ကျော်သန်းမြင့် ၊ဗန်းမော်၊
မြန်မာ့ရုပ်ရှင်နှင့် ရွှေရတုကာလတွင် ထွန်းကားခဲ့သော ရုပ်ရှင်မင်းသမီတစ်ဦးသည် မူလက ပြဇာတ်မင်းသမီး ဖြစ်သည်။ ယင်းပြဇာတ်မင်းသမီးသည် ပြဇာတ်ကရင်း ရုပ်ရှင်ရိုက်ရာမှ ရုပ်ရှင်မင်းသမီး ဖြစ်လာသည်။ ပြဇာတ်ခေတ် ကုန်ဆုံးသည့်အခါ ရုပ်ရှင်လုပ်ငန်းကိုသာ ဇောက်ချလုပ်ကိုင်သည့် ရုပ်ရှင်သရုပ်ဆောင် လုံးလုံးလျားလျား ဖြစ်လာခဲ့လေသည်။ အဆိုပါ ရုပ်ရှင်သရုပ်ဆောင်ကား မြင့်မြင့်ဌေး ဖြစ်လေသည်။
မြင့်မြင့်ဌေး ပြဇာတ်မင်းသမီး
ဖြစ်လာပုံကား ဤသို့ ဖြစ်သည်။ မြင့်မြင့်ဌေးသည် ပြဇာတ်နှင့် ရုပ်ရှင်တို့ကို
ဝါသနာထုံသည်။ တစ်နေ့တွင် မြို့တော်ခန်းမ၌ တင်ဆက်သော ဒါရိုက်တာ ဦးသုခ၏ 'မေတ္တာတေးချိုချို'
ပြဇာတ်ကို သွားရောက်ကြည့်ရှုသည်။ ယင်းပြဇာတ်တွင် ဇေယျ၊ မေချစ်တို့က
ပါဝင်သရုပ်ဆောင်ကြသည်။ ဤတွင် ရုပ်ရှင်နှင့်ပြဇာတ် သရုပ်ဆောင် 'မေချစ်'နှင့် သမာဓိသတင်းစာအယ်ဒီတာ၊
သမာဓိ-ရှင်လုံးတို့က ပြဇာတ်ကြည့်ရန်လာသော မြင့်မြင့်ဌေးကို ပြဇာတ်သရုပ်ဆောင်အဖြစ်
မြင်နေကြသည်။
ထိုစဉ်က မြင့်မြင့်ဌေး၏
ဝင်းဝါတောက်ပသော အသားအရေနှင့် အလုံးအရပ်တို့မှာလည်း အချိုးအစားကျန၍ ပြေပြစ်လှပသည်။
မျက်နှာပေး အမူအရာမှာလည်း မြင်ရသူတစ်ဖက်သားကို ဆွဲဆောင်မှုရှိသည်။ မျက်လုံး၊
မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းတို့မှာလည်း ထူးခြား၍လှပနေသည်။ အထူး သဖြင့်
ဘယ်ဘက်နှုတ်ခမ်းအောက်က မှဲ့နက်တစ်လုံးကလည်း အမှတ်ထင်ထင်ရှိနေသည်။ မြင့်မြင့်ဌေး၏
သာယာချိုမြသည့် စကားပြောဆိုဟန်၊ ဆင်မယဉ်သာ လမ်းလျှောက်ဟန်တို့မှာ
အရပ်သူတစ်ဦးနှင့်မတူဘဲ တစ်မူထူးခြားစွာ ပြဇာတ်စင်မြင့်ပေါ်က သရုပ်ဆောင်တစ်ဦးနှင့်
တူနေလေ သည်။
ထို့ကြောင့် မေချစ်နှင့်
သတင်းဆောင်းပါရှင် 'သမာဓိ ရှင်လုံး'တို့က ကာဌေးပြဇာတ်ရုံပိုင်ရှင်
ဦးလျောင်စိန်အား ပြဇာတ်မင်းသမီးလောင်းတစ်ဦးတွေ့ထားကြောင်း သတင်းပို့ကြသည်။
ထိုမှတစ်ဖန် မေချစ်ကပင် မြင့်မြင့်ဌေးအား ကာဌေးရုံပိုင်ရှင်နှင့် မိတ်ဆက်ပေးသည်။
ကာဌေးရုံပိုင်ရှင်၏ ဖိတ်ကြားချက်အရ တစ်နေ့တွင် မြင့်မြင့်ဌေးသည် ပြဇာတ်ကြည့်ရန်
ကာဌေးရုံသို့ ရောက်ရှိသွားသည်။ ယင်း၌ပြဇာတ်များ မတင်ဆက်ဘဲ ပြဇာတ်အတွက်
ပြဇာတ်မင်းသမီး ရွေးချယ်ပွဲနှင့်တိုးနေသည်။ ပြဇာတ်မင်းသမီး ရွေးချယ်ရေး အဖွဲ့ကလည်း
မြင့်မြင့်ဌေးအား ပြဇာတ်မင်းသမီးအဖြစ် မြင်နေကြပြန်သည်။
ဤသို့ဖြင့် မြင့်မြင့်ဌေးအား
သီချင်းဆိုတတ်လျှင် ပြဇာတ်စင်ပေါ်တက်၍ ပြိုင်ပွဲဝင်ရန် အားပေးတိုက်တွန်းကြသည်။
ဝါသနာ အရင်းခံရှိသော မြင့်မြင်ဌေးသည် ပြဇာတ်မင်းသမီး ရွေးချယ်ပွဲတွင် 'မန်းတောင်လကျ်ာ'သီချင်းကြီးနှင့် မေရှင် သီဆိုသည့် 'ချစ်ရေစင်'သီချင်းတို့ကို သီဆို၍ အမူအရာ လုပ်ပြလိုက်သည်။ ပြဇာတ်မင်းသမီး
ရွေးချယ်ရေးအဖွဲ့က ပြိုင်ပွဲဝင် ပြဇာတ်မင်းသမီးလောင်း (၇)ဦးအနက်
မြင့်မြင့်ဌေးအား(၁၂)မှတ်ဖြင့် ပထမ၊ ကြည်ကြည်ဌေးအား (၁၁)မှတ်ဖြင့် ဒုတိယဆုများ
ပေးကာ ပြဇာတ်မင်းသမီး သစ်များကို ရွေးချယ်ခဲ့ပေသည်။ ရွေးချယ်ခြင်းခံရသည့်
ပြဇာတ်မင်းသမီးသစ်များ၏ အမည်ကိုပေးရာတွင်ကာဌေးရုံ အမည်မှ 'ဌေး'ပါရှိရမည်ဖြစ်သည်။
မြင့်မြင့်ဌေး၏
အမည်ရင်းမှာ ကြည်ကြည်ညွန့် (အကြည်) ဖြစ်၍ ကြည်ကြည်ဌေး၏အမည်ရင်းမှာ
မသိန်းကျင်(အကျင်) ဖြစ်သည်။ ထို့ကြောင့်'အကြည်'အား ကြည်ကြည်ဌေးဟု လည်းကောင်း၊ 'အကျင်'အား မြင့်မြင့်ဌေးဟုလည်းကောင်း ပြဇာတ်မင်းသမီး ရွေးချယ်ရေးအဖွဲ့က
နာမည်ပေးခဲ့ကြသည်။ သို့ရာတွင် သတင်းစာများ၌ 'အကြည်'ကို 'မြင့်မြင့်ဌေး'ဟူ၍
လည်းကောင်း၊ 'အကျင်'ကို 'ကြည်ကြည်ဌေး'ဟူ၍ လည်းကောင်း မှားယွင်းစွာ ဖော်ပြမှုကြောင့်
အဆိုပါ အမည်များ အတိုင်း အတည်ဖြစ်ခဲ့ရပေသည်။
၁၉၅ဝ ပြည့်နှစ်
ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ကာဌေးပြဇာတ်ရုံက ရွေးချယ်ခြင်းခံရသည့် ပြဇာတ်မင်းသမီးသစ် 'မြင့်မြင့်ဌေး'သည် ၁၉၅ဝပြည့်နှစ် မတ်လ ၃၁ရက်နေ့
ကာဌေးရုံတွင် တင်ဆက်သော စံပြသဘင်အဖွဲ့မှ ဒါရိုက်တာ စာရေးဆရာဦးသုခ၏ 'ချစ်ကုမ္ပဏီ'တွင် ပထမဆုံးခေါင်းဆောင် မင်းသမီးအဖြစ်
တက္ကသိုလ် မျိုးချစ်နှင့် တွဲဖက်ကပြရသည်။ အဆိုပါပြဇာတ်မှ အခြားသရုပ်ဆောင်တို့မှာ
မြင့်လွင်၊ ကြည်ကြည်ဌေး၊ သန်းနွဲ့၊ ချစ်မောင်၊ မြင့်ဖေ၊ ကြယ်နီ၊ ဒေါ်ခင်ညွန့်၊
ဒေါ်သိန်းရင်တို့ ဖြစ်ကြသည်။ ယင်းနောက် မြင့်မြင့်ဌေး ဆက်လက်ကပြသော ပြဇာတ်မှာ
ဒါရိုက်တာ ဦးသုခ၏ 'ဝသုန်ဤမြေ' ဖြစ်သည်။
ပြဇာတ်မင်းသမီး
မြင့်မြင့်ဌေးသည် ရုပ်ဆင်းအင်္ဂါအရ မြို့ကြီးသူ လူကုံထံ သူဌေးသမီး၊ ခေတ်ပညာတတ်၊
အထက်တန်းလွှာအမျိုးသမီးအဖြစ် သရုပ်ဆောင်ရာတွင် လိုက်ဖက်လှပေသည်။ ဆင်းရဲသူ၊ ကျေးလက်ရွာသူအဖြစ်
သရုပ်ဆောင်၍ မရပေ။ မြင့်မြင့်ဌေးသည် ပြဇာတ်တစ်ပုဒ်ပြီးတစ်ပုဒ် ကပြခဲ့ရာ
သရုပ်ဆောင်ရာတွင် ပီပြင်မှုကြောင့် လူထုအချစ်တော် စူပါတန်းဝင်
ပြဇာတ်မင်းသမီးတစ်လက် ဖြစ်လာခဲ့ပေသည်။
လူထုအချစ်တော်
ပြဇာတ်မင်းသမီး မြင့်မြင့်ဌေးကို အဖ မြေတိုင်းအင်စပက်တော် ဦးသာဗန်း၊ အမိ
ဒေါ်သိန်းမယ်တို့မှ ၁၉၂၈ခု ဇန်နဝါရီလ ၁၅ရက် တနင်္လာနေ့တွင် ပဲနွယ်ကုန်း မြို့၌
ဖွားမြင်သည်။ မွေးချင်း ငါးဦးတွင် အထွေးဆုံး ဖြစ်သည်။ ငယ်စဉ်က ညောင်လေးပင်မြို့
အေဘီအမ်ကျောင်းတွင် အင်္ဂလိပ် မြန်မာ သတ္တမတန်းအထိ ပညာဆည်းပူးခဲ့သည်။
ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်တောက် လောင်လာသည့်အခါ
ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်လိုက်ရသည်။ မြင့်မြင့်ဌေးသည် ကျောင်းပြဇာတ်၊
စစ်အတွင်းအာရှလူငယ်အဖွဲ့မှ တင်ဆက်သည့်ပြဇာတ်များနှင့် အရပ်ပြဇာတ်များတွင်
ပါဝင်ကပြခဲ့ဖူးသည်။ မြင့်မြင့်ဌေး၏ သရုပ်ဆောင်မှုများသည် ဝါရင့်ပညာသည်များကဲ့သို့
သရုပ်ဆောင်နိုင်သည်။ ထို့ကြောင့် စစ်ပြီးခေတ်တွင် လူထုမေတ္တာ အဖွဲ့ဖြင့်
မန္တလေးမြို့သို့ တက်ရောက်ကပြဖူးသည်။ ပြဇာတ်ကရန် ဝါသနာထုံသည့် မြင့်မြင့်ဌေးသည်
အိမ်ထောင်ကျပြီးနောက် ပြဇာတ်မကတော့ပေ။ ထို့နောက် မြင့်မြင့်ဌေးသည် မိမိခင်ပွန်းသည်
အစိုးရတာဝန်ဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသည့်အခါ လိုက်ပါလာခဲ့ရာမှ
ပြဇာတ်လောကသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။
ထိုခေတ်က ပြဇာတ်
သရုပ်ဆောင်များသည် ညတွင်ပြဇာတ်က၊ နေ့တွင် ရုပ်ရှင်ရိုက်ကြသည်။ လူထုအချစ်တော်
ပြဇာတ်မင်းသမီး မြင့်မြင့်ဌေးကိုလည်း ရုပ်ရှင်ရိုက်ရန် ရုပ်ရှင်ကုမ္ပဏီများက
ကမ်းလှမ်းလာကြသည်။ ထို့ကြောင့် မြင့်မြင့်ဌေးသည် ၁၉၅၂ ခုနှစ်တွင်
လျှပ်စစ်ရုပ်ရှင်ဒါရိုက်တာ ဦးအောင်ဇံ၏ 'စွဲစွဲမြဲမြဲ'သံစုံသွင်းရုပ်ရှင်ကားတွင် ခင်မောင်၊ ဇော်ဝင်း၊ မေရီမြ၊ ရိုစီဌေးတို့နှင့်
တွဲဖက်သရုပ်ဆောင်ရာမှ ရုပ်ရှင်လောကသို့ ရောက်ရှိသည်။ ယင်းရုပ်ရှင်ကို ၁၉၅၃ ခုနှစ်
ဧပြီလ ၁၅ ရက် 'ဘုရင်'ရုံတွင်
ရုံတင်ပြသသည်။ ထို့နောက် မြင့်မြင့်ဌေးသည် အောင်ရုပ်ရှင်မှ ဒါရိုက်တာဦးအောင်ဇံမှ ပြည့်စုံ၏ဝတ္ထုကို
ရိုက်ကူးသော 'ချစ်သွေးသောက်' သံစုံသွင်း
ရုပ်ရှင်ကားတွင် ဇေယျ၊ သီသီတို့ဖြင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၅၅
ခုနှစ် မတ်လ ၁ဝရက်နေ့ 'သွင်'တွင်
ရုံတင်ပြသသည်။
၁၉၅၅ ခုနှစ်တွင် 'ကာဌေး'ရုံ၊ 'ဝင်းဝင်း'ရုံ၊ 'ဇော်'ရုံတို့၌ တင်ဆက်သော ပြဇာတ်ခေတ် နေဝင်ချိန်သို့
ရောက်ရှိ၍ ရုပ်ရှင်လောကတွင်လည်း အသံတိတ်ခေတ် ကုန်ဆုံးကာ ၁၉၅၆ ခုနှစ်မှစ၍
အသံထွက်ကားများ စရိုက်ကူးကြသည်။ ပြဇာတ် ဒါရိုက်တာများ၊ ပြဇာတ်သရုပ်ဆောင်များလည်း
ရုပ်ရှင် လောကသို့ ကူးပြောင်းကြသည်။ ဤတွင် ပြဇာတ် သရုပ်ဆောင် မြင့်မြင့်ဌေးသည်လည်း
ရုပ်ရှင်လောကသို့ လုံးလုံးလျားလျားကူး ပြောင်းခဲ့ပေသည်။ ပြဇာတ်မှ ရုပ်ရှင်သို့
ကူးပြောင်းခါနီးတွင် မြင့်မြင့်ဌေးအတွက် အောင်မြင်မှု၊ ပရိသတ် ကြိုက်နှစ်သက်မှုရရှိသော
ဇာတ်ကားမှာ ဘီဝမ်းဖလင် ဒါရိုက်တာမောင်လှတင် ရိုက်ကူးသည့် 'လှလေခက်လေ'
(၁၉၅၅)ရုပ်ရှင်ကားဖြစ်သည်။ ယင်းကားတွင် မြင့်မြင့်ဌေးသည် ဇေယျ၊
မေမြင့်၊ ရွှေကို၊ ဘချစ်၊ မေမေဝင်းတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။
'လှလေခက်လေ' ရုပ်ရှင်ကား၏ ဇာတ်လမ်းအရ ချောမောလှပသည့် မိန်းမချောလေး 'မြင့်'(မြင့်မြင့်ဌေး)သည် သစ်စက်စာရေးလေး 'ရွှေကို'နှင့် ငယ်ချစ်ဖြစ်သည်။ မိန်းမချောလေး 'မြင့်'သည် အချစ်ရေးတွင် ကံမကောင်းချေ။
လူယုတ်မာတို့၏စော်ကားမှုကို အကြိမ်ကြိမ်ခံရသည်။ မြင့်သည် မိမိဘဝကို
စိတ်နာလွန်းသဖြင့် မယားကြီးရှိသော သစ်စက် သူဌေးဦးဘချစ်ကို ကျုံးသွင်း၍ ထောင်ဖမ်းကာ
သစ်စက် သူဌေးကတော်ဘဝကို ခံယူလိုက်သည်။ ဤတွင် ချစ်သူ 'မြင့်'
၏ စွန့်ပစ်ခြင်းခံရသည့် သစ်စက်စာရေးလေး 'ရွှေကို'သည် တစ်နေ့တွင် အရက်မူးအောင်သောက်ပြီး သစ်စက်သူဌေးကတော် ဖြစ်နေသည့်
ချစ်သူဟောင်း 'မြင့်'ကို သီချင်း
စောင်းဆိုသည်။ ယင်းသီချင်းတွင် 'ကြာကူရီ'ဆိုသည့် ဗန်းစကားပါရှိသွားရာ ၁၉၅၆ ခုနှစ်သင်္ကြန်တွင် လူငယ်များ
နှုတ်ဖျား၌ 'ကြာကူရီကြီး'ဟု
အော်ဟစ်နောက်ပြောင်သည် အထိ ရေပန်းစားခဲ့သည်။ ယင်း 'လှလေခက်လေ'ရုပ်ရှင် ကားတွင် မြင့်မြင့်ဌေးရော ရွှေကိုပါ အောင်မြင်မှုရရှိခဲ့ကြသည်။
'လှလေခက်လေ' ဇာတ်ကားတွင် မိန်းမချောလေး 'မြင့်'အဖြစ် အံဝင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် မြင့်မြင့်ဌေးအား
သတင်းစာဆရာများက'ပုစွန်ထုပ်ကြီး'ဟု
တင်စားကာ ရေးသားဖော်ပြခြင်း ခံရလေသည်။ ထိုစဉ်က မြင့်မြင့်ဌေး၏ အလှသည် အထက်တွင်
တင်ပြခဲ့သည့်အတိုင်း ဝင်းအိဖြူစင်သော အသားအရေ ဝဝဖိုင့်ဖိုင့်ကြီးဖြစ်သော်လည်း
တင့်တယ် ပြေပြစ်သော အလုံးအရပ်၊ ချစ်ခင်နှစ်လိုဖွယ်သော ဟန်ပန်အမူအရာတို့ကြောင့်
အစ်ကိုကာလသားတို့၏ အသည်းစွဲ ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာရပေသည်။
အစ်ကိုကာလသားတို့၏ အသည်းကျော်
ပုစွန်ထုပ်ကြီး မြင့်မြင့်ဌေးအား အောင်မြင်မှုရရှိစေခဲ့သည့် ရုပ်ရှင်ကားတို့မှာ
(၁) ဇေယျ၊ မျိုးချစ်၊ မေရီမြင့်တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ သည့်
ရွှေမြင့်မိုရ်ရုပ်ရှင် ဒါရိုက်တာ မောင်လှတင်၏ 'မိမွေ ဘမွေ' အသံထွက်(၁၉၅၆)။ (၂) ခင်မောင်၊ ခင်မောင်မြင့်၊ တင်တင်မူတို့နှင့်
တွဲဖက်သရုပ်ဆောင်ခဲ့သည့် 'အောင်' ရုပ်ရှင်
ဒါရိုက်တာ ဦးအောင်ဇံ၏ 'ငယ်ကျွမ်းဆွေ' အသံထွက်
(၁၉၅၆)။ (၃) ဇေယျ၊ ဖိုးပါကြီး၊ ရွှေကို၊ တင်တင်မူတို့နှင့်
တွဲဖက်သရုပ်ဆောင်ခဲ့သည့် 'သုခုမ'ရုပ်ရှင်
ဒါရိုက်တာ မောင်လှတင်၏ 'ခင်မမမူ' အသံထွက်
(၁၉၅၆)။ (၄) တင်ညွန့်၊ ဖိုးပါကြီး၊ ကျော်အေး၊ မေရီမြင့်၊ မေရီမြတို့နှင့်
တွဲဖက်သရုပ်ဆောင်ခဲ့သည့် 'ရန်ကုန်'ရုပ်ရှင်
ဒါရိုက်တာ ဒဂုန်ဆရာတင်၏ 'မုန်းပါနဲ့မေရယ်' အသံထွက် (၁၉၅၆)။ (၅) ဖိုးပါကြီး၊ မျိုးချစ်၊ ခင်မောင်မြင့်၊
မေချစ်တို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည့် 'ဒဂုန်'ရုပ်ရှင်၊ ဒါရိုက်တာ ဆရာတင်၏ 'နေရီရီ'အသံထွက် (၁၉၅၆)။ (၆) ဇေယျ၊ မျိုးချစ်၊ မေမြင့်၊ သီသီတို့နှင့်
တွဲဖက်သရုပ်ဆောင်ခဲ့သည့် 'ဝတစ်လုံး'ရုပ်ရှင်
ဒါရိုက်တာ ဦးဘသင်၏ 'မေချစ်တဲ့မောင်' အသံထွက်
(၁၉၅၇)။ (၇) ဇေယျ၊ ရွှေကို၊ တင်တင်မူတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့်
မြသော်ဒါဖလင် ဒါရိုက်တာ မောင်လှတင်၏ 'သြော်မာန' အသံထွက် (၁၉၅၇)။ (၈) ဇေယျ၊ အေးကြူ၊ ကျော်အေး၊ မေရီမြင့်၊ မေရီမြနှင့်
တွဲဖက်သရုပ်ဆောင်ခဲ့သည့် အောင်သပြေ ရုပ်ရှင်ဒါရိုက်တာ ဦးကျော်မြင့်၏ 'ဆူးနဲ့ မာလာ' အသံထွက် (၁၉၅၇)။ (၉) ဇေယျ၊ မျိုးချစ်၊
မေရီမြင့်တို့နှင့်တွဲဖက် သရုပ်ဆောင်ခဲ့သည့် ဘီဝမ်းဖလင် ဒါရိုက်တာ မောင်လှတင်၏ 'ချစ်တော့ခက်တယ်'
အသံထွက် (၁၉၅၇)။ (၁ဝ) တင်ညွန့်၊ မြင့်အောင်၊ မေရီမြင့်တို့နှင့်
တွဲဖက် သရုပ်ဆောင်ခဲ့သည့် ရန်ကုန်ရုပ်ရှင်၊ ဒါရိုက်တာ ဒဂုန်ဆရာတင်၏ 'ချမ်းမြေ့ရိပ်မြုံ' အသံထွက် (၁၉၅၈) စသည်တို့
ဖြစ်သည်။
မြင့်မြင့်ဌေးသည် ၁၉၅၈ ခုနှစ်တွင်
မြရွှေဂုဏ်ဖလင် အမည်ရှိ ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်၍ 'အတိတ်၏
အရိပ်'ရုပ်ရှင်ကားကို ထုတ်လုပ်သည်။ ယင်းရုပ်ရှင်ကားကို
မောင်လှတင်က ဒါရိုက်တာအဖြစ် ဆောင်ရွက်၍ မြင့်မြင့်ဌေး ကိုယ်တိုင် မြင့်အောင်၊
ကြည်ကြည်ဌေးတို့နှင့်အတူ ပါဝင် သရုပ်ဆောင်ခြင်းဖြစ်သည်။ မြင့်မြင့်ဌေးသည် ၁၉၆ဝ
ပြည့်နှစ် တစ်ဝိုက်တွင် ရုပ်ရှင်ကားပေါင်းများစွာကို ဒါရိုက်တာပေါင်းစုံ၊
သရုပ်ဆောင်ပေါင်းစုံတို့ဖြင့် နေ့ညမပြတ် ရိုက်ကူးခဲ့ရသည်။
၁၉၆၆ ခုနှစ် ပြည်သူ့မေတ္တာရုပ်ရှင်မှ 'ရောင်နီ'၏ ဝတ္ထုကို ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော 'မြေပြန့်သား'
ရုပ်ရှင်ကားတွင် ဝင်းညွန့်၊ မြင့်မြင့်ခင်တို့နှင့်
တွဲဖက်သရုပ်ဆောင်ပြီးနောက် မြင့်မြင့်ဌေးသည် ဇာတ်ဆောင်မင်းသမီးမှ
ဇာတ်ပို့မင်းသမီးကြီးအဖြစ် ကူးပြောင်းသရုပ်ဆောင်သည်။ ၁၉၆၈ ခုနှစ် သုခရုပ်ရှင်၊
ဒါရိုက်တာ ဦးသုခ၏ 'စကားပြောသော အသည်းနှလုံး' ဇာတ်ကားတွင် ဇာတ်ရံ မင်းသမီးကြီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယင်းနောက်
မြင့်မြင့်ဌေးသည် ကားရိုက်ကျဲသွားသည်။
၁၉၉ဝ ပြည့်နှစ်တွင် 'အရိုင်းစံပယ်'ကားကို ဒုတိယအကြိမ် ပြန်လည်ရိုက်ကူးသည့်အခါ မြင့်မြင့်ဌေးသည်
ဇာတ်ပို့မင်းသမီးကြီးအဖြစ် 'ဇော်လွင်'နှင့်
တွဲဖက်၍ ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။ ဤသို့လျှင် မြင့်မြင့်ဌေးသည်
ပြဇာတ်နှင့်ရုပ်ရှင်လောကတွင် နှစ်ပေါင်း (၄ဝ)ကျော်၊ အနုပညာရှင်အဖြစ်
ကျင်လည်ခဲ့ပြီးနောက် တစ်ဖက်ကလည်း ဒါန၊ သီလ၊ ဘာဝနာလုပ်ငန်းများကို တတ်အားသမျှဆောင်
ရွက်နေစဉ်အတွင်း ဇရာပိုင်းသို့ ရောက်လာသည့်အခါ ရုတ်တရက် နာမကျန်းဖြစ်ပြီး
လေဖြတ်သွားရှာသည်။ ထို့ကြောင့် သားများက ဒေါ်မြင့်မြင့်ဌေးအား အနောက်တိုင်းဆေး၊
တိုင်းရင်းဆေးတို့ဖြင့် အစွမ်းကုန် ကုသပေးကြသည်။ ဒေါ်မြင့်မြင့်ဌေးတွင်
သားနှစ်ဦးရှိရာ သားတစ်ဦး မှာ ရဲအရာရှိဖြစ်၍ သားတစ်ဦးမှာ နိုင်ငံခြားတွင်
အလုပ်လုပ်နေသည်။ ဒေါ်မြင့်မြင့်ဌေးသည် ဆေးဝါးကုသမှု ခံယူနေစဉ်အတွင်း
ကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန် လာခြင်းမရှိတော့ဘဲ ၂ဝဝ၅ ခုနှစ် ဧပြီလ
၁၂ရက်နေ့ အသက် ၇၈နှစ်အရွယ် သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် နေအိမ်တွင်
ကွယ်လွန်အနိစ္စ ရောက်ရှိသွားလေသည်။ ပြဇာတ်နှင့် ရုပ်ရှင်ပညာရှင်
(ဒေါ်)မြင့်မြင့်ဌေးသည် ကွယ်လွန်သွားပြီ ဖြစ်သော်လည်း ၄င်း၏အနုပညာ
စွမ်းပကားတို့သည် မြန်မာ့ပြဇာတ်သမိုင်းနှင့် မြန်မာ့ရုပ်ရှင်သမိုင်းတို့တွင်
မော်ကွန်းတင် လျက်ရှိနေမည်ဖြစ်ပါသတည်း။
ကျော်သန်းမြင့်
၊ဗန်းမော်၊
(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ရည်ညွှန်း ။
(၁) မောင်မောင်(ရန်ကုန်) ၏
၁၉၄၆-၁၉၆၆ မြန်မာ့ရုပ်ရှင်မှတ်တမ်း
(၂) ဆရာ-ဂျေကြိုင်(မဟာဝိဇ္ဇာ)၏
မြင့်မြင့်ဌေး-ရွှေအောင်လံ
မဂ္ဂဇင်း(၈-၂ဝဝဝ)
(၃) ဆရာပြည့်စုံ(သွေးသောက်)၏
မှတ်စုများနှင့် ပြောပြချက်များ
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။