ရွှေသုတ‌

သမိုင်းဖြစ်စဉ်ထဲက သင်းသင်းလဲ့

ကျော်သန်းမြင့်၊ဗန်းမော်၊

01 January 2025
သမိုင်းဖြစ်စဉ်ထဲက သင်းသင်းလဲ့
Share to

            မြန်မာ့ရုပ်ရှင် ရွှေရတုကာလတွင် ပေါ်ထွန်းခဲ့သော အမျိုးသမီး သရုပ်ဆောင်တစ်ဦးသည် ရုပ်ရှင်လောကသို့ ဝင်ရောက်ခါစ သံစုံသွင်း ရုပ်ရှင်ကားတစ်ကားတွင် အရန် မင်းသမီးလေးအဖြစ် ပါဝင်ရသည်။ ထို့နောက် အသံထွက်ကားတစ်ကားတွင် အရန်မင်းသမီးအဖြစ် သရုပ်ဆောင်ရပြန်သည်။ အဆိုပါ တက် သစ်စဇာတ်ရန်မင်းသမီးလေး၏ အနုပညာအရည်အသွေးကို လေ့လာမိသည့် ရုပ်ရှင် ကုမ္ပဏီပိုင်ရှင်တစ်ဦးက ဒုတိယဇာတ်ဆောင် မင်းသမီးလေးအဖြစ် တင်ရိုက်ပေးသဖြင့် နိုင်ငံကျော်ကြား လူကြိုက်များသည့် ရုပ်ရှင်မင်းသမီး ဖြစ်လာသည်။ ထို့နောက် ယင်းဒုတိယ ဇာတ်ဆောင် မင်းသမီးလေးသည် ရုပ်ရှင်တစ်ကားပြီးတစ်ကား အနုပညာအရည်အသွေး မြင့်မားလာသဖြင့် ခေါင်းဆောင်မင်းသမီးနှင့် စင်ပြိုင်မင်းသမီး ဖြစ်လာသည်။ ယင်းနောက် ခေါင်းဆောင်မင်းသမီး ဖြစ်လာသည်။ ထိုမှတစ်ဖန် နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ဦးနှင့် ဖူးစာဆုံပြီးနောက် ရုပ်ရှင်ကုမ္ပဏီ တည်ထောင်၍ ရုပ်ရှင်ကားများ ထုတ်လုပ်သည်။ ထိုသို့ ရုပ်ရှင်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ခဲ့ရာ အမျိုးသမီးဇာတ်ဆောင် အရွယ်လွန်သည့်အခါတွင်လည်း အမျိုးသမီးဇာတ်ပို့ သရုပ်ဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ရာ ဗီဒီယိုခေတ်မှသည် ယနေ့ ဒီဗီဒီခေတ်အထိ ဖြစ်ပေသည်။ အဆိုပါ ရုပ်ရှင် အနုပညာရှင်ကား သင်းသင်းလဲ့ ဖြစ်သည်။

            သင်းသင်းလဲ့သည် ၁၉၅၅ ခုနှစ်၊ ဆန်းဦးရုပ်ရှင်၊ စာရေးဆရာ ဒါရိုက်တာ လှအောင် ရိုက်ကူး တင်ဆက်သည့် ကျော်ဖေ၊ တေးသံရှင် စိန်စိန်တို့ ပါဝင်သော “မေ့ဖူးစာ” သံစုံသွင်း ရုပ်ရှင်ကားတွင် ဇာတ်ရန် မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ရာမှ ရုပ်ရှင်လောကသို့ ရောက်ရှိလာခြင်း ဖြစ်ပေ သည်။ ထိုစဉ်က သင်းသင်းလဲ့ အမည်မခံယူရသေးပေ။ အမည်ရင်း တင်တင်ညို အမည်ဖြင့် ပါဝင်ခဲ့ခြင်း ဖြစ်ပေသည်။

            ယင်းနောက် သင်းသင်းလဲ့သည် စာရေးဆရာ ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူး၍ ဗြိတိသျှ ဘားမား (ညွန့်မြန်မာ) ရုပ်ရှင်မှ ထုတ်လုပ်သော ဒေါက်တာ အောင်ကျော်ဦး (၁၉၅၇) အသံထွက် ရုပ်ရှင်ကားတွင် ဇာတ်ရန်မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ရပြန်သည်။ ဤတွင် သင်းသင်းလဲ့၏ အနုပညာ အရည်အသွေးကို အကဲခတ်မိသည့် သုခုမရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်နန်းက ၁၉၅၈ ခုနှစ်တွင် တက်သစ်စ ရုပ်ရှင်ဇာတ်ရန် မင်းသမီးလေး တင်တင်ညိုအား သင်းသင်းလဲ့ဟု အမည်သစ်ပေးကာ မိမိတို့ ရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာ မြင့်ဖေ ရိုက်ကူးသည့် “တောကနှင်းမူ” ဇာတ်ကားတွင် ဒုတိယ ဇာတ်ဆောင်မင်းသမီးအဖြစ် တင်ရိုက်ရာမှ နာမည်ကျော်ကြားလာရခြင်း ဖြစ်သည်။

            သင်းသင်းလဲ့သည် “တောကနှင်းမူ” ဇာတ်ကားတွင် ဇေယျ၊ ကြည်ကြည်ဌေး၊ ရွှေကိုတို့နှင့် တွဲဖက်ပါဝင်ရသည်။ သင်းသင်းလဲ့သည် မြို့ကြီးသူ ရွှေကို၏ ချစ်သူ၊ ဇေယျကြီး၏ နှမအဖြစ် သရုပ်ဆောင်ရသည်။ အဆိုပါ “တောကနှင်းမူ” ရုပ်ရှင်တစ်ကားတည်းဖြင့် ရုပ်ရှင် စာမေးပွဲ အောင်မြင်ကာ ရုပ်ရှင်ကြည့် လူထုပရိသတ်က လက်ခံသည့် ရုပ်ရှင် အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပေသည်။ သင်းသင်းလဲ့သည် ဤသို့ အောင်မြင်မှုရရှိလာခြင်းမှာ ဒါရိုက်တာ မြင့်ဖေ၏ ညွှန်ကြားပြသရာတွင် ထူးချွန်မှု၊ အကယ်ဒမီ ကြည်ကြည်ဌေး (အမေကြည်)မှ လက်တွဲခေါ်ယူ ပံ့ပိုးပေးရာတွင် ကျွမ်းကျင်မှုတို့ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

            သင်းသင်းလဲ့သည် “တောကနှင်းမူ” ဇာတ်ကား ရိုက်ကူးနေစဉ် စာရေးဆရာ၊  ဒါရိုက်တာ တက္ကသိုလ်နေဝင်း စီစဉ်သည့် ဒူးမက် Dumex နို့မှုန့် ကြော်ငြာတွင် ကြော်ငြာသရုပ်ဆောင်အဖြစ် ပါဝင်ရခြင်းသည်လည်း အောင်မြင်ကျော်ကြားမှုအတွက် အထောက်အကူ ဖြစ်ခဲ့ရလေသည်။ ယင်းကြော်ငြာတွင် လူတစ်ရပ်ခန့်မြင့်သည့် ဒူးမက်နို့မှုန့်ဘူးကြီးရှေ့၌ ကိုယ်ကာယ အလုံးအရပ် အချိုးအဆစ် ပြေပြစ်လှပသည့် အလှမယ်လေး သင်းသင်းလဲ့က မခို့တရို့လေး ပြုံးနေဟန် သရုပ်ဆောင်ထားသည်။ သင်းသင်းလဲ့ သရုပ်ဆောင်ခဲ့သည့် ဒူးမက်နို့မှုန့်ကြော်ငြာကို ၁၉၅၈ ခုနှစ်ထုတ် စာနယ်ဇင်းများတွင် ကြော်ငြာလိုက်သဖြင့် တက်သစ်စ ရုပ်ရှင်မင်းသမီးလေးအဖြစ် ပိုမို လူသိများခဲ့ခြင်း ဖြစ်လေသည်။

            “တောကနှင်းမူ” ဇာတ်ကားကြောင့် လည်းကောင်း၊ ဒူးမက်နို့မှုန့် ကြော်ငြာကြောင့်လည်းကောင်း လူကြိုက်များလာသည့် သင်းသင်းလဲ့သည် ၁၉၅၉ ခုနှစ်တွင် စန်းသော်တာ ရုပ်ရှင်မှ စာရေးဆရာ ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော “ချစ်တော့ချစ်တယ်” ရုပ်ရှင်ကားတွင် တက္ကသိုလ်မျိုးချစ်၊ စံရှားတင်တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဤကားတွင် သင်းသင်းလဲ့သည် ၁၉၅၇ ခုနှစ်၊ ဇာတ်သဘင်နယ်မှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသော စံရှားတင်နှင့် စင်ပြိုင်သရုပ်ဆောင်ရသည့် မင်းသမီး ဖြစ်လာသည်။ အကယ်ဒမီဆုရ ထိပ်တန်း ဒါရိုက်တာကြီးတစ်ဦးဖြစ်သည့် စာရေးဆရာ ဦးသုခ စီစဉ်ညွှန်ကြားသည့် ရုပ်ရှင်ကားတွင် ပါဝင်ရသည့် သင်းသင်းလဲ့၏ အနုပညာအရည်အသွေး သည်လည်း ပိုမို တောက်ပလာသည်။

            ၁၉၅၉ ခုနှစ်ထဲတွင် သင်းသင်းလဲ့သည် ဆရာ ဦးသုခ၏ “ချစ်သွေးသစ္စာ” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်ရသည်။ “ချစ်သွေးသစ္စာ” ရုပ်ရှင်ကားတွင် သင်းသင်းလဲ့သည် ဝတ္ထုရှင်၊ စာရေးဆရာ မောင်သင်၊ တင်တင်မူ၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်ပါဝင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားကို ၁၉၆ဝ ပြည့်နှစ်တွင် ရုံတင်ပြသခဲ့သည်။ ယင်းရုပ်ရှင်ကားဖြင့် မောင်သင်သည် ၁၉၆ဝ ပြည့်နှစ်တွင် အမျိုးသားဇာတ်ဆောင် ထူးချွန်ဆု (အကယ်ဒမီ)ဆုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။

            သင်းသင်းလဲ့သည် ထိပ်တန်းဒါရိုက်တာကြီးများနှင့် လည်းကောင်း၊ ဝါရင့် သဘာရင့် ရုပ်ရှင်အနုပညာရှင်များနှင့် လည်းကောင်း တွဲဖက်သရုပ်ဆောင်ရသဖြင့် လည်းကောင်း၊ အနုပညာ အရည်အသွေးမှာလည်း တစ်ကားပြီးတစ်ကား တိုးတက်လာသည်။ ၁၉၆ဝ ပြည့်နှစ်တွင် သင်းသင်းလဲ့သည် သုခုမ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကျော်ဆွေ၏ ဒဏ် ရုပ်ရှင်ကားတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရသည်။ အဆိုပါ ရုပ်ရှင်ကားတွင် သင်းသင်းလဲ့နှင့်အတူ သရုပ်ဆောင် ဒါရိုက်တာ ကျော်ဆွေ၊ မေနန်းနွယ်တို့ ပါဝင်ကြသည်။ ဒဏ် ဇာတ်ကားသည် အက်ရှင် ဇာတ်ကြမ်းလေး ဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် သင်းသင်းလဲ့သည် ဒါရိုက်တာ ကျော်ဆွေ ညွှန်ကြားသည့်အတိုင်း သရုပ်တူ လုပ်ဆောင်နိုင်ခဲ့သည်။

            ၁၉၆ဝ ပြည့်နှစ်သည် သင်းသင်းလဲ့အဖို့ ထူးခြားသောနှစ်ဖြစ်သည်။ ယင်းနှစ်တွင် တရုတ်မြန်မာ နယ်နိမိတ် စာချုပ်ချုပ်ဆိုရာတွင် အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ကြလေသည်။ ဤတွင် ရုပ်ရှင် အနုပညာရှင်များအဖွဲ့တွင် သင်းသင်းလဲ့လည်း ပါဝင်ခဲ့ပေသည်။ သင်းသင်းလဲ့နှင့်အတူ မြင့်မြင့်ခင်၊ စံရှားတင်၊ ခင်ယုမေ၊ ခင်မာလာ၊ တင်တင်အေး၊ ဘေဘီနွဲ့၊ ပြုံးပြုံးကြည်၊ နန်းမြင့်မေတို့ ပါဝင်ခဲ့ပေသည်။ သင်းသင်းလဲ့ ပါဝင်သည့် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်အဖွဲ့က “ရွှေစွန်ညို” တေးသရုပ်ဖော်ဖြင့် တရုတ်နိုင်ငံ၊ မြို့တော်ဘေဂျင်းမြို့တွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းတေးသရုပ်ဖော်တွင် စံရှားတင်က ရွှေစွန်ညိုအဖြစ် သရုပ်ဆောင်၍ နန်းမြင့်မေက မထွေးအဖြစ် သရုပ်ဆောင်ပြီး သင်းသင်းလဲ့ အပါအဝင် အခြားရုပ်ရှင်မင်းသမီးများက မထွေး၏ အပေါင်းအသင်းများအဖြစ် ပါဝင်သရုပ်ဆောင်ကြသည်။ အဆိုပါ ရွှေစွန်ညို တေးသရုပ်ဖော် ဆေးရောင်စုံ ရုပ်ရှင်သတင်းကားကို ပြန်ကြားရေးဌာနမှ တစ်နိုင်ငံလုံး ပြသသည်။ သင်းသင်းလဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်မှုများကို အနီးကပ် လေ့လာခွင့်ရခဲ့သဖြင့် ထူးခြားသည့် နိုင်ငံခြားအတွေ့အကြုံ တစ်ရပ်လည်း ဖြစ်ပေသည်။

            ၁၉၆၁ ခုနှစ်တွင် သင်းသင်းလဲ့သည် အောင်ရုပ်ရှင် ဒါရိုက်တာ ဦးအောင်ဇံ၏ “မင်းခေါင်” ရုပ်ရှင်ကားတွင် အမျိုးသား သရုပ်ဆောင်သစ် ရှမ်းကလေး ခင်အောင်၊ အမျိုးသမီး သရုပ်ဆောင်သစ် မယ်ထားဝယ် မြတ်စောသီတို့နှင့် တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ရသည်။ သင်းသင်းလဲ့၏ အောင်မြင်သော ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။ ယင်းနှစ်ထဲတွင် သင်းသင်းလဲ့သည် ဒါရိုက်တာ ဗိုလ်ဗကို၏ “ဗိုလ်အောင်ဇေယျ” ရုပ်ရှင်ကားတွင် သရုပ်ဆောင် ဒါရိုက်တာ ဗိုလ်ဗကိုနှင့် တွဲဖက်ပါဝင်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားတွင် စာရေးဆရာကြီး ဦးရန်အောင် (၁၉ဝ၄-၁၉၉၆) လည်း ဇာတ်ပို့သရုပ်ဆောင်အဖြစ် အပျော်တမ်း ပါဝင်ခဲ့လေသည်။ ထိုနှစ်ထဲတွင် သင်းသင်းလဲ့သည် ရွှေဝယ်သီရိ ရုပ်ရှင်၊ သရုပ်ဆောင် ဒါရိုက်တာ မြင့်အောင်၊ ခင်ယုမေတို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားတွင် သင်းသင်းလဲ့သည် ခင်ယုမေနှင့် စင်ပြိုင်ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

            ၁၉၆၂ ခုနှစ်တွင် သင်းသင်းလဲ့သည် မြတ်မော်ဦး ရုပ်ရှင် ဒါရိုက်တာ ဘုန်းမော်၏ “နမ်းမဝတဲ့အာရုံ” ရုပ်ရှင်ကားတွင် မြင့်အောင်၊ ခင်ယုမေတို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းနှစ်ထဲတွင် သင်းသင်းလဲ့သည် စန္ဒာ ရုပ်ရှင် ဒါရိုက်တာ ဦးချစ်ခင်၏ “ငုတ်မိသဲတိုင်” ရုပ်ရှင်ကားတွင် ဖျာပုံမယ် တင်တင်အေး နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ သင်းသင်းလဲ့သည် တင်တင်အေးနှင့် စင်ပြိုင် ဇာတ်ဆောင်အဖြစ် ပါဝင်ရခြင်း ဖြစ်သည်။ ဤကားတွင် သင်းသင်းလဲ့က ကျေးလက်ရွာသူအဖြစ် ဆရာ ရွှေပြည်အေး ရေးစပ်သည့် “တို့လယ်တော” သီချင်းကို သီဆိုရသည်။ လူကြိုက်များသည့် မြန်မာ့အသံ ဓာတ်ပြားအရ ရုပ်ရှင်တေးတစ်ပုဒ် ဖြစ်သည်။

            သင်းသင်းလဲ့သည် သရုပ်ဆောင်ပိုင်းတွင် ရုပ်ရှင်လောကသို့ ဝင်ကာစတွင် ရွှေတိုင်မောင်မောင်အေး တူရိယာ အဖွဲ့မှ တေးသီချင်းများ သီဆိုအသံလွှင့်ခဲ့ဖူးသည်။ ရုပ်ရှင်ကားများတွင် ကိုယ်ပိုင်အသံဖြင့် သီချင်း မဆိုခဲ့ခြင်းမှာ သင်းသင်းလဲ့တို့ ကျော်ကြားထွန်းကား သည့်ခေတ်တွင် ရုပ်ရှင်နောက်ခံ အဆိုကျော်များက ရုပ်ရှင်မင်းသား၊ မင်းသမီးများ ကိုယ်စား သီဆိုပေးနေကြသောကြောင့် ဖြစ်သည်။

            ဤသို့လျှင် ရုပ်ရှင်လောက၌ ရုပ်ရှင်တစ်ကားပြီး တစ်ကား ကျရာ ဇာတ်ရုပ်နေရာမှ ထူးခြားပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သည့် နိုင်ငံကျော် ရုပ်ရှင်မင်းသမီးသင်းသင်းလဲ့ကို အဖ ကုန်သည် ဦးစိန်သန်း၊၊ အမိ ဒေါ်ခင်ခင်တို့မှ ၁၉၃၈ ခု နိုဝင်ဘာလ ၁ ရက်နေ့ လက်ပံတန်း မြို့တွင် ဖွားမြင်ခဲ့ပေသည်။ မွေးချင်းများမှာ အဖတ်မတင်၍ တစ်ဦးတည်းသောသမီး ဖြစ်လာရပေသည်။ သင်းသင်းလဲ့၏ အမည်ရင်းမှာ တင်တင်ညို ဖြစ်၍ မိဘ၊ ဆွေမျိုးသားချင်းနှင့် ရင်းနှီးသူတို့က အညိုဟု ချစ်စနိုးခေါ်ကြရာမှ အညိုဟု တွင်လာရခြင်း ဖြစ် သည်။

            စစ်ပြီးခေတ်တွင် သင်းသင်းလဲ့တို့ မိသားစုသည် လက်ပံတန်းမြို့မှ အင်းစိန်မြို့သို့ ပြောင်းရွှေ့ နေထိုင်သည်။ သင်းသင်းလဲ့သည် ငယ်စဉ်က အင်းစိန်မြို့ အစိုးရအထက်တန်းကျောင်းတွင် စတင် ပညာဆည်းပူးသည်။ အလယ်တန်းအဆင့်တွင် ကျောင်းတွင်း ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ကျောင်းကပွဲများတွင် ပါဝင်လှုပ်ရှားသည်။ အားကစား လှုပ်ရှားမှုများတွင် ဝါသနာ အပါဆုံးမှာ ကြက်တောင်ရိုက် ပုံမှန်ကစားမှုများကြောင့် ကိုယ်ကာယ အချိုးအစား လှပလာသည်ဟု ဆိုရပေမည်။ ဝါသနာဗီဇ ဓာတ်ခံကလည်း ကျောင်းစာထက် အနုပညာလှုပ်ရှားမှုများကို စိတ်အားထက်သန်သည်။ ရုပ်ရှင်ကားသစ်လဲတိုင်း သူငယ်ချင်းများနှင့် ရုပ်ရှင်ကြည့်လေ့ရှိသည်။ ယင်းသို့ ရုပ်ရှင်ကြည့်ပါ များလာသဖြင့် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လိုသောဆန္ဒများ ဖြစ်ပေါ်လာရပေသည်။ ထို့ကြောင့် သင်းသင်းလဲ့သည် အလယ်တန်းအဆင့်တွင် ကျောင်းထွက်လိုက်သည်။ ယင်းနောက် မိဘများနှင့်အတူ စမ်းချောင်းမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်သည်။

            သင်းသင်းလဲ့သည် စမ်းချောင်းမြို့နယ်သို့ ပြောင်းရွှေ့လာပြီး နှစ်များမကြာမီ ၁၉၅၅ ခုနှစ် စမ်းချောင်း ရပ်ကွက်လုံးဆိုင်ရာ လူငယ်များအတွက် ကာယဗလမောင်မယ်ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲ ကျင်းပသည်။ သူငယ်ချင်းများ၏ အားပေးတိုက်တွန်းမှုကြောင့် စမ်းချောင်းမယ်(ရွှေစမ်းမယ်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာမှ “ရွှေစမ်းမယ်” ဘွဲ့ကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပေသည်။ ထိုခေတ်က မယ်ဒဂုံ၊ မယ်မြန်မာပြိုင်ပွဲများတွင် မယ်လောင်းများသည် ရေကူးဝတ်စုံဖြင့် ပြိုင်ပွဲဝင်ရသော်လည်း ရွှေစမ်းမယ် ပြိုင်ပွဲဝင် မယ်လောင်းများသည် အဖြူရောင် အားကစားဝတ်စုံတို့ဖြင့်သာ ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။

            ဤတွင် သင်းသင်းလဲ့သည် ရွှေစမ်းမယ်ဘွဲ့ရရှိပြီး နောက်တစ်ဖက်မှ အနုပညာပိုးကလည်း သရုပ်ဆောင် ဖြစ်လာစေရန် တွန်းအားပေးလျက်ရှိသည်။ မိဘများကလည်း တစ်ဦးတည်းသော သမီးလေး၏ ဝါသနာကို လိုက်လျောကြသည်။ တစ်ရပ်တည်းနေ ရုပ်ရှင်လူကြမ်းသရုပ်ဆောင် ဦးကျော်လွင်၏ ဆက်သွယ်ပေးမှုကြောင့် သင်းသင်းလဲ့သည် ရုပ်ရှင်လောကသို့ ရောက်ရှိလာရခြင်း ဖြစ်ပေသည်။

            ၁၉၆ဝ ပြည့်နှစ်တစ်ဝိုက်တွင် သင်းသင်းလဲ့သည် ရုပ်ရှင်ကားများကို လက်မလည်အောင် ရိုက်ကူးနေရသည်။ ထိပ်တန်းဒါရိုက်တာကြီးများ အပါအဝင် ဒါရိုက်တာပေါင်းစုံတို့၏ ရုပ်ရှင်ကားများတွင် ထိုခေတ်က ထွန်းကားသော မင်းသားပေါင်းစုံနှင့် တွဲဖက် သရုပ်ဆောင်ရသည်။ သင်းသင်းလဲ့သည် ဇာတ်နု၊ ဇာတ်ယဉ်၊ ဇာတ်ကြမ်း စသည့် ဇာတ်လမ်းပေါင်းစုံ သရုပ်ဆောင်ခဲ့ရာမှ ၁၉၆၃ ခုနှစ်တွင် ဒါရိုက်တာ ဦးကျော်သန်း၏ “ပြည်တန်တဲ့ ကျည်ဆံ” ရုပ်ရှင်ကားတွင် မတူထူးခြားစွာ ပါဝင်ခဲ့ရသည်။ တွဲဖက် သရုပ်ဆောင်တို့မှာ မြင့်စိုး၊ အောင်မိုးနှင့် မေနန်းနွယ်တို့ ဖြစ်သည်။

            ထို့နောက် သင်းသင်းလဲ့သည် နိုင်ငံကျော် စတန့်မင်းသား ရွှေဘနှင့် အတွဲများလာကာ အက်ရှင်ကားတွေ အရိုက်များလာသည်။ ရွှေဘနှင့် သင်းသင်းလဲ့တို့ ပါဝင်သည့် ရုပ်ရှင်ကားဆိုလျှင် မြို့နေလူတန်းစားများသာမက ကျေးလက်နေ ပြည်သူတစ်ရပ်လုံးက တစ်ခဲနက် အားပေးကြသည်။ သင်းသင်းလဲ့သည် နိုင်ငံကျော် ပြည်တော်ချစ်မင်းသား ရွှေဘနှင့် အတွဲများကာ ရုပ်ရှင်ရိုက်ကူး ရမှုတို့ကြောင့် တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်လာပြီး ၁၉၆၃ ခု ဇွန်လ ၈ ရက်နေ့တွင် ဘဝခရီးဖော်အဖြစ် လက်တွဲခဲ့ကြပေသည်။

            နိုင်ငံကျော် စတန့်မင်းသား ရွှေဘသည် ရုပ်ရှင် အနုပညာသက်တမ်း အနှစ် ၂ဝ နီးပါး ကြာလာသည့်အခါ ၁၉၆၃ ခုနှစ်တွင် မိမိ၏ဇနီး သင်းသင်းလဲ့နှင့်အတူ သမ္မတရုပ်ရှင်ကို တည်ထောင်ခဲ့ပေသည်။ ရွှေဘသည် မိမိ၏ လုပ်ဖော်ကိုင်ဖက် လူကြမ်းသရုပ်ဆောင်တို့အား မိမိကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများတွင် ပါဝင်သရုပ်ဆောင်စေပြီး သမ္မတ လူကြမ်းအဖွဲ့ဟု နာမည်ပေးလိုက်သည်။ သမ္မတရုပ်ရှင် ပထမဆုံး ရိုက်ကူးတင်ဆက်သည့် ရုပ်ရှင်ကားမှာ “တောကဖိုးတုတ်” ဖြစ်၍ ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင် ဇနီးမောင်နှံဖြစ်သည့် ရွှေဘနှင့် သင်းသင်းလဲ့တို့က ဦးဆောင်ကာ ပါဝင်သရုပ်ဆောင်ခဲ့ကြလေသည်။ သမ္မတရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ရွှေဘနှင့် သင်းသင်းလဲ့တို့ ဇနီးမောင်နှံသည် မိမိတို့ပိုင် ရုပ်ရှင်ကုမ္ပဏီမှ ရုပ်ရှင်ကားပေါင်း နှစ်ဆယ်ကျော် ထုတ်လုပ်ခဲ့သည်။ သင်းသင်းလဲ့သည် ခင်ပွန်းသည်နှင့်အတူ သမ္မတရုပ်ရှင် တည်ထောင်ပြီးနောက် မိမိတို့ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်သည့် ရုပ်ရှင်ကားများတွင်သာ ပါဝင်သရုပ်ဆောင်သည်။ တစ်ဖက်က ခင်ပွန်းသည်သည် အခြားကုမ္ပဏီမှ ရုပ်ရှင်ကားများ လက်ခံရိုက်ကူးသည့်အခါ လိုအပ်သည်များကို ပံ့ပိုးမှုပေးရခြင်း၊ ခင်ပွန်းသည်ကို ပါရမီဖြည့်ကာ သားသမီးပွားစည်းရခြင်းတို့ကြောင့် ကားရိုက် ကျဲသွားရပေသည်။

            သမ္မတရုပ်ရှင်မှ နောက်ဆုံး ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားမှာ ငါးမာန်စွယ်နှင့် ကျွန်းသန္တာ” ဖြစ်လေသည်။ အဆိုပါ ရုပ်ရှင်ကားတွင် သင်းသင်းလဲ့သည် ခင်ပွန်းသည် ရွှေဘ၊ တေးသံရှင် ကြွယ်ကြွယ်တို့နှင့် တွဲဖက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့နောက် ရွှေဘနှင့် သင်းသင်းလဲ့တို့ ဇနီးမောင်နှံသည် ကားရိုက် မရှိသည့်နားရက်များတွင် မိမိတို့ ကိုးကွယ်သည့် မြသပိတ်တောင် ဆရာတော်၏ တပည့် ဇာတ် ကန်ထရိုက်တာ ကျောက်ပန်းတောင်း ဦးညို၏ မေတ္တာရပ်ခံ တောင်းဆိုမှု ကြောင့် ဇာတ်သဘင်အဖွဲ့များနှင့် လိုက်ပါလျက် ရှေ့ပိုင်းပြဇာတ်များကို ပြဇာတ် သရုပ်ဆောင်များအဖြစ် ကူညီ ကပြခဲ့လေသည်။ ရောက်လေရာအရပ်တွင် ပွဲကြည့်ပရိသတ်ကလည်း တစ်ခဲနက် အားပေးကြသည်။

            နိုင်ငံကျော် ရုပ်ရှင်မင်းသား ရွှေဘ၏ဇနီး ရုပ်ရှင်သရုပ်ဆာင် သင်းသင်းလဲ့သည် ပြဇာတ်နှင့် မစိမ်းခဲ့ပါချေ။ ၁၉၆၃ ခုနှစ်က သင်းသင်းလဲ့သည် မြို့မကျောင်းလမ်း လေဟာပြင် ဇာတ်ရုံ၌ ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင် ပြန်လည် ဆန်းသစ်တင်ဆက်သည့် “မြန်မာ့သွေးခဲ” ပြဇာတ်တွင် စူပါရုပ်ရှင် မင်းသား ဝင်းဦးနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ ယင်းပြဇာတ်သည် ၁၉၄၃ ခုနှစ်၊ ဂျပန်ခေတ် ကန်တော်ကြီးစောင်း မြိုင်ပြဇာတ်ရုံ၌ ဒါရိုက်တာ ဆရာခန့်က ကျော်ဝင်း၊ မေချစ်တို့နှင့် ကခဲ့သော ပြဇာတ်ဖြစ်သည်။ နှစ်ပေါင်း ၂ဝ ကြာပြီးနောက် ပြန်လည်ဆန်းသစ် တင်ဆက်သည့် “မြန်မာ့သွေးခဲ” ပြဇာတ်တွင် ကျော်ဝင်းနေရာတွင် ဝင်းဦး၊ မေချစ်နေရာတွင် သင်းသင်းလဲ့တို့ ပြန်လည် သရုပ်ဆောင်သည့် “မြန်မာ့သွေးခဲ” ပြဇာတ်သည် မူလဇာတ်ဆောင်များထက် ထူးချွန်စွာ သရုပ်ဆောင်နိုင်ကြကြောင်း မူလအနုပညာရှင်များ ဖြစ်ကြသည့် ကျော်ဝင်း၊ မေချစ်တို့က ချီးကျူးကြသည်။ ပရိသတ်ကလည်း ယင်းပြဇာတ်ကို လွန်စွာ ကြိုက်နှစ်သက်ကြသည်။

            “မြန်မာ့သွေးခဲ” ပြဇာတ်တွင် အညို အဖြစ် သရုပ်ဆောင်ခဲ့သည့် သင်းသင်းလဲ့သည် နှစ်ပေါင်း ၁ဝနှစ် ကြာသည့်အခါ ခင်ပွန်းသည်နှင့် တွဲဖက်၍ ဇာတ်သဘင်အဖွဲ့များတွင် ရှေ့ပိုင်းပြဇာတ်များ၌ ပြဇာတ်မင်းသမီးအဖြစ် သရုပ်ဆောင်ရာတွင်လည်း နယ်တကာမှ ပရိသတ်များ နှစ်ခြိုက်စွာ လက်ခံအားပေး ကြလေသည်။ ဤသို့လျှင် ရုပ်ရှင်ရော ပြဇာတ်ပါ ပရိသတ်များ ကြိုက်နှစ်သက်အောင် သရုပ်ဆောင်ခဲ့ကြသည့် ရွှေဘနှင့် သင်းသင်းလဲ့တို့၏ အနုပညာရှင် ဇနီးမောင်နှံနှစ်ဦးသည် ဘဝခရီးဖော်အဖြစ် လက်တွဲခဲ့ကြရာ အိမ်ထောင်သက်တမ်း ၂၅ နှစ် ကြာမြင့်ခဲ့လေသည်။ ထို့နောက် နိုင်ငံကျော် ပြည်တော်ချစ် ရုပ်ရှင် မင်းသားကြီး ရွှေဘသည် ဇနီးသည် သင်းသင်းလဲ့အား လက်တွဲဖြုတ်ကာ ၁၉၈၈ ခု၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားရှာသည်။ ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ်သာ ရှိသေးသည်။ ကျန်းမာရေးကောင်းမွန်၍ လူ့ဘဝ၏ သက်တမ်းစေ့သာ နေရမည်ဆိုပါက နောက်အနှစ် ၂ဝ ထိ အနုပညာလုပ်ငန်းများကို ဆောင်ရွက်နိုင်ဦးမည် ဖြစ်ပေသည်။

            သင်းသင်းလဲ့သည် ခင်ပွန်းသည် နိုင်ငံကျော် ပြည်တော်ချစ် ရုပ်ရှင်သရုပ်ဆောင် ရွှေဘ ကွယ်လွန်အနိစ္စရောက်ရှိသွား၍ ကြေကွဲမဆုံး ယူကျုံးမရ ဖြစ်ရရှာသည်။ ခင်ပွန်းသည်အတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးရင်း တရားဘာဝနာ ရှုမှတ်ပွားများကာ မိမိ၏စိတ်ကို ဖြေသိမ့်ရလေသည်။ ထိုအချိန်တွင် အနုပညာ အစ်ကိုကြီးတစ်ဦး ဖြစ် သည့် သရုပ်ဆောင် ဒါရိုက်တာ သန်း ဖေလေးက ခင်ပွန်းသည် ဆုံးပါးသွား၍ စိတ်ဓာတ်ကြေကွဲ ဝမ်းနည်းမဆုံး ဖြစ် နေရှာသော အနုပညာ နှမငယ် သင်း သင်းလဲ့အား နှစ်သိမ့်အားပေးသည့် အနေဖြင့် မာနနှင့်မာန် ဗီဒီယိုကားတွင် ဇာတ်ပို့မင်းသမီးကြီးအဖြစ် ထည့်သွင်းရိုက်ကူးခဲ့ရာမှ သရုပ်ဆောင်လောကသို့ ပြန်လည် ရောက်ရှိခဲ့ပေသည်။

            သင်းသင်းလဲ့၏ အနုပညာ သက်တမ်းတစ်လျှောက်တွင် အမျိုးသမီးဇာတ်ဆောင်အဖြစ် ရုပ်ရှင်ကားကြီး စုစုပေါင်း ၁ဝဝ ကျော်၊ အမျိုးသမီးဇာတ်ပို့ သရုပ်ဆောင်အဖြစ် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီကားပေါင်း ၁ဝဝ ကျော်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ယနေ့ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်သော ရုပ်ရှင်မင်းသမီးကြီး ဒေါ်သင်းသင်းလဲ့သည် ရန်ကုန်မြို့၊ အမှတ် ၂၇၊ အနောက်ရွှေဂုံတိုင် ၅ လမ်း၊ ဗဟန်းမြို့နယ်တွင် သားသမီး မြေးများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက် ရှိပါသတည်း။

ကျော်သန်းမြင့်၊ဗန်းမော်၊

(အမှတ် ၁၈၅၊ ဧပြီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။