ရွှေသုတ‌

ဘက်ခမ်းမိသားစုအတွက် သားကလေးခရုဇ်

ရီတာအောင် (NY)

01 February 2025
ဘက်ခမ်းမိသားစုအတွက် သားကလေးခရုဇ်
Share to

            David Beckhamတို့ မိသားစုလေးဦးဘဝထဲ တတိယ သားကလေး Cruz ဝင်ရောက် လာပေပြီ။ သားကလေးကို ဖေဖော်ဝါရီ ၂ဝ ရက်၊ တနင်္ဂ နွေနေ့ မနက် ၁ဝ နာရီ ၄ဝ မိနစ်က Ruber International ဆေးရုံကြီး၌ မွေးဖွားခဲ့သည်။ ကိုယ်အလေးချိန် ၇ ပေါင်ရှိပြီး သတ်မှတ်ရက်ထက် တစ်ပတ် စောမွေးခဲ့သည်။ ဗိုက်ခွဲမွေးခဲ့ရသည်။

            ဒေးဗစ်က ဆေးရုံရှေ့၌ပင် မတ်တတ်ရပ်၍ သတင်းထောက်များ၊ ၎င်း တို့မိသားစုကို ချစ်မြတ်နိုးသူ ပရိသတ်များအား အသိပေးကြေညာခဲ့သည်။ ကျွန်တော့်မှာ အရင်က သားချော သားလှ နှစ်ယောက်ရှိပါတယ်။ အခုတော့ နောက်ထပ်သားတစ်ယောက် ရပြန်ပြီ။ ကလေးက လုံးဝချစ်စရာ ကောင်းတယ်။ ကျွန်တော့်ဇနီး ဗစ်တိုးရီးယားလည်း အခြေအနေ အရမ်း ကောင်းနေပါတယ်။ အော်ပရေးရှင်း လုပ်ပြီးတဲ့နောက်မှာကို နေလို့ကောင်း နေပါတယ်လို့ ပြောပြသည်။ ကလေးက ဘယ်သူနဲ့တူတာလဲလို့ မေးတော့... 'ဗစ်တိုးရီးယားရဲ့ နှုတ်ခမ်းနဲ့ နှာခေါင်း ကို သားလေးရသွားတယ်' လို့ ဖြေကြားသည်။

            ပထမသား နှစ်ဦးတုန်းကလည်း ဗိုက်ခွဲ၍ပင် မွေးခဲ့ရသည်။ ကလေး နာမည်မှာ Cruz ဖြစ်သော်လည်း စပိန်သံဖြင့် Crooth ဟု အသံထွက်ရသည်။ အဓိပ္ပာယ်မှာ Cross ဖြစ်သည်ဟု ဆို၏။ ဒေးဗစ်က 'ခရုဇ်ဆိုတာ ကျွန်တော်တို့ ကြိုက်တဲ့နာမည်ပါ။ ဒီတစ်ခါ နာမည်ရွေးရတာ အတော်ခက်သားဗျ။ ဒါပေမယ့် ဒီနာမည်ကိုတွေ့တော့ ကြိုက်တာနဲ့ ရွေးလိုက်တာပဲ' တဲ့။ အမှန် တကယ်ဆို နောက်သောကြာ (ဖေဖော်ဝါရီ ၂၅) မှ ဗစ်တိုးရီးယားက သားငယ်ကို ဗိုက်ခွဲထုတ်မွေးဖို့ စီစဉ်သော်ငြား စနေတစ်ညလုံး နေလို့ထိုင်လို့ သက်သောင့်သက်သာ မရှိလွန်း၍ တနင်္ဂနွေနေ့၌ပင် မွေးဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။ မနက်မိုးလင်းလင်းချင်း ဆေးရုံကို လှမ်းဖုန်းဆက်တော့ ဆေးရုံသို့ ချက်ချင်းလာခိုင်း၍ ဒေးဗစ်ကိုယ်တိုင် ကားမောင်းပို့ခဲ့သည်။ ခွဲခန်းတွင်း၌ မိနစ် ၃ဝ သာ ကြာခဲ့သည်။ သားဖွားနှင့် မီးယပ်ဆရာဝန်ကြီး ဒေါက်တာ Vidal Pelaez ကိုယ်တိုင် ဦးဆောင်၍ မွေးပေးခဲ့သည်။ ဆရာဝန်ကြီး ကိုယ်တိုင်လည်း သတင်းသမားများအတွက် အထူးကြေညာ ပေးခဲ့သည်။ ကလေးရော၊ မိခင်ပါ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ပြောသည်။ ကလေး အပြင်ရောက်သည်နှင့် Neonatal Unit မှ ဆရာဝန် Fernando Marc ထံ လွှဲပြောင်းပေးကာ ဒေါက်တာ ဖာရန်ဒိုက ကလေးအတွက် စစ်ဆေးမှုများ အဆင့်ဆင့် ပြုလုပ်ပေးသည်။

            ခွဲနေစဉ် တစ်လျှောက်လုံး ဒေးဗစ်က ဗစ်တိုးရီးယားအနား၌ ရှိနေခဲ့သည်။ ဗစ်တိုးရီးယား၏ သားကြီးနှစ်ဦးကို မွေးဖွားပေးခဲ့ဖူးသည့် လန်ဒန်မြို့ Portland ဆေးရုံကြီးမှ ဆရာဝန် Malcolm Gillard လည်း ခွဲခန်း၌ လိုရမယ်ရ လာစောင့်ရှောက်ပေးနေသည်။ ၎င်းဆေးရုံခွဲခန်း၌ ဝင်ရောက်ခွဲစိတ်ခွင့် မရှိသော်ငြား ဗစ်တိုးရီးယားနှင့် ဒေးဗစ်က စိုးရိမ်၍ လာနေပေးရန် တောင်းဆိုထား၍ပင်။ စပိန်ဆရာဝန်ကြီးက 'ဗစ်တိုးရီးယားက အင်္ဂလိပ် ဆရာဝန်ကိုလည်း ခေါ်ထားချင်ပါတယ်တဲ့။ ကျွန်တော့်အဖို့ ကန့်ကွက်စရာ မရှိပါဘူး။ ကျွန်တော်တို့အဖို့ ဒီလိုခွဲစိတ်တာလောက်က သာမန် အလေ့အကျင့် ဖြစ်နေပြီးသားပါ။ ကလေးရဲ့ ကိုယ်ခန္ဓာအလေးချိန်အရ ကလေးက ပေါင်မပြည့်ဘဲ မွေးတဲ့ကလေးလည်း မဟုတ်ပါဘူး။ သတ်မှတ်ရက်ကျရင် အမေနဲ့အတူ အိမ်ပြန်ခွင့် ရမှာပါ'လို့ ရှင်းပြသွားသည်။

            ဒါ့အပြင် စာနယ်ဇင်းများ၌ တရားဝင်ရေးသား တင်ပြနေသည့် ဒေးဗစ်ဘက်ခမ်းတို့က ဆေးရုံကြီး အထပ်တစ်ခုလုံး ငှားထားသည်ဆိုသည့် သတင်းအတွက် ပြင်ဆင်ချက်ပေးသွားသည်။ အခြား VIP တွေလိုပဲ သူတို့ကို အခန်းအကျယ်ကြီး ပေးထားရုံပါတဲ့။ သတင်းသမားတွေက ဆရာဝန်ကြီးအား သားလေး မွေးပြီးပြီးချင်း ဘက်ခမ်းမောင်နှံက ဘာပြောသလဲလို့ မေးတော့ 'သူတို့ဇနီးမောင်နှံက အင်္ဂလိပ်လိုပဲ ပြောကြတာ။ ဒါပေမယ့် ငါ သူတို့ ပြောတာကို နားလည်ပါတယ်။ တစ်ခါတရံမှာ စကားလုံးတွေကို နားလည်ဖို့ မလိုအပ်ပါဘူး။ လိုအပ်တာက အဲဒီ သူ့ရဲ့မျက်နှာကို ကြည့်ရုံနဲ့ ဘယ်လောက် ပျော်နေတယ်ဆိုတာ သိနိုင်ပါတယ်'ဟု ဖြေသွားသည်။

            မွေးခန်းထဲမှ ထွက်ပြီး နာရီ အနည်းငယ်အကြာ၌ ဗစ်တိုးရီယားက ဧည့်သည်များအား လက်ခံ တွေ့ဆုံနိုင်သည်။ ဒေးဗစ်က ၎င်း၏ သားကြီး Brooklyn (၅ နှစ်) နှင့် သားလတ် Romeo (၂ နှစ်)တို့က သူတို့ ညီထွေးလေးအတွက် အရမ်းဝမ်းသာ ပျော်ရွှင်နေကြောင်း၊ ညီထွေးလေးကို ဓာတ်ပုံတဖျပ်ဖျပ် ရိုက်နေကြောင်းလည်း ပြောသေးသည်။ ကျွန်တော်တို့ အရမ်းစိတ်ချမ်းသာနေတဲ့ မိသားစုပါတဲ့။

            ဗစ်တိုးရီးယား၏ မိဘ Tony နှင့် Jackie ညီမတော် သူ Louise ဒေးဗစ်၏ မိဘနှစ်ပါး Ted နှင့် Sandra တို့လည်း ဆေးရုံသို့ ရောက်ရှိလာကြသည်။ တတိယအကြိမ်မြောက် သားသည်အမေ ဖြစ်ခွင့်ရပြန်တဲ့ ဗစ်တိုးရီးယားအား နှစ်ဖက်ဆွေမျိုးများက ဝိုင်းဝန်းအားပေး ကူညီကြဦးမှာပါ။ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားကိုယ်စား သားအကြီးနှစ်ယောက်ကို ကျောင်းကြိုပို့လည်း လုပ်ပေးကြရပေမည်။ အမှန်တော့ သူတို့ အားလုံး စပိန်နိုင်ငံ၌ အခြေတကျဖြစ်၍ နေပါပြီ။ စပိန်မှ မိတ်ဆွေတစ်ဦးက 'သူတို့ စပိန်အပေါ် သံယောဇဉ်တွယ်နေပါပြီ'လို့ သေချာပေါက် ဆိုသွားသေးသည်။

▀

ရီတာအောင် (NY)


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...