ရွှေသုတ‌

သမိုင်းဖြစ်စဉ်ထဲက ရုပ်ရှင်သရုပ်ဆောင် အောင်တင်

ကျော်သန်းမြင့်၊ဗန်းမော်၊

01 June 2025
သမိုင်းဖြစ်စဉ်ထဲက ရုပ်ရှင်သရုပ်ဆောင် အောင်တင်
Share to

            မန္တလေးတက္ကသိုလ်မှ အားကစား ထူးချွန်သည့် တက္ကသိုလ်ကျောင်းသား တစ်ဦးသည် အနုပညာလည်း ဝါသနာထုံသူ ဖြစ်ပေသည်။ တက္ကသိုလ် အားကစားရန်ပုံငွေအတွက် ရုံပွဲသွင်း၍ တင်ဆက်သော ပြဇာတ်တွင် အဆိုပါ တက္ကသိုလ်ကျောင်းသား အားကစားသမားသည် ပြဇာတ်နှင့် ရုပ်ရှင် မင်းသမီး မြင့်မြင့်ဌေး တွဲဖက်သရုပ်ဆောင်ဖူးသည်။ နောင်နှစ်ကာလ အတန်ကြာသည့်အခါ ကင်မရာရှေ့တွင် သရုပ်ဆောင်ရမည့် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။ သို့ရာတွင် ကံကြမ္မာစေစားချက်အရ မြန်မာ့ရုပ်ရှင် ရွှေရတုကာလနှင့် စိန်ရတုကာလတို့တွင် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာရပေသည်။ ထိုပုဂ္ဂိုလ်ကား ရုပ်ရှင်သရုပ်ဆောင် အောင်တင် ဖြစ်လေသည်။

            ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာမည့် အောင်တင်သည် ဝိဇ္ဇာတန်း နောက်ဆုံးနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသည်။ ထိုအချိန်က ရန်ကုန်မြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်နိုင်ရန် မြန်မာ့လက်ရွေးစင် ဘက်စကက်ဘောသမားအဖြစ် လေ့ကျင့်ရင်း တစ်ဖက်ကလည်း မပြီးဆုံးသေးသည့် တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးရန် ဖြစ်လေသည်။ အောင်တင်သည် ရန်ကုန်တက္ကသိုလ် တက်ရင်း ဘက်စကက်ဘော လေ့ကျင့်နေစဉ် ရုပ်ရှင်သရုပ်ဆောင်ဖြစ်ရန် အကြောင်းဖန်လာသည်။

            အောင်တင်၏ ဆရာရင်းတစ်ဦးဖြစ်သူ တက္ကသိုလ်ဘုန်းနိုင်၏ ထားသခင် ဝတ္ထုကို လင်းယုန်နီက ဇာတ်ညွှန်းရေးပြီး ဇမ္ဗူအေးရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ရန် စီစဉ်သည်။ ဇာတ်လမ်းအရ... မန္တလေး တက္ကသိုလ်ကျောင်းသူ ထားအဖြစ် နွဲ့နွဲ့စန်း၊ ထား၏ ချစ်သူ ဆရာမြဇင်အဖြစ် ကောလိပ်ဂျင်နေဝင်းတို့ကို သရုပ်ဆောင်စေရန် ရွေးထားပြီး ဖြစ်သည်။ ဇာတ်ကောင်တစ်ဦးဖြစ်သည့် ထားကို တစ်ဖက်သတ် ကြိုက်သည့် ခပ်ရွှတ်ရွှတ် ခပ်နောက်နောက် လူပျော်အဖြစ်နေတတ်သည့် နှစ်ကြီးသမား တက္ကသိုလ်ကျောင်းသားထဲက သရုပ်ဆောင်သစ် တစ်ဦးအလိုရှိကြောင်း ဒါရိုက်တာ မောင်မောင်သောင်းက ဝတ္ထုရှင် တက္ကသိုလ်ဘုန်းနိုင်ထံ တင်ပြသည်။ တက္ကသိုလ်ဘုန်းနိုင်ကလည်း မိမိ၏ တပည့်ဟောင်း အောင်တင် အား ထားသခင် ဝတ္ထုထဲမှ ထား၏နောက်ပိုးချစ်သူအဖြစ် သရုပ်ဆောင်စေရန် လမ်းညွှန်သည်။ ထို့ကြောင့် အောင်တင်သည် ထားသခင် ရုပ်ရှင်ကားတွင် ဒုတိယဇာတ်ဆောင်အဖြစ် ပါဝင်ရာမှ ရုပ်ရှင်မင်းသား ဖြစ်လာသည်။ ထား၏ တစ်ဖက်သတ်ချစ်သူအဖြစ် သရုပ်ဆောင်သည်။ အောင်တင်သည် မိမိ၏ ပင်ကိုစရိုက်နှင့် ကိုက်ညီသဖြင့် သရုပ်ဆောင်ရာတွင် အထူးကြိုးပမ်းစရာ မလိုဘဲ သရုပ်တူလုပ်ဆောင်နိုင်သည်ဟု စာနယ်ဇင်းဆရာများက ဝိုင်းဝန်းချီးကျူးကြလေသည်။ အဆိုပါ ထားသခင် ရုပ်ရှင်ကားကို ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆုထူးပန်နှင့် ရွှေမန်းရုံတို့တွင် တစ်ပြိုင်နက် တင်ဆက်ခဲ့လေသည်။ ပရိသတ်က အထူးအားပေးသော ရုပ်ရှင်ကား ဖြစ်လေသည်။

            အောင်တင်၏ ဒုတိယ ရုပ်ရှင်ကားမှာ ဇမ္ဗူအေးရုပ်ရှင်၊ လင်းယုန်နီ၏ ဝတ္ထုဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်သောင်း ရိုက်ကူးသည့် ချစ်မှာတမ်း ဖြစ်သည်။ ယင်းကားတွင် အောင်တင်သည် မောင်သင်၊ နွဲ့နွဲ့စန်းတို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ အောင်တင်အနေဖြင့် ဒုတိယဇာတ်ဆောင်အဖြစ် ပါဝင်ရသည်။ ပရိသတ်လက်ခံသော ရုပ်ရှင်ကား ဖြစ်သည်။

            အောင်တင်၏ တတိယရုပ်ရှင်ကားမှာ ဇမ္ဗူအေး ရုပ်ရှင်၊ ဒါရိုက်တာ မောင်မောင်သောင်း ရိုက်ကူးသော ရွှေမင်းသမီးလေး ရုပ်ရှင်ကား ဖြစ်သည်။ အောင်တင်ကို ခေါင်းဆောင် တင်ရိုက်သောကားဖြစ်သည်။ ယင်း ရုပ်ရှင်ကားတွင် နွဲ့နွဲ့စန်းနှင့် တွဲဖက်သရုပ်ဆောင်ရသည်။ အောင်မြင်သော ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။

            အောင်တင်၏ စတုတ္ထရုပ်ရှင်ကားမှာ မြဇော်ဖလင်းမှ ဒါရိုက်တာ အေဝမ်းသိန်းဇော် ရိုက်ကူးသော သတို့သမီး အလိုရှိသည် ရုပ်ရှင်ကားဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် အောင်တင်သည် ကြည်စိုး၊ ညွန့်ဝင်း၊ ခင်သန်းနု၊ ဘေဘီနွဲ့တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခြင်း ဖြစ်သည်။ အောင်တင်သည် ဘေဘီနွဲ့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ အောင်တင်အဖို့ ဒုတိယဇာတ်ဆောင်အဖြစ် ပါဝင်ရသော ရုပ်ရှင်ကားဖြစ်ပြီး လူကြိုက်များသည့် ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။

            အောင်တင်၏ ပဉ္စမမြောက် ရုပ်ရှင်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာ အေဝမ်း ဦးတင်မောင် ရိုက်ကူးသော မမထားနဲ့အပါ ရုပ်ရှင်ကား ဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် အောင်တင်သည် ညွန့်ဝင်း၊ မြင့်မြင့်ခင်၊ ဘေဘီနွဲ့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ အဆိုပါ ရုပ်ရှင်ကားသည် စစ်ကြိုခေတ်က မောင်တင်မောင်၊ မေရှင်တို့ ပါဝင်သော မြားနတ်မောင် (၁၉၃၈) အသံထွက် ရုပ်ရှင်ကားကို ပြန်လည် ဆန်းသစ်ထားခြင်း ဖြစ်သည်။ မမထားနှင့် အပါ ရုပ်ရှင်ကားတွင် အောင်တင်သည် အပါ၏ ယောက်ဖ ရဲအရာရှိအဖြစ် သရုပ်ဆောင်ရသည်။ မြားနတ်မောင်တွင် ရဲအရာရှိအဖြစ် ပြည်လှဖေက သရုပ်ဆောင်ခဲ့သည်။ ယင်းရုပ်ရှင်ကားကို ၁၉၆၃ ခု ဒီဇင်ဘာလတွင် ရုံတင်ပြသသည်။

            အောင်တင်၏ ဆဋ္ဌမမြောက် ရုပ်ရှင်ကားသည် ဘီသုံးလုံးဖလင်၊ ဒါရိုက်တာ တင်အောင်မြင့်ဦး ရိုက်ကူးသည့် မေတ္တာပုလဲသွယ် ရုပ်ရှင်ကားဖြစ်သည်။ ယင်းကားတွင် အောင်တင်သည် ညွန့်ဝင်း၊ ခင်သန်းနုတို့နှင့် တွဲဖက်၍ ဒုတိယဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားကို ၁၉၆၄ ခုနှစ်တွင် ရုံတင်၍ လူကြိုက်များသော ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။

            အောင်တင်၏ သတ္တမမြောက်ရုပ်ရှင်ကားမှာ အောင်ရုပ်ရှင် ဒါရိုက်တာ ဦးကျော်သန်း ရိုက်ကူးတင်ဆက်သော မေသူ ရုပ်ရှင်ကားဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၆၄ ခုနှစ်တွင် ရုံတင်၍ လူကြိုက်များသော ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။

            အောင်တင်၏ အဋ္ဌမမြောက်ရုပ်ရှင်ကားမှာ အောင်ရုပ်ရှင် ရိုက်ကူးသော မာန်ဝင့်ချိန် ရုပ်ရှင်ကားဖြစ်သည်။ အောင်တင်ကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်သောကားဖြစ်သည်။ အောင်တင်သည် ယင်းကား၌ စံရှားတင်၊ တင်တင်နွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်သည် မာန်ဝင့်ချိန် ရုပ်ရှင်ကားကို ၁၉၆၆ ခုနှစ်တွင် တင်ဆက်ပြသခဲ့သည်။

            ၁၉၆၅ ခုနှစ်ထဲတွင် အောင်ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင်က တက္ကသိုလ်ဘုန်းနိုင်၏ မိုးညအိပ်မက်ဖြူ ဝတ္ထုကြီးကို ရုပ်ရှင်ရိုက်ရန် စီစဉ်သည်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်က မိုးညအိပ်မက်ဖြူ ဝတ္ထုကြီးထဲမှ အဓိကဇာတ် ရုပ်၊ စိတ်ဝေဒနာရှင် မောင်ညိုမှိုင်းနေရာတွင် မိမိ၏ စိတ်ပညာ တပည့်ဟောင်း တစ်ဦးဖြစ်သူ အောင်တင်အား ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ပေးရန် အကြံပြုသည်။ ကုမ္ပဏီကလည်း သဘောတူသည်။ အောင်ရုပ်ရှင်မှ ရုပ်ရှင်မရိုက်မီ ကြော်ငြာသည့်အနေဖြင့် မိုးညအိပ်မက်ဖြူ ရုပ်ရှင်ကား ဇာတ်ဝင် ရုပ်သေပုံများဖြင့် ပြက္ခဒိန် ထုတ်လုပ် ဖြန့်ဖြူးသည်။ ယင်းပြက္ခဒိန် မျက်နှာဖုံးတွင် စိတ်ဝေဒနာရှင် မောင်ညိုမှိုင်း (အောင်တင်) တယောထိုးနေဟန်နှင့် အငြိမ့်မင်းသမီး ချစ်သက်နွယ် (စံရှားတင်) ကနေဟန် ဖော်ပြထားသည်။ ပြက္ခဒိန် အတွင်းစာမျက်နှာများတွင်မူ မောင်ညိုမှိုင်း (အောင်တင်)၊ ကထိက ဒေါက်တာမသက်ရီ (တင်တင်အေး)၊ အငြိမ့်မင်းသမီး ချစ်သက်နွယ် (စံရှားတင်) တို့၏ ဇာတ်ဝင်ခန်းလှုပ်ရှားဟန် ရုပ်သေပုံများဖြင့် တခမ်းတနား ကြော်ငြာခဲ့လေသည်။ သို့ရာတွင် မိုးညအိပ်မက်ဖြူ ကို ရုပ်ရှင်အဖြစ် အသက်သွင်းသည့်အခါ စိတ်ဝေဒနာရှင် မောင်ညိုမှိုင်းအဖြစ် သရုပ်ဆောင်ရမည့် အောင်တင်နေရာတွင် အခြား မင်းသားတစ်လက်ဖြင့် ရိုက်ကူးခဲ့လေသည်။

            ဤတွင် အောင်တင်သည် အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်လောကမှ ထွက်လိုက်သည်။ ငယ်စဉ်က မိမိစိတ်ကူးယဉ်ခဲ့ဖူးသော ရုပ်ရှင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ဖူးပြီ ဖြစ်သည်။ တစ်ဖက်က မိမိဝါသနာပါခဲ့သည့် အားကစားလုပ်ငန်းဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်လိုသေးသည်။ ထိုစဉ်အတွင်း အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားမှူးများ အလိုရှိကြောင်း သတင်းစာများမှ ကြော်ငြာသည်။ ဤတွင် ပြေးခုန်ပစ်တွင် ဘက်စုံထူးချွန်သည့် အောင်တင်လည်း အားကစားမှူးအဖြစ် လျှောက်ထားခဲ့ရာ ရွေးချယ်ခြင်းခံခဲ့ရပေသည်။ အောင်တင်သည် အားကစားမှူး သင်တန်း တက်လိုက်ပြီးနောက် ကော့ကရိတ်မြို့တွင် မြို့နယ်အားကစားမှူး အဖြစ် တာဝန်ထမ်းဆောင်ရသည်။

            မြို့နယ်အားကစားမှူး ဦးအောင်တင် ဖြစ်လာမည့် မောင်အောင်တင်လေးကို ဗန်းမော်မြို့ လက်ပံတန်းရပ်တွင် အဖ ကုန်သည် ဦးစက်လူ၊ အမိဒေါ်သိန်းတင်တို့မှ ၁၉၃၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် ဖွားမြင်ခဲ့ပေသည်။ မောင်အောင်တင်လေး လူမှန်းသိတတ်စအရွယ်တွင် မိခင် ဒေါ်သိန်း တင်သည် ကွယ်လွန်အနိစ္စရောက်ရှိ သွားလေသည်။ ထိုအခါ ဖခင်၏ နှစ်မဖြစ်သူ အရီး ဒေါ်သိန်းမေက မိမိတူလေး မောင်အောင်တင်ကလေးအား သားသဖွယ် မွေးမြူခဲ့လေသည်။ မောင်အောင်တင်လေးသည် ၆ နှစ်သား အရွယ်တွင် ဗန်းမော်မြို့ ဟိုက်စကူးကျောင်းတွင် ပညာဆည်းပူးသည်။ မောင်အောင်တင်လေး တတိယတန်းတွင် ပညာဆည်းပူးသည်။ မောင်အောင်တင်လေး တတိယတန်းတွင် ပညာဆည်းပူးနေစဉ် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်တောက်လောင် လာ၍ စစ်ဘေးလွတ်ရာ ကျေးလက်တောရွာများတွင် အရီးဒေါ်သိန်းမေတို့နှင့်အတူ ခိုလှုံရလေသည်။ စစ်ကြီးပြီးသည့်အခါ မောင်အောင်တင်လေးသည် မြို့စွန် နောင်ခိုရွာတွင် ဖွင့်လှစ်သော မြို့မ ကျောင်းတွင် ၁၉၄၅၊ ၁၉၄၆ စာသင်နှစ်၌ ပဉ္စမတန်းတက်ရောက်သင်ယူရသည်။

            ၁၉၄၆ ခုနှစ်တွင် ပဉ္စမတန်း အောင်မြင်သည့် မောင်အောင်တင်လေးသည် ပြင်ဦးလွင်မြို့နေ ဖခင်၏ညီ ဦးတိုးမောင်၊ ဒေါ်အမာတို့က ခေါ်ယူပြီး St.Alrert ဟိုက်စကူးကျောင်း၌ ပညာသင်ယူစေသည်။ မောင်အောင်တင်လေးသည် အင်္ဂလိပ်စာ အားနည်းမှုကြောင့် အတန်းလျှော့ခံရကာ စတုတ္ထတန်း၌ စတင်သင်ယူပြီး ကျောင်းအမည် Arthur Tin ဖြစ်လာခဲ့လေသည်။

            အာသာတင်သည် ကျောင်းစာကို အထူးကြိုးစားသဖြင့် တစ်နှစ်တစ်တန်း မှန်မှန် အောင်မြင်ခဲ့လေသည်။ အလယ်တန်းကျောင်းသားဘဝတွင် ကျောင်းတွင်း ပြေးခုန်ပစ်ပြိုင်ပွဲများတွင် တာတိုအပြေးပြိုင်ပွဲများ၊ အလျားခုန်၊ အမြင့်ခုန်တို့တွင် အားကစား ထူးချွန်ဆုများ ရရှိခဲ့လေသည်။ အထက်တန်းအဆင့်တွင် တာတိုအပြေးပြိုင်ပွဲ၊ အလျား ခုန်၊ အမြင့်ခုန် (ဝါးလုံးထောက်ခုန်)တို့တွင် ချန်ပီယံဖြစ်လာပြီး ဘက်စကက်ဘောကိုလည်း စတင်ကစားခဲ့လေသည်။ အာသာတင်သည် အားကစားတွင် ထူးချွန်သကဲ့သို့ ကျောင်းစာကိုလည်း ကြိုးစားသည်။ ထို့ကြောင့် အားကစားနှင့် ပညာရေးတွင် ထူးချွန်သော အာသာတင်သည် ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ လေသည်။

            ၁၉၅၂ ခုနှစ်တွင် အာသာတင်သည် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိလာသည်။ ဥပစာတန်းတွင် သိပ္ပံဘာသာတွဲယူ၍ တစ်ဖက်ကလည်း တက္ကသိုလ် ဘက်စကက်ဘောအသင်းတွင် ပါဝင်သည်။ တာတိုပြေးပွဲတို့အတွက် အပြေးလေ့ကျင့်ခြင်း၊ အလျားခုန်၊ အမြင့်ခုန် လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်သည်။ မန္တလေးတက္ကသိုလ် နှင့် ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် တာတိုပြေး၊ အလျားခုန်၊ အမြင့်ခုန်တို့တွင် ချန်ပီယံဖြစ်လာသည်။ မန္တလေးတက္ကသိုလ် ဘက်စကက်ဘော လက်ရွေးစင်လည်း ဖြစ်လာသည်။

            ထို့နောက် အထက်မြန်မာပြည် အားကစားပြိုင်ပွဲများတွင် ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ အလျားခုန်တွင် ၂၁ ပေ ၁ဝ လက်မဖြင့် စံချိန်တင်ကာ ချန်ပီယံဖြစ်လာသည်။ အမြင့်ခုန်ပြိုင်ပွဲတွင်လည်း ၁၉၅၄ ခုနှစ်မှစတင်၍ ၆ ပေဖြင့် စံချိန်တင်ခဲ့သည်။ ထိုနည်းတူစွာပင် ဘက်စကက်ဘောတွင်လည်း ၁၉၅၃ ခုနှစ်မှ စတင်၍ အထက်မြန်မာပြည် လက်ရွေးစင် ဖြစ်လာသည်။     

အာသာတင်သည် တက္ကသိုလ် ရောက်သည့်အခါ ပညာရေးထက် အားကစားကို အလေးပေးနေသဖြင့် တစ်နှစ် တစ်တန်း စာမေးပွဲ မအောင်တော့ပေ။ သိပ္ပံဘာသာတွဲတွင် လက်တွေ့ သင်တန်းများကို အချိန်မှန် မတက်ရောက်နိုင်မှုကြောင့် စာမေးပွဲ ကျရှုံးခဲ့ရလေသည်။ သို့သော် အာသာတင်သည် တက္ကသိုလ်တွင် ပျော်ပျော်နေတတ်သည်။ ထို့နောက် ဝိဇ္ဇာဘာသာတွဲ ပြောင်းယူသည်။ ထိုအချိန်တွင် တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ရောက်သည်။ အထက်မြန်မာပြည် တပ်မတော် ကြည်း၊ ရေ၊ လေ ဘက်စကက်ဘော ပြိုင်ပွဲတွင် လက်ရွေးစင် ဖြစ်လာသည်။ ထို့နောက် အာသာတင်အား ဒုတိယ အကြိမ် ရန်ကုန်မြို့တွင် ကျင်းပမည့် ကျွန်းဆွယ်အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဘက်စကက်ဘော သမားအဖြစ် စခန်းသွင်းလေ့ကျင့်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာရခြင်း ဖြစ်သည်။ အာသာတင်သည် ရန်ကုန် တက္ကသိုလ်တွင် ဝိဇ္ဇာတန်း အပိုင်း (ခ) တက်ရောက်ရင်း ဒုတိယအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲဝင်ရန် ဘက်စကက်ဘောကို လေ့ကျင့်ခဲ့လေသည်။ ထိုသို့ မြန်မာ့လက်ရွေးစင် ဘက်စကက် ဘောသမားအဖြစ် စခန်းသွင်း လေ့ကျင့်နေစဉ် အထက်တွင် တင်ပြခဲ့သည့် ထားသခင် ရုပ်ရှင်ဇာတ်ကားတွင် ဒုတိယ ဇာတ်ကောင် မင်းသား ဖြစ်လာရပေသည်။ ဝိဇ္ဇာအပိုင်း(ခ)ကိုလည်း ၁၉၆၁၊ ၁၉၆၂ ခုနှစ်တွင် ဖြေဆိုအောင်မြင်ခဲ့လေသည်။ ယင်းသို့ အားကစားလောကနှင့် ရုပ်ရှင်လောကတွင် ကျင်လည်ပြီးနောက် ၁၉၅၇ ခုနှစ်တွင် အားကစားမှူး ဖြစ်လာခဲ့လေသည်။

            မြို့နယ် အားကစားမှူး ဦးအောင်တင် (ခ) ဦးအာသာတင် ကော့ကရိတ် မြို့နယ်တွင် ၁၉၆၇ မှ ၁၉၇ဝ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ပြီးနောက် မော်လမြိုင်ခရိုင် အားကစားမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည်။ယင်းသို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အားကစားမှူး ဦးအောင်တင် အား ဂျီဒီအာနိုင်ငံ လိုက်ပဇစ် အားကစားတက္ကသိုလ်တွင် အားကစားပညာများ ဆည်းပူးရန် ပညာတော်သင်အဖြစ် ရွေးချယ်ခံရသည်။ ဦးအောင်တင်နှင့်အတူ အားကစားပညာတော်သင်အဖြစ် အရွေးခံရသည့် အခြားအားကစား သုံးဦးတို့မှာ ဦးဘမြင့်၊ ဦးအောင်တိုး၊ ဦးသန့်ဇင်တို့ ဖြစ်သည်။ ဦးအောင်တင် အပါအဝင် သင်တန်းသားလေးဦးတို့သည် ဂျီဒီအာနိုင်ငံလိုက်ပဇစ် အားကစား တက္ကသိုလ်တွင် ၁၉၇၁ ဧပြီလ ၄ ရက်မှ ၁၉၇၂ ခု ဒီဇင်ဘာလကုန်အထိ အားကစားသင်တန်းများ တက်ရောက်ခဲ့ကြပြီး ဒီပလိုမာလက်မှတ်များ ရရှိခဲ့ပေသည်။ ဦးအောင်တင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက် ၁၉၇၃ ခုနှစ်ထဲတွင် မော်လမြိုင်ခရိုင် အားကစားမှူးမှ ရန်ကုန်မြို့ ကာယ ပညာဦးစီးဌာနသို့ ပြန်ကြားရေး အရာရှိအဖြစ် ရာထူးတစ်ဆင့်တိုးမြှင့်ကာ ပြောင်းရွှေ့လာခဲ့ရပေသည်။

            ဦးအောင်တင်သည် ရန်ကုန်မြို့ အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ပြန်ကြားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၅ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် အောင်တင် ဖြစ်လာရန်အကြောင်းက ဖန်လာ ပြန်သည်။ ယမုံနာရုပ်ရှင် ဒါရိုက်တာ ကြီးမြင့်၏ ချစ်သမျှကို (၁၉၇၅) ရုပ်ရှင်ကားတွင် အောင်တင်အား ဒုတိယ ဇာတ်ဆောင်အဖြစ် ပါဝင်ရန် ကမ်းလှမ်းခဲ့ပေသည်။ ရုပ်ရှင်ရိုက်လိုစိတ် မကုန်သေးသည့် အောင်တင်သည် မိခင်ဌာနတွင် ရုပ်ရှင်ရိုက်ခွင့်ပြုရန် တောင်းခံရာ လုပ်သက်ခွင့်ဖြင့် ရုပ်ရှင်ရိုက်ခွင့်ပြုခဲ့လေသည်။ အောင်တင်သည် ချစ်သမျှကို ရုပ်ရှင်ကားတွင် ညွန့်ဝင်း၊ ခင်သန်းနု၊ ယဉ်ယဉ်အေးတို့နှင့် တွဲဖက်သရုပ် ဆောင်ရသည်။ အောင်တင်သည် ဒုတိယဇာတ်ဆောင်အဖြစ် ပါဝင်ရသော်လည်း ခေါင်းဆောင်မင်းသမီး ခင်သန်းနုနှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဇာတ်ဝင်ခန်းအချို့ကို မိုးကုတ်မြို့တွင် သွားရောက်ရိုက်ကူးရသည်။ အဆိုပါ အောင်တင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ချစ်သမျှကို ရုပ်ရှင်ကားကို ရုပ်ရှင်ကြည့်ပရိသတ်က တစ်ခဲနက် အားပေးခဲ့ကြလေသည်။

            ဦးအောင်တင်သည် ချစ်သမျှကို ရုပ်ရှင်ကားရိုက်ကူးပြီးနောက် မိမိ၏ မိခင်ဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ပြန်ကြားရေးအရာရှိအဖြစ် ပြန်လည်တာဝန် ထမ်းဆောင်သည်။ ထို့နောက် ဦးအောင်တင်သည် ၁၉၈၇ ခု နိုဝင်ဘာလတွင် မြန်မာ့အားကစား လေ့လာရေးအဖွဲ့နှင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရသည်။

            ဦးအောင်တင်သည် အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် ပြန်ကြားရေး အရာရှိမှ ဦးစီးအရာရှိသို့ တိုးမြှင့်တာဝန်ထမ်းဆောင်ရသည်။ ထိုမှတစ်ဖန် ဦးစီးအရာရှိ မှသည် လက်ထောက်ညွှန်ကြားရေးမှူးရာထူးတွင် တိုးမြှင့်တာဝန်ထမ်းဆောင်ပြီး ၁၉၉၂ ခုနှစ်တွင် သက်ပြည့် အငြိမ်းစားယူသည်။ အငြိမ်းစားယူပြီးနောက် ကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လောကကြီးမှာ အင်အား အရှိဆုံးသောအရာ ရုပ်ရှင်ကားတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ကား... အပါအဝင် ဦးအောင်တင်၏ ရုပ်ရှင်အနုပညာသက်တမ်း တစ်လျှောက်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားပေါင်း ၁ဝ ကားတိတိ ရှိလေသည်။

            ဦးအောင်တင်သည် တတိယအရွယ်ရလာသည့်အလျှောက် တစ်ဖက်ကလည်း ဗုဒ္ဓဘာသာပီပီ ဒါန၊ သီလ၊ ဘာဝနာလုပ်ငန်းများကို တတ်အားသမျှ ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်နေစဉ်အတွင်း အသက် ၆၈ နှစ်အရွယ်ရှိ ဦးအောင်တင်သည် ၁၉၉၉ ခု မေလ ၉ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဇနီး အထက်တန်းပြ ဆရာမ (ငြိမ်း) ဒေါ်ကင်စွမ်၊ သားသမီး လေးယောက်နှင့် မြေးနှစ်ယောက်တို့ ကျန်ရှိခဲ့လေသည်။

            ရုပ်ရှင်သရုပ်ဆောင် ဦးအောင်တင်၏ ခန္ဓာနာမ်တို့သည် ချုပ်ငြိမ်းကွယ်ပျောက်သွားပြီ ဖြစ်သော်လည်း ၎င်း၏ အမည်သည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မော်ကွန်းတင်လျက် ရှိနေမည် ဖြစ်ပါသတည်း။

ကျော်သန်းမြင့်၊ဗန်းမော်၊

ရည်ညွန်း ။       ဦးအောင်တင်(၁၉၃၂-၁၉၉၉) သက်ရှိထင်ရှားရှိစဉ်တွေ့ဆုံမေးမြန်းချက်များ။

            ဦးအောင်တင်၏ဇနီး ဆရာမ ဒေါ်ကျင်စွမ်၏ ပြောပြချက်များ။

(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။