ရွှေသုတ‌

အနုပညာလောကနှင့် နာမည်တူများ

ကေမြူး

01 February 2026
အနုပညာလောကနှင့် နာမည်တူများ
Share to

            အနုပညာလောကမှာ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ ပန်းပုနှင့် ရုပ်ရှင် စသည့် နယ်ပယ်များစွာဖြင့် ဖွဲ့စည်းထားပါသည်။ အနုပညာရှင်အချို့မှာ အနုပညာနယ်ပယ်တစ်ခုတည်း၌သာ လှုပ်ရှားကျင်လည်လင့်ကစား အချို့အနုပညာရှင်များမှာ အနုပညာနယ်ပယ်များစွာတွင် ကူးလူးကျင်လည် လှုပ်ရှားလေ့ရှိကြသည်။ အနုပညာနယ်ပယ် တစ်ခုနှင့်တစ်ခု ကူးလူးရာတွင်လည်း အဟန့်အတားနှင့် အတားအဆီး လုံးဝမရှိသဖြင့် ဖန်တီးနိုင်မှုစွမ်းရည်ရှိလျှင် ရှိသလို အလွယ်တကူပင် ကူးလူးကျင်လည်နိုင်ကြသည်။ ဥပမာအားဖြင့် သုခ၊ ရွှေညာမောင်(ဦးချင်းစိန်)၊

ဝင်းဦးနှင့် သုမောင်တို့သည် စာပေနယ်မှ ရုပ်ရှင်နယ်နှင့် ဂီတနယ်သို့လည်းကောင်း၊ မန္တလေးသိန်းဇော်သည် သဘင်နယ်မှ စာပေနယ်၊ ရုပ်ရှင်နယ်နှင့် ဂီတနယ်သို့ လည်းကောင်း၊ တွံ့တေး သိန်းတန်သည် ဂီတနယ်မှ ရုပ်ရှင်နယ်နှင့် သဘင်နယ်သို့လည်းကောင်း၊ ပန်းချီ ဘသစ်၊ ပန်းချီ အောင်သန်းသစ်၊ ပန်းချီစိုးမိုး၊ ပန်းချီ ခိုင်တင်နှင့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)တို့မှာ ပန်းချီနယ်မှ ရုပ်ရှင် နယ်သို့လည်းကောင်း ကူးလူးကျင်လည်ခဲ့ကြသည်။

            အနုပညာနယ်ပယ်အသီးသီး၏ ရှင်သန်ဖွံ့ဖြိုးမှုမှာ ရပ်တန့်မသွားဘဲ အချိန်နှင့်တပြေးညီ ဖြစ်ထွန်းနေမည်ဖြစ်ရာ အနုပညာရှင်ဟောင်းများ ချုပ်ငြိမ်းသွားသော် အနုပညာရှင်သစ်များက လက်ဆင့်ကမ်း သယ်ဆောင်လှုပ်ရှား သွားကြမည်သာဖြစ်သည်။ အနုပညာရှင်သစ်များ သို့မဟုတ် အနုပညာရှင်သွေးသစ်များသည် အနုပညာနယ်ပယ်တစ်ခုမှ စတင်ကာ ခြေချလှုပ်ရှားကြပြီး အောင်မြင်မှ နယ်ပယ်သစ်ကို ကူးလူးကြသည့် အစဉ်အလာများသာ အများအားဖြင့် ရှိခဲ့ကြသည်။ ထိုသို့ အနုပညာနယ်ပယ်တစ်ခုတွင် ခြေချတော့သည်နှင့် အနုပညာအမည်ရွေးချယ်မှုသည် တစ်ပါတည်း ပါလာတော့သည်။ သက်ဆိုင်ရာ အနုပညာ၏ ဖန်တီးမှုစွမ်းအားသည် အရေးပါလှသကဲ့သို့ အနုပညာအမည် ရွေးချယ်မှုသည်လည်း အရေးကြီးလှသဖြင့် လေးနက်ကျယ်ပြန့်စွာ စဉ်းစားသင့်ပါသည်။ အနုပညာလောကတွင် အနုပညာ အမည်ခံယူရာတွင် အမည်တူခြင်းနှင့် အမည်ဆင်တူခြင်းကြောင့် ကာယကံရှင် အနုပညာရှင်များစွာ စိတ်ကသိကအောက် ဖြစ်ကြရသည်။ အချို့ဆိုလျှင် ညှိနှိုင်းဆွေးနွေးမှုနှင့် အငြင်းပွားမှုများပင် ကြုံတွေ့ခဲ့ကြရသည်။

            လောလောဆယ်တွင် စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏနှင့် စာရေးဆရာ ဒါရိုက်တာ မောင်နေမျိုးတို့၏ အနုပညာ အမည်တူမှုကြောင့် ရင်ဆိုင်ရသည့် ဖြစ်ရပ်များက အနုပညာအမည် ရွေးချယ်မှု၏ အရေးကြီးပုံကို မီးမောင်းထိုးပြလျက်ရှိသည်။ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏက အလင်းတန်းဂျာနယ် (၄.၁ဝ.၂ဝဝ၄) တွင် ဂျာနယ်အယ်ဒီတာ မောင်ဝဏ္ဏ ပြုမူခဲ့သော ကိစ္စများအတွက် စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏအား လူမှား၍ ပတ်ဝန်းကျင်မှ မေးမြန်းစုံစမ်းမှု ပြုနေကြသဖြင့် စိတ်ကသိကအောက်ဖြစ်ကာ ဂျာနယ်အယ်ဒီတာ မောင်ဝဏ္ဏအား အနုပညာအမည် ပြောင်းပေးရန် တောင်းပန်စာ ထည့်သွင်းဖော်ပြခဲ့သည်။ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ၏ တောင်းပန်စာအား အကြောင်းပြု၍ စာရေးဆရာ ဒါရိုက်တာ မောင်နေမျိုးက အလင်းတန်းဂျာနယ် (၂ဝ.၁၂. ၂ဝဝ၄) တွင် 'ဝဏ္ဏလက်လျှော့နေလေတော့' ဆောင်းပါးဖြင့် စာရေးဆရာ ဒါရိုက်တာ မောင်နေမျိုးနှင့် စာရေးဆရာ နေမျိုး၊ ရုပ်ရှင်သရုပ်ဆောင်နေမျိုးတို့နှင့် ပတ်ဝန်းကျင်ကရော၊ ပရိသတ်ကပါ လွဲမှားကြပုံနှင့် တေးရေးတေးဆို ပန်းချီဆရာ နေမျိုးဆေးနှင့် ကာတွန်း နေမျိုးအေးတို့၏ ဖခင်အဖြစ် အထင်ခံရပုံများကို ရေးသားခဲ့သည်။

            မြန်မာ့အနုပညာလောကတွင် နာမည်တူခြင်းမှာ ရှေးအခါကပင် ရှိခဲ့ဖူးသည်။ ရှေးအခါက ဘုရင်က ဖြစ်စေ၊ ပြည်သူကဖြစ်စေ ရေးဖွဲ့သီကုံး စပ်ဆိုသမျှ စာပေများတွင် ချို့ယွင်းမှု ကင်းမဲ့ပြီး အထူးရသမြောက်လျှင် နဝဒေးဘွဲ့ကို ချီးမြှင့်လေ့ရှိခဲ့သည်။ နဝဒေးဘွဲ့ ချီးမြှင့်ခံရပြီးလျှင်လည်း စာဆို၏ မူလအနုပညာအမည်ကို ခေါ်ဝေါ်သုံးစွဲမှု မပြုကြတော့ဘဲ အများအားဖြင့် နဝဒေးဟူသော အမည်ကိုသာ ခေါ်ဝေါ်ခဲ့ကြသည်။ ထို့ကြောင့် မြန်မာစာပေသမိုင်းတွင်...မယ်နဝဒေး (အင်္ဂါရ)၊ တောင်ငူနဝဒေး (လှော်ကား သုံးထောင်မှူး)၊ ပြည်နဝဒေး (စစ်ကိုင်း ထောင်သင်း ခေါ် စလင်းလကျ်ာ)၊ စလင်းနဝဒေး (ရွှေတောင်နန္ဒသူ)နှင့် ဝက်စွက် နဝဒေး (ဦးနု)ဟူ၍ စာဆို နဝဒေး ငါးဦးမှာ ကျော်ကြားခဲ့သည်။ ယင်းတို့အနက် ပြည်နဝဒေးနှင့် ဝက်မစွက် နဝဒေးမှာ ဘုရင်က ချီးမြှင့်သော ဘွဲ့များဖြစ်ပြီး ကျန်နဝဒေးသုံးဦးမှာ ပြည်သူက ချီးမြှင့်သောဘွဲ့များ ဖြစ်ကြသည်။ အများအားဖြင့် စာဆိုနဝဒေး ငါးဦးလုံးမှာ ခေတ်ပြိုင်များ မဟုတ်ကြဟု သိရပါသည်။ ကုန်းဘောင်ခေတ်က ဘကြီးတော်မင်းလက်ထက်တွင် ဖြတ်ထိုးဉာဏ်ဖြင့် စာပေစပ်ဆို သီကုံးရေးဖွဲ့ရာတွင် ကျော်ကြားသော စာဆို လေးဦး ပေါ်ထွန်းခဲ့သည်။ စာဆိုလေးဦးလုံးမှာ နန်းတွင်းတွင် စာဆိုခွင့်ရခဲ့ကြပြီး ရကန်ဦးတိုး၊ ရကန်ဖျက်ဦးလန်း၊ ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းဟု အမည်ရကြသည်။ စာဆိုလေးဦးတွင် နှစ်ဦးမှာ ဦးမင်း အမည်တူနေသဖြင့် ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းဟူ၍ ခွဲခြားသုံးစွဲခဲ့ကြရသည့် ခေတ်ပြိုင်စာဆို ကြီးများ ဖြစ်ကြသည်။

            မြန်မာ့အနုပညာလောကတွင် စာပေ၊ ရုပ်ရှင်နှင့် ဂီတနယ်ပယ် သုံးခုလုံးတွင် ကျင်လည်လှုပ်ရှားခဲ့ပြီး နယ်ပယ်အားလုံးတွင် ကြီးမားစွာ အောင်မြင်ကျော်ကြားသည့် အနုပညာရှင်ကြီး မှာ စာရေးဆရာ ဒါရိုက်တာ သုခပင် ဖြစ်သည်။ ထို့ပြင် မြန်မာ့အနုပညာ လောက၏ နယ်ပယ်တစ်ခု ဖြစ်သည့် ပန်းချီနယ်ပယ်တွင်လည်း ပန်းချီဆရာကြီး ဦးသုခသည် ကျော်ကြားထင်ရှားလျက် ရှိသည်။ ထိုစဉ် တေးသံရှင် သုခဟု စတီရီယို တေးနယ်ပယ်တွင် ပေါ်ထွန်းလာခဲ့ပြီးနောက် အညာဟူသော တေးဖြင့် ထင်ရှားခဲ့သည်။ တေးသံရှင် သုခမှာ ဂီတနယ်ပယ်တွင် ကာလတစ်ခုသာ ရပ်တည်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။ ထိုနည်းတူ စာရေးဆရာ ဒါရိုက်တာသာဓု ရှိပါလျက် စတီရီယို တေးသံရှင်သာဓုဟု လည်းကောင်း၊ စာရေးဆရာ မင်းကျော် ရှိပါလျက် စတီရီယို တေးသံရှင် မင်းကျော်ဟု လည်းကောင်း၊ စာရေးဆရာ၊ သတင်းစာဆရာ သာဂဒိုးရှိပါလျက် စတီရီယို တေးသံရှင် သာဂဒိုးဟု လည်းကောင်း အနုပညာလောကသို့ ဝင်ရောက်လာသူများ ရှိခဲ့သော်လည်း ရေရှည်ရပ်တည်မှု မပြုနိုင်ကြဘဲ ပျောက်ကွယ်ခဲ့ရသည်။

            အနုပညာ နယ်ပယ်တစ်ခုတည်းမှာ အနုပညာ အမည်တူသုံးစွဲ၍ ဝင်ရောက်လာခြင်းမျိုးလည်း ရှိပါသည်။ တေးရေးတေးဆို ဂီတမှူး စန္ဒရား တင်ဝင်းလှိုင်မှာ ဂီတနယ်ပယ်တွင် ကျင်လည်ကျော်ကြားနေသော်လည်း တေးသံရှင် တင်ဝင်းလှိုင် အမည်ခံယူပြီး မြန်မာ့ရုပ်မြင်သံကြား ဆိုကြမယ်၊ ပျော်ကြမယ် အစီအစဉ်မှ ဆုရသူက ဂီတလောကသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ ကြော်ငြာသာ တွေ့လိုက်ရပြီး စီးရီး ထွက်၊ မထွက် မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါသည်။ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင်နှစ်များတွင် မြန်မာ့ရုပ်ရှင်လောကတွင် ဒါရိုက်တာ မျိုးမြင့်အောင်သည် ထင်ရှားခဲ့ပါသည်။ ချစ်သက်လက်ဆောင်၊ တောပုန်းသံဒိုင်၊ ဇင်းကျိုက်တောင်၊ ပဲခူးရွှေညောင်ပင် နှင့် သွေးစသော ရုပ်ရှင်ကားများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာနယ်မှ ငြိမ်သက်သွားသည်။ ထိုစဉ် နေမဝင် အချစ်၊ ချစ်ကြိုးလေးနှစ်မျှင်၊ ချစ်နှင်းဆီ လှလှလေး၊ အချစ်ခြင်းတူရင် အရှုံးပေးမယ်၊ ကျွန်တော် မောင်လှထူး၊ တေဇာ၊ စိမ်းနှင့်တေဇာ စသော ရုပ်ရှင်ကားများဖြင့် ဒါရိုက်တာ မျိုးမြင့်အောင်မှာ ပြန်လည်ပေါ်ထွန်းလာသည်။ အချို့ ရုပ်ရှင်ကြည့်ပရိသတ်က တစ်ဦးတည်းပင် ထင်မှတ်ခဲ့ကြသော်လည်း သီးခြားစီ ဖြစ်ပါသည်။

            စာနယ်ဇင်းများတွင်လည်း ကလောင်သွေးဆဲ စာနယ်ဇင်း စာမျက်နှာများတွင် ပါဝင်ရန် ကြိုးပမ်းစ အချို့ကလောင်ရှင်များမှာ ရှိနှင့်ပြီး ကလောင်အမည်များကို မေ့လျော့မှုနှင့် မသိရှိမှုကြောင့် ကလောင်အမည်တူ ခံယူမှုမျိုးရှိလေ့ရှိကြသည်။ ရှိနှင့်ပြီး စာရေးဆရာက စာမူဖော်ပြပြီးမှ ၎င်းရေးသားခြင်း မဟုတ်ကြောင်းနှင့် ကလောင်အမည် ပြင်ဆင်ပေးရန် စာနယ်ဇင်း စာမျက်နှာထက်မှ မေတ္တာရပ်ခံကြသည်ကိုလည်း ဖတ်နေကြရသည်။ အချို့ကလောင် အမည်များမှာ တူညီမှု မရှိသော်လည်း ဆင်တူယိုးမှားဖြစ်နေသဖြင့် နောင် ကျော်ကြားလာပါက စာဖတ်ပရိသတ်အတွက် ရောထွေးလာနိုင်စရာများ ရှိနေပါသည်။

            အနုပညာ နာမည်တူညီသော်လည်း လှုပ်ရှားကျင်လည်သည့် နယ်ပယ်မတူညီဘဲ အောင်မြင်မှု အသီးသီး ရယူနေကြသည့် အနုပညာရှင်များစွာလည်း ရှိပါသည်။ ဥပမာ-စာရေးဆရာ ရန်အောင်နှင့် ဇာတ်သဘင် လူရွှင်တော်ရန်အောင် ရှိပါလျက် ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ပေါ်ထွန်းလာပြီး အောင်မြင်မှု ကြီးမားစွာရခဲ့သည့်နည်းတူ စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် မင်းအောင် ရှိပါလျက် တေးသံရှင် မင်းအောင် ပေါ်ထွန်းလာပြီး ထင်ရှားကျော်ကြားခဲ့သည်။ လှုပ်ရှား ကျင်လည်သည့် အနုပညာနယ်ပယ် တစ်ခုတည်းမှာပင် နာမည်တူသော်လည်း နာမည်ရှေ့တွင် ဝိသေသတပ်ပြီး အောင်မြင်မှု ရနေသည့် အနုပညာရှင်များလည်း ရှိပါသည်။ ဥပမာ- ရုပ်ရှင်နယ်မှ မြဇော်ဖလင်းမှ ဒါရိုက်တာ ဦးမြမောင်နှင့် ရုပ်ရှင် သရုပ်ဆောင် မင်းသားမြမောင်၊ ဂီတနယ်မှ တေးသံရှင် တွံတေးသိန်းတန်နှင့် မြန်မာပြည်သိန်းတန်၊ စာပေနယ်မှ ဂါဒီးယန်း စိန်ဝင်းနှင့် လူထုစိန်ဝင်းတို့ ဖြစ်သည်။

            အနုပညာလောကတွင် အနုပညာ အမည်တူရခြင်းမှာ ကျော်ကြားပြီး အနုပညာရှင် ကွယ်လွန်သွားမှု၊ ကျော်ကြားပြီး အနုပညာရှင်မှာ အနုပညာလှုပ်ရှားမှုများ မပြုလုပ်တော့မှု၊ ကျော်ကြားပြီး အနုပညာရှင် လှုပ်ရှားနေသည့် အနုပညာနယ်ပယ်နှင့် အနုပညာရှင်သစ် လှုပ်ရှားမည့် အနုပညာနယ်ပယ် မတူညီမှု၊ ကျော်ကြားပြီး အနုပညာရှင်၏ အနုပညာအမည်ကို မသိရှိမှု၊ အနုပညာလောကသို့ ခြေချမည့် အနုပညာရှင်သစ်မှ မိမိ၏ ရွေးချယ်ထားသောအမည်ကို မစွန့်လွှတ်နိုင်မှုနှင့် အနုပညာလောကသို့ ခြေချမည့် အနုပညာရှင်သစ်မှ မိမိ၏ နာမည်ရင်းကိုသာ မြတ်နိုးစွာ သုံးစွဲလိုမှု စသည်တို့ကြောင့်ပင် ဖြစ်ပါသည်။

            အနုပညာရှင်များ ဖန်တီးသော အနုပညာရပ်များအတွက်၊ သက်ဆိုင်ရာ အနုပညာရှင်နှင့် အမွေဆက်ခံသူများအတွက် တိကျသော မူပိုင်ခွင့်များ ရှိသင့်သကဲ့သို့ အနုပညာလောက တစ်ခုလုံးအတွက် ဖြစ်စေ၊ အနုပညာနယ်ပယ် တစ်ခုချင်းအတွက်ဖြစ်စေ အနုပညာ အမည်သတ်မှတ်မှုအတွက်လည်း မူပိုင်ခွင့် ရှိသင့်ပါသည်။

ကေမြူး

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

            အနုပညာလောကမှ ထင်ရှားသော နာမည်တူများကို လက်လှမ်းမီသမျှ ပြုစုထားသည်ကို နောက်ဆက်တွဲအဖြစ် ဆက်လက်ဖော်ပြထားပါသည်။


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။