ရွှေသုတ‌

သမိုင်းဖြစ်စဉ်ထဲက တေးသံရှင် ရုပ်ရှင်သရုပ်ဆောင် Kဂျာနူး

ကျော်သန်းမြင့် ၊ဗန်းမော်၊

01 November 2025
သမိုင်းဖြစ်စဉ်ထဲက တေးသံရှင် ရုပ်ရှင်သရုပ်ဆောင် Kဂျာနူး
Share to

            မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်ဦးတွင် ပေါ်ထွန်းခဲ့သော ကချင်တိုင်းရင်းသူ ရုပ်ရှင်မင်းသမီးလေးတစ်ဦးမှာ မူလက စတီရီယိုတေးသံရှင်တစ်ဦး ဖြစ်သည်။ ရုပ်ရှင်ကားကြီးနှစ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ပြီးနောက် မိမိ၏ မိခင်နယ်မြေဖြစ်သည့် စတီရီယိုတေးဂီတလောကတွင် ကျင်လည်ခဲ့သည်မှာ ယနေ့ထိ ဖြစ်ပေသည်။ အဆိုပါ ကချင်တိုင်းရင်းသူ ရုပ်ရှင်သရုပ်ဆောင်ကား စတီရီယို အဆိုကျော် Kဂျာနူး ဖြစ်ပေသည်။

            Kဂျာနူး စတီရီယိုတေးသံရှင် ဖြစ်လာပုံကလေးက ဤသို့ဖြစ်ပေသည်။ ၁၉၇ဝ ပြည့်နှစ်တစ်ဝိုက်က မြန်မာခေတ်ပေါ် တေးဂီတလောက၌ စတီရီယိုတေးဟူ၍ ထွန်းကားခဲ့ပေသည်။ မြန်မာသံစဉ် သီဆိုနေကြသည့် တေးသံရှင်များလည်း စတီရီယို တေးလောကသို့ ကူးပြောင်းကာ စတီရီယိုတေးသံရှင်များ ဖြစ်လာကြပေသည်။ စတီရီယိုတေးများနှင့်အတူ တိုင်းရင်းသား၊ တိုင်းရင်းသူ စတီရီယို တေးသံရှင်များလည်း ပေါ်ထွန်းလာခဲ့ရပေသည်။ ယင်းတို့ထဲတွင် ကချင်တိုင်းရင်းသူ စတီရီယိုတေးသံရှင် Kဂျာနူးသည်လည်း တစ်ဦးအပါအဝင် ဖြစ်ပေသည်။

            Kဂျာနူးသည် ၁၉၆၈ ခုနှစ်တွင် မြစ်ကြီးနားကောလိပ်မှ သမိုင်းအဓိကဖြင့် ဒုတိယနှစ် အောင်မြင်ပြီးနောက် ပညာဆက်လက်ဆည်းပူးရန် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသည်။ တက္ကသိုလ်များ(ရန်ကုန်)တွင် ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၌ ပါဝင်လှုပ်ရှားသည်။ အထူးသဖြင့် တက္ကသိုလ်နယ်မြေတွင် ကချင်ပြည်နယ်နေ့၊ ပြည်ထောင်စုနေ့၊ ဘာသာရပ်ဆိုင်ရာ သစ်လွင်မောင်မယ် ကြိုဆိုပွဲနေ့များတွင် ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ ဖြစ်ကြသည့် Kဂျာနူး အပါအဝင် ကချင်အမျိုးသားတက္ကသိုလ် ကျောင်းသူ ကျောင်းသားတို့က ကချင်ရိုးရာ အကပဒေသာ၊ တေးဂီတအစီအစဉ်များဖြင့် တင်ဆက်လေ့ရှိပေသည်။

            Kဂျာနူးသည် ကချင်၊ ဗမာ နှစ်ဘာသာစသည့် တေးဆိုသည့်အပိုင်းတွင် ပိုမိုအားသန်လေသည်။ ထို့ကြောင့် Kဂျာနူးသည် မြန်မာ့အသံ၊ ကချင်ပိုင်း အစီအစဉ်တွင် ကချင်ရိုးရာနှင့် ကချင်ခေတ်ပေါ်တေးများကို သီဆိုသည်။ ကချင်ဘာသာဖြင့် ထုတ်လွှင့်သော ဇာတ်လမ်းပမာ နားဆင်စရာကဏ္ဍတွင်လည်း ပါဝင်သရုပ်ဆောင်သည်။ ကချင်ဘာသာဖြင့် သီဆိုနေသည့် တေးသံရှင် Kဂျာနူးသည် မြန်မာသံစဉ် တေးသံရှင်ဖြစ်ရန် အကြောင်းက ဖန်လာသည်။ Kဂျာနူး၏ တက္ကသိုလ် ကျောင်းနေဖက် ကချင်အမျိုးသား၊ ကချင် ဗမာနှစ်ဘာသာ တေးရေးဆရာ D- နောင်လတ်သည် ခေတ်ပေါ်မြန်မာသံစဉ်ဖြင့် စပ်ဆိုထားသည့် တေးများကို တက္ကသိုလ်တေးဂီတ စင်တင်ပွဲများတွင် Kဂျာနူး သီဆိုရန် အဆောင်သို့ လာရောက်ပြီး ဂစ်တာဖြင့် သီချင်းတိုက်ပေးလေ့ရှိသည်။

            တေးရေးဆရာ D- နောင်လတ်သည် တေးရေးတေးဆိုရာတွင် ထူးချွန်သကဲ့သို့ ခေတ်ပေါ်ဂစ်တာ တီးရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်သည်။ ထို့ပြင် D- နောင်လတ်သည် ဂီတလုလင် ဦးကိုကိုတို့နှင့် အဆက်အသွယ်ရှိသူလည်း ဖြစ်သည်။ ထိုစဉ် ဂီတလုလင် ဦးကိုကိုသည် 'ပွင့်ချိန်တန်လျှင်' ရုပ်ရှင်၊ ဒါရိုက်တာ ဦးပွ ရိုက်ကူး တင်ဆက်သည့် 'ရွှေပြည်တန်' ရုပ်ရှင်ကား (၁၉၇၂)ကို ဂီတမှူးအဖြစ် တာဝန်ယူရသည်။ ယင်းရုပ်ရှင်ကားတွင် မောင်သန်းဝင်းနှင့် အကယ်ဒမီ ခင်သန်းနုတို့က ပါဝင်သရုပ်ဆောင်သည်။ ဂီတမှူး ဂီတလုလင်ဦးကိုကိုက D- နောင်လတ်အား 'ရွှေပြည်တန်' ရုပ်ရှင်ကားအတွက် ဇာတ်ဝင်တေးများကို ရေးခိုင်းသည်။ D- နောင်လတ်က မိမိရေးထားသည့် ဇာတ်ဝင်တေးများကို မိမိ၏ သူငယ်ချင်း Kဂျာနူးကို သီဆိုစေသည်။ Kဂျာနူးက D- နောင်လတ် ရေးသည့် 'ရွှေပြည်တန်' ရုပ်ရှင်ဇာတ်ဝင်တေးများကို အကယ်ဒမီခင်သန်းနု ကိုယ်စား နောက်ခံတေးသံရှင်အဖြစ် သီဆိုပေးရသည်။ ဤသို့ဖြင့် Kဂျာနူးသည် ရုပ်ရှင်နောက်ခံသီချင်း သီဆိုပေးရသည့် တေးသံရှင် ဖြစ်လာသည်။

            Kဂျာနူးသည် 'ရွှေပြည်တန်' ရုပ်ရှင်ကား နောက်ခံသီချင်းများ အသံသွင်းနေစဉ် တေးသံရှင် ဇေယျာပွင့်က ဦးဘသိန်း စတူဒီယိုတွင် စတီရီယိုတေးစီးရီးတစ်ခွေ သွင်းနေသည်။ ဇေယျာပွင့်က ၎င်း၏ တေးစီးရီးတွင် Kဂျာနူးအား သီချင်းတစ်ပုဒ် သီဆိုပေးရန် တောင်းဆိုသဖြင့် 'လောကကို အလျားလိုက် အိပ်မယ်' စတီရီယိုတေးကို သီဆို ပေးရာမှ စတီရီယို တေးသံရှင် ဖြစ်လာသည်။ ထိုစဉ်အတွင်း Kဂျာနူးသည် မြန်မာ့အသံ စန္ဒရားနီနီဝိုင်းမှနေ၍ မြန်မာသံစဉ်တေးသီချင်းများကို သီဆိုအသံလွှင့်သည်။ Kဂျာနူး၏ မြန်မာ့အသံ ပထမဆုံးဓာတ်ပြားရတေးမှာ 'အနားမှ တစ်ဖဝါးမှ မခွာချင်' ဖြစ်သည်။ ဤသို့ လျှင် Kဂျာနူးသည် ရုပ်ရှင်နောက်ခံတေး၊ စတီရီယိုတေး၊ မြန်မာသံစဉ်တေးများကို သီဆိုရာမှ နိုင်ငံကျော် စတီရီယို တေးသံရှင်တစ်ဦး ဖြစ်လာသည်။

            တေးသံရှင် Kဂျာနူးသည် တေးမျိုးစုံကို သီဆိုခဲ့ခြင်းမှာလည်း ဘွဲ့ရပြီးနောက် မိဘများ၏ ခွင့်ပြုချက်ဖြင့် သီဆိုခဲ့ခြင်း ဖြစ်ပေသည်။ Kဂျာနူး၏ မိဘများမှာ အငြိမ်းစား ကချင်ပြည်နယ် တိုင်းမင်းကြီး ဦးကွမ်ဂျဲတောင်နှင့် ဒေါ်မရမ်လုတို့ ဖြစ်သည်။ Kဂျာနူး၏ဖခင် ဦးကွမ်ဂျဲတောင်သည် ဗန်းမော်ခရိုင်၊ စိန်လုံမြို့ ဇာတိနွယ်ဖြစ်၍ မိခင် ဒေါ်မရမ်လုကမူ ဗန်းမော်မြို့နယ်သူ ဖြစ်သည်။ ဒေါ်မရမ်လုသည် စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်တွင် သူနာပြုဆရာမအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ Kဂျာနူးကို ၁၉၄၈ ခု ဇွန်လ ၁ဝ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦးတွင် အကြီးဆုံး ဖြစ်သည်။ Kဂျာနူး၏ အောက်တွင် တစ်ဦးတည်းသော မောင်ငယ် Kဆိုင်းနော်၊ ယင်း၏အောက်တွင် ညီမလေးများဖြစ်ကြသည့် Kလုဂျာ၊ Kရွယ်လျား၊ Kထုရောင်နှင့် Kဂျာဆန်တို့ ရှိလေသည်။

            Kဂျာနူးသည် ငယ်စဉ်က မြစ်ကြီးနားမြို့ R.C.M Conuent တွင် စတင် ပညာဆည်းပူးသည်။ ကျောင်းနာမည်မှာ မာဂရက်တောင် Margrat Taung ဖြစ်သည်။ ထို့နောက် ကချင်နှစ်ချင်း ခရစ်ယာန် အထက KBS, စိန်ပေါလ်ကျောင်းနှင့် အထက(၁) တို့တွင် ပညာသင်ယူခဲ့သည်။ မြစ်ကြီးနား အထက (၁)မှ ၁၉၆၅-၁၉၆၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်၍ မြစ်ကြီးနားကောလိပ်တွင် သမိုင်းအဓိကဘာသာဖြင့် ပညာဆည်းပူးခဲ့သည်။ ယင်းသို့ ပညာဆည်းပူးစဉ် မြစ်ကြီးနားကောလိပ် မောင်မယ် သစ်လွင်ကြိုဆိုပွဲ၊ ဘာသာရပ်အလိုက် ကြိုဆိုပွဲများ၊ ကောလိပ်ပျော်ပွဲရွှင်ပွဲများတို့တွင်၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲအစီအစဉ်များတွင် မြန်မာသံစဉ်တေးများကို သီဆိုနေကျ ဖြစ်သည်။ ထို့ပြင် ငယ်စဉ် ကလေးဘဝမှ သည်ကောလိပ်ကျောင်းသူ ဖြစ်လာသည်အထိ မြစ်ကြီးနားမြို့၊ ကချင်နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်းတွင် ဓမ္မတေးများကို သီဆိုနေကျ ဖြစ်သည်။ ယင်းကျောင်းမှ နှစ်စဉ် ခရစ္စမတ်ရာသီတွင် တင်ဆက်သောပွဲများတွင်လည်း ပါဝင်လှုပ်ရှားမြဲ ဖြစ်သည်။

            Kဂျာနူး တေးသံရှင်ဖြစ်လာရခြင်းမှာလည်း မိဘများက ငယ်စဉ်ကပင် အားပေးမှု၊ မိဘများကိုယ်၌ကပင် ကချင်တိုင်းရင်းတေးများ သီဆိုမှု၊ တူရိယာတီးခတ်မှုတွင် ဝါသနာထုံမှုတို့ကြောင့် ဖြစ်ပေသည်။ Kဂျာနူး၏ဖခင် ဦးကွမ်ဂျဲတောင်သည် ကချင်ရိုးရာ တေးရေးဆရာတစ်ဦးဖြစ်သည့်ပြင် တယောတူရိယာပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း မြစ်ကြီးနား ကချင်နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်း၊ တနင်္ဂနွေနေ့တိုင်း ဓမ္မတေးများ သီဆိုသည့်အခါ ဂီတမှူး Choir Leader အဖြစ် ဆောင်ရွက်ရသည်။ နေ့စဉ် ညအိပ်ရာမဝင်မီ Kဂျာနူးတို့ မိသားစု ဓမ္မတေးတွေ သီဆိုသည့်အခါ ဖခင်ကြီးက တယောတူရိယာသံစဉ်ကို ဖော်ကျူးနေကျဖြစ်သည်။ ထို့ကြောင့်လည်း မြစ်ကြီးနား ကချင်နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်းတွင် Kဂျာနူးတို့မိသားစုကို ကချင်တေးဂီတ မိသားစုဟု စံထားလောက်အောင် နာမည်ကြီးခဲ့လေသည်။

ကချင်တေးဂီတ မိသားစုမှ ဆင်းသက်လာသည့် Kဂျာနူးသည် ကောလိပ်ကျောင်းသူဘဝတွင် တေးဂီတစင်တင်ပွဲများ၌ အရှိန်အဟုန်ကြီးမားစွာဖြင့် ပါဝင်လှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အတွင်း ကောလိပ်ကျောင်း ရန်ပုံငွေအတွက် ဒဿနိကဗေဒဌာနမှူး ဦးဆန်းလွင်က 'တက္ကသိုလ်ကျောင်းသူတစ်ဦး' အမည်ရှိ ပြဇာတ်တစ်ပုဒ်ကို တင်ဆက်တော့ Kဂျာနူးက အဓိကသရုပ်ဆောင် 'မာရီယာ' အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ နောင်နှစ်များ မကြာမီ တက္ကသိုလ်ကျောင်းသူတစ်ဦး ပြဇာတ် ဒါရိုက်တာ ဦးဆန်းလွင်လည်း ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ နန္ဒမင်းခေါင် ဖြစ်လာ၍ ပြဇာတ်မင်းသမီး မာရီယာအဖြစ် သရုပ်ဆောင်သူ Kဂျာနူးသည်လည်း စတီရီယိုတေးသံရှင်နှင့် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့ပေသည်။

တေးသံရှင် Kဂျာနူးသည် ဇေယျာပွင့်တို့ စီစဉ်သည့် တေးစီးရီးများတွင် ပါဝင်သီဆိုပြီးနောက် အကော်ဒီယံ အုန်းကျော် ဦးစီးသည့် ဧရာဝတီတေးသံသွင်းမှ ထုတ်လုပ်သည့် တေးစီးရီးများ၊ ဂီတစာဆို ကိုကျော့မှူး ထုတ်လုပ်သည့် တေးစီးရီးများစွာတို့တွင် လူကြိုက်များသည့် စတီရီယိုတေးသီချင်းများကို သီဆိုခဲ့လေသည်။ စတေ့ချ်ရှိုးဟု ခေါ်သည့် တေးဂီတစင်တင်ပွဲများ တွင်လည်း Kဂျာနူးသည်  E, Machine, The

Aces, The Brothers စသည့် တေးဂီတအဖွဲ့များနှင့် တစ်နိုင်ငံလုံးတွင် သွားရောက်သီဆိုဖျော်ဖြေခဲ့လေသည်။ မြန်မာ့ရုပ်မြင်သံကြား ခေတ်ဦးက Kဂျာနူး၏ နာမည်ကြီး သီချင်းနှစ်ပုဒ်ဖြစ်သည့် 'တို့ရှမ်းပြည်ပွဲတော်' နှင့် 'ကချင်မြေကို လာပါနော့' တို့ကို သီဆိုဖျော်ဖြေခဲ့ရာ မြန်မာ့ရုပ်သံ ပရိသတ်ဘက်က စွဲမက်မဆုံး ရှိကြလေသည်။ ယင်းသို့ နာမည်ကြီးနေသည့် Kဂျာနူးသည် ရုပ်ရှင်ရိုက်ရန် အကြောင်းက ဖန်လာသည်။

            စတီရီယို တေးသံရှင် Kဂျာနူး၏ စင်တင်တေးဂီတ ဖျော်ဖြေပွဲများတွင် သီဆိုဟန်နှင့် လှုပ်ရှားဟန်တို့ကို ရုပ်ရှင် ဒါရိုက်တာ၊ ဓာတ်ပုံအကယ်ဒမီထွန်းလှိုင်က မြင်တွေ့သွား သည်။ ဒါရိုက်တာ ထွန်းလှိုင်က Kဂျာနူးအား ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းသည်။ Kဂျာနူးကလည်း လက်ခံသည်။ ထို့ကြောင့် ဒါရိုက်တာထွန်းလှိုင်က မိမိပိုင် ထွန်းသီရိရုပ်ရှင်မှ တင်ဆက်သည့် 'ကျွန်မ ချစ်သူ သူ့အကြောင်း' (၁၉၇၉) ရုပ်ရှင်ကားတွင် Kဂျာနူးအား ခေါင်းဆောင် မင်းသမီးတင်၍ ထွန်းထွန်းဝင်းနှင့် တွဲဖက်သရုပ်ဆောင်စေသည်။ Kဂျာနူး သည် စင်တင်တေးဂီတပွဲများတွင် သီချင်းသီဆိုဖျော်ဖြေသည့် အတွေ့အကြုံများ ရင့်ကျက်နေပြီဖြစ်ရာ ရုပ်ရှင်ကင်မရာရှေ့တွင် သရုပ်ဆောင်တော့လည်း ဒါရိုက်တာ ညွှန်ကြားသည့်အတိုင်း ကွက်တိလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် Kဂျာနူး၏ ပွဲဦးထွက် ရုပ်ရှင်ကားဖြစ်သည့် 'ကျွန်မချစ်သူ သူ့အကြောင်း' သည်လည်း အောင်မြင်မှု ရရှိခဲ့လေသည်။

            ထို့နောက် ထွန်းသီရိရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်၊ ဒါရိုက်တာ ထွန်းလှိုင်ကလည်း နောက်ဆက်ရိုက်သည့် 'အတူတူနေမယ် ပြောတဲ့မောင်' ရုပ်ရှင်ကားတွင် Kဂျာနူးအား ခေါင်းဆောင် တင်၍ ရိုက်ပြန်သည်။ တွဲဖက်အမျိုးသား ရုပ်ရှင်သရုပ်ဆောင်တို့မှာ ကောလိပ်ဂျင်နေဝင်းနှင့် စတီရီယိုတေးသံရှင် အောင်ကိုလတ်တို့ ဖြစ်သည်။ အဆိုပါရုပ်ရှင်ကားကို ၁၉၈၁ ခုနှစ်တွင် ရုံတင်သည်။ အောင်မြင်မှု ရရှိသော ရုပ်ရှင်ကား ဖြစ်လေသည်။ Kဂျာနူးသည် ရုပ်ရှင်နှစ်ကားတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ဆက်မရိုက်တော့ပေ။ မိမိ၏ မိခင် အနုပညာနယ်မြေဖြစ်သည့် တေးဂီတလောကတွင်သာ ကျင်လည်လာခဲ့လေသည်။

             Kဂျာနူးသည် တေးဆိုရာတွင်သာမက တေးရေးသားရာတွင်လည်း ကျွမ်းကျင်သည်။ ကချင်၊ မြန်မာ နှစ်ဘာသာ စတီရီယိုတေးများကို ရေးသားသီကုံးခဲ့သည်။ ယင်းသို့ တေးများကို သီကုံးရာတွင် ညီမငယ်များနှင့် ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် တေးရေးသူ အမည်ခံယူရာတွင် မိမိတစ်ဦးတည်း၏အမည်ကို မသုံးဘဲ 'Kညီအစ်မများ' ဟု သုံးခဲ့လေသည်။ နှစ်များမကြာမီက ရေးသားခဲ့သော 'ကိုကိုဂွစာ' သီချင်းကို မိမိတစ်ဦးတည်း အမည်ခံယူကာ ရေးဖွဲ့ခဲ့လေသည်။ MRTV 3 တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသော Come And See Myanmar သီချင်းသည် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို၊ ကိုယ်တိုင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ရေးဖွဲ့သီဆိုသရုပ်ဆောင်နိုင်ခြင်းမှာလည်း ငယ်စဉ်က မြန်မာ့အသံ အင်္ဂလိပ်ပိုင်းအစီအစဉ် Local Jalent တွင် အင်္ဂလိပ်ဘာသာဖြင့် သီချင်းတွေ သီဆိုခဲ့သည့် အတွေ့အကြုံကြောင့် ဖြစ်ပေသည်။

            ကချင်အမျိုးသမီးအနုပညာရှင် Kဂျာနူးသည် အသက်အရွယ်အရ ခေတ်ပေါ်စတီရီယို တေးများကို အဆိုနည်းသွားသော်လည်း ခရစ်ယာန် ဓမ္မတေးများကိုမူ စဉ်ဆက်မပြတ် သီဆိုလျက် ရှိသည်။ မိမိကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ နှစ်ချင်းခရစ်ယာန်အသင်းချုပ် Christian Musical Fellow-shiop အဖွဲ့မှာ နာယကအဖြစ် ဆောင်ရွက်နေသည်ဖြစ်ရာ တစ်လတစ်ကြိမ် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ လူနာတွေကို တေးဂီတကုထုံးဖြင့် သွားရောက်သီဆိုဖျော်ဖြေလျက် ရှိသည်။ တစ်နိုင်ငံလုံးမှာရှိသည့် နှစ်ချင်းအသင်းတော်များသို့ သွားရောက်ကာ အဖွဲ့လိုက် ဓမ္မတေးတွေကို သွားရောက် သီဆိုရလေသည်။ မကြာမီက MCC တွင် Live Jewels 58 Ladies Concert တွင် ပါဝင်ကာ 'မျက်ဝန်း လေးမှာ အဖြေရှာ' သီချင်းကို သီဆိုခဲ့သေးသည်။

            အသက်အရွယ်အားဖြင့် ၅ဝ ကျော်လာပြီဖြစ်သော စတီရီယိုတေးသံရှင် Kဂျာနူးသည် နုပျိုနေဆဲဖြစ်သော သာယာချိုမြသည့် တေးသံဖြင့် သောတရှင် တေးပရိသတ်အား သီဆိုဖျော်ဖြေလျက် ရှိပါသည်။

ကျော်သန်းမြင့် ၊ဗန်းမော်၊

(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။