ရွှေဝတ္ထု

တစ်ဖက်ပိတ်လမ်း

ကြူးနှစ်

26 August 2024
တစ်ဖက်ပိတ်လမ်း
Share to

        ကျွန်တော် မှတ်သားလေ့လာမိသလောက်ဆိုရင် မြန်မာနိုင်ငံမှာ ယောကျ်ားဦးရေထက် မိန်းမဦးရေက ၂ သန်းကျော်ကျော်လောက် ပိုများနေပါတယ်။ ယုံပါတယ်၊ သံသယမရှိပါဘူး။ ကျွန်တော့်မိဘတွေတောင် အိမ်ထောင်မကျသေးတဲ့ အချိန်ကတည်းက၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သည်နိုင်ငံမှာ ယောကျ်ားလေးတွေထက် မိန်းကလေးတွေကို ပိုပြီး မွေးဖွားပေးနေကြတယ်လို့ ပြောဖူးခဲ့တာပဲ။ အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပေါ့ပေါ့တန်တန် ပြောခဲ့တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကာလအခြေအနေကို သေချာမျှော်တွေးပြီး ပြောလိုက်တဲ့ သတိမူစရာမှတ်ချက်ပါ။ အမျိုးသမီးဦးရေ များပြားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ငန်းဆောင်တာမျိုးစုံမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် နေရာပိုယူလာ ကြလိမ့်မယ်လို့ ဗိုလ်ချုပ် တင်ကြိုမျှော်လင့်ခဲ့ပုံရပါတယ်။

            ကျွန်တော်တို့ရဲ့ စက်မှုဇုန်ကိုပဲ ကြည့်ပါ။ ညနေ ၄ နာရီက အလုပ်လွှတ်ချိန်ကိုပဲ ကြည့်လိုက်။ ၃၂ ပေကျယ်တဲ့ ကွန်ကရစ်လမ်းကျယ်ကြီးတွေပေါ်မှာ ဖြူနီညိုပြာရောင် စုံဖြာတဲ့ မိန်းမပျိုလေးတွေ၊ အရွယ်ကောင်းမိန်းမတွေနဲ့ ပြည့်လျှံသွားတာပဲ။ သူတို့ ကြားမှာ 'အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ား'ဆိုတဲ့ ဘောင်းဘီဝတ် ပုရိသဆိုတာက တစ်ယောက်စ၊ နှစ်ယောက်စပဲ ရှိကြတာ။ ရုတ်တရက်ကြည့်ရင်း ယောကျ်ားကလေးပါတယ်တောင် မထင်ရပါဘူး။ ကျွန်တော့် စိတ်ထင် မိန်းမဦးရေက ၂ သန်းမကဘဲ ၃/၄သန်း လောက်များ ပိုများနေသလားလို့။

            အရှင်းဆုံး ဥပမာပြောမယ်။ ကျွန်တော် အလုပ်သွား အလုပ်ပြန်စီးတဲ့ ၁၄ ပေ ဒိုင်နာကားကိုပဲကြည့်။ ကားပေါ်မှာ ယောကျ်ားဆိုလို့ ဒရိုင်ဘာ အဘိုးကြီး ဦးချစ်ဆုံရယ်၊ ကျွန်တော်ရယ်ပဲပါတယ်။ ကျန်တာက လေးတောင်ဝတ် မိန်းမသားတွေချည်းပဲ။ သည်ခေတ်မှာတော့ လေးတောင်ပြည့်အောင်တောင် မဝတ်ကြတော့ပါဘူး။ မိန်းကလေးတွေက အရှည်မဟုတ်၊ အတိုမဟုတ် စကောစက ဘောင်းဘီတွေ ဝတ်ကုန်ကြပြီကိုး။ ကျွန် တော်တို့ ဖယ်ရီကားမှာ အထည်ချုပ် စက်ရုံမှာ အလုပ်ဆင်းကြတဲ့ မိန်းကလေးအယောက် ၃ဝ ကျော်ပါတယ်။ ကျွန်တော်တို့က နှစ်ယောက်တည်းရယ်။ 'ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်တည်း' ဆိုတဲ့ ကဗျာကလေးလို ဖြစ်နေပြီ။

            တရုတ်မြန်မာကပြား နာမည်နဲ့ ကျွန်တော်တို့စက်ရုံမှာ အလုပ်သမား ၄ဝဝ လောက်ရှိတယ်။ စီမံခန့်ခွဲရေး အပိုင်းက ဝန်ထမ်း ၂ဝ လောက်ကို ဖယ်ထုတ်လိုက်ရင် အမျိုးသမီးစက်ချုပ်သမ ၃၅ဝ လောက်ရှိတာပေါ့။ သည်တော့ စက်ရုံဝန်ထမ်း ယောကျ်ားဆိုလို့ ကျွန်တော့်လို ဖယ်ရီယာဉ်အကူ ၁၅ ယောက်လောက် အပါအဝင် ၃ဝ လောက်ပဲ ရှိမှာ။ ကလေးတွေ ဆော့ရင်း နောက်တီးနောက်တောက် ဆိုကြတဲ့ 'မိန်းမတောထဲ ယောကျ်ားဝင် ဂလောင်ဂလင် သေးနဲ့ပန်းထုတ်' ဆိုတဲ့ သံချပ်ကလေးဟာ ကျွန်တော်တို့ကို ရည်ညွှန်းသလို ဖြစ်နေပါပြီ။ ဘယ်တတ်နိုင်မှာလဲ။ ဘဝက သည်အတိုင်းပဲ ဖြစ်နေခဲ့ တာကိုး။ ကျွန်တော်ဆိုရင် အသက် ၂၆ နှစ်ရှိပါပြီ။ ယာဉ်အကူအလုပ်ကလေးနဲ့ ရုန်းကန်ရတုန်း။

            ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ပေများ ရှည်လျားမယ်။ သည်နေရာမှာ လိုသလောက်ပဲပြောရရင် ကျွန်တော် တောကလာတာပါ။ ဧရာဝတီတိုင်းထဲက လယ်သမားရွာတစ်ရွာကပေါ့။ လယ်ပိုင်ရှင် အသေးအမွှား မိသားစုက ပေါက်ဖွားခဲ့တာ။ ရှစ်တန်းစာမေးပွဲ တဖုံးဖုံးကျပြီး လယ်ဆင်းထွန်နေရာက လယ်အလုပ်ကိုမုန်းလာပြီး ရန်ကုန်မှာ အလုပ်လာလုပ်တာ။ အလုပ်က လွယ်လွယ်နဲ့ ရတာမဟုတ်ဘူး။ ရန်ကုန်မှာနေတဲ့ ဦးလေးတစ်ဝမ်းကွဲရဲ့ မိတ်သင်္ဂဟတွေကတစ်ဆင့် အခုအလုပ်ကိုရခဲ့တာ။ ရည်ရွယ်တာကတော့ ယာဉ်အကူ လုပ်ရင်း ကားမောင်းသင်မယ်၊ တတ်ရင် ဒရိုင်ဘာလိုင်စင် လျှောက်မယ်။ ပြီးရင် ဒရိုင်ဘာလုပ်စားမယ်ပေါ့လေ။ ခုထိတော့ ကားမောင်းတတ်ဖို့ မပြောနဲ့ စည်းကမ်းကလနား အရမ်းကြီးတဲ့ ဒရိုင်ဘာအဘိုးကြီး ဦးချစ်ဆုံက စတီယာတိုင်ကိုတောင် ပေးမကိုင်ခဲ့ပါဘူး။ ပိုက်ဆံကုန်တဲ့ ကားမောင်းသင်တန်းလည်း မတက်နိုင်သေးပါဘူး။ ရတဲ့လခကလည်း တစ်ကိုယ်ရေ စားလောက်သောက်လောက်ရုံပါပဲ။ ဦးလေးတစ်ဝမ်းကွဲအိမ်မှာ အခမဲ့ကပ်နေပြီး သူတို့အတွက် ထမင်းလခ နုတ်လိုက်ရင် ကျွန်တော် သုံးစရာစွဲစရာ သိပ်မကျန်တော့ပါ ဘူး။ လက်ရှိအခြေအနေအရတော့ အခုအလုပ်ထက်သာတဲ့ အလုပ်မျိုး ရန်ကုန်မှာ မရနိုင်တော့ဘူးလို့ ထင်ပါတယ်။ သူများတွေ ပြောတတ်ကြတဲ့ 'ဖောလိန်း'ကို  ထွက်ပြီး အလုပ်လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့။

            ကျွန်တော့်အဘွား ပြောလေ့ရှိတဲ့ 'သေချင်တဲ့ကျား တောပြောင်း' ဆိုတဲ့စကားကို ကျွန်တော် အသေမှတ်ထားပါတယ်။ မြန်မာနိုင်ငံက မပြောနဲ့ ရန်ကုန်ကတောင် တစ်ဖဝါးမှ မခွာပါဘူး။

        ရန်ကုန်မှာပဲ တောက်တဲ့ကပ်ကပ်ပြီး မျှော့လိုတွယ်ကပ်နေရဦးမှာပါ။ ကိုယ့်ကိုယ်ကို တောက်တဲ့တို့၊ မျှော့တို့  နဲ့ နှိုင်းပြီးပြီဆိုတော့ နောက် တစ်ခါကြွက်နဲ့ နှိုင်းရဦး မယ်။ ဦးလေးတစ်ဝမ်းကွဲရဲ့ အိမ်က တိုးချဲ့အဆောင် ဒါမှမဟုတ် အဖီကျဉ်းကျဉ်း ကလေးထဲမှာ ကျွန်တော် ဖင်မလှည့်သာ၊ ခေါင်းမလှည့်သာနဲ့ နေရတာပါ။ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း အဖီကလေးမှာ ခေါင်းငုံ့ဝင်ရတဲ့ ဝင်ပေါက်ကလေး တစ်ပေါက်သာရှိပြီး ပြတင်းပေါက်မရှိတော့ မှောင်တောင်တောင် ဂူလေးနဲ့တောင် တူပါသေးရဲ့။ ကျွန်တော်နေတဲ့ အဖီကလေးဟာ မြေပြင်ကနေ ၂ ပေခွဲ လောက်ပဲ မြင့်တာမို့ မိုးရာသီမှာ မိုးများတဲ့အခါ အဖီအောက် မြေကြီးပေါ်မှာ ရေထု ၆ လက်မလောက်ဝပ်နေတတ်ပါတယ်။ အဖီကလေးရဲ့ အခြားတစ်ဖက် ခြံချင်းကပ်လျက်အိမ်က စည်းကမ်းမရှိတော့ အဖီကလေးနဲ့ကပ်နေတဲ့ ခြံစည်းရိုးတစ်ဖက်မှာ အဲသည်အိမ်ကလူတွေ စည်းမဲ့ ကမ်းမဲ့ တစ်ပိုတစ်ပါး သွားကြတဲ့အခါ လေသင့်ရင် အနံ့ အသက် မကောင်းတော့ပါဘူး။ ရန်ကုန်နယ်နိမိတ်ထဲမှာ နေကြပေမဲ့ တောကပညာမဲ့ ဆင်းရဲသားတွေထက် ရိုင်းစိုင်း အောက်တန်းကျတဲ့လူတွေကို ခုတော့ ကျွန်တော် အသက်မရှူအားဘဲ တွေ့နေရပါပြီ။ ရန်ကုန်သားဆိုရင် အထင်ကြီးမိတဲ့ ကျွန်တော်။ ခုအခါမှာ သင်ခန်းစာရခဲ့ပါပြီ။

            လက်ရှိအခြေအနေဟာ ဘယ်လောက်ပဲ ကျဉ်းကျပ် ဆင်းရဲတယ်ပြောပြော တောမှာနေရ၊ လယ်ထဲမှာ အလုပ်ကြမ်းတွေ လုပ်ရတာထက်စာရင်တော့ အများကြီးသာပါတယ်။ သည်မှာက ဆင်းရဲပေမဲ့ လူဖြစ်ကျိုးပိုနပ်တယ်လို့ ကျွန်တော်ထင်တယ်။

            'ဟေ့... ကျော်ဝင်းနိုင် လူ့စိတ်သဘာဝအကြောင်း မင်း ဘယ်လောက်သိထား သလဲ ပြောပြစမ်းပါကွာ'လို့ ဆိုရင် ကျွန်တော်ဟာ ခွေး အ,ကြီး လှည်းနင်းထားသလို အည်းအည်းအဲအဲ ဖြစ်နေမှာပဲ။ တစ်ခုတော့ ကျွန် တော် သိတယ်။ လျှပ်စစ်ဝိုင်ယာကြိုး အဖိုနဲ့ လျှပ်စစ်ဝိုင်ယာကြိုး အမတို့ ထိမိရင်တော့ မီးပွင့်မှာပဲ။

            ကျွန်တော့်လို ပညာအရည်အချင်းလည်း ပြောပလောက်အောင် ဘာမှမရှိ။ နောက်ခံမိသားစုကလည်း တောသား လယ်သမား လူမွဲတွေ။ ရုပ်ရည်ကလည်း အသားမည်းမည်း၊ ဂင်တိုတို နဲ့ အမွေးအမှင်ထူထူ။ ဓာတ်မသိသူ တချို့က ကျွန်တော့်ကို လူမျိုးခြားလို့တောင် ထင်ကြသေးရဲ့။ သွားလည်း နည်းနည်းခေါချင်သေးတာ။ ကွမ်းဝါးရင် အမောပြေတယ် ဆိုလို့ ကျွန်တော် လယ်ထဲဆင်းပြီး အလုပ်လုပ်တဲ့အရွယ် ကတည်းက ကွမ်းဝါးလာတာ။ အခုတော့ ကွမ်းစွဲသလို ဖြစ်ပြီး ကျွန်တော့်သွားတွေ ကွမ်းချေးစွဲပြီး မဖြူတော့ဘူးပေါ့။ ကျွန်တော်က အားရင် ဆေးပေါ့လိပ်တို့၊ စီးကရက်တို့လည်း ဖွာလိုက်သေးတာကိုး။ အရက်ကိုတော့ ဝေရာမဏိပါပဲ။ ကျွန်တော်တို့ တစ်မျိုးလုံး တစ်ဆွေလုံး အရက်မသောက်တတ်ကြဘူး။ ဘာသာရေးကိုင်းရှိုင်းကြလို့တော့ မဟုတ်ပါဘူး။ အကျိုး အမြတ် မရှိတဲ့အလုပ်၊ ကိုယ့်ငွေနဲ့ ကိုယ်ရောဂါဝယ်တဲ့ အလုပ်ပဲဆိုပြီး အရက်မသောက်ကြတာ။ ငရဲကြောက်လို့လည်း မဟုတ်ပေါင်။ ကျွန်တော်တို့က ချောင်းမြောင်းအင်းအိုင်တွေကြားက လယ်သမား တွေပဲ။ ဖားရိုက်၊ ဂဏန်းနှိုက်၊ ပုစွန်ဖမ်း၊ ငါးရှာအလုပ်တွေ ဘယ်ကင်းပါ့မလဲ။ လိုအပ်လာရင် အိမ်မွေးတိရစ္ဆာန် ကြက်ငှက်တွေကို ရိုက်ချက်ပြီး စားကြတာပါပဲ။

            စောစောကစကား ပြန်ဆက်ရဦးမယ်။ လူ့စိတ် သဘာဝအကြောင်း ရေရေရာရာ မသိတော့ကာ ယဉ်လှဖြူကို တွေ့တွေ့ချင်း ကျွန်တော် ရင်တဖိုဖိုဖြစ်သွားမိတာ ဘာကြောင့်ဆိုတာ ကျွန်တော် မပြောတတ်ဘူး။ နောက်တော့ မှ 'ဘာ'ဆိုတာ သိလာတယ်။ ဒါကြောင့် တချို့က ပြောတာ 'ခံစားမှု'က 'အသိစိတ်' ထက် အလျင်ကျတာတဲ့။ မီးခဲကိုကိုင်မိရင် ပူတဲ့ခံစားမှုကို အရင်ခံစားရပြီး ပူတယ် ဆိုတဲ့ အသိစိတ်က နောက်မှ ပေါ်လာသတဲ့။ ပြောကြတာ၊ ရေးကြတာပဲ။ ကျွန်တော်တော့ အသေးစိတ်မပြော တတ်ဘူး။

            ယဉ်လှဖြူဆိုတာက ကျွန်တော့်အောက် နှစ်နှစ် လောက်ငယ်တယ်။ ရခိုင် နာမည်မှည့်ထားပေမဲ့ ညိုတိုတို မြန်မာမကလေးတစ်ယောက်။ ကျွန်တော်တို့ ဖယ်ရီပေါ်မှာ လိုက်တဲ့ စက်ချုပ်သမကလေးပါ။ ကျွန်တော့်ထက် လုပ်သက်ရင့်တယ်။ သည်ဖယ်ရီပေါ် ကျွန်တော် မရောက်ခင်ကတည်းက ယဉ်လှဖြူက စက်ရုံမှာ လစားဝန်ထမ်းဖြစ်နေပြီ။ အခုဆိုရင် အချိန်ပိုကြေးနဲ့ ဘာနဲ့ဆိုရင် သူက လစာ နှစ်သိန်းနီး ပါးရနေတာ။ ကျွန်တော်ရတာက တစ်သိန်းသာသာပဲ။

            'နင် အသားလည်း မဖြူဘဲနဲ့ နာမည်ကျ ဘာကြောင့် ယဉ်လှဖြူ ဖြစ်နေတာလဲ' လို့ ကျွန်တော်တို့ မျက်မှန်းတန်းခါစမှာ ကျွန်တော်က စကားမရှိ စကားရှာပြီး မေးတယ်။

            'ငါ့အဖေ စစ်သားဘဝ နဲ့ ရခိုင်မှာ တာဝန်ကျတုန်းက စစ်တွေမှာ ငါ့ကိုမွေးလို့ ငါ့ကို ရခိုင်နာမည်မှည့်ထားတာ။ ငါတို့က ရေမရောတဲ့ အညာသူ  အညာသား ဗမာစစ်စစ်တွေ'

            ယဉ်လှဖြူရဲ့အဖေ သေတော့ အမေမုဆိုးမက ဖတဆိုး ကလေးလေးယောက်နဲ့ အတူ ဇာတိရပ်ရွာ ပဲခူးတိုင်းထဲကို ပြန်လာခဲ့တယ်။ အဲသည်အချိန်မှာ ယဉ်လှဖြူက ၁ဝ နှစ်သမီးလောက်၊ အကြီးဆုံးသမီးပေါ့။ မိခင်ရဲ့ ဇာတိရွာမှာ ဆွေမျိုးတွေများတော့ မုဆိုးမမိသားစု ခက်ခက်ခဲခဲ မရုန်းကန်ကြရဘူး။ ဒါပေမဲ့ ယဉ်လှဖြူ ၈တန်းအောင်တာ နဲ့ ကျောင်းဆက်မနေရတော့ဘဲ မိခင်မုဆိုးမနဲ့အတူ လယ်ထဲဆင်းခဲ့ရတယ်။ ယဉ်လှဖြူရဲ့အောက်က ကလေးသုံးယောက်တော့ ခြစ်ခြစ်ခြုတ်ခြုတ်နဲ့ ကျောင်းဆက်နေကြပေမဲ့ သူတို့တွေလည်း ယဉ်လှဖြူလို အလယ်တန်းအဆင့် လောက်နဲ့ ပညာရေးဆုံးခန်းတိုင်မယ်ဆိုတာ သိသာမြင်သာနေတဲ့ အလားအလာပဲ။

          'ငါက မောင်ကလေးတွေ၊ ညီမကလေးတွေရဲ့ ကျောင်းစရိတ်ရအောင် လာအလုပ်လုပ်တာ။ မိသားစု စားဖို့သောက်ဖို့ကတော့ ငါတို့ ရွာမှာတင် ရှာလို့ရပါတယ်' လို့ ယဉ်လှဖြူက ပြောတဲ့အခါ ကျွန်တော် အသက်ရှူ မဝသလို ခံစားရတယ်။ ကျွန်တော်ဟာ ယောကျ်ားတစ်ယောက်လုပ်နေပြီး မိန်းမသားဖြစ်တဲ့ ယဉ်လှဖြူလောက်တောင် မိသားစုအတွက် တာဝန်မယူနိုင်ပါကလားလို့ တွေးမိတယ်။ ခက်တယ်လေ၊ ရှေ့နားမှာ ကျွန်တော်ပြောခဲ့သလို ဘဝက သည်အတိုင်း ဖြစ်နေတာကိုး။ ကျွန်တော်တို့၊ ယဉ်လှဖြူတို့ ဘဝတွေ မိသားစု နဲ့ တကွဲတပြားဖြစ်ရတဲ့အတွက် ဘယ်သူ့ကို လက်ညှိုးထိုးမလဲ၊ ကျွန်တော် မသိဘူး။ လူကြီးတွေပြောတတ်သလို 'ကံသာအမိ ကံသာအဖ'လို့ပဲ ကျွန်တော် အားတင်းပြီး ယုံ ကြည်လိုက်ပါတယ်။ ယဉ်လှဖြူက အခက်အခဲတွေကို ရင်ဖွင့်ခဲပါတယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ အနေများပါတယ်။

         ကျွန်တော်တို့နှစ်ယောက် ရှေ့ခရီးကို ဘယ်လို ဆက်ကြမလဲ။ သည်မေးခွန်းက နှစ်ယောက်စလုံးရဲ့ ရင်ခေါင်းတွေထဲမှာ နေ့တိုင်းနေ့စဉ် အော်မြည်နေတဲ့ ငှက်ဆိုး ထိုးသံပဲ။ ကြည့်လိုက်ရင် ကျွန်တော်က ဦးလေးဝမ်းကွဲ အိမ်က ခနော်ခနဲ့ အဖီကျဉ်းကျဉ်းကလေးထဲမှာ ကြွက်လို ခိုအောင်းနေရတယ်။ ယဉ်လှဖြူက ဈေးနှုန်းသက်သာတဲ့ အမျိုးသမီးဘော်ဒါဆောင် အစုတ်ကလေးတစ်ခုမှာ ခွေးတိုးဝက်ဝင် ကပ်ရပ်နေရတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ စုငွေဆောင်းငွေရယ်လို့ ငွေသောင်းဂဏန်းအပြင် အပိုမရှိကြဘူး။

         ကျွန်တော်နေတဲ့ ရပ်ကွက်ကမှ ကားလမ်းနဲ့နီး၊ ဈေးနဲ့နီးသေးရဲ့။ ယဉ်လှဖြူတို့ ဘော်ဒါဆိုတာက ရပ်ကွက်ကလနား အစွန်အဖျားမှာ။ သူတို့ ဘော်ဒါနောက်ကျောမှာ စပါးမစိုက်တော့တဲ့ လယ်ကောမြေရိုင်း ကွင်း ပြင်ကြီးပဲ ရှိတော့တယ်။

            အလုပ်ပိတ်တဲ့ တနင်္ဂနွေနေ့တွေမှာ ကျွန်တော်က ယဉ်လှဖြူဆီ သွားလည်တယ်။ သူတို့အဆောင်ထဲတော့ ဝင်ခွင့်မရဘူးပေါ့။ အဆောင်အနီးတစ်ဝိုက်က မြေလမ်းတွေပေါ်မှာ လမ်းလျှောက်ရင်း စကားပြောကြတယ်။ လမ်းထိပ်က မုန့်တီဆိုင်မှာ မုန့်တီသောက်ကြတယ်။

            သတိထားမိတာကတော့ ယဉ်လှဖြူတို့ ဘော်ဒါဆောင်တစ်ဝိုက်မှာ လက်လုပ်လက်စား လူဆင်းရဲအိမ်တွေ ကိုချည်းတွေ့ရတယ်။ လမ်းတွေပေါ်မှာ စုတ်တိစုတ်ပြတ် ကလေးတွေ ဆော့ကစားမြူး ထူးနေကြတယ်၊ အရက်နာကျနေပုံရတဲ့ အလုပ်မရှိ အကိုင်မရှိ လူအိုကြီးတချို့ကို လမ်းဘေး မြောင်းကူးအုတ်ခုံတွေပေါ်မှာ အမြဲလိုလို တွေ့ရတယ်။ သူတို့က လူသေတွေ  ထိုင်နေကြသလိုပါပဲ။

            ပိန်ညှော်ညှော် စုတ်တိ စုတ်ချာ မိန်းမကြီးတွေကတော့ ချက်ရင်းပြုတ်ရင်း၊ ရေချိုးရင်း အဝတ်လျှော်ရင်း သူတို့ကလေးတွေကို အော်ဟစ်ဟိန်းဟောက်နေကြတာကို အတွေ့ရများတယ်။ လမ်းပေါ်မှာ လက်ချင်းချိတ်ပြီး လျှောက်သွားတဲ့ ကျွန်တော် တို့အတွဲကို သူတို့က မျက်လုံး တစ်ချက် ဝင့်ကြည့်ရုံကလွဲလို့ စိတ်ဝင်စားပုံ တစ်စက်မှ မပြကြဘူး။ လမ်းဘေးမှာ ထိုင်နေကြတဲ့ အရက်သမား အဘိုးကြီးတွေက ပိုဆိုးသေးတာ။ ကျွန်တော်တို့အတွဲ သူတို့ရှေ့က ဖြတ်သွားတာကို သူတို့ လုံးဝ ဥပေက္ခာပြုထားကြတာ။ 'မင်းတို့ဘာသာ လမ်းပဲတွဲလျှောက်လျှောက်၊ ပန်းခြံထဲမှာပဲ ပလူးပလူး၊ အခန်းထဲမှာပဲ တော်သလင်းဇာတ်ခင်းခင်း တို့က ဂရုမစိုက်ဘူး။ တို့နဲ့ ဘာမှမဆိုင်ဘူး'လို့ အဲသည် လူသေ ဖုတ်ကောင်နဲ့တူတဲ့ လူကြီးတွေက သဘောထားနေကြတယ်လို့ ကျွန်တော် ခံစားရတာပါပဲ။ ဒါကို ယဉ်လှဖြူဆီမှာ ရင်ဖွင့်တော့-

            'သူတို့မှ မဟုတ်ပါဘူး၊ ဒီရပ်ကွက်မှာရှိသမျှ လူအားလုံးက ဘဝသမားစစ်စစ်တွေ။ ကိုယ်တုံးလုံးဆော့နေတဲ့ ကလေးတောင် ဒီအရွယ်ကတည်းက ဘဝကို လေ့လာနေပြီ။ သဲထဲမှာ ကိုယ်လုံးတီး ထိုင်ပြီးဆော့နေတာဟာ ဒီကလေးဟာ ဘဝအတွက် လေ့ကျင့်နေတာ' လို့ သူက ဆန်းဆန်းပြားပြားအမြင်ကို ပြောတယ်။

            'ငါတို့လည်း ဘဝ သမားတွေပါဟာ'လို့ ကျွန်တော်က ရယ်ကျဲကျဲပြောပေမဲ့ ယဉ်လှဖြူက မျက်နှာထား တည်မြဲတည်နေတုန်း။

            'မဟုတ်ဘူး ကျော်ဝင်းနိုင်၊ မဟုတ်ဘူး။ ငါတို့ဟာ သဲထဲမှာ ထိုင်ပြီးဆော့နေတဲ့ ကိုယ်လုံးတီး ချာတိတ်ပေါက်စ ကလေးလို ငါတို့ဟာ ဘဝ သင်ခန်းစာကို သင်ယူကြတုန်းဟ။ ဘဝသမား မဖြစ်သေးဘူး'

        ကျွန်တော် ယဉ်လှဖြူကို ကြည့်ရင်း ကျွန်တော်နဲ့ လက်တစ်ကမ်းအကွာက ညိုတိုတို မျက်ခုံးကောင်းကောင်း  ကိုယ်လုံးတုတ်တုတ်ခဲခဲနဲ့ မိန်းကလေးဟာ ကျွန်တော့် ရည်းစား ယဉ်လှဖြူမှ ဟုတ်ပါရဲ့လားလို့ ယောင်တိယောင်ချာ တွေးမိတယ်။ ယဉ်လှဖြူဟာ သည်လိုရပ်ကွက်နားမှာ နေပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေကို လေ့လာစူးစမ်း ကြည့်ရာက ကြီးကြီးကျယ်ကျယ် လျှောက်တွေးနေမိတာလို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခု ကျွန်တော်ထင်တာက ကျွန်တော်တို့လို ဆင်းရဲသားတွေဟာ ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနားတွေ လျှောက်မတွေးသင့်ကြဘူး။ ဆင်းရဲလို့ လူပင်ပန်းရတဲ့အထဲ မတန်မရာတွေ လျှောက်တွေးရင်း ဦးနှောက်အရည်ပျော်သွားနိုင်တယ်။

           ယဉ်လှဖြူဟာ လမ်းလျှောက်ရာက ရုတ်တရက် ရပ်ပြီး 'ကျော်ဝင်းနိုင် နင် စဉ်းစားကြည့်၊ တစ်နေ့မှာ နင်က ဟိုအုတ်ခုံပေါ်က အဘိုးကြီးတွေလို ကြောင်စီစီထိုင်နေမယ်။ ငါက ထဘီရင်ရှားကြီးနဲ့ အဝတ်တွေလျှော်ရင်း ကလေးကို လှမ်းပြီး ကျိန်ဆဲနေမယ်။ ငါတို့ ရင်သွေးကလေးက ကိုယ်တုံးလုံးနဲ့ သဲပုံထဲမှာ ထိုင်ဆော့နေမယ်။ အဲဒီမြင်ကွင်းကို နင်မြင်ယောင်ကြည့်စမ်း'

         ကျွန်တော် အလန့်တကြားပုံစံမျိုးနဲ့ အုတ်ခုံပေါ်က ခေါင်းငိုက်စိုက်နဲ့ အဘိုး ကြီးတွေကို လှမ်းကြည့်တယ်။ တဲအိမ်တွေရှေ့က မျက်နှာ  ချောင်ချောင်၊ အဆီပြောင်ပြောင်နဲ့ မိန်းမပိန်ပိန်တွေကို လှမ်းကြည့်တယ်။ လမ်းဘေး သဲပုံထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ဆော့နေတဲ့ မည်းမည်းသည်းသည်း ကိုယ်လုံးတီး လူမမည်ကို လှမ်းကြည့်တယ်။

            'အာ... မဖြစ်နိုင်ဘူး၊ ဒီလိုမျိုးတော့ မဖြစ်နိုင်ဘူး'

            ကျွန်တော် အော်ပြောလိုက်တာ အသံအတော်ကျယ် သွားပုံရတယ်။ အုတ်ခုံမှာ ထိုင်နေတဲ့ လူအိုကြီးတွေကတောင် လှမ်းကြည့်တယ်။ သဲပုံထဲက ချာတိတ်ပိစိကွေး ကလေးက အဆော့ရပ်ပြီး ကျွန်တော်တို့ဆီကို မဲ့မဲ့ကလေး ငေးနေရှာတယ်။ ကလေးရဲ့ သုခဘုံကလေးကို ကျွန်တော် မဆင်မခြင် ဖျက်ဆီးလိုက်သလို ဖြစ်သွားပြီ။

         'ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ နင် မပြောနိုင်ပါဘူး။ အခု အခြေအနေအတိုင်း ငါတို့ လက်ထပ်ကြပြီး ဖြစ်သလိုနေလိုက်ကြရင် နောက်ဆယ်နှစ် အတွင်း ငါတို့မွေးထားတဲ့ ကလေးဟာ သဲပုံပေါ်က ကလေးလို ကိုယ်တုံးလုံးလေး ဖြစ်သွားမှာပဲ' လို့ ယဉ်လှဖြူ ပြောတဲ့စကားတွေဟာ ကျွန်တော့်ကို ကိုင်လှုပ်နေသလိုပဲ။

            'နင်ပြောတဲ့စကားတွေက ကြောက်စရာကြီးတွေဟာ'

            'နင်တို့ငါတို့ မိဘတွေဟာ အဲသလို ကြောက်နေခဲ့မယ်ဆိုရင် ငါတို့တောင် လူဖြစ်လာကြမှာ မဟုတ်တော့ဘူး ကျော်ဝင်းနိုင်'

            'အဲသလို လူမဖြစ်ခဲ့တာကမှ ခပ်ကောင်းကောင်း'

            'တော်တော့ ကျက်သရေမင်္ဂလာမရှိတဲ့စကားတွေ မပြောနဲ့တော့'လို့ ပြောရင်း ယဉ်လှဖြူက လယ်လုပ်သား ဘဝက ပေးလိုက်တဲ့ ကျွဲပခုံး ထ,နေဆဲ ကျွန်တော့်လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင် လိုက်ပါတယ်။

            နောက်နှစ်လလောက် ကြာတော့ ယဉ်လှဖြူဟာ သူ့အဆက်အသွယ်နဲ့သူ ထိုင်းက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖို့ တရားဝင် ထွက်ခွာသွားပါတယ်။ မသွားခင် ကျွန်တော့်ကို ကတိပေးတယ်။  ပိုက်ဆံများများရအောင်စုပြီး ပြန်လာခဲ့မယ်တဲ့။ ကျွန်တော် နဲ့ လက်ထပ်ပြီး အိမ်ငှားနေ ကြမယ်တဲ့။ ယဉ်လှဖြူကို ကျွန်တော် ယုံပါတယ်။

            ကျွန်တော်လည်း ဒရိုင်ဘာကြီး ဦးချစ်ဆုံရဲ့ သားနဲ့ အဖွဲ့ကျသွားတယ်။ ဦးချစ်ဆုံ သား မောင်မောင်စိုးက ပညာမတတ်ပေမဲ့ လူရည်လည်တယ်။ သူက သူ့ဖအေလို ကားမမောင်းဘူး။ မော်တော် ဆိုင်ကယ် 'ကယ်ရီ'ဆွဲတာ။ သူက 'လမ်းတို' မဆွဲဘူး၊ 'လမ်းရှည်' ဆွဲတာ။ သူဆက်သွယ်ပေးလို့ ကျွန်တော်လည်း နယ်ဘက်မှာ ဆိုင်ကယ်ကယ်ရီအလုပ်ရတယ်။ ဖယ်ရီယာဉ်နောက်လိုက် အကူလုပ်ရတဲ့ ဝင်ငွေထက် သုံးဆလောက်ပိုရတော့ လုပ်ပျော်တာပေါ့။

            'မင်း သုံးနှစ်အတွင်း အိမ်ပိုင်ရာပိုင် ဖြစ်မယ် ကျော်ဝင်းနိုင်။ မင်းကောင်မလေး ထိုင်းက ပြန်လာတာနဲ့ အိမ်တစ်ဆောင် မီးတပြောင်နဲ့ မင်းဘဝ အိုကေသွားပြီ'လို့  မောင်မောင်စိုးက မကြာခဏ ပြောတတ်တယ်။ သူ့ရဲ့ စို ပြည်ပြောင်လက်တဲ့ဘဝကို ကြည့်ပြီး သူ့စကားကို ကျွန်တော် ယုံလိုက်ပါတယ်။

          နယ်မှာ ကျွန်တော်က အခြေကျတာ ၆ လကျော်ပါပြီ။ အားလုံးက အဆင်ပြေပါတယ်။ တောက မိဘတွေဆီတောင် ငွေအလုံးလိုက် အခဲလိုက် ပို့နိုင်ခဲ့တာပဲ။ ယဉ်လှဖြူကိုတော့ ကျွန်တော့်ဘဝ အပြောင်းအလဲအကြောင်း မပြောဖြစ်ဘူး။

            'ဟော... ပြဿနာ'

            ပါးစပ်ထဲက အသံ ထွက်မိမတတ်ပဲ။ 'တိုးဂိတ်' တစ်ခုမှာ ရုတ်တရက် ထွက်တားလိုက်တဲ့ ယူနီဖောင်းဝတ်တွေကို ကြည့်ပြီး ကျွန်တော် မလွတ်နိုင်တော့ဘူးဆိုတာ သိလိုက်တယ်။ ထိုင်ခုံကူရှင် အောက်က အံဝှက်ထဲမှာ ကျွန်တော့်ကို အနည်းဆုံး ထောင်ထဲ ၁ဝ နှစ်နေရအောင် ကောင်းကောင်းကြီးပို့နိုင်တဲ့ ပစ္စည်းတွေ ပါလာခဲ့တာကိုး။

■

ကြူးနှစ်

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။