင်၏ ကမ္ဘာမကြေ အသံတိတ်ကားတွင် မောင်တင်မောင်နှင့် တွဲဖက်သရုပ် ဆောင်ခဲ့သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၈ခု၊ ဇူလိုင်လ ၃၁ရက်နေ့တွင် ဝင်းဝင်းရုံနှင့် ကာဌေးရုံတို့တွင် တင်ဆက်ခဲ့သည်။

            မေမြင့်နှင့် အေဝမ်းညွန့်မောင်တို့ ဇနီးမောင်နှံသည် အေဝမ်းဖလင်တွင် အသံတိတ်ရုပ်ရှင် နှစ်ကားစီတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် အေဝမ်းဖလင်မှ နုတ်ထွက်လိုက်သည်။ ယင်းနောက် ၁၉၄၈ခုနှစ်တွင် 'မင်္ဂလာညွန့်ဖလင်' အမည်ဖြင့် ရုပ်ရှင်ကုမ္ပဏီတည်ထောင်လိုက်သည်။ သရုပ်ဆောင်ဒါရိုက်တာ အေဝမ်းညွန့်မောင်နှင့် မေမြင့်တို့ဇနီး မောင်နှံသည် အသံတိတ်ရုပ်ရှင်ကားများကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်၍ ထုတ်လုပ်ခဲ့ကြသည်။

            ထို့နောက် မေမြင့်သည် ဗြိတိသျှဘားမား(ညွန့်မြန်မာ)ရုပ်ရှင်ကုမ္ပဏီတွင် ဒါရိုက်တာဦးဘိုးဟန်၏ ချစ်ဝေ့လယ်နှင့် မမေ့ရ၊ ဒါရိုက်တာဦးထွန်းတင်၏ နဂါးငွေ့၊ ဒါရိုက်တာဦးချန်ထွန်း၏ သူချစ်(အသံထွက်)၊ ဒါရိုက်တာ ဦးအောင်ကြီး၏ မေ့ဘူး သက်လယ်(အသံထွက်)တို့တွင် သရုပ်ဆောင်သည်။ ထို့နောက် မေမြင့်သည် ဗြိတိသျှဘားမား ရုပ်ရှင်ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ပွဲခါညောင်ရေ(အသံထွက်)တွင် ကျော်ဆွေနဲ့ တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားသည် ၁၉၅၃ခုနှစ်တွင် ရုတင်ပြသခဲ့သည်။ မေမြင့်သည် ပွဲခါညောင်ရေ အသံထွက်ရုပ်ရှင်ကားတွင် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ၁၉၅၃ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ထူးချွန်ဆု (အကယ်ဒမီ)ကို ရရှိခဲ့လေသည်။ အကယ်ဒမီ မေမြင့်သည် ဗြိတိသျှဘားမား (ညွန့်မြန်မာ)ရုပ်ရှင်ကုမ္ပဏီမှ ပွဲခါညောင်ရေ ဇာတ်ကားကို နောက်ဆုံးရိုက်ကူးပြီး နုတ်ထွက်လိုက်သည်။

            လွတ်လပ်ရေးခေတ်ဦးကပင် မေမြင့်သည် ညဘက်တွင်ပြဇာတ်က၍ နေ့တွင် ရုပ်ရှင်ရိုက်သည်။ ထိုအချိန်က ခေတ်စားသောပြဇာတ်များကို ရန်ကုန်အနောက်ပိုင်း ကာဌေးရုံ၊ ပန်းဆိုးတန်း ဝင်းဝင်းရုံ၊ ရေကျော်ဇော်တို့၌ တင်ဆက်လျက်ရှိသည်။ မေမြင့်သည် ဆရာရင်း ဒဂုံဆရာတင် ဦးစီးသောပြဇာတ်များတွင် ပါဝင်သရုပ်ဆောင်ပြီး အခြားဒါရိုက်တာများ တင်ဆက်သည့် ပြဇာတ်များတွင်လည်း ပါဝင်သရုပ်ဆောင်သည်။ မေမြင့်သည် ပြဇာတ်ခေတ်ကုန်ဆုံးသည့် ၁၉၅၅ခုနှစ်အထိ ပြဇာတ်ပေါင်း ၄ဝကျော်တွင် ပါဝင်ကပြခဲ့သည်။ မေမြင့်ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးပြဇာတ်တို့မှာ (၁) သြော်ယောကျ်ား (၂) သိုက်နန်းရှင် (၃) မေတ္တာရေစင် (၄) သက်ဝေ (၅) မုန်းတစ်လှည့်ပြုံးတစ်လှည့် (၆) ငယ်ကျွမ်းဆွေ (၇) မြင့်သူမြတ်သူ (၈) ကိုယ့်ရင်သွေး (၉) အချစ်ဒဏ် (၁ဝ) ဝါကျွတ်ပေါ့သက်ဝေရယ် (၁၁) သန္ဓေသူ (၁၂) စန္ဒီမယ် (၁၃) ကိုမုန်းသူ (၁၄) ချစ်ပင်ချစ်မိုး (၁၅) ပိတောက်ရွှေဝါ (၁၆) အပျော်ဆုံးနေ့ တို့ ဖြစ်သည်။

            မေမြင့်သည် ပြဇာတ်ခေတ်ကုန်ဆုံးသည့်အခါ ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင် ထုတ်လုပ်သူအဖြစ် ဇောက်ချလုပ်ကိုင်သည်။ ယင်းသို့လုပ်ကိုင်နေရာမှ ၁၉၅၆ခုနှစ်တွင် အကယ်ဒမီမေမြင့်သည် စာရေးဆရာ ဒါရိုက်တာဦးဉာဏ ဦးဆောင်သည့် မြန်မာ့ရုပ်ရှင် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိပြီးနောက် ရုပ်ရှင်ကားများကို တစ်ကားပြီးတစ်ကား ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ မေမြင့်သည် စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသံတိတ်၊ သံစုံသွင်း၊ အသံထွက် ရုပ်ရှင်ကားပေါင်း ၁ဝဝ ကျော် ရှိသည်။

            စစ်ပြီးခေတ် မေမြင့် ပါဝင်သရုပ်ဆောင်ခဲ့သော နာမည်ကျော် လူကြိုက်များသည့် အသံတိတ်ရုပ်ရှင်ကားတို့မှာ (၁) ဗမာသစ် (၂) မမိုက်နဲ့ (၃) လင်းယုန်ပျံ (၄) ကျန်စစ်မင်းသား (၅) သေတစ်နေ့ မွေးတစ်နေ့ (၆) လုံမလေး (၇) မဝိဇ္ဇာ (၈) ဒေါင်းစကြာ (၉) အချစ်နဲ့ အကြိုက် (၁ဝ) ဥပဒေမဲ့ (၁၁) သွေးနီတစ်စက် (၁၂) ရွှေသာလျောင်း (၁၃) နှင်းနွယ် (၁၄) ပတ္တမြားတစ်လုံး (၁၅) ဘာလဲဟဲ့ လောကဓံ (၁၆) မိုက်သွေး (၁၇) ချစ်ငွေ့ဝေဝေ (၁၈) ကျွန်းသူရဲ (၁၉) ရွှေချိုးဖြူမူလခဲ (၂ဝ) ဆုထူးငယ်ပန်တို့ ဖြစ်သည်။

            စစ်ပြီးခေတ် မေမြင့်၏ နာမည်ကြီး အသံထွက်ရုပ်ရှင်ကားတို့မှာ (၁) မိုးအောက်မြေပြင် (၂) မမိုးစွေ (၃) လှလေခက်လေ (၄) သူ့ကြောင့်ခက်တယ် (၅) မေချစ်တဲ့မောင် (၆) လကျ်ာမင်းထင် (၇) ချစ်မုန်တိုင်း (၈) လူမို့သာ ဖုန်းမိုရယ် (၉) မုန်းရခက်တယ် (၁ဝ) လူမော် (၁၁) အင်္ဂုလိမာလ တို့ ဖြစ်သည်။

            အကယ်ဒမီ မေမြင့်နှင့် အေဝမ်းညွန့်မောင်တို့ပိုင် မင်္ဂလာညွန့်ရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားတို့မှာ (၁) သူလိုလင် (၂) စောရသိဒ္ဓိ (၃) သမန်းကျား (၄) မြိုင်ယံကျား (၅) ကလေးစိတ် (၆) မိုက်သူထိုက်သူ (၇) နန်းဧကရီ (၈) မင်းစန္ဒဂုတ် (၉) အိုဘယ့်တဏှာ(မြင်ကွင်းကျယ်) (၁ဝ) ပေါရိသာရ (အသံထွက်) (၁၁) မောင်လူဒင်နှင့် မီးခွက်ဆန်း(အသံထွက်) (၁၂) ခရီးပန်းတိုင် (အသံထွက်)တို့ ဖြစ်သည်။

            ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ အကယ်ဒမီမေမြင့်ကို အဘ ဒေါက်တာဦးဖြေ၊ အမိ ဒေါ်ဖွားသက်တို့မှ ၁၉၂၁ ခု၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပျဉ်းမနားမြို့တွင် ဖွားမြင်သည်။ မွေးချင်းငါးဦးတွင် ဒုတိယ ဖြစ်သည်။ အမည်ရင်း မခင်မြင့်ဖြစ်သည်။ မေမြင့်၏ဖခင် ဒေါက်တာဦးဖြေသည် အလုပ်မှ အငြိမ်းစားယူပြီး နောက် ရန်ကုန်မြို့တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်သည်။ ထိုစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ လူနာတစ်ဦးက ဒေါက်တာဦးဖြေအား ဆေးဝါးကုသပေးရန် ပင့်ဖိတ်ခဲ့လေသည်။ ထိုအခါ ဒေါက်တာဦးဖြေတို့ မိသားစုသည် အဆိုပါ လူနာအား ဆေးဝါး ကုသပေးရင်း ဘန်ကောက်မြို့သို့ ပြောင်းရွှေ့နေထိုင်သည်။ ထို့နောက် မေမြင့် ၈ နှစ်သမီးအရွယ်တွင် ဖခင်ကွယ်လွန်သွားရာ မိခင်ကြီး ဒေါ်ဖွားသက်နှင့် မိသားစုတို့သည် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။ မိခင်ကြီး ဒေါ်ဖွားသက်သည် စကော့ဈေး (ဗိုလ်ချုပ်ဈေး)တွင် အထည်ဆိုင်ဖွင့်လှစ်၍ သားသမီးများကို ပြုစုပျိုးထောင်ပေးသည်။

            ထိုစဉ် မေမြင့်သည် ဖခင်ဘက်မှ ဘကြီးတော်သူ သစ်တောဝန်ထောက် ဦးစိန်တို့ မိသားစုနှင့် ကွမ်းခြံကုန်းမြို့တွင် သွားရောက်နေထိုင်သည်။ မေမြင့်သည် ကွမ်းခြံကုန်းမြို့ နေရှင်နယ်ကျောင်းတွင် အလယ်တန်းအထိ ပညာဆည်းပူးသည်။ မေမြင့်သည် ကျောင်းစာထက် သုခုမအနုပညာ အဆိုအကတို့ကို ဝါသနာထုံသည်။ ငယ်စဉ်ကပင် ရုပ်ရှင်သရုပ်ဆောင်နှင့် ဓာတ်ပြားအဆိုတော် ဖြစ်ချင်သည်။ မိခင်၏အစ်ကို ဦးကြီးတော်သူက ဓာတ်ပြားကုမ္ပဏီ ထောင်ထားရာ အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့သော်လည်း ငယ်ရွယ်သေး၍ အသံမမှန်သေးသဖြင့် အဆိုတော် ဖြစ်မလာခဲ့ပေ။

            မေမြင့်သည် အင်္ဂလိပ် မြန်မာ အလယ်တန်း အောင်မြင်ပြီးနောက် ရန်ကုန်သို့ ပြန်လာပြီး မိခင်ကြီးနှင့်အတူ နေထိုင်သည်။ ကျောင်းဆက်မတက်တော့ဘဲ ရုပ်ရှင်ကားသစ်လဲတိုင်း မလွတ်တမ်းကြည့်သည်။ ရုပ်ရှင်ဇာတ်ကားထဲက မင်းသမီးများကဲ့သို့ မှန်ရှေ့တွင် အမူအရာ လေ့ကျင့်သည်။ တစ်နေ့တွင် မေမြင့်သည် မိမိနှင့်ခင်မင်သော အိမ်နီးချင်း ရုပ်ရှင်သရုပ်ဆောင် မေသန်းနှင့် ရုပ်ရှင်ရိုက်ကူးပုံလေ့လာရန် အေဝမ်းရုပ်ရှင်ခြံသို့ လိုက်ပါသွားလေသည်။ ထိုအခါ မြန်မာအဆွေအေဝမ်းဖလင်ပိုင်ရှင် သူဌေးကြီး ဦးဘညွန့်က အပျိုဖြန်းလေး မေမြင့်အား ရုပ်ရှင်မင်းသမီး လုပ်ချင်သလားဟု မေးသည်။ မေမြင့်က ရုပ်ရှင်သရုပ်ဆောင်လုပ်ချင်ကြောင်း သွက်လက်စွာ ဖြေကြားလိုက်သည်။ ဤတွင် ဦးဘညွန့်က မေမြင့်အား အေဝမ်းဖလင်တွင် တစ်လ ၃ဝ ကျပ်ဖြင့် ရုပ်ရှင်သရုပ်ဆောင် ခန့်ထားလိုက်သည်။ မြန်မာအဆွေ အေဝမ်းဖလင်ပိုင်ရှင် ဦးဘညွန့်၏ သားများဖြစ်ကြသည့် ဒါရိုက်တာ အေဝမ်းဦးတင်နွယ်၊ သရုပ်ဆောင်ဒါရိုက်တာ ဦးညီပုတို့က ရုပ်ရှင်သရုပ်ဆောင်သစ် မေမြင့်အား အမူအရာ အစမ်းလေ့ကျင့်စေပြီး အမည်ရင်း မခင်မြင့်မှ မေမြင့်ဟု အမည်ပေးကာ ကြယ်တာရာ ရုပ်ရှင်ကားတွင် ပွဲထုတ်ခဲ့ခြင်း ဖြစ်ပေသည်။

            ဤသို့လျှင် ပြည်သူ့အချစ်တော် မေမြင့်သည် စစ်ကြိုခေတ် မြန်မာ့ရုပ်ရှင်ငွေရတု ကာလမှသည် စစ်ပြီးခေတ် မြန်မာ့ရုပ်ရှင် ရွှေရတုကာလအထိ အနုပညာသက်တမ်း ကြာရှည်စွာ ရပ်တည်လာခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်သို့ ရောက်ရှိလာသည့်အခါ အကယ်ဒမီ မေမြင့်သည် အကြောင်းအမျိုးမျိုးကြောင့် ကားရိုက်ကျဲသွားခဲ့လေသည်။ ယင်းနောက် မိမိတို့ပိုင် မင်္ဂလာညွန့်ဖလင်မှ ထုတ်လုပ်သော ရန်စွယ်ကြားမှ လှဥမ္မာ ရုပ်ရှင်ကားတွင် နောက်ဆုံး ပါဝင်သရုပ်ဆောင်ပြီးနောက် ရုပ်ရှင်ရိုက်ကူးခြင်းမှ အနားယူခဲ့လေသည်။

            ယင်းနောက် မေမြင့်သည် အနုပညာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိတော့သော်လည်း မြန်မာ့ရုပ်မြင်သံကြား ခေတ်ဦးဖြစ်သည့် ၁၉၈၃ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂီတလုလင် မောင်ကိုကို စီစဉ်သည့် ခေတ်ဟောင်း ရုပ်ရှင်မင်းသမီးကြီး ၇ ဦးတို့၏ သီဆိုဖျော်ဖြေမှု အစီအစဉ်တွင် အကယ်ဒမီ မေမြင့်သည် မေတ္တာလက်ဆောင် သီချင်းကို သီဆိုဖျော်ဖြေခဲ့လေသည်။ အကယ်ဒမီမေမြင့်သည် ငယ်စဉ်ကပင် ဒါန၊ သီလ၊ ဘာဝနာလုပ်ငန်းများကို တတ်အားသမျှ ဆောင်ရွက်လာခဲ့သည်။ အသက်အရွယ်ရလာသည့်အခါ ကျန်းမာရေး ချူချာလာခဲ့ပေသည်။ ထို့ကြောင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေမြင့်သည် ၁၉၈၆ ခု အောက်တိုဘာလ ၂၉ ရက် အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန် အနိစ္စရောက်ရှိသွားလေသည်။ အကယ်ဒမီမေမြင့်၏ ခင်ပွန်း အေဝမ်းညွန့်မောင် (၇၁ နှစ်)သည် ၎င်းထက် ၃ နှစ်စော၍ ၁၉၈၃ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ အကယ်ဒမီ မေမြင့်ကွယ်လွန်ချိန်တွင် သက်ရှိထင်ရှား သားနှစ်ယောက်၊ သမီး နှစ်ယောက် ကျန်ရစ်ခဲ့သည်။ အကယ်ဒမီ မေမြင့်၏ ခန္ဓာနာမ်ရုပ်တို့ ချုပ်ငြိမ်းခဲ့ပြီး ဖြစ်သော်လည်း ၎င်း၏ အနုပညာ စွမ်းပကားတို့သည်ကား မြန်မာ့ရုပ်ရှင် သမိုင်းတွင် မော်ကွန်းတင်လျက် ရှိနေမည် ဖြစ်ပါသတည်း။

▀

ကျော်သန်းမြင့် ၊ဗန်းမော်၊

(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

ရည်ညွှန်း

(၁)       မောင်မောင် (သုတေသီ)၏

            ခေတ်ဟောင်းရုပ်ရှင်

            ပညာသည်ကြီးများ

            စန္ဒာမဂ္ဂဇင်း (၇/၁၉၇၇)

(၂) အကယ်ဒမီမေမြင့်၏

            နာရေးကြော်ငြာ ၃ဝ.၁.၁၉၈၆ နေ့

            လုပ်သားသတင်းစာ။


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...