ရွှေဝတ္ထု

ဘောအေးတိုက်ပွဲ

မင်းလူ

01 August 2025
ဘောအေးတိုက်ပွဲ
Share to

            အင်္ဂလိပ် ပရီမီးယားရှစ်မှ ထိပ်တန်းဘောလုံး အသင်းကြီးဖြစ်သော မန်ချက်စတာ ယူနိုက်တက်ကို အမေရိကန်သူဌေးကြီး ဂလေဇာကဝယ်ဖို့ ကြံစည်သောအခါ ဘောလုံးလောကသာမက စီးပွားရေးလောကမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရလေသည်။

            ထိုကိစ္စ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းခံကတော့ ရုရှားလူမျိုး သူဌေး အေဘရာမိုဗစ်ကြောင့်ပင် ဖြစ်၏။ သူက ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့သည်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သည်။ ပေါ်တူဂီမှနည်းပြ မန်နေဂျာ မော်ရင်ညိုကို ခေါ်လိုက်သည်။ နာမည်ကြီးဘောလုံးသမားတွေ ဝယ်ဖို့ ပေါင်စတာလင် သန်းရာနှင့်ချီပြီး ထုတ်သုံးသည်။ သူက တော်တော်ညက်သည်။ ဘောလုံးအသင်းကိစ္စ နေရာတကာ ဝင်စွက်ဖက်တာမျိုး မလုပ်။ သူလိုချင်တာကို အကောင်အထည်

ဖော်ပေးဖို့သာ ညွှန်ကြားသည်။ ချန်ပီယံဆုဖလားတွေ လိုချင်သည်။ သူ့ရည်ရွယ်ချက် အောင်မြင်သည်။ အရင်က အလယ်အလတ် အဆင့်လောက်သာရှိသော ချယ်လ်ဆီးအသင်းသည် သူ့လက်ထက်မှာ တစ်ရှိန်ထိုး အောင်မြင်လာသည်။ အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကြီးကို နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ တစ်ဂိုးမှ အသွင်းမခံရသော အချိန်အကြာဆုံး စံချိန်ကိုလည်း ချိုးနိုင်ခဲ့သည်။

            ချယ်လ်ဆီးအသင်း၏ စီးပွားရေး အခြေအနေမှာလည်း တိုးတက်လာသည်။ ချယ်လ်ဆီး၏ အရှိန်ကြောင့် အေဘရာမိုဗစ်၏ တခြားစီးပွားရေး လုပ်ငန်းများမှာလည်း ဝင်ငွေတွေ တိုးလာခဲ့ပြန်သည်။

            အဓိက အောင်မြင်မှုမှာ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုပင် ဖြစ်၏။ အေဘရာမိုဗစ်သည် အရင်က သိပ်နာမည်ကြီးလှသူမဟုတ်။ သာမန်လူတွေ မဆိုထားနဲ့၊ စီးပွားရေးလောကမှာတောင် လူသိနည်းလှသည်။ ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးတဲ့နောက်မှာတော့ သူ၏ဂုဏ်သတင်းသည် ထင်ရှားကျော်ကြားလာလေသည်။ သူက ချယ်လ်ဆီးပွဲတွေကို လာကြည့်ပြီး အားပေးတတ်သဖြင့် ရုပ်မြင်သံကြားမှာပါ သူ့ကို မြင်ဖူးကြသည်။ ဘီလ်ဂိတ်ကို မမြင်ဖူးလျှင်သာ ရှိမည်။ သူ့ကိုတော့ မြင်ဖူးကြသည်။ တိုနီဘလဲကို မမှတ်မိလျှင်သာ ရှိမည်။ သူ့ကိုတော့ မှတ်မိကြသည်။ ရုရှား သမ္မတ ပူတင်ကို မသိတဲ့လူတွေကတောင် အေဘရာမိုဗစ်ကိုတော့ သိကြသည်။

            ထိုအချက်များမှာ အမေရိကန်သူဌေး ဂလေဇာ အဖို့ အားကျစရာလည်း ဖြစ်၏။ မနာလိုစရာလည်း ဖြစ်၏။ ဘာမဟုတ်တဲ့ ရုရှား တစ်ယောက်က လူတွင်ကျယ် လုပ်နေတဲ့အတွက် မခံချင်စရာလည်း ဖြစ်၏။ ဘောလုံးနှင့် စီးပွားဖြစ်နိုင်ချေကို တွက်မိတာကလည်း တစ်ကြောင်း။

            ထို့ကြောင့် ဂလေဇာသည် ရုရှားငနဲထက်သာအောင် ကမ္ဘာ့နာမည်အကြီးဆုံး အသင်းဖြစ်သော မန်ယူကို ဝယ်ဖို့ကြိုးစားခြင်း ဖြစ်၏။ ထိုကိစ္စအတွက် ဘောလုံးလောကမှာ ဂယက်ရိုက်သွားပြီး ဝေဖန်မှုတွေအမျိုးမျိုး ထွက်ပေါ်လာသည်။

            မန်ယူပရိသတ်တွေက အကြီးအကျယ် ဒေါသထွက် ကုန်ကြပြီး ကန့်ကွက်ကြသည်။ ဘောလုံးအကြောင်းလည်း နားမလည်၊ ဘောလုံး ဝါသနာအိုးလည်း မဟုတ်ဘဲနဲ့ ဝင်ရှုပ်ရသလား။ ဂလေဇာ ဝယ်ဖြစ်ခဲ့လျှင် မန်ယူပွဲတွေ မကြည့်ဘဲ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်သည်။

            အင်္ဂလိပ် အသင်းတစ်သင်းကို လူမျိုးခြား အမေရိကန်လက်ထဲ ထိုးအပ်လိုက်ရမှာ နိုင်ငံသိက္ခာကျတယ်ဟု ခံပြင်းသူတွေလည်း ရှိသည်။ ဂလေဇာသည် စီးပွားရေး သမားပီပီ ပိုက်ဆံရရေး တစ်ခုတည်းကိုသာ ကြည့်လိမ့်မည်။ ဘောလုံးရသကို ပျက်စီးစေလိမ့်မည်ဟု စိုးရိမ်ကြသည်။ ဂလေဇာ ဝင်လာသဖြင့် နောက်ခံဓနအင်အား တောင့်တင်းလာပြီး ရေရှည်တွင် အသင်းအတွက် အကျိုးရှိနိုင်သည်ဟု အကောင်းမြင်သူတွေလည်း ရှိ၏။

            တချို့ကလည်း ရုရှား တစ်ယောက်နှင့် အမေရိကန် တစ်ယောက်တို့၏ ယှဉ်ပြိုင်မှုကို ကြည့်ပြီး စစ်အေးတိုက်ပွဲ မပြီးဆုံးသေးဟု ဆိုကြသည်။ တစ်နည်းအားဖြင့် စစ်အေးတိုက်ပွဲ (ကိုးလ်ဝေါ) မှသည် ဘောအေးတိုက်ပွဲ (ကိုးလ်ဘော)အဖြစ် အသွင်ပြောင်းသွားခြင်း ဖြစ်သည်ဟု ကောက်ချက်ချကြ၏။

            ဘာပဲဖြစ်ဖြစ် ဂလေဇာကတော့ မန်ယူအသင်းကို လက်ဝယ်ပိုင်ပိုင် ဝယ်ယူရရှိ သွားလေတော့သည်။

            ထိုအခါ ကမ္ဘာ့ထိပ်သီး လုပ်ငန်းရှင်ကြီးတွေကြားမှာ စဉ်းစားတွေးတောစရာတွေ ဖြစ်လာ၏။ ဘောလုံးလောကသည် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးလုပ်ငန်း ဖြစ်လာမလား၊ မြိုးမြိုးမြက်မြက် မြတ်စွန်းနိုင်သော စီးပွားရေးတစ်ခု ဖြစ်လာပြီလား။ အထူးသဖြင့်တော့ ထိပ်တန်း ဘောလုံးကလပ်အသင်း တစ်သင်း ပိုင်ဆိုင်သူအနေဖြင့် ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်လို၊ နိုင်ငံခေါင်း ဆောင်တစ်ယောက်လို၊ အားကစားထူးချွန်သူ တစ်ယောက်လို ဂုဏ်သတင်း ကျော်ကြားပြီး နာမည်ကြီး နိုင်သည်။ ထိုအချက်ကလည်း မျက်စိကျစရာ ဖြစ်နေ၏။

            တစ်ချိန်က လုပ်ငန်းရှင် သူဌေးကြီးများသည် လယ်ယာခြံမြေ ဘယ်နှဧက ပိုင်သည်၊ ပြိုင်မြင်း ဘယ်နှကောင် ပိုင်သည်ဆိုသော အချက်နှင့် သူတို့၏ ကြွယ်ဝမှုကို တိုင်းတာကြသည်။ နောက်တော့ ရဲတိုက်ကြီးတွေ ပိုင်ဆိုင်ခြင်းသည် ချမ်းသာခြင်း၏ ပြယုဂ်ဖြစ်လာ၏။ နောက်ပိုင်းကျတော့ ရိုးစ်ရွိုက် တံခါးခြောက်ပေါက် မာစီဒီး၊ ကက်ဒီလက်၊ လင်ကွန်းကွန် တီနင်တယ်စသော အဖိုးတန် ဇိမ်ခံကားကြီးများဖြင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြသည်။ ကိုယ်ပိုင်ဂျက် လေယာဉ်တွေ၊ ရွက်သင်္ဘော ကြီးတွေပိုင်မှ သူဌေးပီသသည်ဟု ယူဆလာကြပြန်သည်။ ကျွန်းတစ်ကျွန်း ဝယ်နိုင်မှ တကယ့်သူဌေးဟု ခေါ်သည် ဆိုတာမျိုးလည်း ဖြစ်လာခဲ့သည်။

            ခုနောက်ပိုင်းကျတော့ ကမ္ဘာကျော် သူဌေးမှန်လျှင် ဘောလုံးအသင်းတစ်သင်း ပိုင်ရမည်ဆိုသော သတ်မှတ်ချက်တစ်ခု ခေတ်စားလာလေတော့သည်။

            ထို့ကြောင့် ဆိုနီကော်ပိုရေးရှင်း ဥက္ကဋ္ဌ အီဒေးအိ၊ မိုက်ခရိုဆော့ပိုင်ရှင် ဘီလ်ဂိတ်၊ အက်ပဲမှ စတိဂျော့၊ တက်တာနာ၊ ရူးပတ်မားဒေါ့၊ ဂျော့ဆိုးရို့စ်စသော လုပ်ငန်းရှင်သူဌေးကြီးများသည် ဘောလုံးအသင်းတွေကို သူ့ ထက်ငါအလုအယက် အပြိုင်အဆိုင် ဝယ်ကြလေတော့သည်။ သူဌေးလုပ်နေပြီး ဘောလုံးအသင်းတစ်သင်းမှ မပိုင်လျှင် လူရာမဝင်ဘဲ မျက်နှာငယ်ရမယ် မဟုတ် လား။

            တချို့ကလည်း ဘောလုံးအသင်းအသစ်တွေ စုစည်းတည်ထောင်ကြသည်။ နာမည်ကျော် ဘောလုံးသမားများ၊ နည်းပြဆရာများလည်း ဝင်ငွေအလွန်ကောင်းလာကြပြီး ဈေးပြိုင်လေလံစနစ်ဖြင့် ငှားရမ်းဝယ်ယူရတဲ့အထိ ဖြစ်လာ၏။

            ဒီကြားထဲမှာ ထိပ်တန်းဘောလုံး အသင်းကြီးတစ်သင်းသည် အိုစမာ ဘင်လာဒင်က လျှို့ဝှက်ပိုင် ဆိုင်ခြင်းဖြစ်သည်ဆိုသော ကောလာဟလ သတင်းတစ်ခု ထွက်ပေါ်လာသဖြင့် ဂယက် ရိုက်ခဲ့ရသေးသည်။

            ဘောလုံးကိစ္စက ဘယ်လောက်ထိ ကျယ်ပြန့်လာသလဲဆိုတော့ ဗြိတိသျှ ဘုရင်မကြီးကိုတောင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ဖို့ နန်းတော်အသိုင်းအဝိုင်းက တိုက်တွန်းလာကြသည်။ ဘုရင်မကြီးက မိမိသည် ဘောလုံးအကြောင်း လုံးဝနားလည်တော်မမူပါ ဆိုပြီး အင်တင်တင်လုပ်နေ၏။

            သို့ရာတွင် ဧည့်ခံပွဲတစ်ခုမှာ တခြားဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ဆွေတော်မျိုးတော်များက မိမိတို့ပိုင်ဆိုင်သော ဘောလုံးအသင်းတွေအကြောင်း အာပေါင်အာရင်း သန်သန် ပြောဆိုကြသောအခါ ဘုရင်မကြီးခမျာ မျက်စိသူငယ် နားသူငယ် ဖြစ်နေရရှာသည်။ အထက်တန်းလွှာတို့၏ စကားဝိုင်းထဲမှာ မဝင်ဆံ့ဘဲ ဘေးဖယ်ခံထားရသလို ဖြစ်နေသည်။

            ဒီတော့မှ ဘုရင်မကြီးသည် 'ဘတ်ကင်ဟမ် ပဲလေ့စ်' အမည်ရှိ ဘောလုံး အသင်းတစ်သင်းကို တည်ထောင်ဖို့ အမိန့်တော်ချမှတ် ရလေတော့သည်။

            တစ်ခုရှိတာက ဘုရင်မကြီးသည် ကပ်စေးနှဲသူ ဖြစ်၏။ ဘောလုံးသမားတွေကို ငွေကြေးအမြောက်အမြားပေးပြီး ဝယ်ယူငှားရမ်းရမှာကို နှမြောနေသည်။ ထို့ကြောင့် အားကြိုးမာန်တက် ထူးချွန်စွာ ကစားနိုင်သော ဘောလုံးသမားများကို ဘွဲ့ထူးဂုဏ် ထူးတွေပေးမည်။ ဂုဏ်ထူးဆောင် နယ်စားပယ်စား ခန့်မည်ဟု မက်လုံးပေးစည်း ရုံးရလေသည်။

            တကယ်တော့ ဘုရင်မကြီး၏ ဘောလုံးအသင်းမှာ သိပ်မစွံလှ။ အရင်က နာမည်ကြီးခဲ့ပြီး ခုအခါ ခြေစွမ်းကျနေသော အသက်အရွယ် ထောက်နေသည့် ဘောလုံးသမားတွေသာ များနေသည်။ ထို့ကြောင့် အောင်မြင်မှုမရ။

            ဘုရင်မကြီးသည် သူ့ အသင်းကန်သည့်ပွဲအချို့ကို ရုပ်မြင်သံကြားမှာသာ ကြည့်ဖူးသည်။ ကိုယ်တိုင်သွားရောက် ရှုစားမယ်ဆိုလျှင်တော့ အသင်းသားတွေ အားတက်ပြီး နိုင်အောင်ကန်ကြမှာပဲဟု ယူဆမိ၏။

            ဘုရင်မကြီး လာကြည့်မယ်ဆိုတော့ နောက်လိုက်နောက်ပါ အခြွေအရံတွေ အတွက်ပါ ထိုင်ခုံတစ်ရာကျော်လောက် စီစဉ်ပေးရသည်။ ကံကောင်းချင်တော့ တစ်ဖက်အသင်းမှာ ခပ်ညံ့ညံ့ ဖြစ်နေ၏။ ထို့ကြောင့် ဘုရင်မကြီး၏ အသင်းက အပေါ်စီးမှ ကစားနိုင်သည်။ ပထမပိုင်း မပြီးခင်မှာပင် ပထမဆုံးဂိုးကို သွင်းလိုက် နိုင်လေ၏။

            ဘုရင်မကြီးမှာ အလွန်ဝမ်းသာသွားသည်။ တစ်ခုပဲ ရှိ၏။ ဂိုးတိုင်ရှေ့မှာ ရှုပ်ယှက် ခတ်နေရင်းက ဂိုးဝင်သွားခြင်း ဖြစ်သဖြင့် ရှင်းရှင်း လင်းလင်း မမြင်လိုက်ရ။ ထိုအခါ ဘုရင်မကြီးက အပါးတော်မြဲကို ခေါ်ပြီး စောစောက ကောင်းကောင်း မမြင်လိုက်ရကြောင်း၊ ထို့ကြောင့် ဂိုးဝင်သွားပုံကို အနှေးပြကွက်ဖြင့် ပြန်ပြီး ကန်ပြစေလိုကြောင်း ပြောလေသည်။ အပါးတော်မြဲမှာ အခက်တွေ့သွားပြီး အနှေးပြကွက် ဆိုသည်မှာ ရုပ်မြင်သံကြားမှာသာ ပြလို့ရကြောင်း၊ ကွင်းထဲမှာ တကယ်ပြန်ကန်ပြလို့ မရကြောင်း၊ ဘုရင်မကြီး၏ဆန္ဒကို မဖြည့်စွမ်းနိုင်သဖြင့် ကျွန်တော်မျိုး သေသင့်ပါကြောင်း စသည်ဖြင့် သဘော ပေါက်အောင် အတော်ရှင်းပြရလေသည်။

            ဘုရင်မကြီး ဘောလုံးအသင်း ထောင်ကြောင်း ကြားသိရသောအခါ ပုပ်ရဟန်းမင်းကြီးကိုလည်း တပည့်တပန်းတွေက တိုက်တွန်းကြလေသည်။ ရဟန်းမင်းကြီးက အားကစားနှင့် ဘာသာရေး မရောထွေး စကောင်းဟုဆိုပြီး ပယ်ချလိုက်သဖြင့် တော်သေးသည်။ ဒီလိုမှ မဟုတ်လို့ကတော့ 'ဗာတီကန်စီးတီး' ဆိုသော ဘောလုံးအသင်း အသစ်တစ်သင်းပေါ်ပေါက်ကောင်း ပေါ်ပေါက်လာပေ လိမ့်မည်။

            စီးပွားရေးကြောင့် ဖြစ်စေ၊ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားလိုမှုကြောင့် ဖြစ်စေ၊ သူများလုပ်လို့ အားကျမခံ လိုက်လုပ်တာပဲဖြစ်စေ၊ ဘောလုံးအသင်းထောင်သူ လူကုံထံများထဲတွင် ဘောလုံး ဝါသနာပါသူလည်း ရှိ၊ မပါသူလည်း ရှိ၊ ဘောလုံးအကြောင်း နားလည်သူလည်း ရှိ၊ ဘောလုံးပွဲတစ်ခါ မှတောင် မကြည့်ဖူးသူလည်း ရှိ၏။

            လုပ်ငန်းရှင် တစ်ဦးသည် သူပိုင်သော ဘောလုံးအသင်းအတွက် နည်းပြဆရာကို အပြင်က မငှားတော့ဘဲ သူ့မြင်းဇောင်းက ပြိုင်မြင်း ထရိန်နာကို နေရာပြောင်းခန့်လိုက်သည်။ ထိုသူက ဘောလုံးသမားတွေကို ဒုန်းပြေးတာချည်းပဲ လေ့ကျင့်ခိုင်းသည်။ ဘောလုံးကို နောက်ပြန်မပေးရ။ ရှေ့ကိုသာ အတင်းဆွဲ ပြေးရမည်ဟု ဆိုသဖြင့် အခက်တွေ့ကြရသည်။

            အမျိုးသမီးကြီးများကျတော့ သူတို့အသင်းအတွက် ဘောလုံးသမား ဝယ်ရာမှာ ဘောလုံးကန် ကောင်းတာ မကောင်းတာ ဂရုမစိုက်။ ကိုယ်လုံး တောင့်တောင့်ဖြောင့်ဖြောင့်၊ ရုပ်ချောချော၊ အသက်ငယ်ငယ် ကောင်လေးတွေကိုမှ ရွေးချယ်ကြသည်။

            ဘောလုံး သူဌေးတို့သည် ဘောလုံး စည်းမျဉ်း စည်းကမ်းတွေကိုလည်း စိတ်ကူးတည့်ရာ လျှောက်ပြင်ဆင်ဖို့ ကြိုးစားလာကြသည်။

            အသင်းပိုင်ရှင် တစ်ယောက်က သူသည် အလုပ်များလွန်းသဖြင့် ဘောလုံးပွဲတွေကို အချိန်ပေးပြီး မကြည့်နိုင်။ ထို့ကြောင့် ဘောလုံးကစားချိန်ကို ပထမပိုင်း၊ ဒုတိယပိုင်း လေးဆယ့် ငါးမိနစ်အစား ဆယ့်ငါးမိနစ်သာ ကစားကြရန် အဆိုပြုသည်။

            တစ်ယောက်ကတော့ ဘောလုံးပွဲမှာ ဂိုးဝင်တာ တစ်ခုတည်းနဲ့ မဆုံးဖြတ်ဘဲ အမှတ်ပေးစနစ် သုံးဖို့ပြောသည်။ တစ်ဂိုးသွင်းနိုင်လျှင် ဆယ်မှတ်ရမည်။ တိုင်ထိလျှင် ငါးမှတ်ရမည်။ ထောင့် ကန်ဘောတစ်ခါရလျှင် တစ်မှတ်ရမည်။ အဝါကတ် အပြခံရလျှင် ငါးမှတ်လျှော့၊ အနီကတ်ဆို ဆယ်မှတ်လျှော့။ ပွဲပြီးတော့ အမှတ်တွေ ပေါင်းပြီး အနိုင်အရှုံး ဆုံးဖြတ်ပေါ့။

            နောက်တစ်ဦးက အဝါကတ်၊ အနီကတ်ကိစ္စကို တစ်မျိုးအကြံပြုသည်။ အဝါကတ် အပြခံရသူအနေဖြင့် ပြစ်ဒဏ်ကို အမြဲသတိပြုမိ နေစေရန် အဝါကတ်ကို ကြိုးနှင့်သီပြီး လည်ပင်းမှာ ဆွဲလျက် ဆက်ကစားရမည်။ တကယ်လို့ သူ ပြန်အချခံရလျှင် ကင်းလွတ်ခွင့်ရပြီး သူ့ လည်ပင်းမှာ အဝါကတ်ကို တစ်ဖက်က လူချတဲ့ဘောလုံး သမားဆီ လွှဲပြောင်း ချိတ်ဆွဲပေးရမည်။

            အနီကတ်အပြခံရလျှင်တော့ ကွင်းပြင်ထွက်မလား၊ ဂိုးတစ်ဂိုးပေးမလား ရွေးချယ်ရမည်။ ဒါတွင်မက ဘောလုံး တစ်ရာသီအတွင်း အနီကတ်သုံးကြိမ် အပြခံရလျှင် အနက်ကတ်အဖြစ် သတ်မှတ်ပြီး ရာသီကုန်တဲ့အထိ ပွဲပယ်ခံရမည့်အပြင် ကြိမ်ဒဏ်ဆယ်ချက်နှင့် ထောင်ဒဏ်သုံးလပါ အပြစ်ပေးခံရမည်။

            ဘောလုံးပွဲတွေမှာ ဒိုင်လူကြီး တစ်ဦးတည်းထားသဖြင့် လက်ထိဘောကို မမြင်လိုက်ရတာတို့၊ သူ့ ဘာသာ ခြေခေါက်လဲတာကို ပြစ်ဒဏ်ဘောပေးမိတာတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ဒိုင်လူကြီးကို ဝိုင်းကူကြည့်ပေးဖို့ 'ဒိုင်လူကလေး'ဆိုတာ ထားသင့်သည်ဟု တင်ပြသူကလည်း ရှိသေးသည်။

            သူဌေးတစ်ဦးကတော့ ဘောလုံးဝါသနာပါသူ မဟုတ်။ ဘောလုံးအကြောင်း နားမလည်။ သူက ဂိုးပေါက်ကို ခုလိုတိုင်တွေနဲ့မလုပ်ဘဲ တွင်းကြီးတစ်တွင်း တူးထားဖို့ အကြံပြုသည်။ တွင်းထိပ်မှာ ဂိုးသမားက စောင့်။ ဘောလုံးကို တွင်းထဲဝင်အောင် ကန်နိုင်လျှင် ဂိုးဝင်သည်ဟု သတ်မှရမယ်ဆိုပဲ။

            ရှုံးထွက်ပွဲတွေမှာ သရေကျလို့ ပင်နယ်တီနဲ့ ဆုံးဖြတ်တဲ့အခါ ပုံစံတစ်မျိုး ထွင်ချင်တဲ့လူက ရှိသေးသည်။ တစ်ဖက်လျှင် ဘောလုံးသမား ငါးယောက်စီက 'ခွင်ရာ' ရိုက်တဲ့အခါ ဂေါ်လီလုံးတွေစီတဲ့ ပုံစံအတိုင်း ရပ်နေရမည်။ ဟိုဘက်ဒီဘက် တစ်လှည့်စီ ကန်ရမည်။ ဘောလုံးအထိခံရတဲ့လူက ထွက်ရမည်။ နောက်ဆုံး လူကုန်သွားတဲ့ အသင်းက အရှုံး။ ဘောလုံးအထိမခံရတဲ့ လူကျန်နေတဲ့ဘက်က နိုင်မည်။

            ခုလို ပေါက်ကရ စိတ်ကူးတည့်ရာတွေ လျှောက်ပြောနေကြချိန်မှာ ဘရာဇီးနိုင်ငံမှ ကမ္ဘာကျော် ဂန္ထဝင်ဘောလုံးသမားကြီး ပီလီက မိမိသည် ဘောလုံးကို စိတ်ကုန်သွားပြီ ဖြစ်ကြောင်း၊ ဘောလုံးလောကကို ကျောခိုင်းပြီး လက်ဝှေ့လောကသို့ ကူးပြောင်းတော့မည် ဖြစ်ကြောင်း၊ မည်သူနှင့်မဆို ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

            ထိုအခါ အာဂျင်တီးနားမှ ဘောလုံးအကျော်အမော် မာရာဒိုနာကလည်း 'စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်။ ကမ္ဘာတစ်ခွင့် ဟီး သွားမယ့် အာဂျင်တီးနားကွ။ ဟိုက်ရော... ဟိုက်ရော' ဟု ပြန်လည်တုံ့ပြန် ကျုံးဝါးလိုက်လေသည်။

            ထိုသတင်းကြောင့် ကမ္ဘာကျော် သူဌေးကြီးများအကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရ၏။ အထက်တန်းလွှာမှန်လျှင် လက်ဝှေ့ထိုးတတ်ရမယ်ဆိုသော အယူအဆအသစ်တစ်ခု ခေတ်စားလာလေဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရပေမည်။

မင်းလူ

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်