ခန့်ကျော်ထင်လှိုင် ၊လွိုင်ကော်၊
'ဥစ္စာပျောက်၊
ငရဲရောက်' ဟူသော ဆိုရိုးကို ကျွန်တော်ကျောင်းသားဘဝကပင်
ကြားခဲ့ဖူးသည်။ အပေါ်ယံသာ သဘောထားခဲ့မိ၏။ လူ့ဘဝကို မိဘရင်ခွင်မှခွာ၍
ဖြတ်သန်းလာချိန်ကျမှ ထိုဆိုရိုးလေး၏ အဓိပ္ပာယ်နက်နဲမှုကို တဖြည်းဖြည်း သိလာခဲ့ရ၏။
ကိုယ့်ပစ္စည်းလေးတစ်ခုလောက် ပျောက်ရုံဖြင့် ခံစားရသော ပူလောင်မှုက
ရင်နှင့်မဆံ့နိုင်အောင်ပင်။ ထင်ကြေးအမျိုးမျိုးကြောင့်လည်း ပို၍သောကရောက်ရ၏။
အသိစိတ်ဖြင့် ဘယ်လိုထိန်းထိန်း ကိုယ့်ဥစ္စာ ပျောက်သွားချိန်မှာ နှမြောစိတ်က
ငယ်ထိပ်အထိ တက်လာမြဲပါ။ ဟော... ယခုလည်း ငရဲရောက်စရာ ဥစ္စာတစ်ခု ပျောက်သွားပြန်ပြီ။
အနိစ္စ-အမြဲမရှိ၊ အနတ္တ-အစိုးမရဟူ၍ တရားစကား ဖောင်လောက်အောင် ပြောနေရင်းပင်
ပျောက်သွားသော ကြက်မတစ်ကောင်အတွက် ကျွန်တော့်မှာ သောကပွားနေရလေသည်။
'ဖေဖေ၊
မာလကာပင်ပေါ်မှာ ကြက်နှစ်ကောင်ပဲ ရှိတယ်'
လေးနှစ်အရွယ်
သားဖြစ်သူ စွမ်းဘုန်းထက်က လက်ကလေးနှစ်ချောင်းထောင်ကာ လာပြောချိန်မှာ ကျွန်တော်
သိပ်ပြီး အာရုံမထားမိ။ 'ဟုတ်လား' ဟုသာ ပြောပြီး စာဆက်ရေးနေမိ၏။ စွမ်းဘုန်းထက်
လာပြောချိန်မှာ ညနေ ၆ နာရီခန့်သာ ရှိသေး၏။ နေဝင်သွားသော်လည်း ပတ်ဝန်းကျင်က
လင်းလင်းချင်းချင်းမို့ ကြက်တွေ အိပ်တန်း မတက်သေးလောက်ဟု ထင်၍ ပြောလိုက်ခြင်း
ဖြစ်သည်။
'သားပြောတာ
ဟုတ်တယ်နော်။ မာလကာပင်ပေါ်မှာ ကြက်ဖနဲ့ ကြက်မနှစ်ကောင်ပဲ အိပ်တန်းတက်နေတယ်။
ကြက်မတစ်ကောင် မတွေ့ဘူး'
မီးဖိုခန်းမှ
ဇနီးသည်၏ အသံကြားမှ ဘောလ်ပင်ကိုချကာ ကျွန်တော်အိမ်အောက်သို့ ဆင်းလာခဲ့သည်။ ကြက်တွေ
အိပ်တန်းတက်သော မာလကာပင်က အိမ်မြောက်ဘက်
မီးဖိုချောင်နှင့်ကပ်လျက်မှာ
ရှိသည်။ ကျွန်တော် ကြည့်မိတော့ဇနီးသည် ပြောသလို ကြက်က နှစ်ကောင်တည်းသာ ရှိ၏။
ကြက်မတစ်ကောင်ကို မမြင်မိ။
'မနက်ကတောင် ငါ
မြင်မိသေးလားလို့'
ကျွန်တော် ဇဝေဇဝါ ပြောမိ၏။ မြင်မိတာက
အမှန်ပင်။ မနက်ကလား၊ မနေ့ကလားသာ မသဲမကွဲ ဖြစ်နေသည်။ အိမ်ထောင်သက် ငါးနှစ်မှာ
ယခုအိမ်ရောက်မှ လိုရမယ်ရဟူ၍ ကြက်သားအုပ်မတစ်အုပ် မွေးကြည့်ခြင်း ဖြစ်သည်။ မွေးစက
ဇနီးသည်ကတော့ အပြောသား။
'ကြက် အခိုးခံရရင် ရှင်က
ရန်ဖြစ်ရဲသလား။ ကိုယ်က တစ်နေကုန် အပြင်ထွက်နေတာ၊ ကြည့်လည်းလုပ်ဦး' တဲ့။
လင်ရော မယားပါ ကျောင်းဆရာ၊
ဆရာမများမို့ သူပြောသလို အပြင်ထွက်နေရသည်က မှန်သည်။ သူ မေးသလို ကြက်ခိုးခံရ၍လည်း
ရန်မဖြစ်ရဲသလို သူများလို အော်လည်း မဆဲရဲပါချေ။
'အခိုးခံရလည်း
မတတ်နိုင်ဘူးပေါ့ကွာ။ ဒါပေမယ့် ကိုယ်မမွေးလည်း ဘေးအိမ်တွေ မွေးနေတော့ ကိုယ့်ခြံထဲ
လာယက်နေအတူတူ ကိုယ့်ကြက်က ပြန်ယက်တော့ တော်သေးတာပေါ့။ ပြီးတော့ အထက်ကလည်း
တစ်အိမ်ထောင်ကို ကြက်တစ်ယူနစ် မွေးရမယ်လို့ ညွှန်ကြားထားတယ် မဟုတ်လား'
ဤသို့ဖြင့် ကြက်ပေါက်
ခြောက်ကောင်ပါသော ကြက်မိသားတစ်အုပ်ကို ငွေနှစ်ထောင်ဖြင့် ဝယ်ကာ မွေးခဲ့သည်။
မနက်တိုင်း ကြက်များကို အစာကျွေးရသည်က အတော် စိတ်ဝင်စားစရာ ကောင်းသည်။ အလုအယက်
စားကြပုံက ရယ်စရာလည်း ကောင်းသည်။ အရေးထဲ စာကလေး တစ်အုပ်ကပါ
ကြက်အစာကျွေးချိန်မှာလာ၍ အစာကောက်လေ့ရှိသည်။
မနက်စောမှာ အစာကျွေးရသည်ကို
ပျော်သော်လည်း ညနေအိပ်တန်းတက်ချိန်ရောက်လျှင် ကျွန်တော် စိတ်ညစ်သည်။ ကြက်မကြီးက
တောင်းဖြင့်အုပ်၍ မရ။ ကြက်ကလေးများကို မြေပြင်မှာ ချန်ထား၍ သူက မာလကာပင်ပေါ်
တက်သည်။ ကြက်ကလေးများက 'ပိညှပ်' 'ပိညှပ်'နှင့် အော်ကာ
ဟိုပြေး၊ သည်ပြေး၊ ဟိုတက်၊ သည်တက်လုပ်တော့သည်။ ကျွန်တော်က ကြက်မကြီးကို တုတ်ဖြင့်
ထိုးချလည်း မရ။ နောက်တော့ သစ်သားတစ်ချောင်းမှာ ဝါးခြမ်းပြားများ ကပ်စိုက်၍
လှေကားလုပ်ကာ ကြက်ကလေးတွေကို မာလကာပင်ပေါ် တက်နိုင်အောင် လုပ်ပေးလိုက်၏။ ဒါတောင်
ကြက်ကလေးတွေ လွယ်ကူစွာ မတက်နိုင်။ ခဏခဏ ပြုတ်ကျသည်။ သုံးရက်လောက်ကြာမှ အဆင်ပြေသည်။
□
ကြက်ကလေးများ အိပ်တန်းတက်နိုင်၍
စိတ်အေးမည် ကြံဆဲ မနက်စော အိပ်တန်းအဆင်းမှာ ကြက်ပေါက်စ တစ်ကောင်က လမ်းမှားပြီး
ဖွင့်ထားသော ရေပီပါထဲ ခုန်ဆင်းမိ၍ ရေနစ်ကာ သေသွားသည်။ ရေကို တံလျှပ်ထင်ကာ ရွှေတညင်
အလိုက်မှားလေသလော မပြောတတ်။
မကြာပါ။ နောက်တစ်ကောင်ကို ဘေးအိမ်က
ခွေးဆွဲသွား၏။ 'သည်ခွေးက အကျင့်မရှိပါဘူး' ဟု အိမ်ရှင်က
ပြောသော်ငြား ကြက်က အရိုးပင် မမြင်လိုက်ရ။ အင်း... ကျန်သည့် လေးကောင်တော့ အဖတ်တင်
ကောင်းပါရဲ့ဟု အောက်မေ့ဆဲ။ အတော်ကြီးခါမှ ကြက်တစ်ကောင်က ပျဉ်ကာထားသော ရေတွင်းထဲ
ကျပြန်သည်။ အချိန်မီသိ၍ ဆယ်လိုက်နိုင်သော်လည်း ကြက်ကလေး အအေးပတ်သွားဟန် တူသည်။
တစ်ရက်အကြာမှာ သေသွားပြန်သည်။
ကျန်ခဲ့သည်က သုံးကောင်။
ကြက်ဖတစ်ကောင်နှင့် ကြက်မနှစ်ကောင်။ ထိုကြက်များ မဒန်းအရွယ် အရောက်မှာ ကြက်မကြီးက
နောက်ထပ် ကြက်တစ်အုပ် ပေါက်သည်။
'ကျွန်မတော့
သည်ကြက်တစ်အုပ်ကို ရောင်းလိုက်ချင်တယ်' တစ်နေ့ ဇနီးသည်က
ပြောသည်။
'ဘာဖြစ်လို့လဲကွ၊ သူ့
ဘာသာနေတဲ့ဥစ္စာ'
ကျွန်တော်က စောဒက တက်သည်။
'သြော်... ရှင်က တစ်နေကုန်
အပြင်ထွက်နေတာ။ မသိဘဲနဲ့ မပြောနဲ့။ အခု ကြက်မကြီးက နောက်ဘက် ခြံထဲကို
သွားသွားယက်လို့ ဆိုပြီး အဲဒီအိမ်က ကျိန်ဆဲနေတာ။ ကျွန်မ နေ့လယ်ထမင်းစားပြန်ရင်း
ကြားရတယ်။ ပြီးတော့ အဲဒီမိန်းမက သည်ကြက်မ လာယက်လို့ စိတ်ညစ်တဲ့အကြောင်းကို ဘေးအိမ်
လာလာပြောတာ နှစ်ခါ ရှိပြီတဲ့။ ကျွန်မက သည်ကြက်အတွက်နဲ့ ပြဿနာ မဖြစ်ချင်ဘူး။
ဒါကြောင့် ရောင်းပစ်ချင်တာ'
ဇနီးသည် ရှင်းပြချက်ကို နားထောင်ရင်း
ကျွန်တော် အသံတိတ် သွားရသည်။ ကျွန်တော်က ကျောင်းဝေးသည့်အပြင် အခြားအလုပ်ပါ ရှိ၍
မနက် ရှစ်နာရီခန့်တွင် စက်ဘီးဖြင့် အပြင်ထွက်ရာ ညရှစ်နာရီခန့်ရှိမှ အိမ်ပြန်
ရောက်တတ်သည်။ စနေ၊ တနင်္ဂနွေလည်း သိပ်မအားရ။ ဇနီးသည်က ရပ်ကွက်တွင်းကျောင်းမို့
နေ့လယ်စာပင် အိမ်ပြန်စား၍ ရသည်။ ထို့ကြောင့် ကြက်အခြေအနေကို သိရခြင်းဖြစ်၏။
ထိုတစ်ခေါက်က ကျွန်တော် အင်းမလုပ်၊
အဲမလုပ် နေခဲ့သော်လည်း နောက်တစ်ခါ ဇနီးဖြစ်သူက ပြောချိန်တွင်မူ ကြက်ကစ
ရန်ပွဲဖြစ်လျှင် ရှက်စရာကောင်းသည်မို့ 'မင်းသဘောပဲကွာ' ဟု ခွင့်ပြုခဲ့သည်။ သို့နှင့် ကြက်မကြီးနှင့် ကြက်ပေါက် ခုနစ်ကောင်ကို
ငွေသုံးထောင်နှင့် ဂေါ်ရခါး တစ်ယောက်အား ရောင်းလိုက်လေတော့၏။
ကျန်သည့် ကြက်သုံးကောင်ကိုမူ
ကျွန်တော် ခါတိုင်းလို ဂရုမစိုက်နိုင်တော့။ စားဝတ်နေရေးဝဲမှာ လည်နေရသည်မို့
မနက်စော ကြက်စာလည်း မကျွေးနိုင်။ ညပိုင်း အိပ်တန်းတက်လည်း မကြည့်နိုင်တော့။
သတိရမှသာ ကြက် ရှိမရှိ ဇနီးသည်အား မေးမိတော့သည်။ ဟော... ယခုတော့ ကြက်မ တစ်ကောင်
ပျောက်ပြီတဲ့။
ခြံထဲမှာ လိုက်ရှာသည်။ မိုးတွင်းမို့
သစ်ပင်ချုံနွယ်က များသည်။ တစ်နေရာရာများ ဝပ်နေမလားပေါ့။ ခြံဘေးက ဒန့်ကျွဲတော၊
ဝက်ချေးမနှဲတောများမှာ လိုက်ရှာသည်။ ပါးစပ်ကလည်း အသံတတီတီပေး၍ ခေါ်သည်။
ကျွန်တော်သာမက ဇနီးသည်နှင့် သားစွမ်းဘုန်းထက်တို့မှာ ခြံဝိုင်းအနှံ့ ရှာသည်။
'မနိုင်ရေ၊ ဆရာမတို့
ကြက်တစ်ကောင် ပြန်မလာလို့ အဲဒီမှာများ တွေ့မိသလား'
ဇနီးသည်က အိမ်နောက်ဘက်က ခြံကို
လှမ်းအော်သည်။
'မလာဘူး ဆရာမ၊ နေ့လယ်ကတော့
လာတာ တွေ့မိသား'
အသက် သုံးဆယ်ခန့်ရှိမည့် မနိုင်ဆိုသူက
ပြန်ပြောသည်။ ကျွန်တော် သူမကို အကဲခတ်ကြည့်မိသည်။ ကျွန်တော့် ကြက်မကြီးကို
ရောင်းလိုက်ရသည်မှာ သူမကြောင့် ဖြစ်သည်။ သူတို့ မိသားစု ကလေးယောက်ရှိသည်။
နောက်ဘက်အိမ်ကို အိမ်ငှားဘဝဖြင့် ပြောင်းလာသည်က ငါးလခန့်သာ ရှိသေးသည်။
အတော်စွာကြောင်း၊ လက်မြန်ခြေမြန်ရှိကြောင်း ကျွန်တော်သိသည်။ သူ့ယောကျ်ားကိုတော့
ကောင်းကောင်း မမြင်ဖူးပါ။ ဘာအလုပ်လုပ်မှန်းလည်း မသိ။
ကျွန်တော် အကဲခတ်နေသည်ကိုပင်
ထိုအမျိုးသမီးက ထီမထင်ဟန် မျက်နှာပေး ခပ်မော်မော် လုပ်နေသေး၏။ 'သူ့ထိုက်နဲ့
သူ့ကံပေါ့' ဟု ကြက်မအတွက် ဖြေတွေးတွေးကာ အိမ်ပေါ်ပြန်တက်
လာခဲ့မိ၏။ သို့သော် တကယ်တမ်းကျ ကျွန်တော် ဖြေသိမ့်မရပါ။ ဥ ဥခါနီး ကြက်မလေးကို
မြင်ယောင်ကာ ကျွန်တော် နှမြောနေမိသည်။
□
'လွန်ခဲ့တဲ့ တစ်လလောက်ကလည်း
ဘေးအိမ်က မတင်ရီတို့ အိမ်က ကြက်မတစ်ကောင် ပျောက်ဖူးတယ်။ ဥတောင် ဆယ်လုံး ရှိနေပြီ။
အဲဒီ ကြက်ပျောက်တဲ့ နေ့လယ်က နောက်ဘက်အိမ်က ကြက်အော်သံကြားရတယ်တဲ့။ ညပိုင်း
ကြက်ပျောက်မှ ဆက်စပ်တွေးမိတာလေ။ သူတို့ ခိုးချက်စားလိုက် တာပေါ့'
အိမ်ပေါ်မှာ ထိုင်မှိုင်နေတုန်း
ဇနီးသည်က အနားလာ၍ ပြောသည်။ သူ့စကားကြောင့် ကျွန်တော် ပိုမောသွားသည်။ 'သွားပါပြီ၊
ကြက်မတော့ ဟင်းအိုးထဲ ရောက်လောက်ပြီ' တွေးရင်း နှမြောစိတ်က
ပို၍ကြီးလာသည်။
'ဟော... ဟိုဟာ သူ့
သားအကြီးလေ။ လေးခွ တစ်ချောင်းနဲ့ ငှက်လိုက်ပစ်နေတာ။ ကျောင်းလည်း မနေဘူး။ သူပဲ
ရှိမှာ'
ဇနီးသည်က ပြလိုက်၍ လမ်းပေါ်
လှမ်းကြည့်မိသောအခါ အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့ရသည်။
လွယ်အိတ်ခပ်ညစ်ညစ် တစ်လုံးကိုလည်း လွယ်ထားသည်။
'ဟုတ်ပါရဲ့၊
ကောင်လေးမျက်နှာကိုက အလစ်သုတ်မယ့် မျက်နှာမျိုးပဲ။ မျက်လုံးက ခိုးကြောင်၊
ခိုးဝှက်နဲ့ ဘယ်နေရာ ဘာပစ္စည်း ရှိသလဲလို့ ကြည့်တတ်တဲ့ မျက်လုံး'
ကျွန်တော် ကောင်လေးကို ကြည့်ကာ
အတွေးပွားမိ၏။ 'မရှိခိုးနိုး၊ မလှစုန်းယိုး' ဟူသော စကားကို
သတိရလိုက်မိသော်လည်း သည်ကောင်လေးကမူ မရှိလည်း ခိုး၊ ရှိလည်းခိုးမည့် ကောင်လေးဟု
ကျွန်တော် မှတ်ချက် ပြုမိသည်။ စဉ်းစားကြည့်ပါ။ လေးခွတစ်ချောင်းနှင့် ကိုးကုန်း၊
ကိုးကျင်း လျှောက်လည်နေသူက ငှက်သာမက ကြက်တွေ့လျှင်လည်း မပစ်ဘဲ နေမည်မဟုတ်ပါ။
အလစ်မှာ ပစ်၊ ပြီးလျှင် လွယ်အိတ်ထဲ ထည့်သွားရုံပေါ့။ ကျွန်တော့်ကြက်က သူတို့အိမ်
သွားနေကျမို့ ခိုးစားရန် ပို၍ပင် လွယ်ကူပေသေးသည်။
ထိုညက ကျွန်တော်ပဲ အာရုံအစိုက်
လွန်သလော မပြောတတ်။ ထိုနောက်ဘက် အိမ်က တဝါးဝါးတဟားဟား ရယ်သံများကို ဘုရား
ရှိခိုးရင်းမှ ကျွန်တော် ကြားနေရသည်။
'အေးပေါ့လေ၊ သူများအိမ်က
ကြက်ခိုးချက်ပြီး အောင်သေအောင်သား စားနေကြဟန် တူပါရဲ့။ စားနိုင်ကြပါစေ၊
ပျော်နိုင်ကြပါစေ၊ ငါတို့ စိတ်ဆင်းရဲသလို သူတို့ စိတ်မဆင်းရဲကြပါစေနဲ့' အတွေးမှာ ဒေါသပါလာ၍ မေတ္တာပို့ရင်းမှ ပုတီးကို ခပ်ဆတ်ဆတ်ဆွဲချရင်း
စိပ်လိုက်မိသည်။ သူများလို ရန်မဖြစ် ရဲ၊ မစွာရဲသော ကျောင်းဆရာဘဝမှာ ဤသို့
ခပ်ငေါ့ငေါ့ မေတ္တာပို့ရုံမှလွဲ၍ ကျွန်တော် ဘာများ တတ်နိုင်ပါမည်နည်း။
□
နံနက်စော အိပ်ရာထ၍ ကျွန်တော်
ထုံးစံအတိုင်း အိမ်သာ သွားတက်သည်။ အိမ်သာက ခြံ၏ အရှေ့မြောက်ထောင့်မှာ ရှိသည်။ အိမ်သာတက်ရင်း
နားထဲမှာ ကြက်မအသံကို ကြားနေမိသည်။ ကိုယ်ကပဲ စိတ်အစွဲလမ်းကြီးသည်လား၊ ကြက်မကပင်
တစ္ဆေဘဝဖြင့်လာ၍ အသံပေးနေသည်လားဟု ဝေခွဲမရစွာ တွေးရင်း မဲ့ပြုံး ပြုံးမိသည်။ 'သွားစမ်းပါ
ကြက်မရယ်၊ နင် တစ္ဆေဘဝကျမှ လာပြီး မနှောင့်ယှက်ပါနဲ့တော့။ ငါ့မယ်၊ နင့်ကြောင့် ညက
အိပ်တောင်မပျော်ဘူး'။ ကျွန်တော် ခေါင်းကို ရမ်းကာ အိမ်သာထဲမှ
ထွက်လာခဲ့သည်။ သို့သော် နားထဲမှာမူ ကြက်မ၏ ခပ်လေးလေး ကတော်သံကို ကြားနေရ သေးသည်။
'ဆရာ...ဆရာ၊ သည် အိမ်သာနားက
ကြက်သံ ကြားတယ်ဗျ'
မီးဖိုနား အရောက်တွင်
လှမ်းအော်လိုက်သံကြောင့် ကျွန်တော် နောက်ပြန်လှည့် ကြည့်မိသည်။ နောက်အိမ်က
ကောင်လေး။ သူကလည်း အိမ်သာလာတက်ဟန် တူသည်။ သူတို့အိမ်သာနှင့် ကျွန်တော်တို့
အိမ်သာမှာ နောက်ကျောချင်း ဆိုင်ထားသလို ဖြစ်သည်။ ထောင့်တစ်ထောင့်တည်းမှာ ရှိနေ၏။
ယခု သူက ခြံစည်းရိုးကို ကိုင်ရင်း လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
ကျွန်တော်က 'ဟေ...
ဟုတ်လား' ပြောကာ အိမ်သာဆီ ခပ်သုတ်သုတ်
ပြန်လျှောက်သွားခဲ့သည်။
'ဆရာ၊ ကြက်မက အိမ်သာကျင်းထဲ
ကျနေသလား မသိဘူး'
သူ့ စကားကြောင့် ကျွန်တော့်ခေါင်းထဲ
အတွေးလက်ခနဲ ဖြစ်သွားသည်။
'ဟုတ်မယ်ကွ၊ ခုန ငါ အိမ်သာ
တက်ရင်းလည်း ကြက်သံကြားနေတာ။ အိမ်သာကျင်းထဲများ ကျနေလား မသိဘူး'
ကျွန်တော့်စကား မဆုံးမီ ကောင်လေးက
ကျွန်တော့်ခြံထဲ ခုန်ဝင်လာသည်။ ထို့နောက် သွက်လက်စွာ အိမ်သာ နောက်သို့
သွားဟန်ပြင်သည်။
'ဟေ့... ဟေ့၊
မြေပျော့နေတယ်နော်။ မင်းပါ ပြုတ်ကျမယ်'
ကျွန်တော်က စိုးရိမ်တကြီး
လှမ်းတားလိုက်သည်။ အိမ်သာနောက်မှာ ပေါင်းပင်တွေက လူတစ်ရပ်နီးပါး ရှိသည်။
ကျွဲနှာခေါင်းချိတ်ပင်တွေလည်း ရှိနေ၍ မနေ့က ဤနေရာတွင် မရှာမိခဲ့ပေ။
'ကြက်မ ပြန်တွေ့ပြီလား ဟင်၊
ပြန်တွေ့ပြီလား'
ဇနီးသည်က သားကို လက်ဆွဲ၍ ရောက်လာသည်။
တစ်ဖက်ခြံမှ ကောင်လေး၏ အမေလည်း ရောက်လာသည်။
'မသေချာသေးဘူး'
ကျွန်တော်က ဇနီးကို ပြန်ပြောရင်း
ဓားဖြင့် ပေါင်းပင်များကို ရမ်းချလိုက်သောအခါ အိမ်သာကျင်းတည့်တည့်မှာ အပေါက်ကြီး
တစ်ပေါက်ကို တွေ့လိုက်ရ၏။ မြေကျွံကျထားဟန် တူသည်။ ကြက်မ၏ အသံကိုလည်း ထင်ရှားစွာ
ကြားလိုက်ရသည်။ ဓာတ်မီးဖြင့် ကျင်းထဲ ထိုးကြည့်လိုက် သောအခါ အိမ်သာထောင့်မှာ ခိုက်ခိုက်တုန်နေသော
ကြက်မကို တွေ့လိုက်ရတော့၏။
ခဏအကြာမှာ ကောင်လေး၏ မရွံမရှာ
ဆယ်တင်မှုကြောင့် ကြက်မသည် အပေါ်သို့ ရောက်လာတော့သည်။
'ကျေးဇူးပဲကွာ၊ မင်းကြောင့်သာ
သည်ကြက်မကို ပြန်တွေ့ရတာကွ။ နေ့လယ်လောက်ဆိုရင် သေလောက်ပြီ'
ချမ်းလွန်း၍ ဆတ်ဆတ်တုန်နေသော ကြက်မကို
ကြည့်ပြီး ကောင်လေးကို ကျွန်တော်က လှိုက်လှဲစွာ ပြောလိုက်မိ၏။ ကောင်လေးက
မြေမှုန့်များကို ခါထုတ်နေရင်းမှ 'ရပါတယ် ဆရာရယ်၊
အိမ်နီးချင်းတွေပဲ၊ ကျေးဇူးတင်စရာ မလိုပါဘူး' ဟု ပြောကာ
ပြုံးပြလေသည်။
အသား ညစ်ထပ်ထပ်ကြားမှ ပြုံးပြသော
ကောင်လေး၏ အပြုံးမှာ ကြည်လင် သန့်စင်လွန်းလှပါတကား။
ခန့်ကျော်ထင်လှိုင်
၊လွိုင်ကော်၊
(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော