ရွှေသုတ‌

လယ်တီပဏ္ဍိတ ရှေ့တော်ဝင်

မောင်သန်းဆွေ၊ထားဝယ်၊

01 January 2026
လယ်တီပဏ္ဍိတ ရှေ့တော်ဝင်
Share to

            ဒဂုန်မဂ္ဂဇင်း ပဉ္စမတွဲ နံပါတ် ၅၄ တပို့တွဲလထုတ်တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက 'မန္တလေး ရတနာပုံ ဒုတိယနန်းစံမင်း တရားကြီးဘုရား၏ ဘိသက်ခံဘက်၊ ထီးဖြူဆောင်းဘက် ဖြစ်တော်မူသော အရှင်နန်းမတော် မိဖုရားခေါင်ကြီးအကြောင်း' ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်ဆောင်းပါးအရ ရန်ကုန်မြို့၌ စံနေတော်မူသော အရှင်နန်းမတော် ဘုရားထံမှောက်သို့ လယ်တီပဏ္ဍိတ ရှေ့တော်ဝင်ရောက် ခစားခဲ့ကြောင်း သိရပါသည်။

            အရှင်နန်းမတော်ဘုရားသည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး၏ သမီးတော်အဖြစ်ဖြင့် ပဋိသန္ဓေအကျိုး ခံယူတော်မူခဲ့လေရာ ဇာတိအားဖြင့် မြင့်မြတ်၍ ၁၂၄ဝ ပြည့်နှစ်တွင် အထွတ်အထိပ်သို့ ရောက်တော်မူပြီး ၁၂၄၃ ခုနှစ် နယုန်လမှာ မဟေသီ ဘိသိက်ကို သွန်းခံတော်မူသည်ဟု ရေးသည်။

            ထို့နောက် မဟေသီ သဒ္ဓါကို စစ်ဆေးပြသည်။ မဟေသီဟုသောပုဒ်ကို ဝိဂြိုဟ်ဆို၍ပြပြန်၏။ ဘုရင်မင်းမြတ်တို့မှာ မိဖုရားပေါင်း မည်မျှပင် များပြားစေကာမူ အဘိသိက်သွန်းခံပြီးသော မိဖုရားကြီးကိုသာ မဟေသီဟူ၍ ခေါ်ဆိုထိုက်ကြောင်း၊ အဘိသိက်မခံရသော မိဖုရားများကို ဘောဂ်နီဟူ၍လည်းကောင်း၊ သြရောဓဟူ၍လည်းကောင်း ခေါ်ဆိုကြောင်း၊ မြန်မာစကားအားဖြင့် မင်းမောင်းမဟူ၍ ခေါ်ဆိုကြကြောင်း၊ အဘိသေကကျမ်း၌ အဘိသိက်သွန်းအပ်သော မိဖုရားကြီးကို အဘိသေကိနီမိဖုရား၊ အဘိသိက် မသွန်းအပ်သော မိဖုရားများကို အနဘိသိက် ကိနီမိဖုရားဟု ခေါ်ရမည် ဖြစ်ကြောင်း ပြဆိုပြီး...

            'ယခု အရှင်မိဖုရားခေါင်ကြီးသည် ၁၂၄၃ ခု၊ နယုန်လအတွင်းအတွင် အရှင်သီပေါမင်းတရားကြီးနှင့်အတူ ရတနာအစုအပုံထက်၌ မဟေသီ အဘိသိက်ကို ခံတော်မူသဖြင့် မဟေသီအစစ်ကြီး ဖြစ်တော်မူပေသတည်း' ဟူ၍ အရှင်နန်းမတော်ဘုရား၏ မဟေသီဂုဏ်ကို အစွမ်းကုန်မွှမ်း၍ တင်ပြထားသည်။ နန်းမှကျ၍ ဆင်းရဲငြိုငြင်စွာ စံတော်မူရမည့်အရေးကို တွေးဖို့နေ နေသာသာ အိပ်မက်ပင် မက်မြင်တော် မူဖူးမည်မဟုတ်ဟုလည်း ရေးသည်။

            နန်းစံ ၇ နှစ်အတွင်း နေ့စဉ်မပြတ် သာသနာတော်ကို ချီးမြှောက် ထောက်ပင့်သည့်အပြင် သာသနာအဆောက်အဦများကိုလည်း ဆောက်လုပ်တည်ထောင်တော်မူခဲ့သည်ဟု ညွှန်ပြ၍ မန္တလေး ရတနာပုံ ရွှေမြို့တော်၌ မာရ်အောင် ရတနာစေတီတော်ကြီး မြို့ရှေ့မှန်ကျောင်းတိုက်တော်ကြီးနှင့် အနောက်ပြင် မဏိသေလာရာမ (မြတောင်)တိုက်တော်ကြီးများကို ဆောက်တည်လှူဒါန်းတော်မူသည်ဟုဖော်ပြသည်။

            အဘိသိက် သွန်းခံသော ၁၂၄၃ ခုနှစ် နိုင်ငံတော် ပတ်ဝန်းကျင်တွင် ရှိကြသော မြို့တိုင်း၌ ရာဇမုနိဟူသော အမည်ဖြင့် စေတီများကို ကုသိုလ်တော်ပွားအဖြစ် တည်ထားတော်မူစေသည်။ စနေနံဘုရားဟူ၍ ခေါ်ဆိုကြသည်။ ပျဉ်းမနားမြို့၌ ကုသိုလ်တော်ပွားအဖြစ် လောကရန်နှိမ် စေတီတော် တည်သည်။ ထိုမှတစ်ပါး နေ့စဉ်ထာဝရကုသိုလ်ဖြစ်သော ဆွမ်းကြီးလောင်းခြင်း၊ ဆီမီးစောင်းတန်းကို တခမ်းတနား ထွန်းညှိပူဇော်ခြင်း၊ ပျက်စီးနွမ်းဟောင်းသော စေတီ၊ ဂူကျောင်းတို့ကို ပြင်ဆင်ခြင်း စသည်များ ဒါနပြုခဲ့သည်မှာ ရေတွက်ခြင်းငှာ မတတ်နိုင်ပေဟု ဖော်ပြသည်။ ဤသို့ အလှူတော်များကို ပြဆိုရသည်မှာ အရှင်မိဖုရားခေါင်ကြီးသည် အထွတ်အမြတ်၌ တည်တံ့စိုးစံတော်မူသောအခါက မည်မျှ အလှူဒါန ဝါသနာထုံတော်မူခဲ့ကြောင်းကို သိစေလို၍ ဖြစ်ကြောင်း၊ အဘိသိက် သွန်းခံပြီးသော ရာဇနှင့်မဟေသီတို့ဆိုသည်မှာ ထီးနန်းစည်းစိမ်ကို စွန့်ခွာသော်လည်း အဘိသိက်ဂုဏ်နှင့် ပြည့်စုံပြီးသော အချက်မှာ ပျက်ကွက်သည် မဟုတ်ကြောင်း စသဖြင့် ရေးသားဖော်ပြထားပါသည်။

            လယ်တီပဏ္ဍိတ ဦးမောင်ကြီးက စံတော်မူရသည့် အိမ်တော်မှာ လွန်စွာဟောင်းနွမ်း၍ အချို့တရုတ်ကပ်များနှင့် မှန်တံခါးများ ပျက်ပြားကျိုးပေါက်လျက် ရှိသည့်အပြင် ခန်းစီးများမှာလည်း လွန်စွာဟောင်းနွမ်း ညစ်ပေလျက် ရှိသဖြင့် အရှင်မိဖုရားခေါင်ကြီးဟူသော ဂုဏ်နှင့် အလွန်မထိုက်တော် တန်ကြောင်းကို တွေ့မြင်ခဲ့ရပုံ၊ အသွင်တော်မှာ ဖြူစင်သော ပိတ်များကိုသာ တစ်ကိုယ်တော်လုံး ဆင်ယင်တော်မူ ထားလျက်ရှိသဖြင့် အကယ်၍ ဆံတော်ကိုသာ ပယ်တော်မူလိုက်မည်ဆိုပါလျှင် သီလရှင်များနှင့် ခြားနားတော်မူမည် မဟုတ်ပုံ၊ အရွယ်တော်မှာလည်း ၆၆ နှစ်အတွင်းသို့ ဝင်တော်မူလာပြီ ဖြစ်ရာ အရွယ်တော်အားလျော်စွာ လွန်စွာသိမ်မွေ့၍ မြွက်တော်မူသော မိန့်ခွန်းများမှလည်း ရှေးအခါက သုံးသောစကားကိုသာ သုံးတော်မူလျက် နိဝါတမင်္ဂလာနှင့် များစွာပြည်စုံတော်မူလှပုံ၊ ဣန္ဒြေတော်မှာလည်း မဟာမျိုးပီသစွာ အလွန်ခံ့ညား၍ အပါးတော်မှောက် လာရောက်ခစားသော သူတို့၏ကြည်ညိုဖွယ်ကို ဆောင်လျက်ရှိပုံ စသဖြင့် ရှေ့တော်ဝင်စဉ်က မြင်ရပုံတို့ကို အသေးစိတ် ရေးသားဖော်ပြထားပါသည်။

            လယ်တီပဏ္ဍိတ ဦးမောင်ကြီးအား ရှေ့တော်ဝင်ရန် ခေါ်ဆောင်သွားသူမှာ ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) ဖြစ်ပုံရသည်။ အရှင် နန်းမတော်ဘုရား ရှေ့တော်မှောက်သို့ အခစားရောက်သော အခါ မေးလိုရာမေးမြန်းနိုင်ကြောင်း စတင်မိန့်မြွက်တော်မူသဖြင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက...

            'ရတနာ ဂီရိမှာ စံတော်မူရစဉ်က လစဉ်ရိက္ခာတော်များ မည်ရွေ့မည်မျှရ တော်မူပါသလဲ ဘုရား'

            'လစဉ် ရိက္ခာတော် တစ်သောင်း ဆက်သည့်ပြင် သင်္ကြန်တော်ပွဲအခါ အလှူဒါနပြုဖို့ ခြောက်ထောင်၊ ဝါကျွတ်ပွဲသဘင် ဆင်ယင်တော်မူဖို့ ငါးထောင်၊ တန်ဆောင်တိုင်ပွဲအတွက် တစ်ထောင့် ငါးရာ၊ နတ်တော်လဖွားတော်မူသည့် မွေးရက်အတွက် သုံးထောင် စသဖြင့် အခါအားလျော်စွာ ဆက်သပါတယ်'

            'အခြား အထူးဆက်သမှု ရှိပါသေးသလား ဘုရား'

            'စံနန်းတော်သစ် ဆောက်လုပ် ဆက်သခြင်း၊ သမီးတော်များကို နားထွင်းမင်္ဂလာဆင်ယင်ရန်အတွက် ကုန်ကျငွေဆက်သခြင်း၊ စံနန်းတော်သစ် နန်းသိမ်းမင်္ဂလာအတွက် စရိတ်ငွေများကို ဆက်သခြင်းစသည်ဖြင့် ဆက်သပါသေးတယ်'

            'ရတနာဂီရိ စံနန်းတော်သစ်ဆိုသည်က မည်သို့အနေအထားရှိပါသလဲ ဘုရား'

            'စံနန်းတော်သစ်ဟာ အလိုက်အထိုက် ကောင်းမွန်ပါတယ်။ နန်းတော်တည်ရာ မြေမှာလည်း ဧကပေါင်း ၁၇ ၁/၂ ကျယ်တယ်။ အတော်အတန် ပြန့်ပြူးချောင်ချိစွာ စံတော်မူရတယ်။ စီးတော်ရထား၊ မော်တော်ကားများကိုလည်း ဆက်သထားတယ်။ ရံရွေတော်ပေါင်းများစွာတို့နဲ့ စံတော်မူရသည်ဖြစ်လို့ ထိုက်သင့်အားလျော်စွာ စိတ်နှလုံး မွေ့လျော်တော်မူခွင့်ကို ရရှိတော်မူပါတယ်'

            'မင်းတရားကြီး နတ်ရွာစံတော်မူပုံကို သိပါရစေဘုရား'

            '၁၂၇၈ ခု နတ်တော် လပြည့်ကျော် ၆ ရက်နေ့ ည ၁၂ နာရီမှာ မောင်တော်ဘုရား နတ်ရွာစံတော်မူတယ်။ ထီးနန်းကို စွန့်ခွာတော်မူရခဲ့စဉ်က ဒုက္ခထက်ပင် ကြီးလှစွာသော ဒုက္ခတော်များကို စုဘုရားတို့ ကြုံတွေ့တော်မူရတယ်။ နတ်ရွာစံတော်မူလို့ စိတ်တော် အဆင်းရဲကြီး ဆင်းရဲပူဆွေးတော် မူရတဲ့အပေါ်မှာ ထပ်မံစိတ်မချမ်းမသာသောအချက်များ ဖြစ်ပေါ်လာရပြန်တာက ဗုဒ္ဓဘာသာအစဉ်အလာ ရှိသည့်အတိုင်း အလောင်းတော်ကို သရဏဂုံတင်ခွင့် မရရှိခဲ့ခြင်းဘဲ ဖြစ်တယ်။ မြန်မာနိုင်ငံသို့ အလောင်းတော်ကို ပြန်ပို့ပြီး ခမည်းတော် မင်းတရားကြီးရဲ့ အုတ်နန်း ပြာသာဒ်တော်အနီးမှာ သွင်းနှံသင်္ဂြိုဟ်ခွင့်ကို မရရှိခြင်းနဲ့ သင်္ဂြိုဟ်ထားရင်း တိုက်ဝင်းတော်အတွင်းမှ ဝေးလံလှတဲ့အခြားရပ်ကို ရွှေ့ပြောင်းခြင်းတို့ပါပဲကွယ်'

            'ရတနာဂီရိမှာ စံတော်မူစဉ်အခါက လွန်စွာပေးကမ်းရက်ရောမှုကြောင့် အချို့သော သူများက သို့ကလောက်ပင် ပေးကမ်းစွန့်ကြဲရသလားဟု ပြောဆိုကြသော အသံများကို ဘုရား ကျွန်တော်မျိုး ကြားရပါတယ်ဘုရား။ သို့ပြောဆိုကြခြင်းမှာ များစွာပေးကမ်းလေ့ မရှိဘူးသော ဝါသနာအားနဲ့ သူတို့ဝတ်စရိုက် အားလျော်စွာ ပြောဆိုကြခြင်းပင် ဖြစ်ပါလိမ့်မယ် ဘုရား'

            'သည်လိုပေါ့ မောင်ရဲ့။ ရတနာဂီရိမှာ စုဘုရားတို့ စံတော်မူရစဉ်က ဗုဒ္ဓသာသနာတော် ထွန်းကားရာဌာန မဟုတ်ပေသော်လည်း သာသနာ့ ဒါယကာတို့ အစဉ်အလာ လက်သုံးထုံးကို မပျက်စေဘဲ အလှူဒါနနဲ့ သီလကျင့်ဝတ်များကိုသာ ပြုလုပ်တော်မူရပါတယ်။ ယုတ်မြတ်မရွေး ပေးကမ်းစွန့် ကြဲတော်မူသည့်အတွက်ကြောင့် လခရိက္ခာတော် ကုန်ခန်းရုံမျှမက ပါသွားတဲ့ အဖိုးတန်ရတနာများပင် ကုန်ခန်းခြင်း ရောက်ရတယ်ကွယ့်။ မောင်တော်ဘုရားနဲ့ စုဘုရားတို့မှာ အရွယ်ရောက်တော်မူသည်ကစလို့ ပေးကမ်းစွန့်ကြဲလာခဲ့တဲ့ ဝါသနာရှိတော်မူရင်းဖြစ်တော့သည် ဝါသနာတော် စရိုက်ကို တိုက်ခိုက်ဖျက်ဆီးလို့ ရနိုင်မယ် မဟုတ်ပေဘူးကွယ်'

            'တင်ပါဘုရား၊ အဘိသိက်ခံပြီးသော မိဖုရားတို့ ဓမ္မတာပစ္စည်းဥစ္စာကို စုဆောင်း မည်ဝေးစွ လက်တော်နှင့် မျှကိုင်သုံးခြင်းကို ပြုလေ့မရှိကြပါ ဘုရား။ အလေး တောင်းတင်းများကိုလည်း သိတော်မူကြရန် အရေးမဟုတ်ပါဘုရား။ သို့သော် အလေ့ များကို ခေတ်စရိုက်ကို လိုက်သော သူတို့ရဲ့စိတ်သဘောနဲ့တွေးပါလျှင် လွန်စွာညံ့ဖျင်း သည်ဟု ဆိုကောင်းဆိုကြပါလိမ့်မယ် ဘုရား။ တကယ်မြင့်မြတ် ကြီးကျယ်သော သဘောမျိုးနဲ့ ထိထိရောက်ရောက် စဉ်းစားဆင်ခြင်ပါလျှင် ပစ္စည်းဥစ္စာကို လက်ဖြင့် ကိုယ်သုံးခြင်း၊ အလေးတောင်းတင်းများကို ချိန်တွယ်စိစစ်ခြင်း၊ အလုပ်ဟာ အလွန် သေးနုတ်၍ အောက်တန်းကျသော အလေ့များဖြစ်ကြောင်း ကောင်းစွာ သိမြင်နိုင်ကြ ပါလိမ့်မယ် ဘုရား'

            'မှန်လှပေတယ် မောင်ရဲ့'

            'မြန်မာပြည် ပြန်ရောက်တော်မူတဲ့အခါ မည်သို့သော ရိက္ခာတော်များ ရရှိတော် မူနေပါသလဲ ဘုရား'            'ရိက္ခာတော်အဖြစ်နဲ့ ဦးစွာ နှစ်ထောင့်ငါးရာဆက်သတယ်။ တစ်ဖန် ငွေငါးရာလျော့ပြန်လို့ အလွန့်အလွန် မလောက်ငှရှိနေကြောင်း ဆိုင်ရာကို ပြောဆိုမှ နှစ်ထောင့်ငါးရာ ပြန်ဆက်ပါတယ်။ မောင်တော်ဘုရား ရှိတော်မူစဉ်က တစ်သောင်းမျှ ဆက်သရာက လေးပုံတစ်ပုံ ကျရောက် ရုတ်တရက် လျှော့ချလိုက်သည်မှာ အင်္ဂလိပ်အစိုးရတို့က မည်သို့သော သင်္ချာကိန်းအားဖြင့် စားခြေနှင့်စား၍ လျှော့ချလိုက်ကြောင်းကို မတွေးတတ်နိုင်အောင်ပင် ရှိပေတော့တယ်ကွယ်။ ရတနာဂီရိမှာ စံတော်မူစဉ်က တစ်သောင်းဆက်သသည်ကို စုဘုရားတို့အနေနဲ့များသည်ဟု မဆိုလို။ မူလဇာတိအခြေတော်နဲ့ နှိုင်းစာလျှင် လွန်စွာနည်းပါးလှပါတယ်။ သို့ပေသော်လည်း သူ့လက်အုပ်တွင်းသို့ ရောက်ပြီးသော ရေပမာ စီမံရာခံတော်မူရမည့် အချက်ဖြစ်လို့ စုဘုရားတို့ ဝင်စွက်ရန် အကြောင်းမဟုတ်ပေဘူး။ တစ်သောင်းဆက်ရင်းမှာ ရှိပါစေဦးတော့။ အဲသည်ကိန်းကို မူတည်လို့ မောင်တော်ဘုရား နတ်ရွာစံတော်မူသည့် ကိစ္စအတွက် ထက်ဝက်လျော့သော၊ အဒ္ဓသမဘာဂ ကိန်းအားဖြင့် ဆက်သမည်ဆိုပါလျှင် ငါးထောင်ဆက်သရန် သင့်လျော်သည်လို့ ထင်မြင်မိပါရဲ့'

            'တင်ပါသည် ဘုရား၊ အရှင်နှစ်ပါးတို့ ရာဇဘိသိက်ကို ခံတော်မူစဉ်အခါ မင်းတရားကြီးတဲ့ အတူတကွ ခံယူလို့ နိုင်ငံတော်ကို စိုးပိုင်တော်မူခြင်းမှာလည်း ဘုရင်မင်းမြတ်နဲ့ အရှင်မိဖုရား ခေါင်ကြီးသည် အတူအမျှပင်ပိုင်တော် မူခဲ့ပါသည်ဘုရား။ တစ်သောင်း ဆက်သသည့်အခါက ရရှိတော်မူသော ဘဏ္ဍာတော်များကိုလည်း အညီအမျှပင် ဆိုင်တော်မူကြပါတယ်ဘုရား။ သည်ကဲ့သို့သော တွက်ကိန်းမျိုးဖြင့် တွက်၍ကြည့်ပါလျှင် ယခုအခါ တစ်သောင်းရဲ့ ထက်ဝက် ဆက်သသင့်သည်ဟု ထင်မြင်ခြင်းမှာ မှားယွင်းရန် အကြောင်းမရှိပါဘုရား'

            'မှန်လှပေတယ် မောင်ရယ်။ ရတနာဂီရိမှာ စံတော်မူစဉ်က ဗုဒ္ဓ ဘာသာနဲ့ စပ်ဆိုင်တဲ့ ရဟန်းသံဃာတော်များလည်း မရှိ။ စေတီပုထိုးလည်း မရှိ။ သဒ္ဓါတရားကို ထက်မြက်စေနိုင်တဲ့ ရှုမျှော်ခင်းများလည်း မရှိ။ ကြားတော်မူရာတို့၌လည်း သဒ္ဓါတရားကို တက်ကြွစေနိုင်တဲ့ သဒ္ဓါရုံများလည်း မရှိပေဘူး။ ယခု ကိုယ့်ပြည်ကိုယ့်ရွာ ဆိုက်ရောက်စံတော်မူရမှ သာသနာ ထွန်းကားရာ ဌာနဖြစ်လို့ မွန်မြတ်စင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်လို့ ဆိုအပ်တဲ့ ရဟန်းတော်များနဲ့ စေတီပုထိုးအမျိုးမျိုး တို့လည်း ပေါများစွာ ရှိတော်မူကြပေတယ်။ စံတော်မူရာ စံနန်းတော်မှ ရှုမျှော်တော်မူလိုက်ပါလျှင် ရွှေတိဂုံ စေတီတော်ကြီးကို ရွှေရောင်တညီးညီးနဲ့ ဖူးမြော်တော်မူရလို့ အမြဲမပြတ် သဒ္ဓါဓာတ်ကို ထက်မြက်အောင် နှိုးဆော်တည်ရှိတော်မူပေတယ်။ မပြတ်မလပ် တရားတော်များကိုလည်း ကြားနာတော်မူရသည့်အတွက် သောတပသာဒ အာရုံများကလည်း သဒ္ဓါတရားတက်ကြွလေအောင် ရွက်ဆောင်ကြပေတယ်။ သည်တော့ သဒ္ဓါတည်းဟူတဲ့ပန်း ပွင့်လန်းရာ ဖြစ်တဲ့ဌာနကို ဆိုက်ရောက် တော်မူရလို့ လှူဒါန်းတော်မူလိုတဲ့ စိတ်ကိုဆို့ပိတ်စည်းတားလို့ ရနိုင်လိမ့် မယ်မဟုတ်ဘူး။ ဌာနဒေသကို ကြည့်ပြီး နှစ်စဉ်အလှူတော်ငွေများကိုတိုး၍ ဆက်သရန်သာ အကြောင်းရှိတယ်လို့ စုဘုရား ထင်မြင်တော်မူမိတယ်'

            'တင်ပါဘုရား၊ အရှင်မိဖုရား ခေါင်ကြီးဟာ နေ့စဉ်မပြတ် ရဟန်းသံဃာတော်များကို ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်စတဲ့ အလှူဝတ္ထုတော်များ အမြဲလှူဒါန်းတော်မူတယ်လို့ ကြားရပါတယ် ဘုရား အပါးတော်ကို အခစား ဝင်ရောက်လာသူတွေကိုလည်း အချည်းအနှီးမပြန်ရစေဘဲ စွမ်းဆောင်တော်မူနိုင် သမျှ အမြဲပေးကမ်းစွန့်ကြဲတော်မူနေတဲ့အပြင်သို့ လှူဒါန်းပေးကမ်း စွန့်ကြဲတော်မူရသည်မှာ အားရတင်းတိမ်မှု မရှိဘဲ ဆက်သတဲ့ရိက္ခာနဲ့ နှိုင်းယှဉ်လို့သာ ချွေချွေတာတာ လှူဒါန်းစွန့်ကြဲတော်မူ ရတယ်လို့ ကြားရပါတယ် ဘုရား'

            'မှန်ပေတယ်။ ပေးကမ်းစွန့်ကြဲရတာ မပြည့်စုံလို့ တစ်သောင်းကျော်ကျော် အကြွေးတင်လျက် ရှိတယ်ကွယ့်။ သည် ရန်ကုန်မြို့မှာ ပျံလွန်တော်မူသွားတဲ့ သံယုတ်ဆရာတော် ဘုရားကြီးဟာ ကိုးကွယ်တော်မူရင်း ဆရာတော်ကြီးဖြစ်လို့ ဆရာတော်ကြီးရဲ့ ဈာပနမှာ လှူဒါန်းတော်မူလိုတာနဲ့ အင်္ဂလိပ်အစိုးရထံ အကြောင်းကြားလိုက်မိပါတယ်။ ငွေ ငါးထောင် ဆက်သလို့ ဝမ်းမြောက် ဝမ်းသာလှူဒါန်းတော်မူလိုက်ရပါရဲ့။ ဒါပေမယ့် နောင်အခါ လစဉ်ရိက္ခာတော်ထဲက တဖြည်းဖြည်း ခုနှိမ်မယ်လို့ ကြားသိတော်မူရလို့ အကြွေးတစ်မျိုး ထပ်တိုးလာရပါသကောကွယ်'

            အရှင် နန်းမတော်ဘုရားနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့ တွေ့ဆုံ ဆွေးနွေးမှုတွင် ပြောကြားသော စကားများနှင့် ပတ်သက်၍ ဤမျှလောက်သာ ရေးသားဖော်ပြထားပါသည်။ ဦးမောင်ကြီးက ဆက်၍ အထောက်အပံ့ ခံဆွေတော်မျိုးတော်များသည် တစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည် ဖြစ်ရာ အနာဂတ်ကာလတွင်သာ၍ပင် နည်းပါးလာမည့်အရေးကို မျှော်တွေးဆင်ခြင်ပြီးလျှင် အရှင်မိဖုရားခေါင်ကြီးအတွက် တိုးတက် ဆက်သထိုက်ကြောင်း၊ ထို့ပြင် အရှင်မိဖုရားခေါင်ကြီးထံတော်သို့ အစိုးရ ပြန်ကြားစာများတွင် မဟေသီဂုဏ်ကို ထောက်ထားသောအားဖြင့် ယဉ်ယဉ်ကျေးကျေး လေးလေးမြတ်မြတ် တိုင်းကြီးပြည်ကြီးသာ ပီပီရေး သားထိုက်ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသဖြင့် မြန်မာဘာသာသို့ ပြန်ဆိုရာ၌လည်း မြန်မာ့ထီးနန်း အရိုးအစဉ် သုံးနှုန်းလေ့ရှိသော စကားများဖြင့်သာ ပြန်ဆို၍ ရေးသား ဆက်သွင်းထိုက်ကြောင်း စသည်ဖြင့် မှတ်ချက်ပြု၍ သူ၏ ဆောင်းပါးကို နိဂုံးချုပ် ရေးသားဖော်ပြထားပါသည်။

မောင်သန်းဆွေ၊ထားဝယ်၊

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။