ရွှေဝတ္ထု

ယတြာ

နှင်းဝေငြိမ်း

01 February 2026
ယတြာ
Share to

            ကျွန်မတို့အိမ်သို့ သဲသဲ ရောက်လာချိန်က မိုးလယ် သြဂုတ်လကြီး။ နေ့လယ်ခင်း မိုးတစ်ပြိုက်လောက် ရွာထား၍ နေအပူလျော့သည်မို့ နေလို့ထိုင်လို့ကောင်းသားဟု ကိုလတ်ကိုပြောပြီး အိမ်ရှေ့အထွက် ထိုကလေးမလေး သဲသဲ ရောက်လာသည်။

            'ကိုကိုလတ်ရှိလား အစ်မ'

            အိမ်ပေါက်ဝက လှမ်းမေးပြီး အိမ်ထဲသို့ ခြေနှစ်လှမ်းလောက် ရောက်လာသည့် သူမပုံစံမှာ မောကြီးပန်းကြီး ပေါက်နေ၏။ ဆံပင်နီကြင်ကြင်လေးတွေ ဖွာဆန်ကြဲပြီး ဖြူနုနေသော အသားက ပန်းသွေးထနေရင်း မျက်လုံးများက မို့အစ်နေ၏။ ပိုသတိထားမိတာက မျက်ခုံးစွန်းမှာ သွေးစို့ပြီး သပြေသီးမှည့်ရောင် ယောင်ကိုင်းနေတာကိုပါပဲ။

            'ဟင်...သဲသဲ... ဘာဖြစ်လာတာလဲ'

            ကျွန်မ ဘာမှ ပြန်မဖြေခင်မှာဘဲ ကိုလတ်က သဲသဲ ရှေ့ရောက်သွား၏။ သဲသဲကို ကျွန်မ သိကျွမ်းပါသည်။ ကျွန်မခင်ပွန်းသည် ကိုလတ်၏ အရင်းနှီးဆုံးသူငယ်ချင်း၊ ကိုသန့်၏ ကောင်မလေးမို့ သူကလေးကို ဂရုစိုက်ဖို့တော့လိုအပ်ပါသည်။

            'ကိုသန့်နဲ့ ရန်ဖြစ်လာတာ၊ သမီးအိမ်ပေါ်က ဆင်းလာခဲ့တယ်'

            လက်ထဲက ကြွပ်ကြွပ်အိတ်ကိုနီးရာ ဆက်တီပေါ် ဘုတ်ခနဲ ပစ်ချပြီး ချွေးသုတ်ရင်း ထိုင်ချလိုက်သော သဲသဲသည် ကိုလတ်နှင့် ကျွန်မရှေ့တွင် အရုပ်ကြိုးပြတ်ပင်။ ချက်ချင်းပဲ ကျွန်မကို လှမ်းကြည့်လိုက်သော ကိုလတ်ကို ကျွန်မ မျက်လုံးပြူးပြရင်း သဲသဲကို ရေတစ်ခွက် ခပ်ပေးလိုက်၏။

ရေခွက်ကို ကမ်းပေးမှ ရေသောက်ရကောင်းမှန်း သိသွားသော သဲသဲက ဂလုတ်ဂလုတ် မြည်အောင်ကို သောက်ချလိုက်လေ၏။ ပြီးမှ ချွေးအလိမ်းလိမ်း၊ မျက်ရည်အလိမ်းလိမ်း ဖြစ်နေသော သူမမျက်နှာအတွက် အားနာသွားပုံရပြီး စလင်းဘက်အိတ်ကလေးထဲမှ ကရင်ပတ်ဖ်ထုတ်၍ တဘုံးဘုံး ရိုက်လေတော့သည်။ မျက်နှာ မို့အစ်နေတာကို မှန်ထဲမှာ ပြန်မြင်ပုံရတာနှင့် သဲသဲထံမှ တောက်ခေါက်သံ ထွက်လာ၏။

'လူပါးဝတဲ့ ဟာကြီး၊ သူကပဲ ပြောရတယ်ရှိသေး၊ မင်း ငါ မပေါင်းနိုင်ဘူးတဲ့ ... ဟင်း... ဒီကလည်း ကွဲချင်လိုက်တာမှ... ဒင်းနဲ့ကွဲတာနဲ့ သမီးက အမေရိကားသွားမှာ အစ်မရဲ့'

ဟဲ့... ပလုတ်တုတ်လို့တောင် ကျွန်မခမျာ မယောင်ဝံ့ပါ။ ကျွန်မတို့ လင်မယား ဘာမှကို မမေးရသေးဘဲ သူ့ဘာသာ ပြောချလိုက်သော သဲသဲကြောင့် ဖြစ်ကြောင်းရယ်ကုန်စင် နတ်သံတောင် မနှောလိုက်ရတော့ပါ။ အခြေအနေကို ရိပ်စားမိသွားသော ကျွန်မတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကိုလတ်က ကျွန်မကို အားနာဟန်နှင့် ရှိနေချိန်မှာ ကျွန်မကတော့ သဲသဲကို ဘယ်နားသိပ်ရပါ့မလဲဟု နေရာရှာနေရပြီ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဒီတစ်ညလောက်တော့ သဲသဲလေး ဒီအိမ်မှာ အိပ်ဖြစ်လိမ့်မည်ဆိုလျှင် ကျွန်မ ကျေကျေနပ်နပ် ဝတ္တရားကျေရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်... ကိုသန့်ဆိုတာ.. ကိုလတ်ကို အပေါင်းအသင်း ပီပီသသ ကူညီစောင့်ရှောက်ခဲ့သူတစ်ယောက်အပြင် ကျွန်မတို့မင်္ဂလာပွဲအတွက် လိုအပ်သော ငွေကြေးကို ထုတ်ပေးခဲ့ဖူးသူတစ်ဦးမို့ သူ့ကျေးဇူးကို ထောက်ထားရမည်က သေချာလှပါ၏။

လောလောဆယ် သွေးပူနေသော သဲသဲကို ကျွန်မ ဘယ်လိုနှစ်သိမ့်ရပါ့မလဲ။ စောစောက

နေလို့ထိုင်လို့ ကောင်းနေသောစိတ်သည်နည်းနည်းတော့ နေထိုင် မကောင်းချင်တော့ပေ။ လင် မယားရန်ဖြစ်တာ မဆန်းပါဘူးဆိုပေမယ့် သူတို့က ဘာတော်ကြမှန်း မသိ။ ဖွဟဲ့ ။ လင်မယားတော့ လင်မယားပါပဲ။ ဒါကြောင့်ကွဲမယ် ကွာမယ်ပြောနိုင်တာပေါ့။ ကျွန်မ အတွေးဘယ်လောက် များသွားမှန်း မသိ။ သဲသဲက ကျွန်မဗိုက်ကို လာကိုင်မှ သတိရသွား၏။

            'အစ်မဗိုက်တောင် တော်တော်ထွက်လာပြီနော်၊ ဘယ်နှလလဲ'

            'ငါးလကျော်ပြီ သမီး'

            'ကလေးမွေးရင်လည်း သမီး ဝိုင်းထိန်းပေးမယ်နော် အစ်မ... သမီးက ကလေး ချစ်တတ်တယ်'

            ထိုစကား ကြားရတာနဲ့တင် သဲသဲကို ကျွန်မ သဘောကျသွားပါသည်။ ခုခေတ် ကလေးတွေများ ပေါင်းတတ်သင်းတတ် လိုက်တာလည်း အရမ်းပါပဲ။ ကျွန်မဗိုက်ကို အသာလေး ပွတ်ကြည့်ပြီး သဲသဲတစ်ယောက် ကိုသန့်နှင့် ရန်ဖြစ်လာတာကို မေ့သွားပုံရသည်။ ဗိုက်ထဲက ကလေးကို ယောကျ်ားလေးလား၊ မိန်းကလေးလား မေးလိုက်၊ ကျွန်မ ဗိုက်ဖုံးအင်္ကျီကို လှကြောင်း ပြောလိုက်နှင့် နာရီဝက်လောက် ကြာသွား၏။ ပြီးမှ...

            'ကိုလတ်ကြီး သူငယ်ချင်းက သိပ်မိုက်ရိုင်းတာပဲ သိလား၊ သမီးကို ထိုးထည့်လိုက်တာ တွေ့တယ်မဟုတ်လား... မျက်နှာကို ရောင်ကိုင်း ညိုမည်းနေတာပဲ'

            အမှတ်တမဲ့ မသိဟန်ဆောင်ပြီး သဲသဲမျက်နှာကို မကြည့်ဘဲနေနေသော ကျွန်မမှာ ခုမှ မြင်သွားဟန်နှင့်...

            'အေးဟယ်... ဟုတ်ပါရဲ့... တော်တော်ကြီး ရောင်နေတာပဲ...ရေခဲအုပ်ပေးမယ်နော်...သမီး'

            'ရတယ် အစ်မ... သမီး ဆေးလိမ်းထားတယ်'

            'ရေခဲတင်ရင် ပိုသက်သာတယ် သမီးရဲ့... လာ... မမ လုပ်ပေးမယ်... ခဏလည်း နားလိုက်ဦး...လာ လာ'

            အိမ်ရှေ့ ကွပ်ပျစ်မှာပါ လာသည့် အဝတ်အစားထုပ်ချပြီး ရောက်နေတာပဲ နာရီဝက် မကတော့၍ အိပ်ခန်းသို့ သဲသဲကို ခေါ်လာခဲ့ရသည်။ သဲသဲ ကိုလတ်ခမျာလည်း ဘာလုပ်ပေးရမှန်း မသိဘဲ သဲသဲနှင့် ကျွန်မနောက်က လိုက်လာပြီး သဲသဲ ထမင်းစားပြီး မစားပြီး လက်ဟန်နှင့် လှမ်းမေး၏။ သည်တော့မှ ကျွန်မ သတိရသွား၏။

            'သမီး ထမင်းစားပြီးပြီလား...'

            'ဟင့်အင်း မစားရသေးဘူး...မဆာပါဘူး... မနက်က နန်းကြီးသုပ်စားပြီးမှ ရန်ထဖြစ်တာ... ပန်းကန်တွေတောင် ကွဲကုန်တယ်'

            ဒီကလေးမလေးတော့ ဒီအချိန် ဆာနေရောပေါ့ဟု တွေးလိုက်သော အတွေးပင် ဘယ်ရောက်သွားသည် မသိပါ။ ကျွန်မ ပါးစပ်ကို အမြန်ပိတ်လိုက်ရ၏။ မဟုတ်ရင် နှုတ်က 'ဟယ်...ဒီလောက်တောင်ပဲ ဖြစ်ရလား' ဟု ပြောမိတော့မည်လေ။ ကိုလတ်ကို အသာလက်ခါပြပြီး အပြင်ထွက်ခိုင်းလိုက်ရ၏။ ထို့နောက် သဲသဲကို အဝတ်အစားလဲ ရေမိုးချိုးခိုင်းရသည်။ နေ့လယ်ခင်း ခဏ လှဲမည့် အစီအစဉ်လေး ပျက်သွားရှာပါပြီ။ အင်းလေ... ဒါက ကျွန်မတို့အတွက် မဆန်းတော့ပါ။ အလုပ်ပေါ်တာမျိုး၊ ဧည့်သည်လာတာမျိုးနှင့် ကျွန်မ၏ ကိုယ်ဝန်ဆောင်ကာလတွေ ဖိုးဖိုးဖတ်ဖတ်ပဲ ကုန်လွန်ခဲ့ရလေ၏။ သိပ်အနားယူလိုက်ရတယ်ကို မရှိပါချေ။

            ပါလာသော ကြွပ်ကြွပ်အိတ်ထဲမှ အဝတ်အစားတွေ ထုတ်နေသော သဲသဲလုပ်ရပ်ကို ကျွန်မလှမ်းကြည့်ရာ ဂါဝန်တွေ စကတ်တွေနှင့် အင်္ကျီတွေ လုံးထွေးထည့်လာပုံရ၏။ စိတ်ဆိုးနေတော့ လည်း ဒီလိုပဲ ဖြစ်မှာပေါ့လေ။ သဲသဲ ရေချိုးနေတုန်း သဲသဲကို ဘယ်မှာသိပ်ဖို့၊ ကိုသန့်ဆီ ဖုန်းဆက်ဖို့၊ လင်မယားနှစ်ယောက် တိုင်ပင်ရပါသည်။ ကိုလတ်က...'ငါ့မိန်းမတော့ ပင်ပန်းတော့မှာပဲ...၊ ဒီကောင် မလေးကြည့်ရတာ အပိုးကျိုးပုံ မရဘူး' တဲ့။ ကျွန်မလည်း ဒီလိုပဲ ထင်တာပါပဲ။ ဒါပေမယ့် ကိုသန့်မျက်နှာက ရှိသေးတယ်လေ။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်ည... နှစ်ညတော့ စိတ်ပြေအောင် ထားရမှာပါပဲ။ အကောင်းဘက်က လှည့်တွေးရင် ကျွန်မ မပျင်းရဘူးပေါ့။

□

            ညနေပိုင်း တစ်ခင်းမှာဖြင့် သဲသဲက မျက်နှာပိုး သေသေလေးနှင့် ကျွန်မ အလုပ်လုပ်ရာ မီးဖိုချောင်မှ ခပ်ကုတ်ကုတ်လေး လာထိုင်ပြီး 'သမီး ဝိုင်းလုပ်ပေးမယ်' 'သမီး ဝိုင်းလုပ်ပေးမယ်' နှင့် ပျာပျာသလဲ ကူညီချင်နေ၏။ သဲသဲကို ကျွန်မ မခိုင်းရက်ပါ။ မျက်နှာက ညနေပိုင်းမှာ ပိုရောင်ကိုင်း လာသလိုမို့ ညှော်မိမှာပင် စိုးမိ၏။ စိတ်ထဲလည်း ကိုသန့်ကို မကျေနပ်ပါ။ ဒီလောက်ပဲ လက်လွန်ရသလား။ ပြီးတော့ သဲသဲ အသက်ကို မေးကြည့်တော့ အခုမှ ဆယ့်ကိုးနှစ်တဲ့။ ဘယ်နှတန်းလဲ ဆိုတော့ Eng မေဂျာ ဒုတိယနှစ်တဲ့။ ကျောင်းဆက်တက်လားဆိုတော့ Distance ပဲ တက်သတဲ့။ အပြင်မှာ Speaking  တွေဘာတွေ တက်တယ်ဆိုပဲ။ ဘိုလိုပြောတာတော့ ရွတ်ရှက်ဒွက်ဒက်နဲ့  သွက်လိုက်တာမှ ကျွန်မတို့ လိုက်မမီပေ။

            တစ်ချိန်လုံး ကျွန်မ နောက်လိုက်နေပြီး သူ့အကြောင်းတွေ သူ့ဘာသာသူ ပြောနေတော့၏။ ဘေးကနေ ဓားလေးယူပေးလိုက်၊ ပန်းကန်လေး ယူပေးလိုက်နဲ့ပါ။

            'သမီးတို့ အသိုင်းအဝိုင်းနဲ့ သူတို့ အသိုင်းအဝိုင်းနဲ့ ဘာဆိုင်လို့လဲ။ သမီးတို့ ဘိုးဘိုးဆို ဆွေကြီး မျိုးကြီးတွေ။ သမီးတို့ အမျိုးတွေထဲမှာ စစ်ဗိုလ်တွေ၊ ဆရာဝန်တွေမှ ပုံလို့။ သူက သူ့လုပ်ငန်းမှာ ပိုင်ရှင်ဆိုပြီး သမီးကိုပါ အနိုင်ကျင့်လို့ ဘယ်ရမှာလဲ။ သမီးက သူ့ဝန်ထမ်းမှ မဟုတ်တာ။ သူ့မှာ ဟိုလူ့ ဟောက်လိုက်။ ဒီလူ့ ဟောက်လိုက်နဲ့ ဒါ အလုပ်လုပ်တာတဲ့။ သမီးတော့ မထင်ပါဘူး။ သမီး သူ့ရုံးဘက် လိုက်သွားရင်ပြတဲ့ အာဏာပါဝါတွေမှန်း သမီး သိသားပဲ။ သမီးက သူ့အမျိုးတွေကို ကြည့်မရလို့ သူ့ကို တမင်ယူပစ်တာ'

            ထိုအချိန်မှာ ကျွန်မက ညစာ ပြင်ပြီးလေပြီ။ ကိုလတ်က ကိုသန့်ဆီ ဖုန်းဆက်၍ မရဘူးဆိုပြီး ဖုန်းဆင်းဆက်တာ သုံးခါလောက် ရှိလာသဖြင့် ဖုန်းဆက်ခြင်းအလုပ်ကို ထိုနေ့အဖို့ ရပ်နားလိုက်ရလေ သည်။ သဲသဲလေးကိုတော့ ကျွန်မသာ အသက်ဆယ့်ရှစ်နှစ်မှာ အိမ်ထောင်ကျလျှင် သမီးအရွယ်လောက်ပဲရှိ၍ သြော် ငါ့ညီမလေး...ငါ့သမီးလေးဆိုလျှင်ဆိုပြီး ကိုယ်ချင်းစာစိတ်တွေဖြစ်ပြီး သူပြောသမျှ စိတ်ဝင်စားနေမိတော့၏။

            ကိုသန့်ကို တမင်ယူပစ်တာဟု ပြောချပြီး သူ့ ဂါဝန်ကြီးကို ကိုယ်မှာ တစ်ပတ်ပတ်လိုက်သော သဲသဲကို ကြည့်ရတာ ဒဏ်ရာသာမရလျှင် အတော်ကြီး လွတ်လပ်ပျော်ရွှင်နေသလိုပင်။ ကျွန်မ မမေးဘဲ မနေနိုင်တော့ပါ။

            'သမီးက ဒီအရွယ်နဲ့ အိမ်ထောင်ပြုတော့ သမီး မိဘတွေက မတားဘူးလား'

            'အို... သမီးဘက်က ဘယ်သိမလဲ...၊ ရန်ကုန်မှာ ကျောင်းလာတက်တယ်ပဲ ထင်နေတာပေါ့'

            'ဟယ်...တကယ်'

            ကျွန်မ လန့်သွား၏။ သဲသဲ နောက်ပြောနေတာ လားလို့။ မဟုတ်ပါ။ သဲသဲ တကယ်ပြောနေတာပါ။ ကြေမွနေသော ဂါဝန်က အပွင့်ရောင်စုံနှင့် မျက်စိစူးစရာ။

            'သမီးက တစ်ဦးတည်းသော သမီး မမရဲ့။ တောင်ကြီးက လာတာ။ အဖေနဲ့ အမေက ကွဲနေတယ်။ အဖေက မရှိတော့ပါဘူး၊ ဆုံးပြီ။ အမေကတော့ ခပ်အေးအေးခပ်အအပဲ။ သမီး အဒေါ်တွေကသာ ထက်ထက်မြက်မြက်ရှိကြတာ။ သမီး ရန်ကုန်မှာ ကျောင်းတက်တာလည်း အဒေါ်က နိုင်ငံခြား ပို့ပေးမယ်ပြောလို့။ သင်တန်းပေါင်းစုံတက်ရင်း လာနေတာ။ ငွေတော့ ပို့ပေးကြတယ်လေ'

            'အဲဒါနဲ့...သဲသဲက... ကိုသန့်နဲ့ ဘယ်လို...'

            'ဒါကတော့ မမရယ်... သမီးက ဘော်ဒါများတယ်လေ၊ ဟိုပွဲတက် ဒီပွဲတက်နဲ့ တွေ့တာပေါ့။ သူက သမီးကို အမှန်အကန် ကြိုက်မှန်းသိလို့ သမီးက လက်ခံလိုက်တာ။ ပထမတော့ ကျောင်းပြီးမှ။ အသက်အစိတ်လောက်မှ ယူမလို့ဘဲ။ သူ့ဘက်က မိဘတွေက သမီးကို မတူသလိုမတန်သလို လုပ်လာလို့ သမီးက တစ်ခါတည်း လက်မှတ်ထိုးခိုင်းပစ်လိုက်တာ... မှတ်ကရော'

            ဒီတစ်ခါ ကျွန်မ မ 'ဟင်' နိုင်တော့ပါ။ အသံပင် မထွက်ဘဲ စိတ်ထဲကနေ မှတ်ပလားဟု ကိုယ့်ကိုယ်ကို ပြောမိ၏။ ယောကျ်ားယူတာ ဒီလောက်လွယ်တယ်ဟု ကျွန်မတော့ တစ်ခါမှ မတွေးမိပါ။ ဒါကြောင့်လည်း ငါတို့ အသက်သုံးဆယ်ကျော်မှ ယောကျ်ားရတာပဲ မဟုတ်လား။

            လွယ်လိုက်တဲ့ အိမ်ထောင်ပြုခြင်းအပေါ် နောင်တရဟန်မတူသော သဲသဲသည် ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ ဗိုက်ဆာလာပြီ မမရေဟုပြောမှ ကျွန်မ ကမန်းကတန်း ထမင်းကျွေးဖို့ သတိရသွားလေ၏။

            'အေးအေး...စားကြတာပေါ့...လာကိုလတ်ရေ၊ ထမင်းစားရအောင်၊ သဲသဲ ဆာနေပြီ'

□

            နောက်တစ်နေ့ ထမင်းစားချိန်မှာ သဲသဲဆာနေပြီဟု မပြောခင် ကျွန်မဘက်မှ အလိုက်တသိ ကျွေးမွေးခဲ့ပါသည်။ စားသောက်ပြီးတာနဲ့ သဲသဲက သူ့အဒေါ်အိမ် ခဏသွားမည်ဟုပြောပြီး ထွက်သွားလေ၏။ သဲသဲ အပြင်သွားမှ ကိုလတ်က ညက အဖြစ်အပျက်ကို ပြောပြီး ရယ်နေတော့၏။

            ညက ဖြစ်ပုံကလည်း ဆန်းလှတယ်လို့ မဟုတ်ပါ။ ဒါပေမယ့် ကျွန်မတို့ ဖြတ်သန်းမှုမှာတော့ မိန်းကလေးတစ်ယောက် ခြင်ထောင်မထောင်တတ်တာဟာ ဆန်းသားပဲ မဟုတ်လား။

            ညဘက်အိပ်ရာခင်းမယ်ဆိုတော့ ကျွန်မ သဲသဲကို ဧည့်ခန်းမှာ သိပ်သည်။ သဲသဲက သူခြင်ထောင် သူ ထောင်မယ်ဟု ပြော၏။ ဒီလောက်အထိတော့ ဟုတ်နေသေး၏။ ကျွန်မက ညဘက်မှ ကျောဆန့်ရတော့ ခဏနားနေ၏။ အိမ်ရှေ့မှာ ကိုလတ်က သူ့အလုပ် သူလုပ်နေ၏။ သဲသဲအသံ မကြားရ တော့၍ သြော်...သဲသဲတော့ အိပ်ပြီဟု မှတ်လေရာ...ဟင် ထွက်လို့လည်း မရဘူး၊ ထွက်လို့လည်း မရဘူးနဲ့ ဗလုံးဗထွေး ပြောနေသော သဲသဲအသံကို ကြားလိုက်ရလေ၏။

            ကျွန်မရော ကိုလတ်ပါ ဧည့်ခန်းဆီ ပြေးအကြည့် ဧည့်ခန်းအလယ်ခေါင်မှာ ခြင်ထောင်နှင့် လုံးထွေးနေသော သဲသဲကို တွေ့ရတော့၏။ ခြင်ထောင်ကြိုးတွေ ရှုပ်ထွေးပြီး သဲသဲကို ခြင်ထောင်ကြိုး တွေ ငြိနေကြ၏။ ဘယ်က ဘယ်လို ဖြစ်သည်မသိ။ ကိုလတ်က ခြင်ထောင်ကြိုးတွေ ဖြတ်ချလိုက်ပြီး ကျွန်မက သဲသဲကို ခြင်ထောင်ထဲမှ မနည်း ဆွဲထုတ်ရ၏။ သနားစရာ ကောင်းလိုက်ပါဘိတော့။

            'ဘယ်လိုဖြစ်တာလဲ သဲသဲရယ်' ဆိုမှ ခြင်ထောင်ထောင်တာ ဘယ်ကြိုးက ခေါင်းရင်းမှန်းမသိ၊ ဘယ်ကြိုးက ခြေရင်းမှန်း မသိဘဲ ခြင်ထောင်နဲ့ လုံးထွေးသွားတာဆိုမှ ကျွန်မမှာ မရယ်နိုင်ဘဲ အားနာနေတော့၏။ သြော်...သူတို့အိမ်တွေက ခြင်ထောင်မှ မထောင်ရတဲ့ ခြင်လုံဆန်ခါ တပ်ထားတာ နေမှာပေါ့ဟု တွေးမိလေ၏။ ခြင်ထောင်ထဲမှာ မွန်းပြီး ချွေးတွေပြန်နေသော သဲသဲက ရယ်ကျဲကျဲနှင့် 'သမီးက ခြင်ထောင်ထောင်အိပ်တာ မဟုတ်ဘူး မမရဲ့' ဟု ဖြေ ရှင်းသွား၏။ ဟုတ်မှာပါ... ဟုတ်မှာပါ...။ ကျွန်မတို့ အပြစ်၊ ကျွန်မအပြစ်။ မသကာ ခြင်ထောင်ထောင် ပေးရမှာ ကျွန်မတို့ အိမ်ရှင်တွေရဲ့ အလုပ်ပဲ။ ဒါကို ကျွန်မရဲ့ ကိုလတ်က တဟားဟားနှင့် အော်ရယ်နေသေး၏။

            'အံ့ပါ မိန်းမရာ... ကိုယ်က အလုပ်ထဲ စိတ်ရောက်နေတုန်း သဲသဲအသံကြားလို့ လှည့်ကြည့်တာ ခြင်ထောင်ထဲမှာ ပတ်ပြေး နေသလိုပဲ။ ကိုယ်က ယောင်တယ်ထင်နေတာ။ ဘယ်အချိန် အိပ်မောကျသွားလဲပေါ့။ ပြီးမှ ခြင်ထောင်ကြိုးတွေနဲ့ လုံးထွေးနေမှန်းသိတာ... ဟား...ဟား...'

            ဒီလောက်အထိက ဇာတ်လမ်း မဟုတ်သေးပါ။ ညနေဘက် သဲသဲပြန်အလာ ကျွန်မ ဟင်းချက်နေသည်။ သဲသဲက သူကူမယ်ဆိုပြီး ကြက်သွန်ဝိုင်းနွှာသည်။ ဟုတ်နေလေ၏။ ကျွန်မ ကိုယ်ဝန်တကားကားနှင့်မို့ အားနာလိုက်တာ မမရယ်ဟုတော့ ပြောရှာပါ၏။ ကျွန်မရော ကိုလတ်ပါ ကိုသန့်နှင့် မဆက်သွယ်တာကို ဒေါပွနေကြ၏။ ကိုသန့် ဘယ်ထွက်သွားပြီလဲ မသိ။ သူ့ အလုပ်တွေပစ်ပြီး ဘယ်မှ သွားမည်မဟုတ်။ ဖုန်းပိတ်ထားတာပဲ နေမှာ။ ကိုလတ်ပြောတာကျတော့ သူ့ရုံးက တပည့်ကို စာရေးပေးထားပြီးပြီဟု ပြော၏။ ကျွန်မက သဲသဲကို မထားချင်၍ မဟုတ်။ လင်မယား စိတ်ဆိုးတာ၊ ကိုယ့်မိန်းမ လိုက်မရှာတဲ့ ယောကျ်ားကို စိတ်ဆိုးသည်။ ဒါကလည်း ကျွန်မတို့အိမ်မှာ ရောက်နေမှန်း သိချင်မှ သိမှာကိုး။

            'သမီးကို သူလား... လိုက်ရှာမှာ၊ သူက ကွဲချင်နေတာ မမရဲ့၊ သမီးက ဒီအတိုင်း ကွဲပေးမယ်ထင် လား၊ ဝေးသေး။ သမီး အခု ဒဏ်ရာရတာ သမီးအဒေါ်တွေမြင်ရင် သူ့ကို သတ်တောင် သတ်ဦးမှာ'

            'ဒါဖြင့် မနက်က သမီး ဘယ်သွားတာလဲ၊ အဒေါ်တွေဆီဆို'

            'မဟုတ်ပါဘူး၊ ဗေဒင် သွားမေးတာ'

            'ဘာတဲ့လဲ'

            'ဗေဒင်က မကွဲဘူးတဲ့။ ယတြာချေရမတဲ့။ အဲဒါ မချေသေးပါဘူး။ သမီးက သူ့ရုံးခန်းမှာ ဒီရုပ်ကြီးနဲ့ မသွားချင်လို့ သူ့ကိုပဲ အရင်တွေ့ပြီး စာရင်းရှင်းချင်တာ။ သူ့ တီဗီလေးကွဲတာနဲ့ပဲ သူက သမီးကို ကွဲမတဲ့လေ'

            'ဟယ်...တီဗီကွဲတယ်'

            'သြော်.... မမကလည်း၊ သူက သမီးကို စိတ်ဆိုးပြီး ပြောဆိုနေတော့ သမီးလည်း စိတ်ပေါက်ပေါက်နဲ့ တီဗီရိုက်ခွဲလိုက်တယ်... အေးရော'

            အမလေး..ဘုရား.. ဘုရား...။ ကျွန်မ မျက်လုံးထဲ ခွမ်းခနဲ ကြေသွားသော အကောင်းစား တီဗီကြီးကို မြင်ကြည့်မိ၏။ ကျွန်မတို့လည်း လင်မယား ရန်ဖြစ်ကြတာပါပဲ။ သည်လောက် အထိတော့ မလုပ်ရက်ပါ။ ကိုယ့်ချွေးနှဲစာလေးတွေကို မထိရက်။ သဲသဲက ခပ်တည်တည်ပဲပြောပြီး ရယ်လိုက်သေး၏။

            'အံမယ်... သူလည်း ဘာထူးလဲ၊ တီဗီကွဲလို့ သမီးကို ထိုးတာ...၊ အခုသမီးလည်း မျက်ခုံးကွဲသွားတယ်လေ'

            အရောင်သက်သာစပြုလာသော မျက်ခုံးကိုပြရင်း ငရုတ်ဆုံထဲ ကြက်သွန်အလုံးလိုက် ထည့်ထောင်းလိုက်သော သဲသဲထံမှ ငရုတ်ကျဉ်ပွေ့နှင့် ငရုတ်ဆုံထိသံ ဂွမ်းခနဲ မြည်သွားပြီး...ကြက်သွန်တွေ အလုံးလိုက်၊ အလုံးလိုက် ဖြာကျသွားလေတော့၏။

            ကျွန်မ အပြေးအလွှား လိုက်ကောက်ပေမယ့် ကြက်သွန်လုံးတွေက ခြေထောက်ပေါက်ပြီး ရေချိုးခန်း အိမ်သာဘက် လွင့်ကုန်တော့၏။ သဲသဲဘက်ကလည်း မီသမျှ ကြက်သွန်လုံးတွေ ကောက်ပေးရှာလေ၏။ ကျွန်မ သဘောပေါက်သွားပြီး သဲသဲကို ကြက်သွန်မထောင်းခိုင်းတော့ပါ။ ကြမ်းပေါ်ကျကုန်သော ကြက်သွန်တွေကိုလည်း နှမြောမြောနှင့် လွှင့်ပစ်လိုက်ရလေ၏။

            တီဗီလည်းကွဲ၊ ငရုတ်ဆုံလည်း ကွဲလို့တော့ ဘယ်နည်းနှင့်မျှ မဖြစ်သင့်'ကျွန်မ  ဘာသာ ကျွန်မ တွေးပြီး ပြုံး မိချိန်၌ သဲသဲတစ်ယောက် ကိုလတ် ကွန်ပျူတာနှင့် ကွန်ပျူတာဂိမ်း ဆော့နေလေပြီ။ ကိုလတ်က ရေချိုးပြီး ထမင်းစားရင်း...'သူစိတ်ချမ်းသာသလို နေပစေ မိန်းမရာ...။ သူ့ ယောကျ်ား ကျေးဇူး တို့မှာ ရှိတယ်မဟုတ်လား' နှင့် ကျွန်မကို ချော့နေရှာ၏။ ကျွန်မက သဲသဲရှိတာ စိတ်မညစ်တဲ့ အပြင်...စကားပြောဖော်ရတယ်ဟု ပြောရလေ၏။ ဒါမှ ကိုလတ် အားမနာမှာလေ။ ထိုညက သဲသဲကို ကျွန်မတို့က ခြင်ထောင်ထောင်ပေးထား၍ သဲသဲတစ်ယောက် စိတ်အေးချမ်းသာစွာ အိပ်မောကျသွား လေ၏။

□

            စိတ်အေးချမ်းသာစွာ အိပ်မောကျသွားသော သဲသဲ၏ နောက်တစ်နေ့မနက် ပေါင်းလေးရက်အကြာမတော့ သဲသဲပေါက်ကွဲပါလေပြီ။ ထိုလေးရက်စလုံး ကျွန်မတို့လည်း အနားမနေရပါ။ သဲသဲခေါ်ရာနောက် တက္ကစီတစ်စီးနှင့် လိုက်ပြီး ကိုသန့်ကို ရှာရလေသည်။ ဘယ်မှ မတွေ့၍ သဲသဲက မကျေနပ်။ ထိုမကျေနပ်ချက်၏ လက်နက်ကို လေးရက်မြောက်နေ့မှာ သဲသဲထုတ်သုံး တော့သည်။

            'ဒါဘာတွေလဲ သဲသဲ'

            အပြင်က ပြန်လာပြီး အထုပ်ကြီး ပစ်ချလိုက်သော သဲသဲသည် ကျွန်မကို အားရဝမ်းသာစွာ သူ့အထုပ်ကြီး ဖြေပြတော့၏။

            'ဒါ...အသီးအနှံတွေလေ၊ ဒါတွေကို ဘုရားမှာတင်...ပြီးတော့ နို့တစ်ခွက်ရယ်၊ ဘိန်းမုန့်တစ်ချပ်ရယ်၊ ဒီအသီးတွေရယ်ကို ယတြာ ချေရမယ်။ ပြီးတော့ သူ့နာမည်ကို ဒီအသီးမှာရေးပြီး သမီးအိပ်တဲ့ အိပ်ရာအောက်မှာ ဖိထားတဲ့၊ ဒါဆို သူရောက်ရာအရပ်က ပြန်လာမတဲ့။ သမီးကို သူကြောက်လို့ ပုန်းနေတာဖြစ်မှာ'

            သိပ်သေချာတာပေါ့ သဲသဲရယ်ဟုသာ ပြောလိုက်ချင်၏။ ကိုသန့်တော့ ဘယ်လောက်တောင် ကြောက်နေပြီမသိ။ ဆက်သွယ်လို့ကို မရပါ။ ဒါပေမယ့် ဒီမနက် ကိုလတ်က ကိုသန့်နဲ့ အဆက်အသွယ်ရပြီ။ ညနေ ချိန်းထားတယ်။ သဲသဲကို မပြောနဲ့ဟုတော့ ပြောလာ၏။ လူချင်း မတွေ့ရသေး၍ ကိုသန့်အခြေအနေကို မသိနိုင်ပါ။

            'သမီးက ကိုသန့်ကို ယတြာချေမယ်'

            'ချေမှာပေါ့...ဒါမှ ဒင်းကိုနိုင်မှာ... ဟိုနေ့က သူ့ညီဆီလိုက်သွားတာ တွေ့တယ်မဟုတ်လား မသိဘူး... မရှိဘူးနဲ့...သမီးက မမတို့ ပါလာလို့ မဟုတ်ရင် ဆွဲကုတ်ပစ်မှာ... ဗိုက်ကြီးသည် အားနာလို့'

            ကျွန်မကို အားနာလို့ ရန်ပွဲမဆက်တာဘဲ ကျွန်မက ပြန်ကျေးဇူးတင်ရဦးမည်။ သဲသဲချေမည့် ယတြာပစ္စည်းများကို ကျွန်မ မနှစ်သက်ပါ။  ယတြာတစ်ခုမှ မပါဘဲ ဘာတွေမှန်းကို မသိ။ ကလေးပီပီ လုပ်ချင်ရာကို လုပ်ချလာသည်။

            'ဒီယတြာတွေကို ဆယ့်နှစ်နာရီမထိုးခင် တင်မှ မမရဲ့...'

            'ဟဲ...ဟဲ့ အဲဒီ ယတြာမချေပါနဲ့ဦး ညီမလေးရယ်၊ ပေးပေး အစ်မကိုပေး'

            ကျွန်မ အထုပ်ကြီး အတင်းဆွဲပြီး နောက်ဖေးခန်းထဲ ဆွဲသိမ်းသွားမိ၏။ သဲသဲ နောက်က လိုက်ဆွဲသေး၏။ ကျွန်မ မပေးပါ။ ဒီလို ယတြာမျိုးကို အားမပေးနိုင်ပါ။ စိတ်နဲ့ မာန်နဲ့ လုပ်တိုင်း ကျွန်မ အိမ်မှာ ခွင့်မပြုနိုင်ပါ။

            အမှန်အတိုင်း ဝန်ခံရလျှင် သူယတြာက ကျွန်မတို့ မိသားစုကို လာရောက်မရိုက်ခတ်ဘူးဟု ဘယ်သူပြောနိုင်ပါသနည်း။

            ကျွန်မကြောင့် ယတြာမချေလိုက်ရသော သဲသဲသည် မကျေမချမ်းနှင့် ကိုသန့်ကိုသာ ဒေါပွနေတော့၏။ စိတ်ရှိတိုင်း ထင်တိုင်းကြဲနေသော ဆယ့်ကိုးနှစ် သမီးလေး၏ အိမ်ထောင်ဦး ဘဝကို သူ့မိသားစုတွေ မြင်လှည့်စမ်းချင်ပါဘိ။ ကျွန်မတို့ လင်မယားကိုတော့ အားနာတယ်ပြောလိုက်၊ မုန့်တွေ ဝယ်ကျွေးလိုက်၊ အားနာတယ်ပြောလိုက်...အိပ်ပျော်သွားလိုက်နှင့် ဟုတ်နေသေးတော့၏။ နေ့ခင်းဘက် သဲသဲ ငြိမ်နေ၍ ကျွန်မနောက်ဖေးခန်း ဝင်ကြည့်ရာ ရေချိုးခန်းထဲမှာ အဝတ်တွေ ရေစိမ်နေသော သဲသဲကို တွေ့ရလေ၏။ ဘာလုပ်မလိုလဲဆိုတော့ အဝတ်လျော်ပေးမလို့တဲ့။ ကျွန်မတို့ အဝတ်တွေရော၊ သူ့အဝတ်တွေရော တွေ့ရ၏။  ကျွန်မ တော်တော်လေး ကျေနပ်သွား၏။ ဒီလိုတော့လည်း ကလေးလေးက တော်ရှာသားပဲပေါ့။ အဝတ်များနေရင် သူလျှော်နိုင်ပါ့မလားဆိုပြီး စိတ်ပူမိသေး၏။

            'ခဏစိမ်ထားမယ်နော် မမ... သမီး ဖုန်းသွားဆက်လိုက်ဦးမယ်'

            ကိစ္စတစ်ခုကို သတိရသွားပုံရသော သဲသဲက အဝတ်ဇလုံကို ဘေးတွန်းပြီး ဖုန်းဆင်းဆက်၏။ ဖုန်းဆက်ပြီး ပြန်လာတော့ ချက်ချင်း အဝတ်လဲကာ အပြင်ခဏဟု ပြောပြီး ထွက်သွားလိုက်တာ တစ်ညနေလုံး ပေါ်မလာတော့။ ကျွန်မ စိတ်ပူလာပြီး ဝရန်တာမှ ထွက်ထွက်ကြည့်ရတာ အမောပင်။ နောက်ဆုံး ညခုနစ်နာရီလောက်မှာ ကိုလတ်က အမြင်မတော်လွန်း၍ဆိုပြီး အဝတ်တစ်ဇလုံကြီး ထိုင်လျှော်လေတော့၏။

            'ဖယ်...ဖယ်...မိန်းမ လျှော်မယ်...ကိုလတ် မလျှော်နဲ့'

            'ဟာ...ဘယ်ဖြစ်မလဲ ... မိန်းမလျှော်လို့ ဘယ်ဖြစ်မလဲ'

            သည်လိုနဲ့ သဲသဲ အဝတ်အစားတွေကိုရော သဲသဲ ဘရာစီယာတွေကိုပါ ကိုလတ်တစ်ယောက် အားရ ပါးရလျှော်ပြီး လှန်းပြီးချိန်မှာ သဲသဲတစ်ယောက် မောကြီး ပန်းကြီး ပြန်လာပါတော့သည်။ မျက်လုံးတွေလည်း မို့အစ်လို့ ငိုထားလိုက်တာ။ ကျွန်မ အတော်ကြီး စိတ်ပူပြီးမေးမှ သဲသဲက ပြောပြသည်။

            'သမီး... အိမ်ပြန်သွားတာ။ သမီးအဒေါ်က သူနဲ့ သမီးအကြောင်း နည်းနည်းသိလို အိမ်လိုက်လာမှာစိုးလို့သွားတာ ထင်တဲ့အတိုင်းပဲ။ အဒေါ်လည်း သိသွားပြီ။ အိမ်မှာလည်း ဘာပစ္စည်းမှ မထားနဲ့ဆိုပြီး သမီးပစ္စည်းတွေအကုန် အဒေါ်အိမ်ပို့လိုက်ပြီ။ သူ့ပစ္စည်းတွေလည်း မရှိတော့ဘူးလေ။ သူ ဘယ်အချိန်လာယူသွားလဲ မသိဘူး။ သူ့တပည့်က သမီးကိုပြောတယ်...မမလေးကို မပေါင်းနိုင်ဘူးတဲ့ အီး... ဟီး...ဟီး...သမီးမှာ ဘာအပြစ်ရှိလို့လဲ...သမီး မကျေနပ်ဘူး'

            'ဟာ မငိုနဲ့လေ... သဲသဲ မငိုနဲ့'

            ကိုလတ်ရော ကျွန်မပါ ဝိုင်းချော့ကြရသည်။ သဲသဲက ကောင်းကောင်းငိုလို့ဝမှ ဟင် အင်္ကျီတွေလျှော်ပြီးသွားပြီလားတဲ့။ ကျွန်မ ဘာပြောရမှန်းကို မသိတော့ပါ။ ကိုလတ်က အသာလက် ကုတ်ခေါ်ပြီး ကျွန်မကို ပြော၏။ မနက်ဖြန်မနက် ကိုသန့်ဆီ သွားကြမယ်တဲ့။ ကျွန်မ အသာခေါင်းညိတ်ပြလိုက်ရလေ၏။

            ညအိပ်ခါနီးမှာ သဲသဲက မို့အစ်နေသော မျက်လုံးများကြားမှ အားတင်း၍ ရယ်ပြရင်း ကျွန်မကို ကပ်ပြောလေ၏။ ကျွန်မ သဲသဲကို သနားလှပါပြီ။       

            'မမ...သမီး သူ့ကို နိုင်တဲ့နည်းတွေ့ထားပြီ သိလား'

            'ဘာလဲ သမီး'

            'သမီး...ဒဏ်ရာတွေ ကိုပြပြီး အမျိုးသမီးရေးရာကို သွားတိုင်မယ်... သမီး သူ့ကို ပြဿနာရှာပစ်မှ သူမှတ်မှာ'

            'ဟယ်...မလုပ်ပါနဲ့ သမီးရယ်...မဟုတ်တာ'

            'သူနဲ့ သမီးမှာ လက်ထပ်စာချုပ်ရှိတယ်...သူမပေးဘဲဖြဲပစ်လည်း သမီး ဂရုမစိုက်ဘူး... သမီးဘက်က အမှန်အတိုင်းပြောရုံပဲ။ သမီးတို့အနေနဲ့ ခြံနားက လူတွေကို သက်သေလိုက်ခိုင်းမယ်။ ပြီးတော့ သူ့ကို အကြောင်းကြားပစ်မယ်။ သူက သမီးကို ဘာမှတ်နေလဲ။ သမီးမှာ ဝှက်ဖဲရှိတယ်'

            ကျွန်မ ဘာဆက်ပြောရမှန်းကို မသိတော့ပါ။ သဲသဲ၏ အရွယ်နှင့်မလိုက်အောင် ဒေါသတကြီး ကျားနာခဲမှုအပေါ် ကျွန်မ ကြောက်လန့်နေ၏။ ထိုညက သဲသဲကသာ မောမောပန်းပန်း အိပ်ပျော်သွားပေမယ့် ကျွန်မတို့နှစ်ယောက်လုံး မနက်ဖြန် ကိုသန့်ကိုတွေ့လျှင် ပြောရမည့် စကားများကို အစီအရီ စဉ်းစားနေရပါတော့သည်။ ကိုသန့်ရေ မင်းမြန်မြန်လာ ခေါ်စမ်းပါ။ မဟုတ်လို့ကတော့...။

□

            'မင်းပြောလည်း ငါခံရမှာပဲ ကိုလတ်...ငါတကယ် စိတ်ကုန်တာပါကွာ။ သူဘယ်လောက်ဆိုးလဲဆိုတာ ငါပဲ သိတယ်။ အသက်က ငါ့ထက် ရှစ်နှစ်လောက်ငယ်ပြီး ရှစ်ဆလောက် ဆရာလုပ်နေတာ။ ငါ့အလုပ်မှာလည်း ဝင်ရှုပ်၊ ငါ့အပေါင်းအသင်းတွေကြားလည်း ဝင်ရှုပ်။ ငါ့မိသားစုတွေနဲ့လည်း မတည့်နဲ့။ သူ့ကို ဘယ်နားသွားထားရမှန်းကို မသိတာ အမှန်ပဲ'

            စိတ်ပျက်လက်ပျက် ပြောချလိုက်သော ကိုသန့်မျက်နှာမှာ အိုစာနေသယောင်ပင်။ အသက်နှစ်ဆယ့်ရှစ်နှစ်ရှိသော လူငယ်တစ်ဦး၏ ဖျတ်လတ်မှုက တခြား။ စိတ်ပင်ပန်းမှုက တခြားစီ ဖြစ်နေ၏။ ကျွန်မရော ကိုလတ်ပါ ကိုသန့်နှင့်တွေ့သော စားသောက်ဆိုင်လေးမှာ အစအဆုံး ရှင်းပြကြ၏။ ကိုသန့်ကမူ သူ့ခံစားချက်ကို ပြောပြရှာ၏။

            'ငါက တမင်ကို ရှောင်ပြေးတာ၊ မင်းဖုန်းဆက်တယ်ဆိုတာ သိတယ်။ မင်းတို့ အိမ်မှာဆိုကတည်းက သူ လူလည်ကျတာ ငါသိတာပေါ့'

            'ဘာလူလည်ကျတာလဲ ကိုသန့်ရဲ့၊ အစ်မ မသိလို့ ရှင်းပြပါဦး'

            'သြော်...သဲသဲအိမ်က ဆင်းသွားပေမယ့် တခြား ဘယ်မှမသွားဘဲ ကျွန်တော် ခင်မင်လေးစားတဲ့ သူငယ်ချင်းအိမ်၊ အစ်မအိမ်မှာ ရောက်နေတော့ သူ့သိက္ခာလည်း မထိခိုက်ဘူးပေါ့။ သူ့ ဒုက္ခကို ခါးစည်းခံမယ့်အိမ်မျိုး သူရွေးတတ်တာ။ ကျွန်တော်က သူ့ကို အလျော့ပေးပါတယ်။ တော်တော်ကြီး အလိုလိုက်တာပါ။ နှစ်ဦး သဘောတူ ယူပေမယ့် သူ့မျက်နှာ မငယ်ရပါဘူးကွာ။

            'ငါ့ဖက်က ငါ့မိဘ မကြိုက်တာတော့ ငါဘယ်တတ်နိုင်ပါ့မလဲ။ ဒါကိုပဲ အပြစ်လုပ်နေတာကွ။ သူ့ဘက်ကရော... သူ့အိမ်ကို ငါနဲ့ လက်ထပ်တာ မပြောဘူးတဲ့။ သူ့အဘိုး အမွေမပေးမှာစိုးလို့တဲ့ကွာ ...အံ့ပါ့'

            ကျွန်မပြုံးမိ၏။ ကိုသန့်ရယ်...ကလေး မုန့်ပေးကြိုက်သလို ဖြစ်နေတာပါပဲလား။ ဒါပေမယ့် ကျွန်မဘက်က စိုးရိမ်နေတာတွေ ပြောပြရဦးမည်။ သည်အချိန်မှာတော့ ကိုသန့်ဘက်က ရင်ဖွင့်သမျှ နားထောင်ပေးရပါဦးမည်။

            'မင်းက သူ့ကို ထိုးတယ်ဆို'

            'ထိုးမှာပေါ့...သူက တီဗီကြီး ခွဲပစ်တာကွ၊ ပြီးတော့ ပန်းကန်တွေ မှန်တွေ အကုန်ခွဲပစ်တာ၊ တော်တော် ကလေးဆန်တာ'

            'ကလေးယူထားတာပဲ... မင်းက ခြေပါလက်ပါဆိုတော့ ဘယ်ကောင်းပါ့မလဲ... အားချင်း ဘယ်မျှ ပါ့မလဲ'

            ကျွန်မက သဲသဲဘက်က သာသာထိုးထိုးပြောတော့ ကိုသန့်က မျက်နှာငယ်လေးနှင့် ကျွန်မကို ရှင်းပြ၏။

            'ဟာ...အစ်မ မသိဘူး၊ တီဗီခွဲရုံတင်မကဘူး၊ ကျွန်တော့်ကားကို ခဲနဲ့ပေါက်မယ်လုပ်တာ အစ်မရ... ကားမှန်ကွဲသွားရင် ဘယ်နှယ့်လုပ်မလဲ'

            သိန်းရာကျော်များစွာတန်သော အဖိုးတန်ကားကြီးကိုပင် သဲသဲက ခဲနဲ့ပေါက်မည်တဲ့လား။ ကျွန်မ အံ့အားသင့်သလောက်...ကိုလတ်က ရယ်၍မဆုံး။ ကိုသန့်ဘက်က ရှင်းပြ၍အပြီးမှာတော့ ကျွန်မဖက်က သဲသဲလုပ်နေသမျှ အကြောင်းအရာအားလုံး ပြောချလိုက်ပြီး ကိုသန့်ကို တစ်ခွန်းတည်း သတိပေး လိုက်၏။

            'ကိုသန့်...မင်း... သဲသဲကို ပြန်ပေါင်းမှ ဖြစ်မယ်နော်'

            'ဟာ...တော်ပါပြီ၊ ကျွန်တော် မပေါင်းဘူး အစ်မ... သူ ဘာယတြာချေချေ ကျွန်တော် ဂရုမစိုက် ဘူး...ကျွန်တော် အတော်ကြီး ကြောက်နေပြီ'

            'မဟုတ်ဘူး... မင်း သဲသဲကို ပြန်ခေါ်မှ ဖြစ်မယ်'

            ကျွန်မက ကိုသန့်ကို ချော့တစ်မျိုး၊ ခြောက်တစ်မျိုး ပြောပေမယ့် ကိုသန့်က သူ့ဆုံးဖြတ်ချက်ကို မပြင်ပါ။ ဒါပေမယ့် ကိုသန့်မျက်လုံးထဲမှာ သဲသဲအပေါ် သံယောဇဉ် ရှိနေသေးကြောင်း ကျွန်မ သိနေပါ၏။ စိတ်ဆိုးချိန်မို့ သူ့မာနကို မချချင်သေးပါ။ ကျွန်မက ပြောမရသည့် အဆုံး..

            'အေး...မင်းကို သူချေမယ့် ယတြာတွေထက် စွမ်းတာရှိတယ် သိလား၊ မင်းသာ သူ့ကိုပြန်ချော့မခေါ်ရင် သူ မင်းထိုးထားတဲ့ ဒဏ်ရာပြပြီး အမျိုးသမီးအဖွဲ့ကို တိုင်လိမ့်မယ်။ အဲဒါမှ မင်းသိက္ခာ အရင်ကျမှာ...ကိုသန့်ရဲ့၊ မင်း...ရှင်းပေတော့ပဲ'

            ကျွန်မ စိတ်ပူတာက ကိုယ့်မောင်လေး ဒုက္ခရောက်မှာကို ပူပန်တဲ့ အစ်မတစ်ယောက်ရဲ့ ပူပန်မှုမျိုးပါ။ သဲသဲလို မိန်းကလေးမျိုးကို ရွေးမိသည့် ကိုသန့်ကို သနားရမလို ဒေါသထွက်ရမလို။ သဲသဲကိုပဲ သနားရမလိုနှင့် ကျွန်မ ရင်မောနေလေပြီ။ သဲသဲ ကိုင်ထားသော လက်နက်က ကြောက်စရာ ကြီး။

            ကျွန်မ စကားအဆုံးမှာ ငိုင်ကျသွားတာက ကိုသန့်။ ဘာစကားကိုမှ ပြန်မပြောဘဲ ငိုင်သွားသည့် ကိုသန့်ဆီမှ အဖြေတစ်ခုခုရဖို့ ကျွန်မတို့ အချိန်ပေး စောင့်ရလိမ့်မည် ထင်ပါ၏။

□

            ထိုနေ့ ညနေမှာတင် သဲသဲကို ကိုသန့် ပြန်လာခေါ်သွားပါသည်။ ပြုံးပြုံးရွှင်ရွှင် လိုက်ပါသွားသော သဲသဲသည် တကယ့်ပီဘိကလေးလေးပင်။ ဒါပေမယ့်...သဲသဲ၏ ယတြာအစွမ်းထက်ပုံကိုဖြင့် ကိုလတ်ရော ကျွန်မပါ သိပြီးသည့်နောက် သဲသဲကို ကလေးလေးဟု မထင်တော့ပါလေ...။

▀

နှင်းဝေငြိမ်း

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။